← Chapters

အခန်း (၂၂၆-၂၃၀)

Vol. 16 Ch. 226-230

အခန်း (၂၂၆-၂၃၀)

Vol. 16 Ch. 226-230

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၆။ အပိုင်း ၂၂၆ စီနီယာအစ်ကိုကြီး, ပြေး!

“အား!”

ပြင်းထန်လှသည့်စွမ်အားတို့က စုန့်ရှင်းနျန်၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ထဲတွင် ရူးသွပ်စွာတိုးဝှေ့နေသလို။

“စိတ်မပူနဲ့။ မင်းရဲ့ပင်ကိုအရည်အချင်းနဲ့ ကျင့်ကြံခြင်းက ဒီသိုင်းဘုရင်အဆင့်ဆေး၃လုံးကို ခြေဖျက်နိုင်ဖို့ လုံလောက်တယ်။ မင်းရဲ့ရှိသမျှစွမ်းအားတွေနဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နှင့်မြေကြီးဓားသွားပညာရပ်ကို လှည့်ပတ်လိုက်။”

“ဟုတ်ကဲ့!”

စုန့်ရှင်းနျန် ကြုံးဝါးလိုက်ကာ သူ့ခန္ဓာကိုယ်ထဲတွင် လုရှောင်ယန်သင်ပြထားသည့် ကျင့်ကြံခြင်းနည်းစနစ်အတိုင်း ရူးသွပ်စွာ လှည့်ပတ်တော့သည်။

သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်တို့သည် အဆက်မပြတ် ဆူပွက်တောက်လောင်နေတာကြောင့် အရေပြားများသည်ပင် နီရဲလာခဲ့သည်။

ခန္ဓာကိုယ်အတွင်းရှိသွေးကြောများသည် ဘေးလူကပင်ရှင်းရှင်းလင်းလင်း မြင်နိုင်ရအောင် ပူလောင်ပြင်းထန်စွာ စီးဆင်းနေကြသည်မှာ ချော်ရည်ပူစီးကြောင်းများကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပူပြင်းလာခဲ့သည်မှာ ရေပူစမ်းကန်ကြီးနှင့်ပင် တူလှသည်။

အသားအရေတို့သည်လည်း ကွဲအက်လာသလို။

လုရှောင်ယန်၏နှုတ်ခမ်းစွန်းမှာတော့ တွန့်သွားရလေသည်။

“ဒီကလေးက အခုထိ နည်းနည်းလိုသေးတာပဲ။”

စုန့်ရှင်းနျန်သည် လီချန်းရှန်ထက် သာလွန်သန်မာပြီးသားဖြစ်သည်။ ကံမကောင်းစွာဘဲ သူ့ကိုတော့ မယှဉ်နိုင်သေးဘဲ အဝေးကြီးလိုနေတုန်းပင်။

ဒါကြောင့်ပဲ ဆေး၃လုံးတစ်ခါတည်း သောက်လိုက်ခြင်းက သူ့ကို အနည်းငယ်စိုးရိမ်စရာအခြေအနေမျိုးထဲ ရောက်သွားစေသည်။

ဘာပဲဖြစ်ဖြစ် သူလုပ်ပေးနိုင်တာတော့ ဘာမှမရှိပေ။

လုရှောင်ယန်အနေနှင့် စုန့်ရှင်းနျန် ကျင့်ကြံနေသည်ကို ကူညီအားဖြည့်ပေးရန်အတွက် အဇူရာသက်ရှည်ပညာရပ်ကိုသာ အသုံးပြုနိုင်ပေသည်။

အဇူရာသက်ရှည်အနုပညာကိုထုတ်ဖော်လိုက်သည်နှင့် မြစိမ်းရောင်အလင်းတန်းတို့က စုန့်ရှင်းနျန်၏တစ်ကိုယ်လုံးကို ဖုံးအုပ်လို့သွားပြီး သူ့တစ်ကိုယ်လုံးရှိဒဏ်ရာများကို လျင်မြန်စွာ ကုသပေးသွားသည်။

လုရှောင်ယန်၏အကူအညီဖြင့် စုန့်ရှင်းနျန်လည်း ဘာစိုးရိမ်ပူပန်စရာမှမလိုဘဲ သိုင်းဘုရင်အဆင့်ဆေး၃လုံးကို သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းလမ်းဖြင့် သန့်စင်နိုင်သွားပေသည်။

တချိန်တည်းမှာပဲ စုန့်ရှန်းနျန်၏ရောင်ဝါသည်လည်း ဆက်တိုက်တိုးများလာခဲ့သည်။

ဘုရင်တတိယအဆင့်၊ ဘုရင်စတုတ္ထအဆင့်၊ ဘုရင်ပဉ္စမအဆင့်….

၂ရက်ကြာပြီးနောက်မှာတော့ စုန့်ရှင်းနျန်၏ကျင့်ကြံဆင့်မှာ နောက်ဆုံးဘုရင်အဌမအဆင့်အထိ ချိုးဖြတ်သွားနိုင်ခဲ့သည်။

ထိုအချိန်မှာပဲ လုရှောင်ယန်သည်လည်း သူတော်စင်အဆင့်ထဲသို့ လှမ်းဝင်သွားနိုင်တော့သည်!

သူ နောက်ဆုံးတော့ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ပြီ!!

ထိုအခိုက်မှာပဲ လုရှောင်ယန် သူ့ကိုယ်ထဲတွင် အားအင်များအလွန်ပြည့်လာသည်ကို ခံစားလိုက်ရသည်။ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူနှင့်ယှဉ်လျှင် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်သည် လောကရှိသိုင်းပညာလမ်းကြောင်း၏အမှန်တရားကို နားလည်သိရှိနိုင်သွားကာ ကိုယ်ပိုင်သိုင်းပညာလမ်းကြောင်းကို ပုံဖော်နိုင်ပြီဖြစ်သည်။

သူတော်စင်အဆင့်ကျွမ်းကျင်သူဖြစ်လာပြီးနောက်မှာတော့ သူ၏အခြေခံကို မြဲမြံစွာဆုပ်ကိုင်ကာ ကိုယ်ပိုင်သိုင်းပညာလမ်းကြောင်းကို တိုးတက်အောင်လျှောက်လှမ်းနိုင်သ၍ သေမျိုးလောကသိုင်းပညာလမ်းကြောင်း၏ နောက်ဆုံးအဆင့်ဖြစ်သော သိုင်းဘုရင်အဆင့်ကို ချိုးဖောက်နိုင်ဖို့ အခွင့်အရေးရရှိလာပေလိမ့်မည်။

သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သေမျိုးလောကမှအမျိုးမျိုးသော အကြောင်းတရားများမှာ သူတို့ကို ဖျက်ဆီးနိုင်ဖို့ရန် ခက်ခဲသွားပေမည်။ ဒါပေါ့… ခက်ခဲရုံပါပဲ… တချိန်ချိန်မှာတော့ ဖျက်ဆီးခံရနိုင်ပါသေးတယ်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများအနေနှင့် တခြားသောအဆင့်တူ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်ဖို့ဆိုသည်ကလည်း ခက်ခဲပေသည်။

