ဝင်္ကပါ
Vol. 154 Ch. 2301
သိုင်းတာအိုပင်မခန္ဓာကို ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ ရွှေရောင်သက္ကတစာလုံးများက ဝန်းရံထား၏။ သူက ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်ကို ခေါ်ဆောင်ပြီး ငရဲခွေးများ၏ ဝန်းရံပိတ်ဆို့မှုကနေ လျင်မြန်စွာဖောက်ထွက်လာခဲ့၏။
ငရဲခွေးအများစုက ဆက်လိုက်မလာရဲပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ ခပ်လှမ်းလှမ်းကနေ လိုက်ပါလာသည့် ငရဲခွေးဆယ်ကောင်ကျော်ရှိနေဆဲဖြစ်၏။ သူတို့က ဂနာမငြိမ်ဖြစ်နေပြီး သူတို့၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက သိပ်သည်းစုဖွဲ့နေ၏။
“အနန္တမဟာဧကရာဇ်ရဲ့ ဒီရှေးဟောင်းသုတ္တန်ကာကွယ်မှုနဲ့ဆို ကျုပ်တို့တွေက ဒီလောက်ထိမြန်မြန်ဆန်ဆန် ပြေးလွှားနေစရာမလိုဘူးမလား”
ကောင်းကင်ဘုံဝံပုလွေက အနည်းငယ်မောဟိုက်နေ၏။
“အဝီစိမှာရှိတဲ့ တစ္ဆေတွေနဲ့သက်ရှိတွေက အတိတ်ကာလတုန်းက အနန္တမဟာဧကရာဇ်ကိုကြောက်တာ... ဒီရှေးဟောင်းသုတ္တန်ကို မဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက အလွန်တရာတည်ငြိမ်နေပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“သူတို့တွေက အခုချိန်မှာနောက်ဆုတ်သွားတယ်ဆိုတာ ဒီရှေးဟောင်းသုတ္တန်မှာ အနန္တမဟာဧကရာဇ်ရဲ့ ဓမ္မတာအိုပါဝင်နေလို့ပဲ”
“ငါက... အနန္တမဟာဧကရာဇ်မဟုတ်ဘူးဆိုတာ သူတို့နားလည်သဘောပေါက်သွားတာနဲ့ အဲ့ဒီသတ္တဝါတွေက ငါတို့နောက်ကိုဆက်လိုက်လာလိမ့်မယ်”
ကောင်းကင်ဘုံဝံပုလွေက သူတို့၏ နောက်ဘက်မှ ငရဲခွေးများကို လှည့်ကြည့်ကာ တိတ်တဆိတ်အံအားသင့်မှင်တက်သွား၏။
သိုင်းတာအိုပင်မခန္ဓာပြောသည်က မမှားသည်ကို သူကလည်း နားလည်သဘောပေါက်သွား၏။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် ငရဲသက်ရှိများကို ယာယီအားဖြင့်သာ ခြိမ်းခြောက်နိုင်ပြီး သူတို့ကို မချိုးနှိမ်နိုင်ပေ။
ထိုမျှသာမက ငရဲသက်ရှိများသည် သိုင်းတာအိုပင်မခန္ဓာက လုံးဝခြိမ်းခြောက်မှုမရှိဘူးဆိုတာ နားလည်သဘောပေါက်သွားသည့်အခါ သူတို့၏ ရင်ထဲရှိအမုန်းတရားများက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာပေလိမ့်မည်။
အရင်တုန်းက ဤငရဲသက်ရှိများသည် အထက်ဘုံလောက၏ ကျော်ကြားသောထိပ်သီးပညာရှင်များဖြစ်ခဲ့ကြဖူးပြီး သူတို့ကြားမှာ ဘုရင်များနှင့် ဧကရာဇ်များစွာပင် ပါရှိလေသည်။
