နိမိတ်ဖတ်ခဲ့ခြင်း
Vol. 154 Ch. 2309
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ပါးစပ်ကို နောက်တစ်ဖန်ဖွင့်ဟပြီး ဗုဒ္ဓသုတ္တန်များကို ရွတ်ဆိုလိုက်၏။
“ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်”
ရွှေရောင်သက္ကတစာလုံးများက သူ၏ ပတ်လည်မှာ စုစည်းလာပြီး သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားကာ သူ့ကို ဧကရာဇ်ပိုရွှင်း၏ ထိန်းချုပ်မှုကနေ ယာယီအားဖြင့် လွတ်မြောက်သွားစေ၏။ သူက ကောင်းကင်ဘုံဝံပုလွေပို ဖမ်းဆွဲပြီး စင်္ကြံလမ်း၏ ဝင်ပေါက်ဝဆီသို့ နောက်ထပ်ခြေလှမ်းဝက် တိုးလိုက်၏။
“ဟမ်...”
ဧကရာဇ်ပိုရွှင်း၏ အမူအရာက ပြောင်းလဲသွား၏။
“မင်းက... အနန္တမဟာဧကရာဇ်ရဲ့ ကျင့်ကြံရေးနည်းစနစ်ကို သိရှိထားတယ်ဆိုမှတော့... ငါကမင်းကိုပိုလို့တောင် ထွက်ခွာခွင့်မပေးနိုင်တော့ဘူး”
သူ၏ မျက်လုံးများက နက်ရှိုင်းလာပြီး နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ လေဟာနယ်ကနေတစ်ဆင့် သူ၏လက်ဖဝါးကနေ မိစ္ဆာချီများ ပစ်လွင့်ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပတ်လည်မှာ နက်မှောင်နေသော နွယ်ပင်များကဲ့သို့ ရစ်ပတ်လိုက်၏။
ဧကရာဇ်ပိုရွှင်း၏ မိစ္ဆာချီများဖြင့် ရစ်ပတ်ခြင်းခံရပြီးနောက် သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိုင်းတာအိုပင်မခန္ဓာက နားလည်သိရှိလိုက်၏။
စောစောက ဧကရာဇ်ပိုရွှင်း၏ တိုက်ခိုက်မှုကနေ ခုခံရန် ကူညီပေးခဲ့သည့် ရွှေရောင်ဗုဒ္ဓအလင်းကလည်း မှေးမှိန်သွားပြီဖြစ်၏။ အဲ့ဒါက ဆက်လက်၍တောင့်မခံနိုင်တော့သည်မှာ သိသာလေသည်။
စင်္ကြံလမ်း၏ ဝင်ပေါက်ဝက ပိတ်ဆို့တော့မည့်ဆဲဆဲဖြစ်၏။
ရုတ်တရက်ကောင်းကင်ဘုံဝံပုလွေသည် သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။
ဘာကြောင့်ရယ်မသိ အောက်ဘက်မှာရှိသော စုပ်ယူအားက ပျောက်ကွယ်သွား၏။
ကောင်းကင်ဘုံဝံပုလွေသည် ယန်ပေးချန်ကိုတင်ဆောင်ပြီး စင်္ကြံလမ်းထဲကနေ ချက်ချင်းပင် ပြေးထွက်လိုက်၏။ သူက အလိုလိုလှည့်ကြည့်လိုက်ပြီး သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ အနက်ရောင်နွယ်ပင်များက ပို၍တိုးလာသည်ကို တွေ့မြင်လိုက်ရ၏။ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကနေဖြစ်ပေါ်လာသည့် ရွှေရောင်သက္ကတစာလုံးများက လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့လေပြီ။
အဲ့ဒါက ပြီးသွားပြီဖြစ်၏။
ကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးများက ပြူးကျယ်၍ သူက ရင်ထဲမှာ ဆို့နင့်သွား၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သူကနားလည်သဘောပေါက်လိုက်၏။
“မြန်မြန်သွားတော့”
သိုင်းတာအိုပင်မခန္ဓာက လှမ်းအော်ပြောလိုက်၏။
“ယန်ပေးချန်ကို ကာကွယ်ပေး”
သူတို့သည် အဝီစိကနေလွတ်မြောက်နိုင်သည်နှင့်အမျှ မဟာထျဲဝေတောင်ကိုစောင့်ကြပ်နေသည့် အဆူရာကျောင်းတော်ကိုယ်တော်များက ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေကို သေချာပေါက်သတိထားမိပေလိမ့်မည်။
ထိုအချိန်ကျလျှင် သုခဘုံသန့်စင်ကုန်းမြေမှာ ကောင်းကင်ဘုံဘုရင်များ သို့မဟုတ် ဧကရာဇ်များပင်လျှင် ပေါ်ထွက်လာနိုင်၏။
ဧကရာဇ်ပိုရွှင်းသည် အဝီစိမှာ ဤမျှအထိ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့၏။
သူက အသက်ရှင်နေသေးသည်ဆိုလျှင်တောင် သူ့အနေဖြင့် သူ၏ တိုက်ခိုက်ရည်ခွန်အား အထွတ်အထိပ်ကို ပြန်လည်ရရှိနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
ဗုဒ္ဓကျောင်းတော်များ၏ ဧကရာဇ်ပညာရှင်များက သတိထားမိလာသည်နှင့်အမျှ ဧကရာဇ်ပိုရွှင်းသည် ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်ကို အရေးလုပ်နိုင်တော့မည် မဟုတ်ပေ။
သူတို့နှစ်ယောက်က အသက်ရှင်ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။
စင်္ကြံလမ်း၏ ထွက်ပေါက်က ပိတ်ဆို့လာသည့် ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို သုံးကာ ကောင်းကင်ဘုံဝံပုလွေ၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ သူ့ထည့်သွင်းထားသည့် ချုပ်နှောင်မှုကို ပယ်ဖျက်ပေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေပေါ် စိတ်ခံစားချက်များစွာမရှိပေ။
သို့သော်လည်း ဤကဲ့သို့သော အခြေအနေအောက်မှာ ကောင်းကင်ဘုံဝံပုလွေကသာ ယန်ပေးချန်ကို ကာကွယ်ပြီး မိစ္ဆာမဟာနယ်မြေသို့ အသက်ရှင်လျက် ပြန်ခေါ်သွားနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံဝံပုလွေသည် သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှ အချုပ်အနှောင်များက ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။
စင်္ကြံလမ်း၏ ထွက်ပေါက်က လက်သီးဆုပ်အရွယ်သို့ ကျုံ့ဝင်သွားခဲ့ပြီဖြစ်၏။
ထိုအပေါက်ကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်ကို တွေ့မြင်နိုင်နေသေး၏။ သူက မရေမတွက်နိုင်သော အနက်ရောင် နွယ်ပင်များဖြင့် နစ်မြုပ်သွားခဲ့ပြီဖြစ်ပြီး အဆုံးမဲ့ချောက်နက်ထဲသို့ ကျဆင်းသွားလေသည်။
