← Chapters

စစ်ပွဲကြီး

Vol. 3 Ch. 117

စစ်ပွဲကြီး

Vol. 3 Ch. 117

“သူတော်စင်သားတော်နဲ့သမီးတော် လေးယောက်လုံးကို ဒီနေရာမှာ တစ်စုတစ်စည်းတည်း ပြန်ဆုံတွေ့ရတာ သိပ်ကို ဝမ်းသာစရာပဲ။”

ပလ္လင်ပေါ်မှာရှိနေတဲ့ ရဟန်းမင်းကြီးက ဓား၊ လှံ၊ လေး၊ ဒိုင်း သူတော်စင်လေးယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်းနဲ့ ပြောလိုက်ပါတယ်။ ကျောင်းခြောက်ကျောင်းရဲ့ကျောရိုးက ဆီနိတ်တာလို့ခေါ်တဲ့ ပုဂ္ဂိုလ်ကြီးတွေဆိုရင် ဘုရားကျောင်း အဖို့ကတော့ သူတော်စင်လေးယောက်နဲ့သူတို့ရဲ့တပ်ဖွဲ့တွေ ပါ။

“လေးနှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာ မင်းတို့တွေဟာ လောကကြီးပေါ်မှာရှိနေတဲ့ ဒိဋ္ဌိတွေကို ဖယ်ရှားဖို့အတွက် ဘုရားကျောင်းရဲ့ဆိုင်ရာတပ်အသီးသီးကို ဦးဆောင်ခဲ့ကြ ပြီးပြီ။”

ဘုရားကျောင်းတပ်ဖွဲ့တွေဆိုတဲ့အသံကိုကြားတော့ ဆားဗီးရပ်က ရူဘီကို ခနဲ့တဲ့တဲ့ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ အထင်သေးမှုတွေက အပြည့်နဲ့ပါ။ ဘုရားကျောင်းရဲ့သူတော်စင်လေးယောက်ထဲမှာ ရူဘီ တစ်ယောက်သာ ကိုယ်ပိုင်တပ်ဖွဲ့မရှိတာပါ။

ဒါပေမဲ့ ရဟန်းမင်းကြီး​က ရူဘီကို ကြင်နာပုံရတဲ့အပြုံးနဲ့ ကြည့်လိုက်ပြီး “ချစ်သမီးရူဘီ၊ အမှောင်တောအုပ်ထဲက လူသားစား ရှေးနတ်ဘုရားဂိုဏ်းကို ဖြိုခွင်းခဲ့တယ်လို့ ကြားတယ်။ သိပ်ကိုအံ့ဩဖို့ကောင်းတဲ့ လုပ်ဆောင်ချက်ပဲ။”

“ကံကောင်းစွာနဲ့ ကျွန်မမှာ အားကိုးရတဲ့ လက်ထောက် တစ်ယောက်ရှိနေတယ်လေ။”

ရူဘီက ဒီလိုပြောလိုက်ရင်း ဓားသူတော်စင် ဆားဗီးရပ်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ ဆားဗီးရပ်က ကွပ်မျက်သူ တပ်ဖွဲ့ရဲ့အမိန့်ပေးကွန်မန်ဒါ တာဝန်ကိုယူထားခဲ့ပေမဲ့ တပ်ဖွဲ့ရဲ့ခေါင်းစွပ်နီတပ်မှူးက သူ့လက်အောက်ခံမဟုတ်ဘဲ ရဟန်းမင်းကြီးကိုသာ တိုက်ရိုက်အစီအရင်ခံပါတယ်။ ဒါကြောင့် သူ့မှာလက်ထောက်ရယ်လို့မရှိပါဘူး။ ရံဖန်ရံခါ ခေါင်းစွပ်နီတပ်မှူးက သူ့ဆုံးဖြတ်ချက်တွေကို ကန့်ကွက်တဲ့ အတွက်ကြောင့် သူက လက်ထောက်တပ်မှူးလိုဖြစ်နေတယ်။