စုန့်ရှန်းနျန်ကိုပဲ ပြန်ကြည့်လိုက်ကြရအောင်…

အခုဆိုလျှင် သူ၏လှုပ်ရှားမှုတိုင်းနှင့် ဝိညာဉ်စွမ်းအင်များ အပြည့်အဝပါဝင်နေပြီကို လုရှောင်ယန် သတိပြုမိနေပြီ။ ထို့အပြင် ဧကရာဇ်အဆင့်သို့ဝင်ခါစတုန်းက သူ့ဘေးပတ်လည်တွင် သိပ်သည်းလှသည့်ဝိညာဉ်စွမ်းအင်ထုထည်ကြီးတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့ပြီး အခုဆိုလျှင် ထိုဝိညာဉ်စွမ်းအင်တို့ကို အရေအငွေ့ပုံစံအဖြစ် သူ့ပတ်လည်တွင် လှည့်ပတ်နေအောင် လုပ်နိုင်သွားသည်။

ကျင့်ကြံ၍ပြီးချိန်မှာတော့ စုန့်ရှင်းနျန်တစ်ယောက် မယုံနိုင်ခြင်းများစွာဖြင့် သူ့လက်များကို စိုက်ကြည့်နေမိသည်။ သူ့ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များကို အသေအချာခံစားနေမိတာကြောင့် အလွန်အံ့ဩတုန်လှုပ်နေခဲ့သည်။

“ကျွန်…ကျွန်တော်.. ထပ်ပြီးအဆင့်တက်သွားပြန်တာလား? ဘုရင်အဌမအဆင့်ထိတောင် အဆင့်တက်သွားတာလား?”

သူ့ကိုယ်သူပင် မယုံကြည်နိုင်ခဲ့ပေ။

လွန်ခဲ့သည့်၃ရက်ခန့်တုန်း သူ့ကို လုရှောင်ယန် ကယ်တင်ခဲ့ချိန်က သူ၏ကျင့်ကြံဆင့်သည် ဘုရင်ပထမအဆင့်တွင်သာ ရှိနေခဲ့သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းနှင့် ကောင်းကင်နှင့်မြေကြီးဓားသွားပညာရပ်ကို သင်ယူပြီးချိန်မှာတော့ သူ၏ခွန်အားသည် ဘုရင်ဒုတိယအဆင့်ထိသို့သာ မြင့်တက်သွားခဲ့သည်။

ထို့နောက်မှာတော့ နောက်တစ်ခေါက် အဆင့်တက်ဖို့ အများဆုံး၁လလောက် ကြိုးစားရဦးမည်ဟု သူတွေးထင်ခဲ့လေသည်။ သို့သော်လည်း လုံးဝမမျှော်လင့်ထားစရာကောင်းစွာ မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ-၂ရက်တောင်မကြာလိုက်ဘဲ အဆင့်ထပ်တက်သွားခဲ့ပြန်သည်။

ဒါ့အပြင် သူ၏ကျင့်ကြံဆင့်သည် တခါတည်းနှင့် ဘုရင်အဌမအဆင့်သို့တိုင် တိုက်ရိုက်တက်လှမ်းသွားခြင်းလည်း ဖြစ်နေသေးသည်။

လက်ရှိအချိန်တွင် စုန့်ရှင်းနျန်မှာ သူ့ကိုယ်သူ စိတ်ကူးယဉ်အိပ်မက်တစ်ခုအတွင်းသို့ ပိတ်မိနေသလိုသာ ခံစားနေရသည်။

သို့ပေမည့် ဒီအိမ်မက်မှာ အလွန်အစစ်အမှန်ဆန်လွန်းနေပြန်သည်။

“ဆရာ၊ ကျွန်တော့်ကို တစ်ချက်လောက် ရိုက်ကြည့်ပေးလို့ရမလား?”

“ရတာပေါ့။”

လုရှောင်ယန် မဆိုင်းမတွပင် လက်ပြန်ရိုက်ချပေးလိုက်သည်။

ဘုန်း!

မှင်သက်လောက်စရာအသံကျယ်ကြီးနှင့်အတူ အနားတဝိုက်မှ မြေပြင်သည်ပင် အက်ကွဲသွားလေသည်။ စုန့်ရှင်းနျန်သည်လည်း ရွှံ့အိုင်ထဲသို့တိုင် ရိုက်ထုတ်ခံလိုက်ရကာ ချက်ချင်းသတိလစ်သွားတော့သည်။

တကယ်တမ်း ဒါက လုရှောင်ယန်၏အမှားလို့ ဆို၍မရပေ။

ပထမဆုံးအနေနှင့် သူကိုယ်တိုင်က သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက် မည်မျှအားကောင်းကြောင်း စမ်းသပ်လိုခြင်းဖြစ်သည်။

ဒုတိယအနေနှင့်ကတော့ စုန့်ရှင်းနျန်ကို သင်ခန်းစာပေးလိုက်ချင်တာလည်း ဖြစ်သည်။

ဒီကောင်စုတ်လေးက ဘုရင်အဌမအဆင့်လောက်ကို တက်သွားရုံနဲ့ သောက်ရမ်းတွေ စိတ်လှုပ်ရှားပြနေတယ်လေ!

သူသာ သူ့ကိုသင်ခန်းစာမပေးလိုက်ဘဲ ကိုယ့်ထက်ပိုသာတဲ့လူဆိုတာ အမြဲရှိနေကြောင်း သင်ကြားမပေးခဲ့လျှင် ဘဝင်မြင့်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်က သူ့ကိုယ်သူပြဿနာဖြစ်စေတာကို အသာထား ချီကစဉ့်ကလျားဖြစ်ခြင်းလိုမျိုး တစ်စုံတစ်ရာနှင့်ရင်ဆိုင်ကြုံတွေ့သွားရလျှင် ဘယ်လိုလုပ်ပါ့မလဲ?

နောက်ထပ်တစ်ချက်အနေနဲ့ကတော့ တစ်ယောက်ယောက်က သူတို့ကိုရိုက်ပေးပါလို့ တောင်းဆိုခြင်းမျိုးကို သူတစ်ခါမှမကြားဖူးပေ။

ဒီတော့ တပည့်တွေကို ချစ်တတ်သည့်ဆရာသခင်တစ်ယောက်အနေနှင့် သေချာပေါက် သူ့တပည့်လေး စိတ်ကျေနပ်အောင် ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။

ခဏအကြာမှာတော့ စုန့်ရှင်းနျန် ဗွက်အိုင်ထဲမှနေ တိုးထွက်လာနိုင်ခဲ့သည်။

“အဟွတ်… အဟွတ်….”

သူ့ပါးစပ်ထဲပြည့်နေသည့် ရွှံ့များကို ထွေးထုတ်လိုက်သည်။ သူလုံးဝဒေါသထွက်မနေသည့်အပြင် အရူးလိုပြုံး,ပြုံးကြီးတောင် ဖြစ်နေသေးသည်။

“ငါ တကယ်ပဲ ဘုရင်အဌမအဆင့်အထိ ချိုးဖြတ်နိုင်သွားတာပဲ။ ဟဟဟ… တကယ်အမှန်ပဲကွ…”

လုရှောင်ယန် : “…..”

ထိုစကားကြားလိုက်ရသည့်အခိုက် သူတကယ့် ဆွံ့အသွားရသည်။ သူ့ဒီတပည့်လေးက ရူးနေတာလားလို့တောင် ခံစားမိလိုက်သည်။

သူ့ရဲ့သိုင်းဘုရင်အရည်အချင်းက တကယ်ကို မဆိုးလှပေမယ့် လူတစ်ယောက်အနေနဲ့ကတော့ နည်းနည်းလေး…. အွန်း….

