နဂါးပတ်တိုင်များ၏ပိုင်ရှင်များ.....
Vol. 61 Ch. 842
ရွှေရောင်အလင်းတန်းများ ရွှေနဂါးပတ်တိုင်ကို လုံး၀ဖုံးလွှမ်းသွားသောအခါ လီချင်းဖန်၏ ချောမောသောမျက်နှာ အကျည်းတန်သွားခဲ့သည်။သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ ပြင်းထန်စွာ တောက်လောင်နေပြီး သူ့မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
တကယ်ဆို လွန်ခဲ့သည့်မိနစ်ဝက်ကတည်းက အဆင်ပြေခဲ့သင့်ပေသည်။ ရွှေအလင်းဖြင့် ဖန်တီးထားသော အကာအကွယ်ကို ဖျက်ဆီးရန် အချိန်မယူခဲ့လျှင် ရွှေနဂါးပတ်တိုင်ကို ရနေလောက်ချေပြီ...
မည်သို့ပင်ဆိုစေကာမူ လီကျင်းထောင်တွင် ထိုကဲ့သို့သော ဝှက်ဖဲမျိုးရှိနေမည်ဟု မည်သူထင်မည်နည်း။
လီချင်းဖုန်းအနေဖြင့် လီကျင်းထောင် အကြောင်းကို ပေါ့ပေါ့တန်တန် တွေးတောခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် နဂါးစွယ်ကလန်မှ တိုက်ရိုက်ဆင်းသက်လာသူပီပီ အဆင့်အတန်းမြင့်မားစွာ ရပ်တည်ခဲ့ချေပြီ။ သူ့ရဲ့ အတိတ်က စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာလို့ ယူဆခဲ့ပေမယ့် ယခုအချိန်တွင် အရာရာခြားနားနေခဲ့ပြီဖြစ်သည်။
တံခွန်ကိုင်တစ်ယောက်အဖြစ် သူ့ရဲ့အောင်မြင်မှုတွေက တကယ်ကို အထင်ကြီးစရာ ဘာမှမရှိခဲ့ပေ။
မဟုတ်ပါက တျန်ဖုန်းရှန် ဦးဆောင်သော ရွှေအလင်းတန်းတံခွန်သည် နဂါးစွယ်ကလန်၏ ထိပ်တန်းတံခွန်ဖြစ်လာမည်မဟုတ်ပေ။
သို့သော်လည်း လီကျင်းထောင် လှုပ်ရှားလိုက်သောအခါတွင် အတိတ်မှမှတ်ချက်များအားလုံး ပြိုကွဲသွားခဲ့သည်။
သူ့ရဲ့ အကြွင်းမဲ့ ခုခံကာကွယ်မှုဟာ အံ့သြစရာကောင်းလောက်အောင် ပြင်းထန်လှသည်။ လီချင်းဖုန်းအနေဖြင့် အစွမ်းကုန်သုံးပြီးတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် သူဖန်တီးထားသော ခံစစ်ကို ဖြတ်ကျော်ရန် မလုံလောက်ပေ။
ဒါဟာ တိုက်ဆိုင်မှုမဟုတ်တာ သေချာနေပြီဖြစ်သည်။
လီကျင်းထောင်၏ ထိုးစစ် မည်မျှပြင်းထန်သည်ကို သူမသိသော်လည်း သူ၏ အကြွင်းမဲ့ ခုခံမှုမှာ ခေါင်းကိုက်လောက်စရာပင်....
“နဂါးစွယ်ကလန်က ဘာလို့ဒီလောက်ထူးဆန်းနေတာလဲ... လီလော့လို မွန်းစတားအပြင် လီကျင်းထောင်လို လူထူးဆန်းတွေပါရှိနေသေးတာလား..."
လီချင်းဖုန်း၏အမူအရာက မိုးတိမ်များကဲ့သို့ အုံ့မှိုင်းနေသော်လည်း လီကျင်းထောင်က နွေးထွေးသော အပြုံးကို ပြသကာ....
"လီချင်းဖုန်း၊ ရွှေပတ်နဂါးတိုင်မှာ အခု ပိုင်ရှင်ရှိနေပြီ၊ မင်း ဘာလို့ ငွေနဂါးပတ်တိုင်ကို မသွားတာလဲ...."