“ကောင်းပြီ၊ အပိုတွေမပြောတော့ဘူး။ မင်းတို့တွေကို ငါကိုယ်တော်ဆင့်ခေါ်လိုက်တာက အမှောင်ကျောင်းတော် ပြန်ခေါင်းထောင်လာပြီး လောကကြီးရဲ့ငြိမ်းချမ်းရေးကို ထပ်ပြီးခြိမ်းခြောက်လာတာကြောင့်ပဲ။”

ရူဘီက အမှောင်ကျောင်းတော်ဆိုတဲ့စကားကိုကြားတော့ နှုတ်ခမ်းကိုဖိကိုက်ထားလိုက်တယ်။ “အရင်မျိုးဆက် လေးသူတော်စင်ကို လှည့်စားခဲ့တဲ့အုပ်စုလား။”

ရူဘီက ရဟန်းမင်းကြီးကို ကြည့်လိုက်ပါတယ်။ ရဟန်းမင်း ကိုယ်တိုင်ကလည်း ဒီကိစ္စကို ရှင်းပြဖို့ အသင့်ဖြစ်နေပြီးသား ဖြစ်ပြီးတော့ သူတော်စင်လေးယောက်ကို ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူ့အကြည့်တွေက သူတော်စင်နီကိုလပ်ဆီ ရောက်ရှိသွားလေရဲ့။

“အဲဒီတုန်းက ငါကိုယ်တော်က လှံသူတော်စင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သူတော်စင်ပီးယပ်ပေါ့။ သူတော်စင် လေးယောက်ထဲမှာ ငါက အသက်အကြီးဆုံးပဲ။”

နီကိုလပ်က ခါးကိုမတ်မတ်ပြန်ဖြောင့်ပြီး ဂုဏ်ယူနေတဲ့ ပုံစံမျိုးနဲ့ ခေါင်းကိုမော်ထားလိုက်တယ်။ ဓားသူတော်စင်က အရင်သူတော်စင်တွေအကြောင်း ပြောတာကြားရတဲ့အခါမှာ သူ့မျက်လုံးတွေက နီရဲလာခဲ့တယ်။

“တခြားသူတော်စင်တွေထဲက လွတ်မြောက်ဓားသူတော်စင် ဒိုင်ယာနာကတော့ ငါထက်နည်းနည်းပဲငယ်တယ်။ သိပ်ကို စွမ်းအားကြီးခဲ့တဲ့ ဓားသူတော်စင်ပေါ့။ စိတ်မ​ကောင်းစရာ တစ်ခုကတော့ သူက သူတော်စင်တိုက်ပွဲကနေ ထွက်ပြေး သွားလို့ ကွပ်မျက်ခံခဲ့ရတာပဲ။”

“ဆရာ...” ဆားဗီးယပ်က သူတစ်ယောက်တည်းသာ ကြားနိုင်တဲ့လေသံနဲ့ ရေရွတ်လိုက်တယ်။ ရဟန်းမင်းကြီးက ဒါကို သတိပြုမိပုံမပေါ်ဘဲ ရူဘီကိုကြည့်ကာ ဆက်ပြောတယ်။

“အရင်ဒိုင်းသူတော်စင်နာမည်ကတော့ အီလီတဲ့။ သူကတော့ ဒိဋ္ဌိဂိုဏ်းတစ်ခုကို သိမ်းပိုက်ဖို့ကြိုးစားရင် သူများသတ်တာ ခံလိုက်ရတာပဲ။ နှစ်ပေါင်းတစ်ရာအတွင်း အားအနည်းဆုံး သူတော်စင်လို့တောင် နာမည်တွင်ခဲ့တယ်။ ဒိုင်းကိုင်တဲ့ သူတော်စင်တွေက အားနည်းတာမှန်ပေမဲ့ သူကတော့ ရာဇဝင်ပါတွင်သွားတယ်။”

