စပ်တူလုပ်ငန်း
Vol. 19 Ch. 327
ယန်စစ်မင်ကို ဒီအခြေအနေနဲ့ ကုန်းထျန်းဟောက်ကမြင်တော့ သူပထမဆုံးရေတွင်းစသုံးတုန်းက ဘယ်လောက်မသက်မသာဖြစ်ခဲ့လဲဆိုတာကို တွေးမိသွားသည်။ ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ယန်စစ်မင် မသက်မသာဖြစ်သွားချိန်မှာသူ့ကို လှော်ဖို့ ကုန်းထျန်းဟောက်က မမေ့ခဲ့ပေ။
သူက တခစ်ခစ်ရယ်လိုက်ပြီးတော့၊
“ဥက္ကဌယန်က အရမ်းတော်တာပဲ။ ရိုးရှင်းတဲ့ရေစုပ်စက်လေးတစ်ခုကိုတောင် သူဘယ်လိုသုံးရမှန်းမသိတာကို ငါမယုံနိုင်ဘူး!"
ရှောင်လင်းယွီ “.....”
‘ဒီယောက်က်ျားက ကလေးတစ်ယောက်လိုပဲ!
သူမရှက်ဘူးလား? သူပထမဆုံး ရေတွင်းကိုစသုံးတော့ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ မေ့သွားတာလား? ဒါက သူခိုးလူပြန်ဟစ်နေတာပဲ။'
ကုန်းထျန်းဟောက်ရဲ့စကားကို ယန်စစ်မင်ကြားတော့ သူ့ပါးစပ်အစွန်းတွေကွေးတက်သွားသည်။
နိုင်ငံထဲမှာ အချမ်းသာဆုံးလူ ကုန်းထျန်းဟောက်က လယ်တောအိမ်လေးတစ်အိမ်မှာထိုင်နေပြီး သူ့ကိုဟာသလုပ်နေတယ်။
သူနည်းနည်းကလေးကလားဆန်နေတာမဟုတ်ဘူးလား?
ယန်စစ်မင်က ဒီကလေးဆန်တဲ့လူကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ရဲ့ရေစိုနေတဲ့ဘောင်းဘီတွေကိုကြည့်ရင်း ယန်စစ်မင်က အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။ ၎င်းက အရမ်းအဆင်မပြေဖြစ်နေသည်။
ရှောင်လင်းယွီက သူ့အတွေးကို ရိပ်မိသွားပုံပေါ်ပြီး
“အစ်ကိုယန် ရှင့်ဘောင်းဘီတွေစိုနေတယ်။ ဘာလို့နောက်တစ်စုံသွားမလဲလိုက်တာလဲ? ကျွန်မမောင်လေးဘောင်းဘီတွေယူပေးမယ်။ ဒါပေမယ့်လည်း သူကရှင့်လောက်အရပ်မရှည်တော့ ရှင့်အတွက်တော့ တိုနေနိုင်တယ်”
ယန်စစ်မင်က အနည်းငယ်တုံ့ဆိုင်းသွားသည်။
သူက သူနဲ့မတော်တဲ့အဝတ်အစားမပြောနဲ့ တခြားလူအဝတ်ဝတ်ရတာကိုတောင် မကြိုက်ပေ။ ဒါပေမယ့်လည်း သူက ရေစိုပြီးအိကျနေတာတွေကို ဝတ်ရတာတော့ ပိုမသက်မသာဖြစ်သည်။
ရှောင်လင်းယွီက
“စိတ်မပူပါနဲ့ ကျွန်မမောင်လေးဘောင်းဘီတွေက အသစ်တွေပါ။ ကျွန်မအမေလျှော်ထားပေမယ့် သူမဝတ်ရသေးဘူး။ ရှင်ဝတ်ကြည့်မလား?”