သို့သော်လည်း လီချင်းဖုန်းသည် လီကျင်းထောင်၏ မျက်နှာပေါ်က အလွန်ရိုးသားပြီး ဖော်ရွေသော အပြုံးကို မြင်သောအခါ ပို၍ပင် ဝမ်းနည်းလာသည်။ အရင်က သူသိပ်ဂရုမစိုက်ခဲ့တဲ့ ခရမ်းဝိဉာဉ်တံခွန်အဖွဲ့ရဲ့ တံခွန်ကိုင်သာ တစ်နေ့မှာ သူ့ကို အရမ်းစိတ်ပျက်စေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိခဲ့ပေ။
"လီကျင်းထောင် မင်း ကိုယ့်ကိုယ်ကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ.... အနာဂတ်မှာ အခွင့်ရေးရရင် မင်းရဲ့ ခံစစ် ဘယ်လောက်တောင် အားကောင်းလဲဆိုတာ ငါကိုယ်တိုင် စမ်းသပ်ကြည့်မယ်...!"
လီချင်းဖုန်းက အသက်ပြင်းပြင်းရှူပြီးနောက် အေးစက်စွာပြောလိုက်သည်။
"မဟုတ်ဘူး....မဟုတ်ဘူး...အဲ့လောက်ထိလုပ်ဖို့ မလိုအပ်ပါဘူး... ပြဿနာတွေကို အကြမ်းပတမ်း ဖြေရှင်းမယ့်အစား ကောင်းကောင်း ဆွေးနွေးလို့ရပါတယ်" ဟု လီကျင်းထောင်က ရယ်မောကာ ပြောလိုက်သည်။
ဒါကိုကြားတော့ လီချင်းဖုန်းရဲ့ မျက်နှာက ပိုလို့တောင် ညိုမည်းလာကာ လီကျင်းထောင်၏ ပြုံးနေသော မျက်နှာကို ကြည့်ပြီး ဝမ်းမသာနိုင်တော့ပေ။ လီကျင်းထောင်ကသာ စိတ်ရင်းမှန်ဖြင့်ပြောနေသော်လည်း သူ့စကားများထဲတွင် လှောင်ပြောင်ခြင်းတစ်မျိုးမျိုးကို ခံစားနိုင်သေးသည်။
ကံကောင်းထောက်မစွာ၊ သူသည် လီကျင်းထောင်ကို ထပ်မံတိုက်ခိုက်ရလောက်အောင် ဆင်ခြင်တုံတရားမမဲ့သေးပေ။ ယခင်က လီကျင်းထောင်ကို အမြဲတမ်း လျစ်လျူရှုခဲ့သော်လည်း ယခုတော့ သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေပြီဖြစ်သည်။
လီကျင်းထောင်သည် ဤအပြစ်ကင်းစင်သော ခံစစ်ပညာရပ်ဖြင့် သူ့တိုက်ခိုက်မှုကို ရပ်တန့်နိုင်လိမ့်မည်မှာ သေချာပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ငွေနဂါးပတ်တိုင်ကိုတောင် ထိန်းထားနိုင်မည်မဟုတ်တော့ပေ။
မည်သို့ပင်ဖြစ်စေ အခုချိန်တွင် လီကျင်းထောင်နှင့် ခပ်ခွာခွာနေရလိမ့်မည်။ အနာဂတ်မှသာ စာရင်းရှင်းဖို့ပြင်ဆင်ရမည်။
ဒါကိုတွေးနေရင်းနဲ့ လီချင်းဖုန်းက ရွှေနဂါးပတ်တိုင်ပေါ်က လီလော့ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် သူ့ မလိုလားအပ်သောခံစားချက်များကို အတင်းဖိနှိပ်ပြီး နောက်လှည့်ထွက်သွားခဲ့လိုက်သည်။
လီချင်းဖုန်း အခင်းဖြစ်ရာမှ ထွက်သွားသည်ကို ကြည့်ပြီး လီကျင်းထောင် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ မလိုအပ်ရင် လီချင်းဖုန်းနဲ့ လုံးဝ ထိပ်တိုက်တွေ့မည် မဟုတ်ပေ။
ဤမျှအရေးကြီးသောအခိုက်အတန့်တွင် လီလော့ ပြုတ်ကျမည့်အန္တရာယ်ကြောင့်မဟုတ်ပါက သူ၏ခံစစ်ပညာရပ်ကို ထုတ်ဖော်ပြသမည်မဟုတ်ပေ။
နောက်ဆုံးတွင်၊ သူသည် ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို ကာကွယ်ရေးပညာရပ်အဖြစ် မည်သို့ပြောင်းလဲခဲ့သည်ကို ပြသရန်ထိုက်တန်သည်ဟု မထင်ခဲ့ပေ။
ထိုအချိန်တွင် သူသည် လှည့်ပတ်ကာ ရွှေနဂါးပတ်တိုင်၏ အပြင်ဘက်အရပ်ဆီသို့ လျှောက်သွား....