ဒိုင်းသူတော်စင်တွေက အားနည်းတယ်ဆိုတဲ့စကားကို ကြားရတဲ့အခါမှာတော့ ရူဘီ့မျက်နှာကိုတောင် မထောက်ဘဲ အစောင့်နဲ့တပ်မှူးတချို့က ရယ်မောလိုက်တယ်။ ရူဘီက ကြမ်းပြင်ကိုသာ ငုံကြည့်နေပြီးတော့ ဘာမှမပြောခဲ့ပေမဲ့ လီချင်းချင်းကတော့ ငြိမ်ခံမနေဘဲ ရှေ့ထွက်လာပါတယ်။

“ရူဘီက ရှင်တို့အခုလို လှောင်ချင်တိုင်းလှောင်လို့ရအောင် အားနည်းတဲ့သူမဟုတ်ဘူး။ နောက်တစ်ခါ ရယ်ရဲတဲ့သူရှိရင် ကျွန်မလှံနဲ့ ရှင်တို့ကိုခေါင်းဖြတ်ပစ်မယ်။”

လီချင်းချင်းက ဒေါနဲ့မောနဲ့ပြောလိုက်တဲ့အတွက် ခန်းမထဲက လူတွေအားလုံး ပြန်လည်တိတ်ဆိတ်သွားတယ်။ ရူဘီ ကိုယ်တိုင်လည်း လီချင်းချင်းရဲ့အပြုအမူကြောင့် အံ့အားသင့်နေပုံပေါ်တယ်။

“အင်း၊ ဒီတစ်ခေါက် ဒိုင်းသူတော်စင်က​ ကျွန်ကောင်း တစ်ယောက်ရထားပုံပါလား။” ဓားသူတော်စင်က လီချင်းချင်းရဲ့လည်ပင်းက သားရေလည်ပတ်ကိုကြည့်ပြီး အဓိပ္ပါယ်ပါပါပြုံးလိုက်တယ်။ အဲဒီနောက်...

“ဒါပေမဲ့ ကျွန်သခင်စာချုပ်ချုပ်လို့ ရထားတဲ့နောက်လိုက် မဟုတ်လား။ ငါတို့လို သစ္စာရှိမှုအပေါ်အခြေခံပြီး ရထားတဲ့ နောက်လိုက်မဟုတ်တာ ဝမ်းနည်းစရာပဲ။”

လီချင်းချင်းက ဆားဗီးရပ်ရဲ့လွန်ကဲတဲ့စကားတွေကြောင့် တိုက်ခိုက်တော့မလိုမျိုး ရှေ့တက်သွားခဲ့ပေမဲ့ ရူဘီက သူ့လက်ကို ဆွဲလိုက်ပြီး ခေါင်းကိုခါယမ်းပြလိုက်တယ်။

“ချင်းချင်း။ ထားလိုက်ပါ။” ဒီတော့မှ လီချင်းချင်းလည်း ရူဘီကို စိတ်မကောင်းစွာနဲ့ကြည့်လိုက်ကာ နှုတ်ခမ်းကို ဖိကိုက်ထားရင်းနဲ့ ရူဘီ့နောက်မှာ ပြန်ဝင်ရပ်လိုက်တယ်။

“နောက်ဆုံးသူတော်စင်ကတော့ လေးသူတော်စင် ရီယာပဲ။ သူက အငယ်ဆုံးဖြစ်သလို သူတော်စင်လေးယောက်ထဲမှာ အဖြူစင်ဆုံးနှလုံးသား ရှိခဲ့တဲ့သူပဲ။”

ဒီစကားကိုပြောနေတဲ့အချိန်မှာ ရဟန်းမင်းကြီးပီးယပ်ရဲ့ မျက်လုံးတွေက သီယာအပေါ်မှာပဲ ရောက်နေခဲ့ပါတယ်။ သူ့ပုံစံကို ကြည့်ရတာ အတိတ်ကိုလွန်စွာတမ်းတနေသူ တစ်ယောက်လိုမျိုး။ တစ်စုံတစ်ယောက်ကို အလွန့်အလွန် လွမ်းဆွတ်တမ်းတနေသလိုမျိုး။