သို့သော်လည်း သူတို့သည် အဝီစီမှာ အနန္တမဟာဧကရာဇ်၏ ဖိနှိမ်ခြင်းခံရပြီး ပြန်ဝင်စားဖို့အခွင့်အရေးမရဘဲ အဆုံးမဲ့နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရ၏။
မှောင်မည်း၍ မကောင်းဆိုးဝါးဆန်သော ဤငရဲမှာ ဤပညာရှင်များ၏ ဆိုးယုတ်တစ္ဆေများသည် သူတို့၏ ယခင်ဂုဏ်ကျက်သရေကို ဆက်လက်၍မပိုင်ဆိုင်တော့ပေ။ တကယ်ဆို.... သူတို့သည် ရုပ်ဆိုး၍ ကြောက်စရာကောင်းသော ငရဲခွေးများအဖြစ်ပင် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူတို့၏ မုန်းတီးမှုများက အလွန်ကြီးမားလာခဲ့ပြီဖြစ်၏။
သူတို့၏ မုန်းတီးမှုများကို သိုင်းတာအိုပင်မခန္ဓာအပေါ် ပုံချလာဖို့ အခွင့်များလေသည်။
ကောင်းကင်ဘုံဝံပုလွေက ထပ်မေးလိုက်၏။
“ကျုပ်တို့က ဒီလိုပဲထွက်ပြေးနေမယ်ဆိုရင် ကိစ္စတွေက ဘယ်အချိန်မှာအဆုံးသတ်မှာလဲ... နောက်ပြီး ဒီလမ်းကြောင်းက ကျုပ်သခင်ဟောင်းရဲ့အလောင်းကို ရှာနိုင်တယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒီနေရာကိုဝင်လာပြီးတဲ့နောက် ငါက မိစ္ဆာဥပါဒါန်သုတ္တန်ကိုလှည့်ပတ်ပြီး မာရ်နတ်မျက်နှာဖုံးကို အသက်သွင်းခဲ့တယ်... ဒီလမ်းကြောင်းမှာ ငါက ဇာစ်မြစ်တူညီတဲ့အော်ရာတစ်ခုကို အာရုံခံမိလိုက်တယ်”
ဧကရာဇ်ပိုရွှင်းသေဆုံးခဲ့သောအချိန်က သိပ်ပြီးမကြာမြင့်သေးပေ။
တစ်နည်းအားဖြင့်ဆိုလျှင် သူကသေဆုံးသွားခဲ့ပြီဖြစ်လျှင်တောင် သူ၏ အလောင်းမှာ ဓမ္မတာအိုအော်ရာတချို့ ကျန်နေနိုင်သေး၏။
ဒါ့အပြင် မာရ်နတ်မျက်နှာဖုံးကို အစကတည်းက ဧကရာဇ်ပိုရွှင်း၏ ကိုယ်ပွားတစ်ယောက်ကဖန်တီးခဲ့ပြီး သူတို့မှာချိတ်ဆက်မှုတစ်ခုရှိနေလေသည်။
“ဟုတ်တာပေါ့... အဲ့ဒါကအကြံကောင်းပဲ”
ကောင်းကင်ဘုံဝံပုလွေက သဘောတရားကို နားလည်သဘောပေါက်သွားပြီး စိတ်အားမာန်ဆက်ကြွလာ၏။
အနည်းဆုံးတော့ သူတို့မှာ မျှော်လင့်ချက်ပါးပါးကလေး ရှိလာခဲ့ပြီဖြစ်၏။
သူတို့သည် ဧကရာဇ်ပိုရွှင်း၏ အလောင်းကို တတ်နိုင်သမျှမြန်မြန်ရှာနိုင်ပြီး မိစ္ဆာဥပါဒါန် ဗုဒ္ဓကြမ္မာသုတ္တန်ကို ရရှိမည်ဆိုလျှင် သူတို့သည် ထွက်ပေါက်တစ်ခုကို စတင်၍ရှာဖွေနိုင်မည်ဖြစ်၏။
သူတို့က အဝီစိမှာဆက်လက်၍ ကြန့်ကြာလေလေ သူတို့ထွက်ပြေးလွတ်မြောက်နိုင်မည့်အခွင့်အရေးက ပို၍နည်းပါးလာပေလိမ့်မည်။
သူတို့နောက်ဘက်မှာရှိသော ငရဲခွေးများက အဆက်မပြတ်လိုက်ပါလာဆဲဖြစ်၏။
ရုတ်တရက်ဆိုသလို...။