ပင်ကိုအရည်အချင်း၊ အိုင်ကျူနှင့် အီးကျူတို့အားလုံးက သီးခြားစီဆိုတာ အားလုံးလည်း သိကြပါတယ်။

ယေဘုယျအားဖြင့် အရည်အချင်းအတော်လေးကောင်းသူသည် အိုင်ကျူနှင့်အီးကျူဘက်တွင်တော့ အားနည်းသွားတတ်သည်။

“မင်း… ပြီးပြီလား?”

တခဏကြာသည်အထိ စုန့်ရှင်းနျန် စိတ်လှုပ်ရှားပျော်ရွှင်နေပြီးနောက် လုရှောင်ယန်အနေနှင့် မတတ်သာပဲ သူ့စိတ်လှုပ်ရှားမှုကို ကြားဝင်ဖြတ်လိုက်ရသည်။

“မင်း စိတ်လှုပ်ရှားလို့ပြီးရင်လည်း ဆက်ကြရအောင်။”

စုန့်ရှင်းနျန် စိတ်လှုပ်ရှားဖြင့်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့! ဆက်ကြမယ်!”

သေချာပေါက် သူဆက်ပြီးကျင့်ကြံချင်တာပေါ့။ အရူးပဲ ဒီလိုအခြေအနေမျိုးမှာ ရပ်လိမ့်မှာ။

သူ့ကျင့်ကြံဆင့်က အရူးအမူးတိုးတက်နေတာလေ။ ပုံမှန်အားဖြင့် ဒီအဆင့်အထိရောက်အောင် ဆယ်စုနှစ်အနည်းငယ်လောက်ကျင့်ကြံဖို့သာ တတ်နိုင်သည်။ အခုတော့ ရက်အနည်းငယ်လေးအတွင်းမှာတင် သူ့ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်လာခဲ့သည်။

ဒါ့အပြင် အခုလို ခုန်ပေါက်တက်သွားလို့လည်း သူ့သွေးမျိုးဆက်နှင့် အခြေခံအပေါ် ဘာဆိုးကျိုးမှမဖြစ်စေကြောင်းကိုလည်း ခံစားမိပြန်သည်။

ဒီလောက်ကောင်းတဲ့အရာကို ဘယ်လိုလုပ်ငြင်းဆန်ရမှာလည်း တစ်သက်လုံးမရပ်ဘဲ ဆက်ကျင့်ကြံသွားရမယ်ဆိုရင်တောင် သူစိတ်ရှိမှာမဟုတ်ဘူး။

ဒီလိုဆရာကောင်းမျိုး ရှာတွေ့နိုင်တာ တကယ်ကိုကံကောင်းတာပဲ!

သူစိတ်လှုပ်ရှားနေတုန်းမှာပဲ လုရှောင်ယန်က နတ်ဘုရားအဆင့်ဓားဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။

ဓားဝိညာဉ်ကိုမြင်လိုက်ရသည်နှင့် စုန့်ရှင်းနျန်တစ်ယောက် ကြက်သေသေသွားတော့သည်။

“ဒီ..ဒီရောင်ဝါက… ဆရာ၊ ဒါ..ဒါက အဲ့ဒီနေရာကဟာများလား?”

ထိုစကားပြောနေရင်း မသေချာမရေရာဖြင့် ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည်။

လုရှောင်ယန် ခေါင်းညိတ်လိုက်ကာ၊ “အမှန်ပဲ၊ ဒါက နတ်ဝိညာဉ်ပဲ။ နတ်ဘုရားအဆင့်ကိုကျင့်ကြံပြီးနောက်မှာ မင်းရဲ့နတ်ဝိညာဉ်ကို နိုးထဖို့လိုတယ်။ ဒါမှ မင်းရှေ့ဆက်သွားနိုင်မှာ။ မဟုတ်ရင် မင်း နတ်ဘုရားအဆင့်ကိုကျင့်ကြံနိုင်ခဲ့ရင်တောင်မှ ဒီထက်ပိုရှေ့ဆက်တက်လှမ်းနိုင်မှာမဟုတ်ဘူး။”

“ဟစ်!~”

စုန့်ရှင်းနျန်၏တစ်ကိုယ်လုံးမှ မွေးညှင်းပေါက်လေးတွေအားလုံး ပွင့်ထွက်ကာ ကြက်သီးထသွားသလို ခံစားလိုက်ရသည်။

ဘုရားရေ! သူ့ဆရာမှာ တကယ်ကြီး နတ်ဘုရားအဆင့်နတ်ဝိညာဉ်ရှိနေတာပဲ၊ ဒါတင်မကဘူး အဲ့ဒီနတ်ဝိညာဉ်ကို သူ့ကိုတောင် ပေးချင်နေသေးတယ်။

သူ ရူးတော့မယ်!

သူ ရူးသွားတော့မယ်!

အားးးး….!!

ထိုအချိန်လေးတွင် စုန့်ရှင်းနျန် သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးပင် ဖြစ်လာနိုင်သည်ဟု ခံစားလိုက်ရသည်။

လုရှောင်ယန်ကတော့ စိတ်လှုပ်ရှားနေသည့် သူ့ကိုကြည့်လိုက်ကာ အသံနှိမ့်ပြီး ပြောလိုက်သည်။

“ယူလိုက်။ မှတ်ထား၊ မင်းရဲ့ခွန်အားရှိသလောက် ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်ပြီး ဒီဓားဝိညာဉ်ကို မင်းကိုယ်ထဲမှာ အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းရမယ်။”

“ဟုတ်ကဲ့!”

စုန့်ရှင်းနျန်ပြန်ဖြေလိုက်သည်။ လုရှောင်ယန်လည်း စုန့်ရှင်းနျန်၏ကိုယ်ထဲသို့ ဓားဝိညာဉ်ကို တိုက်ရိုက်တွန်းထည့်လိုက်လေသည်။

ခဏတွင်းချင်းမှာပဲ စုန့်ရှင်းနျန် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းစုတ်ပြဲသွားသလို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံးအနှံ့ကို အပ်များဖြင့် ထိုးစိုက်နေသည့် ခံစားချက်မျိုးပင်။ သူ၏အာရုံကြောများပေါ်သို့ တစ်စုံတစ်ခုနှင့် ခပ်ကြမ်းကြမ်းပွတ်တိုက်ကာ ထိုပေါ်မှ ဆားဖြူးချလိုက်သလို ခံစားချက်မျိုး ခံစားလိုက်ရသည်။

ထိုနာကျင်မှုကြီးက သူ့ကိုတစ်ခါတည်း သတိပင်လစ်သွားစေတော့မလို။

သို့သော်လည်း သူက တုံးအမိုက်မဲသူမဟုတ်ပေ။ သူ သတိမလစ်သွားခင် စက္ကန့်ပိုင်းအလိုလောက်မှာပဲ ချက်ချင်းဆိုသလို သင်ယူထားသည့် သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းဖြစ်သော ကောင်းကင်နှင့်မြေကြီးဓားသွားပညာရပ်ကို လှည့်ပတ်လိုက်လေသည်။

ထိုနည်းလမ်းက သူ့ကိုယ်ထဲမှဓားဝိညာဉ်၏သက်ရောက်မှုကို နှေးကွေးသွားစေသည်။

သို့သော်လည်း ထိုသို့ဆိုလျှင်တောင်မှ ထိုမျှကြီးမားပြင်းထန်သည့်အားကို အလွယ်တကူဖိနှိပ်လိုက်ဖို့ဆိုသည်က မဖြစ်နိုင်ပေ။