၎င်းကိုပြောပြီးနောက် ရှောင်လင်းယွီကထပြီး သူ့မောင်လေးဘောင်းဘီတွေကိုရှာဖို့ သူ့မောင်လေးအခန်းကိုပြန်သွားလိုက်သည်။
ခနကြာပြီးတော့ သူမက အပြာနုအတိုတစ်စုံကိုယူလာပြီး
“အစ်ကိုယန် ဒီတစ်ထည်လေ။ ဒါတွေကိုအရင်လဲပြီး ရှင့်ဘောင်းဘီတွေကို အရင်အခြောက်ခံလိုက်ပါ့လား? ရှင့်ဘောင်းဘီတွေက အရမ်းစိုနေတယ်။ ဝတ်ရတာအဆင်မပြေဖြစ်မှာပဲ”
ယန်စစ်မင်က ရှောင်လင်းယဲ့ရဲ့ဘောင်းဘီတွေကိုယူလိုက်ပြီး လဲဖို့ ရှောင်လင်းယဲ့အခန်းကိုသွားလိုက်သည်။ သူက တခြားလူအဝတ်အစားတွေကိုဝတ်ရတာမကြိုက်ပေမယ့်လည်း ရွေးစရာမရှိပေ။ ပြီးတော့ ရေစိုနေတဲ့ဘောင်းဘီတွေကိုဝတ်ရတာက ပိုမသက်မသာဖြစ်သည်။
ယန်စစ်မင်က လဲပြီးထွက်လာတော့ ရှောင်လင်းယွီရဲ့မျက်လုံးတွေ ချက်ချင်းလင်းလက်သွားသည်။ သူမ အံ့အားတကြီးပြောလိုက်သည်။
“အစ်ကိုယန် ရှင့်ခြေသလုံးတွေက အရမ်းနုပြီးဖြူနေတာပဲ ဟားဟား...”
သူမဒါကိုပြောတော့ ယောက်ျားနှစ်ယောက်ရဲ့မျက်နှာက တစ်ချိန်တည်းမှာပဲ မှောင်မိုက်သွားသည်။
ကုန်းထျန်းဟောက်မျက်နှာ မဲမှောင်သွားရတာက ရှောင်လင်းယွီက တကယ်ပဲ တခြားယောက်ျားတစ်ယောက်ရဲ့ခြေထောက်တွေကို အာရုံစိုက်နေ၍ဖြစ်သည်။
ယန်စစ်မင်မျက်နှာကလည်း မကောင်းပေ။ အကြောင်းမှာ သူပျက်ရယ်ပြုခံလိုက်ရတယ်လို့ ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
ဖြူပြီးနုနေတဲ့ ခြေထောက်တွေရှိတာက ဘာများမှားနေလို့လဲ?
ပြီးနောက် ကုန်းထျန်းဟောက်က သူ့ကိုစိုက်ကြည့်လိုက်ပြီး အေးစက်စွာနဲ့
“ဘာလို့ အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်က ဖြူပြီး သွယ်နေတဲ့ခြေထောက်တွေရှိရမှာလဲ?”
၎င်းတို့က တီဗီမှာ ပြတဲ့ မိန်းကလေးမော်ဒယ်လ်ခြေသလုံးတွေထက်တောင် ပိုဖြူနေသေးသည်။ သူ့အသားအရေက ချောမွတ်နေပြီး ပန်းရောင်သန်းနေသည်။
ယန်စစ်မင်က လက်ထဲမှာ သူ့ရဲ့ဝိုင်နီ ရောင်ဘောင်းဘီတွေကို ကိုင်ထားပြီး ပုံမှန်အတိုင်းလမ်းလျှောက်လာသည်။ ပြီးနောက် သူကရှောင်လင်းယွီကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့
“အနည်းဆုံးတော့ ယွီအာဒါတွေကိုကြိုက်တယ်မလား?”
