အခန်း (၂၃၆-၂၄၀)
Vol. 16 Ch. 236-240
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၆ သားရဲတို့၏ဂုဏ်
ချက်ချင်းနီးပါးပင် မိစ္ဆာသားရဲများသည် ၎င်းတို့၏ရောင်ဝါများကိုထုတ်လွှတ်ကာ လုရှောင်ယန်ကို ခုခံတိုက်ခိုက်ဖို့ ပြင်ကြသည်။
အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သားရဲပေါင်းများစွာရဲ့ စုပေါင်းခွန်အားက ဘယ်လောက်တောင် အင်အားကြီးနေလိုက်မလဲ?
ထိုအရှိန်အဝါမှာ လွန်စွာအားကြီးလှတာကြောင့် လှိုဏ်ဂူထဲတွင် အက်ရာပေါင်းများစွာ ဖြစ်ပေါ်လာတော့သည်။
ဒါက အရှိန်အဝါထုတ်လိုက်ရုံသာရှိသေးပြီး တကယ်တိုက်ခိုက်ကြသေးတာတောင် မဟုတ်သေးပေ။
တကယ်များ စတင်တိုက်ခိုက်ပြီဆိုလျှင် သူတို့၏ဝိညာဉ်စွမ်းအားများက မည်မျှတောင် အားကောင်းနေမည်မှန်း ခန့်မှန်းကြည့်၍ရနိုင်ပေသည်။
သို့သော်လည်း မိစ္ဆာသားရဲအချို့ စတင်တိုက်ခိုက်တော့မည့်အချိန်တွင်ပဲ လုရှောင်ယန်သည်လည်း သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ဘုန်း!
အရှိန်အဝါတန်းလေးတစ်ခုကတင် မိစ္ဆာသားရဲကောင်ကြီးများ၏ စိတ်ဝိညာဉ်သို့တိုင် တုန်လှုပ်သွားစေလေသည်။ ၎င်းမှာ သူတို့၏စိတ်ဝိညာဉ်များထဲသို့ နျူကလီးယားဗုံးကြီးတစ်လုံး ပစ်သွင်းလိုက်သလိုပင်။
လေထုအခြေအနေသည်လည်း ချက်ချင်းဆိုသလို သုဿန်တစပြင်လိုမျိုး တိတ်ဆိတ်သွားတော့သည်။
အစောလေးကတင် မောက်မာကာ သတ်ဖြတ်လိုစိတ်ပြည့်နေသည့် အကြီးမြတ်ဆုံးအဆင့်မိစ္ဆာသားရဲတို့မှာ ခဏတွင်းချင်းမှာပင် တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ်တို့ ပျောက်ဆုံးသွားကြကာ လုရှောင်ယန်ကို ငေးစိုက်ကြည့်နေခဲ့ကြသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ?
တစ်ခုခုများမှားမြင်နေမိတာလား?
တစ်ဖက်လူက တကယ်ကြီး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပဲ!
သူတို့ ဘယ်လိုလုပ် တိုက်ခိုက်ကြတော့မှာလဲ?
တစ်ဖက်လူရဲ့ အတွေးလေးတစ်ချက်နဲ့တင် သူတို့အားလုံးကို သတ်ပစ်နိုင်စွမ်းရှိနေတယ်လေ၊ မဟုတ်ဘူးလား?
ဖိဂုလျန်ကတော့ ခပ်သွက်သွက်ပဲ ပုလင်းထဲရှိ ဆေးလုံးများကို ပါးစပ်ထဲပစ်ထည့်လိုက်သည်။ သူ့မျာ ဝါးနေဖို့တောင်အချိန်မရှိတော့တာကြောင့် မြန်မြန်ဆန်ဆန်ပဲ မြိုချပစ်လိုက်သည်။ ထို့နောက် လုရှောင်ယန်ဆီသို့ အလျင်စလို ပြေးဝင်သွားကာ၊ “ညီအစ်ကိုတို့၊ သူ့ကိုသေတဲ့အထိ တိုက်လိုက်ကြရအောင်!”
သူ့စကားဆုံးသွားသည်နှင့် လုရှောင်ယန်၏အကြည့်တို့က ဝေ့ဝဲလာကာ တုနှိုင်းမဲ့လောကစည်းမျဉ်းတို့က ချက်ချင်းပင် ဖိဂလျန်ကို လွင့်ထွက်သွားစေသည်။
ဘုန်း!
ဖိဂုလျန်သည် သားရဲများ၏နောက်ဘက်သို့တိုင် လွင့်ထွက်သွားကာ အနောက်ရှိ ကျောက်နံရံနှင့်ပြင်းထန်စွာဝင်တိုက်မိပြီး ချိုင့်ကြီးတစ်ခုပင် ဖြစ်သွားစေသည်။
ကျန်သည့်မိစ္ဆာသားရဲတွေအားလုံး အလွန်ထိတ်လန့်သွားတော့သည်။
ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ!
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဆိုတဲ့အတိုင်းပဲ သူ့ရဲ့အကြည့်လေးတစ်ချက်နဲ့တင်ကို အကြီးမြတ်ဆုံးအဆင့်ဖိဂုလျန်ကို လွင့်ထွက်သွားစေဖို့ လုံလောက်နေပေပြီ။ သူတို့အားလုံး တပြိုင်နက်ဝင်တိုက်ကြမည်ဆိုရင်တောင်မှ ရိုက်ချက်တစ်ခုနဲ့တင် အားလုံးအပြတ်ရှင်းပြီးသား ဖြစ်နိုင်သေးသည်။
ရွှေလက်မောင်းမြင့်မြတ်လူဝံက တိတ်တဆိတ် သူ၏အသံကိုပို့လွှတ်လိုက်သည်။ “ညီအစ်ကိုတို့၊ အစောကပဲ ငါတို့တွေ ဘယ်လိုကောင်းချီး ဘယ်လိုအခက်အခဲကိုဖြစ်စေ အစ်ကို ဖိဂုလျန်နဲ့ မျှဝေချင်တယ်လို့ မပြောခဲ့ကြဘူးလား? အခု အစ်ကိုဖိဂုလျန်က အရိုက်ခံလိုက်ရပြီ၊ ငါတို့တွေ ဒီအတိုင်းထိုင်ကြည့်နေလိုဖြစ်မလား?”
ရွှေတောင်ပံလင်းယုန်က အသံလှိုင်းပြန်မပို့ခင် ခဏမျှတိတ်ဆိတ်နေခဲ့သည်။
“မင်းမှာအရည်အချင်းရှိရင် မင်းဘာသာ သွားပြီး လက်စားချေပေးလိုက်ပါလား! အဲ့ဒါက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကွ! သိုင်းဘုရင်အဆင့်! ငါတို့အားလုံးတစ်ပေါင်းတည်း အစွမ်းကုန်တိုက်ခိုက်ရင်တောင် သူ့ကိုဒဏ်ရာရသွားစေဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ရွှေလက်မောင်းမြင့်မြတ်လူဝံ : “…..”
အဇူရာနွားထီးကတော့ အဆတ်မပြတ်မျက်တောင်တစ်ခတ်ခတ်ဖြစ်နေသည်။ “ဒါဆို ငါတို့ဘာလုပ်ကြမလဲ? တစ်ဖက်လူက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကြီးလေ။ ဒီအချက်နဲ့တင် ငါတို့မှာရွေးချယ်စရာမရှိတော့ဘူး။ အဖွဲ့ကိုကာကွယ်ဖို့အတွက် ငါတို့ကိုယ်ငါတို့ အနစ်နာခံလိုက်ဖို့ပဲရှိတော့တယ်! ညီအစ်ကိုတို့ ငါ သူ့ကိုဂရုစိုက်လိုက်မယ်၊ မင်းတို့သွားကြတော့။”
“ခေါင်းဆောင်နွားထီး!”
သားရဲတို့မှာ နွားထီးသားရဲ၏စကားကြောင့် ဝမ်းနည်းသွားကြလေသည်။
သူတို့ထဲက အနည်းစုသည် နှစ်ထောင်ပေါင်းများစွာ အတူတကွကျင့်ကြံခဲ့ကြသူများဖြစ်ကာ အချင်းချင်းအလွန်နက်ရှိုင်းသည့်သံယောဇဉ်ရှိကြလေသည်။
တစ်နေ့မှာ သူတို့တွေခွဲခွာကြရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ခေါင်းဆောင်နွားထီးက ခပ်ဖြေးဖြေးရှေ့သို့တက်လာကာ လုရှောင်ယန်ဆီသို့ လျှောက်သွားခဲ့သည်။
ထိုကျောပြင်ကျယ်ကြီးသည် ဂူဝင်ပေါက်မှဝင်လာသည့် ကျဉ်းမြောင်းသည့်အလင်းတန်းအောက်တွင် ပိုလို့တောင် ဝမ်းနည်းဖွယ်ခံစားချက်မျိုး ပေးစွမ်းနေသည်။
နောက်ဆုံးမှာတော့ နွားထီးသည် လုရှောင်ယန်၏အနားသို့ရောက်ရှိသွားခဲ့သည်။
ကျန်သားရဲများမှာတော့ သူ့တို့နှလုံးတွေ လည်ချောင်းကနေဆန်တက်လာတော့မလို ခံစားနေရသည်။
ခေါင်းဆောင်နွားထီးလည်း ဖိဂုလျန်လိုမျိုး ချက်ချင်းအသတ်ခံလိုက်ရတော့မှာလား?
ဒါပေမဲ့!!
ရုတ်တရက်ဆိုသလို ‘ဘန်း’ဆိုသည့်အသံတစ်သံနှင့်အတူ ခေါင်းဆောင်နွားထီးသည် လုရှောင်ယန်၏ရှေ့မှောက်တွင် ဒူးထောက်ချလိုက်လေသည်။
ဘယ်လောက်တောင်မှ အားပြင်းလိုက်သလဲဆို ဒူးထောက်လိုက်သည့်နေရာတွင် ချိုင့်ကြီးတစ်ခုတောင် ဖြစ်သွားရသည်။ ထိုချိုင့်နေရာမှနေပြီး ဆက်တိုက်စလို ပင့်ကူအိမ်များများ အက်ကွဲကြောင်းများကလည်း ထင်သွားလေသည်။
ထို့နောက် ၎င်း၏ဂုဏ်မောက်နေသည့် ဦးခေါင်းကပါ ညွတ်ကျသွားကာ အရိုအသေပေးသည့်ပုံစံဖြစ်သွားသည်။
ရွှေလက်မောင်းမြင့်မြတ်လူဝံ “….”
ရွှေတောင်ပံလင်းယုန် “….”
မြေနဂါးဝက်ဝံ “….”
မိစ္ဆာသားရဲသုံးကောင်လုံး ပေါက်ကွဲကုန်တော့သည်။
“ခေါင်းဆောင်နွားထီး၊ မင်းရူးသွားပြီလား? လူသားတစ်ယောက်ကို မင်းရဲ့သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား?”
“ခေါင်းဆောင်နွားထီး၊ မင်းက ငါတို့သားရဲမျိုးနွယ်ထဲမှာ အဇူရာနွားထီးသွေးမျိုးဆက်ရှိတဲ့သူလေ။ မင်းက အကြီးမြတ်ဆုံးနဝမအဆင့်ရှိတဲ့လူသားကျွမ်းကျင်သူနဲ့ ယှဉ်နိုင်တဲ့သားရဲပဲ! မင်းရဲ့သားရဲဂုဏ်သိက္ခာဆိုတာ ဘယ်မှာတုန်း?”
“ခေါင်းဆောင်နွားထီး၊ မင်းက ငါတို့သားရဲမျိုးနွယ်ရဲ့ သစ္စာဖောက်ပဲ! မင်းဒီလိုလုပ်ရပ်မျိုးလုပ်လိုက်ရုံနဲ့ သူက မင်းကိုခွင့်လွှတ်ပေးမယ်များထင်နေလား? သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူးကွ! လူသားတွေဆိုတာ ငါတို့မိစ္ဆာသားရဲတွေအပေါ် ဘယ်တုန်းကမှ သနားညှာတာမှုရှိကြတာမဟုတ်ဘူး။”
သို့သော်လည်း ထိုသားရဲသုံးကောင်အော်ဟစ်ပြီးရုံရှိသေး လုရှောင်ယန်က ပြုံးလိုက်ကာ၊ “အစကတော့ မင်းတို့ ငါ့ဂူထဲဝင်ပြီး ပစ္စည်းတွေခိုးဖို့လုပ်နေတော့ တခါတည်း သတ်ပစ်လိုက်မလို့ပဲ။ ဒါပေမယ့် မင်းက လိုလိုလားလားနဲ့ ငါ့ကိုသခင်အဖြစ် အသိအမှတ်ပြုချင်နေမှတော့ ငါကလည်း ကျိုးကြောင်းမသင့်တဲ့လူမဟုတ်ဘူးလေ။ ကောင်းပြီ၊ မင်းကို ငါ့ရဲ့ကျွန်အဖြစ် လက်ခံတယ်။”
ထိုစကားပြောပြီးသည်နှင့် လုရှောင်ယန်တစ်ယောက် သားရဲထိန်းချုပ်ခြင်းပညာကို အသုံးပြုကာ သွေးအနှစ်သာရတစ်စက်ထုတ်ကာ ခေါင်းဆောင်နွားထီးကို လက်အောက်ခံအဖြစ် အသိအမှတ်ပြုလိုက်လေသည်။
အော်ဟစ်နေခဲ့သည့်သားရဲသုံးကောင်မှာတော့ ချက်ချင်းဆွံ့အလို့သွားတော့သည်။
ခေါင်းဆောင်နွားထီးသည်တော့ ဤအခြေအနေကို အခွင့်ကောင်းယူကာ သူ့သခင်ကျေနပ်ဖို့ရန် တအီအီလုပ်နေတော့သည်။
လုရှောင်ယန်၏အစေခံဖြစ်လာမည်ဆိုလျှင် သူ၏လွတ်လပ်ခွင့်ကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ သို့ပေမဲ့ လုရှောင်ယန်၏အစေခံသာမဖြစ်မလာဘူးဆိုလျှင် သေချာပေါက် သေလောက်အောင် အရိုက်ခံရပေလိမ့်မည်။
ပြီးတော့ တစ်ဖက်လူ၏အကြည့်လေးတစ်ချက်နဲ့တင် ဖိဂုလျန်က လွင့်ထွက်မသွားခဲ့ပေဘူးလား?
ဒါ့အပြင် နောက်ထပ်ပိုလို့အရေးကြီးတဲ့ကိစ္စတွေက ရှိနေသေးသည်။
သူသည် အဇူရာနွားထီးသွေးမျိုးဆက်ရှိသူပင်။ အခြားသောမိစ္ဆာသားရဲများနှင့်ယှဉ်လျှင် သူ့မှာက အသုံးပြုစရာတော်တော်များများရှိသည်။
ဥပမာအားဖြင့် သူ၏အရေပြားဆိုလျှင် အကောင်းဆုံးပစ္စည်းဖြစ်ကာ သူတော်စင်အဆင့် သို့မဟုတ် အဆင့်နိမ့်သိုင်းဘုရင်အဆင့်လောက်ရှိသည့် ဒိုင်းအနေနဲ့တောင်မှ အသုံးပြုနိုင်ပေသည်။
သူ့အသားဟာဆိုလျှင်လည်း အလွန်နူးညံ့အရည်ရွှမ်းကာ လူသားတို့အကြိုက်အရသာပင်ဖြစ်သည်။
သူ့အရိုးဆိုလျှင်လည်း စွပ်ပြုပ်ချက်၍ရသလို ဆေးလုံးအဖြစ်လည်း သန့်စင်နိုင်ပေသည်။
ကိုယ်တွင်းအင်္ဂါများဆိုလျှင်လည်း အရသာရှိသည့်ဟင်းတစ်ခွက်ဖြစ်နိုင်သေးကာ မှော်စွမ်းအားများစွာ ပါဝင်ပေသည်။
သူသာ လုရှောင်ယန်၏လက်ထဲရောက်သွားခဲ့လျှင် တခြားသောမိစ္ဆာသားရဲများထက် ပိုလို့တောင် ဝမ်းနည်းဖွယ်ကောင်းသည့်အဆုံးသတ်မျိုး ဖြစ်ရမှာ အသေအချာပင်။
တစ်လွှာချင်းအရေခွံ့ခွာခံရကာ တတိတိဝါးမြိုခံရမည်။ ဘယ်လောက်တောင်မှ နာကျင်စရာကောင်းလိုက်လဲ။
ထိုအဖြစ်နှင့်ယှဉ်လျှင် အစေခံလုပ်လိုက်သည်က ပိုသာပေဦးမည်။
ထို့အပြင် တစ်ဖက်လူသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် သေချာပေါက် အရှုံးမရှိပေ။
သို့သော်လည်း ထိုသားရဲသုံးကောင်ကတော့ သူ့ကို ထေ့ငေါ့လာကြပြန်သည်။
“အဇူရာနွားထီး၊ မင်းတော်တော်အရှက်မဲ့တာပဲ။ အသက်ရှင်ဖို့အတွက် လူသားတစ်ယောက်ကျေနပ်အောင် ကြိုးစားနေတယ်ပေါ့!”
“မင်းစောင့်ကြည့်လိုက်စမ်းပါ။ မင်းဘယ်လောက်ပဲ သူ့ကိုခယနေပါစေ မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး။ နောက်ဆုံးတော့ မင်းက သူ့ရဲ့အစေခံပဲလေ။ မင်းကို ရန်သူတွေကြားထဲထိုးထည့်ပြီး သူ့ရဲ့အမြှောက်စာခံလေးဖြစ်လာခါမှ မင်းနောင်တရလိမ့်မယ်။”
သူတို့ထေ့ငေါ့ပြောဆိုနေကြချိန်မှာပဲ လုရှောင်ယန်က သိုင်းဘုရင်အဆင့်သွေးဆေးလုံး၂လုံးကို ထုတ်ယူကာ အဇူရာနွားထီး၏ပါးစပ်ထဲ ပစ်ထည့်ပေးလိုက်သည်ကို မြင်လိုက်ကြရသည်။
“မင်းက ဒီလောက်နာခံမှုရှိနေမှတော့ ဆေးလုံးနည်းနည်းပါးပါးပေးရသေးတာပေါ့။ မင်းဆက်ပြီး နာခံသမျှ နောက်ကျရင်လည်း နေ့တိုင်းဆေးလုံးတွေ စားခွင့်ရှိတယ်။”
ရွှေတောင်ပံလင်းယုန် “…..”
ရွှေလက်မောင်းမြင့်မြတ်လူဝံ “…..”
မြေနဂါးဝက်ဝံ “…..”
……..
ခဏကြာပြီးနောက် ဖိဂုလျန်လည်း မူးဝေနေရာကနေ ပြန်လည်သက်သာလာခဲ့သည်။
သူ့နှလုံးသားထဲကနေ မကျေမနပ်မပြောမိဘဲ မနေနိုင်ခဲ့ပေ။ “သခင်က တကယ်ကို အရမ်းကြမ်းတမ်းတာပဲ။ ငါ့ကိုလုံးဝလူသားတစ်ယောက်လိုကို မဆက်ဆံဘူး။”
သို့သော်လည်း ထိုကိစ္စအတွက် သူဘာမှမလုပ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် အဆုံးမှာတော့ တစ်ဖက်လူသည် သူ့သခင်ဖြစ်ကာ သူကတော့ အစေခံတစ်ကောင်မျှသာ။
သူ့အနေနှင့် ဆက်ပြီးပူးပေါင်းကာ သရုပ်ဆောင်ပေးဖို့ လိုအပ်နေသေးသည်။
ထို့သို့တွေးမိသည်နှင့် သူက ဂူထဲမှပြေးမထွက်သွားခင် ဟိန်းဟောက်လိုက်ကာ ကျောက်စိုင်ကျောက်ခဲများကို ကွဲအက်သွားစေခဲ့သည်။
“မိစ္ဆာသားရဲတွေက ဘယ်တော့မှလက်အောက်မခံဘူး! သားရဲတွေရဲ့ဂုဏ်သိက္ခာအတွက် မြင့်မြတ်တဲ့လွတ်လပ်ခြင်းအတွက်၊ ငါတို့တွေ သေသည်အထိ တိုက်ခိုက်ကြမယ်။ ငါ့နောက်ကလိုက်ပြီး မင်းတို့ရဲ့တွေ အာရုံစိုက်….”
သူ့စကားမဆုံးလိုက်ခင်တွင်ပဲ ဖိဂုလျန်ဆီသို့ အင်အားကြီးအရှိန်အဝါလေးခုက တဟုန်ထိုးခုန်ဝင်လာကြလေသည်။
ဘုန်း!
ပြင်းထန်သွန်ခွန်အားလှိုင်းကြီးက ဖိဂုလျန်ကို ထပ်ပြီး ကျောက်နံရံနှင့်ဝင်တိုက်သွားစေပြန်သည်။
ကံကောင်းစွာဖြင့် အကြီးမြတ်ဆုံးအဆင့်သားရဲလေးကောင်၏ခွန်အားသည် လုရှောင်ယန်၏အကြည့်တစ်ချက်ဖြင့် မယှဉ်နိုင်ခဲ့ပေ။ ဤတစ်ခေါက်တွင်တော့ ဖိဂုလျန် သတိလစ်မသွားသော်လည်း ခွေယိုင်သွားခဲ့သည်။
“ညီအစ်ကိုတို့၊ မင်းတို့ ဘာလို့ငါ့ကိုထိခိုက်အောင် လုပ်ကြတာလဲ?”
ခေါင်းဆောင်နွားထီးက ဆေးလုံးတွေကို တခွမ်းခွမ်းနှင့်ဝါးစားနေကာ မပြတ်မသားပြောလိုက်သည်။
“ဖိဂုလျန်၊ မင်းလေသံကိုသတိထားဦး။ ငါတို့က ရင်းနှီးကြတာလဲမဟုတ်ဘူး။ ငါ့ကိုအစ်ကိုလို့လာမခေါ်နဲ့။”
“ဟုတ်တယ်၊ ငါတို့က သခင့်ရဲ့အစေခံတွေဖြစ်သွားကြပြီ။ မင်းက သခင့်ကိုတိုက်ခိုက်လာမှတော့ မင်းက ငါတို့ရဲ့ရန်သူပဲ။”
ဖိဂုလျန် : “…..”
ဒီစွပ်စွဲချက်ကြီးက ဘယ်လိုကြီးလဲ?
သူသတိမေ့သွားတဲ့အချိန် တစ်ခုခုများမှားကုန်တာလား?
သူ့မှာတော့ အကြိမ်၃၀၀လောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ့် ဇာတ်ထဲဝင်ဖို့ အသင့်ပြင်ထားခဲ့တာလေ။
အဆုံးကျတော့ စပြီးတောင် သရုပ်မဆောင်လိုက်ရသေးဘူး၊ ခေါင်းဆောင်နွားထီးနဲ့ကျန်တဲ့သူတွေက တကယ်ပဲ ဘက်ပြောင်းသွားကြပြီပေါ့။
ဒီသားရဲကောင်တွေရဲ့ အစောပိုင်းတုန်းက ရည်ရွယ်ချက်တွေ ဘယ်ပျောက်ကုန်တာတုန်း?
သူတို့တွေ သူတို့ဂုဏ်သိက္ခာကိုတောင် ဂရုမစိုက်ကြတော့ဘူးလား? သူတို့ရဲ့ရပ်တည်ချက်အပေါ် ဂရုမစိုက်ကြတော့ဘူးလား?
လွတ်လပ်မှုက မကောင်းဘူးလား? သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲဖြစ်လာဖို့ မျှော်လင့်ချက်တွေရော ဘယ်ပျောက်သွားလဲ?
ထိုအချိန်တွင် သူတို့ကိုအံ့ဩတုန်လှုပ်စွာကြည့်နေသည့် ဖိဂုလျန်ဆီသို့ ခေါင်းဆောင်နွားထီးတို့က ထပ်ပြီး သူတို့ခွန်အားများဖြင့် ဖိနှိပ်လိုက်ကြပြန်သည်။
“ဖိဂုလျန်၊ မင်းမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ ငါတို့လိုမျိုး သခင့်ရဲ့အစေခံသားရဲဖြစ်လာမလား ဒါမှမဟုတ် ငါတို့တွေ မင်းကို သေလမ်းပို့ပေးရမလား။”
ထိုသားရဲအုပ်စုက ဖိဂုလျန်ကို သူတို့နှင့်အတူ ဆွဲချလိုက်ဖို့ ဒါမှမဟုတ် သတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ထားကြပြီပင်။
မဟုတ်လို့ကတော့ သူတို့ဂုဏ်သတင်းကို ပျက်စီးစေမည့် အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်ဖြန့်ပစ်မည်ဆိုလျှင် သူတို့သည် သားရဲမျိုးနွယ်တစ်ခုလုံးအတွက် အရှက်ရစရာဖြစ်လာပေလိမ့်မည်။
နောက်ဆုံးအနေနှင့် သားရဲမျိုးနွယ်မှ ထိပ်တန်းများ၏ သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်ပေသည်!
သူတို့တကယ် အဆုံးသတ်သွားရလိမ့်မယ်။
သူနှင့်ညီအစ်ကိုအဖြစ် သတ်မှတ်ခဲ့ဖူးသည့် သားရဲတို့က မျက်စိတစ်မှိတ်အတွင်းမှာတင် သူ့ကို သတ်ဖို့ကြံလာကြတာကြောင့် ဖိဂုလျန်၏နှလုံးသားထဲ မကျေနပ်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
“အတုအယောင်ညီအစ်ကိုတွေ!”
ဘယ်လိုပဲ သူမကျေမနပ်ဖြစ်နေပါစေ ထပ်ပြီးတော့, အရိုက်မခံချင်တော့ပေ။ ဒါကြောင့် ချက်ချင်းဆိုသလိုပဲ သူ့ခွာကိုမြောက်ကာ အရှုံးပေးလိုက်သည်။
“ငါ့ကို မရိုက်ကြပါနဲ့။ ငါလည်း မင်းတို့လိုမျိုး သူ့ကို သခင်အဖြစ်အသိအမှတ်ပြုချင်ပါတယ်။”
ထိုစကားကိုကြားကာမှ သားရဲများအားလုံး ချက်ချင်းဆိုသလို သက်ပြင်းချနိုင်သွားကြတော့သည်။
အခုတော့ သူတို့တွေရဲ့ အရှက်ရဖွယ်ဆုံးဖြတ်ချက်အကြောင်း ဖော်ထုတ်ခံရမည်ကို စိုးရိမ်ဖို့မလိုတော့ပေ။
……
မကြာခင်မှာပဲ အခြေအနေများပြန်လည်တည်ငြိမ်သွားခဲ့သည်။
လုရှောင်ယန်က ထိုအကြီးမြတ်ဆုံးအဆင့်သားရဲများအားလုံးကို တောင်အနောက်ဘက်သို့ နေရာချပေးလိုက်သည်။
လုရှောင်ယန် အနားတွင်မရှိတော့သည်ကိုမြင်မှ ရွှေတောင်ပံလင်းယုန်က ခပ်တိုးတိုးပြောလာခဲ့သည်။
“ခေါင်းဆောင်နွားထီး၊ မင်းတကယ်ပဲ အဲ့ဒီလူသားရဲ့သားရဲအစေခံဖြစ်ချင်တာလား?”
ခေါင်းဆောင်နွားထီးက မြက်ခင်းပြင်တွင်လှဲရင်း ဆေးလုံးများကို ဝါးစားနေလေသည်။
“သေချာပေါက် ဆန္ဒမရှိဘူးပေါ့၊ ဒါပေမယ့် ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် သူအရမ်းအင်အားကြီးမှန်း မင်းတို့လည်း သိကြတာပဲ။ သူက ငါတို့ရင်ဆိုင်နိုင်မယ့်လူမျိုးမှမဟုတ်တာ။”
ခဏလောက်ရပ်လိုက်ပြီးနောက် ခေါင်းဆောင်နွားထီး၏စကားတို့က ရုတ်ချည်းပြောင်းလဲသွားလေသည်။
“ဒါပေမဲ့၊ ဒါက ငါတို့တွေ သူ့အစေခံတကယ်ဖြစ်သွားတယ်လို့ ဆိုလိုတာမှမဟုတ်တာ။ ငါတို့တွေ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သေးတယ်။ သေချာတွေးကြည့်၊ သူ့မှာ ဆေးလုံးတွေရယ် သဘာဝရတနာတွေရယ်အများကြီးရှိတယ်။ ငါတို့ အဲ့ဒါတွေကို အရင်စားသောက်ပြီး သူ့ကိုသစ္စာခံသလို ဟန်ဆောင်ကြမယ်။ တစ်နေ့ သူအသတ်ခံလိုက်ရတဲ့အချိန်ကျရင် ငါတို့တွေ မလွတ်လပ်သွားဘူးလား?”
သားရဲသုံးကောင်၏မျက်လုံးများ ချက်ချင်းအရောင်တောက်သွားလေသည်။
“အထင်ကြီးစရာပဲ! တကယ်ကို အထင်ကြီးစရာပဲ!”
“ခေါင်းဆောင်နွားထီးပီသပါပေတယ်!”
“ဟမ့်! မိုက်မဲလိုက်တဲ့လူသား။ ငါတို့ကိုများ အစေခံအဖြစ်ဖိနှိပ်နိုင်ပြီလို့တွေးနေကြတယ်၊ ဒါပေမယ့် ငါတို့က သူ့ရဲ့ဆေးလုံးတွေကြောင့် နေနေတယ်လို့ ထင်ထားမှာမဟုတ်ဘူး။ ဟဟဟ…”
သိပ်မဝေးသည့်နေရာတွင် ဖိဂုလျန်ကတော့ ခေါင်းဆောင်နွားထီးနှင့်သားရဲသုံးကောင်တို့ ပါးစပ်ထဲဆေးလုံးတွေ ထည့်ကာ တမြုံ့မြုံ့ဝါးနေရင်း အရှက်မရှိပြောနေကြသည်ကိုများ နားထောင်ကာ ခေါင်းယမ်းနေမိသည်။
တကယ်ကို ငယ်ကြသေးတာပဲ!
ပြန်တွေးကြည့်မည်ဆိုလျှင် တစ်ချိန်တုန်းက သူတို့လိုပဲတွေးခဲ့သည့် ခွေးတစ်ကောင်ရှိခဲ့ဖူးပေသည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၇ အလိုအလျောက်နတ်ကျင့်စဉ်
လုရှောင်ယန်ဘက်တွင်တော့ မိစ္ဆာသားရဲများအား သိမ်းသွင်းသည့်ကိစ္စပြီးနောက်တွင် ချက်ချင်းဆိုသလို သူ့စွမ်းအင်တို့ကို စတင်လှည့်ပတ်လိုက်သည်။
ယွင်လီကော….
ကျီဝူရှား၏ကျင့်ကြံဆင့်သည် ဧကရာဇ်အဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမကိုယ်ထဲရှိ နတ်ဝိညာဉ်သည် ပိုပိုပြီးပုံပေါ်လာကာ သူမ၏ကျင့်ကြံဆင့်သည်လည်း တနေ့တခြားတိုးလာခဲ့သည်။ မကြာခင်အချိန်အတွင်း ကျီဝူရှား အကြီးမြတ်ဆုံးအဆင့်ထဲသို့ဝင်နိုင်တော့မည်ဟု လုရှောင်ယန် မှတ်ချက်ချလိုက်သည်။
ဖုန်းထျန်းယွမ်သည်လည်း အကြီးမြတ်ဆုံး ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ကျူးကောကျီချုံသည်လည်း ပြီးပြည့်စုံသည့် ဧကရာဇ်ဒဿမအဆင့်သို့ရောက်နေပြီဖြစ်ကာ အချိန်မရွေး အကြီးမြတ်ဆုံးအဆင့်သို့ လှမ်းဝင်နိုင်ပေတော့မည်။
လီချန်းရှန်နှင့်စုန့်ရှင်းနျန်တို့သည်လည်း တော်တော်လေးကြိုးစားထားကြပုံပင်။ အခုဆိုလျှင် သူတို့နှစ်ယောက်လုံးသည် အကြီးမြတ်ဆုံးဒဿမအဆင့်သို့ရောက်နေကြပြီဖြစ်ပြီး သူတော်စင်အဆင့်ကျွမ်းကျင်သူဖြစ်လာဖို့ရန် ခြေတစ်လှမ်းသာလိုကြတော့သည်။
စုန့်ရှင်းနျန်သည် လီချန်းရှန်ကို လိုက်လို့ပင်မှီသွားပေပြီ။ ဤအချက်ကိုသုံးသပ်ကြည့်ရလျှင် စုန့်ရှင်းနျန်ကအရင် သူတော်စင်အဆင့်သို့ ရောက်သွားမည့်ပုံပင်။
ဒါပေမဲ့ အရေးတော့မကြီးပါဘူး။ ဘယ်သူပဲ အရင်အဆင့်တက်သွားသွား အဆုံးမှာတော့ လုရှောင်ယန်က ဆုလာဘ်ရနေဦးမှာပင်။
ထို့အပြင် အကြီးမြတ်ဆုံးနဝမအဆင့် ခေါင်းဆောင်နွားထီး၊ အကြီးမြတ်ဆုံးသတ္တမအဆင့် ရွှေလက်မောင်းမြင့်မြတ်လူဝံ၊ မြေနဂါးဝက်ဝံနှင့် အကြီးမြတ်ဆုံးပဉ္စမအဆင့် ရွှေတောင်ပံလင်းယုန်တို့လည်း ရှိသေးသည်။
သူ့အတွက် တိုက်ပွဲစွမ်းအားတွင် အထောက်အကူဖြစ်မည့်သူတွေချည်းပင်။
ဖိဂုလျန်ကတော့… အွန်း… သူကတော့ အကြီးမြတ်ဆုံးပထမအဆင့်မျှသာရှိသေးသည်။
သို့ပေမဲ့ ဖိဂုလျန်သည် သိုင်းဘုရင်အဆင့်လက်နက်ကို အသုံးမပြုနိုင်ပေ။ သူ့သွေးမျိုးဆက်ထဲက ကျင့်ကြံခြင်းနည်းလမ်းသည်လည်း သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းထက် များစွာနိမ့်ကျပေသည်။
ဒါကြောင့် အတိအကျပြောရလျှင်တော့ သူ့ထက်မြင့်သည်လူများကို တိုက်နိုင်မည်မဟုတ်ပေ။ သူ၏စစ်မှန်သောတိုက်ပွဲစွမ်းအားသည် ကျီဝူရှားထက်ပင် နိမ့်သေးသည်။
မေ့လိုက်ပါတော့၊ အနာဂါတ်မှာ၊ ဂိုဏ်းကိုစောင့်ရှောက်ဖို့အတွက် လီကောနှင့်အတူ နောက်မှာကျန်ရစ်ခဲ့ရပေတော့မည်။
အားလုံးတွက်ချက်ကြည့်ပြီးနောက်မှာတော့ အမည်မဲ့ဂိုဏ်းရှိရာသို့ ပုံရိပ်တစ်ခု အလျင်အမြန်ချဉ်းကပ်လာခဲ့လေသည်။
ထိုသူသည် လုရှောင်ယန်ထံသို့ နေ့စဉ်သတင်းပို့ဆောင်ပေးရန်အတွက် မဟာကျိုးအင်ပါယာမှ လျှို့ဝှက်အထောက်တော်ပင်ဖြစ်သည်။
လုရှောင်ယန် ခြေတစ်ချက်နင်းလိုက်သည်နှင့် ချက်ချင်းဆိုသလို နေရာမှပျောက်ကွယ်သွားခဲ့သည်။
လက်ရှိတွင် အခြေအနေများမှာ ဖရိုဖရဲဖြစ်နေကာ ဘယ်သတင်းအချက်အလက်မဆို အရေးကြီးလေသည်။
အဇူရာနွားထီးနှင့်ကျန်သားရဲများသည် တောင်ဂိတ်နားတွင် ကင်းလှည့်နေကြရာ ဝင်ပေါက်ဆီသို့ အလျင်အမြန်ရောက်ရှိလာကြသည်။
ပြောရရင် အမည်မဲ့ဂိုဏ်းသည် အလွန်သေးငယ်လှပေသည်။ ၎င်းသည် အရင်ကျီရွှေ့တောင်ထိပ်လောက်ပင် မကြီးဘဲ မီတာတစ်ရာကျော်လောက်သာကြီးသည့် သေးငယ်သောတောင်လေးတစ်ခုဖြစ်သည်။
အကြီးမြတ်ဆုံးအဆင့်သားရဲဖြစ်တာကြောင့် အေးအေးလူလူလျှောက်ပတ်နေရင်တောင်မှ အသက်ရှိုက်စာအချိန်အနည်းငယ်အတွင်း ဝင်ပေါက်ကိုရောက်နိုင်သေးသည်။
ထိုသားရဲအနည်းငယ်က တောင်ခြေတွင် လူသားတစ်ယောက်နှင့် စကားပြောနေသည့် သူတို့သခင်ကိုကြည့်နေကြသည်။
“အာ… သခင် အဲ့လူသားနဲ့ဘာတွေများပြောနေတာလဲ?”