သူ၏သတိမြဲမှုသည်လည်း မောပန်းနွမ်းနယ်ကာ အားလျော့လာခဲ့သည်။

ထိုအချိန်မှာပဲ လုရှောင်ယန်က ထပ်မံလို့ အဇူရာသက်ရှည်ပညာရပ်ကို သုံးလိုက်ပြန်သည်။

စုန့်ရှင်းနျန်၏ကိုယ်တွင် အလင်းရောင်များပြန့်လာသည်နှင့် ဆက်တိုက်ကုသပေးသွားသည်။

ထိုသို့ ကုသလိုက် ထိခိုက်လိုက်ဖြင့် ထပ်ခါတလဲလဲ ကျော့နေသည်။ စုန့်ရှင်းနျန်၏ခန္ဓာကိုယ်သည်လည်း ဓားဝိညာဉ်နှင့် တဖြည်းဖြည်း ဆက်သွယ်သွားသည်။

ထိုဖြစ်စဉ်အတွင်း ဓားဝိညာဉ်က စုန့်ရှင်းနျန်၏ခန္ဓာကိုယ်ကို ဆက်တိုက်ပြုပြင်မွမ်းမံကာ တိုးမြှင့်ပေးပြီး ကျင့်ကြံဆင့်ကိုလည်း မြင်နိုင်လောက်သည့်အရှိန်နှုန်းဖြင့် တိုးမြင့်လာခဲ့သည်။

ဘုရင်နဝမအဆင့်… ဘုရင်ဒဿမအဆင့်… ပြီးပြည့်စုံသောဘုရင်ဒဿမအဆင့်… ဧကရာဇ်အဆင့်!

လုရှောင်ယန်၏ခန္ဓာကိုယ်မှစွမ်းအင်သည်လည်း မျက်စိဖြင့်မြင်နိုင်လောက်သည့်နှုန်းဖြင့် တရိပ်ရိပ်တိုးလာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူခေါင်းငုံ့လိုက်ကာ တစ်ခုခုကို သေချာတွေးတောလိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးနှင့် သိုင်းဘုရင်အဆင့်နှလုံးကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းများကို မြေပေါ်သို့တစုတစည်းတည်း ချလိုက်ကာ စုန့်ရှင်းနျန်၏ကိုယ်ထဲသို့ စွမ်းအင်များစုစည်းကာ ထည့်သွင်းပေးလိုက်သည်။

ထိုစွမ်းအင်များကို ရရှိပြီးနောက် စုန့်ရှင်းနျန်၏ကျင့်ကြံဆင့်သည် ဆက်လက်တိုးတက်လာပြန်သည်။

ရလဒ်အားဖြင့်တော့ လုရှောင်ယန်၏ကျင့်ကြံဆင့်သည်လည်း ဆက်တိုးလာခဲ့တော့သည်။

တချိန်တည်းမှာပဲ မဟာကျိုး၏မြောက်အရပ်ရှိ ကြီးမားသောကောင်းကင်အစိတ်အပိုင်းကြီးသည်လည်း မိုးတိမ်မဲများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ဘုန်း!

လျှပ်စီးတို့လက်ကာ မိုးကြိုးမုန်တိုးတို့ ထန်လာခဲ့သည်။

ကျင့်ကြံသူပေါင်းများစွာသည်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်အံ့ဩနေကာ ဘာဖြစ်လို့ဖြစ်နေမှန်းတော့ မသိကြပေ။

သာမာန်လူများသည်လည်း အလားတူပင်။ သူတို့ကတော့ အိမ်တွင်လှမ်းထားသည့် အဝတ်အစားများ ဖိနပ်များကို အလျင်စလို စတင် ထုပ်ပိုးကြတော့သည်။

“မိုးတွေခြိမ်းပြီး မိုးတွေရွာတော့မယ်။ မြန်မြန်လေး အိမ်ပြန်ပြီး အဝတ်တွေရုတ်ကြဦး။”

အမည်မဲ့ဂိုဏ်း၏အပြင်ဘက်တွင် တပည့်များမှာ ကောင်းကင်ကြီးကို ထိတ်လန့်နေသည့်အမူအရာတို့ဖြင့် ကြောက်လန့်တုန်ရီစွာ ကြည့်နေမိကြသည်။

“ဆရာနဲ့ဂျူနီယာမောင်လေးတို့ ဘာတွေလုပ်နေကြတာလဲ? ဘယ်လိုကြောင့်များ ဒီလိုအခြေအနေမျိုးကြီးဖြစ်သွားတာလဲ?”

လီချန်းရှန်က အလွန်အမင်းအံ့ဩနေသည့်အမူအရာဖြင့် ကောင်းကင်ကို ကြည့်နေသည်။

“ဆရာက ဂျူနီယာညီလေးရဲ့နတ်ဝိညာဉ်ကို အားသုံးပြီး ထည့်ပေးနေလို့ လောကကြီး ဒီလိုပြောင်းလဲနေတာဖြစ်မယ်။”

“ဘာ? ကိုယ်တိုင်ကျင့်ကြံလို့မရနိုင်ဘူးလား? ဘာလို့အားသုံးဖြင့် ထည့်ပေးရတာလဲ?”

ကျူးကောကျီချုံ မှင်သက်စွာမေးလိုက်သည်။

လီချန်းရှန် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“အဲ့ဒါက အဓိကမဟုတ်ဘူး။ နတ်ဝိညာဉ်ဆိုတာ ကျင့်ကြံယူလို့လဲရသလို အပြင်ကနေသွင်းပေးလို့လည်းရတယ်။”

“မင်းတို့အားလုံးက ကိုယ်တိုင်ကျင့်ကြံထားကြတာ။ အဲ့ဒီလိုနည်းနဲ့ရလာရင်က လောကရဲ့စည်းမျဉ်းတွေရဲ့ အသိအမှတ်ပြုမှုကြောင့်ပဲ။”

“ဒါပေမယ့် ငါနဲ့ ဂျူနီယာညီလေးကတော့ ငါတို့ရဲ့နတ်ဝိညာဉ်ကို အားသုံးထည့်ပြီး ငါတို့ကံကြမ္မာကိုပြောင်းလဲထားကြတာ။ ဒါကြောင့် ဒီလိုမိုးကြိုးပြစ်ဒဏ်ကို ဆွဲဆောင်မိတာက ငါတို့အတွက်တော့ မထူးဆန်းတော့ဘူး။”

“အဲ့လိုကိုး။”

ကျူးကောကျီချုံ ခေါင်းညိတ်လိုက်ကာ အကြောင်းအရင်းအသစ်တစ်ခုကို သင်ယူလိုက်နိုင်ခဲ့သည်။

ထို့နောက်မှာတော့ ယွင်လီကောက ဂိုဏ်းခန်းမထဲကနေပြီး သိချင်စိတ်ပြင်းပြနေသည့်အမူအရာမျိုးဖြင့် ထွက်လာလေသည်။

“ဂျူနီယာညီလေး၊ ဂျူနီယာညီမလေး၊ မင်းတို့တွေ ဘာလုပ်နေကြတာလဲ? ဘာလို့ အားလုံးစုနေကြတာလဲ?”

“အကြီးဆုံးအစ်ကိုကြီး၊ ဆရာက ဂျူနီယာညီလေးရဲ့နတ်ဝိညာဉ်ထည့်ပေးနေလို့ပါ။”

“နတ်ဝိညာဉ်? အဲ့ဒါဘာလဲ?”