စင်္ကြံလမ်း၏ ထွက်ပေါက်က လုံးလုံးလျားလျား ပိတ်ဆို့သွားပြီး လေဟာနယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သိုင်းတာအိုပင်မခန္ဓာက အဝီစိမှာ ထာဝရနေရပေတော့မည်။
ဘာ့ကြောင့်ရယ်မသိ ကောင်းကင်ဘုံဝံပုလွေ၏ စိတ်နှလုံးက လှုပ်ရှားယိမ်းယိုင်သွား၏။ မကြုံစဖူးခံစားချက်တစ်ခုက သူ၏ ရင်ထဲမှာ လှိုက်တက်လာခဲ့၏။
ဘယ်တုန်းကမှ သူအမှန်တကယ်အသိအမှတ်မပြုခဲ့သည့် ဤသခင်၏ နောက်ဆုံးအပြုအမူသည် သူ့ကို ထာဝရလွတ်မြောက်ခွင့်ပေးလိုက်ခြင်းဖြစ်လေသည်။
ကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးများက နီရဲလာပြီး သူက အံကိုကြိတ်ကာ သူ့ဘာသာသူတွေးလိုက်၏။
‘မပူပါနဲ့... ကျုပ်အသက်ရှင်နေသရွေ့ ကျုပ်ကယန်ပေးချန်ကို သေချာပေါက်ကာကွယ်ပေးမှာပါ’
ကောင်းကင်ဘုံဝံပုလွေက ရပ်တန့်ခြင်းမရှိဘဲ တစ်လမ်းလုံး ပြေးလွှားနေ၏။
ယန်ပေးချန်ကို တင်ဆောင်ရင်း သူသည် စင်္ကြံလမ်းကနေထွက်ကာ အဝီစိကနေလွတ်မြောက်လာခဲ့ပြီး မဟာထျဲဝေတောင်ရှိရာသို့ ပြေးလွှားနေ၏။
တစ်ဘက်မှာတော့ မဟာထျဲဝေတောင်ပေါ်မှ အဆူရာကျောင်းတော်ကိုယ်တော်များသည်လည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လေထဲသို့ပျံတက်လာကာ ထျဲဝေတောင်ရှိရာဘက်ကို ကြည့်နေကြ၏။
အဆူရာကျောင်းတော်ကိုယ်တော်များသည် အဝီစိ၏ အပြင်ဘက်မှာ အာကာသဥမင်တစ်ခုပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။
“ဘာတွေဖြစ်နေတာလဲ... တစ်ယောက်ယောက်က အဝီစိကနေစင်္ကြံလမ်းတစ်ခုကို ဖန်တီးလိုက်နိုင်တာလား”
“မဖြစ်နိုင်ဘူး... အဝီစိမှာ ဘယ်လိုလုပ် သက်ရှိတွေ ရှိနေမှာလဲ”
“မကြာသေးခင်အချိန်တုန်းက ငွေရောင်မျက်နှာဖုံးနဲ့ ခရမ်းရောင်ဝတ်အမျိုးသားတစ်ယောက်ရယ်... လမင်းဝါးမျို ကောင်းကင်ဘုံဝံပုလွေတစ်ကောင်ရယ်က အဝီစိကိုဝင်ရောက်သွားတာ မမေ့လိုက်နဲ့”
“သူတို့က အသက်ရှင်နေသေးတယ်လို့ မင်းပြောချင်တာလား”
အဆူရာကျောင်းတော်ကိုယ်တော်များက အသည်းအသန်ဆွေးနွေးနေကြ၏။
ထျဲဝေတောင်၏ အဝီစိမှာ တစ်ခုခုဖြစ်ပျက်နေပုံရသည်ကို လူတိုင်းက အာရုံခံမိနိုင်၏။
“ကျုပ်တို့တစ်ချက်သွားကြည့်ကြမလား”
ကိုယ်တော်တစ်ပါးက အကြုံပြုလိုက်၏။
အဆူရာကျောင်းတော်ကိုယ်တော်များက တွေဝေတုံ့ဆိုင်းနေစဥ်မှာပင် ထျဲဝေတောင်အထက် ထွက်ပေါက်ကနေ ငွေရောင်အလင်းနှင့်ပုံရိပ်တစ်ခုက ပျံသန်းလာ၏။
ဟာ...