“ဒါပေမဲ့ စိတ်မကောင်းစရာက လောကတစ်ခွင်လှည့်လည် ခရီးထွက်ရင်းနဲ့ ရိုဝင်ဆိုတဲ့မိစ္ဆာကောင်နဲ့ ချစ်ကြိုက်သွားခဲ့ ရာကနေ အရင်ရဟန်းမင်းကြီးကို နှလုံးကွဲသေစေခဲ့တာပဲ။ အဲဒီကနေတစ်ဆင့် အမှောင်ကျောင်းတော်နဲ့ကျုပ်တို့တွေ စစ်ဖြစ်ခဲ့တာပေါ့။ ရီယာကို ကျုပ်တို့တွေပြန်ရခဲ့ပေမဲ့ စုန်းမအဖြစ်ပြောင်းသွားပြီဖြစ်လို့ နောက်ဆုံးကျန်ခဲ့တဲ့ သူတော်စင်ဖြစ်တဲ့ကျုပ်က မီးရှို့ပြီး အဆုံးသတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ရတာပဲ။”

သီရာက ဘာကြောင့်မှန်းမသိဘဲ ရီယာအကြောင်းကို ရဟန်းမင်းကြီး ပြန်ပြောင်းပြောပြချိန်မှာ ဝမ်းနည်းသလို ခံစားလိုက်မိတယ်။ ကျန်တဲ့သူတော်စင်တွေအားလုံးလည်း ခေါင်းကိုခါယမ်းလိုက်တယ်။ ဓားသူတော်စင်ကတော့ မျက်မှောင်ကြုတ်ထားတယ်။ သူတော်စင်ပီးယပ်က ဒီကိစ္စတွေကို စိတ်မကောင်းစရာကောင်းတဲ့ပုံစံမျိုးနဲ့ ပြောနေခဲ့တာဖြစ်ပေမဲ့ သူ့နှုတ်ခမ်းက မကြာမကြာ ပြုံးသွားတတ်ပြီး သူ့အောင်မြင်မှုတွေကို ကြွားဝါးနေသူ တစ်ယောက်နဲ့ပိုဆင်တူနေပါတယ်။

“ဟုတ်ပြီ၊ တခြားအကြောင်းအရာတွေပြောတာလည်း များလှပြီ။ ငါမင်းတို့ကို ဒီနေရာမှာ ဆုံတွေ့စေရတဲ့ အကြောင်းအရင်းကတော့ အမှောင်ကျောင်းတော်ကို နှိမ်နင်းဖို့ပဲ။ ဆီနိတ်တာရော့ဝဲလ်နဲ့ညမင်းသားတို့ ဒီထက် ပိုပြီးတော့ အင်အားကောင်းမလာခင် ငါတို့သူတို့ပိုင်နက် နယ်မြေတွေကို ဝင်သိမ်းရလိမ့်မယ်။”

ဒါပေမဲ့ ဒီတစ်ခါတော့ သူတော်စင်နီကိုလပ်နားမှာရှိနေတဲ့ တပ်မှူးဂျူလီယာက ဝင်ပြောလိုက်ပါတယ်။ “အရှင်မြတ်၊ ကျွန်မတို့ရဲ့ဘုရားကျောင်းပိုင်နက်က ရှန်ဘယ်ရီမြို့နားမှာ အဆုံးသတ်ပါတယ်။ အမှောင်ကျောင်းတော်ပိုင်နက်ရှိတဲ့ ဖွန်တီနာမြို့ကို စစ်တပ်ကြီးတစ်ခုလုံးချီတက်ဖို့ဆိုရင် မီးလျှံကျောင်းတော်ပိုင်နက်ဖြစ်တဲ့ ဆာဗွေ နယ်စားနယ်မြေကို ဖြတ်ကျော်ရပါလိမ့်မယ်။ ဒါက တခြားကျောင်းတော်တွေကိုတပ်လှန့်လိုက်သလို ဖြစ်မသွားနိုင်ဘူးလား။”