ရှောင်လင်းယွီက သူမပါးစပ်ကိုကာထားလိုက်ပြီး ပြုံးလျက်ဖြင့်
“ဘယ်မိန်းကလေးကများ ဖြူဖွေးပြီး နူးညံ့တဲ့ခြေထောက်တွေမရှိဘဲနေချင်ပါ့မလဲ?”
ယန်စစ်မင်က “...”
သူစနိုးစနောင့်ဖြစ်သွားသည်။
ဒါပေမယ့်လည်း သူလုပ်နိုင်တာဘာမှမရှိပေ။
သူလည်း မိန်းကလေးတစ်ယောက်ရဲ့ ဖြူဖွေးပြီး နူးညံ့တဲ့အသားအရေမျိုးမရှိချင်ပေ။ ဒါပေမယ့် သူ့အသားအရေကိုက သဘာဝအတိုင်းကိုဒီလိုပဲဖြစ်သည်။ သူဘယ်လောက်ပဲကြိုးစားကြိုးစား ၎င်းက ညိုမသွားပေ။
သူနေရောက်အောက်မှာ ရက်နည်းနည်းလောက်လှဲကြည့်ပြီး ကြိုးစားခဲ့ပေမယ့် သူ့အသားအရေက အရမ်းဖြူနေတုန်းဖြစ်သည်။ တခြားသူတွေ နေရောင်ကာခရင်မ်သုံးနေချိန်မှာ သူက ဒေါ်လေးဝှိုက်ခရင်မ်ကို လိမ်းနေရသည်။ ဒါ့ကြောင့် ယန်စစ်မင်က သူ့အသားအရေကို ပြသရတာမုန်းသည်။
မတော်တဆကြောင့်သာမဟုတ်ရင် သူလည်း သူ့ပေါင်တွေနဲ့ ခြေသလုံးတွေကိုမပြချင်ခဲ့ပေ။ ပြီးတော့ သူ့အချစ်ပြိုင်ဘက်ဆီကနေလည်း အလှောင်ခံရမှာမဟုတ်ပေ။
ကုန်းထျန်းဟောက်မျက်နှာပေါ်က အတွန့်အခေါက်တွေက ချက်ချင်းပျောက်ကွယ်သွားသည်။ အတွင်းထဲမှာတော့ ယောက်ျားနှစ်ယောက်က တိုက်ခိုက်နေကြသည်။
......
တခြားဘက်မှာလည်း လျောင်ကောဟိုင်က ယန်မိသားစုက တစ်ယောက်ယောက်နဲ့ သူ့ကိုမိတ်ဆက်ပေးဖို့ လူတွေကို လိုက်တောင်းဆိုနေသည်။
ယန်စစ်မင်က လျောင်ကောဟိုင်ကိုဒေဝါလီခံရစေချင်နေသည်။ ဒါပေမယ့်လည်း ၎င်းကို လူသိရှင်ကြားတော့မကြေညာရသေးပေ။ ဒါ့ကြောင့် လျောင်ကောဟိုင်က ယန်စစ်မင်ကို အမှုမဲ့အမှတ်မဲ့ အမှားလုပ်မိလိုက်တယ်ဆိုတာကို လူတွေမသိကြပေ။
သိသွားရင်လည်း သူတို့ကူညီမှာမဟုတ်ပေ။
လျောင်ကောဟိုင်ကနောက်ဆုံးမှာ အချိတ်အဆက်တစ်ခုလုပ်နိုင်ခဲ့သည်။ သူတွေ့လိုက်တဲ့လူက အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်သည်။
၎င်းက ယန်စစ်မင်ရဲ့အဖေ ယန်ယီကျင်းဖြစ်သည်။
ကြားလူက သူတို့ကို နေရာကောင်းတစ်ခုကို ဖိတ်ထားသည်။
လျောင်ကောဟိုင်က ဘယ်လိုပြုမူရမလဲသိသည်။ သူက ယန်ယီကျင်းအတွက် လက်ဆောင်ကြီးတစ်ခု။ ပြင်ဆင်ထားသည်။
လျောင်ကောဟိုင်က ယန်ယီကျင်းကိုမြင်လိုက်သည်နှင့် မူးဝေယိမ်းထိုးသွားသည်။
ယန်ယီကျင်းက ယန်စစ်မင်နဲ့တကယ်တူသည်။ ဒါပေမယ့်လည်း ယန်စစ်မင်အဖေက သူ့အသက်အရွယ်ကြောင့် ပိုလူကြီးဆန်ပြီး တည်ငြိမ်သည်။ သူ့လက်ထဲမှာ စီးကရက်တစ်ခုရှိသည်။
သူ လျောင်ကောဟိုင်ကိုမြင်တော့ မျက်မှောင်ကျုံ့ပြီးမေးလိုက်သည်။
“မင်းဘာလို့ငါ့ကိုရှာနေတာလဲ? တစ်ခုခုအရေးကြီးလို့လား?”