“အိုး၊ အဲ့ဒါက နတ်ဘုရားအဆင့်ရောက်အောင် ကျင့်ကြံနိုင်တဲ့အချိန် ရနိုင်တဲ့အရာပါ။ ပင်ကိုယ်အရည်အချင်းကောင်းတဲ့သူတွေက သူတို့ကိုယ်တိုင်ကျင့်ကြံနိုင်ပြီး အရည်အချင်းနိမ့်တဲ့လူတွေကတော့ တခြားနတ်ဝိညာဉ်ကို သူတို့ကိုယ်ထဲ အားသုံးပြီးပဲ ထည့်သွင်းနိုင်တယ်။”

“အဲ့လိုကိုး၊ ဒါဆို မင်းတို့အားလုံးမှာ နတ်ဝိညာဉ်တွေရှိကြပြီပေါ့?”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၆။ အပိုင်း ၂၂၇ ဆန်းကျယ်သောဝါးမြိုခြင်းဝိညာဉ်

လီချန်းရှန်၏အမူအရာမှာ ပြောင်းလဲသွားလေသည်။ သူ ကျူးကောကျီချုံကို တားလိုက်ချင်သော်လည်း အလွန်နောက်ကျသွားသည်။ သူမက မေးပြီးတစ်စက္ကန့်အတွင်းမှာပဲ ပြန်လည်ဖြေကြားခဲ့သည်။

“ဟုတ်တာပေါ့၊ ငါတို့အားလုံးမှာရှိတယ်လေ။ စီနီယာအစ်မကျီ၊ စီနီယာအစ်ကိုဖုန်းနဲ့ ငါက ကိုယ်တိုင်ကျင့်ကြံပြီး ရလာတာ။ စီနီယာအစ်ကိုလီကတော့ ဆရာက သူ့ကိုဓားဝိညာဉ်ထည့်ပေးထားတာ။”

လေထုမှာ ချက်ချင်းတိတ်ဆိတ်လို့သွားသည်။

ကောင်းကင်ကြီးက ဘယ်လောက်ပဲ တိမ်မဲတွေလိပ်တက်နေကာ လေပြင်းတွေတိုက်နေပါစေ၊ လျှပ်စီးတွေ ဘယ်လောက်ပဲလက်နေပါစေ၊

ထိုအချိန်လေးတွင် အမည်မဲ့ဂိုဏ်းမှတပည့်အနည်းငယ်မှာ ပြောစရာစကားမရှိဖြစ်သွားကြသည်။

ခဏလောက်တိတ်ဆိတ်သွားပြီးနောက်၊ ကျူးကောကျီချုံက ခေါင်းလေးစောင်းကာ ချစ်စဖွယ်မေးလာလေသည်။

“အကြီးဆုံးအစ်ကိုကြီးမှာက မရှိဘူးလား?”

အတော်ကြာသည်အထိ နှုတ်ဆိတ်နေပြီးနောက် ယွင်လီကော လှည့်ထွက်သွားလေတော့သည်။

“ငါ့မှာလုပ်စရာတစ်ခုခုရှိသေးတာ အခုမှရုတ်တရက်ကြီး သတိရလာတယ်။ မင်းတို့တွေ စကားပြောလိုက်ကြဦး၊ ငါအလုပ်ရှုပ်နေသေးလို့။”

……

လူတိုင်း အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ကြသည်။

“အခုတင် အကြီးဆုံးအစ်ကိုကြီး ငိုသွားတာလား? သူလှည့်ထွက်လိုက်တဲ့အချိန်တုန်းက သူ့မျက်လုံးထဲကမှာ မျက်ရည်တွေမြင်လိုက်တယ်။”

ကျူးကောကျီချုံ သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ “ငါ… တစ်ခုခု မှားပြောမိသွားတာလား?”

ကျီဝူရှား လက်ကိုကွေးကာ သူမခေါင်းကို လက်ဆစ်ဖြင့် ခပ်သာသာခေါက်လိုက်သည်။

“အရူးလေး၊ ဘာလို့ အဲ့ဒါတွေပြောလိုက်ရတာလဲ?”

လီချန်းရှန်သည်လည်း ဖျော့တော့စွာ ပြောလာခဲ့သည်။ “ပြောလိုက်တာက ဟုတ်ပါပြီ။ ဘာကိစ္စ နောက်ဆုံးမေးခွန်းက ထည့်မေးလိုက်ရတာတုန်း?”

“မင်းတစ်ယောက်ယောက်ကို သတ်ချင်နေတယ်ဆိုလည်း ဒီလောက်နှလုံးသားမဲ့တဲ့နည်းလမ်းကြီး မသုံးနဲ့လေ။ မင်းက ဝက်ကိုပိတ်လှောင် သွေးကုန်တဲ့အထိ ညှင်းသက်ပြီးတာတောင် သူ့အရေခွံ့ကိုပါ ဆွဲခွာချင်နေသေးတာပဲ။”

ကျူးကောကျီချုံ ချက်ချင်းတောင်းပန်လိုက်တော့သည်။ “ငါ အဲ့လိုတွေမတွေးလိုက်မိဘူး။ အကြီးဆုံးအစ်ကိုကြီးမှာလည်း ငါတို့လို နတ်ဝိညာဉ်တစ်ခုလောက်ရှိမယ်ထင်လိုက်တာ။ ဒါဆို ငါအခုပဲဖြစ်ဖြစ်သွားပြီး တောင်းပန်လိုက်ရင်ရော?”

“မင်းမသွားတာ ပိုကောင်းမယ်။ သူ့ကို သိက္ခာလေးနည်းနည်းလောက် ကျန်အောင်တော့ ထားပေးလိုက်ပါဦး၊ မင်းသွားတောင်ပန်လိုက်မှ သူ ပိုပြီး ဝမ်းနည်းသွားလိမ့်မယ်။”

“ဟုတ်တယ်။ အခုတောင် သူငိုသွားပြီလေ။ မင်းသွားပြီး သူ့ကိုထပ်တွေ့မယ်ဆိုရင် မင်း အကြီးဆုံးအစ်ကိုကြီးကို တကယ်သတ်လိုက်မိသလိုဖြစ်သွားလိမ့်မယ်။”

ကျူးကောကျီချုံ : “…..”

….

၁၀ရက်ကြာပြီးနောက်၊ တောင်နှင့်မြစ်ပန်းချီထဲတွင် စုန့်ရှင်းနျန်သည် ဓားဝိညာဉ်ဖိနှိပ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အဆုံးမှာတော့ ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ အဆုံးမရှိသောဓားရည်ရွယ်ချက်တို့က ကမ္ဘာကြီးကိုတုန်လှုပ်သွားစေသည်အထိ ထုတ်လွှတ်လာခဲ့သည်။

ထိုအရှိန်အဝါထဲတွင် ဖျက်ဆီးနိုင်စွမ်းများဖြင့် ပြည့်လို့နေသည်။

ဓားအသုံးပြုသူတစ်ယောက်သည် လက်နက်တို့၏အရှင်သခင်ပင်။

၎င်းကနေပြီး လောက်ရှိ အသန်မာဆုံးသောသတ်ဖြတ်မှုအင်အားဟုပင် ခေါ်ဆိုနိုင်သည့် အဖျက်အဆီးစွမ်းအားတို့ကို ယူဆောင်လာသည်။

ဓားရည်ရွယ်ချက်ပေါ်ထွက်လာသည်နှင့် အနားတဝိုက်ရှိလေထုသည်လည်း သက်ရောက်ခံရကာ စတင်တုန်ခါလာခဲ့သည်။

လုရှောင်ယန်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ နှုတ်ခမ်းစွန်းကတော့ ကွေးတက်လို့သွားလေသည်။