“မသိဘူးလေ။ လူသားတွေကြားက ကိစ္စတချို့နေမှာပေါ့။ ဒါပေမဲ့ ပြောကာမှ သခင့်ကို ဒီလိုဝေးဝေးကနေကြည့်လိုက်တော့၊ သခင့်ရဲ့ပုံစံက တစ်နေရာရာမှာမြင်ဖူးနေတယ်လို့ မင်းတို့မထင်ကြဘူးလား။”
“ငါလည်း ပြောတော့မလို့။ အဲ့လိုပဲခံစားရတယ်။ အရင်က အရမ်းနီးနေတော့ သေချာမခံစားမိဘူး။ အခု သခင်က အရမ်းဝေးနေတော့ အရင်က တစ်နေရာရာမှာ မြင်ခဲ့ဖူးသလို ခံစားနေရတယ်။”
တောင်ဂိတ်ဝတွင် စောင့်ကြပ်နေရသည့် လောင်ထိုင်သည် ထိုသားရဲအုပ်အပေါ် အကြည့်ရွှေ့လာခဲ့သည်။ ထိုသားရဲတိုင်းသည် အကြီးမြတ်ဆုံးအဆင့်တွင်ရှိနေကြတာကြောင့် အလွန်လေးစားကြည်ညိုသလို ခံစားသွားရသည်။
“စီနီယာတို့ကို နှုတ်ဆက်ပါတယ်။”
အဇူရာနွားထီးတို့လည်း သူ့ကိုပြန်ကြည့်လာကြသည်။
“မိစ္ဆာနတ်ဆိုးဖြစ်လာတဲ့သိုင်းဘုရင်အဆင့်လက်နက်လား? ရှားပါးပြီး အင်အားကြီးလိုက်တာ။”
မိစ္ဆာသားရဲအများစုသည် သားဥအိမ်ကနေမွေးဖွားလာကြခြင်းဖြစ်သည်။ နေနှင့်လတို့၏စွမ်းအင်အဆီအနှစ်ကို နှစ်သောင်းပေါင်းများစွာ စုပ်ယူပြီးမှ မွေးဖွားလာသည့် မိစ္ဆာနတ်ဆိုးမျိုးသည်တော့ တွေ့မြင်ရခဲလှသည်။
“စီနီယာတို့က အရမ်းကြင်နာလွန်းနေပါပြီ။ ငါက သိုင်းဘုရင်အဆင့်လက်နက်ကနေပြီး မိစ္ဆနတ်ဆိုးဖြစ်လာတယ်ဆိုပေမဲ့ စွမ်းအားအပြည့်အဝကို မဖွင့်ထုတ်နိုင်သေးပါဘူး။ ဒါကြောင့် အခုတောင် သခင့်ရဲ့လမ်းညွှန်မှုကို ခံယူပြီးနောက်မှာမှ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားလောက်ကိုပဲ ထုတ်လွှတ်နိုင်ပါသေးတယ်။”
“အဆင်ပြေပါတယ်။ ငါ့မှာ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုရှိတယ်။ ဒါက မင်းလိုလက်နက်မိစ္ဆာနတ်ဆိုးဆရာကြီးတစ်ယောက် ပိုင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီဆရာကြီးက နတ်ဘုရားအဆင့်ကိုတက်သွားခဲ့ပြီ။ ဒီကျင့်ကြံခြင်းနည်းလမ်းကိုယူပြီး ကျင့်ကြံလိုက်။”
ရှေးဟောင်းကြေးနီခန်းမမှာ တုန်လှုပ်သွားကာ ချက်ချင်းပြောလိုက်သည်။ “ဒါ..ဒါက တကယ်ပဲလား? အရမ်းတန်ဖိုးကြီးလွန်းမနေဘူးလား?”
“ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့လက်ထဲထားရင်လည်း အသုံးမှမဝင်တာ။ ပြီးတော့ မင်းလက်ထဲရောက်သွားရင်တော့ အနည်းနဲ့အများအသုံးဝင်သွားမယ်လေ။ ငါတို့အားလုံးက သခင်တစ်ယောက်တည်းလက်အောက်မှာ အမှုထမ်းနေကြတဲ့ မိစ္ဆာနတ်ဆိုးတွေပဲ။ အချင်းချင်းထောက်ပံ့ပေးတာ ပြဿနာမဟုတ်ပါဘူး။”
“စီနီယာရဲ့ ကြင်နာမှုအတွက် အရမ်းကျေးဇူးတင်ပါတယ်။”
“အသေးအဖွဲလေးပါ။”
“မဟုတ်တာ၊ ဒါက စီနီယာတို့အတွက် ဘာမှမပြောပလောက်ဘူးဆိုပေမယ့် ငါ့အတွက်ကတော့ တကယ့်ကိုအရမ်းကောင်းတဲ့အရာပဲ! အနည်းဆုံး ဖိဂုလျန်သာဆိုရင် သေချာပေါက် ဒီလိုပေးလိုက်မှာမဟုတ်ဘူး။”
အဇူရာနွားတို့အဖွဲ့ ရုတ်ချည်းမှင်သက်သွားကြလေသည်။
“မင်းဘယ်သူ့အကြောင်းပြောလိုက်တာလဲ?”
“ဖိဂုလျန်! ဒီမနက် မင်းတို့နဲ့အတူပြန်လာတဲ့သူလေ။ ချီလင်သွေးမျိုးဆက်ရှိတဲ့သူ။”
“မင်း သူနဲ့သိတာကြာပြီလား?”
“သိပ်တော့မကြာသေးပါဘူး… ပြောကာမှ သူက ငါတို့ရဲ့ခေါင်းဆောင်ဖြစ်နိုင်တယ်။ သူက သခင်ပထမဆုံးထိန်းကျောင်းခဲ့တဲ့ သားရဲမို့လို့လေ။”
အဇူရာနွားထီး “…..”
ရွှေတောင်ပံလင်းယုန် “……”
ရွှေလက်မောင်းမြင့်မြတ်လူဝံ “….”
မြေနဂါးဝက်ဝံ “….”
ထိုအချိန်မှာပဲ အားလုံးတိတ်ဆိတ်သွားတော့သည်။
“စီနီယာတို့… ဘာမှားလို့လဲ? ငါပြောတဲ့ထဲ တစ်ခုခုမှားသွားလို့လား?”
“မမှားပါဘူး။ ငါတို့ ဖိဂုလျန်နဲ့စကားသွားပြောလိုက်ဦးမယ်။ မင်းလည်း တောင်ဂိတ်ကို ဆက်စောင့်နေဦး။”
“ကောင်းပါပြီ။ ဂရုစိုက်သွားပါ စီနီယာတို့။”
သားရဲလေးကောင်လှည့်ထွက်သွားချန်တွင် ရှေးဟောင်းကြေးနီခန်းမမှာ စိတ်ရှုပ်ထွေးစွာဖြင့် မေးခွန်းမထုတ်မိဘဲ မနေနိုင်တော့ပေ။
“ထူးဆန်းလိုက်တာ၊ ငါပဲအတွေးလွန်နေတာလား? ဘာလို့ သူတို့အမူအရာတွေ ချက်ချင်းရုပ်ဆိုးကုန်တယ်လို့ ခံစားရတာပါလိမ့်။”
တကယ်တော့ ထိုသားရဲလေးကောင်၏အမူအရာများသည် အမှန်ကို အလွန်ကြည့်ရဆိုးသွားကြခြင်းဖြစ်သည်။ သူတို့တွေ တစ်ယောက်ယောက်ကို သတ်ပစ်ချင်စိတ်ပင် ကြီးထွားနေကြသည်။
မဟုတ်သေးဘူး၊ ခွေးတစ်ကောင်ကို သေချာပေါက် သတ်ပစ်ချင်နေတာ။
အဲ့ဒီသေနာကောင်ဖိဂုလျန်က အစကနေ အဆုံးအထိ ပြဇာတ်ကပြီး သူတို့ကိုကြံစည်ခဲ့တာပေါ့။
အဲ့ဒါကြောင့် သူတို့သခင်ရဲ့နောက်ကျောကို ဝေးဝေးကကြည့်ရင် ရင်းနှီးနေတယ်လို့ ခံစားရတာကိုး။
တကယ်တမ်း သူတို့အရင်က တကယ်မြင်ဖူးခဲ့တာကြောင့်ပဲ။ သူတို့သခင်က သူတို့တွေဖိဂုလျန်ကို ကယ်ခဲ့ချိန်တုန်းက ဖိဂုလျန်နောက်ကို လိုက်နေခဲ့တဲ့လူပဲမဟုတ်လား?
ဒီသားရဲမျိုးနွယ်ရဲ့သစ္စာဖောက်က သူတို့တစ်မျိုးနွယ်လုံးကို အရှက်ခွဲလိုက်တာပဲ!
အတိတ်တုန်းကဆိုလျှင် ခွေးတွေက ကမ္ဘာပေါ်မှာ အရိုးသားဆုံးနှင့်သစ္စာအရှိဆုံးပဲလို့ အမြဲထင်ခဲ့သည်။
အခုတော့ ကမ္ဘာပေါ်မှာ ခွေးတွေထက်ပိုဆိုးတဲ့ကောင် မရှိတော့ဘူးဆိုတာ သိလိုက်ရပေပြီ။
အခုကစလို့ ခွေးသားရဲတွေကို ဘယ်တော့မှလှည့်မကြည့်တော့ဘူး။
ထိုသားရဲအုပ်သည် တောင်နောက်သို့ ပြန်ရောက်လာခဲ့ပေပြီ။ ဖိဂုလျန်သည် မြက်ခင်းပေါ်တွင် အိပ်ပျော်နေခဲ့သည်။ ဘေးနားတစ်ဝိုက်မှ ထူးဆန်းသည့်ခံစားချက်ကြောင့် မျက်လုံးများပွတ်ကာ ထလာခဲ့ရသည်။
သူ့မျက်လုံးများဖွင့်လိုက်သည်နှင့် သားရဲလေးကောင်၏အကြည့်များနှင့် တည့်တည့်တိုးလေတော့သည်။
ထိုသားရဲလေးကောင်၏မျက်လုံးများထဲမှ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကို အာရုံခံလိုက်မိသည်နှင့် ဖိဂုလျန် ချက်ချင်း ထိတ်လန့်သွားတော့သည်။
“ညီ..ညီအစ်ကိုတို့ ဘာ.. ဘာဖြစ်လို့လဲ?”
အဇူရာနွားထီးက ခပ်တိုးတိုးဟိန်းဟောက်လိုက်သည်။
“ဖိဂုလျန်၊ မင်းကိုယ်မင်း အရမ်းဉာဏ်ကောင်းတယ်များထင်နေလား? ငါတို့ကို ငတုံးတွေများထင်နေလား?”
“အာ?”
ဖိဂုလျန် အမြှီးယမ်းက နေရခက်ခက်နှင့်ပြုံးလိုက်သည်။
“အစ်ကိုနျို(နွား) ဘာတွေပြောနေတာလဲ? ငါ့ရဲ့မင်းတို့အပေါ် လေးစားမှုက မြစ်တစ်စင်းလို့ စီးဆင်းနေတာပါ။ ဘယ်လိုလုပ် မင်းတို့ကို အထင်သေးရမှာလဲ?”
“ကောင်းပြီလေ၊ ငါတို့ သခင့်ကိုဆန့်ကျင်ပြီး ဒီနေရာကနေ ထွက်ပြေးဖို့စီစဉ်ထားတယ်။ မင်းကို ခေါင်းဆောင်ခိုင်းဖို့လဲ စီစဉ်ထားတယ်။ အရင်ဆုံးထပြီး မိုးကောင်းကင်ကို တိုင်တည်လိုက်။”
ဖိဂုလျန်၏နှလုံးသားမှာ ရုတ်ချည်းခုန်လှုပ်သွားရသည်။
“အာ? အဲ့လောက်ထိလုပ်ဖို့မလိုပါဘူး၊ ဟုတ်တယ်မလား? ငါတို့ ဒီမှာစားသောက်နေနိုင်တာပဲ။ ဘာလို့ထွက်သွားမှာလဲ?”
တကယ်သာ ကောင်းကင်ကို တိုင်တည်ရမည်ဆိုလျှင် အားလုံးအဆုံးသတ်သွားပေလိမ့်မည်။
လူသားဖြစ်စေ သားရဲဖြစ်စေ ကျင့်ကြံဆင့်မြင့်လျှင်မြင့်သလို သူတို့၏ကျန်းကျိမ်ချက်သည်လဲ ပိုပြီးသက်ရောက်မှုရှိပေသည်။ တကယ်လို့ကျိန်ပြီးကာမှ လုရှောင်ယန်ကို မတိုက်ခိုက်ဘူးဆိုလျှင် ကောင်းကင်က သေချာပေါက် ပြစ်ဒဏ်စီရင်ပေလိမ့်မည်။
“ဟမ့်! မင်းမလုပ်ရဲဘူးမလား?”
“မဟုတ်တာ၊ ငါက ဒီအတိုင်း မလိုအပ်ဘူးလို့တွေးရုံပါ။ သားရဲမျိုးနွယ်က အစေမခံသင့်ဘူးဆိုပေမယ့် ဒီနေရာက အစားအသောက်နဲ့နေထိုင်ဖို့ ကောင်းကောင်းထောက်ပံ့ပေးတယ်လေ။ ဘာများမှားနေလို့လဲ?”
“သေစမ်း! ဒီခွေးကောင်က ဟန်ဆောင်ပြနေတုန်းပဲပေါ့? ညီအစ်ကိုတွေ ရိုက်ကြ!”
“ခွေးကောင်၊ မင်းကများ ငါတို့ကိုလိမ်ရဲတယ်။ ညီအစ်ကိုတို့ ဒီကောင့်ကို သေအောင်ရိုက်ကြ။”
…..
တောင်ခြေတွင်တော့ သတင်းတင်ပြချက်လက်ခံနေသည့်လုရှောင်ယန်သည် ရုတ်တရက်ဆိုသလို တောင်ဂိတ်ဘက်မှ ရင်ထဲကလှိုက်အော်သံအသံကျယ်ကြီးကို ကြားလိုက်ရ၍ မှင်သက်သွားမိလေသည်။
“အာ၊ ဘာလို့ ဒီအသံက ဖိဂုလျန်အသံနဲ့တူနေရတာလဲ?”
သို့သော် မကြာခင်မှာပဲ သားရဲထိန်းချုပ်ခြင်းပညာမှနေပြီး သားရဲအချို့၏စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲကို အာရုံခံမိပြီးနောက်မှာတော့ သားရဲထိန်းချုပ်ခြင်းပညာရပ်ကို အသာလေးပြန်ပိတ်ထားလိုက်တော့သည်။
“ထားပါတော့၊ သူတို့ဒေါသကို ဖြေခွင့်ပြလိုက်တာ ကောင်းပါတယ်။ မဟုတ်လို့ ငါ့အပေါ် အငြှိုးတွေထားနေရင် အနာဂတ်မှာ ငါ့အတွက် အလုပ်လုပ်ခိုင်းဖို့ လွယ်မှာမဟုတ်တော့ဘူး။”
လုရှောင်ယန် ခေါင်းယမ်းရင်း ချက်ချင်းပင် တောင်နှင့်မြစ်ပန်းချီကားထဲသို့ဝင်ပြီး တပည့်များကြောင့်ရလာသည့် လက်ဆောင်အိတ်များကို ဖွင့်လိုက်တော့သည်။
ထိပ်တန်းနတ်ဘုရားအဆင့်… ထိပ်တန်းနတ်ဘုရားအဆင့်…. ထိပ်တန်းနတ်ဘုရားအဆင့်….
အခြေခံအားဖြင့် အားလုံးမှာ ထိပ်တန်းနတ်ဘုရားအဆင့်လက်နက်များနှင့် နတ်ဆေးလုံးများဖြစ်ကြသည်။
လုရှောင်ယန်၏တောင်နှင့်မြစ်ပန်းချီကားသည်လည်း အတော်လေးပြည့်နေပေပြီ။
ဒီလိုပစ္စည်းတွေကို သူတကယ်ဂရုမစိုက်တော့ပေ။
သို့သော်လည်း သူလက်ဆောင်အိတ်တွေဖွင့်နေတုန်းမှာပဲ ရုတ်တရက် ထူးဆန်းသည့်ပစ္စည်းတစ်ခုကို လက်ခံရလိုက်သည်။
နတ်တာအိုစစ်မှန်သောရည်ရွယ်ချက် x 1
နတ်တာအိုစစ်မှန်သောရည်ရွယ်ချက်သည် နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို အလိုအလျောက်နတ်ကျင့်စဉ်သို့ တိုးမြှင့်ပေးခြင်းဖြစ်သည်။ ၎င်းသည် နတ်ဘုရားအဆင့်၏အထက်တွင်တည်ရှိပေသည်။
အလိုအလျောက်နတ်ကျင့်စဉ်တွင် မယုံနိုင်စရာစွမ်းအားတို့ရှိသည်။ ၎င်းသည် လူတစ်ယောက်၏ခန္ဓာနှင့်သွေးမျိုးဆက်ထဲသို့ ကျင့်ကြံခြင်းနည်းစနစ်ကို အပြည့်အဝပေါင်းစည်းပေးနိုင်သည်။ သူ့အတွက် ကိုယ်တိုင်စွမ်းအင်လှည့်ပတ်ဖို့မလိုအပ်တော့ဘဲ သူ့ဘာသာအလိုအလျောက် စွမ်းအင်လှည့်ပတ်သွားမည်ဖြစ်သည်။
“ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ!”
ရိုးရိုးသားသားပြောရလျှင်၊ နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းတောင်မှ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်သေချာလှည့်ပတ်ပေးနေဖို့လိုသည်။
ကျင့်ကြံနှုန်းသည် ၀.၀၀၁စက္ကန့်ထက်နည်းကာ အလွန်မြန်ဆန်သော်လည်း ကန့်သတ်ချက်ကရှိနေတုန်းပင်။
ထို့အပြင် ကျင့်ကြံဆင့်မြင့်လာသည်နှင့် ကျင့်ကြံသူ၏တိုက်ပွဲအရှိန်အဟုန်သည်လည်း ပိုမိုလျင်မြန်ကာ သန်မာလာပေလိမ့်မည်။ အချိန်ကွာခြားချက်အနည်းငယ်လေးကပင် တိုက်ပွဲတွင် အလွန်ကြီးမားသည့်ရလဒ်ကို ဖြစ်ပေါ်စေလေသည်။
၀.၀၀၁စက္ကန့်ကွာခြားချက်ကပင် သင့်အသက်တန်ဖိုးကို ဆုံးဖြတ်ပေးမည်ဖြစ်ကာ မြေမြှုပ်စရာတောင်မလိုဘဲ သေဆုံးသွားစေနိုင်သည်။
သို့သော် လုရှောင်ယန်သည် ဝိညာဉ်စွမ်းအင်မြင့်သလို ကျင့်စဉ်ကိုအဆင့်မြှင့်ပြီး အလိုအလျောက်နတ်ကျင့်စဉ်ကို ကျင့်ကြံချင်သည်ဟုတွေးလိုက်ချိန်မှာပဲ မတော်တဆဆိုသလို သူက အခုချိန်တွင် အလိုအလျောက်နတ်ကျင့်စဉ်ကို မကျင့်ကြံနိုင်ကြောင်း တွေ့လိုက်ရလေသည်။
အလိုအလျောက်နတ်ကျင့်စဉ်သည် နတ်ဘုရားအဆင့်သို့ရောက်ရှိပြီးသည့်သူများမှသာလျှင် ကျင့်ကြံနိုင်မည်ဖြစ်သည်။
ထိုအချင်းအရာက လုရှောင်ယန်ကို အလွန်ဆွံ့အသွားစေတော့သည်။
သို့သော်လည်း လုရှောင်ယန်ကတော့ မြန်မြန်ဆန်ဆန်ပဲ စိတ်ကိုပြန်လည်အဖက်ဆယ်နိုင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန်တော့ သူကျင့်ကြံလာနိုင်မှာပဲကို။ ဤတိုက်ကြီးပေါ်တွင်၊ လူတိုင်းသည် သိုင်းဘုရင်အဆင့်ကျင့်စဉ်အမျိုးမျိုးကို ကျင့်ကြံခဲ့သည်။ နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံခွင့်ရမည့် မြင်းနက်အနည်းအကျဉ်းရှိလောက်မည်ဆိုပေမယ့် အလိုအလျောက်နတ်ကျင့်စဉ်ကိုတော့ ဘယ်သူမှကျင့်ကြံခွင့်ရမည်မဟုတ်ပေ။
ဒါကြောင့် သူ့ကို တခြားလူတွေကျော်တက်သွားမည်အား စိတ်ပူစရာမရှိပေ။
လက်ဆောင်အိတ်များကို ဖွင့်ပြီးနောက်ဆုံးမှာတော့ လုရှောင်ယန်တစ်ယောက် ယွင်လီကောနှင့်ကျန်လူများကို ဆင့်ခေါ်လိုက်တော့သည်။
သူအခုလေးတင် သတင်းအသစ်တချို့ကို ရရှိထားခဲ့ကာ မြင်းနက်များနှင့် သက်ဆိုင်နေလေသည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၈ ကြားဖြတ်တိုက်ခိုက်ခြင်း
ဒါဟာ မြင်းနက်တစ်ယောက်ကိုသတ်ပစ်နိုင်မည့် အခွင့်အရေးပင်။
…..
မကြာလိုက်ပါဘဲ လုရှောင်ယန်အနားသို့ တပည့်များအားလုံးရောက်ရှိလာခဲ့ကြသည်။
“ဆရာ့ကို နှုတ်ဆက်ပါတယ်။”
“ယဉ်ကျေးနေဖို့မလိုဘူး။ ငါ ဒီတစ်ကြိမ် မင်းတို့ကို ခေါ်လိုက်ရတာက တာဝန်အသစ်ပေးမလို့ပဲ။”
“ပြောပါ၊ ဆရာ။”
“ကျူးကောဖေးအာကို သတ်ကြမယ်။”
လူတိုင်း၏ခန္ဓာကိုယ်တို့ တုန်ရီသွားကာ အထူးသဖြင့် ကျူးကောကျီချုံပင်။ သူမကြားလိုက်သည်ကို သူမ မယုံနိုင်ဖြစ်သွားသည်။
“ဆရာ! ဆရာ တကယ်ပြောနေတာလား?”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“လောလောဆယ်တော့ နတ်ဘုရားခန်းမရဲ့ဆုချန်က မဟာချင်အင်ပါယာကို တိုက်ခိုက်နေပြီ။ မဟာချင်အင်ပါယာကလည်း ကျူးကောဖေးအာကို မဟာချင်အင်ပါယာဆီ ပြန်လည်ဆင့်ခေါ်ထားတယ်။ ဒါက ငါတို့အတွက် အခွင့်အရေးကောင်းပဲ။”
“သူမ ပြန်တဲ့လမ်းမှာ ငါတို့ကြားဖြတ်ဝင်တိုက်ကြမယ်။”
“အခု မဟာချင်အင်ပါယာက သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်တော့ဘူး။ စစ်ပွဲမီးက နေရာတိုင်းကို ပျံ့နှံ့နေပြီ။ သူတို့မှာ ကျူးကောကျီချုံကို ဂရုစိုက်နေဖို့အချိန်မရှိတော့ဘူး။ တစ်နည်းပြောရရင် သူမအတွက် စစ်ကူရလာနိုင်မှာမဟုတ်ဘူး။”
“ဒီတစ်ခေါက် အခွင့်အရေးကို ငါတို့လွတ်သွားပြီး သူမကို မဟာချင်အင်ပါယာဆီ ပြန်ခွင့်ပြုလိုက်ရင် နောင်တချိန် သူ့မှာ မဟာချင်ဧကရာဇ်လိုသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကာအကွယ်ရှိသွားပြီး ငါတို့တွေ သူ့ကိုသတ်ဖို့အရမ်းခက်ခဲသွားလိမ့်မယ်။”
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။
“ဒီလိုဆိုမှတော့ ကျွန်တော်တို့ကိုတာဝန်အကြောင်း ပြောပြပေးပါ ဆရာ။”
“ကောင်းပြီ၊ မကြာခင် ရှေးဟောင်းတောင်နယ်နိမိတ်ဝန်းကျင်ဆီ မင်းတို့ကို ခေါ်သွားပေးမယ်။ လီကော၊ ဝူရှား၊ မင်းတို့နှစ်ယောက်က ရှေးဟောင်းတောင်နယ်နိမိတ်မှာ အစီအရင်ချဖို့ တာဝန်ယူရမယ်။ အာရုံခံအမျိုးအစားအစီအရင်မျိုးကို အာရုံစိုက်ပြီး တည်ဆောက်ထား၊ နေရာအကွာအဝေးကျယ်ပါစေ။ ရှေးဟောင်းတောင်နယ်နိမိတ်တစ်ဖက်တစ်ချက်မှာ နေရာချပြီး အနည်းဆုံး၅လွှာအထက် တည်ဆောက်ကြ။”
သူ့တပည့်များ၏ကျင့်ကြံဆင့်ဖြင့် ကျူးကောဖေးအာကို ကြာကြာ ထိန်းထားနိုင်မည်မဟုတ်မှန်း လုရှောင်ယန်သိပေသည်။
ကျူးကောဖေးအာသည် သူတော်စင်အဆင့်ကျွမ်းကျင်သူလား သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူလား သူလည်း သေချာမသိသေးတာကြောင့်ဖြစ်သည်။
ထို့အပြင် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တောင်မှ မြင်းနက်တစ်ယောက်ဖြစ်တာကြောင့် ကျူးကောဖေးအာသည် သူမထက်အဆင့်ပိုမြင့်သည့်ရန်သူများကို သတ်ဖြတ်နိုင်စွမ်းအပြည့်အဝရှိသည်။
ဒါကြောင့် လီချန်းရှန်ရော စုန့်ရှင်းနျန်ဆိုရင်ပါ သူမကိုသတ်နိုင်မည့် အရည်အချင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်သည် အကြီးမြတ်ဆုံးဒဿမအဆင့်သို့ ရောက်ကြရုံသာရှိသေးသည်။
တခြားလူတွေမပြောနှင့် သူတို့နှစ်ယောက်ဆိုလျှင်ပင် သတ်နိုင်ဖို့ အခွင့်အရေးမရှိပေ။
“ချန်းရှန်၊ ရှင်းနျန်၊ ထျန်းယွမ် မင်းတို့သုံးယောက်က ကျူးကောဖေးအာရဲ့လက်အောက်ငယ်သားတွေကို သတ်ဖို့တာဝန်ယူရမယ်။ ကျူးကောဖေးရဲ့လက်အောက်မှာ ထိပ်တန်းလက်အောက်ငယ်သား၄ယောက်ရှိတယ်။”
“လောလောဆယ်မှာတော့ သူတို့အားလုံး သူမဘေးမှာ တစ်စုတည်းရှိနေကြတယ်။ မင်းတို့သုံးယောက်က သူတို့ကို တစ်ယောက်ဆီတာဝန်ယူပြီးရှင်းလိုက်။ သေချာပေါက် အားလုံးကိုသတ်ပစ်ရမယ်၊ တစ်ယောက်လေးတောင် မလွတ်သွားစေနဲ့။ အချိန်ခဏလေးအတွင်း ကျူးကောဖေးအာကို မင်းတို့သတ်လိုက်ပြီဆိုတဲ့သတင်းမျိုး မပျံ့သွားစေချင်ဘူး။”
“ဆရာ၊ ဒါဆိုကျန်တဲ့တစ်ယောက်ကရော?”
ယွင်လီကော မနေနိုင်ဘဲ မေးလိုက်မိသည်။
လုရှောင်ယန် အေးအေးဆေးဆေးပြုံးပြလိုက်ကာ၊ “မင်းတို့တွေကျင့်ကြံနေကြတုန်း ငါ အကြီးမြတ်ဆုံးအဆင့်မိစ္ဆာသားရဲ နည်းနည်းပါးပါး သိမ်းသွင်းထားတယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကို သူတို့အတွက်ထားပေးလိုက်မယ်။”
လုရှောင်ယန်သည် ကျူးကောဖေးအာ၏နောက်ဆုံးလက်အောက်ငယ်သားကို အဇူရာနွားထီးတို့အဖွဲ့အား လွှဲပေးလိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် ကျူးကောဖေးအာ၏လက်အောက်က တစ်ယောက်မှ လွတ်သွားနိုင်တော့မည်မဟုတ်ပေ။
ကျန်တဲ့သေးအမွှားလေးတွေကတော့ အရမ်းရိုးရှင်းပေသည်။ သူတို့တွေကိုတော့ ဖိဂုလျန်နှင့် အပ်ထားလိုက်လို့ရသည်။
သူ့ကို ကျူးကောဖေးအာရဲ့ယင်ကောင်ငယ်လေးတွေအားလုံးကို စားပစ်ခိုင်းလိုက်မယ်ဆိုရင် ပြီးပြည့်စုံသွားပြီပဲ။
“ဆရာ ကျွန်မကရော?”
ကျူးကောကျီချုံ စိုးရိမ်ပူပန်သွားတော့သည်။
ကျူးကောဖေးအာသည် တကယ်တော့ သူမ၏ရန်သူဟောင်းဖြစ်သည်။ အဆုံးမှာတော့ သူမဆရာက လူတိုင်းအတွက် တာဝန်တွေခွဲပေးခဲ့သော်လည်း သူမအတွက်တော့ ဘာမှမခွဲပေးခဲ့ပေ။ ဒါကြောင့် ကျူးကောကျီချုံ ပျာယာခတ်သွားတော့သည်။
သူမသည် ကျူးကောဖေးအာ၏ပြိုင်ဘက်မဟုတ်ကြောင်း သူမသိသော်လည်း ဤတိုက်ပွဲတွင် သူမလည်း ပါဝင်တိုက်ခိုက်လိုပေသည်။
ဒီလိုသာဆို သူမလည်း အနည်းနဲ့အများတော့ လက်စားချေရာရောက်တာပေါ့။
မဟုတ်ပါက သူမ၏ကျန်ရှိသည့်ဘဝသက်တမ်းတစ်လျှောက်လုံး ရင်ထဲအထုံးတစ်ခုဖြစ်သွားပေလိမ့်မည်။
လုရှောင်ယန်က လျှို့ဝှက်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့။ ငါမင်းအတွက် သေချာပေါက် တစ်ခုခုစီစဉ်ပေးမှာပါ။ ကျူးကောဖေးအာက မင်းရဲ့ရန်သူဟောင်းကြီးပဲ။ ဒီတာဝန်အတွက် တာဝန်တွေအားလုံးခွဲပြီးသွားရင်တောင်မှ မင်းကိုနောက်ချန်မထားပါဘူး။”
ကျူးကောကျီချုံ ခေါင်းညိတ်လိုက်ကာ အရမ်းကျေးဇူးတင်သွားသည်။
သူမအနေနှင့် အကူအညီသိပ်မပေးနိုင်မည်မှန်းလည်း သိသည်။ သူမဆရာက သူမကိုဝင်ကူခိုင်းတယ်ဆိုတာက သူမခံစားချက်ကို ဂရုစိုက်ပေးခြင်းကြောင့်သာ ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ကျူးကောဖေးအာသည် ဂုဏ်သရေကြီးသည့်တိုက်ပွဲနတ်ဘုရားမပင်!
သို့သော်လည်း လုရှောင်ယန်သည် သူ့တပည့်ကို ဂရုစိုက်တာကြောင့် သူတစ်ယောက်တည်း ရှင်းပစ်လိုက်မည်မဟုတ်ပေ။
သူ ပထမဆုံးအကြိမ် ကျူးကောဖေးအာကို တွေ့လိုက်ချိန်တုန်းက၊ ကျူးကောဖေးအာသည် ကျူးကောကျီချုံကို သူမအရိုးတွေကို လောင်ကျွမ်းပြီး ပြာတွေကိုကျဲပစ်မည့်အစား အလွန်အေးခဲသည့်နေရာတွင် ဘာကြောင့်ထည့်ထားမှန်း နားလည်ခဲ့သည်။
ပြောရမယ်ဆို ကျူးကောဖေးအာကို ကျူးကောကျီချုံတစ်ယောက်သာ သတ်နိုင်ပေမည်။
တိုက်ပွဲအစီအစဉ်အကြောင်း ညွှန်ကြားပြီးနောက်မှာတော့ လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်လက်နက် တစ်ပုံလိုက်ပြီးကို ထုတ်ယူလိုက်သည်။
စုန့်ရှင်းနျန်ကလွဲလို့ ကျန်လူများကတော့ အသားကျနေကြပေပြီ။
စုန့်ရှင်းနျန်တစ်ယောက်သည်သာ မျက်နှာတစ်ခုလုံးတွန့်ရှုံသွားခဲ့ရသည်။
ဒါ..ဒါတွေက သိုင်းဘုရင်အဆင့်လက်နက်တွေပဲ!
ကြီးမြတ်လှတဲ့သိုင်းဘုရင်အဆင့်လက်နက်တွေက သူ့ဆရာရှေ့မှာတော့ ဘာမှအဖိုးမတန်တော့ပါလား။ သူဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်တာလဲ?
သို့သော်လည်း သေချာသာဂရုစိုက်တွေးကြည့်လျှင် တစ်ဖက်လူသည် သူ့ဆရာဖြစ်နေတုန်းပင်။ သူ့ဆရာက ပိုအင်အားကြီးလေ သူ့အတွက်ပိုကောင်းလေပဲမဟုတ်ပါလား။
“ပုံမှန်ဆိုရင် မင်းတို့တစ်ယောက်ကို လက်နက်၂ခုလောက်ပဲရကြမှာ။ ဒီတစ်ခါတော့ ငါတို့ရင်ဆိုင်ရမယ့်ရန်သူက အရမ်းသန်မာတယ်။ ဒါကြောင့် မင်းတို့တွေ တစ်ယောက်ကို သိုင်းဘုရင်အဆင့်ချပ်ဝတ်သုံးစုံရမယ်။ ထူထူဝတ်လေကောင်းလေပဲ။ ဘယ်သူမှမသေစေနဲ့။ ငါမင်းတို့ကို ပြန်အသက်သွင်းပေးနိုင်တယ်ဆိုပေမယ့် အဲ့လိုလုပ်ဖို့ဆိုတာ ငါ့အတွက်အချိန်အရမ်းယူလွန်းတယ်။ ပြီးတော့ လူတိုင်းရဲ့စုပေါင်းကျင့်ကြံဆင့်တိုးတက်မှုနဲ့ လမ်းကြောင်းကိုလည်း နှောင့်နှေးသွားစေတယ်။”
“နားလည်ပါပြီ။”
“ဒါတင်မကဘူး၊ မင်းတို့အတွက် တိုက်ပွဲသုံးသိုင်းဘုရင်အဆင့်လက်နက်၂ခုနဲ့ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးတစ်လုံးပေးမယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အားလုံးရဲ့ပန်းတိုင်က တစ်ခုတည်းပဲ။ မင်းတို့ကိုယ်စွမ်းရှိသလောက် အသုံးချပြီး ကျူးကောဖေးအာနဲ့သူ့လက်အောက်ငယ်သားတွေကို သတ်ဖို့ပဲ။ တစ်ယောက်လေးကိုတောင်မှ အလွတ်မပေးကြနဲ့။”
“နားလည်ပါပြီ!”
“ကောင်းပြီ! သွားကြစို့!”
လုရှောင်ယန် ချက်ချင်းပင် တပည့်များကိုဦးဆောင်ကာ စတင်ထွက်ခွာတော့သည်။
ကျူးကောကျီချုံလည်း သူမရင်ထဲကနေပြီး တီးတိုးရေရွတ်လိုက်လေသည်။ “အနှစ်တစ်သိန်းကြာခဲ့ပြီ၊ ကျူးကောဖေးကာ ငါပြန်လာပြီ!”
လုရှောင်ယန်၏ကောင်းကင်ဖြိုခွဲလွန်းကို အသုံးပြုခဲ့တာကြောင့် မိုင်ပေါင်းသောင်းချီဝေးသည့် ရှေးဟောင်းတောင်နယ်နိမိတ်သို့ အသက်အနည်းငယ်ရှိုက်စာဖြင့်ပင် ရောက်ရှိသွားလေသည်။
ဒါကြောင့် လူတိုင်း မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိသွားခဲ့သည်။
မိစ္ဆာသားရဲများမှလွဲ၍ လူတိုင်းက လုရှောင်ယန်ပြုလုပ်ပေးထားသော ဝတ်ရုံရှည်များ၊ ခမောက်များ၊ မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။
ဖိဂုလျန်မှာ နွမ်းနွမ်းလျလျ လမ်းလျှောက်နေကာ သူ့အမြီးကတော့ ခြေထောက်များကြားတွင် ကွေးလို့နေသည်။ လုရှောင်ယန်လည်း ထိုကောင်ကြီး သိသိသာသာ ရောင်ကိုင်းနေသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။
တိုက်ပွဲအခြေအနေ ချောချောမွေ့မွေ့ဖြစ်စေရန်အတွက် လုရှောင်ယန်လည်း သူ့ဒဏ်ရာများကို ကုသပေးရန် အဇူရာသက်ရှည်ပညာရပ်ကို အသုံးပြုပေးလိုက်ဖို့ ယွင်လီကောကို ပြောလိုက်သည်။
ထို့နောက် လူတိုင်း သတ်မှတ်ပေးထားသည့်အစီအစဉ်အတိုင်းလုပ်ဆောင်ရန် ခွဲထွက်သွားတော့သည်။
လူတိုင်းထွက်သွားပြီးနောက် ယွင်လီကော သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“အခုတော့ ငါတို့နှစ်ယောက်က အစီအရင်ချရမယ့်လူတွေဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အရာရာတိုင်း ပြောင်းလဲနေကြတာပဲ!”
“ ‘နောက်မျိုးဆက်တွေက အရင်မျိုးဆက်တွေထက် ပိုသန်မာသွားတယ်’ဆိုတာ ငါတို့နှစ်ယောက်ကို ရည်ညွှန်းတာပဲမဟုတ်လား?”
ကျီဝူရှားလည်း မတတ်နိုင်စွာ ဝင်ပြောရလေသည်။ “အဲ့လိုတော့ခြုံပြောလို့မရဘူး။ သေချာနည်းလမ်းတကျပြောရရင်၊ ဆရာက အစ်ကိုကြီးတစ်ယောက်တည်း မကိုက်တွယ်နိုင်မှာစိုးလို့ ငါ့ကိုပါအတူလုပ်ခိုင်းတာ။”
ယွင်လီကောတစ်ယောက် နှုတ်ဆိတ်သွားတော့သည်။
“ငါတို့သူငယ်ချင်းအဖြစ်က ရပ်စဲကြရအောင်။”
“ကောင်းပြီလေ၊ ငါတို့မလုပ် မဖြတ်ခင် အရင်ဆုံး အစ်ကိုကြီး ငါ့ဆီက ငှားထားတဲ့ နတ်သားရဲဥပြန်ပေးဦး။”
ပြီးခဲ့တဲ့အခေါက်တုန်းက လုရှောင်ယန်သည် လက်ဆောင်အိတ်များမှနေပြီး နတ်သားရဲဥအနည်းငယ်ကို ရရှိခဲ့သည်။ ယွင်လီကောကို ပေးသည့်အပြင် တခြားတပည့်များကိုလည်း နတ်သားရဲဥများပေးခဲ့ပေသည်။
ဒါကြောင့်ပဲ လူတိုင်း၏စွမ်းအားများ လျင်လျင်မြန်မြန်တိုးသွားခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ကျီဝူရှားသည် သိုင်းတာအိုကိုနားလည်ကာ အဆင့်သစ်တက်သွားချိန်ဖြစ်တာကြောင့် ယွင်လီကောသည် ထိုအခွင့်အရေးကိုအမိအရယူကာ သူမ၏နတ်သားရဲကိုကို အရင်ငှားယူထားလိုက်သည်။ နောက်ကျ သူ့ဆရာထံမှ နောက်ထပ် နတ်သားရဲဥတွေ ထပ်ခွဲပေးလာမှ သူမကိုပြန်ပေးလိုက်ပေမည်။
ကျီဝူရှားက သူမနတ်သားရဲဥကို ပြန်ယူလိုချင်ကြောင်း ကြားလိုက်ရသည်နှင့် ယွင်လီကောတစ်ယောက် ထပ်ပြီးနှုတ်ဆိတ်သွားပြန်လေသည်။
သူ့ဆရာမှာက နတ်သားရဲဥအများကြီးမရှိပေ။ တစ်လုံးနှစ်လုံးရဖို့ပင် အချိန်အတော်ကြာပေသည်။
သူက တစ်လုံးရလိုက်သည်နှင့် ဘယ်တော့မှသိမ်းထားလေ့မရှိဘဲ ချက်ချင်းစားပစ်ခဲ့သည်။ ဒီတော့ အခုချိန်ကြီး နတ်သားရဲဥတစ်လုံး ဘယ်ကနေများ ရှာယူရမှာလဲ?
“တကယ်တော့၊ ညီမငယ်ပြောတာမှန်ပါတယ်။ ငါ့ရဲ့အစီအရင်ပိုင်းဆိုင်ရာ တော်တော်လေးလိုအပ်နေသေးတယ်။ ဒီတစ်ခေါက် အစီအရင်တည်ဆောက်တာမှာ ညီမငယ်ကိုပဲ အားကိုးလိုက်တော့မယ်။”
“ငါ့ရဲ့နတ်သားရဲဥဘယ်တော့မှ ပြန်ပေးမှာလဲ?”
“အာ.. ညီမငယ်ရဲ့ ဒီနေ့ဆံပင်ပုံစံက တော်တော်လေး သပ်ရပ်ပါလား။ အရမ်းလှတယ်။”
“ငါ့ရဲ့နတ်သားရဲဥဘယ်တော့မှ ပြန်ပေးမှာလဲ?”
“ညီမငယ် ဘာမျက်နှာချေမှုန့်သုံးတာလဲ? မင်းအသားအရေက အရမ်းကောင်းတယ်။ ချောမွေ့နေတာပဲ။ ငါ့ကိုလဲ ပြောပြပါဦး။ ဒီလိုဆို ငါ့ရဲ့အနာဂတ်လက်တွဲဖော်ရရှိတဲ့အချိန်ကျရင် သူ့ကိုသုံးခိုင်းလို့ရမယ်။”
“ငါ့နတ်သားရဲဥပြန်လိုချင်တယ်။”
“ညီမငယ်.. တကယ်တော့လေ အစ်ကိုကြီး မင်းကိုနှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ငါ… ငါမင်းကို သဘောကျနေခဲ့တာ ကြာပြီ။”
“နင် ငါ့ကိုသဘောကျမှတော့ ငါ့ရဲ့နတ်သားရဲဥကို ပြန်ပေးလိုက်တော့လေ!”
“ညီမငယ်၊ ဒီလိုဆက်ပြီး လုပ်နေဦးမယ်ဆို မင်းချစ်စရာကောင်းတဲ့ ညီမငယ်လေးဖြစ်တော့မှာ မဟုတ်ဘူးနော်။”
……
အချိန်ကြာလာသည်နှင့် ကောင်းကင်ကြီးသည်လည်း စတင်မဲမှောင်လာခဲ့လေပြီ။
မဟာချင်ဧကရာဇ်၏အမိန့်အရ မဟာချင်အင်ပါယာသို့ အမြန်ဆုံးပြန်လာနေခဲ့သည့် ကျူးကောဖေးအာတစ်ယောက် ရုတ်တရက် မျက်မှောင်ကြုတ်သွားမိသည်။
“မိုးရွာတော့မှာပဲ။”
သူမဘေးနားက အမျိုးသားက ပြုံးကာ နှစ်သိမ့်ပေးလေသည်။
“သခင်အဇူရာ၊ စိတ်မပူပါနဲ့။ ငါတို့အားလုံးက သိုင်းပညာရှင်တွေပဲ။ မိုးရွာရင်တောင် ငါတို့ကို မိုးရေမစိုနိုင်ပါဘူး။”
ကျူးကောဖေးအာကတော့ ခေါင်းပြန်ယမ်းပြလိုက်သည်။
“ငါအဲ့လိုပြောချင်တာမဟုတ်ဘူး။ တစ်ခုခုမှားနေသလို ခံစားရလို့။”
“သခင်အဇူရာ၊ မနေ့ညတုန်းက ကောင်းကောင်းအနားမယူခဲ့ရဘူးလား? စိတ်ပူစရာမလိုပါဘူး၊ ငါတို့တိုက်ပွဲနတ်ဘုရားတပ်ဖွဲ့ရဲ့ ထိပ်တန်းဖြစ်တဲ့ တုန်းဖန်းရန်တု၊ နန်စွန်းလျှို့လီ၊ ပေထျန်းယွီ၊ အိုးယန်ဟန်တို့ လေးယောက်လုံးရှိနေတာပဲ။ ပြီးတော့ သခင်အဇူရာပါရှိနေမှတော့ ဘယ်သူကများ ပြဿနာရှာရဲတော့မှာလဲ?”
“ဝက်ဝံလိုသတ္တိနဲ့ ကျားသစ်အသဲရှိတဲ့လူမျိုးဆိုရင်တောင် လာရဲမှာမဟုတ်ဘူး။ ရူးရူးမိုက်မိုက်နဲ့ အသက်ရှင်ရတာစိတ်ကုန်နေတဲ့လူမျိုးကလွဲလို့ပေါ့။”
ကျူးကောဖေးအာက ဘာမှပြန်မတုံ့ပြန်ခဲ့ပေ။ သူမက မျက်မှောင်သာကြုတ်နေခဲ့သည်။ “ငါလည်း အတွေးလွန်နေတာဖြစ်ဖို့ မျှော်လင့်ပါတယ်။”
ခဏလောက်ရပ်သွားပြီးနောက် သူမဆက်ပြောလာသည်။ “ပြောကာမှ ကျူးကောကျီချုံကို မင်းတို့ရှာတွေ့ကြပြီလား?”
“မတွေ့သေးပါဘူး။ ဒါပေမယ့် သားရဲစကားပြောတတ်တဲ့လူတချို့ကို ချို့ဝှမ်းထဲက သားရဲတွေနဲ့ ဆက်သွယ်ဖို့ လွှတ်ထားလို့ သတင်းတချို့ရထားပါတယ်။ ကြည့်ရတာ ယောက်ျားနှစ်ယောက်က ကျူးကောကျီချုံကို ခေါ်သွားတဲ့ပုံပါပဲ။
တစ်ယောက်က ဓားတာအိုကို ကျင့်ကြံတဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရွှေရောင်အရိုးကိုယ်ထည်အကြီးကြီးကို ထုတ်ဖော်နိုင်ပါတယ်။ နှစ်ယောက်လုံးရဲ့ကျင့်ကြံဆင့်တွေက အရမ်းကို အားကောင်းပါတယ်။”
ကျူးကောဖေးအာမျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
ကျူးကောကျီချုံသာ သူမ၏ကျင့်ကြံဆင့်ကြောင့် ထိုနေရာကနေ ထိုးထွက်လာနိုင်ခြင်းဆိုလျှင် သူမသိပ်ပြီး စိုးရိမ်မိမှာမဟုတ်ပေ။
သို့သော်လည်း တစ်ယောက်ယောက်က သူမကိုကယ်တင်ခဲ့ခြင်းဆိုလျှင်တော့ သူမပြန်စဉ်းစားကြည့်ရတော့မည်။
သူမနှင့်သူမ၏လူယုံများသာလျှင် ကျူးကောကျီချုံကို မြှုပ်ထားသည့်နေရာအား သိကြလေသည်။
သူမအနေနှင့် ကျူးကောကျီချုံကို ဘယ်တော့မှပြန်မရှင်လာမည်ကိုသာ လိုချင်လေသည်။
သေချာပေါက် တခြားလူတွေသိဖို့ဆိုတာ မဖြစ်နိုင်ပေ။
တစ်ဖက်လူက သူမကို အထူးအလေးပေးကာ ကယ်တင်ခဲ့ခြင်းဆိုလျှင်…. သူမကိုပစ်မှတ်ထားနေတာ ဖြစ်နေလား?
ဒါပေမဲ့ တကယ်ပဲ သူမကိုပစ်မှတ်ထားနေခြင်းဆိုလျှင်တောင်မှ ကြောက်နေမည်မဟုတ်ပေ။
မဟာချင်အင်ပါယာ၏ကြီးမြတ်သောအဇူရာ၊ တိုက်ပွဲနတ်ဘုရားတပ်ဖွဲ့၏တပ်မှူးတစ်ယောက်အနေဖြင့် သူ,ကျူးကောဖေးအာသည် အလွန်အင်အားကြီးပေသည်။
ဘယ်လိုလုပ်ပြီး သာမာန်လူတွေကို ကြောက်နေရမှာတဲ့လဲ?
သို့သော်လည်း သူမ ကျူးကောကျီချုံထဲတွင် တစ်ခုခုကိုထည့်ထားခဲ့သည်။ အဲ့ဒီပစ္စည်းက သူမအတွက် အလွန်အရေးကြီးပေသည်။
ထိုပစ္စည်းဆုံးရှုံးသွားမည်ကိုသာ သူမစိုးရိမ်နေခြင်းဖြစ်သည်။
ဒီလိုသာဆိုရင် သူမနှစ်ပေါင်း၂၀၀ကျော်လောက် ပြင်ဆင်ထားခဲ့သည့် အစီအစဉ်လည်း ပျက်စီးသွားပေလိမ့်မည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၉ ကျူးကောဖေးအာ၏မကျေနပ်မှု
ဂျိမ်း!
ထိုအခိုက်မှာပဲ မိုးကြိုးသံထွက်ပေါ်လာကာ ဆက်တိုက်ဆိုသလို မိုးရေစက်များ ကျဆင်းလာတော့သည်။
ကျူးကောဖေးအာသည်လည်း မျက်ခုံးပင့်လိုက်မိသည်။
ဤမိုးထဲတွင် သွေးနံ့များဖြင့်ပါ ရောပါလို့နေသည်။
သူတို့လို တိုက်ပွဲအတွေ့အကြုံရင့်သန်သည့်လူများအတွက် ဤအနံ့သည် အထူးရင်းနှီးလို့နေသည်။
“လူစုခွဲကြ!”
ချက်ချင်းဆိုသလို ကျူးကောဖေးအာ၏အမိန့်ပေးသံက ထွက်ပေါ်လာခဲ့သည်။ လူတိုင်းလည်း ချက်ချင်းပင် နေရာမှပျောက်ကွယ်သွားကြလေသည်။ နောက်တစ်စက္ကန့်တွင်ပဲ သူတို့ရှိနေခဲ့သည့်နေရာသို့ ရုတ်တရက် အလင်းတန်းတစ်ခု ထိုးစိုက်လာခဲ့သည်။
ဘုန်း!
မှိုလုံးသဏ္ဍာန်မီးခိုးလုံးကြီးက မြေပြင်မှနေပြီး ကောင်းကင်သို့ ပွင့်ထွက်သွားခဲ့သည်။
ထိုထိတ်လန့်စရာပေါက်ကွဲသံက ကီလိုမီတာရာပေါင်းများစွာအထိ မြေပြင်ကို တုန်လှုပ်သွားစေခဲ့သည်။
“ရန်သူတွေတိုက်ခိုက်လာပြီ! သတိထားကြ!”
ကောင်းကင်တွင် လေအေးတစ်ဝှေ့နှင့်အတူ လုရှောင်ယန်သည် တိမ်တိုက်များထဲမှနေပြီး ထွက်ပေါ်လာခဲ့သည်။
သူက သူ့ဘေးရှိစုန့်ရှင်းနျန်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး၊ “မင်းဘာလို့ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးကို ပစ်လိုက်တာလဲ?”
စုန့်ရှင်းနျန်တစ်ယောက် ခေါင်းကုတ်ကာ သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်ဖြေလေသည်။ “သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးရဲ့တိုက်ခိုက်နိုင်စွမ်းက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့သာမာန်တိုက်ခိုက်မှုမျိုးနဲ့ညီတယ်ဆိုတော့ ကျွန်တော်တို့ ဒီအတိုင်းပစ်ထုတ်လိုက်နိုင်မယ်ထင်လိုက်တာ။ ဒီလိုဆို သူတို့ထဲကတချို့ကို တစ်ခါတည်းသတ်လိုက်နိုင်ပြီး ကျွန်တော်တို့အတွက် အရမ်းအကျိုးရှိမယ်လေ!”
“မင်း ငတုံးလား? အဲ့လိုဆိုမှတော့ ငါ့ဘာသာပဲ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံး တပုံကြီးပစ်လိုက်ရင် မပြီးဘူးလား? ငါ စစ်ဗျူဟာတွေ သင်ဖို့လိုနေပါဦးမလား?”
“သိုင်းဘုရင်အဆင့်အမြုတေဆေးလုံး အသက်ဝင်ဖို့ဆိုတာ အချိန်လိုအပ်တယ်။ ဘုရင်အဆင့်အထက်မှာရှိတဲ့လူဖြစ်နေသ၍ သူတို့ရဲ့ တုံ့ပြန်နိုင်စွမ်းက အရမ်းမြင့်လွန်းတယ်။ သိုင်းဘုရင်အဆင့်အမြုတွေဆေးလုံး မပေါက်ကွဲခင်မှာတင် သူတို့တွေက အန္တရာယ်ကို အာရုံခံနိုင်စွမ်းရှိကြတယ်။”
“ပြီးတော့၊ အောက်ကလူတွေက အကြီးမြတ်ဆုံးအဆင့်၊ သူတော်စင်အဆင့်နဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတောင်ပါနိုင်ချေများတဲ့အဖွဲ့ပဲ။ ရန်သူတွေကို သတိပေးလိုက်သလိုဖြစ်သွားတာကလွဲလို့ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးကို ပစ်လိုက်ရတာ ဘာများအသုံးဝင်သွားလဲ?”
သိုင်းဘုရင်အဆင့်အမြုတေဆေးလုံး၏ အမှန်တကယ်အသုံးပြုပုံမှာ ရန်သူဘက်က ဒဏ်ရာအများအပြားရထားချိန် သို့မဟုတ် ရန်သူအရမ်းနီးကပ်လာချိန်မျိုးတွင်သာဖြစ်သည်။
လုရှောင်ယန်သည် သူ့တပည့်များကို သိုင်းဘုရင်အဆင့်ချပ်ဝတ်သုံးထပ်တောင် ဝတ်ဆင်ပေးထားတာကြောင့် သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးကို အနီးကပ်ဖောက်ကွဲလိုက်မည်ဆိုလျှင်တောင် ထိုသိုင်းဘုရင်အဆင့်အမြုတေဆေးလုံးမှ အဖျက်စွမ်းအားကို အပြည့်အဝရှောင်ရှားနိုင်မည်ဖြစ်သည်။
ဒါကမှ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံး၏ အမှန်တကယ်အသုံးပြုပုံပင်။
အဆုံးမှာတော့ စုန့်ရှင်းနျန်သည် သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးကို တိုက်ရိုက်ပစ်ထုတ်ကာ အသုံးပြုခဲ့သည်။ ထိုသို့လုပ်ခြင်းဖြင့် တစ်ယောက်ကိုမှ မသတ်လိုက်နိုင်ရုံတင်မကဘဲ ရန်သူကိုလည်း သူတို့တွင် သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးရှိနေမှန်းလည်း အသိပေးလိုက်သလို ဖြစ်သွားပေသည်။
ဘယ်လောက်တောင် တုံးအမိုက်မဲလိုက်သလဲ?
ဟမ့်၊ သူတို့တွေ လုံးဝတစ်ယောက်မှတောင် မသေသွားဘူး။ အနည်းဆုံးတော့ မြင်းအနည်းငယ်ကတော့ သေသွားခဲ့တယ်ပေါ့။
သို့သော်လည်း… အဲ့လိုဖြစ်သွားတာက စုန့်ရှင်းနျန် ဘယ်လောက်တောင်မှ ရူးအမိုက်မဲကြောင်း သိလိုက်ရတာပေါ့။
“ကောင်းပြီ၊ ထားလိုက်တော့။ မြန်မြန်ဆင်းပြီး တစ်ယောက်ကိုမှ အလွတ်မပေးနဲ့။”
ထိုအချိန်မှာပဲ ဝမ့်ခိုက်၏အသံက လုရှောင်ယန်၏နားစည်အတွင်း ရိုက်ခတ်လာခဲ့သည်။
[သခင်၊ မြင်းနက်ကိုသတ်ပေးပါ။ ဆုလာဘ်ရရှိပါလိမ့်မယ်။]
ကျူးကောဖေးအာဘက်က စတင်လှုပ်ရှားလာတော့မည်မှန်း ဝမ့်ခိုက်ကာ အာရုံခံမိလေသည်။
အောက်တွင် ကျူးကောဖေးအာသည် မီတာတစ်ရာလောက်အကွာ၌ ရပ်နေခဲ့သည်။ အစောကပေါက်ကွဲမှုသည် ဘယ်လောက်ပဲ ထိတ်လန့်ဖွယ်ကောင်းနေပါစေ သူမကိုတော့ ထိခိုက်ဒဏ်ရာရသွားစေဖို့ မဖြစ်နိုင်သေးပေ။
သူမ၏ထိပ်တန်းလက်အောက်ငယ်သား၄ယောက်ကလည်း အနားတွင်ရှိနေကြသည်။ သူမ၏အနောက်တွင်ယောက်ျားတစ်ယောက်လည်း ရှိသေးလေသည်။
ကျန်သည့်လက်အောက်ငယ်သားများကတော့ သူတို့အရှိန်က မမြန်လှတာကြောင့် အခုထိ အနားမရောက်လာသေးပေ။ သို့သော်လည်း သိပ်မကြာလိုက်ပါဘဲ မြန်မြန်ဆန်ဆန် ပြန်လည်စုစည်းမိသွားကြသည်။
“ဒါ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် တိုက်ခိုက်တာဖြစ်မလား?”
“သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူမဟုတ်ဘူး။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစစ်အမှန်တိုက်ခိုက်စွမ်းအားက ဒီလောက်မနိမ့်ကျဘူး။ ဒါက အလွန်ဆုံးမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ သာမာန်တိုက်ခိုက်မှုအားလောက်ပဲရှိတယ်။”
“ဒါ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးပဲ။”
ကျူးကောဖေးအာ၏ရှင်းပြချက်ပြီးနောက် လူတိုင်း ချက်ချင်းပင် မှန်းဆနေသည်များကို ရပ်လိုက်ကြသော်လည်း သူတို့၏အမူအရာများမှာ ပိုလို့တောင်မှ မှင်သက်သွားကြသည်။
“သိုင်းဘုရင်အဆင့်အမြုတေဆေးလုံး! တကယ်ပဲ အဲလိုဆေးလုံးမျိုးရှိတာလား! အဲဒီဆေးလုံးကို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အရိုးပြာကနေ သန့်စင်ထားတယ်လို့ ကြားဖူးတယ်။ အရမ်းနဲ့ပြင်းထန်တဲ့စွမ်းအားတွေ ပါဝင်တယ်တဲ့။”
“ကြည့်ရတာ တစ်ဖက်လူက ရည်ရွယ်ချက်ကောင်းရှိပုံမရဘူး။”
သူတို့စကားများဆုံးသွားသည်နှင့် ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်မှနေပြီး အရိပ်များစွာ ဆင်းသက်လာခဲ့သည်။
တစ်ဖက်လူက အသက်ရှူဖို့ပင် အချိန်ဖြုန်းမနေဘဲ ချက်ချင်းပင် တိုက်ကွက်တစ်ရာလောက်ဖြင့် တိုက်ခိုက်တော့သည်။
ကျူးကောဖေးအာ၏အမူအရာက ချက်ချင်းတင်းမာသွားတော့သည်။
“လူစုခွဲကြ!”
သူမကတော့ ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဓားအလင်းတန်းတစ်ခုက နေရာလွတ်ကိုဖြတ်သန်းကာ တိုက်ကွက်ပေါင်းတစ်ရာကျော်ကို ပြင်းထန်သည့်အင်အားဖြင့် ခွဲထုတ်ပစ်ခဲ့သည်။
ဘုန်း!
ဓားအလင်းတန်းက တိုက်ကွက်များကို ဖောက်ခွဲပစ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ နောက်ထပ်တိုက်ကွက်များလည်း ပေါက်ကွဲသွားပြန်ကာ ကောင်းကင်တွင် မီးရှူးမီးပန်းများပစ်လွှတ်နေသလို သောင်းသောင်းဖျဖျပေါက်ကွဲနေလေတော့သည်။
ပေါက်ကွဲမှုများဖြစ်ပြီးသွားချိန်မှာတော့ လူရိပ်သုံးရိပ်က လူအုပ်ကြီးထဲသို့ ဆင်းသက်လာခဲ့သည်။
နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ ဓားအလင်းတန်းများစွာဖြင့် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားတော့သည်။
ကျူးကောဖေးအာကတော့ ထိုထဲဝင်မပါခဲ့ပေ။ တစ်ဖက်လူက သူမကိုကြားဖြတ်တိုက်ခိုက်ရဲတယ်ဆိုမှတော့ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူအနည်းငယ်သာရှိသည့် အဖွဲ့လေးတစ်ခုတည်းတော့ မဖြစ်နိုင်ပေ။
သေချာပေါက် ဒီထက်အဆင့်ပိုမြင့်သည့်လူ ပါပေလိမ့်မည်။
ဒါ့အပြင် သူမ၏လက်အောက်ငယ်သားအားလုံးသည် သူမ သေချာဂရုတစိုက်ရွေးချယ်ထားသူများဖြစ်ကာ သူမနှင့်အတူ နှစ်ပေါင်းများစွာ အတူကွတိုက်ပွဲဝင်လာကြသူများဖြစ်သည်။ ကျူးကောဖေးအာက သူတို့၏ကျင့်ကြံမှုအပေါ် ယုံကြည်ချက်ရှိတာကြောင့် စိုးရိမ်နေဖို့မလိုတော့ပေ။
သို့သော်လည်း သူမ၏ရန်သူများအပေါ် သူမလေးစားစိတ်ဝင်မိပေသည်။
တစ်ဖက်လူက ဘာမှပြောမနေဘဲ တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။ ဒါမျိုးကမှ အမှန်တကယ်သတ်ဖြတ်ဖို့ရန် အဆင့်မီသည့်နည်းလမ်းမျိုးဖြစ်သည်။
တစ်ဖက်လူက ချင်အင်ပါယာကသာဆိုလျှင် သူမချွင်းချက်ထားပြီး ထိုလူကို တိုက်ပွဲနတ်ဘုရားတပ်ဖွဲ့ထဲသို့ သေချာပေါက် သွင်းပစ်မည်ပင်။
ကံမကောင်းစွာဘဲ တစ်ဖက်လူက ချင်အင်ပါယာက ဟုတ်မနေပေ။
သူမတွေးနေရုံရှိသေး ရုတ်တရက်ဆိုသလို ပေါက်ကွဲသံတစ်ခုနှင့်အတူ သူမ၏ထိပ်တန်းလက်အောက်ငယ်သားဖြစ်သည့် အိုးယန်ဟန် လွင့်ထွက်သွားသည်ကို မြင်လိုက်ရလေသည်။
“ဘာတွေဖြစ်ကုန်တာလဲ?”
ကျူးကောဖေးအာ၏အမူအရာ ချက်ချင်းပြောင်းလဲသွားတော့သည်။
အိုးယန်ဟန် သူ့နှုတ်ခမ်းထောင့်မှသွေးစက်တို့ကို သုတ်လိုက်ကာ လေးနက်သည့်အမူအရာဖြင့် ပြောလာသည်။
“သူတို့တွေ သိုင်းဘုရင်အဆင့်ချပ်ဝတ်ကို ဝတ်ထားတယ်။ ဒါတင်မကဘူး သူတို့သုံးတဲ့လက်နက်တွေကလည်း သိုင်းဘုရင်အဆင့်လက်နက်တွေပဲ!”
တိုက်ပွဲနတ်ဘုရားတပ်ဖွဲ့တွင် သိုင်းဘုရင်အဆင့်မရှိခြင်းကြောင့်မဟုတ်ပေ။ သို့သော်လည်း ထိုသို့ဆိုလျှင်တောင်မှ တိုက်ပွဲနတ်ဘုရားမှ သူတို့လိုထိပ်တန်းအဆင့်၄ဦးတွင်သာ သိုင်းဘုရင်အဆင့်လက်နက်များရှိလေသည်။ ထို့အပြင် သူတို့တွင် တိုက်ပွဲသုံးသိုင်းဘုရင်အဆင့်လက်နက်များသာရှိသည်။ သူတို့တွင် အဆင့်မြင့်လှသည့် သိုင်းဘုရင်အဆင့်ချပ်ဝတ်မျိုးတော့ မရှိကြပေ။
ဒီလူတွေအရမ်းအသုံးအဖြုန်းကြီးမနေဘူးလား?
နတ်ဘုရားခန်းမဆောင်ကလူတွေများလား?
ဒါပေမယ့် သူတို့သေချာတွေးကြည့်ပြန်ရင်လည်း သိပ်တော့မှန်ပုံမပေါ်ပေ။
နတ်ဘုရားခန်းမမှလူများသည် မိစ္ဆာသားရဲများနှင့်တိုက်ပွဲပြီးကာစဖြစ်ကာ မိစ္ဆာသားရဲပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသည်။ မိစ္ဆာသားရဲများအနေနှင့် နတ်ဘုရားခန်းမနှင့်ပူးပေါင်းဖို့ဆိုသည်က သေချာပေါက် မဖြစ်နိုင်ပေ။
ဒါဆိုဘယ်သူလဲ?
ဘယ်သူများဖြစ်နိုင်လဲ?
ဘယ်သူကများ ဒီလောက်တိုက်ပွဲစွမ်းရည်ပြည့်ဝပြီး သိုင်းဘုရင်အဆင့်လက်နက်တွေ အများကြီးရှိနေတာလဲ?
သူမစဉ်းစားမရဖြစ်နေတုန်းမှာပဲ တုနှိုင်းမဲ့လောကစည်းမျဉ်းတစ်ခုက သူမခေါင်းပေါ်တည့်တည့်သို့ ကျရောက်လာခဲ့သည်။
လောကစည်းမျဉ်းများသည် သာမာန်တိုက်ခိုက်မှုများ- အရှိန်အဝါ၊ ဓားအလင်းတန်း… စသည်တို့လိုမျိုး ကြိုတင်ခန့်မှန်း၍ရနိုင်သော အရာမဟုတ်ပေ။
လောကစည်းမျဉ်းသည် ရိုးရှင်းလှသည့် တုနှိုင်းမဲ့စွမ်းအားသာဖြစ်သည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်နေပြီဖြစ်ကာ လောကစည်းမျဉ်းတို့ကို ထိန်းချုပ်နိုင်ပြီဖြစ်သော ကျူးကောဖေးအာသာလျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ပေသည်။
လောကစည်းမျဉ်း ကျရောက်လာသည်ကို အာရုံခံမိသည်နှင့် ကျူးကောဖေးအာ နှာမှုတ်လိုက်သည်။ သူမလက်တစ်ဖက်ကို မြှောက်ကာ အိုးယန်ဟန်ကို တွန်းထုတ်လိုက်သည်။ ထို့နောက်မှာတော့ လောကစည်းမျဉ်း၏စွမ်းအားပါရှိသော လက်သီးတစ်ချက်ပြန်လည်ပစ်လွှတ်လိုက်လေသည်။
ခရက်! ခရက်!
လောကစည်းမျဉ်းနှစ်ခုဆုံသွားချိန်တွသ် မည်သည့်ထိတ်လန်ဖွယ်ပေါက်ကွဲလှိုင်းမှ မဖြစ်သွားခဲ့ပေ။ ထိုအစား အားနှစ်ခုဆုံသွားသည်နှင့် ချက်ချင်းပြန့်ကျဲသွားလေသည်။
သို့သော်လည်း လက်သီးတစ်ချက်ထိုးပြီးသွားသည့်နောက် ကျူးကောဖေးအာတွင် ခုခံဖို့ရန် အချိန်များများစားစားမရှိပေ။
လေထုမှာဗရမ်းဗတာဖြစ်သွားကာ ဓားရှည်တစ်ချောင်း ထိုးထွက်လာခဲ့သည်။
ဖူး!
ကျူးကောဖေးအာ၏တုံ့ပြန်မှုက အလွန်မြန်ဆန်သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။ သူမ၏လက်မှာ တံတောင်ဆစ်ကနေပြီး ပြတ်ထွက်သွားခဲ့သည်။
ထိုရုတ်တရက်နာကျင်လိုက်ရမှုက သူမဦးရေပြားကိုပင် ထုံကျဉ်သွားစေသည်။ ချက်ချင်းဆိုသလို သူမ၏ သိုင်းဘုရင်အဆင့်ဓားဖြစ်သော အရိပ်ဓားကိုဆင့်ခေါ်လိုက်သည်။
အရိပ်ဓားကို သူမ၏ရင်ဘက်ရှေ့တွင် ဖြတ်ခံလိုက်ကာ တစ်ဖက်လူ၏ဓားရှည်ခုတ်ချက်ကို တားဆီးလိုက်လေသည်။
ဘုန်း!
ထိုအချိန်တွင်ပဲ လူတစ်ယောက်၏နားစည်ကို ပေါက်ကွဲသွားစေလောက်သည့် အသံကျယ်ကြီးတစ်သံထွက်ပေါ်လာကာ ပေါက်ကွဲလှိုင်းက ကျူးကောဖေးအာကို လွင့်သွားစေခဲ့သည်။
သူမကိုယ်ကို ပြန်လည်တည်ငြိမ်အောင်ထိန်းထားလိုက်ပြီးချိန်မှာတော့ ကျူးကောဖေးအာ၏အမူအရာမှာ အလွန်လေးနက်နေတော့သည်။
သူမလက်မောင်းက ထုံကျဉ်နေပေပြီ။
တစ်ဖက်လူကလဲ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပဲပေါ့!
ဒါ့အပြင် သူ့ခွန်အားသူကောင်းကောင်းသိသည့် ကျူးကောဖေးအာကိုပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူမသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်ကို အသာလေးတိုက်ခိုက်နိုင်သူဖြစ်သည်။
သို့သော်လည်း လက်ရှိအချိန်မှာတော့ တစ်ဖက်လူက သူမကိုပင် ဒဏ်ရာရအောင် စွမ်းဆောင်နိုင်နေသည်။
ဆိုလိုတာက တစ်ဖက်လူ၏ခွန်အားက သူ့ထက်အဆင့်ပိုမြင့်သည် လူကိုတိုက်ခိုက်နိုင်ခြင်းမျိုး ဒါမှမဟုတ်…. သိုင်းဘုရင် တတိယ-စတုတ္ထအဆင့်လောက်တောင်မှ ရောက်နေသည့်ကျွမ်းကျင်သူပင် ဖြစ်နိုင်ပေသည်။
အဲ့ဒါကိုထားလိုက်ပါဦး။
တိုက်ပွဲစွမ်းအားဆိုလျှင်လည်း တစ်ဖက်လူသည် သူမထက်ပိုလို့သန်မာနေသေးသည်!
နောက်ထပ်ထိတ်လန့်တုန်လှုပ်ဖို့အကောင်းဆုံးအချက်သည်က… သူမ၏အရိပ်ဓားတွင် သေးငယ်သည့်ချိုင့်ရာတစ်ခုထင်သွားခြင်းဖြစ်သည်။
အရိပ်ဓားဆိုသည်က သိုင်းဘုရင်အဆင့်လက်နက်တစ်ခုလေ!
ဒါ့အပြင် ထိပ်တန်းသိုင်းဘုရင်အဆင့်လက်နက်လည်း ဖြစ်သေးတယ်။
သို့သော်လည်း တစ်ဖက်လူ၏ဓားကို သူမ မကာကွယ်နိုင်သည့်အပြင် သူမ၏လက်နက်တွင်ပင် ချိုင့်ရာတစ်ခုပေါ်လာစေခဲ့သည်။
တစ်ဖက်လူက ဘာလက်နက်ကိုများသုံးနေတာလဲ?
သူမကို အများကြီးတွေးနေချိန်မပေးဘဲ လုရှောင်ယန်က ဒုတိယလှိုင်းတိုက်ခိုက်မှုအတွက် အဆင်သင့်ပြင်ပြီးနေပေပြီ။
သူမတိုက်ခိုက်ခင် အရင်ဆုံး ကျူးကောဖေးအာ၏ပြတ်သွားသော လက်မောင်းကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ချက်ချင်းပစ်ထည့်ထားလိုက်သည်။
ဒါက ဆေးလုံးသန့်စင်ရာမှာအသုံးဝင်တဲ့ အရမ်းကောင်းတဲ့ကုန်ကြမ်းတစ်ခုလေ။ ဘာလို့ ဖြုန်းတီးပစ်မှာလဲ?
“မင်းဘယ်သူလဲ?”
ကျူးကောဖေးအာ စမေးလာခဲ့သည်။ ကံမကောင်းစွာဘဲ သူမပြန်ရလိုက်သည်က လုရှောင်ယန်ထံမှာ ကမ္ဘာကြီးကိုပင် ကိုင်လှုပ်ပစ်နိုင်သည့် ဓားချက်တစ်ချက်ပင်။
ရွှမ်ဟွမ်ဓားတွင်လောကစည်းမျဉ်းတို့ပါ,ပါရှိနေတာကြောင့် ကောင်းကင်ကိုတောင် ခွဲပစ်တော့မတတ်ပင်။ လေပြင်းများက ဒေါသအဟုန်ဖြင့်တိုက်ခတ်နေကာ အနီးတစ်ဝိုက်ရှိတောင်များကိုပင် တုန်ခါသွားစေသည်။
ဘုန်း!
ဓားချက်ကျလာသည်နှင့် ကျူးကောဖေးအာတစ်ယောက် သတိလက်လွတ်မလုပ်ရဲတော့ပေ။ သူမလက်ထဲက အရိပ်ဓားကို ကန့်လန့်ဖြတ်ပြန်ခုတ်လိုက်သည်။
လောကစည်းမျဉ်းတို့ပေါက်ကွဲကုန်ကာ လုရှောင်ယန်၏ဓားဖြင့် ထိပ်တိုက်တွေ့သွားပြီး လောကတွင် နောက်ထပ်အနက်ရောင်ပေါက်ကွဲမှုကြီးတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။
ကျူးကောဖေးအာ စကားမပြောနိုင်ခင်မှာပဲ လုရှောင်ယန်က ထပ်ပြီးတိုက်ခိုက်လိုက်ပြန်သည်။
ကျူးကောဖေးအာ၏ရင်ထဲ လွန်စွာလေးလံလာတော့သည်။
ဒီလူက သန်မာရုံတင်မကဘူး နည်းနည်းလေးတောင် တုံ့ဆိုင်းမှုမရှိဘဲ ဆက်တိုက်တိုက်ခိုက်နိုင်စွမ်းလည်း ရှိသေးတယ်။
တစ်ချက်လှုပ်ရှားပြီးတာနဲ့ နောက်ထပ် နောက်ထပ်သော တိုက်ကွက်များက အသက်ရှူချိန်တောင်မပေးဘဲ ဆက်တိုက်ထွက်လာပြန်သည်။
သူမလည်း သူမလက်အောက်ငယ်သားများကို အာရုံစိုက်ရန်ပင် အချိန်မရတော့ပေ။
သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျူးကောဖေးအာသည် သူမသေခြင်းတရားနှင့်နီးကပ်လာသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်မှာပဲ သူမရှေ့ရှိနေရာလွတ်မှာ ရုတ်ချည်းပုံပျက်သွားသည်။ ကျူးကောဖေး၏တုံ့ပြန်နှုန်းသည်လည်း အလွန်လျင်မြန်လှကာ ချက်ချင်းခုန်ထွက်သွားလေသည်။
တစ်ချက်လောက်ခုန်သွားသည်နှင့်ပင် ကျူးကောဖေးအာသည် မီတာပေါင်းတစ်သောင်းလောက်အမြင့်အထိ ရောက်ရှိသွားခဲ့သည်။
သူမ၏လက်မောင်းပြတ်နေရာသည်လည်း ပြန်လည်ကုသပြီးသွားပြီဖြစ်သည်။
သို့သော် သူမစိတ်အေးကာသက်ပြင်းမချလိုက်နိုင်ခင်မှာပဲ သူမခြေထောက်အောက်တွင် မှိန်ဖျော့ဖျော့ရွှေရောင်မီးတောက်များကို မြင်လိုက်ရသည်။
“ဒါက!”
ချက်ချင်းဆိုသလို ကျူးကောဖေးအာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ သူမစွမ်းအားဖြင့် ထိုမီးတောက်ကို တွန်းလှန်နိုင်ခြင်းမရှိမှန်း သိလိုက်သည်ပင်။
တကယ်တော့ ထိုမီးတောက်များသည် စစ်မှန်သောအမြင်အာရုံသုံးပါးမှ ထုတ်လွှတ်ထားပြီး လုရှောင်ယန်၏ကျင့်ကြံဆင့်ဖြင့် တိုးမြှင့်ထားခြင်းဖြစ်သည်။
လုရှောင်ယန် ဧကရာဇ်အဆင့်တွင်သာရှိနေဦးမည်ဆိုလျှင် ကျူးကောဖေးအာကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ တစ်ဖက်လူက လောကစည်းမျဉ်းများကိုလှည့်ပတ်ပြီး အသုံးပြုနိုင်နေခြင်းကြောင့်ဖြစ်သည်။
သို့သော်လည် လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်သို့မြင့်တက်သွားပေပြီ။ ထိုမီးတောက်များ၏ဖြစ်တည်မှုသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံ့သွားစေဖို့ လုံလောက်နေပြီဖြစ်သည်။
ကျူးကောဖေးအာထိတ်လန့်နေချိန်မှာပဲ ရုတ်တရက်ဆိုသလို အေးစက်သည့်အလင်းတန်းတစ်ခုက သူမ၏ရင်ဘက်ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၄၀ အဆင့်တက်ခြင်း
“မကောင်းတော့ဘူး!” ကျူးကောဖေးအာ၏ဆံပင်တို့ အဆုံးထိတိုင်ထောင်ထသွားသလို ခံစားလိုက်ရသည်။
သူမ၏သိုင်းဘုရင်အဆင့်သိမြင်နိုင်စွမ်းက သူမကို ထိုအခိုက်အတန့်လေးတွင် သေခြင်းတရားနှင့်နီးကပ်လာပြီဟု ခံစားလိုက်မိစေသည်။
သူမတုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် အရိပ်ဓားကို ထိုအလင်းတန်းရှေ့၌ ခံတားလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ ရွှမ်ဟွမ်ဓားက ဓားအလင်းတန်းက ကျူးကောဖေးအာ၏ဓားကိုဖြတ်ဝင်သွားတော့သည်။
လုရှောင်ယန်သည် ကျူးကောဖေးအာ၏ဓားကို သူမရင်ဘက်ထဲထိုးစိုက်သွားအောင် ဖိတွန်းလိုက်သည်။
ရုတ်တရက်.. လုရှောင်ယန်၏ဓားအရှိန်အဝါကတို့က ရုတ်ချည်းတားဆီးပိတ်ပင်ခံလိုက်ရသည်။
“ဟမ်?”
ထိုအချိန်တွင် လုရှောင်ယန်ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ သူ့မျက်လုံးအိမ်များပြူးကျယ်သွားပြီး ထိုရင်ဘက်ကို မယုံနိုင်ခြင်းများစွာဖြင့် ကြည့်မိသွားလေသည်။
သေစမ်း!
ဒီမိန်းမက သူ့ရင်ဘက်ကိုသေချာဂရုစိုက်ထားနိုင်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။
သိုင်းဘုရင်အဆင့်အထက်မှကျွမ်းကျင်သူများအတွက် သူတို့ခန္ဓာကိုယ်၏ခွန်အားသည် သိုင်းဘုရင်အဆင့်လက်နက်များကိုပင် ယှဉ်နိုင်နေပြီဖြစ်သည်။
ဒါပေါ့ သိုင်းဘုရင်အဆင့်လက်နက်ကိုပါ ထည့်ပေါင်းလိုက်မည်ဆိုလျှင် သူတို့၏ခွန်အားသည် အဆပေါင်းများစွာ ပိုလို့တောင်တိုးမြင့်သွားပေလိမ့်မည်။
ထိုနည်းတူစွာပဲ သိုင်းဘုရင်အဆင့်ကိုကျင့်ကြံနိုင်သည့်အချိန်ကျလျှင် ခန္ဓာကိုယ်၏အချို့အစိတ်အပိုင်းများကို အထူးစွမ်းအားများဖြင့် သန်မာအောင်လုပ်နိုင်ပေသည်။
ဥပမာအားဖြင့် ပျော့ပြောင်းမှု၊ ဖြေလျော့မှုစသည်ဖြင့် အစွမ်းသတ္တိများတိုးမြှင့်နိုင်သည်။
လက်ရှိမှာတော့ ကျူးကောဖေးအာ၏ ထိုနေရာပင်ဖြစ်သည်။
သူမသည် သိုင်းဘုရင်အဆင့်လက်နက်ဖြင့် တားဆီးထားပြီး သူမ၏အကာအကွယ်ကိုတိုးမြှင့်ရန်အတွက် အရိပ်ဓား၏ကိုယ်ထည်ကို အသုံးပြုခဲ့သည်။ ထိုသို့ဖြင့် လုရှောင်ယန်သည် သူမ၏ခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိတော့ပေ။
တစ်ဖက်လူ၏ခုခံစွမ်းအားက အလွန်မြင့်လွန်းတယ်!
“အရှက်မဲ့လိုက်တာ!”
ကျူးကောဖေးအာ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ စိတ်မကောင်းစွာဘဲ လုရှောင်ယန်သည် ထိန်းချုပ်နိုင်စွမ်းသည် အလွန်ကောင်းကာ မကြာလိုက်ပါဘဲ ထိတ်လန့်မှုမှ အသိပြန်ကပ်လာခဲ့သည်။
ထို့နောက် တုံ့ဆိုင်းခြင်းမရှိ နတ်လက်နက်ဖြစ်သော ခွန်းလွန်ဓားကို သူ၏ဘက်လက်အတွင်းသို့ ဆင့်ခေါ်လိုက်သည်။
ကျူးကောဖေးအာမြင်လိုက်သည်နှင့် သွေးတစ်ပွက်အန်သွားကာ သတိလက်လွတ်မလုပ်ရဲတော့ဘဲ ချက်ချင်းနောက်ပြန်ဆုတ်သွားသည်။
ထိုအခိုက်အတန့်မှာပဲ သူမခြေထောက်အောက်ရှိမီးတောက်များက ပိုလို့တောင် အားပြင်းလာလေသည်။
ကျူးကောဖေးအာမှာ သူမ၏သိုင်းဘုရင်အဆင့်လက်နက်၏ခုခံနိုင်စွမ်းက ကြာကြာမခံနိုင်တော့မှန်း ံစားမိလိုက်သည်။ သူမ၏ခြေထောက်သွယ်သွယ်လေးများမှာ ပူလောင်နေကာ မကြာခင် လောင်ကျွမ်းသွားတော့မလိုပင်။
သို့သော်လည်း သူမ၏ကန့်သတ်ချက်ကိုမရောက်သေးခင် သိုင်းဘုရင်အဆင့်လက်နက်ကို မဖယ်လိုက်ရဲပေ။
ထိုထူးဆန်းသည့်မီးတောက်များသည် သက်ရှိတို့၏အရှိန်အဝါနှင့်ဆက်သွယ်ထားကာ အဆုံးမရှိတောက်လောင်နေမည်ဖြစ်သည်။
သိုင်းဘုရင်အဆင့်လက်နက်မှာ အမှန်တကယ်ဆက်လက်မတောင့်ခံနိုင်တော့ဘူးဆိုလျှင် မီးတောက်များအထိန်းအချုပ်မဲ့ မလောင်ကျွမ်းလာခင် သူမခြေထောက်တွေကို ဖြတ်ထုတ်ပစ်ရနိုင်ပေသည်။
သို့သော်လည်း သူမလှုပ်ရှားတော့မည့်အချိန်တွင်ပဲ ကောင်းကင်က ရုတ်ချည်းပြောင်းလဲသွားကာ ကျူးကောဖေးအာလည်း ရင်တုန်သွားတော့သည်။
မကောင်းတဲ့ခံစားချက်တွေတော့ ရနေပြီ။
တကယ်ကိုပဲ နောက်စက္ကန့်ပိုင်းအတွင်းမှာပင် လုရှောင်ယန်က သူ့ဘက်လက်ထဲတွင် ခွန်းလွန်ဓားဖြင့် ရှေးဟောင်းဧကရာဇ်ကျမ်းကိုသုံးပြီး ညာလက်တွင် အဇူရာကြာပန်းဓားပညာကို အသုံးပြုသည်အား တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကတင်ပင် ကျူးကောဖေးအာကို သွေးအန်မိတော့မတတ်ဖြစ်သွားစေသည်။
ဒီခွေးကောင်ကတော့!
လူသားရောဟုတ်သေးရဲ့လား?
ဒီကောင်က သိုင်းဘုရင်အဆင့်လက်နက်နှစ်လက်ကိုကိုင်ပြီး တစ်ချိန်တည်းမှာပဲ သိုင်းဘုရင်အဆင့်ကျင့်စဉ်နှစ်ခုကို ထုတ်သုံးနိုင်တယ်တဲ့လား။
ဒါတင်မကသေးဘူး၊ ကျင့်ကြံခြင်းနည်းလမ်းနှစ်ခုလုံးကိုလည်း အမြင့်ဆုံးအဆင့်ထိ ထုတ်သုံးနိုင်နေသေးတယ်။
အင်အားကြီးမားသည့်လှုပ်ရှားမှုနှစ်ရပ်ကို တချိန်တည်းမှာပဲ အညီအမျှထုတ်သုံးနိုင်တယ်ပေါ့။
သူဘယ်လိုများလုပ်နေတာလဲ?
သူ့ဝိညာဉ်စွမ်းအားက ကျင့်စဉ်နှစ်ခုလုံးအသုံးချဖို့အတွက် လုံလောက်တယ်ပေါ့?
ကျူးကောဖေးအာ သူမစိတ်ထဲတွင်ဘယ်လောက်ပဲ အတွေးများနေပါစေ ထိုတိုက်ကွက်နှစ်ခုကို ခုခံရန်အချိန်မဆွဲနေရဲပေ။ ချက်ချင်းဆိုသလို သူမ၏ခွန်အားအလုံးစုံကို သိုင်းဘုရင်အဆင့်လက်နက်နှင့် သူမကို ကာကွယ်ပေးမည့် သိုင်းဘုရင်အဆင့်ချပ်ဝတ်ထံသို့ အပြည့်အဝထည့်သွင်းလိုက်သည်။
ဒီတိုက်ကွက်ပြီးသွားရင် သူမရဲ့သိုင်းဘုရင်အဆင့်ချပ်ဝတ်က သေချာပေါက် ပျက်စီးသွားနိုင်ချေများပေသည်။
သို့သော်လည်း ပြဿနာက သူမသာ မကာကွယ်လိုက်လျှင် ချပ်ဝတ်ပျက်စီးတာထက် သူမအသက်ကို ဆုံးရှုံးလိုက်ရနိုင်သည်။
သိုင်းဘုရင်အဆင့်လက်နက်ထဲသို့ စွမ်းအားများထည့်သွင်းနေတာကြောင့် အပေါ်ယံအလွှာသည် ရွှေရောင်သို့ပင်ပြောင်းနေပြီဖြစ်သည်။
တချိန်တည်းမှာပဲ လုရှောင်ယန်သည် ဓားနှစ်လက်ကိုင်ကာ အောက်သို့တိုက်ခိုက်ဖြတ်ခုတ်ချလိုက်သည်။
လောကစည်းမျဉ်းတို့ပါဝင်နေသည့် ဓားချက်နှစ်ခုက အကာအကွယ်စွမ်းအားတို့ကို ဖျက်ဆီးပစ်ကာ ကျူးကောဖေးအာ၏အကာအကွယ်မှု ကွဲကြေသွားပြီး အဖြူရောင်စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
အောက်တွင် တိုက်ခိုက်နေသူများလည်း ကောင်းကင်တွင် အဖြူရောင်အလင်းလုံးကြီးတစ်ခုပေါက်ကွဲသွားသည်အား မြင်တွေ့လိုက်ကြရသည်။
“အဇူရာ!”
ထိပ်တန်းလက်အောက်ငယ်သား၄ယောက်က အော်ဟစ်လိုက်ကြကာ ချက်ချင်းပင် သူမကိုကယ်တင်ဖို့လုပ်ကြတော့သည်။
ကံမကောင်းစွာဘဲ ထိုအချိန်လေးကပင် လီချန်းရှန်တို့အတွက် တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုဖြစ်သွားခဲ့သည်။
ထို့နောက်မှာတော့ လီချန်းရှန်တို့သုံးယောက်နှင့် သားရဲလေးကောင်တို့သည် တပြိုက်တည်းပင် ကျူးကောဖေးအာ၏ထိပ်တန်းလက်ထောက်များကို တိုက်ခိုက်ကြတော့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင်ပဲ အလင်းတန်းတစ်ခုက မြေပြင်ပေါ်သို့ထိုးဆိုက်လာကာ ထိပ်တန်းလက်ထောက်လေးဦး၏အရှိန်အဝါတို့သည်လည်း ရုတ်ချည်းတိုးမြင့်သွားခဲ့သည်။
ဘုန်း!
“အလုပ်ဖြစ်သွားပြီလား?”
စုန့်ရှင်းနျန်က ဖုန်မှုများအကြားကြည်ကာ မေးလိုက်သော်လည်း ဖုန်းထျန်းယွမ်၏မျက်လုံးများကတော့ ကျဉ်းမြောင်းသွားသည်။
“တစ်ခုခုမှားနေပြီ သတိမလွတ်ကြနဲ့။”
နောက်တစ်စက္ကန့်မှာပဲ ဖုန်မှုန်များထဲကနေပြီး အင်အားကြီးလှသည့်အလင်းတန်းလေးခုတောင်မှ ပေါက်ကွဲထွက်လာခဲ့သည်။
“ပြေးကြ!”
ဖုန်းထျန်းယွမ်နှင့်လီချန်းရှန်တို့နှစ်ဦးသည် မြင်းနက်များကို ရှင်းထုတ်ဖူးတာကြောင့် သူတို့နည်းလမ်းများကို အတော်အသင့်နားလည်နေပြီဖြစ်ကာ တစ်ချက်ကလေးမှပင် သတိလက်လွတ်မပြုမူကြပေ။
ဒါကြောင့် သူတို့နှစ်ယောက်လုံး ချက်ချင်းလွတ်မြောက်သွားကြသည်။
စုန့်ရှင်းနျန်သည်တော့ ကံမကောင်းပါဘဲ ဓားအလင်းတန်းကြောင့် လွင့်ထွက်သွားလေသည်။
အဇူရာနွားထီးနှင့်ကျန်သားရဲသုံးကောင်သည်လည်း ဓားချက်ကြောင့်လွင့်ထွက်သွားကြသည်။
ဖုန်မှုများပျောက်ကွယ်သွားချိန်မှာတော့ ထိုထိပ်တန်းလက်ထောက်၄ယောက်သည်အမှန်ကို ဒဏ်ရာမရရှိထားခဲ့ကြပေ။
“သေစမ်း! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
စုန့်ရှင်းနျန်ကြိမ်းဝါးလိုက်သည်။ ထိုတိုက်ခိုက်မှုက သူ့အကာအကွယ်ချပ်ဝတ်ကို မပျက်စီးသွားစေသလို သူ့ကိုထိခိုက်စေဖို့လည်း မလုံလောက်ခဲ့ပေ။
သို့သော်လည်း ထိုမြင်ကွင်းကပင် သူ့ကိုအတော်လေးထိတ်လန့်သွားစေခဲ့သည်။
ဖုန်းထျန်းယွမ်က ခပ်လှမ်းလှမ်းမှ ကျူးကောဖေးအာ၏နောက်လိုက်တစ်ယောက်ထံသို့ ကြည့်မိသွားသည်။
“သူပဲ! သူက အစီအရင်သခင်ပဲ! ငါတို့တိုက်ခိုက်နေကြတုန်းက သိပ်မဝေးတဲ့နေရာမှာ သူအစီအရင်လုပ်နေတာ။ ဒီအစီအရင်က သူတို့ခွန်အားတွေကို အချိန်တိုတစ်ခုအထိ တိုးသွားစေနိုင်တယ်။”
“အဲ့လိုကိုး။” စုန့်ရှင်းနျန်လည်း ထိုတော့မှပဲ ဘာတွေဖြစ်သွားလည်း နားလည်နိုင်တော့သည်။
သူတို့လေးဦး၏ကျင့်ကြံဆင့်သည် အကြီးမြတ်ဆုံးထိပ်ဆုံးအဆင့်တွင် ရှိခဲ့ကြသည်။ အစီအရင်၏အားဖြည့်ပေးမှုကြောင့် သူတို့၏အဆင့်သည် သူတော်စင်အဆင့်သို့ ချက်ချင်းချိုးဖြတ်ဝင်ရောက်သွားကြလေပြီ။
ဒီလိုသာဆို သိုင်းဘုရင်အဆင့်ချပ်ဝတ်သာမရှိလျှင် သူတို့တွေ တိုက်ခိုက်မှုကို ဆက်ပြီးခုခံနိုင်တော့မှာ မဟုတ်ဘူး။
ပေထျန်းယွီ၏အကြည့်များသည် အလွန်အေးစက်နေကာ နောက်မှလူကိုပြောလိုက်သည်။ “အရိပ်၊ မင်း အစီအရင်ချတဲ့နှုန်းက ဒီတစ်ခေါက်အရမ်းနှေးလွန်းတယ်။”
အရိပ်ဆိုသူက ခါးသက်စွာပြုံးလိုက်သည်။
“ဒါ ငါ့အမှားမဟုတ်ဘူးလေ။ ငါ့အစွမ်းရှိသလောက် မိစ္ဆာသားရဲတွေကို ရှင်းခဲ့တာပဲ။”
သူက ဖိဂုလျန်အကြောင်း ပြောနေခြင်းဖြစ်သည်။ ဖိဂုလျန်သည် ထိပ်တန်းလေးယောက်မဟုတ်ဘဲ ကျန်ယင်ကောင်ငယ်လေးများကို ရှင်းဖို့ရန် တာဝန်ယူထားခြင်းဖြစ်တာကြောင့် ထိုအရိပ်ဆိုသူသည်လည်း သူရှင်းရမည့်ထဲတွင် ပါဝင်ပေသည်။
သို့သော်လည်း ဖိဂုလျန်၏ကျင့်ကြံဆင့်သည် လုံလောက်မှုမရှိတာကြောင့် အရိပ်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးဖြစ်သည်။
“တော်ပြီ၊ မပြောနဲ့တော့။ သူတို့ကို မြန်မြန်သွက်သွက်သတ်ပြီး သခင်အဇူရာကို သွားကူကြမယ်။”
တုန်းဖန်းရန်တုက အေးစက်စက်ဖြတ်ပြောလိုက်ကာ နောက်တစ်စက္ကန့်မှာပဲ လီချန်းရှန်၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
“မင်းက တော်တော်လေးအားကောင်းတဲ့သူပါ။ ဒါပေမယ့် တိုက်ပွဲနတ်ဘုရားတပ်ဖွဲ့ကို ဆန့်ကျင်တာကတော့ မင်းဘဝမှာအကြီးမားဆုံးအမှားပဲ။ သေလိုက်တော့!”
ပြောပြီးသည်နှင့် တုန်းဖန်းရန်တုသည် သိုင်းဘုရင်အဆင့်လှံတံကိုကိုင်ကာ လီချန်းရှန်၏ရင်ဘက်သို့ ထိုးဆိုက်လိုက်တော့သည်။
သို့သော်လည်း လီချန်းရှန်သည် မတုန်လှုပ်သွားခဲ့ပေ။ သူ့လက်ထဲရှိ သိုင်းဘုရင်အဆင့်လက်နက်ဖြင့် တစ်ဖက်လူကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ တိုက်ကွက်ပေါင်းများစွာ ဖလှယ်ပြီးသွားခဲ့သည်။
လီချန်းရုန်လည်း သက်ပြင်းချမိလေသည်။ မြင်းနက်၏လက်အောက်ခံလို့မပြောရဘူး တစ်ဖက်လူ၏ကျင့်ကြံဆင့်က အလွန်မြင့်မားသလို တိုက်ပွဲစွမ်းရည်သည်လည်း ထိပ်တန်းပင်။
ဒါ့အပြင် သုန်းဖန်းရန်တုသည် ကျူးကောဖေးအာ၏လက်အောက်ငယ်သားများထဲတွင် အသန်မာဆုံးဖြစ်လောက်သည်။
သို့သော် ဘယ်လောက်ပဲသန်မာနေပါစေ သူ့ဆရာက တစ်ဖက်လူက သတ်ချင်နေမှတော့ သေချာပေါက်သေရပေမည်!
လီချန်းရှန်သည် ပိုပိုပြီးသန်မလာလာကာ သူ့ကိုယ်ထဲရှိ ဓားဝိညာဉ်သည်လည်း အတိုင်းအဆမဲ့လာသည်။
နောက်သုံးစက္ကန့်အတွင်းမှာပဲ တိုက်ကွက်၂၀၀၀လောက်ဖလှယ်ပြီးသွားကာ လီချန်းရှန်၏ကိုယ်ထဲမှ ဓားဝိညာဉ်သည် တုန်ရီလာကာ တိုက်ပွဲအတွင်းမှာပဲ အဆင့်တက်သွားတော့သည်။
လီချန်းရှန်၏အရှိန်အဝါ တိုးမြင့်လာသည်ကိုမြင်လိုက်ရသည်နှင့် တုန်းဖန်းရန်တု၏အမူအရာ ချက်ချင်းပြောင်းလဲသွားလေသည်။
“မကောင်းတော့ဘူး!”
ကံမကောင်းစွာဘဲ နောက်ကျသွားခဲ့ပေပြီ။
လူတစ်ယောက်၏ကျင့်ကြံဆင့်သည် အခြေခံအပေါ်အများကြီးမူတည်ကာ အခြေခိုင်သည့်ကျင့်ကြံဆင့်မြင့်သူ၏ တိုက်ပွဲစွမ်းရည်လည်း အလိုအလျောက်မြင့်တက်သွားပေသည်။
အခုတော့ လီချန်းရှန်သည် သူတော်စင်အဆင့်သို့ချိုးဖြတ်ဝင်ရောက်နိုင်သွားကာ လောကစည်းမျဉ်းများကို ဖိအားပေးအသုံးပြုနိုင်ပြီဖြစ်တာကြောင့် သူသည် တုန်းဖန်းရန်တု ခုခံနိုင်သည့်ရန်သူမဟုတ်တော့ပေ။
တုန်းဖန်းရန်တုတစ်ယောက် အန္တရာယ်အငွေ့အသက်ကို ခံစားနေမိချိန် လီချန်းရှန်သည်တော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့အမူအရာက လုံးဝအေးဆေးနေကာ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်ကို ရောက်သွားသကဲ့သို့ပင်။
***