"အဆင်ပြေရဲ့လား တတိယညီလေး.."
အကာအကွယ်အတားအဆီးအတွင်းမှ လီလော့ ကိုကြည့်ရင်း အပြုံးဖြင့်မေးလိုက်သည်။
ဤအခိုက်အတန့်တွင် လီလော့ အသိစိတ်ပြန်ကပ်လာပြီဖြစ်သည်။ လီကျင်းထောင် ကို တအံ့တသြ စိုက်ကြည့်ရင်း....
"အစ်ကိုကြီးက နဂါးစွယ်ကလန် ရဲ့ တံခွန်လေးခုထဲက တကယ့် လျှို့ဝှက်သခင်ပဲ" ဟု မှတ်ချက်ပေးခဲ့သည်။
လီကျင်းထောင်က ခေါင်းခါယမ်းလိုက်ပြီး... "လျှို့ဝှက်သခင်လေး..?မဟုတ်ပါဘူးကွာ... နည်းနည်းလေးကာကွယ်နိုင်ရုံပါ... အများကြီး အသုံးမဝင်ပါဘူး...ငါသာတကယ်စွမ်းရင် နတ်ဆိုးလှိုဏ်ဂူမှာ အတော်ရှေ့ရောက်နေလောက်ပြီပေါ့...."
လီလော့ အံသြသွားသည်။ နတ်ဆိုးလှိုဏ်ဂူတွင် နတ်ဆိုးခေါင်းဆောင်များကို အနိုင်ယူရန် လိုအပ်သည်ဖယထို့ကြောင့် အံ့သြဖွယ်ကောင်းသော ခံစစ်ပညာရပ်ရှိခြင်းက အမှန်တကယ် အသုံးမဝင်လှပေ။ သို့သော်... သူ၏ ခုခံမှုပညာရပ်သည် နတ်ဆိုးလှိုဏ်ဂူ အပြင်ဘက်တွင် အဆုံးမဲ့အသုံးပြုဝင်မှုများရှိမည်ဖြစ်သည်။
လီကျင်းထောင် ကိုယ်တိုင်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်နိုင်ပေ။ သို့သော်၊ သူသည် မည်သည့် ပါရမီရှင်ကိုမဆို ခံနိုင်ရည်ရှိပြီး သူ၏ ခံစစ်ပညာရပ်ဖြင့် ရှုံးပွဲမရှိအောင် ရှိနေနိုင်မည်ဖြစ်သည်။
အနည်းဆုံးတော့ လီချင်းဖုန်းကို သရေကျအောင် တွန်းလှန်နိုင်ခဲ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရွှေနဂါးပတ်တိုင်ကို ရယူနိုင်ခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်...."
လီလော့က သူ့ကို ပြုံး၍ကြည့်ကာ ကျေးဇူးတင်လိုက်သည်။
"မလိုပါဘူးကွာ.. ငါတို့က မိသားစုတွေပဲလေ..." လို့ လီကျင်းထောင်က အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် နောက်ပိုင်းကျရင် တစ်ခုခု ကူညီပေးနိုင်မလား"
"ပြောပါ...." လီလော့ ချက်ချင်း သဘောတူလိုက်သည်။
ခါးသီးတဲ့မျက်နှာထားနဲ့ လီကျင်းထောင်က .... "မင်းအစ်မက ဒီပညာရပ်နဲ့ ပတ်သက်ပြီး မသိထားဘူး... ဒါပေမယ့် အခုမှ သိသွားပြီဆိုတော့ ဒီပွဲပြီးရင် သူ ငါ့ကို ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းမှာ သေချာတယ်... ဒါကြောင့် မင်းကို ကူညီရလိမ့်မယ်...."
လီလော့က ရယ်မောကာ တုံ့ပြန်လိုက်သည်။ လီဖန်းရိသည် နဂါးစွယ်ကလန် ၏အကြီးဆုံးမြေးဖြစ်သည့် လီကျင်းထောင်ကို ပိုမိုကြိုးစားအားထုတ်ရန့ လိုအပ်ကြောင်း အမြဲတမ်း ညည်းညူခဲ့သည်။ သို့သော် ယခု သူမ ဒေါသကြီးသဖြင့် ပေါက်ကွဲတော့မည်မှာ သေချာသည်။
ဒီအချိန်မှာ လီလော့က ခဏလောက်စဉ်းစားပြီး "အစ်ကိုကြီး နဂါးပတ်တိုင်အတွက် မတိုက်ခိုက်တော့ဘူးလား...."
