← Chapters

အဆူရာနှင့် တိုက်ခိုက်ခြင်း

Vol. 154 Ch. 2296

အဆူရာနှင့် တိုက်ခိုက်ခြင်း

Vol. 154 Ch. 2296

အမိန့်ကို လက်ခံရရှိပြီးနောက် အဆူရာကျောင်းတော်၏ ပင်မခန်းမကို စောင့်ကြပ်နေသော ကိုယ်တော်များက သူတို့၏ လျှို့ဝှက်အတတ်များကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ လှည့်ပတ်လိုက်ကြပြီး ပင်မခန်းမ၏ မြေကြီးအနက်ပိုင်းထဲသို့ စိတ်ဝိညာဉ်အလင်းများကို ပစ်သွင်းလိုက်လေသည်။

ဒုန်း..

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

ကြောက်စရာကောင်းသော သက်ရှိတစ်မျိုးသည် အဆူရာကျောင်းတော်၏ ပင်မခန်းမ အောက်ဘက်မှာ ရှိနေပြီး မြေကြီးထဲကနေ ရုန်းထွက်လာတော့မည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာက အမူအရာ ကင်းမဲ့နေပြီး သူ၏ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသော ကောင်းကင်ဘုံဝံပုလွေနှင့်အတူ ရှေ့သို့ တက်လှမ်းလာ၏။

“မင်းက ဘယ်လို အန္တရာယ်နဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ.. မင်းမှတ်ထားဖို့က ယန်ပေးချန်ကို ကာကွယ်ပြီး ထွက်သွားဖို့ပဲ.. ငါ့ကို စိုးရိမ်မနေနဲ့”

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ကောင်းပါပြီ”

ကောင်းကင်ဘုံဝံပုလွေက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်၏။

ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာက အဆူရာကျောင်းတော်၏ ပင်မခန်းမ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဘုန်း.. ဘုန်း.. ဘုန်း..

ရုတ်တရက် ဧရာမ အက်ကွဲကြောင်းများက အဆူရာကျောင်းတော်၏ ပင်မခန်းမ မြေပြင်ပေါ်မှာ ပေါ်ထွက်လာပြီး ဖုန်များက တထောင်းထောင်း ထလာ၏။ ထို့နောက် အထဲကနေ ကြီးမားသည့်လက်နှစ်ဖက်က ဆန့်တန်းထွက်ပေါ်လာ၏။

ဝေါ…

ထို့နောက် ချက်ချင်းပင် ဧရာမ လက်နှစ်ဖက်က မြေစိုင်ခဲများကို တွန်းဖယ်ထုတ်ပြီး မြင့်မားသော ပုံရိပ်တစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့၏။ အဲဒါက အရမ်းကို မြင့်မားပြီး အဆူရာကျောင်းတော်၏ ပင်မခန်းမ အမိုးခုံးကိုပင် ထိုးဖောက်သွားလေသည်။

ထိုပုံရိပ်က သံမဏိမျှော်စင်တစ်ခုနှင့်တူ​ပြီး သူ၏ ခန္ဓာကိုယ်ကို ကြေးတက်နေသော ချိန်းကြိုးများဖြင့် ရစ်ပတ်ထားလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ပိုင်းကို ဗလာကျင်းထားပြီး ရက်စက်ကြမ်းကြုတ်၍ ပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

ဧရာမ သတ္တဝါသည် လူသားများ၏ ပုံသဏ္ဌာန်နှင့် ဆင်တူလေသည်။ သို့သော်လည်း သူက အရမ်းကို အရုပ်ဆိုးပြီး သူ၏ ဦးခေါင်းပေါ်မှာ အနည်းငယ် ကွေးညွှတ်၍ အလွန်တရာ ထက်ရှသော ဦးချိုနှစ်ချောင်း ရှိနေ၏။

“ဂါး..”

သတ္တဝါက သူ၏ မျက်လုံးကို ပြူးကျယ်ထားပြီး သိုင်းတာအိုပင်မခန္ဓာ ရှိရာဘက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်ကာ လေစီးကြောင်းများကို တလိပ်လိပ် ထိုးတက်လာစေ၏။

အဆူရာကျောင်းတော်၏ ပင်မခန်းမက အဆက်မပြတ် လှုပ်ခါသွားပြီး အချိန်မရွေး လဲပြိုကျသွားနိုင်၏။

ထိုသတ္တဝါက ဟိန်းဟောက်လိုက်သောအခါ သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ လည်ပင်းပေါ်ရှိ ဧရာမ အစိမ်းရောင် သွေးကြောများက ရစ်ပတ်ထားသော အနာကွန်ဒါမြွေများကဲ့သို့ ဖောင်းကြွလာ၏။

