ငရဲဂိတ်တံခါး
Vol. 154 Ch. 2298
မဟာထျဲဝေတောင်ထွတ်က အလွန်တရာ ကျယ်ဝန်းလေသည်။ သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် အဆူရာကျောင်းတော်ကို ဖြတ်ကျော်လာပြီး နောက်ထပ်တစ်နာရီပျံသန်းပြီးမှ တောင်ထွတ်၏ အခြာအစွန်းတစ်ဖက်ကို ရောက်ရှိလာခဲ့၏။
ဤအချိန်အတောအတွင်း အဆူရာကျောင်းတော်မှ ကိုယ်တော်တစ်ပါးက သူတို့နောက်ကနေ လိုက်ပါလာခဲ့၏။
အဆူရာကျောင်းတော်မှ ကိုယ်တော်သည် သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်က အလွန်တရာ မြန်ဆန်သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အာရုံခံစိတ်ကနေ မပုန်းကွယ်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက သူ့ကို စိတ်ထဲမှာ ထည့်မထားပေ။ သူတို့သည် ဤနေရာသို့ရောက်ရှိလာပြီး အဝေးကိုလှမ်းကြည့်လိုက်သောအခါ ပင်လယ်ပြင်၏ အဝေးတစ်နေရာမှာ ပိန်းပိတ်အောင် နက်မှောင်၍ မြင့်မားသော တောင်ထွတ်တစ်ခုရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ အဲ့ဒါက ဒဏ္ဍာရီလာ ထျဲဝေတောင်ဖြစ်၏။
သာမန်တောင်ထွတ်များ၏ ခမ်းနားမှုနှင့်မတူဘဲ သိုင်းတာအိုပင်မခန္ဓာက ထျဲဝေတောင်ကို ပထမဆုံးတွေ့မြင်ရသည့် အချိန့်မှာပင် မကောင်းဆိုးဝါးဆန်သော အေးစက်မှုတစ်ခုကို သူကခံစားနေရ၏။
ထျဲဝေတောင်ရှိရာဘက်ကို ကြည့်မိချိန်မှာ သူ၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲ သတိပေးနေခဲ့၏။ သူက ထျဲဝေတောင်သို့ မတက်လှမ်းခင်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် ကပ်ဘေးတစ်ခုကျရောက်လာတော့မည့်အလား ရင်တလှပ်လှပ် ခံစားချက်ကိုရရှိနေပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် စတင်ကျင့်ကြံခဲ့ကတည်းက သူသည် ဤကဲ့သို့သောပုံစံဖြင့် တစ်ခါမှ မခံစားခဲ့ရဖူးပေ။
သူသည် အရင်တုန်းက တာအိုအရှင်သွေးမိစ္ဆာနှင့်ရင်ဆိုင်ခဲ့ရစဉ်မှာတောင် သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့သော ရင်တလှပ်လှပ် ခံစားချက်မျိုး မရရှိခဲ့ပေ။
“အခုချိန်မှာ နောက်ပြန်ဆုတ်မယ်ဆိုရင် နောက်မကျသေးဘူး”
ကောင်းကင်ဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာ၏ တွေဝေတုံ့ဆိုင်းမှုကို သတိထားမိသွားပြီး ဖျောင်းဖျလိုက်၏။
