← Chapters

အပြောင်းအလဲ

Vol. 154 Ch. 2308

အပြောင်းအလဲ

Vol. 154 Ch. 2308

ဧကရာဇ်ပိုရွှင်းသည် သူ၏ ပိန်ပါးသောလက်ဖဝါးကို ဆန့်ထုတ်ပြီး သူ၏ ရှေ့မှာ ညင်သာစွာလွှဲယမ်းကာ မကောင်းဆိုးဝါးဆန်ဆန်လေပြင်းတစ်ချက်နှင့်အတူ ဘယ်ဆီဘယ်ဝယ်မသိရသောနေရာတစ်ခုဆီသို့ ဦးတည်နေသည့် နက်မှောင်နေသောအက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်၏။

“အာကာသဥမင်”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

ဧကရာဇ်ပိုရွှင်းက ပြောလိုက်၏။

“ဒီအာကာသဥမင်က အဝီစိမှာပဲ ဖြတ်သန်းသွားလာနိုင်တယ်... ဒါပေမဲ့ အဲ့ဒါက မဟာအဝီစိရဲ့ သက်ရောက်မှုကနေ မထွက်ခွာနိုင်ဘူး”

“ငရဲဖိနှိမ်မီးဖိုသာရှိနေသေးပြီး အဝီစိက အားနည်းချက်မရှိဘူးဆိုရင် ငါတောင်မှ ဒီအာကာဥမင်ကို ဖွင့်လှစ်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး”

ထိုသို့ပြောရင်း ဧကရာဇ်ပိုရွှင်းသည် အာကာသဥမင်ထဲသို့ အရင်ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။

ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာကိုကြည့်လိုက်၏။ သူက စကားမပြောရဲသော်လည်း သတိထားနေဖို့အကြည့်ဖြင့်အချက်ပြကာ ထပ်ကြပ်မကွာလိုက်ပါပြီး အာကာသဥမင်ထဲသို့ ဝင်ရောက်သွား၏။

ကောင်းကင်ဘုံဝံပုလွေ၏ သတိပေးမှုမရှိလျှင်တောင် ဧကရာဇ်ပိုရွှင်းသည် ယန်ပေးချန်ကို ဉာဏ်အလင်းဖွင့်ပေးပြီးနောက် သိသိသာသာပြောင်းလဲသွားသည်ကို သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိလိုက်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာမှာ မည်သည့်ထွက်ပေါက်မှ မရှိပေ။ ခဏမျှစဥ်းစားတွေးတောပြီးနောက် သူကလည်း အာကာသဥမင်ထဲသို့ ဝင်ရောက်လိုက်၏။

နောက်ခဏ၌ ဧကရာဇ်ပိုရွှင်း၊ သိုင်းတာအိုပင်မခန္ဓာ၊ ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်တို့သည် အာကာသဥမင်ထဲကနေ နောက်တစ်ဖန်ထွက်ခွာပြီး နောက်ထပ်နေရာလွတ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာလွတ်သို့ ရောက်ရှိလာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာသည် ပြင်းထန်အားကောင်းသည့် ချောက်ချားစရာခံစားချက်တစ်ခုကို ရရှိနေပြီး သူ၏ နှလုံးက အထိန်းအကွပ်မဲ့စွာ ခုန်လာခဲ့၏။

သူတို့၏ အောက်ဘက်မှာ အဆုံးမဲ့ချောက်နက်တစ်ခုရှိနေပြီး သူတို့က သတိတစ်ချက်ပေါ့လျော့သွားသည်နှင့် အသက်ရှင်ဖို့မျှော်လင့်ချက်မရှိဘဲ ထိုထဲသို့ ကျဆင်းသွားနိုင်သည့်အလားပင်။

တကယ်ဆို သိုင်းတာအိုပင်မခန္ဓာသည် အသက်ရှုဖို့ပင် ခက်ခဲလာသည်ကို တွေ့လိုက်ရ၏။

ဤခံစားချက်သည် အဝီစိသို့ သူပထမဆုံးဝင်ရောက်ခဲ့သည်ကထက်ပင် ပို၍ဆိုးဝါးနေ၏။

သူက အလိုလိုအောက်ကိုငုံ့ကြည့်လိုက်၏။

သူ၏ အောက်ဘက် မလှမ်းမကမ်းမှာ ဧရာမဝဲကတော့တစ်ခုက လွင့်မျောနေ၏။ အဲ့ဒါသည် မင်ကဲ့သို့နက်မှောင်နေပြီး သက်ရှိများအားလုံးကို ဝါးမျိုနိုင်သည့် တံခါးပေါက်တစ်ခုနှင့် ဆင်တူလေသည်။