ရဟန်းမင်းကြီးပီးယပ်က သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး “ကိုယ်တော်တော့ သိပ်ခက်မယ်မထင်ဘူး။ မီးလျှံကျောင်းရဲ့ လက်ရှိအယ်ဒါက ငယ်သေးတယ်။ မာစတာအဆင့်ထိပ်ဆုံး အခြေအနေမှာပဲ ပိတ်မိနေသေးတယ်။ ဘုရားကျောင်းက တောင်းဆိုရင် သူတို့ငါတို့တပ်တွေကို ဖြတ်သွားခွင့်ပေးမှာ သေချာပါတယ်။”

သူတို့တွေ အခုလိုမျိုးဆွေးနွေးနေတဲ့ အချိန်မှာပဲ ရုတ်တရက် ဆိုသလိုမျိုး အပြင်ဘက်ကနေပြီး ကျယ်လောင်လှတဲ့ စကားသံကို ကြားလိုက်ရပါတယ်။

“ခင်ဗျားတို့တွေ ကျုပ်တို့ကို လာတိုက်စရာမလိုတော့ဘူး။ ကျုပ်တို့က ခင်ဗျားတံခါးဝကိုရောက်နေပြီ။”

ဒီစကားကြောင့် သူတော်စင်လေးယောက်အပါအဝင် တပ်မှူးတွေလည်း ထိတ်လန့်သွားကြတယ်။ ဒါပေမဲ့ ပီးယပ်ကတော့ သိပ်ပြီးစိတ်လှုပ်ရှားနေတဲ့ပုံ မပေါ်ပါဘူး။ သူက လက်ကိုင်ကျိုင်းတုတ်ကိုအမှီပြုကာ ထရပ်လိုက်ပြီး

“ရော့ဝဲလ်ဆိုတဲ့ကောင်က အရင်ကလိုပဲ စိတ်ဆတ်နေတုန်း ပါပဲလား။”

နောက်တော့ သူက ခန်းမအတွင်းကနေ ပြေးထွက်သွားတဲ့ သူတော်စင်တွေနောက်ကနေ ဖြည်းဖြည်းချင်းလိုက်ပါ ထွက်လာလိုက်တယ်။ ခန်းမအပြင်ကိုရောက်တဲ့နောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။

စုစုပေါင်း ရွက်သင်္ဘောတစ်ဒါဇင်လောက်က ကောင်းကင်ပေါ်မှာ မှော်ဆန်ဆန်မျောလွင့်နေပြီး သင်္ဘောတွေပေါ်မှာတော့ သံချပ်ကာဝတ်အရိုးစုစစ်သည်တွေ ထောင်ချီပါဝင်တယ်။ သင်္ဘောအုပ်စုကြီးရဲ့အလယ်မှာတော့ ကျန်တဲ့စစ်သင်္ဘောတွေထက် ပိုပြီးမားတဲ့ သုံးပင်တိုင် ရွက်သင်္ဘောကြီးရှိနေပြီး အလံပြသင်္ဘောတာဝန်ကို ယူထားတယ်။

...

ရော့ဝဲလ်၊ နက်ဆန်နဲ့တခြားသူတွေက ဘုရားကျောင်း ရင်ပြင်ထက်ကို ပြိုင်တူကြည့်လိုက်ကြတယ်။ ဘုရားကျောင်း စစ်တပ်လေးခုလုံးက အလျင်အမြန်ဖွဲ့စည်းပုံပြင်နေကြပြီ ဖြစ်ပေမဲ့ ရော့ဝဲလ်ကတော့ သူတို့အသင့်ဖြစ်တဲ့အထိ စောင့်မနေတော့ပါဘူး။

“သွားကြ၊ မင်းတို့ရန်သူတွေကို နှိမ်နင်းကြတော့။”