ဘေးတစ်ဘက်ကနေ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ခေါင်းသုံးလုံးငရဲခွေးတစ်ကောင်က ပြေးဝင်လာပြီး သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ဟိန်းဟောက်လိုက်၏။
ခေါင်းသုံးလုံးငရဲခွေးက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှ ရွှေရောင်သက္ကတစာလုံးများနှင့် ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်ကင်းမဲ့နေပြီး သတ်လိုဖြတ်လိုသော အကြည့်တစ်ခုနှင့်အတူ ပြေးဝင်လာခဲ့၏။
သူ၏ ရှေ့မှာရှိသော ငရဲခွေးတချို့သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ ပစ်တိုက်ချခံလိုက်ရ၏။ ငရဲခွေးတစ်ကောင်က သူ၏ ကိုက်ခဲခြင်းပင် ခံလိုက်ရပြီး သွေးများက အဘက်ဘက်ကိုပြန့်ကျဲသွား၏။
ခေါင်းသုံးလုံးငရဲခွေးက လှည့်ပင်မကြည့်ပေ။ သူ၏ နီရဲနေသော မျက်လုံးခြောက်လုံးက သတ်လိုဖြတ်လိုသောအော်ရာတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာပေါ်မှာ မမှိတ်မသုန် ကျရောက်နေ၏။
ခေါင်းသုံးလုံးငရဲခွေး၏ စွမ်းအင်အတက်အကျကို အာရုံခံမိသွားပြီး သူက ထိုသတ္တဝါထံမှ လှုပ်ရှားကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်မရှိလောက်မည်ကို သိုင်းတာအိုပင်မခန္ဓာက ခန့်မှန်းမိလိုက်၏။
ရှေ့မှာရှိသော အနက်ရောင်မြူခိုးများက သိပ်သည်းစုဖွဲ့လာပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ ရွှေရောင်သက္ကတအလင်း၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် ရှေ့တည့်တည့်မှာ မြင့်မား၍မတ်စောက်သော အနက်ရောင်ကျောက်နံရံတစ်ခုရှိနေပုံရသည်ကို ခပ်ရေးရေးတွေ့မြင်လိုက်၏။ အဲ့ဒါက ထူးဆန်းသောကျောက်သားများနှင့် သွေးတို့နှင့်အတူ ပြည့်နှက်နေ၏။
အနက်ရောင်ကျောက်နံရံပေါ်ရှိကျောက်သားများသည် ထျဲဝေတောင်ပေါ်ရှိ ကျောက်သားများနှင့် အတိအကျ တူညီနေ၏။ သူတို့က အဝီစိ၏ အောက်သို့ပင် ရောက်ရှိနေပုံရလေသည်။
သိုင်းတာအိုပင်မခန္ဓာက အနက်ရောင်ကျောက်နံရံရှေ့သို့ ရောက်ရှိလာပြီး ၎င်း၏ အနားစပ်တစ်လျှောက် ပြေးလွှားသွား၏။
ခေါင်းသုံးလုံးငရဲခွေးကလည်း ပို၍နီးကပ်လာနေ၏။
ထိုစဥ်မှာပင် ရှေ့တည့်တည့်ရှိ အနက်ရောင်ကျောက်နံရံပေါ်မှာ ဧရာမလိုဏ်ဂူပေါက်တစ်ခုပေါ်ထွက်လာပြီး အနက်ရောင်မြူခိုးများကို စုပ်ယူသွင်းနေ၏။
