ငရဲကားချပ်များ
Vol. 154 Ch. 2304
ရုတ်တရက်ဆိုသလို... အနီရောင်အလင်းစီးကြောင်းများက သိုင်းတာအိုပင်မခန္ဓာထံကနေ ပေါ်ထွက်လာပြီး သိပ်သည်းစုဖွဲ့လာခဲ့၏။
အနီရောင်အလင်းများက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်နေသောမိစ္ဆာချီနှင့် ထိတွေ့မိသောအခါ အဲ့ဒါက လောင်ကျွမ်းသွား၏။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာသည် ဧရာမလူပုံသဏ္ဌာန် မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်မီးတောက်များက ဒေါသတကြီးလောင်ကျွမ်းနေပြီး သူ၏ ဆံပင်၊ အရေပြား၊ အသား၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးတို့ကို နီရဲလာအောင်လောင်ကျွမ်းစေကာ သလင်းလိုကြည်လင်လာခဲ့၏။
ကြမ္မာမီးတောက်များ...။
ဧကရာဇ်ပိုရွှင်းမှာ ဧကရာဇ်လက်နက်နှစ်ခုရှိသည်ဟု ကောင်းကင်ဘုံဝံပုလွေသည် အရင်တုန်းက တစ်ခါပြောခဲ့ဖူး၏။ သူတို့ထဲမှတစ်ခုသည် စိတ်ခံစားချက် ၇ မျိုး ကိုယ်ပွားကနေစုဖွဲ့ထားသည့် မာရ်နတ်မျက်နှာဖုံးဖြစ်၏။
အခြားတစ်ခုသည် အာရုံ ၆ပါး ကိုယ်ပွားကနေ ဖန်တီးထားသည့် ကျိတုဆေဘာဖြစ်လေသည်။
(ကျိတုဆေဘာကို အရင်က ကေတုဆေဘာဟု ရေးသားခဲ့ပါသည်။ ဤနေရာမှစ၍ ကျိတုဆေဘာဟု ပြောင်းလဲရေးသားသွားမည် ဖြစ်ပါသည်။ ကျိတုက တရုတ်စကားသံဖြစ်ပြီး လူအများကို ကယ်ချွတ်ပေးချင်သော စိတ်သဘောထားကြီးမားသည့် ဘုရားလောင်းစိတ်ဓာတ်ဟု အကြမ်းဖျင်း မှတ်နိုင်ပါသည်။)
မာရ်နတ်မျက်နှာဖုံးမှာ စိတ်ခံစားချက် ၇မျိုး၏ စွမ်းအားပါဝင်နေ၏။
စွဲလမ်းခြင်းဥပါဒါန်ကသာလျှင် စိတ်ခံစားချက် ၇မျိုးကို ဖြတ်တောက်နိုင်လေသည်။
ကျိတုဆေဘာကတော့... ၎င်းမှာ အာရုံ ၆ပါး၏ စွမ်းအား ပါဝင်နေ၏။
ဗုဒ္ဓကျောင်းတော်များ၏ ကြမ္မာမီးတောက်များကသာလျှင် အာရုံ ၆ပါးကို လောင်ကျွမ်းပြာချပစ်နိုင်၏။
သိုင်းတာအိုပင်မခန္ဓာသည် ဗုဒ္ဓကြမ္မာသုတ္တန်ကို မသိရှိသော်လည်း သူသည် အနီရောင်ကြာပန်း ကြမ္မာမီးကို သိထားလေသည်။
ကြမ္မာမီးတောက်များက အာရုံ ၆ပါး၏ စွမ်းအားကို တန်ပြန်နှိမ်နှင်းရာမှာ အကောင်းဆုံးဖြစ်၏။
ရှဲ...
အနီရောင်ကြာပန်း ကြမ္မာမီးတောက်၏ လောင်ကျွမ်းမှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ နက်မှောင်နေသော မိစ္ဆာချီများက ထူးဆန်းသောအသံများထွက်၍ မီးခိုးစိမ်းများ အူထွက်လာခဲ့၏။
သိပ်မကြာခင် မိစ္ဆာချီသည် အနီရောင်ကြာပန်း ကြမ္မာမီးဖြင့် လောင်ကျွမ်းဖယ်ရှားခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ သုတ္တန်တစ်ခု ပေါ်ထွက်လာ၏။
သူက အဲ့ဒါကို အတိုချုံးဖတ်ရှုပြီး ကျေနပ်သဘောကျသွား၏။
ထိုသုတ္တန်သည် ဗုဒ္ဓကျောင်းတော်များ၏ အနိဋ္ဌာရုံကြမ္မာကို မှတ်တမ်းတင်ထားပြီး ကြမ္မာမီးတောက်များ၏ ကျင့်ကြံရေးဓမ္မအစီအရင်ပါဝင်နေ၏။
သူထင်တာ မမှားဘူးဆိုလျှင် အဲ့ဒါသည် ဗုဒ္ဓကြမ္မာသုတ္တန်၏ ပါဝင်အကြောင်းအရာများဖြစ်ပေလိမ့်မည်။
ဗုဒ္ဓကြမ္မာသုတ္တန်ကို ဤမိစ္ဆာဆေဘာထဲမှာ ကွယ်ဝှက်ထားသည်ဆိုတော့...။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက စိတ်သက်သာရာ ရသွား၏။
ကံကောင်းထောက်မစွာဖြင့် ကျိတုဆေဘာကို အရင်ဆုံးထိတွေ့ခဲ့သည့်သူက သူဖြစ်နေ၏။ ယန်ပေးချန်သာ အဲ့ဒါကို ထိမိမည်ဆိုလျှင် မိစ္တာဆေဘာထဲမှာပါဝင်သော စွမ်းအားသက်သက်ကပင် သူ့ကိုဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
ယခုအချိန်မှာ ယန်ပေးချန်သည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ကြမ္မာမီးတောက်များကိုလည်း ဘယ်လိုထုတ်ဖော်ရမလဲ မသိပေ။ သူသည် ကျိတုဆေဘာကနေနှိုးဆွလာခဲ့သည့် အာရုံ ၆ပါး၏ စွမ်းအားကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။
သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာသည် ဗုဒ္ဓကြမ္မာသုတ္တန်ကို ရရှိသွားပြီး သူက အဲ့ဒါကို ယန်ပေးချန်အား သင်ကြားပေးနိုင်၏။
ထိုသို့ဖြင့် ယန်ပေးချန်သည် မည်သည့်အန္တရာယ်ကိုမှ ရရှိတော့မည်မဟုတ်ပေ။
အဲ့ဒါသည် ဧကရာဇ်ပိုရွှင်းချန်ထားခဲ့သည့် စမ်းသပ်ချက်တစ်ခုဖြစ်ပေလိမ့်မည်။ တစ်ယောက်ယောက်သည် ကျိတုဆေဘာထဲမှာရှိသော အာရုံ ၆ပါး၏ စွမ်းအားကို ခံနိုင်ရည်မရှိပါက သူတို့သည် သူ၏ အမွေအနှစ်ကို ဆက်ခံရရှိဖို့ အဆင့်မီလိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ ကြမ္မာမီးတောက်များက တဖြည်းဖြည်းငြိမ်းသေသွားပြီး သူက သူ၏ မျက်လုံးနှစ်ဖက်ကို နောက်တစ်ဖန်ဖွင့်လိုက်၏။
ဘေးကနေ ကောင်းကင်ဘုံဝံပုလွေက ကြောင်အ,မှင်တက်နေ၏။
“ခင်ဗျား..ခင်ဗျားအဆင်ပြေရဲ့လား”
ကောင်းကင်ဘုံဝံပုလွေက မေးမြန်းလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
‘သူကတကယ့်မွန်းစတားပဲ’
ကောင်းကင်ဘုံဝံပုလွေက သူ့ဘာသာသူတွေးပြီးနောက် ပြောလိုက်၏။
“ဒါက... ကျိတုဆေဘာပဲ... ကျုပ်သခင်ဟောင်းကလွဲလျှင် ကျိတုဆေဘာကို ထိမိတဲ့ဘယ်သူမဆို အထဲမှာရှိတဲ့ အာရုံ ၆ပါးစွမ်းအားရဲ့ တန်ပြန်ရိုက်ခတ်မှုကို သေချာပေါက် တွေ့ကြုံခံစားရလိမ့်မယ်”
“ငါက ဗုဒ္ဓကြမ္မာသုတ္တန်ကို ရပြီးသွားပြီ”
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းပြီး ကောင်းကင်ဘုံဝံပုလွေ၏ ကျောပေါ်မှ ယန်ပေးချန်ကို အောက်သို့ချပေးလိုက်၏။ သူက ယန်ပေးချန်ကို မြေပြင်ပေါ်မှာ လှဲလျောင်းစေပြီး ညင်သာစွာခေါ်လိုက်၏။
ယန်ပေးချန်၏ မျက်လုံးများက တင်းကျပ်စွာမှိတ်နေပြီး သူက အသက်မျှင်းမျှင်းသာ ရှုတော့လေသည်။ သူက သတိလစ်နေဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုသုံးပြီး ယန်ပေးချန်၏ အသိစိတ်ကို နှိုးဆွချင်သော်လည်း တုံ့ပြန်မှုရှိမလာခဲ့ပေ။
ယန်ပေးချန်၏ အသိစိတ်ကို မိစ္ဆာချီများက လုံးလုံးလျားလျားသိမ်းပိုက်သွားခဲ့ပြီဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်၏။
ယခင်က သူ၏ ဒဏ်ရာများကို ဥပါဒါန်မိစ္ဆာချီက ယာယီအားဖြင့်သာ ထိန်းသိမ်းပေးထားနိုင်၏။ ယခုအခါမှာ သူက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဥ်မှာ အသက်ဓာတ်အားများစွာ မကျန်ရှိတော့ဘဲ သူက လမ်းဆုံးသို့ ရောက်ရှိလုနီးပါးဖြစ်နေလေပြီ။
သိုင်းတာအိုပင်မခန္ဓာက နောက်ထပ်ဆေးလုံးလက်တစ်ဆုပ်ကို ထုတ်ယူပြီး ယန်ပေးချန်ကို တိုက်ကျွေးကာ သူ့ကို နိုးထလာစေရန် ထပ်တလဲလဲခေါ်နေ၏။
သို့သော်လည်း တစ်နာရီကြာပြီးတာတောင် ယန်ပေးချန်က နိုးထလာမည့် မည်သည့်လက္ခဏာမှ မပြသပေ။
“သူက အဲ့ဒါကို မကျော်ဖြတ်နိုင်တော့ဘူး”
ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“တကယ်တော့... သူ့ရဲ့အခြေအနေက သေလူတစ်ယောက်လိုဖြစ်နေပြီ”
“သူက... မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံထားလို့သာ အခုချိန်ထိ တောင့်ခံနိုင်နေသေးတာ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်သီးနှစ်ဖက်ကို တိတ်တဆိတ်ဆုပ်လိုက်၏။
သူသည် ကြီးမားသောအန္တရာယ်မှာ စွန့်စား၍ အဝီစိသို့ အတင်းဝင်ရောက်ပြီး ဗုဒ္ဓကြမ္မာသုတ္တန်ကို နောက်ဆုံးမှာ ရရှိလာခဲ့၏။
သို့သော်လည်း ယန်ပေးချန်က နိုးထမလာနိုင်တော့ပေ။
သူတို့မှာ ယခုဗုဒ္ဓကြမ္မာသုတ္တန်ရှိလာပြီဆိုလျှင်တောင် အဲ့ဒါက ဘာများသုံးစားလို့ ရတော့မှာလဲ။
“သူ့ကို ဒီနေရာမှာပဲ မြှုပ်နှံကြတာပေါ”
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
“သူက ကျုပ်သခင်ဟောင်းနဲ့ တူညီတဲ့သင်္ချိုင်းမှာမြှုပ်နှံခဲ့ရတဲ့အတွက် နောင်တမရှိဘဲ သေလို့ရပြီ”
သိုင်းတာအိုပင်မခန္ဓာက အသံတိတ်နေဆဲဖြစ်၏။
သူသည် ယန်ပေးချန်လှဲလျောင်းနေသောမြေပြင်ကိုကြည့်ကာ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။
ယန်ပေးချန်၏ အောက်ဘက် မြေပြင်မှာ ခြစ်ရာတချို့ရှိနေပုံရ၏။
သိုင်းတာအိုပင်မခန္ဓာက ယန်ပေးချန်ကို ညင်သာစွာရွှေ့ပြီး မြေပြင်ကိုစိုက်ကြည့်လိုက်၏။
မြေပြင်က မြင်ကွင်းတစ်ခုကို ရေးဆွဲထားသည့်အလား ခြစ်ရာများဖြင့် ပြည့်နှက်နေ၏။
ထိုမြင်ကွင်းမှာ ဘေးပတ်ဝန်းကျင်ရှိ ကျောက်နံရံများသည် မတ်စောက်စွာနှင့် အနိဋ္ဌာရုံဆန်ဆန်ရပ်တည်နေသော ပိန်းပိတ်အောင်နက်မှောင်နေသည့် ကျောက်သားများဖြစ်ပြီး အဝီစိ၏ အခြေအနေနှင့် အလွန်တရာဆင်တူနေ၏။
အတွင်းမှာ အလောင်းများက ပြန့်ကျဲနေပြီး သွေးများက နေရာတိုင်းမှာရှိနေ၏။ အဲ့ဒီမှာ ပိတ်မိနေသော ကျင့်ကြံသူများစွာရှိပြီး သူတို့က လှုပ်ရှားရုန်းကန်ရင်း အော်ဟစ်နေကြ၏။
ကျင့်ကြံသူများ၏ ဘေးမှာ ပြွတ်သိပ်နေသော ဧရာမပျားအုပ်တစ်အုပ်ရှိပြီ သူတို့ကိုဝိုင်းပတ်ကာ အသည်းအသန်တိုက်ခိုက်နေ၏။
အလောင်းများ၏ ဘေးမှာ ကျင့်ကြံသူအချို့သည် ဆိုးဆိုးဝါးဝါးပုံစံဖြင့် စကာပေါက်များဖြစ်နေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး သူက ဘေးတစ်ဘက်သို့ လျှောက်လှမ်းသွား၏။
သိပ်မကြာခင် သူသည် မြေပြင်ပေါ်မှာ နောက်ထပ်ကားချပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
ကားချပ်ထဲမှာရှိသောမြင်ကွင်းက ဝေဝါး၍ အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း အနက်ရောင်မြူခိုးများကြားမှာ အနီရောင်မီးအိမ်များကဲ့သို့ နီရဲနေသောအလင်းစက်များ ပေါ်ထွက်လာ၏။
အနက်ရောင်မြူခိုးတချို့ထဲမှာ အနီရောင်မီးအိမ်များ၏ ပုံရိပ်များက လုံးလုံးလျားလျား ပေါ်ထွက်လာခဲ့၏။ သူတို့က သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေတို့ ယခင်က တွေ့ကြုံခဲ့ရသော ငရဲခွေးများဖြစ်လေသည်။
အဲ့ဒါသည် ယခင်ကားချပ်နှင့် ဆင်တူလေသည်။
ဤကားချပ်ထဲမှာ ကျင့်ကြံသူများစွာက ပိတ်မိနေပြီး ငရဲခွေးများ၏ ရုးသွပ်စွာတိုက်ခိုက်ခြင်းကို ခံနေရ၏။
ကျင့်ကြံသူတစ်ယောက်သည် နာကျင်နေသောအမူအရာဖြင့် မြေပြင်ပေါ်မှာ လဲကျနေ၏။ သူ၏ ဝမ်းဗိုက်က ငရဲခွေးများ၏ တိုက်ခိုက်မှုဖြင့် ဟောင်းလောင်းပေါက်ဖြစ်သွားခဲ့လေပြီ။
ငရဲခွေးများသည် ထိုသူ၏ သွေးသံရဲရဲအူများကို ကိုက်ကာ ကြမ်းကြုတ်ခက်ထန်သောအအကြည့်နှင့်အတူ သူ့ကိုဆောင့်နင်းချလိုက်၏။
နောက်ထပ်ကျင့်ကြံသူတစ်ယောက်သည် သူ၏ အဆုတ်များကို ငရဲခွေးများက ဆွဲထုတ်ခြင်းခံလိုက်ရ၏။ သူက မြေပြင်ပေါ်မှာ ပျော့ခွေစွာလဲကျသွားပြီး သွေးများက စီးကျနေ၏။
အဲ့ဒါသည် သွေးသံရဲရဲနှင့် ကြည့်ရက်စရာမရှိသော ငရဲမှမြင်ကွင်းတစ်ခုဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက ဘေးပတ်ဝန်းကျင်ကို ဆက်လက်၍ရှာဖွေလိုက်၏။
မလှမ်းမကမ်းမှာ နောက်ထပ်ကားချပ်တစ်ခုရှိနေ၏။ ဤကားချပ်ထဲမှာ မြေပြင်အနေအထားက မရေမတွက်နိုင်သောလျှိုမြောင်များနှင့်အတူ ရှုပ်ထွေးပွေလီပြီး ဧရာမဝင်္ကပါတစ်ခုကဲ့သို့ ရောထွေးယှက်ဖြာနေ၏။
ဝင်္ကပါသည် အနက်ရောင်စီးကြောင်းများဖြင့် ပြည့်နှက်နေ၏။
သူထင်တာမမှားဘူးဆိုလျှင် ဤအရာများသည် ငရဲပုရွက်ဆိတ်များဖြစ်ပေလိမ့်မည်။
ဤကားချပ်မှာ ငရဲပုရွက်ဆိတ်များဖြင့် ရူးသွပ်စွာတိုက်ခိုက်ခံနေရသည့် ကျင့်ကြံသူတစ်အုပ်စုကို ပုံဖော်ပေးထား၏။ တစ်ခဏချင်းမှာပင် ကျင့်ကြံသူများသည် ဘာမှမကျန်ရှိတော့ဘဲ ငရဲပုရွက်ဆိတ်များဖြတ်သွားရာ နေရာတိုင်းမှာ အရိုးဖြူဖြူများသာလျှင် ကျန်ရစ်ခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်ပြီး အသက်ကို ညင်သာစွာ ရှုသွင်းလိုက်၏။
သူသည် ကားချပ်သုံးခု၏ တည်နေရာက ထူးခြားမှုရှိနေသည်ကို တွေ့မြင်လိုက်၏။ သူတို့က ဧကရာဇ်ပိုရွှင်း၏ အလောင်းကို ဝိုင်းပတ်ထားပုံရလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်ပိုရွှင်း၏ အလောင်းကို လှည့်ပတ်ပြီး ဆက်လက်၍ရှာဖွေနေ၏။ ထင်မှတ်ထားသည့်အတိုင်းပင် ငရဲပုရွက်ဆိတ်များ၏ ကားချပ်ဘေးမှာ နောက်ထပ်ကားချပ်တစ်ခုရှိနေ၏။
ဤကားချပ်က ငရဲ၏ အနိဋ္ဌာရုံဆန်ဆန်မြင်ကွင်းတစ်ခုဖြစ်နေဆဲပင်။
အထဲမှာရှိသော ကျင့်ကြံသူများသည် အလွန်တရာသေးသွယ်သော ခရမ်းရောင်သက်ရှိတစ်မျိုးဖြင့် တိုက်ခိုက်ခံနေရ၏။
ဤသက်ရှိများက မြွေများနှင့်ဆင်တူလေသည်။ သူတို့က နွားတစ်ကောင်၏ အမွေးကဲ့သို့ ပါးလွှာပြီး တစ်ကိုယ်လုံး ခရမ်းရောင်ဖြစ်ကာ အရာရာတိုင်းကို ထိုးဖောက်နိုင်လေသည်။
ကျင့်ကြံသူများက အဲ့ဒါကို လုံးဝမခုခံနိုင်ဘဲ သူတို့၏ မျက်လုံးများ၊ နှာခေါင်းများ၊ ပါးစပ်များ၊ နားများနှင့် သူတို့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များမှာပင်လျှင် မြွေများက လှည့်ပတ်သွားလာနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်ပိုရွှင်း၏ အလောင်းကို ဆက်လက်၍လှည့်ပတ်ကြည့်လိုက်၏။
သိပ်မကြာခင် သူက တစ်ပတ်အပြည့်ပတ်ပြီးသွား၏။
အဲ့ဒီမှာ စုစုပေါင်းငရဲကားချပ် ၁၆ ချပ်ရှိနေ၏။