မဆိုးဘူး၊ မဆိုးဘူး။

စုန့်ရှင်းနျန် တော်တော်လေးကြိုးစားခဲ့လို့ ဘုရင်ပထမအဆင့်ကနေပြီး ဧကရာဇ်စတုတ္ထအဆင့်ကိုတောင် ဖြတ်ကျော်နိုင်သွားပြီ။ လီချန်းရှန်နဲ့တော့ နည်းနည်းလေးကွာနေတုန်းပဲ။ ဒါပေမယ့် သူ့အရည်အချင်းက သိပ်တော့အားမနည်းပါဘူး။ နှစ်ယောက်သားကြားက ကွာခြားချက်က သိပ်ကြီးမနေဘူး။

ဒါ့အပြင် အရေးအကြီးဆုံးက လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ သူတော်စင်ဒုတိယအဆင့်သို့ တိုးတက်သွားခြင်းဖြစ်သည်။

သိုင်းဘုရင်အဆင့်နှင့် သူနောက်ထပ်တစ်လှမ်း ပိုနီးကပ်လာပြပေပြီ။

“ကျွန်တော့် ကျင့်ကြံဆင့်ကို ကူညီမြှင့်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။ ”

စုန့်ရှင်းနျန်က လုရှောင်ယန်အနား ချက်ချင်းရောက်လာကာ ဒူးထောက်အရိုအသေပေးရင်း ကျေးဇူးတင်လိုက်သည်။

လုရှောင်ယန် လက်ကို ဆန့်ထုတ်ကာ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ သူ့တပည့်ကို ထူပေးလိုက်လေသည်။

“ငါက မင်းရဲ့အခြေခံကန့်သတ်ချက်ကိုပဲ ဂရုစိုက်စောင့်ကြည့်ပေးတာ။ မင်းဆက်သွားရမယ့်လမ်းကြောင်းက အဝေးကြီးလိုသေးတယ်။ အနာဂါတ်မှာ မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက ဒီလောက် လွယ်ကူတော့မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ဖို့ မမေ့နဲ့။”

စုန့်ရှင်းနျန် ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့၊ ဆရာ။ ကျွန်တော် သေချာပေါက် ကြိုးစားသွားမှာပဲ။”

လုရှောင်ယန်ခေါင်းညိတ်လိုက်ပြီးနောက် လက်တစ်ချက်ဝှေ့ကာ သူ့ကို တောင်နှင့်မြစ်ပန်းချီထဲမှ ထုတ်လိုက်သည်။

“မင်းရဲ့ အကြီးဆုံးအစ်ကိုကြီးကိုသွားရှာပြီး မင်းအတွက် နေစရာအိမ်စီစဉ်ပေးခိုင်းလိုက်။”

“ဟုတ်ကဲ့ပါ။”

စုန့်ရှင်းနျန်လည်း လုရှောင်ယန်ကို နှုတ်ဆက်ဂါရဝပြုကာ ခန်းမဆောင်ဆီသို့ အလျင်အမြန်ထွက်ခွာသွားသည်။

“အကြီးဆုံးအစ်ကိုကြီးကို နှုတ်ဆက်ပါတယ်။”

ခန်းမထဲမှ ယွင်လီကော ထွက်လာခဲ့သည်။

“ဂျူနီယာညီလေး၊ မင်းရောက်နေတာပဲ။”

“အာ?”

ယွင်လီကောကို မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလို စုန့်ရှင်းနျန် ထိတ်လန့်သွားရသည်။

ဘာလို့များ ၁၀ရက်အတွင်း အကြီးဆုံးအကိုကြီး ကိုယ်အလေးချိန်တွေအရမ်းကျသွားတယ်လို့ ခံစားရပါလိမ့်?

ဒါတင်မကဘူး၊ အကြီးဆုံးအစ်ကိုကြီးရဲ့ မျက်လုံးတွေက အရမ်းနီရဲပြီး ယောင်နေသေးတယ်။

“အကြီးဆုံးအစ်ကိုကြီး၊ မင်းအဆင်ပြေရဲ့လား?”

ယွင်လီကော ခေါင်းယမ်းလိုက်ကာ၊ “ငါအဆင်ပြေပါတယ်၊ ဘာကိစ္စရှိလို့လဲ?”

“ဆရာက အစ်ကိုကြီးကိုရှာပြီး ကျွန်တော့်အတွက် အခန်းစီစဉ်ပေးဖို့မေးခိုင်းလိုက်လို့ပါ။”

“မင်းလိုချင်တဲ့အခန်းရွေးလိုက်။ နာမည်မတပ်ထားတဲ့အခန်းတွေအားလုံးက အလွတ်တွေချည်းပဲ။ ကိုယ့်အခန်းကိုယ်သန့်ရှင်းရေးတော့လုပ်ဖို့ မမေ့နဲ့ပေါ့။”

“အမ်… ဒါပေါ့။”

“ဒါနဲ့၊ ဂျူနီယာညီလေး၊ မင်းရဲ့ကျင့်ကြံဆင့်က ဧကရာဇ်အဆင့်ကိုတောင် ကျော်သွားပြီပေါ့?”

“ဟစ်!”

စုန့်ရှင်းနျန် ရုတ်တရက် သူ့အမွေးတွေအကုန်ထောင်ထသွားသလို ခံစားလိုက်ရသည်။

အကြီးဆုံးအစ်ကိုကြီးကတော့ တကယ်ကိုအားကောင်းတာပဲ!

သူ့ရဲ့အရှိန်အဝါကို လုံးဝဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ သူ့ဆရာတစ်ယောက်တည်းကသာ သူ့ကျင့်ကြံဆင့်ကို သိသင့်တာဖြစ်သည်။ သို့သော်လည်း ထိုသို့ပိတ်ထားတာတောင် အကြီးဆုံးအစ်ကိုကြီးကတော့ တစ်ချက်တည်းနှင့် သူ့ကျင့်ကြံဆင့်ကို ဖောက်မြင်နိုင်သေးသည်။

ထိုသို့သာခွန်အားမျိုးနဲ့မှတော့ အကြီးဆုံးအစ်ကိုကြီးက အမည်မဲ့ဂိုဏ်းရဲ့တပည့်ခေါင်းဆောင်ဖြစ်ဖို့ တကယ်ကို ထိုက်တန်တာပဲ!

“အကြီးဆုံးအစ်ကိုကြီး၊ ဆရာ့ရဲ့အကူအညီကြောင့်နဲ့ ကံကောင်းပြီး ဧကရာဇ်စတုတ္ထအဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။”

“တကယ်ကို ငါ့အထင်မှန်နေတာပဲ။ ကောင်းပြီလေ၊ မင်းသွားနိုင်ပြီ။”

စုန့်ရှင်းနျန်ထွက်သွားဖို့ရန် လှည့်ထွက်လိုက်ပြီးနောက် စိုးရိမ်ပူပန်စွာဖြင့် ယွင်လီကောကို ပြန်ကြည့်လိုက်သည်။

“အကြီးဆုံးအစ်ကိုကြီး၊ တကယ်ရော အဆင်ပြေရဲ့လား? ဆရာ့ကို သွားမတွေ့ချင်ဘူးလား?”