အဲ့ဒီမှာ တခြားမည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှတွေဝေတုံ့ဆိုင်ပြီးနောက် ကောင်းကင်ဘုံဝံပုလွေနှင့်အတူ ထိုအထဲသို့ ဝင်ရောက်လိုက်၏။
လိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက အရှိန်ကိုလျှော့ချပြီးလှည့်ကြည့်လိုက်၏။
အနက်ရောင်မြူခိုးများကနေတစ်ဆင့် နက်မှောင်နေသောလိုဏ်ဂူရှေ့မှာ မတ်တတ်ရပ်နေသည့် ခေါင််းသုံးလုံးငရဲခွေးကို ခပ်ရေးရေးတွေ့မြင်လိုက်ရ၏။
သို့သော်လည်း ထိုသတ္တဝါက တစ်စုံတစ်ရာကို ထိတ်လန့်နေပုံရပြီး လိုဏ်ဂူထဲသို့ လိုက်ပါမလာခဲ့ပေ။
အန္တရာယ်ကနေ ယာယီအားဖြင့် လွတ်မြောက်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေက သက်ပြင်းချလိုက်ကြ၏။
လိုဏ်ဂူက ရှည်လျားသောဥမင်တစ်ခုဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေက အနက်ပိုင်းထဲသို့ဝင်ရောက်လာရင်း ဘေးပတ်ဝန်းကျင်မှာရှိသော အနက်ရောင်မြူခိုးများက တဖြည်းဖြည်းဖျော့တော့လာခဲ့၏။
သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် ရွှံ့မြေပေါ်သို့ ခြေချမိသည့်အလား သူ၏ ခြေဖဝါးအောက်မှာ ပျော့ပျောင်းသောခံစားချက်တစ်ခုကို ရရှိလိုက်၏။
သူကအောက်ကိုငုံ့ကြည့်လိုက်သောအခါ ဥမင်၏ အဆုံးသတ်ဆီသို့ဦးတည်နေသော မီးခိုးဖြူရောင်ဖုန်မှုန့်ထူထူတစ်လွှာက မြေပြင်ကို ဖုံးအုပ်ထားသည်ကို တွေ့မြင်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်ပြီး မီးခိုးဖြူရောင်ဖုန်မှုန့်လက်တစ်ဆုပ်ကို ဆွဲယူကာ အဲ့ဒါကိုညင်သာစွာ ဖိချေကြည့်လိုက်၏။
“ဒါက... ပြာတွေပဲ”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မရေမတွက်နိုင်သောသက်ရှိများက ထိုဥမင်ထဲမှာသေဆုံးခဲ့ကြပြီး ယခုအခါ ပြာများမှလွဲ၍ မည်သည့်အလောင်းမှ မကျန်ရှိတော့ပေ။ ထိုသတ္တဝါများ၏ သရုပ်သကန်များကိုပင် မခွဲခြားနိုင်တော့ပေ။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲရှိ ပြာများကြားမှာ အလွန်သေးငယ်သော တစ်စုံတစ်ရာက လှုပ်ရှားသွား၏။
ထို့နောက်ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ၏ လက်ထဲရှိပြာများကို ချက်ချင်းခါထုတ်လိုက်၏။
ပြာမှုန့်များကြားကနေ ဆန်စေ့တစ်စေ့အရွယ် ပုရွက်ဆိတ်တစ်ကောင်က ထွက်ပေါ်လာပြီးနောက် ပြာမှုန့်များကြားသို့လျင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွား၏။
