← Chapters

အခန်း (၇၉၉-၈၀၁)

Vol. 54 Ch. 799-801

အခန်း (၇၉၉-၈၀၁)

Vol. 54 Ch. 799-801

အခန်း(၇၉၉)

လုံထျန်းဝူ ခဏမျှ မှင်တက်သွားခဲ့သည်။

"မိတ်ဆွေလေးရဲ့ဆရာက ဘယ်သူလဲ သိပါရစေ"

"ဆရာ့နာမည်က ရှောင်တုလီ.. ယန်ဒီမြို့ကပါ.. ကျွန်တော့်ဆရာ ချန်ရစ်ခဲ့တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ယန်ဒီမြို့ကို တိုက်ရိုက်သွားဖို့ လုပ်ခဲ့ပေမယ့် လမ်းမှာမတော်တဆမှု တစ်ခု ဖြစ်ပြီး ဒီနေရာကို ရောက်လာခဲ့တာပါ"

ကျန်းချန်က ဖုံးကွယ်မနေတော့ဘဲ လုံထျန်းဝူကို အလုံးစုံ ပြောပြလိုက်သည်။

"မိတ်ဆွေလေးရဲ့ဆရာက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီပဲ ဖြစ်မယ်ထင်တယ်"

ကျန်းချန်၏ စကားကိုကြားလျှင် လုံထျန်းဝူသည် မယုံကြည်နိုင်စွာ ရေရွတ်မိလိုက်သည်။

"ခေါင်းဆောင်ဝူက ကျွန်တော့်ဆရာ နာမည်ကို ကြားဖူးလို့လား"

ကျန်းချန်၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

"ရှောင်တုလီက ကျုံးကျိုးကုန်းမြေရဲ့ ပြိုင်ဘက်ကင်း အင်ပါယာတစ်ပါးပဲ.. ကျုံးကျိုးကုန်းမြေမှာ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့နာမည်ကို မကြားဖူးတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ"

လုံထျန်းဝူက ပြုံးလိုက်သည်။

ရှောင်တုလီ ဆိုသည်မှာ ကျုံးကျိုးကုန်းမြေ၏ ခေတ်တစ်ခေတ်ကို လွမ်းမိုးခဲ့သည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

ရှောင်တုလီသည် အသက်၁၇နှစ် အရွယ်တွင် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီး အသက်၂၀ အရွယ်မှာပင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

၎င်းက အသက်၂၇နှစ် အရွယ်မှာပင် နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်လာခဲ့သည်။

သူက ကျုံးကျွန်းကုန်းမြေ၏ နှစ်ပေါင်းထောင်ချီ သမိုင်းတွင် အသက်သုံးဆယ် မတိုင်ခင် နတ်န္ဓေအင်ပါယာအဖြစ် ရောက်ရှိခဲ့သည့် ပထမဦးဆုံး ပါရမီရှင်ဆိုလဲ မမှားပေ။

၎င်းက တိုက်ခိုက်ရေးစွမ်းရည်တွင် ပြိုင်ဘက်ကင်းသည့်အပြင် အဂ္ဂိရတ်ပညာရပ်နှင့် ဓားပညာရပ်တွင် မည်သူမျှ မယှဥ်နိုင်လောက်အောင် ထူးချွန် ပြောင်မြောက်သည်။

ရှောင်တုလီသည် တစ်ချိန်က နတ်ဝိညာဥ်ဘုရင်အဆင့် ခွန်းအားဖြင့် နတ်သန္ဓေအင်ပါယာကိုပင် တိုက်ခိုက်ခဲ့ဖူးသည်။

သူက ဓားတစ်လက်ကို ကိုင်ဆွဲကာ တစ်ယောက်တည်းဖြင့် ကြယ်သုံးပွင့် အင်အားစုကို ဖျက်စီးခဲ့ပြီးနောက်တွင် နှလုံးလောင်ကျွမ်း ဓားအင်ပါယာအဖြစ် နာမည်​ကျော်ကြားလာခဲ့သည်။

ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေတိုက်တွင် မရေမတွက်နိုင်သော ဒဏ္ဍာရီများကို ချန်ထားရစ်ခဲ့သည့် လူတစ်ယောက်ဟုပင် ဆိုနိုင်၏။

ပို၍အရေးကြီးသည်မှာ ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေ၏ မြို့တော်ကြီး ငါးခုထဲမှ တစ်ခုဖြစ်သည် ယန်ဒီမြို့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေ၏ ထိပ်ဆုံးတွင် တည်ရှိသည့် အင်အားစုတစ်စု ဖြစ်ပြီး ကျုံးကျိုးကုန်းမြေပေါ်မှ ရှားပါးသော ကြယ်လေးပွင့် အင်အားစု နေရာလည်း ဖြစ်သည်။

ရှန်းဝူတိုက်ကြီးတွင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ရှိသည့် အင်အားစုသည် ကြယ်သုံးပွင့်အင်အားစု ဖြစ်သည်။

ကြယ်သုံးပွင့် အင်အားစုနှင် ကြယ်လေးပွင့် အင်အားစုသည် အပေါ်ယံ နှိုင်းယှဥ်ကြည့်လျှင် ဘာမှမထူးခြားဟု ထင်ရသော်လည်း တစ်ကယ်တမ်းတွင် အင်အားနှင့် အခြေခံအုတ်မြစ်များ ကွာခြားလှ၏။

ဆိုရလျှင် ကြယ်လေးပွင့် အင်အားစုများ အခြေချ နေထိုင်ခဲ့သည့် နေရာများသည် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်း ရှိသည့် နေရာများ ဖြစ်ကြသည်။

၎င်းတို့ အင်အားစုထဲတွင် အင်ပါယာနယ်ပယ်အဆင့်ကို ကျော်ဖြတ်ခဲ့သည့် ကျင့်ကြံသူများပင် ရှိကြသည်။

ဥပမာအားဖြင့် ဆိုရလျှင် ကြယ်လေးပွင့်နယ်မြေ ဖြစ်သည့် ယန်ဒီမြို့ကို လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကျုံးကျိုးကုန်းမြေတွင် လူသိများ ထင်ရှားခဲ့သော အင်ပါယာ ထျန်းဝူက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်၏ဆရာက နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ ဖြစ်နေလိမ့်မည်ဟု လုံထျန်းဝူ မထင်ထားခဲ့ပေ။

"ကျွန်တော့်ဆရာက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ.. ဟုတ်လား"

လုံထျန်းဝူ၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

သူ၏ ဆရာက အလွန် အင်အားကြီးမှန်း ကျန်းချန်သိသော်လည်း ကျုံးကျိုးကုန်းမြေတွင် နာမည် ကျော်ကြားသော နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မိတ်ဆွေလေး ကျန်းချန် ဒီတစ်ခါ ရွှယ်ကျင်းမြို့မှာ ပေါ်လာတာက ဒီက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုပြီး အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ကျင့်ယွမ်မြို့ကို သွားချင်လို့ပဲဖြစ်ရမယ်.. ငါလည်းနောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျင့်ယွင်မြို့က ငါ့အဖေရဲ့ မိတ်ဆွေဟောင်းတစ်ဦး မွေးနေ့ပွဲကို တက်ရောက်ဖို့ ရှိတယ်.. မိတ်ဆွေလေးအနေနဲ့ ရက်အနည်းငယ်လောက် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ ဘာလို့ ထပ်မနေရတာလဲ.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ကိစ္စတွေကို စီစဥ်ပြီးတာနဲ့ ငါတို့ အတူတူ ကျင့်ယွင်မြို့ကို သွားကြတာပေါ့ ဘယ်လိုလဲ"

လုံထျန်းဝူက သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို ပြုံးရွှင်စွာလှမ်းကြည့်၍ ပြောလိုက်သည်။

သူ့ရှေ့မှ လူငယ်သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် ပတ်သက်မှု ရှိရုံသာမက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်လည်း ဖြစ်သည်။

ထို့ကြောင့် လုံထျန်းဝူသည် ကျန်းချန်နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရမည်ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ခဲ့သည်။

ဤသည်က ရွှယ်ကျင့်မြို့ရှိ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သာမက အနာဂတ် အောင်မြင်မှုများနှင့်လည်း တိုက်ရိုက် သက်ဆိုင်နေ၏။

"နောက်ထပ် ရက်အနည်းငယ်လား.. ကျွန်တော် ရွှယ်ကျင့်မြို့ကို ရောက်လာတော့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရဲ့ ကြီးကြပ်ရေးမှူးက နောက်ထပ် ရက်နှစ်ဆယ် ထပ်စောင့်ရဦးမယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်"

လုံထျန်းဝူ၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင် တစ်ခု တောက်ပသွားခဲ့သည်။

ရွှယ်ကျင့်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ကြီးကြပ်ရသော အဘိုးအိုသည် သူ့ကို လှည့်စားနေခြင်း ဖြစ်နိုင်ပါသလော။

အခန်း(၇၉၉)ပြီး၏။

အခန်း(၈၀၀)

"ပုံမှန်ဆိုရင်တော့ ရွှယ်ကျင့်မြို့ကနေ ကျင့်ယွမ်မြို့ကို သွားတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က တစ်လမှာ တစ်ကြိမ်ဘဲ ဖွင့်တယ်.. ဒါပေမယ့် အဲဒါက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အချိန်မတိုင်ခင် ဖွင့်မရဘူးလို့ မဆိုလိုဘူး.. တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုချင်တယ်ဆိုရင် ကုန်ကျစရိတ်ငွေကို သာမန်ထက် နှစ်ဆပေးလိုက်ရုံပါပဲ"

လုံထျန်းဝူက ပြုံးရွှင်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

"ဒီလိုကိုး "

ကျန်းချန်က ခေါင်းညိမ့်ကာ ပြောလိုက်၏။

"ဒါဆို ကျွန်တော် နောက်ထပ် ရက်အနည်းငယ်လောက် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ဒုက္ခပေးရတော့မှာပေါ့"

"မိတ်ဆွေလေးက အားနာနေပြန်ပါပြီ.. မိတ်ဆွေလေးမှာ နဂါးနက် ကုန်သွယ်ရေး ကျောက်စိမ်းတံဆိပ်ပြား ရှိတဲ့အတွက် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ မိတ်ဆွေလေးရဲ့ အဆင့်အတန်းက ငါနဲ့ အတူတူပါပဲ.. ဒီနေရာကို မင်းရဲ့ ကိုယ်ပိုင် အိမ်လိုသဘောထားပြီး နေနိုင်ပါတယ် "

လုံထျန်းဝူက လက်ကို ဝှေ့ယမ်းလိုက်ကာ လုံရှင်းယွဲ့ကို ကျန်းချန် အနားယူရန်အတွက် ခေါ်သွားစေခဲ့သည်။

ထို့နောက်တွင် သူက လုံယွင်၊ကျန်းရှန့် နှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ ခေါင်းဆောင်များကို ခေါ်ယူလိုက်၏။

ဤတစ်ကြိမ်တွင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့သည် လုံယွမ်ရှန်နှင့် ပူးပေါင်းပြိီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြားကို သေဆုံးဒဏ်ရာရစေခဲ့၍ နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် အင်အား အလွန် ထိခိုက်သွားခဲ့ရသည်။

ယခုမူ လုံထျန်းဝူက နတ်ဝိညာဥ်ဘုရင် အဆင့်ကို ချိုးဖျက်လိုက်ပြီ ဖြစ်ရာ ဤအကြွေးကို ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့အား ပေးဆပ်စေရလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ကိစ္စများတွင် ဆက်လက် ပါဝင်ခဲ့ခြင်း မရှိတော့ပေ။

သူက ကောင်းကင်ဓားကိုးလက် အစီအရင်ဖြင့် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ပိတ်ဆို့ခဲ့ပြီး အဆုံးသတ်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ယခု နဂါးနက် ကုန်သွယ်ရေးအဖွဲ့၌ နတ်ဝိညာဥ်ဘုရင် အဆင့်ကျင့်ကြံသူ လုံထျန်းဝူ ရှိနေခဲ့ပြီ ဖြစ်ရာ သူ့လို စွမ်းအင်သိပ်သည်းခြင်း အဆင့်မှ သာမန် ကျင့်ကြံသူတစ်ဦးကို မလိုအပ်တော့ပေ။

ကျန်းချန် နဂါးနက် ကုန်သွယ်ရေးအဖွဲ့တွင် အနားယူနေစဥ်တွင် လုံထျန်းဝူသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ လူများကို ဦးဆောင်ကာ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့မှ လူများကို သတ်ဖြတ်ရန် သွားရောက်ခဲ့သည်။

သို့သော် လုံထျန်းဝူသည် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ကို ရွှယ်ကျ​င့်မြို့ကနေ အပြီးတိုင် ဖယ်ရှားရန် မအောင်မြင်ခဲ့ပေ။

သူက ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့မှ နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူကို ဒဏ်ရာအပြင်းအထန် ရရှိစေပြီး ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ကို အပြီးတိုင် ဖြေရှင်းတော့မည့် အချိန်တွင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၏ သခင်လေး ဖုန်းဟောင်ထျန်း၏ ဆရာဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အပြင်စည်း အကြီးအကဲသည် ထွက်ပေါ်လာခဲ့သည်။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အရှိန်အဝါကြောင့် လုံထျန်းဝူသည် အဆုံးသတ်တွင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ကို အပြီးတိုင် ဖျက်ဆီးမည့် သူ၏ အစီအစဥ်အား လက်လျှော့ခဲ့ရသည်။

သို့သော်လည်း ဤစစ်ပွဲအပြီးတွင် ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့၏ နတ်ဝိညာဥ်ဘုရင်တစ်ပိုင်းအဆင့်ကျင့်ကြံသူသည် သေဆုံးရမည်မှာ သေချာသလောက်ပင်။

ထို့အပြင် သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ အများအပြားလည်း သေဆုံးခဲ့ရ၍ အနာဂတ်တွင် ရွှယ်ကျင့်မြို့၌ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့သည် ဘယ်လိုမှ ခေါင်းထောင်နိုင်တော့မည် မဟုတ်ပေ။

နောက်ထပ် ရက်အနည်းငယ်အတွင်း အစီအစဥ်တစ်ချို့ ပြုလုပ်ပြီးနောက်တွင် လုံထျန်းဝူသည် လုံယွင်နှင့် လုံရှင်းယွဲ့တို့ကို ကျန်းချန်နှင့်အတူခေါ်ကာ ကျင့်ယွင်မြို့ကို ထွက်လာခဲ့သည်။

အာကာသစွမ်းအင် ကျောက်တုံးကို နှစ်ဆပေးချေပြီး နောက်တွင် ကျန်းချန်သည် ကျင့်ယွင်မြို့ကို ဦးတည်သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်တို့ လူစုသည် ကျင့်ယွင်မြို့ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း ကွင်းပြင်၌ ထွက်ပေါ်လာခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန်.. ကျင့်ယွင်မြို့က ယန်ဒိီမြို့နဲ့ သိပ်မဝေးပေမဲ့ ကျင့်ယွင်မြို့ကို အုပ်ချုပ်နေတဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ကျုံးကျိုးကုန်းမြေမှာ လူသိများတဲ့ ကြယ်သုံးပွင့်အင်အားစုတစ်ခုပဲ.. သူ့ရဲ့ အုပ်ချုပ်ရေးနယ်ပယ်က အရမ်းကျယ်ပြန့်တယ်.. ကျင့်ယွင်မြို့ကနေ ယန်ဒိီမြို့ကို သာမန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ သွားမယ်ဆိုရင်တောင် အနည်းဆုံး ၁လ ၂လ လောက် ကြာမြင့်လိမ့်မယ်.. မိတ်ဆွေလေး ကျန်းချန်.. ငါနဲ့အတူ ငါ့အဖေရဲ့ မိတ်ဆွေ မွေးနေ့ပွဲကို လိုက်လာခဲ့ရင် မင်းကို ယန်ဒီမြို့ဆီ အမြန်ဆုံး ရောက်အောင် လုပ်ပေးနိုင်လိမ့်မယ် "

လုံထျန်းဝူက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ကွင်းပြင်ထဲက ထွက်ခွါလာပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ခေါင်းဆောင်လုံရဲ့ စကားက ဘာကိုဆိုလိုချင်တာလဲ"

" သခင်လေးကျန်းချန်.. မွေးနေ့ပွဲကျင်းပမယ့် ကျွန်မအဘိုးရဲ့မိတ်ဆွေကို ထျန်းရွှယ် အဘိုးအိုလို့ ခေါ်ကြတယ်..သူကခွန်အားကြီးမားတဲ့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်တဲ့အပြင် သတ္တမအဆင့် အစီအရင်သခင် တစ်ယောက်လဲ ဖြစ်တယ်.. အဖေက သခင်လေးအတွက် စကားပြောပေးမယ် ဆ်ုရင် အဘိုးထျန်းရွှယ်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်ပေးပြီး သခင်လေးကို ယန်ဒီမြို့ဆီ တိုက်ရိုက် ပို့ပေးနိုင်လိမ့်မယ် "

လုံရှင်းယွဲ့က ကြားဝင်ရှင်းပြလိုက်သည်။

လုံရှင်းယွဲ့၏ စကားကိုကြားလျှင် ကျန်းချန်သည် ပျော်ရွှင်သွားခဲ့သည်။

ဤသို့ဖြင့် သူက လုံထျန်းဝူတို့နှင့်အတူ မွေးနေ့ပွဲကို တက်ရောက်ရန် ဆုံးဖြတ်လိုက်၏။

ကျင့်ယွင်မြို့ကနေ ယန်ဒီမြို့ကို တည်နေရာ ရွှေ့ပြောင်းမည်ဆိုလျှင် ကိုယ်တိုင် ခရီးနှင်သည်ထက် အဆများစွာ ပို၍ လွယ်ကူသွားလိမ့်မည်မှာ သေချာသည် မဟုတ်ပါလော။

အခန်း(၈၀၀)ပြီး၏။

အခန်း(၈၀၁)

ထျန်းရွှယ်အဘိုးအို။

၎င်းက ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လူထူးဆန်း ဖြစ်သည်။

တစ်ချိန်တုန်းက အံဖွယ်တိမ်တိုက်ဂိုဏ်းတွင် အကြီးအကဲ ထျန်းရွှယ်သည် အလွန် လေးစားခံရသည့် အကြိီးအကဲ တစ်ဦးဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

သို့သော်လည်း အကြောင်းပြချက် မယ်မယ်ရာရာ မရှိဘဲ လွန်ခဲ့သည့် ဆယ်နှစ်လောက်တွင် အကြီးအကဲ ထျန်းရွှယ်သည် အံဖွယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲ ဖြစ်သည့် သူ၏ အဆင့်အတန်းကို စွန့်လွှတ်ကာ ကျင့်ယွင်မြို့၏ အနောက်ဘက် မိုင် ၈၀၀ အကွာရှိ ရွှယ်ယန်တောင်တွင် တစ်ယောက်ထဲ နေထိုင်ခဲ့သည်။

သို့သော်လည်း ၎င်းသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည့်အပြင် သတ္တမ အဆင့် အစီအရင်သခင် ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲ ထျန်းရွှယ်တွင် အလွန်ကျယ်ပြန့်သည့် အဆက်အသွယ်များရှိပြီး နှစ်စဥ်နှစ်တိုင်းတွင် သူ၏မွေးနေ့ကို ဂုဏ်ပြုရန် ရွှယ်ယန်တောင်ကို လာရောက် ဂုဏ်ပြုကြသည့် လူများသည် မနည်းမနော ဖြစ်သည်။

ဟုတ်ပါသည် အရေးကြီးဆုံး အချက်မှာ နှစ်စဥ်ကျင်းပသည့် သူ၏ မွေးနေ့တွင် အကြီးအကဲ ထျန်းရွှယ်သည် သူ စိတ်တိုင်းကျသည့် မျိုးဆက်သစ်ကို အကြံဉာဏ်တစ်ခု နှစ်ခု ပေးလေ့ ရှိသောကြောင့်ပင်။

ထူးချွန်သော ပါရမီရှင်ကို အကြီးအကဲ ထျန်းရွှယ်က တပည့်အဖြစ် လက်ခံချင် လက်ခံပေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ရွှယ်ကျင်းမြို့ အနီးတဝက်ရှိ အင်အားကြီးမားသော လူငယ် ကျင့်ကြံသူ တစ်ချို့သည် အဘိုးအို၏ မွေးနေ့ပွဲကို ဂုဏ်ယူစွာဖြင့် တက်ရောက်လာလေ့ ရှိကြသည်။

အဘိုးအို ထျန်းရွှယ်သည် ထိုလူငယ် ကျင့်ကြံသူများ အတွက် စမ်းသပ်မှု တစ်ခုကိုလည်း အထူးတလည် စီရင်ထားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ရွှယ်ယန်တောင်တွင် ကျင်းပသော အကြီးအကဲ ထျန်းရွှယ်၏ မွေးနေ့ပွဲသည် အသေးစား ပြိုင်ပွဲတစ်ခု အဖြစ် ပြောင်းလဲလာခဲ့သည်။

လူငယ်ပါရမီရှင် အများအပြားသည် ထိုစမ်းသပ်မှုတွင် ပါဝင်ခဲ့ကြပြီး အကြီးအကဲ ထျန်းရွှယ်ကို ဆရာ တင်မြှောက်နိုင်မည့် အခွင့်အရေး ရရှိရန် မျှော်လင့်ခဲ့ကြသည်။

လုံထျန်းဝူတို့ သုံးယောက်က အကြီးအကဲ ထျန်းရွှယ်နှင့် ပတ်သက်၍ ကျန်းချန်ကို ရှင်းလင်းပြောပြပြီးနောက်တွင် ရွှယ်ယန်တောင်ဆီသို့ ခရီးဆက်ခဲ့ကြသည်။

မိုင်၈၀၀ ဟူသော အကွာအဝေးသည် ကျန်းချန်တို့လူစုအတွက် အရမ်းကြီး မဝေးကွာပေ။

သိပ်မကြာခင်မှာပင် သူတို့အဖွဲ့သည် ရွှယ်ယန်တောင်၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ရွှယ်ယန်တောင်၏ တောင်ခြေတွင် လူတစ်ရာထက်မနည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

"အိုး လူတွေအများကြီးပဲ.. ဒီတစ်ခေါက် မွေးနေ့ပွဲက အရင်တစ်ခေါက်ထက် ပိုပြီးစည်ကားပုံရတယ် "

ရွှယ်ယန်တောင်ခြေသို့ ရောက်ရှိလာကြသော လူများကို ကြည့်ရင်း လုံရှင်းယွဲ့က ပြောလိုက်သည်။

"ဒီတစ်ခေါက် ကျင်းပမယ့် မွေးနေ့ပွဲက အကြီးအကဲထျန်းရွှယ်ရဲ့နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲပါ.. ဒါကြောင့် အရင်ထက်ပိုပြီး စည်ကားတာ သဘာဝကျပါတယ်.. ဒါ့အပြင် ငါသိထားသလောက် ပြောရရင် အကြီးအကဲထျန်းရွှယ်က ဒီတစ်ကြိမ်မှာ တပည့်မွေးဖို့ စီစဥ်ထားတယ်.. ာဒီအချက်က လူငယ်ပါရမီရှင်အများအပြားရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ် "

လုံထျန်းဝူက ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။

" အကြီးအကဲထျန်းရွှယ်က တကယ်ဘဲ တပည့်မွေးမလို့လား "

ထိုစကားကိုကြားလျှင် လုံယွင်က အံ့အားသင့်သွားခဲ့သည်။

အကြီးအကဲ ထျန်းရွှယ်နှင့် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင်ဟောင်း ဖြစ်သည့် လုံယွင်တို့၏ အဘိုးသည် မိတ်ဆွေရင်းများ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့သည် အကြီးအကဲ ထျန်းရွှယ်၏ မွေးနေ့ပွဲကို နှစ်စဥ်နှစ်တိုင်း တက်ရောက်လေ့ရှိကြသည်။

ဆိုရလျှင် လုံယွင်တို့ မောင်နှမနှစ်ယောက်သည် အကြီးအကဲထျန်းရွှယ်၏ အကြောင်းကို တခြားသူများထက်ပင် သိထားကြ၏။

သူတို့ သိထားရသလောက် အကြီးအကဲ ထျန်းရွှယ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ထွက်လာပြီး ကတည်းကပင် လူငယ်ပါရမီရှင် အများအပြားကို ညွှန်ကြားပြသခဲ့ပြီး နာမည်ခံတပည့်အချို့ကို လက်ခံခဲ့သော်လည်း တရားဝင် တပည့် အဖြစ် မည်သူ့ကိုမျှ လက်မခံခဲ့ပေ။

ယခု အသက် ၁၀၀ ပြည့်သောအချိန်တွင် အကြီးအကဲ ထျန်းရွှယ်က တပည့်ခေါ်ယူလိမ့်မည်ဟု လုံယွင် အမှန်တကယ်မထင်ထားခဲ့ချေ။

"ရှေ့မှာဖြစ်နေတဲ့ အခြေအနေက ဘာလဲ.. ဘာလို့ လူတစ်ချို့က တောင်ခြေကနေ လမ်းလျှောက်သွားပြီး တချို့က တောင်ပေါ်ကို တိုက်ရိုက် ပျံသန်းသွားကြတာလဲ "

သူ၏ ရှေ့မှအခြေအနေကိုကြည့်ရင်း ကျန်းချန်က စူးစမ်းသောအမူအရာဖြင့် မေးလိုက်သည်။

"အကြီးအကဲ ထျန်းရွှယ်က ဒီရွှယ်ယန်တောင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအရင် တစ်ခုကို တည်ဆောက်ထားခဲ့တယ် ဒီအစီအစဥ်က ရွှယ်ယန်တောင်ကို တက်ရောက်လာ ကြတဲ့ လူငယ်တွေ အပေါ် အကြီးအကဲ ထျန်းရွှယ်ရဲ့ စမ်းသပ်မှုလည်းဖြစ်တယ်.. အကြီးအကဲထျန်းရွှယ်ရဲ့ မျက်စိကျတာကို လိုချင်ရင် ရွှယ်ယန်တောင်ကို ပုံမှန်အတိုင်း လမ်းလျှောက်တက်သွားရတယ်.. ပြောရရင် ရွှယ်ယန်တောင်ကို လမ်းလျှောက်တက်သွားတဲ့ သူတွေက စမ်းသပ်မှုမှာ ပါဝင်ဖို့ ရောက်လာကြတဲ့ လူငယ်ပါရမီရှင်တွေပဲ"

လုံထျန်းဝူက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ကျန်းချန်ကို ရှင်းပြလိုက်သည်။

"မိတ်ဆွေလေး ကျန်းချန်လဲ စိတ်ဝင်စားရင် ရွှယ်ယန်တောင်ကို ဒီအတိုင်း တက်လို့ရပါတယ် "

"ကျွန်တော်.. အကြီးအကဲထျန်းရွှယ်ရဲ့ မျက်စိကျတာကို မခံချင်ပါဘူး "

ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

သူက ရှောင်တုလီကို ဆရာအဖြစ် တင်မြှောက်ထားပြီ ဖြစ်ရာ အကြီးအကဲ ထျန်းရွှယ်ကို ထပ်မံ တင်မြှောက်ရန် မဖြစ်နိုင်တော့ပေ။

သို့ဖြစ်ရာ ဤရွှယ်ယန်တောင်ကို တက်ရန် အချိန်ကုန်ခံစရာ ဘာအကြောင်းရှိပါမည်နည်း။

အခန်း(၈၀၁)ပြီး၏။

All Chapters