အဆူရာကျောင်းတော်ကိုယ်တော်များက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွား၏။
အဝီစိကနေ ထွက်ပြေးလွတ်မြောက်လာသော သက်ရှိများက အမှန်တကယ်ပင်ရှိနေ၏။
အဲ့ဒါသည် တားမြစ်ချက်တချို့ကို ချိုးဖောက်လိုက်သည့် သမိုင်းထဲမှာ မကြုံစဖူး ထူးခြားသည့် အခြေအနေတစ်ရပ်ဖြစ်၏။
“အဲ့ဒါက ဟို လမင်းဝါးမျို ကောင်းကင်ဘုံဝံပုလွေပဲ”
အဆူရာကျောင်းတော်ကိုယ်တော်တစ်ပါးက ကောင်းကင်ဘုံဝံပုလွေကို မှတ်မိသွားပြီး အံ့အားတသင့်ပြောလိုက်၏။
“အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲ”
“ဒီကောင်းကင်ဘုံဝံပုလွေက ကောင်းကင်အမြုတေနယ်ပယ်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... သူက အဝီစိကနေ အသက်ရှင်လျက် ဘယ်လိုထွက်လာနိုင်တာလဲ”
“ဟိုအာကာသဥမင်ကကော ဘာသဘောလဲ”
“ဒီလမင်းဝါးမျို ကောင်းကင်ဘုံဝံပုလွေရဲ့စွမ်းအားအရဆို... သူက အာကာသဥမင်တစ်ခုကို ဖွင့်လှစ်နိုင်စရာအကြောင်းမရှိဘူး”
အဆူရာကျောင်းတော်မှကိုယ်တော်များ ဆွေးနွေးငြင်းခုံနေစဥ်မှာပင် ကောင်းကင်ဘုံဝံပုလွေက ကျောပေါ်မှာလူတစ်ယောက်ကို တင်ဆောင်ပြီး အလွန်တရာမြန်ဆန်သော အလျင်အဟုန်ဖြင့် ပျံသန်းလာနေ၏။
“စီနီယာအစ်ကို... ကျုပ်တို့ သူ့ကိုတားရမလား”
ကိုယ်တော်တစ်ပါးက ညင်သာစွာမေးလိုက်၏။
“သူ့ကို ဘယ်သူက တားမှာလဲ”
ဘေးဘက်မှာရှိသော အဆူရာကျောင်းတော်ကိုယ်တော်တစ်ပါးက အကြောက်မပြေသေးဟန်ဖြင့် ပြောလိုက်၏။
“ဒီကောင်းကင်ဘုံဝံပုလွေရဲ့ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားဘူးဆိုတာ တကယ်ပဲ... ဒါပေမဲ့ သူက အဝီစိကနေအသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ သက်ရှိဆိုတာကို မမေ့လိုက်နဲ့”
ထိုစကားကိုကြားရပြီးနောက် အဆူရာကျောင်းတော်ကိုယ်တော်များက တုန်လှုပ်သွားကြ၏။
ဤကောင်းကင်ဘုံဝံပုလွေ၏ နောက်ခံ သို့မဟုတ် အဝီစိကနေအသက်ရှင်လျက် ထွက်လာနိုင်အောင် သူ့မှာ ဘာနည်းလမ်းများရှိနေသည်ကို မည်သူကမှ မသိရပေ။
“သွားပါစေ”
အဆူရာကျောင်းတော်မှအကြီးအကဲတစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူသွားတဲ့လမ်းကြောင်းအရ သူက မိစ္ဆာမဟာနယ်မြေကို ပြန်တော့မှာပဲ... သူက သုခဘုံသန့်စင်ကုန်းမြေကို မဝင်ရောက်သရွေ့ ငါတို့သူ့ကို တားစရာမလိုဘူး”
ခဏမျှရပ်တန့်ပြီးနောက် အဆူရာကျောင်းတော်အကြီးအကဲက ဆက်ပြောလိုက်၏။
“အဝီစိက အခြေအနေနဲ့ပတ်သက်ပြီး ကုသိုလ်ကျောင်းတော်ကို မြန်မြန်သတင်းပေး... အချက်အလက်တွေကို အသေးစိတ်ပို့ပေးဖို့လိုတယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ကိုယ်တော်တစ်ပါးက သူ၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တစ်ချို့ကို ထုတ်ယူပြီး သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ထိုအရာကိုများ ချိုးခြေလိုက်၏။