“အဝီစိက သူ့ကိုယ်ပိုင်လောကတစ်ခုပဲ… အဲ့ဒါက ကောင်းကင်နဲ့မြေကြီး အမြုတေချီကို ပိုင်းခြားထားတယ်… ခင်ဗျားက အဲ့ဒီထဲမှာ ကျဆင်းသွားမယ်ဆိုရင် ခင်ဗျားက ဘာနတ်ဘုရားစွမ်းအားနဲ့ ဘာဓမ္မပညာရပ်ကိုမှ ထုတ်ဖော်နိုင်မှာ မဟုတ်တော့ဘူး… နောက်ပြီး အထဲမှာ မရေမတွက်နိုင်တဲ့ ဆိုးယုတ်တစ္ဆေတွေရှိတယ်… သူတို့ထဲက တချို့က ပကတိအင်မော်တယ်တွေပဲ… သူတို့ထဲက တချို့က အင်မော်တယ်ဘုရင်တွေ.. တချို့ကတော့ ဧကရာဇ်တွေတောင်မှဖြစ်တယ်”
“အဲ့ဒီ ဆိုးယုတ်တစ္ဆေတွေက အဆုံးမဲ့စီးကြောင်းတစ်ခုထဲမှာ အတူစုစည်းပြီး အသက်ဓာတ်အဆီအနှစ်ကို အငမ်းမရ ဝါးမျိုကြတယ်… အသွေးအသားတွေကို ကိုက်ခဲစားသောက်ကြတယ်… ကျုပ်ရဲ့ သခင်ဟောင်းတောင်မှ အဲ့ဒါကို ခံနိုင်ရည် မရှိခဲ့ဘူး”
“ငါက ဒီကို ဘာနောက်ခံမှ မရှိဘဲရောက်လာတာ မဟုတ်ဘူး”
သိုင်းတာအိုပင်မ ခန္ဓာက မှင်သေသေဖြင့်ပြောလိုက်၏။
ကောင်းကင်ဝံပုလွေက ဆက်ပြောလိုက်လေသည်။
“နောက်ပြီး နတ်ဘုရားလက်နက်တွေနဲ့ ဓမ္မရတနာတွေ ပါလာမယ်ဆိုရင်တောင် သူတို့က အဝီစိမှာ သတ္တုပျက်တွေအဖြစ် လျှောကျသွားလိမ့်မယ်”
“အဝီစိမှာရှိတဲ့ မိစ္ဆာချီက နတ်ဘုရားလက်နက်နဲ့ ဓမ္မရတနာတွေရဲ့ ဓမ္မစွမ်းအားတွေအားလုံးကို ချိပ်ပိတ်ထားနိုင်တယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါ့မှာ ဘာနတ်ဘုရားလက်နက်နဲ့ ဘာဓမ္မရတနာမှမရှိဘူး… ငါ့ရဲ့လက်သီးက ငါ့ရဲ့ အသန်မာဆုံး နတ်ဘုရားလက်နက်ပဲ”
“သွားကြမယ်”
သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောပြီး ထျဲဝေတောင်ရှိရာသို့ ရှေ့ကနေ ဦးဆောင်သွား၏။
ကောင်းကင်ဝံပုလွေက တွေဝေတုံ့ဆိုင်းနေသော်လည်း သူက အံ့ကိုကြိတ်ပြီး လိုက်ပါလာရ၏။
ထျဲဝေတောင်နှင့် မဟာထျဲဝေတောင်ကြားမှာ ရေလက်ကြားတစ်ခုရှိပြီး အဲ့တာက မှောင်မည်းနေ၏။
တောင်နှစ်လုံးကြားမှာရှိသော ရေပြင်ကသာလျှင် မသတီစရာ စိမ်းဖန့်ဖန့်အလင်းရောင်ဖြင့် တောက်ပနေ၏။ သူတို့က အာရုံစိုက်၍ ကြည့်ရှုမည်ဆိုလျှင် ရေပြင်က အလွန်တရာထူးဆန်းသော စိမ်းဖန့်ဖန့်မီးတောက်များဖြင့် လောင်ကျွမ်းနေပုံရသည်ကို တွေ့မြင်ရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် မဟာထျဲဝေတောင်ကနေ ထွက်ခွာလာသည့်ခဏမှာပင် သူသည် သတိအနေအထားပြင်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ရုတ်တရက်ဖြစ်ပေါ်လာသည့် မည်သည့်အပြောင်းအလဲကိုမဆို ကိုင်တွယ်ဖို့ အသင့်ပြင်ထား၏။
ကံကောင်းထောက်မစွာဖြင့် လမ်းတစ်လျှောက်မှာ မည်သည့်အန္တာရယ်မှ မတွေ့ရပေ။
အောက်ဘက်မှာရှိသော အစိမ်းရောင်ရေပြင်ထဲမှာ ဝဲဂယက်တစ်ခုပေါ်ထွက်လာသော်လည်း အဲ့ဒါက ပြန်လည်တည်ငြိမ်သွား၏။
ခဏနေပြီးနောက် သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် နောက်ဆုံးမှာ ထျဲဝေတောင်ထွတ်ပေါ်သို့ ဆင်းသက်ရောက်ရှိလာခဲ့၏။