လျောင်ကောဟိုင်ကချက်ချင်းခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ မစ္စတာယန်”
သူဒါကိုပြောလိုက်ရင်း သူ့လက်ထဲက အထူးကောင်းမွန်တဲ့ဘူးတစ်ခုကို ယန်ယီကျင်းကိုပေးလိုက်ပြီး မျက်နှာလိုမျက်နှာရလေသံနဲ့
“မစ္စတာယန်၊ ဒါကျွန်တော်တို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းပါ။ ဒါက ကျေးဇူးတင်တဲ့အထိမ်းအမှတ်လေးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ!”
ယန်ယီကျင်းက တစ်ရှိုက်ဖွာလိုက်ပြီး အသက်ရှုထုတ်လိုက်သည်။ မီးခိုးတွေက သူ့ရဲ့ အနည်းငယ်စောင်းပြီး တောက်ပနေတဲ့မျက်လုံးတွေကို ကာဆီးသွားသည်။
သူက
“မင်းမှာတစ်ခုခုပြောစရာရှိရင် ပြောသာပြောလိုက်”
သူတို့ လျှို့ဝှက်စကားပြောခဲ့ကြသည်။
လျောင်ကောဟိုင်က သီးသန့်အခန်းထဲကထွက်လာတော့ စိတ်သက်သာရာရမှုနဲ့ သက်ပြင်းချလိုက်သည်။ ပြီးနောက် လက်ကိုင်ပုဝါတစ်ထည်ကိုယူလိုက်ပြီး သူ့နဖူးက ချွေးတွေကို သုတ်လိုက်သည်။
လျောင်ကောဟိုင်ကနောက်ဆုံးမှာ ပန်းတိုင်ကို အောင်မြင်ခဲ့ပြီ။
ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကုမ္ပဏီက ကယ်တင်ခံလိုက်ရပြီ။
ယန်မိသားစုရဲ့ စပ်တူလုပ်ငန်း ထွက်ပေါ်လာမှုနဲ့အတူ သူတို့ အဲ့ဒီနွားကို လွှဲယူကြတော့မည်။
အဲ့ဒီလျှို့ဝှက်ပုဂ္ဂိုလ်က အင်အားကြီးနိုင်ပေမယ့် ယန်မိသားစုထက်တော့ ပိုကြီးနိုင်ပါ့မလား?
သူ အဲ့ဒီလူ ထောင်ယွမ်ရွာကို ဘယ်လိုကာကွယ်မလဲဆိုတာ မြင်ချင်သည်။
လျောင်ကောဟိုင် ထွက်သွားပြီးတော့ ယန်ယီကျင်းက သူ့စီးကရက်ပေါ်က ပြာတွေကို အသာအယာပုတ်လိုက်သည်။ သူအတွေးထဲမှာ နစ်မျောနေတဲ့အတွက် သူ့မျက်ခုံးတွေက တဆက်တည်းဖြစ်နေသည်။
လျောင်ကောဟိုင်က သူ့ကိုအရမ်းအံ့ဩစရာကို ပြောပြခဲ့သည်။
ရွာငယ်လေးမှာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိသည်။ ၎င်းမှာ နွားဘုရင်ငယ်လေးရှိနေခြင်းပင်!