စောစောက ထိုပုရွက်ဆိတ်သည် သိုင်းတာအိုပင်မခန္ဓာကို ကိုက်ခဲ့လေသည်။ ကြောက်စရာကောင်းသောအရာမှာ သိုင်းတာအိုပင်မခန္ဓာသည် နာကျင်မှုအနည်းငယ်ကိုပင် ခံစားခဲ့ရ၏။
သူ၏ လက်ရှိခန္ဓာကိုယ်သည် သန်မာ၍ သိပ်သည်းကျစ်လစ်ပြီး ဖျက်ဆီး၍မရနိုင်ပေ။
မူလကောင်းကင်အဆင့်ဓမ္မရတနာများ သို့မဟုတ် ပကတိအင်မော်တယ်များ၏ အသိစိတ်ရှိ ဓမ္မရတနာတချို့ပင်လျှင် သူ့ကိုနာကျင်အောင် လုပ်နိုင်ချင်မှ လုပ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုသေးငယ်သောပုရွက်ဆိတ်က သူ့ကိုတကယ်ပဲ နာကျင်စေခဲ့၏။
“ပုရွက်ဆိတ်ပဲ”
ကောင်းကင်ဘုံဝံပုလွေကလည်း အဲ့ဒါကို သတိထားမိသွားပြီး အံ့အားတသင့်ရေရွတ်ကာ သူ၏ လေသံက ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ပြောင်းလဲသွား၏။
“အရင်တုန်းက ကျုပ်သခင်ဟောင်းက ပုရွက်ဆိတ်တစ်အုပ်စုကြားမှာနစ်မြုပ်သွားပြီး သေတဲ့အထိ ကိုက်ခဲခံခဲ့ရတယ်”
အရင်တုန်းက ထိုမြင်ကွင်းကို ပြန်လည်စဥ်းစားရင်း ကောင်းကင်ဘုံဝံပုလွေက နက်ရှိုင်းသောအကြောက်တရားကို ထုတ်ဖော်ပြသလိုက်၏။
“ကြည့်ရတာ ငါတို့လျှောက်လာတဲ့လမ်းကြောင်းက မှန်နေတဲ့ပုံပဲ”
သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကောင်းကင်ဘုံဝံပုလွေနှင့်အတူ ရှေ့သို့တက်လှမ်းလိုက်၏။
သူသည် ပုရွက်ဆိတ်ကို တွေ့မြင်ရခြင်းမှာ သူသည် ဧကရာဇ်ပိုရွှင်း၏ အလောင်းနှင့် ပို၍နီးကပ်လာသည်ဟု အဓိပ္ပါယ်ရလေသည်။
လိုဏ်ဂူ၏ မြေပြင်အနေအထားက အလွန်တရာရှုပ်ထွေးပြီး အဲ့ဒါသည် မရေမတွက်နိုင်သော ဥမင်များကို ယှက်ဖြာထားသည်နှင့်တူလေသည်။
ဥမင်တချို့က ချိတ်ဆက်နေ၏။
ဥမင်တချို့ကတော့... သေခြင်းတရားဆီကိုသာ ဦးတည်နေနိုင်၏။
မြေပုံတစ်ချက်မရှိဘဲ သူတို့သည် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ လျှောက်သွားနေလျှင်တောင် ထွက်ပေါက်တစ်ခုကို ရှာတွေ့ချင်မှ ရှာတွေ့ပေလိမ့်မည်။
အဲ့ဒါသည် စောစောကနေရာနှင့် လုံးဝကွဲပြားသွားခဲ့ပြီဖြစ်၏။
အဲ့ဒါသည် ဧရာမဝင်္ကပါတစ်ခုနှင့်ပို၍တူလာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဥပါဒါန်သုတ္တန်ကို အဆက်မပြတ်ရွတ်ဆိုပြီး ဧကရာဇ်ပိုရွှင်း၏ ဓမ္မတာအိုကို အာရုံခံကာ တိကျသောလမ်းကြောင်းတစ်ခုအတိုင်း တက်လှမ်းနေ၏။
သူတို့က တစ်ခါတစ်ရံမှာကွေ့ပတ်သွားသော်လည်း သူတို့သည် လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီး ဓမ္မတာအိုများကြား ချိတ်ဆက်မှုက ပို၍သန်မာလာခဲ့၏။