ထိုတံခါးပေါက်က လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာစွမ်းအားကို ပိုင်ဆိုင်ထားပြီး သိုင်းတာအိုပင်မခန္ဓာကို အဆက်မပြတ်ဆင့်ခေါ်ကာ သူ့ကိုဆွဲယူသွင်းချင်နေပုံရ၏။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ချက်မျှသာကြည့်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က တံခါးပေါက်၏ ဝါးမျိုခြင်းခံရတော့မည်ဟု ခံစားနေရ၏။

“အဲ့ဒါက အဝီစိဂိတ်တံခါးပဲ”

ဧကရာဇ်ပိုရွှင်း၏ အသံက ထွက်ပေါ်လာပြီး သူ၏ လေသံက မကောင်းဆိုးဝါးဆန်လာခဲ့ပြီဖြစ်၏။

“မင်းက အဲ့ဒီတံခါးထဲကို ဝင်သွားတာနဲ့ မင်းက အစစ်အမှန်မဟာအဝီစိကို ရောက်ရှိသွားလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာသည် သူ့ကိုယ်သူဣ​န္ဒြေဆယ်ပြီး အဝီစိဂိတ်တံခါး၏ သက်ရောက်ခြင်းမရခံရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။

မဟာအဝီစိကို အနန္တမဟာဧကရာဇ်၏ ခန္ဓာကိုယ်ကနေ အသွင်ပြောင်းလဲထားပြီး သိုင်းတာအိုပင်မခန္ဓာသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို စိတ်ထဲကနေရွတ်ဆိုနေ၏။ သူ့အပေါ် အဝီစိဂိတ်တံခါး၏ သက်ရောက်မှုက သိသိသာသာလျော့ကျသွား၏။

အခြားတစ်ဘက်မှာတော့ ဧကရာဇ်ပိုရွှင်းသည်လည်း အဝီစိဂိတ်တံခါး၏ ဆင့်ခေါ်ခြင်းဖြင့် ကြီးမားစွာ သက်ရောက်ခြင်းခံနေရသည်မှာ သိသာလေသည်။

အနက်ရောင်ချီက သူ၏ မျက်လုံးထဲမှာ တလိပ်လိပ်ထိုးတက်လာ၏။

တစ်ခါတစ်ရံမှာ သူ၏ ပိန်လှီသောမျက်နှာက ခံ့ညားထည်ဝါ၍ ဘုန်းကြီးတစ်ပါး၏ အကြည့်နှင့် တူလေသည်။ တစ်ခါတစ်ရံမှာ သူသည် ကြောက်စရာကောင်း၍ ကြမ်းကြုတ်ခက်ထန်သော မိစ္ဆာဆန်ဆန်အကြည့်ကို ပိုင်ဆိုင်လာတတ်၏။

သူ၏ ခန္ဓာကိုယ်တွင်းမှာ ပဋိပက္ခတစ်ခုဖြစ်ပွားနေသည့်အလား သူ၏ ဗုဒ္ဓနှင့် မိစ္ဆာသဘာဝက တစ်လှည့်စီပြောင်းလဲနေ၏။

“သခင်ဟောင်း... ကျုပ်တို့အပြင်ကို ဘယ်လိုထွက်ရမှာလဲ... ဒီနေရာကနေ မြန်မြန်ထွက်ကြရအောင်”

ထိုသည်ကို တွေ့မြင်သောအခါ ကောင်းကင်ဘုံဝံပုလွေက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး မနေနိုင်တော့ဘဲ လောဆော်လိုက်၏။

ဧကရာဇ်ပိုရွှင်း၏ မျက်နှာတစ်ခြမ်းကို ဗုဒ္ဓဝါဒီဂိုဏ်းများမှရွှေရောင်အလင်းတစ်လွှာဖြင့် ဖုံးအုပ်ထားပုံရလေသည်။ သူ၏ မျက်နှာတစ်ခြမ်းက ကြောက်စရာကောင်းသောပုံစံဖြင့် တလိပ်လိပ်ထိုးတက်လာနေသော အနက်ရောင်မိစ္ဆာချီဖြင့် ပြည့်နှက်နေ၏။