ဂမ္ဘီရအလင်းတချို့က လေဟာနယ်ထဲသို့ ဝင်ရောက်ပြီး ချက်ချင်းပင်ပျောက်ကွယ်သွား၏။
ထိုသည်ကိုတွေ့မြင်သောအခါ အဆူရာကျောင်းတော်မှကိုယ်တော်များက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သူတို့သည် အဝီစိ၏ ထူးခြားသောလှုပ်ရှားမှုများနှင့်ပတ်သက်၍ မကိုင်တွယ်နိုင်ပေ။
သုခဘုံသန့်စင်ကုန်းမြေ၏ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်များနှင့် ပညာရှင်များ ရောက်ရှိလာမှသာ ဖြစ်ပျက်နေသည့်အရာကို ရှာဖွေဖော်ထုတ်နိုင်ပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေသည် ယန်ပေးချန်ကို သယ်ဆောင်ပြီး သိပ်မကြာခင် အဆူရာကျောင်းတော်အထက်ကို ရောက်ရှိလာခဲ့၏။
အစကတော့ သူသည် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ပွဲဝင်ရတော့မည်ဟု တွေးထင်ထား၏။
သို့သော်လည်း သူသည် အဆူရာကျောင်းတော်၏ ကောင်းကင်ထက်ကနေ ဖြတ်သန်းလာပြီးနောက် မည်သည့်ကိုယ်တော်ကမှ သူ့ကိုတားဆီးမလာသည်ကို တွေ့ရှိလိုက်ရ၏။
အဆူရာကျောင်းတော်မှကိုယ်တော်များက သူတို့၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုနှင့်အတူ သူထွက်သွားသည်ကို စောင့်ကြည့်နေ၏။
ကောင်းကင်ဘုံဝံပုလွေသည် စဥ်းစားနေဖို့အချိန်မရဘဲ ရှေးဟောင်းပို့ဆောင်ရေးဝင်္ကပါရှိရာသို့ ပြေးလွှားသွားလေသည်။
သူသည် ဤနေရာကနေ တတ်နိုင်သမျှမြန်မြန် ထွက်ခွာရပေမည်။ သိပ်မကြာခင် ဗုဒ္ဓကျောင်းတော်များ၏ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်များက ရောက်ရှိလာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်ပိုရွှင်းကလည်း အဝီစိကနေ အချိန်မရွေးထွက်လာနိုင်၏။
ထိုအချိန်ကျလျှင် ထျဲဝေတောင်ပေါ်မှာ ဗုဒ္ဓကျောင်းတော်များနှင့်အတူ အလွန်ကြီးမားသည့် တိုက်ပွဲတစ်ခုဖြစ်ပွားလာဖို့များလေသည်။
သိပ်မကြာခင် ကောင်းကင်ဘုံဝံပုလွေသည် ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာပြီး အဆူရာကျောင်းတော်ရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ရုတ်တရက် သူသည် အဆူရာကျောင်းတော်သို့ သူတို့ဝင်ရောက်လာခဲ့သည့်မြင်ကွင်းကို ပြန်လည်အမှတ်ရသွား၏။
ထိုအချိန်တုန်းက အဆူရာကျောင်းတော်ဆရာတော်၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားပြီး သူက ချီသွေဖယ်ခြင်းသို့ ဝင်ရောက်သွားသည့်အလား ပေါက်တက်ကရစကားများကို ပြောဆိုခဲ့လေသည်။
သူပြောခဲ့သည့်စကားမှာ...
“သူပြန်လာပြီ... ပိုရွှင်းပြန်လာပြီ” ဟူ၍ဖြစ်လေသည်။
ထိုစဥ်တုန်းက အဆူရာကျောင်းတော်ဆရာတော်၏ စကားလုံးများသည် နိမိတ်ဖတ်ခြင်းကဲ့သို့ အမှန်တကယ်ဖြစ်လာခဲ့လေပြီ။