မိစ္ဆာဆေဘာ
Vol. 154 Ch. 2303
သိုင်းတာအိုပင်မခန္ဓာက လှည့်ပတ်ကြည့်ရှုလိုက်၏။
အဲ့ဒါသည် အချင်းဝက် ပေသုံးလေးထောင် ကျယ်ဝန်းသော စက်ဝိုင်းပုံသဏ္ဌာန် ခန်းမတစ်ခုဖြစ်၏။ နံရံများက နက်မှောင်နေပြီး အဲ့ဒါသည် သဘာဝအလျောက် ဖြစ်ပေါ်လာသည့်အလား လက်နက်များ သို့မဟုတ် ပုဆိန်များဖြင့် ပိုင်းဖြတ်ထားသည့် မည်သည့်အရိပ်အယောင်မှမရှိဘဲ ချောမွေ့နေ၏။
ဤဝင်္ကပါထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် လာရာလမ်းတစ်လျှောက်မှာ ဆင်တူသောစက်ဝိုင်းပုံသဏ္ဌာန် ခန်းမများစွာကို တွေ့မြင်ခဲ့ရ၏။ သူတို့၏ တည်ဆောက်ပုံများက ဆင်တူသော်လည်း သူတို့က အရွယ်အစားအမျိုးမျိုးကွဲပြား၏။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။ သူတို့ရောက်ရှိနေသော ဝင်္ကပါသည် လျှိုမြောင်များနှင့်အတူ ရှုပ်ထွေးပွေလီသော မြေပြင်အနေအထားတစ်ခုဖြစ်ပြီး အဘက်ဘက်သို့ ဆန့်တန်းသွားသည့် ဥမင်များကို ဖြစ်ပေါ်နေစေ၏။ အဆောက်အအုံများ၏ ပုံကြမ်းက ဧရာမပုရွက်ဆိတ်သိုက်တစ်ခုနှင့်တူနေပုံရ၏။
ဤဝင်္ကပါသည် သူတို့ပထဆုံးကျဆင်းခဲ့သော နေရာလွတ်နှင့် သိသိသာသာ ကွဲပြားခြားနားနေ၏။ မြေပြင်အနေအထားအရဖြစ်စေ၊ ပတ်ဝန်းကျင် သို့မဟုတ် အထဲမှာရှိသော ငရဲသက်ရှိများအရဖြစ်စေ အဲ့ဒီမှာ သိသာရှင်းလင်းသော ကွာခြားချက်တစ်ခုရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် လျှို့ဝှက်လမ်းကြောင်းကနေတစ်ဆင့် ဤပုရွက်ဆိတ်သိုက်ထဲသို့ ဝင်ရောက်လာခဲ့၏။ သူတို့နောက်သို့ ပြေးလိုက်လာသည့် ငရဲခွေးများက ကန့်သတ်ခံထားရသည့်အလား သို့မဟုတ် တစ်ခုခုကိုစိုးရိမ်နေသည့်အလား ဤနေရာသို့ ဝင်ရောက်မလာခဲ့ပေ။
တစ်ချိန်တည်းမှာပင် ငရဲခွေးများရှိသောနေရာလွတ်ထဲမှာ ငရဲပုရွက်ဆိတ်များကိုလည်း မတွေ့မြင်ခဲ့ရပေ။
အဲ့ဒါက ထူးဆန်းနေ၏။
အဝီစိမှာ နယ်မြေများကို ဘာ့ကြောင့် ဤမျှအထိ သိသာရှင်းလင်းစွာ ခွဲခြားထားတာလဲ။
သိုင်းတာအိုပင်မခန္ဓာသည် ဥမင်ထဲရှိ နောက်သို့ဆုတ်ခွာသွားသော ငရဲပုရွက်ဆိတ်များကို လှည့်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ယုတ္တိကျကျပြောရလျှင် သူတို့သည် ပုရွက်ဆိတ်သိုက်ထဲကနေ ယခုအချိန်ထိ မထွက်ခွာရသေးပေ။
အကြောင်းမှာ သူတို့ရောက်ရှိနေသော ခန်းမသည် ပုရွက်ဆိတ်သိုက်ထဲရှိ အဆောက်အအုံများစွာနှင့် ပုံစံချင်းဆင်တူနေသောကြောင့်ဖြစ်၏။
ဒါ့အပြင် ဧကရာဇ်ပိုရွှင်းသည် အတိတ်ကာလက ဤနေရာမှာ သေဆုံးခဲ့သောအချက်သည် ဤနေရာက ငရဲပုရွက်ဆိတ်များ၏ နယ်နိမိတ်ထဲမှာရှိနေသည်ဟု ဆိုလိုလေသည်။
သို့သော်လည်း ငရဲပုရွက်ဆိတ်များက ဘာ့ကြောင့် ရှေ့ကို တက်လှမ်းမလာဘဲ နောက်ဆုတ်သွားတာလဲ။
ထိုစဥ်မှာပင် ဘေးဘက်မှာရှိသော ကောင်းကင်ဘုံဝံပုလွေက ထူးဆန်းသောအမူအရာတစ်ခုနှင့်အတူ ရှေ့သို့ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားပြီး သူ၏ မျက်လုံးများက နက်ရှိုင်းသောနာကျင်မှုဖြင့် ပြည့်နှက်လာ၏။
ခန်းမထဲမှာရှိသော အလင်းရောင်က မှေးမှိန်နေပြီး ရှေ့မလှမ်းမကမ်းမှာ ပုံရိပ်တစ်ခု၏ ကောက်ကြောင်းများကို ခပ်ရေးရေးတွေ့မြင်နိုင်၏။ သူက တင်ပျဥ်ခွေထိုင်နေပြီး သူ၏ရှေ့ အနက်ရောင်ကျောက်သားထဲမှာ အေးစက်စက်အလင်းတစ်ခုဖြင့်တောက်ပနေသော ထက်ရှသည့်လက်နက်တစ်ခုကို ထိုးစိုက်ထားပုံရလေသည်။
ကောင်းကင်ဘုံဝံပုလွေ၏ အမူအရာအရ အဲ့ဒါသည် အတိတ်ကာလက ဧကရာဇ်ပိုရွှင်းဖြစ်သည်ဆိုတာကို ကောက်ချက်ချနိုင်၏။
သိုင်းတာအိုပင်မခန္ဓာသည် လောလောဆယ်မှာ သူ၏ သံသယအတွေးများကို ဘေးဖယ်ထားပြီး သူကလည်းပဲ ဧကရာဇ်ပိုရွှင်း၏ အလောင်းရှိရာသို့ လျှောက်လှမ်းသွား၏။
ယခုသူက ပို၍နီးကပ်လာသောအခါ သိုင်းတာအိုပင်မခန္ဓာသည် ပို၍ရှင်းလင်းစွာ တွေ့မြင်လာရ၏။
ဧကရာဇ်ပိုရွှင်းသည် စုတ်ပြတ်သတ်နေသော ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူ၏ခေါင်းကိုငုံ့ထား၏။ သူ၏ ဆံပင်ရှည်များက သူ၏ မျက်နှာကို ဖုံးအုပ်ထား၏။
“ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဆိုတဲ့အတိုင်းပဲ”
သိုင်းတာအိုပင်မခန္ဓာက ကြိတ်၍သက်ပြင်းချလိုက်၏။
ဤမျှအထိ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ဧကရာဇ်ပိုရွှင်း၏ ဆံပင်ရှည်များက အကောင်းတိုင်းရှိနေသေး၏။
အလောင်းက အလွတ်တရာပိန်လှီနေသည့်ပုံပေါ်လေသည်။ အဲ့ဒါသည် ငရဲပုရွက်ဆိတ်များက ဧကရာဇ်ပိုရွှင်း၏ အသားများကို ဝါးမျိုခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ငရဲပုရွက်ဆိတ်များပင်လျှင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အရိုးများကို ကိုက်ဖြတ်နိုင်ခြင်းမရှိသည့်ပုံပင်။ ထို့ကြောင့်ပင် ခြေလက်အင်္ဂါအစုံနှင့် ဤအလောင်းက ကျန်ရှိနေဆဲဖြစ်၏။
“သခင်ဟောင်း... ကျုပ်ခင်ဗျားဆီကို ပြန်လာလည်တယ်နော်”
ကောင်းကင်ဘုံဝံပုလွေက ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခုနှင့်အတူ မြေပြင်မှာဝပ်တွားပြီး ညင်သာစွာ ငိုရှိုက်နေ၏။
အရင်တုန်းက သူသည် စိတ်ခံစားချက်၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သူသည် မာရ်နတ်မျက်နှာဖုံး၏ လက်နက်စိတ်ဝိညာဥ်ဖြစ်ခဲ့၏။ သူသည် ဧကရာဇ်ပိုရွှင်း၏ ဘေးမှာ အမြဲတမ်းလိုလိုလိုက်ပါနေခဲ့ပြီး သူတို့ကြားပတ်သက်ဆက်နွယ်မှုက အစားထိုး၍မရနိုင်ပေ။
ဧကရာဇ်ပိုရွှင်းသည် ဧကရာဇ်ပညာရှင်၂၀ ကျော်၏ ဝန်းရံတိုက်ခိုက်ခြင်းခံရပြီး အဝီစိကိုတွန်းပို့ခံရကာ ဤကဲ့သို့ဆိုးဆိုးဝါးဝါး အခြေအနေနှင့် အဆုံးသတ်သွားရပုံကို တွေးမိသောအခါ သူက ညည်းတွားရေရွတ်လိုက်၏။
“စီနီယာ... ခင်ဗျားကိုအနှောက်အယှက်ပေးရတာ စိတ်မကောင်းပါဘူး”
သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်ပိုရွှင်း၏ အလောင်းကို ဦးညွှတ်လိုက်၏။
“ဗုဒ္ဓကြမ္မာသုတ္တန်က ဘယ်မှာလဲ”
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်ပိုရွှင်း၏ အလောင်းကို လှည့်ပတ်ပြီးနောက် သိုလှောင်အိတ်တစ်အိတ်၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်သောအခါ သူကမျက်မှောင်ကြုတ်၍မေးလိုက်၏။
“ကျုပ်လည်းမသိဘူးလေ”
ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကိုညင်သာစွာ ခါပြလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး ဧကရာဇ်ပိုရွှင်း၏ ရှေ့ မြေကြီးထဲမှာ ထိုးစိုက်ထားသော ထက်ရှသည့် ဓားသွားပေါ်သို့ ရောက်ရှိသွားလေသည်။
၎င်း၏ ထက်ရှပုံအရ အဲ့ဒါသည် အသွားနှစ်ဖက်ပါသော ဆေဘာရှည်တစ်လက်ဖြစ်ပေလိမ့်မည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတာတောင် ဆေဘာသည် ထက်ရှသောအနားစောင်းတစ်ခုဖြင့်တောက်ပနေပြီး လူတစ်ယောက်၏ စိတ်နှလုံးကို ညှို့ယူနိုင်သည့် မိစ္ဆာစွမ်းအားကို ဖြာထုတ်ပေးနေ၏။
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းပြီး ဆေဘာရိုးဆီသို့ လက်လှမ်းကာ အဲ့ဒါကို ဆွဲနုတ်ချင်လေသည်။
“အဲ့ဒါကို မထိနဲ့”
ထိုစဥ်မှာပင် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ကောင်းကင်ဘုံဝံပုလွေက ရုတ်တရက်အံ့အားတသင့်အော်ပြောလိုက်၏။
ကောင်းကင်ဘုံဝံပုလွေသည် ဤနေရာဟောင်းသို့ ရောက်ရှိလာပြီး ဧကရာဇ်ပိုရွှင်း၏ အလောင်းကို တွေ့မြင်သောအခါ သူ၏ နှလုံးသားက နာကျင်နေပြီး သူ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွား၏။
သူက ထိုသို့သတိပေးလိုက်သည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက ဆေဘာရိုးနှင့် ထိတွေ့သွားပြီဖြစ်၏။ ထူးဆန်းသောစွမ်းအားတစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ နှလုံးသားကို ရိုက်ခတ်လာခဲ့၏။
နက်မှောင်နေသော မိစ္ဆာချီများက ပိန်းပိတ်အောင်နက်မှောင်နေသော စိတ်ဝိညာဥ်မြွေများစွာကဲ့သို့ သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖျံတစ်လျှောက်ဆန့်တက်လာခဲ့၏။
တစ်ခဏချင်းမှာပင် သူတို့က သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး လုံးဝ မလှုပ်ရှားပေ။ သူ၏ ခန္ဓာကိုယ်ပတ်လည်ကို အနက်ရောင်ချီများက ရစ်ပတ်ထားပြီး သူသည် ငရဲမှလာသော မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့် ဆင်တူနေ၏။
အေးစက်နေသောငွေရောင်မျက်နှာဖုံးအောက်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေ၏။ သူက ဆေဘာအရိုးကို ဆုပ်ကိုင်လိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ဝုန်းခနဲမြည်သံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် သူ၏ ရှေ့မှာ အမျိုးသမီးများ၏ မျက်နှာများက အစီအရီထွက်ပေါ်လာပုံရ၏။ တျဲယွဲ့၊ ကျိယောင်ရွှယ်၊ နတ်ဆိုးမကျိ၊ ကြင်ယာတော်ယု။
သူမတို့အားလုံးက ရက်ရက်စက်စက်ချောမောလှပပြီး နတ်မိမယ်များကဲ့သို့ ရင်သပ်ရှုမောဖွယ်ရာကောင်းကာ အဆုံးမဲ့ညှို့ငင်ဓာတ်များကို ထုတ်ဖော်ပေးနေ၏။
နတ်ဆိုးမကျိသည် လူတစ်ယောက်၏ နှလုံးသားအနက်ပိုင်းထဲရှိ တပ်မက်မှုအာရုံကို နှိုးဆွပေးနိုင်သည့်အလား သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါပြလိုက်၏။
“ဇီမို”
ကျိယောင်ရွှယ်က ညင်သာစွာ ခေါ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ငေးငိုင်သွားပြီး အလိုလိုပြန်ထူးလိုက်၏။
“တတိယမြောက်လက်ဆောင်က ငါပဲလေ”
တျဲယွဲ့၏ အသံက ထွက်ပေါ်လာ၏။
“ပညာရှင်ကြီး နင်ငါ့ကို မေ့သွားပြီလား”
နတ်ဆိုးမကျိမှာ ပူဆွေးဝမ်းနည်းသောအမူအရာတစ်ခုရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ နားထဲမှာ အမျိုးသမီးများ၏ ခေါ်သံများဖြင့် ပြည့်နှက်နေ၏။ သူတို့က ညင်သာလိုက်၊ အေးစက်လိုက် သို့မဟုတ် ကျေးငှက်များကဲ့သို့ ပေါ့ပါး၍သာယာနာပျော်ဖွယ်ကောင်းနေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
သူတို့၏ အသံများကို နေ့စဥ်နေ့တိုင်းနားထောင်နေရုံမျှနှင့်ပင် အဲ့ဒါက စဥ်းစားကြည့်၍မရနိုင်သော ပျော်ရွှင်စရာခံစားမှုတစ်ခုဖြစ်နေ၏။
ခပ်ဖျော့ဖျော့မွှေးရနံ့က အမျိုးသမီးများထံကနေ ပျံ့လွင့်လာပြီး သူ၏ စိတ်ကို ယစ်မူးသွားစေ၏။
ဒါက စိတ်အာရုံလှည့်စားမှုတစ်ခုလား။
သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို သိရှိသော်လည်း သူက အဲ့ဒီကနေ ရုန်းမထွက်နိုင်ပေ။
သူသည် စိတ်အာရုံလှည့်စားမှုကို ခုခံနိုင်မည့် နည်းလမ်းများစွာကို ထုတ်ဖော်ပြီး သူ့ရှေ့မှအိပ်မက်ဆန်ဆန်ခံစားချက်ကနေ ရုန်းထွက်ချင်သော်လည်း အချည်းနှီးသာဖြစ်နေ၏။
နှုတ်ဆိုးမကျိက ရှေ့သို့လျှောက်လှမ်းလာပြီး သူ၏ နှုတ်ခမ်းကို နမ်းလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ဓာတ်လိုက်ခံလိုက်ရသည့်အလား တဆတ်ဆတ်တုန်ယင်သွား၏။
သူ၏ ခန္ဓာကိုယ်က နောက်တစ်ဖန်နစ်မျောသွားပြီး သူသည် နတ်ဆိုးမကျိကို ပွေ့ဖက်ဖို့အတွက် သူ၏ လက်ကို ဆန့်ထုတ်ချင်လေသည်။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တျဲယွဲ့၏ မျက်နှာပေါ်သို့ ဆင်းသက်သွားပြီး သူမနှင့်အကြည့်ချင်းဆုံသွား၏။
ချက်ချင်းပင် သူကနိုးထလာခဲ့၏။
“ဒါက... စိတ်အာရုံလှည့်စားမှုတစ်ခု မဟုတ်ဘူးပဲ”
သိုင်းတာအိုပင်မခန္ဓာသည် ဗုဒ္ဓကျောင်းတော်များမှ ကာမဂုဏ်အာရုံ ၆ပါးကို ပြန်လည်စဥ်းစားမိပြီး သူ၏ နှလုံးသားက လင်းလက်သွား၏။
အာရုံ ၆ပါးသည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့နှင့် စိတ်ခံစားမှုတို့ဖြစ်၏။
လှပသောအရာများအတွက် ကာမဂုဏ်သည် အမြင်အာရုံကနေလာလေသည်။
သာယာနာပျော်ဖွယ်ကောင်းသောစကားများအတွက် ကာမဂုဏ်သည် အကြားအာရုံကနေလာလေသည်။
မွှေးရနံ့များအတွက် ကာမဂုဏ်သည် အနံ့ခံအာရုံကနေလာလေသည်။
စားကောင်းသောက်ဖွယ်များအတွက် ကာမဂုဏ်သည် ရသာရုံကနေလာလေသည်။
သက်သောင့်သက်သာရှိမှုအတွက် ကာမဂုဏ်သည် အထိအတွေ့ကနေ လာလေသည်။
နာမည်ဂုဏ်သတင်းနှင့် ကံအခွင့်အလမ်းတို့အတွက် ကာမဂုဏ်သည် စိတ်ခံစားမှုကနေလာလေသည်။
လောကီကမ္ဘာမှာ လောကရှိသက်ရှိများအားလုံးသည် ကာမဂုဏ်အာရုံ၆ပါး၏ ချုပ်နှောင်မှုကနေ ရုန်းမထွက်နိုင်ကြပေ။
တစ်ခုမှာ မွေ့လျော်သွားလျှင် ၆ခုစလုံးမှာ နစ်မျောကျဆင်းသွားနိုင်လေသည်။
စောစောကသိုင်းတာအိုပင်မခန္ဓာ တွေ့မြင်ခဲ့သည့်အရာက စိတ်အာရုံလှည့်စားမှုတစ်ခုမဟုတ်ပေ။ တကယ်တော့... မိစ္ဆာဆေဘာ၏ စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲရှိ ကာမဂုဏ်အာရုံ ၆ပါးကို နှိုးဆွပြီး သူ၏စိတ်ကို တွေဝေရှုပ်ထွေးစေမည့် အမျိုးမျိုးသောမြင်ကွင်းများကို ပေါ်ထွက်လာစေခြင်းဖြစ်၏။