အဲဒါက အရမ်းကို ကြောက်စရာကောင်းလေသည်။

“သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို သန်မာတာပဲ”

သိုင်းတာအိုပင်မခန္ဓာက မတိုက်ခိုက်ခင် ထိုသတ္တဝါ၏ ကြောက်စရာကောင်းသော သွေးချီနှင့်​ စွမ်းအားကြီးမားသော ကိုယ်ကာယကို​ အာရုံခံမိလိုက်ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်လိုက်သော်လည်း သူသည် ထိုသတ္တဝါ၏ ကျင့်ကြံမှုနယ်ပယ်ကို မထောက်လှမ်းနိုင်ပေ။

“အဲဒါက ဘာမျိုးနွယ်လဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အဲဒါ အဆူရာပဲ”

ကောင်းကင်ဘုံဝံပုလွေက မလှမ်းမကမ်းမှာ ရှိသော မြင့်မားသည့် ပုံရိပ်ကို စိုက်ကြည့်ပြီး တည်တံ့စွာ ပြောလိုက်၏။

“အဆူရာမျိုးနွယ်က လူသားတွေ၊ သားရဲတွေ၊ တစ္ဆေတွေ၊ နတ်ဘုရားတွေနဲ့ မတူဘူး… ဒါပေမဲ့ သူတို့က မွေးရာပါ သန်မာပြီးတော့ အရမ်းကို စွမ်းအားကြီးမားတဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြတယ်”

“သူတို့မျိုးနွယ်က တခြားမျိုးနွယ်တွေနဲ့ မတူအောင် ကျင့်ကြံကြတယ်.. အပြင်လူတွေက သူတို့ရဲ့ ကျင့်ကြံမှုကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ အဆူရာမျိုးနွယ်က ပကတိဧကနယ်ပယ်ကို ဝင်ရောက်တဲ့အခါ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိလာလိမ့်မယ်.. သူတို့က နောက်ထပ် အပိုဦးခေါင်းတစ်လုံးနဲ့ လက်နှစ်ဖက် ပေါက်ဖွားလာလိမ့်မယ်”

“သူတို့က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းပြီး အဆူရာဘုရင်တွေ ဖြစ်လာမယ်ဆိုရင် သူတို့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ရှိလာလိမ့်မယ်”

“ခေါင်းသုံးလုံး လက်ခြောက်ဖက်လား”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

“အမှန်ပဲ”

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“အန္တိမ နတ်ဘုရားစွမ်းအား ခေါင်းသုံးလုံး လက်ခြောက်ဖက်က အဆူရာမျိုးနွယ်က​နေ ဆင်းသက်လာခဲ့တာပဲ”

“အဆူရာမျိုးနွယ်က ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားမယ်ဆိုရင် သူတို့မှာ နောက်ထပ် ခေါင်းအပိုတွေ ထပ်တိုးလာမှာ မဟုတ်ဘူး.. ဒါပေမဲ့ သူတို့မှာ နောက်ထပ် လက်တစ်စုံ တိုးလာပြီးတော့ လက်ရှစ်ဖက် အဆူရာတွေ ဖြစ်လာလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာသည် အဆူရာမျိုးနွယ်အကြောင်း များစွာ သိရှိမထားပေ။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူတို့ကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်ကြားမှာ အဆူရာတာအို ရှိပြီး အဲဒါက အဆူရာမျိုးနွယ်နှင့် မည်သို့မည်ပုံ သက်ဆိုင်နေသည်ကို သူက မသိရှိပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူ့ရှေ့မှ သတ္တဝါ၏ ဇာစ်မြစ်ကို သိရှိလိုက်သောအခါ ဤကျောင်းတော်ကို အဆူရာကျောင်းတော်ဟု ဘာကြောင့်ခေါ်သလဲ နားလည်သဘောပေါက်သွား၏။

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“သခင်.. ခင်ဗျား ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး.. အဆူရာမျိုးနွယ်က ကိုယ်ကာယ၊ မျိုးဆက်သွေးနဲ့ တိုက်ခိုက်ရည်ခွန်အားမှာ အရမ်းကို သန်မာကြတယ်.. သူတို့က နဂါးမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်တို့ထက် သေချာပေါက် အားမနည်းဘူး”

“အဲဒီမိစ္ဆာကို သတ်ပေး”

