ပြန်လည်မွေးဖွားလာခြင်း
Vol. 154 Ch. 2305
ငရဲကားချပ် ၁၆ခုထဲမှာ အခြားသူများ၏ အရွတ်များကို ဆုတ်ဖြဲ၍ အရိုးများကို ဆွဲထုတ်နေသော ဆိုးယုတ်တစ္ဆေများ ရှိလေသည်။ အဲဒီမှာ လူတစ်ယောက်၏ နှလုံးနှင့် အသည်းတို့ကို ထိုးဆိတ်၍ ဖဲ့နေသော မဟူရာကျီးကန်းများ ရှိလေသည်။ အဲဒီမှာ မည်သည့်အရာမှ မကျန်ရှိတော့သည်အထိ လူတစ်ယောက်ကို လောင်ကျွမ်းစေသော ဆူပွက်နေသည့် ဆီများနှင့်… ဦးနှောက်ကို ထိုးဖောက်ခြင်း၊ လျှာနှင့် သွားတို့ကို ဆွဲနုတ်ခြင်း….တို့ကဲ့သို့ ရက်စက်ကြမ်းတမ်းသည့် အပြစ်ပေးမှုများပင် ရှိနေ၏။
အဲဒီမှာ ဧရာမ ပျားများ၊ ပုရွက်ဆိတ်များ၊ ငရဲခွေးများ၊ ကင်းမြီးကောက်များနှင့်… ခရမ်းရောင်မြွေများပင် ရှိနေ၏။
ငရဲကားချပ်တစ်ခုချင်းစီက လုံးဝကို ကွဲပြားခြားနားနေ၏။
မတူညီသော ပတ်ဝန်းကျင်၊ မြေပြင်အနေအထားနှင့် ငရဲသက်ရှိများ..။
သူတို့မှာ ဆင်တူသည့် တစ်ခုတည်းသောအရာမှာ အထဲသို့ ကျဆင်းသွားသော ကျင့်ကြံသူများနှင့် သက်ရှိများသည် သိပ်သည်းပြင်းထန်သော နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို တွေ့ကြုံခံစားနေရ၏။
သူတို့သည် ရက်စက်ကြမ်းတမ်းသော ညှင်းပန်းနှိပ်စက်မှုများ၊ ဆုတ်ဖြဲခံရခြင်း သို့မဟုတ် ငရဲသက်ရှိများ၏ စားသောက်ခံရခြင်းတို့ကို ကြုံတွေ့ရပေလိမ့်မည်။ သူတို့ထဲ မည်သူ့မှာမှ ကောင်းမွန်သော အဆုံးသတ်များ မရှိပေ။
ကားချပ် ၁၆ခု၏ ပန်းချီလက်ရာက ရိုးရှင်းသော်လည်း သူတို့သည် ငရဲ၏ အနိဋ္ဌာရုံဆန်မှုကို ကွက်ကွက်ကွင်းကွင်း ပြသပေးနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အထဲမှာ ရှိသော မြင်ကွင်းများစွာကို ကိုယ်တိုင်မတွေ့ကြုံဖူးသော်လည်း သူသည် ကားချပ်များကနေတစ်ဆင့် သက်ရှိများစွာ၏ ရုန်းကန်မှုများနှင့် နာကျင်မှုများကို ခံစားမိနိုင်ဆဲဖြစ်၏။
ဤကဲ့သို့ မာကြောသော ကျောက်သားမြေပြင်ပေါ်မှာ အမှတ်အသားများ ချန်ထားရစ်ခဲ့ဖို့က အလွန်တရာ ခဲယဉ်းလေသည်။ ကားချပ်များကို ရေးဆွဲထားသူက တော်တော်အစွမ်းထက်သည်မှာ သိသာနေ၏။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိ၏။
သို့သော်လည်း သူသည် ယန်ပေးချန်ကို စိုးရိမ်ပူပန်နေပြီး သူ၏ ခံစားချက်များက ရောထွေးနေကာ အဲဒါကို ပုံမဖော်နိုင်ခဲ့ပေ။
“အဝီစိမှာ မတူညီတဲ့ နေရာဒေသ ၁၆ခု ရှိနေတာလား”
ကောင်းကင်ဘုံဝံပုလွေက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ကနေ လိုက်ပါလာပြီး ငရဲကားချပ် ၁၆ခုကို ကြည့်ပြီးနောက် လေးနက်စွာ ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာကလည်း တိတ်တဆိတ်ဖြင့် အတွေးနက်နေ၏။