လီကျင်းထောင်က ခေါင်းယမ်းကာ....
"မတိုက်ခိုက်ချင်ပါဘူးကွာ..ငါက စည်းလုံးညီညွတ်စွာ နေထိုင်ရတာကို ပိုနှစ်သက်တယ်" လို့ စိတ်ပူပန်တဲ့ အကြည့်နဲ့ ပြန်ပြောခဲ့သည်။
လီလော့က တွေးတွေးဆဆဖြင့်....
"အရင်ကတော့ မတိုက်ခိုက်ဘဲနေလို့ရပေမယ့် အခုအစ်ကို့ရဲ့ ခွန်အားအစစ်အမှန်ကို ထုတ်ဖော်ပြီးပြီဆိုတော့ မတိုက်ခိုက်ဘဲနေရင် ဒုတိယအစ်မ သိရင် ပေါက်ကွဲမှာ သေချာတယ်...."
ဒါကိုကြားတော့ လီကျင်းထောင်က မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။
ဒါကတကယ့်ဒုက္ခပဲ....
"အစ်ကိုကြီး တခြားသူတွေနဲ့ ရန်မဖြစ်ချင်ဘူးဆိုတာ သိပါတယ်... ဒါပေမယ့် အခု မရှောင်နိုင်တော့လို့ နည်းနည်းတော့ အားစိုက်ထုတ်လိုက်ရအောင်" လို့ လီလော့က သူ့ကို အားပေးစကားပြောလိုက်သည်။
နဂါးပတ်တိုင်ကိုရရှိခြင်းသည် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။ ဒါဟာလီကျင်းထောင်အတွက်လည်း အသုံးဝင်မှာ သေချာပေသည်။ ထို့ကြောင့် လီလော့အနေဖြင့် သူ့အား အနည်းငယ်ပို၍ တွန်းအားပေးရန် လိုအပ်သည်ဟု ခံစားမိသည်။
"အင်း...ဒီလိုဆိုတော့လဲ"
လီကျင်းထောင် ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံး ခေါင်းညိတ်လိုက်သည်။ “ကြေးနဂါးပတ်တိုင်ကို ရနိုင်မလား စမ်းကြည့်မယ်”
လီလော့က သူ၏ တုံ့ပြန်မှုကြောင့် တကယ်ကို အားကိုးရာမဲ့သလို ခံစားခဲ့ရသည်။ အစောပိုင်းက သူပြသခဲ့သည့် ကြောက်မက်ဖွယ် ကာကွယ်ရေးဖြင့်၊ သူသည် သူ့အတွက် ငွေနဂါးပတ်တိုင်ကို အပြည့်အဝ လုံခြုံအောင် စွမ်းဆောင်နိုင်ပေမည်။ သူသာ နဂါးပတ်တိုင်ပေါ်တက်ပြီး သူ့ရဲ့ ခုခံမှုပညာရပ်ကို အသက်သွင်းပြီးတာနဲ့ မည်သူကိုမဆို မောင်းထုတ်နိုင်မည်ဖြစ်သည်။
ရှင်းနေသည်မှာ၊ လီကျင်းထောင်က သူ့ကို သိပ်အာရုံမစိုက်စေချင်တာကြောင့်
ကြေးနဂါးပတ်တိုင်ရဖို့သာ ရွေးချယ်ခဲ့သည်။
“ထားလိုက်လီကျင်းထောင်ရဲ့ စိတ်နေစိတ်ထားကြောင့် အရမ်းအတင်းအကြပ်လုပ်လို့အဆင်မပြေဘူး...”