အဆူရာကျောင်းတော်မှ ကိုယ်တော်တချို့က အဆူရာကို ကြည့်ကာ အော်ပြောလိုက်၏။

အဆူရာက ထပ်တလဲလဲ ဟိန်းဟောက်ပြီး အဆူရာကျောင်းတော်၏ ခန်းမကို ချိုးဖျက်ကာ ခြေလှမ်းကျဲကြီးများဖြင့် သိုင်းတာအိုပင်မခန္ဓာ ရှိရာသို့ လျှောက်လှမ်းလာ၏။

ကံကြမ္မာစက်ကွင်း ၉ခုက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ စုဖွဲ့နေပြီး သူ၏ အကြည့်က သိပ်သည်းကျစ်လျစ်နေ၏။ နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိဘဲ သူက အဆူရာထံသို့ လျှောက်လှမ်းကာ ပစ်ထိုးလိုက်၏။

ငွားငွားစွင့်စွင့် မြင့်မားသော အဆူရာနှင့် ယှဉ်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က မနှိုင်းယှဉ်သာအောင် သေးငယ်နေ၏။

သူ၏ တန်ပြန်တိုက်ခိုက်မှုက အုတ်နံရံကို ကြက်ဥနှင့် ပေါက်နေခြင်းနှင့် တူလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ကနေ ထုတ်ဖော်လိုက်သည့် စွမ်းအားနှင့် စိတ်ဆန္ဒက ပြင်းထန်ကြမ်းတမ်းပြီး ခန့်ညားထည်ဝါနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့တည့်တည့်မှာ တိုက်ရိုက်ရပ်နေခြင်း မရှိဘဲ ထိုထိုးချက်ကနေ ခံစားရသည့် ဖိအားကို​ ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။

အဆူရာ၏ မျက်နှာပေါ်တွင်လည်း သုန်မှုန်သော အမူအရာတစ်ခုက ပေါ်ထွက်လာ၏။

“ဂါး..”

သူက မာန်ဖီအော်ဟစ်ပြီး သူ၏ ကြီးမား၍ မာကြောသော လက်သီးကို မြှောက်ကာ သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကို တူတစ်လက်ကဲ့သို့ ပစ်ရိုက်ချလိုက်၏။

ဘုန်း..

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်ပြီး ခပ်ထိုင်းထိုင်း အသံက လေထဲမှာ ထွက်ပေါ်ကာ လောကကို တုန်ခါသွားစေ၏။

ထိတွေ့ရိုက်ခတ်မှု၏ တုန်ခါလှိုင်းက သိပ်သည်းကျစ်လျစ်ပြီး လှိုင်းဂယက်များကဲ့သို့ အဘက်ဘက်ကို ဖြန့်ကြက်သွား၏။

အဆူရာကျောင်းတော်၏ အဆောက်အဦများစွာက တစ်ခုပြီးတစ်ခု ပြိုကျသွားပြီး ဖုန်များက တထောင်းထောင်းထလာ၏။

ကိုယ်တော်များက တုန်လှုပ်နေသော အမူအရာများနှင့်အတူ လေထဲမှာ ရှိသော ပုံရိပ်နှစ်ခုကို မော့ကြည့်လိုက်ကြ၏။

အရမ်းကို သေးငယ်သည့်ပုံပေါ်သော ခရမ်းရောင်ဝတ် အမျိုးသားသည် အနီးကပ် တိုက်ခိုက်ရည်မှာ အဆူရာ၏ လက်သီးကို ခံယူနိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။

ဒီလူရဲ့ ကိုယ်ကာယက ဘယ်လောက်တောင် သန်မာနေတာလဲ..

အဆူရာကျောင်းတော်ကိုယ်တော်များ၏ အတွေးများ ပျက်ပြယ်မသွားခင်မှာပင် အဆူရာက နာကျင်နေသော အမူအရာနှင့်အတူ လေထဲကနေ နောက်သို့ ဒယီးဒယိုင် ခြေနှစ်လှမ်းဆုတ်ပြီး မချိတင်ကဲ အော်ဟစ်လိုက်၏။

သို့သော်လည်း ခရမ်းရောင်ဝတ် အမျိုးသားက မလှုပ်မယှက် ရှိနေပြီး သူ၏ ငွေရောင် မျက်နှာဖုံးက အေးစက်နေမြဲဖြစ်၏။

အဆူရာက အနီးကပ်တိုက်ခိုက်ရည်မှာ ရှုံးနိမ့်သွားတာလား။

အဆူရာကျောင်းတော်မှ လူတိုင်းက အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