“ထူးဆန်းတယ်”
ကောင်းကင်ဘုံဝံပုလွေက ဧကရာဇ်ပိုရွှင်း၏ အလောင်းကို လှည့်ပတ်ပြီးနောက် ပြောလိုက်၏။
“ဒီငရဲကားချပ် ၁၆ခုကို ကျုပ်သခင်ဟောင်းရဲ့ အလောင်းပတ်လည်မှာ ရေးဆွဲထားတယ်.. အဲဒီမှာ ပိုပြီးတော့ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခု ရှိနေမလား”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက် မေးလိုက်၏။
“မင်းတို့တွေက စစချင်း ဒီနေရာကို ရောက်လာတုန်းက မင်းက အဲဒီ ငရဲကားချပ် ၁၆ခုကို မမြင်ခဲ့ဘူးလား”
“ဘယ်မြင်ခဲ့ပါ့မလဲ”
ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကို အလိုလိုခါပြလိုက်၏။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး ငွေရောင်မျက်နှာဖုံးအောက်မှာ သူ၏ အမူအရာက ပြောင်းလဲသွား၏။
ချက်ချင်းပင် သူ၏ နှလုံးက မမြင်ရသော လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရသည့်အလား သူက အသက်မရှူနိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှ ငြိမ်သက်ပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်၏။
“ဒါဆို ငရဲကားချပ် ၁၆ခုကို ဘယ်သူဆွဲထားတာလဲ”
“ကျုပ် ဘယ်သိပါ့မလဲ”
ကောင်းကင်ဘုံဝံပုလွေက ဘာမှ တွေးတောမနေဘဲ ပြန်ဖြေလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ သွယ်ဝိုက်ပြောဆိုချင်သည့်အရာကို သူက ယခုအချိန်ထိ သဘောမပေါက်သေးပေ။
“အဲဒါတွေကို ငါဆွဲထားတာ”
နောက်ထပ် အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက တည်ငြိမ်၍ ညင်သာပြီး မတိုးလွန်း မကျယ်လွန်းပေ။
အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ သို့မဟုတ် ကောင်းကင်ဘုံဝံပုလွေ၏ အသံမဟုတ်ပေ။
ဤခန်းမထဲမှာ တတိယမြောက် သက်ရှိလူတစ်ယောက် ရှိနေ၏။
ဒါ့အပြင် ထိုအသံက သူတို့၏ ဘေးကနေ လာခြင်းဖြစ်၏။
ဟာ…
ချက်ချင်းပင် ကောင်းကင်ဘုံဝံပုလွေက တစ်ကိုယ်လုံး ချမ်းစိမ့်သွားပြီး သူ၏ သားမွေးများက ထောင်ထလာခဲ့၏။ သူက ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏ မျက်လုံးများက အကြောက်တရားဖြင့် ပြည့်နှက်၍ သူက တဆတ်ဆတ် တုန်ယင်နေ၏။ သူသည် ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး အရာတစ်ခုကို တွေးမိသွားပုံရ၏။
သိုင်းတာအိုပင်မခန္ဓာကလည်း စောစောက အဲဒါကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း သူသည် တတိယမြောက်အသံကို ကြားရချိန်မှာ သူသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထ၍ ရင်တထိတ်ထိတ်ဖြစ်လာခဲ့၏။
သူက ဧကရာဇ်ပိုရွှင်း၏ အလောင်း ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