ယွင်လီကော သူ့ကိုလုံးဝလျစ်လျူရှုကာ ခန်းမထဲသို့သာ ပြန်ဝင်သွားလေသည်။

စုန့်ရှင်းနျန်လည်း တစ်ခုခုမှားနေသည်ဟု ခံစားလိုက်မိသည်။ သူခန်းမဆောင်ဝင်ပေါက်တွင် တိတ်တဆိတ်လျှောက်သွားကာ အထဲသို့လှမ်းကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အရေပြားတွေကွာကျတော့မလို ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး။ အကြီးဆုံးအစ်ကိုကြီး သူ့ကိုယ်သူသတ်သေတော့မယ်! တစ်ယောက်ယောက် မြန်မြန်လာကြပါဦး!”

ငါးမိနစ်ကြာပြီးနောက် တောင်နှင့်မြစ်ပန်းချီကားထဲတွင်…

“လီကော၊ ဘာလို့မင်းရဲ့စိတ်က ထပ်ပြီးယိမ်းယိုင်နေပြန်တာလဲ? သေချာဆုပ်ကိုင်ထားစမ်း။ မင်းက အမည်မဲ့ဂိုဏ်းရဲ့အကြီးဆုံးအစ်ကိုကြီးပဲ။”

လုရှောင်ယန်လည်း သူ့ရှေ့က မြေပြင်ပေါ်တွင် မျက်တွင်းတွေချောင်ကျကာ လှဲနေသည့် ယွင်လီကောကို စိုးရိမ်စွာ ကြည့်လိုက်သည်။

“ဟဟ… ဆရာ၊ ကျွန်တော့်ကို ထပ်ပြီးဦးဏှောက်မဆေးနေပါနဲ့တော့။ ဆရာ့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို မယုံကြည်တော့ဘူး။ ကျွန်တော့်ရဲ့လက်ရှိအခြေအနေနဲ့ ဆက်ပြီးတိုးတက်နိုင်ဦးမယ်ထင်နေလား? အမည်မဲ့ဂိုဏ်းတစ်ခုလုံးမှာ ဘယ်သူကများ ကျွန်တော့်ထက် ပိုပြီးအသုံးမကျတဲ့လူရှိသေးလို့လဲ?”

“ကျွန်တော် အချိန်တိုင်းကျင့်ကြံခဲ့တယ်။ ဂျူနီယာညီငယ်ညီမငယ်တွေ ထွက်ကစားတိုင်းလည်း ဘယ်တော့မှ မပါခဲ့ဘူး။”

“သူတို့ကျင့်ကြံနေလည်း ကျွန်တော်ကျင့်ကြံတယ်။ သူတို့လျှောက်သွားကစားနေလည်း ကျွန်တော် ကျင့်ကြံနေတုန်းပဲ။”

“ဒါပေမယ့် အဲ့လောက်ထိလုပ်နေတာတောင် ဆရာလက်ခံလိုက်တဲ့ တပည့်အသစ်တွေအားလုံးက ကျွန်တော့်ထက် ပိုသန်မာနေကြတာချည်းပဲ။”

“ဆရာ၊ ကျွန်တော့်ကို ဂိုဏ်းကနေ နှင်ထုတ်ချင်နေတာလား? အဲ့လိုဆိုလဲ တိုက်ရိုက်ပဲ ပြောလိုက်ပါ။ ဒီလောက်ထိ လုပ်နေစရာမလိုပါဘူး။”

လုရှောင်ယန် : “…..”

ရှင်းရှင်းပြောရရင် သူလည်း ခေါင်းတော်တော်ကိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယွင်လီကောရဲ့အရည်အချင်းက သူမြှင့်ပေးချင်တိုင်း မြှင့်ပေးလို့ရတာမျိုးလည်း မဟုတ်ဘူးလေ။

ပြီးတော့ လုရှောင်ယန်၏အကြီးဆုံးတပည့်အနေနဲ့ ယွင်လီကောကို အလေးအပေးဆုံးလို့ပင် ပြောနိုင်သည်။

လုရှောင်ယန် သူ့ကို မပေးခဲ့ဖူးတဲ့ပစ္စည်းကောင်းဆိုလို့ ဘာများရှိလို့လဲ?

ဆေးလုံးလား၊ လက်နက်လား… ဘယ်အရာကများ သူ့ဆရာတူညီငယ်ညီမငယ်တွေအားလုံးပေါင်းတာထက် နိမ့်ကျဖူးလို့လဲ?

ဒါပေမယ့် ဒီလိုပေးနေတာတောင် သူ့အနေနဲ့ တခြားသူတွေရဲ့ကျင့်ကြံဆင့်ကို လိုက်မမှီနိုင်သေးဘူး။ လုရှောင်ယန်ဘက်က ဘာတွေများ လုပ်ပေးရဦးမှာလဲ?

လုရှောင်ယန် သူ့ခေါင်းသူပွတ်ကာ ခေါင်းကိုက်လာရသည်။ သူဘာများလုပ်နိုင်မှာလဲ?

တစ်ဖက်မှာလည်း စိတ်ထဲကနေပြီး စုန့်ရှင်းနျန်ကျင့်ကြံဆင့်တက်တာမှ စနစ်မှပေးလာသည့် လက်ဆောင်အိတ်များကို ဖွင့်နေခဲ့သည်။

အဆင့်နိမ့် နတ်ဘုရားအဆင့် နတ်သွေးဆေးလုံး x 120

အဆင့်မြင့် နတ်ဘုရားအဆင့် နဂါးခေါင်းတလား x 1

ထိပ်တန်း နတ်ဘုရားအဆင့် ကံကောင်းခြင်းရွှေနဂါး x 3

…..

ထိပ်တန်း နတ်ဘုရားအဆင့် နတ်ဝိညာဉ်၊ လိပ်နက်နတ်ဝိညာဉ် x 1

အာ…

လုရှောင်ယန်၏မျက်လုံးများ ရုတ်ချည်းတောက်ပသွားသည်။

ဘယ်လိုပစ္စည်းကောင်းလဲ။

နတ်ဝိညာဉ်…

ကောင်းကင်ဘုံကတောင် မနေနိုင်တော့ဘဲ လီကောကို လျော်ကြေးပေးချင်နေပုံပဲ။

သူ လီကော၏ခေါင်းလေးကို အသာပုတ်ပေးလိုက်သည်။

“လီကော၊ ထလိုက်ဦး။ အခုက မင်းတိုးတက်ရမယ့်အချိန်ပဲ။”

“ဆရာ အမြဲဒီလိုပဲပြောနေတာလေ။ နောက်ထပ်အသစ်လေးဘာလေး သုံးပါဦးလား။”

“တကယ်ကို ဒီအချိန်ပဲ။ ငါ့လက်ထဲမှာ နတ်ဝိညာဉ်တစ်ခုရှိနေသေးတာ အမှတ်ရသွားလို့။”

“ဟစ်!”

ရုတ်တရက်ဆိုသို ယွင်လီကော မြေပေါ်ကနေ ချက်ချင်းထထိုင်လိုက်ကာ သူ့ဆရာကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လာတော့သည်။

“ဆရာ၊ ကျွန်တော့်ကို နောက်နေတာမဟုတ်လား?”

“သေချာပေါက် မဟုတ်ဘူးပေါ့။ အဆင်သင့်ပြင်တော့။ အခုပဲ မင်းရဲ့ကိုယ်ထဲကို နတ်ဝိညာဉ်ထည့်ပေးတော့မယ်။”

“ဟုတ်ကဲ့ပါ!”

ယွင်လီကော အလင်းအလျင်လိုထလိုက်ပြီး သူ့အဝတ်တွေအားလုံးကို ချွတ်ပစ်လိုက်သည်။

လုရှောင်ယန် : “….”

“မင်းဘာလုပ်တာလဲ?”