တစ်ဖက်တွင်၊ လီကျင်းထောင်က လီလော့နှင့် စကားပြောပြီးနောက် အလျင်စလိုမရှိဘဲ ကြေးနဂါးပတ်တိုင်တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။
သူစတင်လှုပ်ရှားသည်နှင့်တပြိုင်နက် အခြားသော တံခွန်ခေါင်းဆောင်များက လီကျင်းထောင်ကို ကြည့်သောအကြည့်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။
နောက်ဆုံးတွင်၊ သူသည် လီချင်းဖုန်းကိုပင် ဆုတ်ခွာရန် တွန်းအားပေးခဲ့သူဖြစ်သည်။ လီကျင်းထောင်ကယနေ့ပွဲ၏ ဒုတိယမြောက်ဖျက်မြင်းဖြစ်လာမည်ဖြစ်သည်။
ဒီတိုက်ပွဲက အံ့သြစရာတွေ ပြည့်နှက်နေမှာ သေချာနေပြီဖြစ်သည်။
သို့သော် သူတို့အံ့အားသင့်နေသော်လည်း လီကျင်းထောင်က ငွေနဂါးတိုင်ဆီသို့ မသွားခဲ့ပေ။ ယင်းအစား သူသည် အပြင်ဘက်ရှိ ကြေးနဂါးပတ်တိုင်ဆီသို့ ဦးတည်သွားခဲ့သည်။ ဤအခိုက်အတန့်လေးမှာ အားလုံး တိတ်တဆိတ် သက်ပြင်းချမိလိုက်သည်။ ကျန်အချိန်များတွင် အခြားသော တံခွန်ခေါင်းဆောင်များ အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ နဂါးပတ်တိုင်တစ်ခုစီရဲ့ ပိုင်ရှင်တွေပေါ်ထွက်လာပြီဖြစ်သည်။
လီချင်းဖုန်းကလည်း ငွေနဂါးတိုင်ကို လွယ်လွယ်ကူကူ ရနိုင်ခဲ့သည်။
ဒုတိယ ငွေနဂါးပတ်တိုင်အတွက် လီဟုန်လိနှင့်လုချင်းမိန်တို့ ပြင်းထန်စွာ ရင်ဆိုင်ခဲ့ကြသည်။ အဆုံးတွင်၊ လူအများမျှော်လင့်ထားသည့်အတိုင်း လုချင်းမိန်ကသာ အောင်ပွဲခံခဲ့သည်။
ကြေးနဂါးပတ်တိုင်များအတွက်၊ လီကျင်းထောင်က ဆုံးဖြတ်ချက်ကိုချပြီးနောက် မည်သူနှင့်မျှ မယှဉ်ဝံ့သောကြောင့် လွယ်လင့်တကူ ရရှိခဲ့သည်။ စောစောက လီချင်းဖုန်းနှင့် ထိပ်တိုက်တွေ့ပြီးနောက် သူ၏ပြင်းထန်သော ခွန်အားကို သူတို့ နားလည်ခဲ့ကြသည်မှာ ထင်ရှားသည်။
ခွန်အားတွေ အကုန်ကုန်သွားရင်တောင်မှ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ခုခံကာကွယ်မှုကို သူတို့ ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင် လီဟုန်လိက သူ့အတွက် ကြေးနဂါးပတ်တိုင်တစ်ခုကို ရရှိခဲ့သည်။ သို့သော်လည်း ငွေနဂါးပတ်တိုင်ကို အလိုရှိသောကြောင့် ပျော်ရွှင်မှုအရိပ်အမြွက်မျှမရှိဘဲ သူမ၏မျက်နှာထားက မှုန်မှိုင်းနေသည်။ လီချင်းဖုန်း စောစီးစွာ ကျရှုံးပြီးနောက် သိမ်းပိုက်ရန် ငွေနဂါးပတ်တိုင်တစ်ခုသာ ရှိခဲ့ပြီး လုချင်းမိန်ကို အနိုင်ယူရန်လည်း အင်အား လုံလောက်မှု မရှိခဲ့ပေ။
နောက်ဆုံး ကြေးနဂါးပတ်တိုင်က တျန်ဖုန်းရှန်၏လက်ထဲရောက်သွားခဲ့သည်။
နဂါးပတ်တိုင် ခြောက်ခုစလုံး ပိုင်ရှင်ရှိသွားခဲ့ချေပြီ....
ပိုင်ရှင်ခြောက်ယောက်ကို အကြမ်းဖျင်းအကဲခတ်ကြည့်သောအခါတွင် တုန်လှုပ်ချောက်ချားကုန်ကြသည်။ နဂါးပတ်တိုင် ခြောက်လုံးထဲက တစ်ဝက်လောက်ကို နဂါးစွယ်ကလန်သားများ သိမ်းပိုက်ထားနိုင်မည်ဟုမည်သူမျှော်လင့်ထားမည်နည်း။အရင်တုန်းကဆို နဂါးစွယ်ကလန်က နဂါးပတ်တိုင်တခုကိုမျှ မသိမ်းပိုက်နိုင်ခဲ့ပေ။
ဤသို့ဖြင့် ဟွမ်းလုံရှီးရေကန် တိုက်ပွဲ ပြီးဆုံးသွားခဲ့ချေပြီ။ သံသယမရှိဘဲ၊ နဂါးစွယ်ကလန်ကသာ ဤတစ်ကြိမ်တွင် အကြီးမားဆုံးအောင်နိုင်သူဖြစ်ခဲ့သည်။