အခန်း (၇၉၆-၇၉၈)
Vol. 54 Ch. 796-798
အခန်း(၇၉၆)
လေဟာနယ်ထဲကနေ ထွက်လာသော ပုံရိပ်က လုံယွမ်ရှန်၏ တိုက်ခိုက်မှုကို ကြည့်ရင်း လက်ဝါးကို အသာအယာမြှောက်ကာ ညင်သာစွာ လှုပ်ရှားလိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် လုံယွမ်ရှန် ထုတ်လွှတ်လိုက်သည့် အသက်စွမ်းအားသည် လေထုထဲတွင် အေးခဲသွားသကဲ့သို့ ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။
"ပျက်စီးစမ်း"
ကောင်းကင်ယံတွင် ကြုံးဝါးသံ တစ်သံက ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။
ကောင်းကင်ယံမှ ပုံရိပ်က လက်ဝါးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လုံယွမ်ရှန်၏ လေထုထဲတွင် အေးခဲနေသော အသက်စွမ်းအင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
"လုံထျန်းဝူ"
လေဟာနယ်ထဲကနေ ခြေလှမ်း၍ ထွက်လာခဲ့သော ပုံရိပ်ကို လှမ်းကြည့်ရင်း လုံယွမ်ရှန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ပါးစပ်ကနေ ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
သူတို့က အစီအရင်ကို ချိုးဖျက်ပြီး နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ ဌာနချုပ်ထဲသို့ ထိုးဖောက်တော့မည့် အချိန်တွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လုံထျန်းဝူက ထွက်လာလိမ့်မည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။
"လုံထျန်းဝူပါလား"
ရုတ်တရပ် ထွက်ပေါ်လာသည့် လုံထျန်းဝူကို မြင်လျှင် ဖုန်းယွမ်ကျန့်၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။
လုံထျန်းဝူ ဆိုသည်မှာ နတ်ဝိညဉ်ဘုရင်တစ်ပိုင်း အဆင့်ကျင့်ကြံသူ ဖြစ်ပြီး သူတို့ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၏ ဘိုးဘေးနှင့်ပင် ယှဉ်နိုင်သော ကျင့်ကြံသူ ဖြစ်သည်။
ယခုအခါတွင် လုံထျန်းဝူ ကိုယ်တိုင် ထွက်လာခဲ့ပြီဖြစ်ရာ သူတို့၏ အစီအစဉ်သည် မအောင်မြင်ရုံသာမက အလွန်အန္တရာယ် များသော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
"အဖေ နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ"
လေထုထဲတွင် ပေါ်ထွက်လာသည့် လုံထျန်းဝူကို လှမ်းကြည့်ရင်း လုံရှင်းယွဲ့၏ လှပသော မျက်လုံးလေးတွင် ပျော်ရွှင်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။
သူ့အဖေ၏ အကူအညီဖြင့်ဆိုလျှင် ယနေ့ကြုံတွေ့ရသည့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကျပ်အတည်းသည် အဆုံးသတ်တွင် လုံးဝ ဖြေရှင်းသွားပြီဟု သတ်မှတ်၍ ရပေသည်။
"လုံယွမ်ရှန်.. မင်းတကယ် မိုက်လုံးကြီးပါလား.. မင်းက နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးကဲချုပ် ဖြစ်ပြီး နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကို သစ္စာဖောက်ခဲ့တဲ့ အပြင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့နဲ့တောင် ပူးပေါင်းလိုက်သေးတယ်.. ဒီနေ့ ငါ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ အတွက် မင်းလို အညစ်အကြေးကိုဖယ်ရှားပစ်မယ် "
လုံထျန်းဝူက လုံယွမ်ရှန်ကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
သူ၏ အေးစက်စက်အသံသည် လုံယွမ်ရှန်၏ နားထဲသို့ ဖြည်းညင်းစွာ ပဲ့တင်ထွက်သွားခဲ့၏။
"လုံထျန်းဝူ.. မင်းသာ ငါ့သားကို မသတ်ခဲ့ရင် ဒီနဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ရာထူးက မင်းအလှည့်ကို ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ "
လုံယွမ်ရှန်က လုံထျန်းဝူကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ဒီနေ့ ငါ့တွက်ကိန်းမှားသွားတာ ငါလုံယွမ်ရှန် လက်ခံတယ်.. ဒါပေမယ့် ငါသေခဲ့ရင်တောင် မင်းကို ကြီးလေးတဲ့ အဖိုးအခပေးဆပ်စေမယ်"
"လုံယွမ်ရှန်.. အဲ့ဒီအချိန်က ဖြစ်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ငါလုံထျန်းဝူ စိတ်ရှင်းတယ်.. မင်းနားလည်ထားဖို့က မင်းရဲ့သားသေဆုံးရတာ ဘာမှ ငါ့ရဲ့ ပယောဂမပါဘူး.. နဂါးနက်ကုန်သွယ်ရေး အဖွဲ့အတွက် မင်းအများကြီး အထောက်အပံ့ ပေးခဲ့တာကို ထောက်ရှုပြီး ဒီနေ့ မင်းကို သတ်ရင်တောင် မင်းရဲ့ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးမယ်"
လုံထျန်းဝူက လုံယွမ်ရှန်ကို ကြုံးဝါးနေစဉ် ဖုန်းယွမ်ကျန့်သည် ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ အုပ်စုနှင့်အတူ တဖြည်းဖြည်း မသိမသာ ဆုတ်ခွာသွားခဲ့သည်။
"ဟမ့်.. ထွက်သွားချင်တာလား "
"ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့.. ငါတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့က မင်းတို့ လာချင်တိုင်း လာလို့ရတဲ့ နေရာမဟုတ်ဘူး.. ဒီကို ရောက်လာပြီဆိုမှတော့ မင်းတို့ရဲ့အသက်ကို ထားခဲ့ရမယ်"
"လေထု အေးခဲစမ်း.."
လုံထျန်းဝူက အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော အင်အားတစ်ခုသည် ဖုန်းယွမ်းကျန့်တို့ လူစုဆီသို့ တိုက်ရိုက် သက်ရောက်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ဖုန်းယွမ်ကျန့်တို့ လူစု ရှိနေသည့် ပတ်ဝန်းကျင်သည် ထိုထူးဆန်းသော အင်အားအောက်တွင် လုံးဝ အထိန်းချုပ်ခံလိုက်ရ၏။
သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ဖုန်းယွမ်ကျန့်သည် ထိုအင်အား၏ အချုပ်အနှောင်အောက်၌ လှုပ်ရှားရန် ခက်ခဲနေခဲ့သည်။
"မင်း မင်းက နတ်ဝိညာဉ်ဘုရင် အဆင့်ကို ထိုးဖောက်သွားပြီလား"
လုံထျန်းဝူက သူ့ကို အသာအယာပင် ချုပ်နှောင်လိုက်သောကြောင့် ဖုန်းယွမ်ကျန့် အံ့ဩတုန်လှုပ်သွားခဲ့သည်။
လုံထျန်းဝူကို လှမ်းကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် အလွန် ထိတ်လန့်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို တစ်ကွက်ထဲဖြင့် ချုပ်နှောင်ရန်မှာ နတ်ဝိညာဉ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူများ စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။
စစ်မှန်သော နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူတွင်သာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည် ရှိနိုင်မည် မဟုတ်ပါလား။
အခန်း(၇၉၆)ပြီး၏။
အခန်း(၇၉၇)
နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူ လုံထျန်းဝူသည် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သွားခဲ့ချေပြီ။
ဖုန်းယွမ်ကျန့်ကို ချုပ်နှောင်လိုက်သည့် လုံထျန်းဝူ၏ လှုပ်ရှားမှုကို မြင်လျှင် လုံယွမ်ရှန်သည် ချက်ချင်းဆိုသလိုပင် အထိတ်တလန့် ဖြစ်သွားခဲ့သည်။
လုံထျန်းဝူ၏ ကျင့်ကြံခြင်းအဆင့်သာ နတ်ဝိညာဥ်ဘုရင်တစ်ပိုင်းအဆင့်တွင် ရှိနေသေးလျှင် သူက ဖုန်းယွမ်ကျန့်နှင့်အတူ လက်တွဲ၍ ယှဥ်ပြိုင်ကောင်း ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။
ယခုအခါတွင် လုံထျန်းဝူသည် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ရောက်ရှိသွားခဲ့ချေပြီ။
သူနှင့် ဖုန်းယွမ်ကျန့်တို့ နှစ်ယောက်စလုံးက သိုင်းသခင်နယ်ပယ် နမဝအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း လုံထျန်းဝူ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။
"ငါထွက်ပြေးမှ ဖြစ်မယ်"
ထိုအတွေးကိုရသည်နှင့် လုံယွမ်ရှန်သည် အမြန်ဆုံး ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ မဟုတ်လျှင် ယနေ့တွင် သူသည်လုံထျန်းဝူ၏ လက်၌ သင်္ဂြိုဟ်ခံရမည် ဖြစ်၏။
လုံယွမ်ရှန်က သူ၏ အရှိန်အဟုန်ကို အမြင့်ဆုံးအထိ မြင့်တင်ကာ အနက်ရောင်စီးချောင်းတစ်ခုအဖြစ်ပြောင်းလဲပြီး အဝေးကိုထွက်ပြေးသွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံယွမ်ရှန်၏ ပုံရိပ်သည် မီတာတစ်ရာ အကွာ၌ ပေါ်လာခဲ့၏။
သို့သော် လုံယွမ်ရှန် အရှိန်အဟုန်ထက် လုံထျန်းဝူက ပိုမို မြန်ဆန်နေခဲ့၏။
သူက လေထုကိုနင်းကာ အာကာပြင်ကို တိုက်ရိုက် ဆုတ်ဖြဲကာ နေရာမှာတင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တခဏတွင် လုံထျန်းဝူ၏ ပုံရိပ်သည် လုံယွမ်ရှန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ကြီးမားသောစွမ်းအင်များ ပါဝင်နေသည့် လုံထျန်းဝူ၏ လက်ဝါးရိုက်ချက်သည် လုံယွမ်ရှန်ဆီသို့ ကျရောက်သွားခဲ့သည်။
ထိုအခါ လုံယွမ်ရှန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး တစ်ကိုယ်လုံးသည် မီတာသုံးဆယ်ကျော် အကွာအထိ အရှက်တကွဲ လွင့်စင်သွားခဲ့၏။
လုံယွမ်ရှန်က သူ၏ ပုံရိပ်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးခင်မှာပင် လုံထျန်းဝူသည် ထူးဆန်းသော လေဟာနယ် စွမ်းအင်ဖြင့် ပတ်ဝန်းကျင် နေရာလွတ်ကို ချက်ချင်း ထိန်းချုပ်လိုက်သည်။
"လုံယွမ်ရှန်.. ဒီနှစ်တွေမှာ မင်းကိုငါ သည်းခံခဲ့တယ်.. ဒါပေမယ့် မင်းက တစ်ကြိမ်ပြီးတစ်ကြိမ် ကမ်းတက်လာခဲ့တယ်.. အခုတော့ မင်းက ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို သစ္စာဖောက်တဲ့အထိ လုပ်ဆောင်နေခဲ့ပြီ ငါမင်းကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ"
လုံထျန်းဝူက အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် လက်ညိုးမှ ဓားစွမ်းအားဖြင့် လုံယွမ်ရှန်၏ မျက်ခုံးနှစ်ခုကြားကို တိုက်ခိုက်လိုက်သည်။
"မသတ်ပါနဲ့"
လုံယွမ်ရှန်က အကြောက်လန့်ကြီး ကြောက်လန့်ကာ တောင်းပန်ခဲ့သည်။
အနီးနားရှိ လေထုက လုံထျန်းဝူ၏ အချုပ်အနှောင်စွမ်းအားကြောင့် ခိုင်မာသွားခဲ့ပြီဖြစ်ရာ လုံယွမ်ရှန်သည် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။
လုံထျန်းဝူ၏ လက်ညိုးမှ ဓားစွမ်းအား သူ၏ နဖူးသို့ ဖြတ်သန်းသွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
လက်ညိုးမှ ဓားစွမ်းအင်က လုံယွမ်ရှန်၏ မျက်ခုံးနှစ်ခုကြားကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီးနောက်တွင် လေထဲကနေ နီဆွေးသော သွေးမိုးများသည် တိုက်ရိုက် စီးကျလာခဲ့သည်။
နောက်ထပ် တခဏမှာပင် လုံယွမ်ရှန်သည် အသက်ရှူ ရပ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် လေထဲကနေ ပြုတ်ကျလာခဲ့သည်။
ထိုသို့ လုံထျန်းဝူက လုံယွမ်ရှန်ကို သတ်ဖြတ်နေစဥ် တစ်ဖက်၌လည်း ဖုန်းယွမ်ကျန့်သည် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ လျှို့ဝှက် နည်းစနစ်များ အသုံးပြု၍ အချုပ်အနှောင်များကို ချိုးဖျက်ပြီး ထိတ်လန့်တကြားထွက်ပြေးသွားခဲ့သည်။
လုံထျန်းဝူက ဖုန်းယွမ်ကျန့်ကို လှမ်းကြည့်လိုက်သော်လည်း လိုက်မဖမ်းခဲ့ပေ။
သူက ဖုန်းယွမ်ကျန့် စွန့်ပစ်ခဲ့သည့် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲ တစ်ဒါဇင်ကျော်ကို ခံစားချက်ကင်းမဲ့သောမျက်လုံးဖြင့် စိုက်ကြည့်လိုက်ပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်ဖြင့် ဖိနှိပ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရလျှင် ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ မျက်နှာထက်၌ စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဤသို့ဖြင့် ဖုန်းယွမ်ကျန့်သည် တစ်ချက်တည်းဖြင့် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ကို ဖြေရှင်းလိုက်သည်။
ကိစ္စအားလုံးကို ဖြေရှင်းပြီးနောက်တွင် လုံထျန်းဝူသည် လေထုကို နင်းလျောက်ကာ မျက်တောင်တစ်ခတ် အတွင်း ကျန်းချန်၏ အရှေ့၌ ပေါ်လာခဲ့သည်။
"မိတ်ဆွေလေးကို ကျေးဇူးအများကြီးတင်ပါတယ်.. ဒီနေ့မိတ်ဆွေလေးရဲ့ အကူအညီသာ မရရင် ငါတို့နဂါးနက်ကုန်သွယ်ရေးအဖွဲ့က သေချာပေါက် ပျက်စီးသွားမှာ အသေအချာပဲ.. လုံထျန်းဝူက မိတ်ဆွေလေးရဲ့ ကျေးဇူးကို အမြဲ မှတ်သားထားပါ့မယ်"
လုံထျန်းဝူက ကျန်းချန်ကို အလွန် ယဥ်ကျေးစွာ ပြောဆိုလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်၏။
"ခေါင်းဆောင်လုံ ကျွန်တော့်ကို ဒီလောက်ထိ ယဥ်ကျေးနေစရာမလိုပါဘူး.. မြောက်ပိုင်းတောရိုင်းဒေသမှာရှိတဲ့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ အဆက်အနွယ်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံနိုင်တာက ကံကြမ္မာ ရေစက်ပါပဲ"
ကျန်းချန်၏ စကားကိုကြားလျှင် လုံထျန်းဝူသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"မိတ်ဆွေလေးက ဘယ်ကလာတာလဲ သိပါရစေ"
ကျန်းချန်က စိတ်လှုပ်ရှားနေသည့် လုံထျန်းဝူကို လှမ်းကြည့်ကာ ရယ်မော၍ ပြန်ဖြေလိုက်သည်။
"ကျွန်တော်က မြောက်ပိုင်းတောရိုင်းဒေသကနေ လာခဲ့တာပါ"
အခန်း(၇၉၇)ပြီး၏။
အခန်း(၇၉၈)
"မိတ်ဆွေလေးက တကယ်ပဲ မြောက်ပိုင်းတောရိုင်းဒေသကနေ လာတာလား"
ကျန်းချန်၏ စကားကိုကြားလျှင် လုံထျန်းဝူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် လုံထျန်းဝူသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ မူလဇစ်မြစ်ကို အလွန်ပင် ရှင်းရှင်းလင်း သိရှိထားသည်။
သူတို့၏ ဘိုးဘေးသည် ကျုံးကျိုးကုန်းမြေကို တစ်ယောက်ထဲ ရောက်ရှိလာချိန်ကထဲက စပြီး မြောက်ပိုင်းတောရိုင်း ဒေသရှိ နဂါးနက်ကုန်သွယ်ရေးအဖွဲ့နှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။
သူ၏ရှေ့မှ ကောင်လေးက မြောက်ပိုင်းတောရိုင်း ဒေသကနေ ရောက်လာသောသူ ဖြစ်လိမ့်မည်ဟု လုံထျန်းဝူ မမျှော်လင့်ထားခဲ့ပေ။
"ကျွန်တော် မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်လာတော့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်က ကျွန်တော့်ကို ဒီ နဂါးနက်ကျောက်စိမ်း တံဆိပ်ပြားကို ပေးခဲ့တယ်.. ဒါပေမယ့် ဒီရွယ်ကျင့်မြို့မှာ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အဆက်အနွယ်တွေနဲ့ တွေ့ရမယ်လို့တော့ မထင်ထားခဲ့ဘူး "
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်၍ ပြလိုက်သည်။
ကျန်းချန်၏ လက်ထဲက နဂါးနက် ကျောက်စိမ်း တံဆိပ်ပြားကို လှမ်းကြည့်ရင်း လုံထျန်းဝူသည် ကျန်းချန်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့နဲ့ ကြီးမားသော ဆက်နွယ်မှု ရှိမှန်း ပိုသေချာသွားခဲ့သည်။
အဆုံးသတ်တွင် နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားသည် သူတို့ နဂါးနက်အဖွဲ့၏ သီးသန့်သင်္ကေတ ဖြစ်ပြီး အများအားဖြင့် သူတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လက်ထဲမှာသာ ရှိလေ့ရှိသည်။
ထို့အပြင် သူ၏ လက်ထဲမှ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားသည်လည်း အမြဲလိုလို သူ့လက်ထဲ၌ ရှိနေခဲ့၏။
ထို့ကြောင့် ကျန်းချန်၏ လက်ထဲမှ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားသည် မြောက်ပိုင်းတောရိုင်း ဒေသရှိ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ထံမှ ဖြစ်မည်မှာ သေချာသလောက်ပင်။
"ငါ လုံထျန်ဝူးက ဒီတစ်သက်မှာ မြောက်ပိုင်းတောရိုင်း ဒေသက အဆက်အနွယ်တွေနဲ့ ပြန်လည် တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"
လုံထျန်းဝူက သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို အလျင်အမြန် မေးလိုက်သည်။
"မိတ်ဆွေလေး.. မြောက်ပိုင်းတောရိုင်းဒေသမှာ ရှိတဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ငါသိပါရစေ "
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လုံမျိူးနွယ်စု ပျောက်ကွယ်သွားခဲ့သည့် လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် လုံထျန်းဝူ၏ ဘိုးဘေးသည် ကျုံးကျိုးကုန်းမြေဆီသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့ပြီး အဆုံးသတ်တွင် ရွှယ်ကျင့်မြို့၌ နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကို တည်ထောင်ခဲ့သည်။
သို့သော် လုံထျန်းဝူ၏ ဘိုးဘေးများသည် သူတို့၏ ဇစ်မြစ်က မြောက်ပိုင်းတောရိုင်း ဒေသတွင် ရှိနေမှန်း မမေ့လျော့ခဲ့ကြပေ။
ရွှယ်ကျင့်မြို့တွင် ရှိသည့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်တိုင်းသည် အရေးကြီးသော တာဝန် တစ်ခုကို ပခုံးထမ်း ဆက်ခံရသည်ည်။
တစ်ခုမှာ လုံမျိုးနွယ်စု ပျောက်ကွယ်သွားရသည့် လျှို့ဝှက်ချက်ကို ရှာဖွေရန်နှင့် နောက်တစ်ခုမှာ မြောက်ပိုင်းတောရိုင်းဒေသနှင့် အဆက်အသွယ် ရရှိရန် ဖြစ်သည်။
ကျုံးကျိုးကုန်းမြေတွင် အင်အားကြီးမားသော ကျင့်ကြံသူများသည် အလွန်ပင် များပြားသည်။
ထို့ကြောင့် နဂါးနက်ကုန်သွယ်ရေး အဖွဲ့သည် ရွှယ်ကျင်းမြို့တွင် အလွန်အားနည်းသော အခြေအနေဖြင့်သာ ရပ်တည်နိုင်ခဲ့သည်။
လုံမျိုးနွယ်စု ပျောက်ကွယ်သွားသည့် လျှို့ဝှက်ချက်ကို ရှာဖွေသည့် အခြေအနေတွင်ဖြစ်စေ မြောက်ပိုင်းတောရိုင်းဒေသနှင့် အဆက်အသွယ်ရသည်ဖြစ်စေ လုံထျန်းဝူတို့ ဘက်တွင် မည်သည့် တိုးတက်မှုမှ မရှိခဲ့ပေ။
မူလက လုံထျန်းဝူတွင် မျှော်လင့်ချက် လုံး၀ မရှိခဲ့ချေ။
သို့သော်လည်း ဤတစ်ခေါက်တွင် မြောက်ပိုင်းတောရိုင်း ဒေသမှ လူငယ်လေး တစ်ယောက်သည် ရွှယ်ကျင့်မြို့တွင် ပေါ်လာခဲ့သည်။
ထို့အပြင် ထိုလူငယ်သည် သူတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် ထူးခြားသော ပတ်သက်မှု ရှိနေခဲ့၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
"အင်အားနဲ့ ပတ်သက်ပြီး ပြောရရင် မြောက်ပိုင်းတောရိုင်းဒေသမှာရှိတဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့က ခေါင်းဆောင်တို့ ရွှယ်ကျင့်မြို့က နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို မယှဥ်နိုင်ပေမဲ့လည်း မြောက်ပိုင်းတောရိုင်း ဒေသမှာတော့ အကောင်းဆုံးတွေထဲက အကောင်းဆုံး တစ်ခုပဲ"
"မိတ်ဆွေလေးက ဘယ်လိုလုပ်ပြီး ကျုံးကျိုးကုန်းမြေကို ရောက်လာခဲ့တာလဲ သိပါရစေ"
လုံထျန်းဝူက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ကျန်းချန်ကို တလေးတစား ပြောလိုက်သည်။
"မိတ်ဆွေလေး အနေနဲ့ မြောက်ပိုင်းတောရိုင်းဒေသဆီ သွားနိုင်မယ့် လျှို့ဝှက်လမ်းကို ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ် "
သူ့ရှေ့မှ လူငယ်၏ အင်အားသည် စွမ်းအင်သိပ်သည်းခြင်း အဆင့်တွင်သာ ရှိသေးသည်။
ထိုကြောင့် မိုင်သန်းပေါင်းများစွာ ဝေးသည့် ပင်လယ်ကိုဖြတ်သန်းကာ ဤနေရာကို ရောက်လာရန်မှာ မဖြစ်နိုင်ပေ။
သိထားရမည်မှာ သူ၏ ဘိုးဘေးသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် အင်အားဖြစ်ပြီး ပင်လယ်ကို ဖြတ်သန်းချိန်တွင် အကျပ်အတည်း အများအပြား ကြုံတွေခဲ့ရပြီး ကျုံးကျိုးကုန်းမြေကို ရောက်ရှိရန် ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့သည်။
ထိုအချိန်တွင် ကူညီမည့်သူ တစ်ယောက်နှင့် သူတို့ ဘိုးဘေး ဆုံတွေ့ခဲ့ရ၏။
စိတ်စေတနာကောင်းသော နတ်ဝိညာဥ်ဘုရင် တစ်ပါးသာ မကူညီခဲ့လျှင် သူတို့၏ ဘိုးဘေးသည် ကျုံးကျိုးကုန်းမြေကိုပင် ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ယခု ဤလူငယ်သည် မြောက်ပိုင်းတောရိုင်းဒေသကနေ ကျုံးကျိုးကုန်းမြေဆီကို ရောက်လာခဲ့သည် ဖြစ်ရာ မြောက်ပိုင်းတောရိုင်း ဒေသဆီ သွားသည့် လမ်းကြောင်း ရှိနေမည်မှာ သံသယဖြစ်စရာပင် မလိုပေ။
"ကျွန်တော် ကျုံးကျိုးကုန်းမြေကို ရောက်လာခဲ့တာ မှန်ပေမယ့် အရာအားလုံးက ကျွန်တော့်ဆရာ စီစဥ်ပေးလိုက်တာပါ.. ဒါ့အပြင် ကျုံးကျိုးကုန်းမြေကနေ မြောက်ပိုင်းတောရိုင်း ဒေသဆီ ဘယ်လိုပြန်ရမလဲဆိုတာ ကျွန်တော် တကယ်မသိဘူး "
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
သူက ရှောင်တုလီ ချန်ထားပေးခဲ့သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကနေ ကျုံးကျိုးကုန်းမြေကို ခရီးထွက်ခဲ့သော်လည်း ထိုအချိန်အတွင်း အမှားများ လုပ်ဆောင်မိခဲ့သည်။
သို့ဖြစ်ရာ မြောက်ပိုင်းတောရိုင်းဒေသကို သွားသည့် လမ်းကြောင်းအား သူအဘယ်ကဲ့သို့ သိနိုင်ပါမည်နည်း။
အခန်း(၇၉၈)ပြီး၏။