ကောင်းကင်ဘုံဝံပုလွေကလည်း လှည့်ကြည့်ပြီး သူ၏ မျက်လုံးက အကြောက်တရားဖြင့် ပြည့်နှက်နေ၏။
အဲဒါသည် ရိုးရှင်းသော အပြုအမူတစ်ခု ဖြစ်သော်လည်း ကောင်းကင်ဘုံဝံပုလွေအတွက် အဲဒါက အလွန်တရာ ခဲယဉ်းနေ၏။ သူ၏ အသားများက တောင့်တင်းသွားပုံရပြီး သူက အဲဒါကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ပေ။
တင်ပျဉ်ခွေထိုင်နေသော ညှိုးခြောက်နေသည့် အလောင်းက သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း မော့လာခဲ့၏။ သူ၏ နဖူးပေါ်ရှိ ဆံပင်ရှည်များက ဘေးဘက်သို့ ဖြည်းဖြည်းချင်း လျှောကျသွားပြီး ပိန်ပါးသော မျက်နှာတစ်ခုက ပေါ်ထွက်လာ၏။
ထိုမျက်နှာက အသက်မကြီးသေးသည့်ပုံပင်။ အိုမင်းမှုကို အခြေခံပြီး ပြောရလျှင် သူသည် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်မျှသာ ဖြစ်၏။ သူ့မှာ မည်သည့် မုတ်ဆိတ်မှ မရှိဘဲ သူ၏ သွင်ပြင်က ကြည်လင်ရှင်းလင်းသော မျက်လုံးများနှင့်အတူ ကြည့်ကောင်းတင့်တယ်နေ၏။
သူ၏ အဝတ်များက စုတ်ပြတ်၍ သူ၏ ဆံပင်က ဖိုသီဖတ်သီဖြစ်နေသော်လည်း သူ၏ မျက်နှာမှာ ခံ့ညားသော အမူအရာတစ်ခု ရှိနေ၏။ သူ ထုတ်ဖော်ပေးနေသည့် ပထမဆုံးထင်မြင်ချက်မှာ သူသည် လေးနက်သိမ်မွေ့သော ဗုဒ္ဓဝါဒနှင့်အတူ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်တစ်ပါး ဖြစ်လေသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်က ညင်သာပြီး လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေနိုင်သည့်အလား သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေ၏။
ထိုသို့ဆိုလျှင်တောင် ကောင်းကင်ဘုံဝံပုလွေက အလွန်တရာ ကြောက်လန့်နေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ခွေသွား၏။ သူ၏ ခြေလက်များက မြေပြင်ပေါ်မှာ တင်းကျပ်စွာ ကပ်ငြိနေပြီး တဆတ်ဆတ် တုန်ယင်ကာ သူ၏ ခေါင်းကို ငုံ့ထား၏။ သူက သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်နှင့် ဆုံမိရဲခြင်း မရှိပေ။
“သခင်.. သခင်ဟောင်း”
ကောင်းကင်ဘုံဝံပုလွေ၏ အသံက အနည်းငယ် တုန်ယင်နေပြီး သူက အထစ်ထစ်အငေါ့ငေါ့ ခေါ်လိုက်၏။
ထိုအခိုက်အတန့်မှသာလျှင် သက်လတ်ပိုင်းအရွယ် အမျိုးသားက အတိတ်ကာလက ဧကရာဇ်ပိုရွှင်းဖြစ်သည်ဆိုတာကို သိုင်းတာအိုပင်မခန္ဓာက အမှန်တကယ် အတည်ပြုနိုင်သွား၏။
သို့သော်လည်း ဒီလောက် နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ဧကရာဇ် ၂၀ကျော်ကြောင့် အဝီစိသို့ တွန်းပို့ခံခဲ့ရသည့် ဧကရာဇ်ပိုရွှင်းသည် အသက်ရှင်နေဦးမည်ဟု သူက ထင်မှတ်မထားခဲ့မိပေ။
ဧကရာဇ်ပိုရွှင်းက အသက်ရှင်နေနိုင်သေးသည်ဟု သိုင်းတာအိုပင်မခန္ဓာက နားလည်သဘောပေါက်ခဲ့သည့်အချိန်မှာ သူ၏ ပထမဆုံး တုံ့ပြန်မှုသည် ကောင်းကင်ဘုံဝံပုလွေက ထောင်ချောက်တစ်ခုဆင်၍ သူ့ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဟုပင်။
သို့သော်လည်း ပြန်တွေးကြည့်လျှင် ကောင်းကင်ဘုံဝံပုလွေသည် အဝီစိကို သွားဖို့ အသည်းအသန် ငြင်းဆန်နေခဲ့ပြီး သူက ဤနေရာသို့ လုံးဝ ပြန်မလာချင်ခဲ့ပေ။
ဒါ့အပြင် ကောင်းကင်ဘုံဝံပုလွေ၏ လက်ရှိတုံ့ပြန်မှုအရ သူသည် အဲဒါနှင့် ပတ်သက်၍ ဘာမှ သိရှိမထားဟု ကောက်ချက်ချနိုင်၏။
မဟုတ်ပါက ကောင်းကင်ဘုံဝံပုလွေသည် ဤမျှအတိုင်းအတာထိ ကြောက်လန့်နေလိမ့်မည် မဟုတ်ပေ။
ဒဏ္ဍာရီလာ ဧကရာဇ်ပိုရွှင်း၊ ပြန်လည်ရှင်သန်လာသော ဧကရာဇ်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်မှာ သူ့အနေဖြင့် အကြောက်တရားကို မခံစားမိဖို့က မဖြစ်နိုင်ပေ။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဣန္ဒြေကို ထိန်းထားဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။
ဧကရာဇ်ပိုရွှင်းသည် သူ့ကို သတ်ဖြတ်လိုသည်ဆိုလျှင် သူက သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်ပိုရွှင်းသည် သူတွေးထင်ထားသလို ကြောက်စရာကောင်းပုံမရဘဲ ဒဏ္ဍာရီထဲမှာ ဖော်ပြထားသည့် မိစ္ဆာပုံစံနှင့် များစွာကွာခြားနေ၏။
“မင်းက စိတ်ခံစားချက် ၇မျိုးပဲ ဟုတ်တယ်မလား”
ဧကရာဇ်ပိုရွှင်းက ညင်သာစွာ ပြောလိုက်၏။
အရင်တုန်းက စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင်သည် လက်နက်စိတ်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ ဒီဘက်မျိုးဆက်မှာ သူသည် ကောင်းကင်ဘုံဝံပုလွေ ခန္ဓာကိုယ်၏ အကူအညီနှင့်အတူ ပြန်လည်မွေးဖွားလာခဲ့သော်လည်း တစ်ချက်ကြည့်ရုံနှင့် သူ့ကို ဧကရာဇ်ပိုရွှင်းက မှတ်မိသွားလေသည်။
“ဟုတ်.. ဟုတ်ပါတယ်.. ကျုပ်ပါပဲ”
ကောင်းကင်ဘုံဝံပုလွေက တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။
“မင်းက စောစောက သခင်ဟောင်းလို့ ခေါ်လိုက်တယ်.. ဒါဆို အခု မင်းမှာ သခင်သစ် ရှိနေပြီဆိုတဲ့ သဘောလား”
ဧကရာဇ်ပိုရွှင်းက ဒေါသထွက်နေပုံ မရဘဲ အပြုံးတစ်ခုနှင့်အတူ မေးလိုက်၏။
ကောင်းကင်ဘုံဝံပုလွေက ဆတ်ခနဲ တုန်ယင်သွား၏။
ဧကရာဇ်ပိုရွှင်းက ပြုံးနေသော်လည်း ကောင်းကင်ဘုံဝံပုလွေက အရမ်းကို ကြောက်လန့်နေပြီး ငိုချတော့မည့်ဆဲဆဲဖြစ်၏။
“သခင်.. သခင်ဟောင်း… ကျုပ်က ခင်ဗျား သေသွားပြီလို့ ထင်ခဲ့တာ.. အဲဒါကြောင့်…”
ကောင်းကင်ဘုံဝံပုလွေ၏ အသံက အနည်းငယ် ငိုသံပါနေပြီး သူက အလောတကြီး ရှင်းပြနေ၏။