သူက ထျဲဝေတောင်ထိပ်ပေါ်သို့ ခြေချလိုက်သည့်ခဏမှာပင် သူ့ကို ရှေ့သို့တက်လှမ်းဖို့ တိုက်တွန်းနေသည့်အလား သန်မာအားကောင်းသည့် ဆင့်ခေါ်ခြင်းခံစားချက်တစ်ခုကို သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် ရရှိလိုက်၏။
“ခင်ဗျား..ခင်ဗျားလည်း အဲ့ဒါကို ခံစားမိတယ်မလား”
ကောင်းကင်ဝံပုလွေကဘထျဲဝေတောင်ပေါ်သို့ ခြေချမိသောအခါ သူက သူ့ကိုယ်သူဆက်လက်၍မထိန်းချုပ်နိုင်တော့ဘဲ စတင် တုန်ယင်လာ၏။
“အဲ့..အဲ့ဒါက အဝီစိရဲ့ မိစ္ဆာစွမ်းအားပဲ”
“ကျုပ်တို့အခုချိန်မှာ နောက်ဆုတ်မယ်ဆိုရင် ကျုပ်တို့အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ရှိသေးတယ်… ကျုပ်တို့က ရှေ့ကိုနောက်ထပ်ခြေတစ်လှမ်းတိုးမယ်ဆိုရင် ကျုပ်တို့က သေကြေပျက်စီးရတော့မယ်”
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဝံပုလွေ၏ ကျောပေါ်ရှိ ယန်ပေးချန်ကိုတစ်ချက်ကြည့်လိုက်၏။ ခဏမျှ ငြိမ်သက်နေပြီးနောက် သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဆက်သွားကြမယ်”
ထိုသို့ပြောရင်းသူက ရှေ့ကနေဦးဆောင်သွား၏။
ကောင်းကင်ဝံပုလွေက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ကနေ ကွယ်၍ လိုက်လာပြီး သူက ပြောလိုက်၏။
“အဝီစိက ကျယ်ပြောပြီးတော့ အကန့်သတ်မဲ့တယ်… ကျုပ်တို့က အထဲကိုခုန်ဆင်းမယ်ဆိုရင်တောင် ကျုပ်သခင်ဟောင်းရဲ့အလောင်းကိုရှာဖို့က ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာသလို ဖြစ်နေလိမ့်မယ်… အရင်တုန်းက ကျုပ်က လက်နက်စိတ်ဝိညာဉ်တစ်ခုဖြစ်ခဲ့တယ်… ကျုပ်က လှည့်ပတ်မသွားလာနိုင်တဲ့အတွက် အဝီစိအကြောင်း များများစားစား မသိဘူး”
ကောင်းကင်ဝံပုလွေ၏ လေသံမှာ ပူဆွေးဝမ်းနည်းမှု တစ်စွန်းတစ်စပါဝင်လာခဲ့ပြီဖြစ်၏။
အဝီစိအပေါ် သူ၏ တစ်ခုတည်းသော မှတ်ဉာဏ်မှာ အကြောက်တရားဖြစ်၏။
ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် ရပ်တန့်လိုက်ပြီး ကောင်းကင်ဘုံဝံပုလွေက သူ့ကိုပစ်တိုက်မိမတတ် ဖြစ်သွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ အေးစက်နေသော မာရ်နတ်မျက်နှာဖုံးအောက်မှာ သူ၏ အမူအရာက သုန်မှုန်နေပြီး လေးလံသော အသက်ရှုသံနှင့်အတူ ရှေ့မလှမ်းမကမ်းမှာရှိနေသော ဧရာမချောက်နက်တစ်ခုကို ကြည့်နေ၏။
ထျဲဝေတောင်၏ အလယ်ဗဟိုမှာ ဤကဲ့သို့သော အဆုံးမဲ့ချောက်နက်တစ်ခုရှိနေ၏။
အပေါ်ကနေ ချောက်နက်ထဲကိုကြည့်လျှင် သူတို့သည် ပိန်းပိတ်အောင် နက်မှောင်နေသည်ကိုသာ တွေ့မြင်နိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အမြင်အာရုံနှင့်ပင်လျှင် သူသည် အောက်ဘက်မှာရှိသည့်အရာကို မတွေ့မြင်ရပေ။
နက်မှောင်နေသောချောက်နက်က သူ၏ သားကောင်အလာကို စောင့်ဆိုင်းနေသည့် ရှေးဟောင်းဧရာမသတ္တဝါကြီးတစ်ကောင်၏ ပါးစပ်ပေါက်တစ်ခုကဲ့သို့ ဖြစ်နေ၏။
စောစောက ဆင့်ခေါ်ခြင်း ခံစားချက်သည် ဤချောက်နက်ထဲကနေ လာခြင်းဖြစ်၏။
ထျဲဝေတောင်ပေါ်သို့ ခြေချမိသော မည်သည့်သက်ရှိမဆို ထိုဆင့်ခေါ်ခြင်းခံစားချက်ကို ခုခံနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
“အဲ့ဒါ..အဲ့ဒါက အဝီစိရဲ့ဝင်ပေါက်.. ငရဲဂိတ်တံခါးပဲ”
ကောင်းကင်ဘုံဝံပုလွေက တဆတ်ဆတ်တုန်ယင်နေ၏။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“မဟာထျဲဝေတောင်နဲ့ ထျဲဝေတောင်ကို တူညီတဲ့ အစိုင်အခဲနဲ့ ပြုလုပ်ထားတာမလား”
“ဟုတ်တယ်”
ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာ ဘာကြောင့်မေးသည်ကို မသိရှိဘဲ အလိုလို ပြန်ဖြေလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာ ပြောလိုက်၏။
“ပိုရွှင်းအသတ်ခံခဲ့ရတုန်းက ဧကရာဇ်ပညာရှင် နှစ်ဆယ်ကျော်က ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြတယ်… ဒါပေမဲ့ဘယ်သူကမှ ထျဲဝေတောင်ကို မကိုင်လှုပ်နိုင်ခဲ့ဘူး”
“ဒါပေမဲ့… အနန္တမဟာဧကရာဇ်ကတော့ ထျဲဝေတောင်ပေါ်မှာ ဒီလိုမျိုး ဧရာမချောက်နက်တစ်ခုကို ဖောက်လုပ်နိုင်ခဲ့တယ်”
အနန္တမဟာဧကရာဇ်က ဘယ်လောက်တောင် ကြောက်စရာကောင်းခဲ့သလဲ သိသာနေ၏။
ထိုစဉ်မှာပင် ဧရာမသတ္တဝါ၏ ပါးစပ်ပေါက် ပိတ်ဆို့တော့မည့်အလား ချောက်နက်၏ ဝင်ပေါက်ဝကနေ အလွန်ကြီးမားသည့် စုပ်ယူအားတစ်ခုက ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် ချောက်ကမ်းပါးအစပ်မှာ မတ်တတ်ရပ်နေပြီး ထိုစွမ်းအားကို သူတို့က လုံးဝမခုခံနိုင်ပေ။ သူတို့သုံးယောက်စလုံးက ချက်ချင်းပင်ချောက်နက်ထဲသို့ ကျဆင်းသွား၏။
“အူး…ဝူး…”
ကောင်းကင်ဘုံဝံပုလွေက စူးစူးဝါးဝါး အော်ဟစ်လိုက်သော်လည်း သူ၏ အသံက အမှောင်ထု၏ ဝါးမျိုခြင်းခံလိုက်ရ၏။
လူနှစ်ယောက်နှင့်ဝံပုလွေတစ်ကောင်၏ ပုံရိပ်များကလည်း ပျောက်ကွယ်သွားကြ၏။
မလှမ်းမကမ်းမှာ အဆူရာကျောင်းတော်မှ ကိုယ်တော်တစ်ပါးက ကြောက်ရွံ့မှုဖြင့်တုန်ယင်နေပြီး လှည့်ထွက်ပြေးသွား၏။
“ဒီလူက တကယ့်ကို ကောင်းမှန်းဆိုးမှန်း နားမလည်ဘူးပဲ… သူက ထျဲဝေတောင်ပေါ်ကိုတောင် တက်လှမ်းရဲတယ်ဆိုတော့”
အဆူရာကျောင်းတော်မှ ကိုယ်တော်က တတွတ်တွတ်ရေရွတ်ပြီး နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ကျောင်းတော်ရှိရာသို့ ပျံသန်းသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်သွားသည့်ခဏမှာပင် သူကချက်ချင်းပင် တုံ့ပြန်ပြီး သူ၏ လက်ကိုဆန့်ထုတ်ကာ ကောင်းကင်ဝံပုလွေနှင့် ယန်ပေးချန်ကို ထိန်းပေးလိုက်၏။
လူနှစ်ယောက်နှင့်ဝံပုလွေက အတူတကွ စုစည်းမိနေပြီး လူစုကွဲသွားခြင်း မရှိပေ။
သူတို့ကျဆင်းသော အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး သိုင်းတာအိုပင်မခန္ဓာသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကံကြမ္မာစက်ကွင်း ၉ခုကို ထုတ်ဖော်လိုက်၏။ ခရမ်းရောင်ရောင်လျှံစက်ဝန်းများက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး ရှေးဟောင်း မှော်စာလုံးများဖြင့် တောက်ပနေ၏။
သို့သော်လည်း တစ်ခဏချင်းမှာပင် ကံကြမ္မာစက်ကွင်း ၉ခုက ခပ်ဖျော့ဖျော့ အနက်ရောင်မြူခိုးများဖြင့် ဖုံးအုပ်ခံလိုက်ရ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ကံကြမ္မာစက်ကွင်း ၉ ခုက ပျက်ပြယ်သွားလေသည်။
“အဲ့တာက အဝီစိမိစ္ဆာချီပဲ”
ကောင်းကင်ဘုံဝံပုလွေက အဲ့ဒါကို သတိထားမိသောအခါ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ကျုပ်တို့က အဝီစိကို အခုချိန်ထိ အမှန်တကယ် မဝင်ရောက်ရသေးဘူး… ဒီနေရာမှာရှိတဲ့ အဝီစိမိစ္ဆာချီက အရမ်းကိုပါးလွှာသေးတယ်”
ထိုသို့ဆိုလျှင်တောင် ကံကြမ္မာစက်ကွင်း ၉ခုသည် အဲ့ဒါကို ဆက်လက်၍ မခုခံနိုင်တော့ပေ။
လူနှစ်ယောက်နှင့် ဝံပုလွေက ဆက်လက်၍ကျဆင်းနေပြီး သူတို့၏ နားထဲမှာ လေခွင်းသံ တဝီဝီက မြည်နေ၏။
ဤချောက်နက်ထဲမှာ မြင်နိုင်စွမ်းအားက အရမ်းကိုနိမ့်ကျနေ၏။ သိုင်းတာအိုပင်မခန္ဓာ၏ အမြင်အာရုံနှင့်ပင်လျှင် သူသည် ဝေးဝေးသို့မမြင်နိုင်ဘဲ သူ၏ ဘေးပတ်လည် ဆယ်ပေဝန်းကျင်ကိုသာ တွေ့မြင်နိုင်၏။
သူ၏ စိတ်ဝိညာဉ် ထောက်လှမ်းနိုင်သော အတိုင်းအတာကလည်း မတိမ်းမယိမ်းမှာရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း သူတို့ကျဆင်းလာသော အကွာအဝေးကို တွက်ချက်နေ၏။
ပေတစ်ထောင်…
ပေတစ်သောင်း…
ပေတစ်သန်း…
ပေဆယ်သန်း...
လူနှစ်ယောက်နှင့် ဝံပုလွေသည် ရပ်နားခြင်းမရှိဘဲ ကျဆင်းနေ၏။
နက်မှောင်သောချောက်နက်က အဆုံးမဲ့ပုံရပြီး အောက်ဘက်မှာ သူတို့ကို ဘယ်အရာက စောင့်ဆိုင်းနေသည်ကို သိုင်းတာအိုပင်မခန္ဓာက မသိရပေ။