ဧကရာဇ်ပိုရွှင်းသည် သူ၏ အင်္ကျီလက်စနှစ်ဖက်ကိုဝေ့ယမ်းပြီး သူ၏ ဦးခေါင်းထက်မှာ စင်္ကြံလမ်းတစ်ခုကို ဖန်တီးလိုက်၏။

ရုတ်တရက် အဆုံးမဲ့ကောင်းကင်နှင့်မြေကြီးအမြုတေချီက နွေးထွေးမှုနှင့် နေ့အလင်းရောင်တစ်စွန်းတစ်စနှင့်အတူ တလိပ်လိပ်တိုးဝင်လာ၏။

စင်္ကြံလမ်းက အဝီစိ၏ အပြင်ဘက်ဆီသို့ ဦးတည်နေ၏။

ကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးက ဝင်းလက်သွား၏။

ထိုစဥ်မှာပင် ဧကရာဇ်ပိုရွှင်း၏ ရွှေရောင်မျက်နှာတစ်ခြမ်းက အနက်ရောင်သို့ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပြီဖြစ်၏။

သူ၏ မျက်လုံးများက ပိန်းပိတ်အောင်နက်မှောင်သွားပြီး သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်လာခဲ့၏။

“စိတ်ခံစားချက်၇မျိုး... မင်းငါ့ကို အခုသခင်​ဟောင်းလို့ ခေါ်လိုက်တာလား”

ဧကရာဇ်ပိုရွှင်း၏ အသံက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။

“မင်းငါ့ကို ဘယ်လိုတောင် သစ္စာဖောက်ရဲတာလဲ”

“မြန်မြန်လုပ်... ပြေးတော့”

ကောင်းကင်ဘုံဝံပုလွေက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ယန်ပေးချန်ကိုတင်ဆောင်ကာ သူတို့၏ အထက်ရှိ စင်္ကြံလမ်းဆီသို့ ပြေးလွှားသွားလေသည်။

သိုင်းတာအိုပင်မခန္ဓာကလည်း ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွား၏။

ဧကရာဇ်ပိုရွှင်းသည် စောစောက ထိုငရဲငယ်မှာ ယန်ပေးချန်ကို ကယ်တင်ခဲ့ပြီး ကြင်နာတတ်၍ သဘောထားကြီးမားသည့်စီနီယာတစ်ယောက်နှင့် တူနေသည်မှာ သူသည် စောစောက သူ၏ ဗုဒ္ဓသဘာဝကို ထုတ်ဖော်ထားသောကြောင့်ဖြစ်၏။

သို့သော်လည်း ဧကရာဇ်ပိုရွှင်းသည် ယန်ပေးချန်ကို ဗုဒ္ဓကြမ္မာသုတ္တန်သင်ကြားပေးပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာသဘာဝက တဖြည်းဖြည်းပေါ်ထွက်လာကာ အသာစီးရရှိလာ၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဧကရာဇ်ပိုရွှင်း၏ မိစ္ဆာသဘာဝက အပြည့်အဝစုဖွဲ့မလာသေးပေ။

သူတို့သည် အဝီစိဂိတ်တံခါး၏ အထက်သို့ ရောက်ရှိလာသောအခါ ဧကရာဇ်ပိုရွှင်း၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာသဘာဝက နှိုးဆွခံလိုက်ရပြီး ထိန်းချုပ်မှုကို ရယူလာခဲ့၏။

ဧကရာဇ်ပိုရွှင်း၏ မိစ္ဆာသဘာဝက ကောင်းကင်ဘုံဝံပုလွေ၏ သစ္စာဖောက်မှုကို သည်းခံလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေ၏ သခင်အသစ်ဖြစ်၏။

ဧကရာဇ်ပိုရွှင်း၏ မိစ္ဆာသဘာဝသည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကိုလည်း သည်းခံလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံဝံပုလွေ စူးစူးဝါးဝါး အော်ဟစ်လိုက်သည့် တစ်ချိန်တည်းနီးပါးမှာပင် သိုင်းတာအိုပင်မခန္ဓာကလည်း လှုပ်ရှားမှုပြုလုပ်ပြီး စင်္ကြံလမ်းထဲသို့ပြေးဝင်သွား၏။

“ထွက်ပြေးဖို့ကြိုးစားနေတာလား”

ဧကရာဇ်ပိုရွှင်း၏ ပတ်လည်မှာ မိစ္ဆာချီများက ရစ်ပတ်လာပြီး ရုတ်တရက် သူ၏ လက်ကို ဆန့်ထုတ်ကာ သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေပေါ်သို့ အုပ်မိုးလိုက်လေသည်။

ရုတ်တရက်ဆန်သော ပြောင်းလဲမှုက ဆိုင်းမဆင့်ဗုံမဆင့် ဆင်းသက်ရောက်ရှိလာခဲ့၏။

ဒါ့အပြင် ဤပြောင်းလဲမှုသည် သိုင်းတာအိုပင်မခန္ဓာ၊ ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်တို့ကို ဤနေရာမှာပင် သေဆုံးသွားစေဖို့ လုံလောက်လေသည်။

သူတို့သည် ဧကရာဇ်တစ်ပါး၏ စွမ်းပကားကို လုံးဝမခုခံနိုင်ပေ။

ထိုစဥ်မှာပင် ဘေးတစ်ဘက်လေဟာနယ်က ရုတ်တရက်ကွဲထွက်သွားပြီး ရွှေရောင်ဗုဒ္ဓအလင်းတစ်ခုက ပေါ်ထွက်လာ၏။ အဲ့ဒါက တဖျတ်ဖျတ်တလက်လက် တောက်ပနေပြီး ဧကရာဇ်ပိုရွှင်း၏ လက်ကို ခုတ်ပိုင်းချလိုက်၏။

ဖောက်...

ဧကရာဇ်ပိုရွှင်း၏ လက်တံတစ်ခုလုံးက ဖြတ်တောက်ခံလိုက်ရ၏။

သို့သော်လည်း သူ့လက်ပေါ်ရှိဒဏ်ရာကနေ မည်သည့်သွေးကမှ ထွက်မလာခဲ့ပေ။ အနက်ရောင်ချီက တလိပ်လိပ်ထိုးတက်လာပြီး ပြတ်တောက်သွားသောလက်က မိစ္ဆာချီဖြင့် လွှမ်းခြုံခြင်းခံလိုက်ရ၏။ တစ်ခဏချင်းမှပင် အသစ်စက်စက်လက်တစ်ဖက်က ပေါ်ထွက်လာ၏။

ရွှေရောင်ဗုဒ္ဓအလင်းက ဘာဖြစ်ပြီး အဲ့ဒါက ဘယ်နေရာကနေရောက်ရှိလာသည်ကို သိုင်းတာအိုပင်မခန္ဓာက စဥ်းစားနေဖို့ အချိန်မရပေ။ ထိုတဒင်္ဂအခွင့်အရေးကိုချိန်ဆပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် အဝေးသို့ပြေးထွက်ကာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက သူတို့ရှေ့မှာ ပို၍ကြွယ်ဝရှင်းလင်းလာ၏။ သူတို့က စင်္ကြံလမ်း၏ ထွက်ပေါက်နှင့် နီးကပ်လာခဲ့လေပြီ။

“ဟမ့်...”

ဧကရာဇ်ပိုရွှင်းက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“မင်းက သေသွားခဲ့တာ ဒီလောက်ကြာပြီးတာတောင် ငါ့ကိုခြောက်လှန့်ချင်နေတုန်းပဲလား”

ဧကရာဇ်ပိုရွှင်းထံမှ အတွေးတစ်ချက်နှင့်အတူ လေထဲမှာရှိသော စင်္ကြံလမ်းက လျင်မြန်စွာ ပိတ်ဆို့လာပြီး ဝင်ပေါက်ဝမှာရှိသော အလင်းရောင်ကလည်း အလျင်အမြန်မှေးမှိန်လာခဲ့၏။

စင်္ကြံလမ်းပိတ်ဆို့သွားပါက သိုင်းတာအိုပင်မခန္ဓာ၊ ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်တို့သည် ဤမကောင်းဆိုးဝါးဆန်သောအဝီစိသို့ နောက်တစ်ဖန် ကျဆင်းသွားမည့်သဘောဖြစ်လေသည်။

ရွှေရောင်ဗုဒ္ဓအလင်းက နောက်တစ်ဖန်ပေါ်ထွက်လာပြီး စင်္ကြံလမ်း၏ ဝင်ပေါက်ဝမှာ လှည့်ပတ်ကာ အဲ့ဒါကို ထိန်းထားဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။

ဧကရာဇ်ပိုရွှင်း၏ စွမ်းအားကြီးမားသောစိတ်ဆန္ဒအောက်မှာ စင်္ကြံလမ်း၏ ထွက်ပေါက်က ပိတ်ဆို့လာဆဲဖြစ်သော်လည်း ၎င်း၏ အလျင်အဟုန်က သိသိသာသာနှေးကွေးသွား၏။

“မြန်မြန်...မြန်မြန်လုပ်”

ကောင်းကင်ဘုံဝံပုလွေက အလောတကြီးလောဆော်ပြီး သူ၏ အစွမ်းကုန်ဖြင့် ပြေးလွှားနေ၏။

ဧကရာဇ်ပိုရွှင်း၏ အမူအရာက အေးစက်နေပြီး သူက ခက်ထန်စွာပြောလိုက်၏။

“အနန္တ... မင်းရဲ့အကြွင်းအကျန်ဝိညာဥ်တစ်ပိုင်းတစ်စနဲ့ ငါ့ကိုတားဆီးနိုင်မှာ မဟုတ်ဘူး... ဘယ်သူကမှ ငါ့လက်ကနေ မလွတ်မြောက်နိုင်စေရဘူး”

သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တည်မြဲခိုင်မာသော မိစ္ဆာချီစီးကြောင်းတစ်ခုက နွားတစ်ကောင်ကိုဝါးမျိုနေသည့် ဝေလငါးတစ်ကောင်ကဲ့သို့ သူ၏ ပါးစပ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် သူတို့၏ ခန္ဓာကိုယ်များကိုဆွဲယူနေသည့် မနှိုင်းယှဥ်သာအောင်စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ခံစားမိလိုက်၏။

စင်္ကြံလမ်း၏ ထွက်ပေါက်က သူတို့၏ ရှေ့တည့်တည့်မှာရှိနေသော်လည်း သူတို့သည် မည်သို့ပင်လှုပ်ရှားရုန်းကန်သည်ဖြစ်စေ မလွတ်မြောက်နိုင်ဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် မာန်သွင်းအော်ဟစ်ပြီး ရုတ်တရက် လျှို့ဝှက်အတတ်တစ်ခုကို လှည့်ပတ်လိုက်၏။ ခရမ်းရောင်ရောင်လျှံစက်ဝန်း ၉ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းစာလုံးများက သိပ်သည်စုဖွဲ့လာခဲ့၏။

ဧကရာဇ်ပိုရွှင်းသည် အဝီစိနှင့် အပြင်လောကကြားမှာ စင်္ကြံလမ်းတစ်ခုကို ယခုတင်ဖွင့်လှစ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီက အတွင်းကို တလိပ်လိပ်တိုးဝင်လာကာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို ပြန်လည်ရရှိလာ၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ၎င်း၏ မျိုးဆက်သွေးကို အကန့်အသတ်ထိလှည့်ပတ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေ ကောင်းကင်နှင့်မြေကြီးမီးဖိုကို ထုတ်ဖော်လိုက်၏။

ကံကြမ္မာစက်ကွင်း ၉ခု နှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်၏။

သူ၏ ခွန်အားသည် ဧကရာဇ်ပိုရွှင်းထံမှ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိဘူးဆိုတာ သိုင်းတာအိုပင်မခန္ဓာက သိရှိထားလေသည်။

သူသည် ထိုနည်းလမ်းများကို ထုတ်ဖော်ပြီးနောက် တစ်ခဏမျှခုခံနိုင်ဖို့သာ မျှော်လင့်ထားလေသည်။

ထိုနည်းလမ်းများကို ထုတ်ဖော်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေက စင်္ကြံလမ်း၏ ထွက်ပေါက်နှင့် ပို၍နည်းကပ်လာခဲ့ပြီး ​ခြေတစ်လှမ်းသာလိုတော့လေသည်။

သို့သော်လည်း အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေ မည်သို့ပင်ကြိုးစားသည်ဖြစ်စေ မဖြတ်ကျော်နိုင်သည့်ခြေတစ်လှမ်းလိုဖြစ်နေ၏။

All Chapters