“ခင်ဗျား အသက်ရှင်နေသေးမယ်ဆိုတာ ကျုပ်သိမယ်ဆိုရင် ကျုပ်က ခင်ဗျားကို သေချာပေါက် သစ္စာဖောက်မှာ မဟုတ်ဘူး.. နောက်ထပ် သခင်တစ်ယောက်ကိုလည်း ရှာမှာ မဟုတ်ဘူး”
“အဲဒါက ဘာမှ မဖြစ်ပါဘူး”
ဧကရာဇ်ပိုရွှင်းက ညင်သာစွာ လက်ကာပြပြီး ပြုံးပြလိုက်၏။
“မင်းက မင်းရဲ့ လွတ်လပ်မှုကို ပြန်ရပြီး နောက်တစ်ဖန် ကျင့်ကြံဖို့ ကံပါလာခဲ့တာပဲ.. ငါ မင်းကို ဘာလို့ အပြစ်တင်ရမှာလဲ”
ကောင်းကင်ဘုံဝံပုလွေက ခဏမျှ မှင်တက်သွား၏။ သူ၏ မျက်လုံးထဲရှိ အကြောက်တရားက လုံးဝ လျော့ကျမသွားဘဲ သူက မြေပြင်ပေါ်မှာ နာခံစွာ ဝပ်တွား၍ လှုပ်ရှားရဲခြင်း မရှိပေ။
“မင်းက စိတ်ခံစားချက် ၇မျိုးရဲ့ လက်ရှိသခင် ဖြစ်ရမယ် ဟုတ်တယ်မလား”
ဧကရာဇ်ပိုရွှင်း၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံသို့ ရောက်ရှိသွားပြီး ပြုံး၍ မေးလိုက်၏။
“ဟုတ်ပါတယ်”
သိုင်းတာအိုပင်မခန္ဓာက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ကာ ဦးညွှတ်လိုက်၏။
“မင်္ဂလာပါ စီနီယာ.. ကျုပ်က အထီးကျန်သိုင်းသခင်ပါ”
“ဓလေ့ထုံးတမ်းတွေ လုပ်နေစရာ မလိုပါဘူး”
ဧကရာဇ်ပိုရွှင်းက သူ၏ မျက်လုံးထဲရှိ ချီးကျူးလိုမှုနှင့်အတူ အနည်းငယ် ခေါင်းညိတ်လိုက်၏။
“မင်းက ဒီလောက် ငယ်တဲ့ အသက်အရွယ်နဲ့ ကျိတုဆေဘာရဲ့ အာရုံ ၆ပါး စွမ်းအားကို ခံနိုင်ရည် ရှိနေတယ်.. လူငယ်မျိုးဆက်တွေက တကယ့်ကို ထူးချွန်ထက်မြက်လာတာပဲ”
“မင်းနောက်ကို လိုက်ပါခွင့်ရတာ စိတ်ခံစားချက် ၇မျိုးရဲ့ နောက်ခံကို ဂုဏ်မငယ်စေဘူးပဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်တက်သွား၏။
သူ့ရှေ့မှာ ရှိသော ဧကရာဇ်ပိုရွှင်းသည် မေတ္တာတရား ကြီးမားသော အကြီးအကဲတစ်ယောက်နှင့် ပိုတူနေ၏။ သူ့ထံမှာ ကြမ်းကြုတ်ခက်ထန်သော မည်သည့် အငွေ့အသက်မှ မရှိဘဲ ညင်သာသော အကြည့်တစ်ခုနှင့် သဘောထားကြီးမားသော နှလုံးသားတစ်ခုသာ ရှိနေ၏။
သူသည် ဤလူ၏ သရုပ်သကန်ကို သိရှိမထားခဲ့လျှင် သူ့ရှေ့မှာ ရှိသော လူသည် ဗုဒ္ဓကျောင်းတော်များ၏ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်တစ်ပါးဖြစ်သည်ဟု သိုင်းတာအိုပင်မခန္ဓာက တွေးမိပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေက ဘေးဘက်မှာ ဝပ်တွားနေပြီး သူ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ခိုးကြည့်နေ၏။
သူ့မှာ ပြောစရာ အရာများ မရေမတွက်နိုင်အောင် ရှိလေသည်။ သို့သော်လည်း သူ၏ ဘေးမှာ ဧကရာဇ်ပိုရွှင်း ရှိနေသည့်အတွက် သူသည် မဆင်မခြင် ပြုမူရဲခြင်း သို့မဟုတ် မဟုတ်မဟပ် အတွေးများ ထားရဲခြင်း မရှိပေ။