သူ့အမိန့်ရတာနဲ့ မျက်လုံးကနေ ခရမ်းရောင်မီးခိုးတွေ ထွက်ပေါ်နေတဲ့ ခရူဆိတ်တာအရိုးစုတွေက ဘုရားကျောင်း ရင်ပြင်ပေါ်ကို တိုက်ရိုက်ဆိုသလိုပဲ ခုန်ချသွားကြပါတယ်။ အဲဒီနောက်တော့ မြေပြင်မှာရှိနေတဲ့ ရန်သူ့တပ်တွေကို ချေမှုန်းပါတယ်။

ဘုရားကျောင်း မြင်းပျံတပ်တွေကလည်းအလျင်အမြန် ရောက်ရှိလာပြီး စစ်သင်္ဘောတွေကို ဖျက်ဆီးပစ်ဖို့အတွက် ကြိုးစားပေမဲ့ သင်္ဘောပေါ်မှာ လေးသည်တော်တွေရှိနေပြီး သူတို့ကို လေးတွေနဲ့ပစ်ခတ်ပါတယ်။ ပြီးတော့ သူတို့နဲ့အတူ နာတာရှာလည်းရှိနေသေးပြီး သူက တောင်ပံတွေ ​ဖွင့်လိုက်တာနဲ့...

ဝှစ်... ဝှစ်... ဝှစ်...

လေဓားသွားရာချီက ချက်ချင်းပေါ်ပေါက်လာပြီး မြင်းပျံစီး ဘုရားကျောင်းစစ်သည်တွေကို မြင်းပေါ်ကနေ ပြုတ်ကျသွား အောင်ပြုလုပ်လိုက်ပါတယ်။

“သူတို့သေသွားဦးမယ်။” နက်ဆန်က နာတာရှာတိုက်ခိုက် နေတာကို ဘေးကနေကြည့်နေရင်း မေးလိုက်တဲ့အခါမှာ နာတာရှာက ခေါင်းခါပြလိုက်တယ်။

“ကျွန်မက မြင်းပျံတွေကိုပဲ ဦးတည်ပြီးလေဓားသွားတွေနဲ့ ခုတ်လိုက်တာ။ နှစ်ဖက်လုံးက မြင့်မြင့်ပျံနေတာမဟုတ်တော့ ခြေကျိုးလက်ကျိုးလောက်ပဲ ရှိမှာပါ။”

နာတာရှာဆီကနေ အကျိုးအကြောင်းသိရပြီးတဲ့နောက် နက်ဆန်က ရော့ဝဲလ်ကို လှမ်းကြည့်လိုက်တယ်။ “ကျုပ်တို့ကို သာမန်ပြည်သူတွေ မြင်နေရတယ်မဟုတ်ဘူးလား။ သူတို့တွေ တစ်မျိုးထင်ကုန်ရင် ဘယ်လိုလုပ်မလဲ။”

ရော့ဝဲလ်က ဒီစကားကြားတဲ့အချိန်မှာတော့ ရယ်မောလိုက် ပါတော့တယ်။ “ဒီစစ်သင်္ဘောတွေမှာ ဖုံးကွယ်ခြင်းအစီအရင် ပါဝင်ပြီးသား။ မှော်စွမ်းအားမရှိတဲ့ သာမန်လူတွေက ငါတို့စစ်သင်္ဘောအုပ်စုကြီးကို မိုးတိမ်တောင်တွေလို့ပဲ ထင်ကြလိမ့်မယ်။”

“ဒီတော့ ဒီတိုက်ပွဲကြီးကိုလည်း သူတို့တွေက မိုးကြိုးမုန်တိုင်းလို့ ထင်ကြမယ်ပေါ့။”

“အမှန်ပဲ...”

