အခန်း (၂၉၈)
Vol. 20 Ch. 298
“မင်းလက်ထဲမှာ လုံလောက်တဲ့ အရင်းအမြစ် ရှိတယ်ဆိုရင် အင်ပါယာလောက်ကို မပြောနဲ့ အစစ်အမှန် အင်မော်တယ်ဆိုရင်တောင် ကိစ္စမရှိဘူး” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။
“ကျုပ် ပိုင်ဆိုင်သမျှ အရင်းအမြစ်များ အားလုံးကို လိုလိုချင်ချင်နဲ့ ပေးချင်ပါတယ်။ စီနီယာအနေနဲ့ တိကျ ရှင်းလင်းတဲ့ လမ်းစဉ်တစ်ခုကို လမ်းညွှန်ပြသပေးဖို့ မျှော်လင့်မိပါတယ်” ဖန်းဟန်သည် သူ၏လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်ကို လီယွင်ဆီကို ကမ်းပေးရင်း ပြောဆိုလိုက်သည်။
ဤလက်စွပ်ထဲတွင် ဖန်းကလန်၏ အမွေအနှစ်၊ အစိတ်အပိုင်း အနည်းငယ် ပါဝင်လျက် ရှိနေလေ၏။ တခြားသော ဂိုဏ်းဂဏအသီးသီး၏ လက်ထဲတွင် ဆိုပါက ထိုအရာသည် ကွာစီအင်ပါယာ တစ်ယောက်၊ နှစ်ယောက် လောက်ကို မွေးထုတ်နိုင်စွမ်းရှိသည့် အရာပင်ဖြစ်၏။ ကံကောင်းသည်ဆိုပါက တော်ဝင်အင်ပါယာတစ်ယောက် ကိုတောင်မှ ပြုစုပျိုးထောင်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမဲ့ ဤအရာသည် လက်ရှိ အခြေအနေမှာတော့ လုံလောက်သည့်အရာမျိုး မဟုတ်ချေ။
လက်ထဲတွင် များပြားလှသည့် အရင်းအမြစ်များကို ကိုင်ဆောင်ထားသည် ဆိုသော်လည်း ထိုအရာများသည် လက်တလောအခြေအနေတွင် အသုံးမဝင်လှချေ။ ကျင့်ကြံခြင်းနေရာ၌ ရင်းနှီးမြှုပ်နှံ၍ ကြိုးစားမည်ဆိုပါက နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းလောက် ကြာမြင့်မှာ သေချာ၏။ ဤကဲ့သို့ ရှည်လျားလှသော အချိန် အတိုင်းအတာအတွင်း မမျှော်လင့်ထားသော ဖြစ်ရပ်များလည်း ဖြစ်လာနိုင်သည်။
ထို့ပြင် အနီးအနားတွင် သူ့၌ အရင်းအမြစ်များ ပိုင်ဆိုင်နေသည့်ကို သိရှိသွားသော တော်ဝင်အင်ပါယာတစ်ယောက် တည်ရှိနေသည်ဖြစ်သောကြောင့် ဖန်းဟန်သည် တကယ်ပင် စိတ်ပူပန်လျက် ရှိနေလေ၏။ သူသည်သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ ထွက်ခွာသွားသည်ဆိုပါက ဤတော်ဝင်အင်ပါယာသည် ချက်ချင်းပဲ ဖမ်းဆီးကောင်း ဖမ်းဆီးသွားနိုင်၏။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဖန်းဟန်သည် ဘာတစ်ခုကိုမှ ဂရုမစိုက်နိုင်တော့ချေ။ စီနီယာဆီမှ သတင်း အချက်အလက်များသည် သူနှင့် ကိုက်ညီသည့်အရာမျိုး ဖြစ်သည်ဆိုပါက သူ၏ဘဝကို ကယ်တင်နိုင်ပေလိမ့်မည်။ ထိုမှလွဲ၍ ဘာမှလုပ်စရာ မရှိတော့ချေ။
“သတင်းအချက်အလက် တချို့လား”
လီယွင်သည် အတွေးနက်သွားမိ၏။ ဤတောင်းဆိုမှုသည် ခက်ခဲသလို ရိုးလည်း ရိုးရှင်းလွန်းလှ၏။ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် ပစ္စည်းများ၏ တန်ဖိုးသည် ကွာစီအင်ပါယာ သို့မဟုတ် အင်ပါယာတစ်ယောက် ဖြစ်လာရန် အခွင့်အလမ်းကို လဲလှယ်နိုင်စွမ်း ရှိနေသည်။