ကောင်းကင်ဘုံဝံပုလွေက ရယ်မောလိုက်၏။

“ကျုပ်တို့ ကံကောင်းတယ်.. ဒီအဆူရာမှာ လက်နှစ်ဖက်ပဲ ရှိသေးတယ်.. သူ့ရဲ့ ကျင့်ကြံမှုက ပကတိဧကနယ်ပယ်ကို မရောက်သေးဘူးပဲ”

“အား.. အား… အား…”

အဆူရာက ထပ်တလဲလဲ အော်ဟစ်ပြီး သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ ချိုင်းကြားအောက်ကနေ နောက်ထပ် လက်နှစ်ဖက်က ကြီးထွားလာလေသည်။

ကောင်းကင်ဘုံဝံပုလွေ၏ အပြုံးက သူ၏ မျက်နှာပေါ်မှာ တဖြည်းဖြည်း အေးခဲသွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက အာရုံစိုက်၍ ကြည့်ရှုလိုက်၏။

အဆူရာ၏ အသစ်ထွက်လာသော လက်နှစ်ဖက်က အတော်လေး ပိန်ပါးပြီး သူတို့၏ အထွတ်အထိပ်သို့ မရောက်ရှိသေးသည်မှာ သိသာလေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဤအဆူရာသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ပကတိဧကနယ်ပယ်၏ အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။

ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာက အဆူရာ သူ၏ ခွန်အားကို ဆက်လက်၍ စုဆောင်းနေမည်ကို စောင့်ဆိုင်းမနေတော့ပေ။ ရုတ်တရက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အဆူရာကို စတင်၍ ပစ်ထိုးလိုက်၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက ဆူနာမီအသံနှင့်အတူ တလိပ်လိပ် ထိုးတက်လာ၏။

ထိုထိုးချက်က အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်း၏။

အဆူရာ၏ အော်ရာက သိုင်းတာအိုပင်မခန္ဓာ၏ အပြတ်အသတ် ဖိနှိမ်ခြင်းခံလိုက်ရ၏။ သူ၏ မျက်လုံးများက အမျက်ဒေါသဖြင့် ပြူးကျယ်နေပြီး သူ၏ ရှေ့မှာ သူ၏ လက်နှစ်ဖက်ကို မြှောက်တင်လိုက်၏။

သူ့လက်ပေါ်ရှိ ကြွက်သားများက အရည်ကျိုထားသော သတ္တုများကဲ့သို့ ထုံးဖွဲ့သွားပြီး သတ္တုရောင် တလက်လက်ဖြင့် တောက်ပလာကာ ရုန်းကန်ပေါက်ကွဲ စွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေ၏။

ဘုန်း..

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ဥက္ကာခဲတစ်ခုကဲ့သို့ ကျဆင်းလာပြီး ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။

အဆူရာက ခပ်စူးစူး ညည်းတွားအော်ဟစ်ပြီး သူ၏ မြင့်မားသော ခန္ဓာကိုယ်က အောက်ဘက်ကို နိမ့်ကျသွား၏။ သူ၏ ခြေထောက်များက ကွေးညွှတ်သွားပြီး သူက မြေပြင်ပေါ်ကို ဒူးထောက်ကျလုနီးပါး ဖြစ်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သွေးချီကို လှည့်ပတ်လိုက်သောအခါ အဆူရာက အဲဒါကို ဆက်လက်၍ မခုခံနိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာက အဆူရာကို အသက်ရှူခွင့် ဆက်လက်၍ မပေးဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

သူက ကောင်းကင်ထယ်သွားခြေလှမ်းနှင့်အတူ ရှေ့သို့ ပစ်နင်းလိုက်လေသည်။

ဘုန်း..

ထိုခြေနင်းချက်က အဆူရာ၏ လက်နှစ်ဖက်ကို နောက်တစ်ဖန် နင်းချေလိုက်၏။

ဖောက်.. ဖောက်.. ဖောက်..

အဆူရာ၏ လက်နှစ်ဖက်ကနေ ကြီးမားသော သွေးမြူများက ပေါက်ကွဲထွက်ပေါ်လာပြီး သူက သိုင်းတာအိုပင်မခန္ဓာ၏ ခြေရင်းမှာ နင်းချေခံလိုက်ရ၏။ ဘုန်းခနဲ မြည်သံနှင့်အတူ သူက အပျက်အစီးပုံများကြားမှာ ဒူးထောက်ကျသွားပြီး သူ၏ နှာခေါင်းနှင့် ပါးစပ်ပေါက်ကနေ သွေးများက စီးကျလာခဲ့၏။

All Chapters