ရော့ဝဲလ်ဆီကနေ အတည်ပြုချက်ရပြီးနောက် နက်ဆန်က သင်္ဘောကုန်းပတ်အဆုံးအထိ လျှောက်သွားလိုက်တယ်။ ရော့ဝဲလ်စုဆောင်းထားတဲ့ ခရူးဆိတ်တာတွေက ထောင်နဲ့ချီ ရှိနေတာဖြစ်ပြီး ဘုရားကျောင်းစစ်တပ်ကတောင်မှ အရေအတွက်ပိုင်းအရ အားနည်းနေပါသေးတယ်။

“ရှင့်ရဲ့တစ္ဆေတစ်ရာလမ်းလျှောက်ခြင်းဂါထာက နာမည်ပြောင်းဖို့လိုနေပြီ။ တစ္ဆေ အသင်္ချေလမ်းလျှောက်ခြင်းဆိုပြီး နာမည်ပြောင်းပေးတာ ပိုသင့်တော်လိမ့်မယ်။”

အတူတူလိုက်လာတဲ့မိုနီကာက နက်ဆန့်ပခုံးကိုမှီထားရင်းနဲ့ ပြောလိုက်ပါတယ်။ နက်ဆန်က အခုလိုအမှီခံထားရတာကို မကြိုက်ပေမဲ့ နောက်တစ်ကြိမ် စကူးဘတ်ဘုရင်မကြီး မီးပုံထဲကနေ ထွက်လာမှာစိုးတဲ့အတွက် ငြိမ်ခံနေရတာ။

နောက်မှာရပ်နေတဲ့ မော်လီကတော့ အဲဒီပုံစံကိုကြည့်ရင်းနဲ့ သူ့သခင်လေးကို ချီးကျူးနေတယ်။

“သခင်လေးက မရည်ရွယ်ဘဲနဲ့တောင် မိန်းကလေးတွေကို ဖမ်းစားနိုင်တဲ့ ယောက်ျားကောင်းတစ်​ယောက် ဖြစ်လာပြီ။ သခင်ရိုဝင်သာသိရင် ဝမ်းသာမှာပဲ။”

ရော့ဝဲလ်ကတော့ ချီးကျူးခံရတဲ့အတွက် ရယ်မောလိုက် ပါတယ်။ ဒါပေမဲ့ ခဏနေတော့ သူက နက်ဆန်နဲ့သူ့ရဲ့ လက်အောက်ခံတွေကို ကြည့်လိုက်ပြီးတော့

“မကြာခင်မှာ အရှင့်သားကလည်း ကျုပ်လိုပဲ ဒီဂါထာကို သာမန်ထက်အစွမ်းထက်တဲ့ပုံစံနဲ့ သုံးနိုင်မှာ။ ဒါပေမဲ့ အရေအတွက်ဦးစားပေးတာမဟုတ်ဘဲ အရည်အသွေးနဲ့ပေါ့။”

နက်ဆန်ကတော့ အချိန်ဖြုန်းမနေတော့ဘဲ ကုန်းပတ် အဆုံးကနေပြီး ရင်ပြင်အောက်ကလူတွေကို ငုံကြည့်ကာ အော်ဟစ်ပြောဆိုလိုက်တယ်။

“ရိုမြူလက်ဘုရားကျောင်းကလူတွေ နားထောင်ကြ။ ငါက အမှောင်ကျောင်းတော်ရဲ့မင်းသား နက်ဆန် ဗင်းဆင့်ပဲ။ အာဏာကိုအလွဲသုံးစားလုပ်ပြီး အမှောင်ကျောင်းတော်နဲ့ တခြားနတ်ဘုရားကိုးကွယ်သူ ဂိုဏ်းပေါင်းများစွာကို အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ တစ်ဦးတည်း ဆုံးဖြတ်ချက်နဲ့ တိုက်ခိုက်နေတဲ့ ပီးယပ်ကို နှိမ်နင်းဖို့ လာခဲ့တာ။

ရိုမြူလက်ဘုရားကျောင်းကို စစ်ကြေညာတာမဟုတ်ဘူး။ ဒီနေ့ ဒီနေရာမှာသေရမယ့်သူက ပီးယပ်တစ်ယောက်ပဲ ဖြစ်ရမယ်။”

All Chapters