သို့ပေမဲ့ ဤကဲ့သို့သော အခွင့်အရေးမျိုး ဆိုသည်မှာ အားအင်အဆင့်နှင့် သက်ဆိုင်လျက် ရှိနေ၏။ လက်ရှိအခြေအနေ၌ ဖန်းဟန်သည် ပါရမီရှင်တစ်ယောက်သာ ဖြစ်ပြီး လုံလောက်သည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သူ မဟုတ်ပေ။ ကွာစီအင်ပါယာ သို့မဟုတ် အင်ပါယာတစ်ယောက်၏ အခွင့်အရေး တည်ရှိနေသည့် တည်နေရာကို ဖော်ပြနိုင်သည် ဆိုသော်လည်း လက်ရှိ အခြေအနေဖြင့် ရယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“ဖြစ်နိုင်တာက”
ခဏလောက် အတွေးနက်ပြီးသည့်နောက် လီယွင်၏ မျက်လုံးများသည် လင်းလက်သွား၏။ သူက တီးတိုးရေရွတ်လိုက်၏။ “ဒီနည်းလမ်းက အလုပ်ဖြစ်လိမ့်မယ်။ ဖန်းဟန် အနေနဲ့ လက်ရှိအခြေအနေကို ကျော်ဖြတ် နိုင်ဖို့အတွက် အကူအညီကောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်”
ထိုအတွေးကို အခြေပြုပြီးသည့်နောက် လီယွင်သည် သူ၏ လက်ညှိုးနှင့် လေဟာနယ်ထဲသို့ လှမ်းကာထိုးလိုက်၏။ လေဟာနယ်ထဲတွင် တဝှီးဝှီးနှင့်အသံများ ထွက်ပေါ်လာပြီး တည်နေရာတစ်ခုလုံးသည် တွန့်လိမ်သွားသည်။
ကျယ်ပြောပြီး အဆုံးအစမဲ့သည့် မြစ်ကြီးတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အချိန်၏ စွမ်းအင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။
လက်ရှိလောကကြီး၌ တည်ရှိသည့် မြစ်ကြီးတစ်စင်း မဟုတ်ပေ။ မည်သည့်နေရာမှာ စတင်ပြီး မည်သည့်နေရာ တွင် အဆုံးသတ်သည့် မြစ်ကြီးမှန်းလည်း မသိချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းတွင် ထိုမြစ်ကြီး ထင်ထင်ရှားရှား ပေါ်ပေါက်လာပြီးနောက် လီယွင်၏ ရည်ရွယ်ချက်ကို ရှိနေသည့်လူများက မခန့်မှန်း နိုင်ခဲ့ကြချေ။
“ဒါက”
မုန့်ရှင်းကျီသည် လေဟာနယ်ကို လှမ်းကြည့်ပြီးသည့်နောက် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။ “အချိန်မြစ်လား”
ကောင်းကင်မူလလောကထဲတွင် အားလုံး သိရှိသည် ဆိုသော်လည်း မည်သူမှ မျက်မြင်မတွေ့ဖူးသော အချိန်မြစ်၏ နိယာမများ တည်ရှိလို့ နေခဲ့၏။ သို့ပေမဲ့ ယနေ့ အချိန်မှာတော့ အားလုံးသော သူတို့သည် ဒဏ္ဍာရီလာ မြစ်ကြီးကို မြင်နေရပြီဖြစ်၏။
ထိုမြစ်ကြီး၏ မျက်နှာပြင် အထက်တွင်တော့ ရှုပ်ထွေးလှသည့် အော်ရာများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုနေရာဆီမှ သာမန်ထက်ပိုကာ ထူးခြားလှသည် အသက်စွမ်းအင်တစ်ခုချင်းစီတိုင်းသည် ရေပွက်လေးများလို ပွက်လိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်လို့နေသည်။
ဂလု
မုန့်ရှင်းကျီသည် တံတွေးကို မျိုချကာဖြင့် ရေရွတ်လိုက်၏။ “စီနီယာ.. ဘာလုပ်ချင်နေတာလဲ”
“တွေ့ပြီ”
မကြာခင်မှာပဲ လီယွင်၏ မျက်လုံးများသည် တောက်ပသွား၏။ ပြီးနောက် သူသည် အချိန်မြစ်ရေကြောင်း ထဲတွင် ဖြစ်တည်လာခဲ့သည့် လှိုင်းတစ်ခုဆီသို့ လက်ညှိုးညွှန်လိုက်၏။ ထိုနေရာဆီမှ အလင်းတန်းများ တောက်ပလာသည်။
ရေတွက်လို့ မရအောင် များပြားသည့် မြင်ကွင်းများသည် ထိုလှိုင်းအတွင်း၌ ပေါ်လာ၏။ လီယွင်သည် ထိုမြင်ကွင်း၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးသည့်နောက် လက်ကို အသာဝှေ့ယမ်းလိုက်၏။ ပြီးနောက် ထိုအရာကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဆွဲယူလိုက်လေ၏။
ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လာပြီးသည့်နောက် မတူညီသည့် အချိန်ကာလ နှစ်ခုသည် ပေါင်းစပ် သွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာတစ်ခုသည် စုဝေးလာခဲ့၏။ ထိုအရာသည် ကောင်းကင်ယံဆီမှ နတ်မင်းကြီးတစ်ပါး နိုးထလာသကဲ့သို့ပင်။
ရေတွက်လို့မရအောင် များပြားသည့် ကောင်းကင်၏ နိယာမ ဖိနှိပ်မှုများသည် ဖြစ်တည်လျက် ရှိနေလေ၏။ လူသည် ငြိမ်ငြိမ်သက်သက်နှင့် မတ်မတ်ရပ်သည့် အသွင်သဏ္ဠန်မျိုးဖြင့် ပေါ်လာသည်။ ခန္ဓာကိုယ် တစ်ခုလုံးသည် မြူများဖြင့် ဝိုင်းရံလျက် ရှိနေပြီး လောကနိယာမတေးသံသည် တဖြည်းဖြည်းနှင့် ထင်ပေါ်လာခဲ့၏။
နဂါးအော်သံများ ထွက်ပေါ်လာသလို အစစ်အမှန် ဖီးနစ်များ၏ အတောင်ပံ ခတ်သံများ၊ လိပ်မဲ၏ အော်ဟစ်သံ ပေါ်လာသလို ကျားဖြူ၏ ဟိန်းဟောက်သံကလည်း အတူ ယှဉ်တွဲ ပေါ်လာသည်။
ထိုအသံများနှင့်အတူပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်ဖြင့် ကျင့်ကြံသူတစ်ယောက်သည် နန်းဆောင်ထဲ၌ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏၊
“ဘယ်သူလဲ”
မုန့်ရှင်းကျီက တုန်လှုပ်သွား၏။ မနီးမဝေးတွင် ရှိနေသည့် မြူကဲ့သို့သောလူကို လှမ်းကာ ကြည့်ရှု လိုက်၏။ ထိုလူသည် အင်ပါယာ မဟုတ်သည်မှာ သေချာ၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်သလား ဆိုသည်ကလည်း မသေချာလှချေ။ သို့ပေမဲ့ ရိုးရှင်းစွာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ၎င်းဆီမှ ထွက်ပေါ် နေသည့် အော်ရာ၏ အားအင်သည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်လေသည်။
ထိုကြောက်မက်ဖွယ်ရာ ကောင်းလှသည့်လူ ပေါ်လာသည့် အချိန်မှာတော့ အချိန်ခဏတာ တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ကို ဝိုင်းရံလျက် ရှိနေသည့် မြူများ ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏ အစစ်အမှန်ပုံရိပ်က ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ငြိမ်ငြိမ်သက်သက်ဖြင့် ဦးညွတ်ကာ ပြောလိုက်၏။
“ဂျူနီယာဖန်းဟန်.. စီနီယာနန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
မြူများ ရှင်းလင်းသွားသည့် အချိန်မှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ပေါ်ပေါက်လာသည့်လူကို အားလုံးသောသူတို့က မြင်လိုက်ရသည်။
ဤလူသည် တကယ်ပင် ငယ်ရွယ်လှသည့် ဟန်ပန်အမူအရာမျိုးဖြစ်ပြီး ကျောက်စိမ်းသရဖူကို ဆင်မြန်းထား၏။ ဆံနွယ်များသည် နောက်ဘက်သို့ ရေတံခွန်အလား ကျဆင်းနေ၏။ မျက်နှာသွင်ပြင်သည် အမှန်ပင် ထက်ရှလွန်းလှသည့် ဟန်ပန် အမူအရာမျိုးကို ထုတ်ဖော်နေပြီး လေးနက်တည်ကြည်လွန်းသည့် မျက်လုံးအကြည့် များကလည်း တည်ရှိနေ၏။ ဖန်တီးခြင်း၊ တည်ရှိခြင်း၊ ပျက်စီးခြင်း အရာအားလုံးတို့၏ အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေ၏။
“ဖန်းဟန်လား” မုန့်ရှင်းကျီသည် ဆွံအသွားခဲ့သည်။
သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် ဖန်းဟန်ကို ကြည့်ပြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် တခြားသော ဖန်းဟန်ကို ကြည့်လိုက်၏။ ဘာတွေဖြစ်နေသနည်း။ သူ လုံးဝ နားမလည်နိုင်သလို ဖြစ်လို့နေ၏။
ပုံပန်းသွင်ပြင်နှင့် နာမည် - ထိုအရာများသည် တူညီသည့်အရာမျိုးဖြစ်နေပြီး ကွာခြားချက်မှာ အားအင်အဆင့်သာလျှင် ရှိ၏။ တစ်ချက် ကြည့်လိုက်သည် ဆိုသည်နှင့် တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူဖြစ်မှန်း သိသာနေသည်။
“စီနီယာ... ဒါ ဘာလဲ” ဖန်းဟန်၏ စိတ်တစ်ခုလုံးသည် ရှုပ်ထွေးသွားခဲ့၏။ လက်ရှိလောကကြီးထဲတွင် သူနှင့်တူသည့် တစ်စုံတစ်ယောက် ပေါ်ပေါက်လာသည့် အကြောင်းနှင့်ပတ်သက်၍ နားမလည်လှချေ။ တစ်ဖက်လူ၏ မျက်လုံးအစုံတွင် နက်နဲလှသည့် အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရသည့် အရိပ်အယောင်များ တည်ရှိနေ၏။
မနီးမဝေးတွင် ရှိနေသည့် တစ်ဖက်ဖန်းဟန်ကို ကြည့်ရှုပြီးသည့်နောက် သူသည် မှန်ကို ကြည့်ရှုနေသလိုပင် ခံစား နေရ၏။ ရင်းနှီးခြင်း ၊ မရင်းနှီးခြင်း စသော အော်ရာများသည် တစ်ဖက် ဖန်းဟန်ဆီမှ ထွက်ပေါ်နေသည်။
တစ်ဖက်လူသည် သူသာဖြစ်၏။ သို့ပေမဲ့ သူမဟုတ်သလိုပင်။ ဖန်းဟန်သည် စဉ်းစားရ ခက်လျက် ရှိနေ၏။
မည်သို့ ဖြစ်နိုင်မည်နည်း။ ရှေ့တွင် ရှိနေသည့် ဖန်းဟန်သည် အစစ်အမှန် အင်မော်တယ် သို့မဟုတ် အစစ်အမှန် အင်မော်တယ်ထက်ပင် ပိုမို အားကောင်းသည့် လူတစ်ယောက်ဖြစ်လို့ နေခဲ့၏။ လက်တစ်ချက် ယမ်းခါလိုက်ရုံဖြင့် မြေအင်မော်တယ် လောကကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေသည့် စွမ်းအင်မြင့် ကျင့်ကြံသူတစ်ယောက်ပင်။
လက်ရှိ အခြေအနေ သူသည် အသက်ဘေးမှ လွတ်မြောက်နိုင်ရန် အတွက် မနည်းပင် ကြိုးစားထွက်ပြေးနေရသည့် ၊ ကြီးမားလွန်းလှသည့် ဝန်ထုတ်ဝန်ပိုးများ၊ ရန်ငြိုးများကို ထမ်းပိုးထားရသော လူငယ်လေးတစ်ယောက်မျှသာ ဖြစ်သည်။ ကောင်းကင်သည် သူ့ကို တစ်ချက်ကလေးမှ မျက်နှာသာပေးခြင်း မရှိခဲ့ချေ။
မည်ကဲ့သို့သော အခွင့်အရေး၊ မည်ကဲ့သို့သော စွမ်းရည်မျိုးကို ရရှိခဲ့သောကြောင့် ဤမျှ အားကောင်းလှသော စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ခဲ့ရသနည်း။
“တွေးနေစရာမလိုဘူး။ ဒါ မင်းပဲ”
လီယွင်သည် ဖန်းဟန်နှစ်ယောက်လုံးကို လှမ်းကြည့်ကာဖြင့် အသာပြောလိုက်သည်။