“ကျွန်တော် နတ်ဝိညာဉ်ထည့်ဖို့ အဆင်သင့်ဖြစ်ပါပြီ! ဆရာရော နတ်ဝိညာဉ်ထည့်ဖို့အတွက် အဝတ်တွေမချွတ်ဘူးလား?”

“မလိုဘူး။”

ယွင်လီကော အတော်ကြာတိတ်ဆိတ်သွားပြီးနောက် သူ့အဝတ်တွေကို ပြန်ဝတ်လိုက်သည်။

“ဆရာ၊ အခုလေးတင် ဆရာအားလုံးမြင်လိုက်တယ်မဟုတ်လား?”

“မဆိုးပါဘူး။ အရွယ်အစားက အတော်ပါဘဲ။ ရှက်စရာမလိုဘူး။”

ယွင်လီကော၏မျက်နှာမှာ ချက်ချင်းလောင်ကျွမ်းသွားတော့သည်။

သူ့အဝတ်အစားတွေကို ပြန်ဝတ်ပြီးနောက် လုရှောင်ယန်လည်း ချက်ချင်းပင် လိပ်နက်နတ်ဝိညာဉ်ကို ထုတ်ယူလိုက်တော့သည်။

“အဆင်သင့်ပဲလား? စတော့မယ်နော်။”

စကားဆုံးသည်နှင့် ချက်ချင်းပင် ယွင်လီကော၏ခန္ဓာကိုယ်ထဲသို့ လိပ်နက်နတ်ဝိညာဉ်ကို ထည့်သွင်းလိုက်တော့သည်။ ယွင်လီကောသည် သိုင်းဘုရင်အဆင့်သွေးဆေးလုံးနှင့် သိုင်းဘုရင်အဆင့်ခြင်ဆီဆေးလုံးတို့ကို သောက်ထားပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်က နတ်ဝိညာဉ်၏ဖိအားကို ခံနိုင်ဖို့ လုံလောက်သည့်ခွန်အားရှိထားပြီးဖြစ်သည်။

သို့သော်လည်း လုရှောင်ယန် ယွင်လီကော၏ကိုယ်ထဲသို့ နတ်ဝိညာဉ်ကို တွန်းထည့်လိုက်သည်နှင့် ရှင်းပြလို့မရနိုင်အောင် လန်းဆန်းသွားရသည်။

အရမ်းလွယ်လွယ်ကူကူ ဝင်သွားတာပဲ။

ဒီအခြေအနေက လီချန်းရှန်နဲ့စုန့်ရှင်းနျန်တို့ ဖြစ်ခဲ့တာနဲ့ တူမနေဘူး။ သူတို့နှစ်ယောက်အတွက် နတ်ဝိညာဉ်ထည့်သွင်းဖို့ အလွန်အားထုတ်ခဲ့ရသည်။ ၎င်းက လုရှောင်ယန်အနေနှင့် ဆူးချွန်ပါသည့်ကြိုးတစ်ချောင်းကို ပိုက်တစ်ခုထဲ ထည့်သွင်းနေရသလိုပင်။

“ဆရာ၊ ကျွန်တော့်ကိုယ်ထဲမှာ အရမ်းအားပြင်းတဲ့စွမ်းအားတွေ ပေါ်ထွက်လာသလို ခံစားရတယ်။ နောက်ဆုံးတော့ ကျွန်တော်လည်း နတ်ဝိညာဉ်ရှိသွားပြီပေါ့၊ နောက်ဆုံးတော့ ကျွန်တော်လည်း ရသွားပြီပေါ့။”

“အပျော်မစောနဲ့ဦး။ မင်းရဲ့ကိုယ်ထဲ နတ်ဝိညာဉ်မြန်မြန်ဖိနှိပ်ပြီး လုံးဝအံဝင်သွားအောင် လုပ်လိုက်။”

“နားလည်ပါပြီ။”

ယွင်လီကော ဘေးသို့အမြန်ပြန်ပြေးသွားကာ နတ်ဝိညာဉ်ကို စတင်သန့်စင်တော့သည်။ လုရှောင်ယန်လည်း စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံတော့သည်။

နတ်ဝိညာဉ်ကိုသန့်စင်ခြင်းသည် အချိန်များစွာယူတာကြောင့် သူလည်း ဤနေရာတွင် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းမနေချင်ပေ။

…..

ရက်အနည်းငယ်ကြာပြီးနောက် လုရှောင်ယန် တရားထိုင်နေရာမှ ရုတ်တရက် နိုးထလာခဲ့သည်။

အကြောင်းကတော့ သူ့ခန္ဓာကိုယ်ထဲတွင် စုပ်ယူနိုင်စွမ်းရှိသည့် အနက်ရောင်တွင်းကြီးနှင့်တူသော အနက်ရောင်စိတ်ဝိညာဉ်တစ်ခုပေါ်လာသည်ဟု ခံစားလိုက်ရခြင်းကြောင့်ပင်။

ထိုနတ်ဝိညာဉ်သည် ဘာကြောင့်မှန်းမသိ ရုတ်တရက်ပေါ်လာခဲ့သည်။ ထို့အပြင် အဆင့်သည်လည်း အလွန်နိမ့်ကာ အဆင့်နိမ့်နတ်ဘုရားအဆင့်၏ခွန်အားလောက်သာ ရှိပေသည်။

သို့သော်လည်း ထိုနတ်ဝိညာဉ်ပေါ်လာပြီးနောက်မှာပဲ သူ၏ခန္ဓာကိုယ်ထဲရှိ ကျန်သည့်နတ်ဝိညာဉ်များကို ချက်ချင်းစတင်ဝါးမြိုနေတော့သည်။

ဥပမာအားဖြင့်၊ ကျီဝူရှား၏နတ်ဝိညာဉ်သည် ဥခွံကွဲအက်ပြီးနောက် ဇာမဏီနတ်ဝိညာဉ်ဖြစ်လာခဲ့သည်။ ထိုသို့ဖြင့် လုရှောင်ယန်၏ခန္ဓာကိုယ်ထဲတွင်လည်း ဇာမဏီနတ်ဝိညာဉ်ပေါ်လာခဲ့ပေသည်။

သို့ပေမည့် လက်ရှိအချိန်တွင် ထိုဆန်းကြယ်သည့်အနက်ရောင်လေပွေ၏ ပထမဆုံးဝါးမြိုခြင်းကို ခံလိုက်ရသည်။

အနက်ရောင်လေပွေက ဇာမဏီနတ်ဝိညာဉ်ကို ဝါးမြိုပြီးနောက်မှာတော့ ထိုနတ်ဝိညာဉ်၏အဆင့်သည် ပိုသန်မာလာသည်ကို လုရှောင်ယန် ရှင်းရှင်းလင်းလင်းခံစားမိကာ အရွယ်အစားကပင် ပိုကြီးလာလေသည်။

ပိုပြီး မယုံနိုင်စရာကောင်းသည်က ကျင့်ကြံဆင့်သည်လည်း ခပ်ဖြည်းဖြည်း စတင်မြင့်တက်လာခြင်းပင်။

“ဒါက ဘယ်လို…?”

လုရှောင်ယန် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် ယွင်လီကောကို လှမ်းကြည့်လိုက်သည်။ စစ်မှန်သောအမြင်အာရုံသုံးပါးရှိတာကြောင့် ယွင်လီကော၏ခန္ဓာကိုယ်ထဲတွင်လည်း အနက်ရောင်လေပွေတစ်ခုပေါ်နေသည်ကို သူမြင်နိုင်ပေသည်။ ