← Chapters

တုန်လှုပ်စရာကောင်းသော သက္ကတစကားသံ

Vol. 154 Ch. 2300

တုန်လှုပ်စရာကောင်းသော သက္ကတစကားသံ

Vol. 154 Ch. 2300

သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ ဆက်၍ တက်လှမ်းလာ၏။

လမ်းတစ်လျှောက်မှာ နောက်ထပ် ငရဲခွေးတချို့က ပေါ်ထွက်လာသော်လည်း သူတို့အားလုံးကို သူက သတ်ဖြတ်ပစ်လိုက်၏။

မှောင်မည်း၍ မကောင်းဆိုးဝါးဆန်သော ဤနေရာအတွင်းမှာ မွန်းကျပ်ဖွယ်ရာကောင်းသော လေထုတစ်ခုသာ တစ်ချိန်လုံး ရှိနေ၏။

အတန်ကြာသွားပြီးနောက် ကောင်းကင်ဘုံဝံပုလွေက ပို၍ ထိတ်ထိတ်ပျာပျာဖြစ်လာခဲ့၏။

“ကျုပ်တို့က ဦးတည်ချက် မရှိဘဲ လိုက်ပြီး ရှာနေမယ်ဆိုရင် အဲဒီမှာ ဘာခြိမ်းခြောက်မှုမှ မရှိရင်တောင် ကျုပ်တို့က နှစ်ပေါင်းသန်းချီ ရှာတာတောင်မှ ကျုပ်သခင်ဟောင်းရဲ့ အလောင်းကို ရှာတွေ့နိုင်ချင်မှ ရှာတွေ့နိုင်လိမ့်မယ်”

ကောင်းကင်ဘုံဝံပုလွေက မနေနိုင်တော့ဘဲ ပြောလိုက်၏။

“ငါတို့ ဦးတည်နေတဲ့ လမ်းကြောင်းက လမ်းကြောင်းမှန် ဖြစ်လောက်မှာပါ”

သိုင်းတာအိုပင်မခန္ဓာက ရပ်တန့်ခြင်း မရှိဘဲ မှင်သေသေဖြင့် ပြောလိုက်၏။

“ကျုပ်တို့ သွားနေတာက မှန်ကန်တဲ့ ဦးတည်ဘက်လို့ ခင်ဗျား ဘယ်လိုသိမလဲ”

ကောင်းကင်ဘုံဝံပုလွေက မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ရှင်းပြမည်ဆဲဆဲမှာပင် သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးလာခဲ့၏။

သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ဘေးပတ်လည်မှာ ရှိသော အနက်ရောင် မြူခိုးများထဲမှ အနီရောင် မီးအိမ်များ ပေါ်ထွက်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တွေ့မြင်လိုက်ရ၏။

အေးစက်နေသော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အနက်ရောင် မြူခိုးများက သိသိသာသာ ဖျော့တော့ကာ ငရဲခွေးများစွာ၏ ပုံရိပ်များက ပေါ်ထွက်လာ၏။

မသိလိုက် မသိဘာသာနှင့်ပင် သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် ငရဲခွေးများ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံလိုက်ရပြီး ကြည့်လေရာ နေရာတိုင်းမှာ သူတို့ကိုသာ တွေ့မြင်နေရ၏။

ငရဲခွေးများစွာက သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေကို သွေးဆာနေသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး နက်ရှိုင်းစွာ မာန်ဖီဟိန်းဟောက်လိုက်၏။

“ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ”

ကောင်းကင်ဘုံဝံပုလွေက အံကိုကြိတ်ကာ မေးလိုက်၏။

“ဖောက်ထွက်မယ်.. ငါ့နောက်က လိုက်ခဲ့”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ ဖျတ်ခနဲဆို သူက စတင်လှုပ်ရှားလိုက်ပြီး ရှေ့မှာ ရှိသော ငရဲခွေးများထံသို့ ပြေးဝင်သွားလေသည်။

“ဂါး…”

ငရဲခွေးများစွာကလည်း ဟိန်းဟောက်လိုက်ပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်ကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ကနေ ဆူနာမီအသံတစ်ခု ထွက်ပေါ်လာ၏။ သူက သူ၏ လက်သီးနှစ်ဖက်ကို လွှဲယမ်းပြီး အဘက်ဘက်ကို တိုက်ခိုက်လိုက်၏။

ဘုန်း.. ဘုန်း.. ဘုန်း..

သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ချင်းစီသည် အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုကို ထုတ်ဖော်ပေးနေ၏။ အဲဒါက ငရဲခွေးများနှင့် ထိခတ်မိသောအခါ သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ခြင်း သို့မဟုတ် ကျိုးပဲ့ကြေမွခြင်း ဖြစ်ကုန်ကြ၏။

မည်သည့်ငရဲခွေးကမှ သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်ကို မခုခံနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် လူပုံသဏ္ဌာန် နတ်ဘုရားလက်နက်နှင့် ဓမ္မရတနာတစ်ခုကဲ့သို့ ဖြစ်လေသည်။ သူက ရပ်တန့်မရသော ပုံစံဖြင့် ရှေ့သို့ ပြေးဝင်သွားပြီး သွေးလမ်းတစ်ခုကို ဖောက်လုပ်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေက နောက်ကျကျန်နေခဲ့ရဲခြင်း မရှိဘဲ ထပ်ကြပ်မကွာ လိုက်ပါလာ၏။

ဘေးပတ်ဝန်းကျင်မှာ ရှိသော ငရဲခွေးများက အကြောက်အလန့်ကင်းမဲ့စွာဖြင့် သူတို့၏ နောက်ကနေ ပြေးလိုက်လာနေဆဲဖြစ်၏။

ကောင်းကင်ဘုံဝံပုလွေသည် အနည်းငယ် နှေးကွေးသွားသည်နှင့် သူသည် မရေမတွက်နိုင်သော ငရဲခွေးများကြား နစ်မြုပ်သွားပြီး တစ်ခဏချင်းမှာပင် အပိုင်းပိုင်း ဆုတ်ဖြဲခံရပေလိမ့်မည်။

ဘန်း…

သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် ပစ်ထိုးလိုက်ပြီး ငရဲခွေးတစ်ကောင်ကို လွင့်စင်ထွက်သွားစေ၏။ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ယင်သွား၏။

သူသည် ထိုထိုးချက်နှင့်အတူ မနှိုင်းယှဉ်သာအောင် မာကျောသော ထဲဝေတောင်ကို ထိခတ်မိသွားသည့်အလား ခံစားရ၏။

“ဟမ်”

သူ၏ ခြေလှမ်းကို​ ရပ်တန့်ခြင်း မရှိဘဲ သိုင်းတာအိုပင်မခန္ဓာက ဘေးသို့ တစ်ချက်ကြည့်လိုက်၏။

စောစောက သူ၏ ထိုးချက်ဖြင့်​ စင်ထွက်သွားသော ငရဲခွေးက ဝေးဝေးသို့ ကျဆင်းမသွားပေ။ ၎င်း၏ ခေါင်းကို ခါပြီး နောက်တစ်ဖန် ပြန်ထလာ၏။

သူ၏ ထိုးချက်ကို လက်ခံရရှိပြီးနောက် ထိုသတ္တဝါက ထိခိုက်ခံရမှု မရှိသလောက်နီးပါးပင်။

ကောင်းကင်ဘုံဝံပုလွေ စိုးရိမ်ပူပန်ခဲ့သည့်အရာက ဖြစ်လာခဲ့လေပြီ။

အချိန်ကြာလာသည့်နှင့်အမျှ နိုးထလာသော ဆိုးယုတ်တစ္ဆေများ၏ အရေအတွက်က တိုးလာဖို့သာ ရှိလေသည်။

နောက်ပိုင်းမှာ ပေါ်ထွက်လာသော ဆိုးယုတ်တစ္ဆေများသည် သေချာပေါက် ပိုမိုသန်မာလာပေလိမ့်မည်။

ယခုအချိန်မှာ သူ၏ ခွန်အားအပြည့် ထိုးချက်ကို ခံနိုင်ရည်ရှိသည့် ငရဲခွေးများ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

ဆက်လက်၍ ကြန့်ကြာလာမည်ဆိုလျှင် သူ့ကို သတ်နိုင်မည့် ဆိုးယုတ်တစ္ဆေများက သေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ သံသယတစ်ခု ရှိနေ၏။

ယခုအချိန်မှာ ပေါ်ထွက်လာသော ဆိုးယုတ်တစ္ဆေများ အားလုံးသည် ဘာကြောင့် ဤငရဲခွေးများ၏ ပုံစံ ဖြစ်နေတာလဲ။

အဲဒါသည် အဝီစိ၏ နိယာမနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေပေလိမ့်မည်။ သို့သော်လည်း သူက ဆက်စပ်မှု အတိအကျကို စဉ်းစားမရနိုင်ပေ။

ထိုအခိုက်အတန့်မှာ သူ့အနေဖြင့် စိတ်အာရုံပျက်ယွင်းဖို့လည်း မတတ်နိုင်ပေ။

ဘန်း…

ထိုစဉ်မှာပင် နောက်ထပ် ငရဲခွေးတစ်ကောင်က ရှေ့သို့ ခုန်အုပ်လာပြီး သိုင်းတာအိုပင်မခန္ဓာက လက်ပြန်ပစ်ထိုးလိုက်၏။

မထင်မှတ်ထားစွာပင် ထိုငရဲခွေး၏ တုံ့ပြန်မှုကလည်း အရမ်းကို မြန်ဆန်လေသည်။ ၎င်းက လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကို ပိတ်ဆို့တားဆီးလိုက်၏။

တစ်ချိန်တည်းမှာပင် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး သိုင်းတာအိုပင်မခန္ဓာ၏ လည်ပင်းကို ကိုက်ချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ အသက်ရှူသွင်း၍ တစ်ချက်အော်ဟစ်ကာ ထိုငရဲခွေးကို တုန်ခါသွားစေ၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ငရဲခွေး၏ ဦးခေါင်းကို နောက်တစ်ဖန် ပစ်ထိုးပြီး ၎င်းကို နောက်ပြန်လှန်ကျသွားစေ၏။

ငရဲခွေးသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကို လက်ခံရရှိပြီးနောက် ဆတ်ခနဲ တုန်ယင်သွားရုံသာဖြစ်ပြီး လုံးဝ သက်ရောက်မခံရပေ။ မြေပြင်ပေါ်သို့ ရောက်ရှိလာပြီးနောက် ၎င်းက နောက်တစ်ဖန် ရှေ့သို့ ပြေးဝင်လာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ တက်လှမ်းနေသော အလျင်အဟုန်ကလည်း ရပ်တန့်သွားလေသည်။ ကောင်းကင်ဘုံဝံပုလွေက နောက်ကနေ လိုက်ပါလာ၏။ သူတို့သုံးယောက် ရပ်တန့်သွားသည့် ခဏမှာ မရေမတွက်နိုင်သော ငရဲခွေးများက ဆိုးဆိုးဝါးဝါး အနံ့အသက်များနှင့်အတူ ချက်ချင်းပင် ခုန်ဝင်လာကြပြီဖြစ်၏။

“သွားပါပြီ”

ကောင်းကင်ဘုံဝံပုလွေက စိတ်ထဲကနေ ညည်းတွားလိုက်၏။

သူသည် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့ဖြင့် အဝီစိကနေ လွတ်မြောက်လာနိုင်ခဲ့၏။ သို့သော် ယနေ့မှာ သူသည် ဤနေရာမှာပင် သေဆုံးရပေဦးမည်။

ထိုသို့အတွေး​ဖြင့် ကောင်းကင်ဘုံဝံပုလွေသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချကာ သူ့ကို နောက်ပြောင်ကျီစယ်နေသည့် ကံကြမ္မာကိုသာ အပြစ်တင်နေ၏။

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာက သက္ကတစကားသံဖြင့် လျှို့ဝှက်ဆန်းကြယ်သော ဗုဒ္ဓသုတ္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

သက္ကတစကားသံများက နေရာတစ်ခွင့် ပဲ့တင်ထပ်သွား၏။

ရွှေရောင်သက္ကတစာလုံးများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၊ ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်တို့ကို လွှမ်းခြုံကာ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ငရဲခွေးများက ရှေ့သို့ ပြေးဝင်လာသည့် ခဏမှာပင် ရွှေရောင်သက္ကတစာလုံးများကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့၏ ခြေလှမ်းများကို အလောတကြီး ရပ်တန့်လိုက်ကြ၏။

နောက်မှာရှိသော ငရဲခွေးများက သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ဘဲ ရှေ့မှာ ရှိသော ငရဲခွေးများကို ပစ်တိုက်ကာ ဖရိုဖရဲဖြစ်သွားကြ၏။

သိုင်းတာအိုပင်မခန္ဓာနှင့် စောစောက အရေးနိမ့်ခြင်း မရှိဘဲ တိုက်ခိုက်နိုင်ခဲ့သည့် ငရဲခွေးသည်ပင် ရွှေရောင်သက္ကတစာလုံးများကို တွေ့မြင်သောအခါ သူ၏ နီရဲနေသော မျက်လုံးများထဲမှာ နက်ရှိုင်းသော အကြောက်တရားတစ်ခု ပေါ်ထွက်လာ၏။

ကောင်းကင်ဘုံဝံပုလွေသည် သူ၏ မျက်လုံးကို ဖွင့်ပြီး တုန်လှုပ်စရာကောင်းသော ဤကဲ့သို့ မြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ သူက ကြက်သေသေနေ၏။

မရေမတွက်နိုင်သော ငရဲခွေးများက သူတို့နှစ်ယောက်ကို ဝန်းရံပိတ်ဆို့ထားသော်လည်း မည်သည့်အကောင်ကမှ ရှေ့သို့ ခြေတစ်လှမ်းတိုးရဲခြင်း မရှိပေ။

တကယ်ဆို သူတို့သည် အလွန်တရာ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေ့မြင်သွားသည့်အလား ငရဲခွေးများသည် စတင်၍ပင် ထွက်ပြေးလာကြပြီဖြစ်၏။

ငရဲခွေးတချို့က မြေပြင်ပေါ်မှာ ဝပ်တွား၍ သူတို့၏ နီရဲနေသော မျက်လုံးများထဲရှိ အကြောက်တရားနှင့်အတူ တုန်ယင်နေ၏။

“ဘာတွေဖြစ်နေတာလဲ”

ကောင်းကင်ဘုံဝံပုလွေက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး အလိုလိုမေးလိုက်၏။

ခဏမျှ ရပ်တန့်ပြီး သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရကာ လွှတ်ခနဲ ပြောလိုက်၏။

“ကျုပ် သိပြီ.. အဲဒါက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ပဲ”

“ဒါပေါ့”

သိုင်းတာအိုပင်မခန္ဓာက အဲဒါကို ဖုံးကွယ်ထားခြင်း မရှိပေ။

သူသည် မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ကို ရှာဖွေရန် အဝီစိသို့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့သည်မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကြောင့်လည်းဖြစ်၏။

အဝီစိကို အနန္တမဟာဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဖန်တီးခဲ့၏။

အနန္တမဟာဧကရာဇ်၏ လက်နက်က ငရဲဖိနှိမ်မီးဖို ဖြစ်၏။

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ငရဲဖိနှိမ်မီးဖိုထဲမှာ ခတ်နှိပ်ထားလေသည်။

အဝီစိမှာ ရှိသော ဆိုးယုတ်တစ္ဆေအများစုသည် အနန္တမဟာဧကရာဇ်၏ လက်ထဲမှာ သေဆုံးခဲ့ရပြီး သူတို့သည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို သေချာပေါက် ကောင်းကောင်းသိနေပေလိမ့်မည်။

အနန္တမဟာဧကရာဇ်အပေါ် အကြောက်တရားက သူတို့၏ ဝိညာဉ်များထဲထိ စိမ့်ဝင်နေခဲ့ပြီဖြစ်၏။

သူတို့သည် ဆိုးယုတ်တစ္ဆေများအဖြစ် ပြောင်းလဲ၍ အသားကို စုဖွဲ့ကာ ငရဲခွေးများဖြစ်လာခဲ့ပြီးလျှင်တောင် သူတို့သည် အနန္တမဟာဧကရာဇ်၏ သုတ္တန်ကို ကြားရသောအခါ အကြောက်တရားကို ခံစားလာရပေဦးမည်။

တကယ်ပင်..

သိုင်းတာအိုပင်မခန္ဓာသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ သက္ကတ စကားသံကို ရွတ်ဆိုလိုက်ပြီးနောက် ငရဲခွေးများစွာက နောက်သို့ ဆုတ်ခွာ၍ ရှေ့သို့ တက်လှမ်းရဲခြင်း မရှိတော့ပေ။

“မြန်မြန်သွားကြမယ်”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ လောဆော်၍ ရှေ့သို့ တက်လှမ်းသွား၏။

ရှေ့မှာ ရှိသော ငရဲခွေးများစွာက လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးပြီး သူတို့ကို​ တားဆီးရဲခြင်း မရှိပေ။

အဲဒီမှာ တွေဝေတုံ့ဆိုင်းနေသော စွမ်းအားကြီးမားသည့် အော်ရာများနှင့် ငရဲခွေးတချို့ ရှိသော်လည်း သူတို့က အလျင်စလို တက်လှမ်းရဲခြင်း မရှိပေ။

All Chapters