နွားရဲ့မစင်ကို သီးနှံတွေ ပိုကောင်းကောင်းကြီးထွားအောင် မြေဩဇာအနေနဲ့သုံးနိုင်ပြီး အရသာကလည်းမဆိုးလှပေ။ သူ့ရဲ့ဒုတိယညီလေးရဲ့စတော်ဘယ်ရီတွေက ထောင်ယွမ်ရွာကဖြစ်ကြောင်း လျောင်ကောဟိုင်က သူ့ကိုပြောခဲ့သည်။
သူ့ဒုတိယညီလေးက စတော်ဘယ်ရီ ကျင် ထောင်ဂဏန်းအနည်းငယ်ပဲဝယ်ခဲ့ပေမယ့် အမြတ်သန်းတော်တော်များများရရှိခဲ့တာကို ယန်ယီကျင်း သိသည်။ ၎င်းက Nation Unionစူပါမားကတ်မှာ မှတ်တမ်းအသစ်တစ်ခု ဖန်တီးလိုက်သည်။
ယန်ယီကျင်းက ဒါကိုကြားတော့ အရမ်းစိတ်ဝင်စားသွားသည်။ ပိုက်ဆံပိုရမယ့်ကိစ္စကို ဘယ်သူမှကွန်ပလိန်းမတက်ကြပေ။ သူက ဒီလိုပရောဂျက်မျိုးကို ငြင်းစရာအကြောင်းမရှိပေ။
ဒါပေမယ့်လည်း ယန်ယီကျင်းက မျက်မှောင်ထပ်ကျုံ့လိုက်သည်။
လျောင်ကောဟိုင်က ယန်စစ်မင်နဲ့ ဒုက္ခတွေ့နေကြောင်းပြောခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ယန်စစ်မင်က ထောင်ယွမ်ရွာကို ပြုပြင်တည်ဆောက်ဖို့ဟုတ်ဘဲ ၎င်းကိုကာကွယ်ဖို့ ကြားဝင်ခဲ့သည်။
“ထောင်ယွမ်ရွာ ထောင်ယွမ်ရွာ၊ ဘာလို့ဒီနာမည်ကို အရမ်းရင်းနှီးနေတာလဲ?”
ယန်ယီကျင်းက ခနခနတတွတ်တွတ်ရေရွတ်နေပြီး တစ်စုံတစ်ခုကို တွေးမိသွားသည်။
‘နေပါဦး၊ စစ်မင်နဲ့ အဘိုးကြီးက ထောင်ယွမ်ရွာအကြောင်း အချင်းများခဲ့တာမဟုတ်ဘူးလား?”
၎င်းကိုတွေးရင်း ယန်ယီကျင်း ကသူ့ဖုန်းကိုထုတ်ပြီး တစ်ကောလ်ခေါ်လိုက်သည်။ ယန်စစ်မင် Zမြို့ကိုပြန်လာနေချိန်အတွင်း သူ့အဖေဆီက ဖုန်းရလိုက်သည်။
“အဖေ...”
ယန်စစ်မင်
“ဟုတ်တယ် ကျွန်တော်ထောင်ယွမ်ရွာကနေပြန်လာတာ။ ဘာရယ်?!”
ဝှစ်ခနဲအသံတစ်ခုနဲ့ ယန်စစ်မင်က အရေးပေါ်ဘရိတ်ကို နင်းလိုက်သည်။
“အဖေက ထောင်ယွမ်ရွာကို အတူတူတည်ဆောက်ပြုပြင်ဖို့ လျောင်ကောဟိုင်နဲ့ပူးပေါင်းချင်တယ်?!”
ယန်စစ်မင် ရှော့ခ်ရသွားသည်။
ဒါပေမယ့်လည်း သူမထိန်းချုပ်နိုင်ဘဲ စိတ်ထဲမှာ ဒေါသလှိုင်းတစ်ခု လိမ့်တက်လာသည်။
‘ဒီလျောင်ကောဟိုင်ကတကယ် ဉာဏ်နီဉာဏ်နက်များတာပဲ။ သူက တကယ်ကြီး ငါ့အဖေကိုတောင် အကူအညီတောင်းဖို့ သွားပြောလိုက်သေးတယ်’
“မဟုတ်သေးပါဘူး အဖေ၊ ဘာလို့ လျောင်ကောဟိုင်နဲ့ အတူတူအလုပ်လုပ်မှာလဲ?”
ယန်စစ်မင်က နားမလည်တဲ့ပုံနဲ့မေးလိုက်သည်။
“ထောင်ယွမ်ရွာကဝေးလံတယ်။ ပြီးတော့ ခရီးသွားတွေအတွက် သင့်တော်တဲ့နေရာတစ်ခုမဟုတ်ဘူး။ မက်မွန်ပင်တွေကလွဲရင် အဲ့ဒီမှာ ဘာမှမရှိဘူး”
ယန်ယီကျင်းက ဘာကိုမှဖုံးကွယ်မနေဘဲ
“ရွာမှာ နွားဘုရင်ငယ်လေးတစ်ကောင်ရှိတယ်လို့ လျောင်ကောဟိုင်ကငါ့ကိုပြောတယ်။ သူ့မစင်က ပိုကောင်းတဲ့သီးနှံတွေအတွက် သုံးလို့ရနိုင်တယ်။ မင်းရဲ့ဒုတိယဦးလေးရောင်းတဲ့ ထူးထူးခြားခြားနာမည်ကြီးတဲ့စတော်ဘယ်ရီတွေက ထောင်ယွမ်ရွာကလာတယ်”
ယန်စစ်မင်က မျက်မှောင်ကျုံ့ပြီး ပြတ်ပြတ်သားသားနဲ့
“အဲ့ဒီတော့ အဖေ၊ လျောင်ကောဟိုင်လိုပဲ အဖေ့ပန်းတိုင်ကလဲ နွားဘုရင်ငယ်လေးပဲပေါ့ ဟုတ်တယ်မလား?”
ယန်ယီကျင်းက သူ့သားကို ဘာမှဖုံးကွယ်မနေဘဲ
“ဟုတ်တယ် နွားရဲ့တန်ဖိုးက အရမ်းမြင့်တယ်။ စတော်ဘယ်ရီသမားက မြေခြောက်မူပဲ စိုက်ထားတာ။ ပြီးတော့ အပြန်အလှန်အနေနဲ့ သန်းအများကြီးပြန်ရတယ်။
မင်းရဲ့ဒုတိယဦးလေးက စတော်ဘယ်ရီကျင် ထောင်နည်းနည်းပဲရောင်းပြီး သန်းဂဏန်းပြန်ရတယ်။ အဲ့ဒီတော့ အဖေတို့မှာ နွားသာရှိရင် ပိုများတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုကို ဖန်တီးလို့ရပြီ”
သူ့အဖေရဲ့ ခပ်ရေးရေးစိတ်ဝင်စားမှုကိုကြားတော့ ယန်စစ်မင်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ ပြီးနောက် သူက တိုက်ရိုက်ပဲပြောလိုက်သည်။
“အဖေ နွားဘုရင်ငယ်လေးကို ဘယ်သူပိုင်လဲသိလား? သူက ကျွန်တော့် မိတ်ဆွေကောင်းတစ်ယောက်ပဲ! ကျွန်တော့်သူငယ်ချင်းကောင်းဆီကနေ ကျွန်တော့်ကို ခိုးစေချင်တာလား?”
ယန်ယီကျင်း "…”
***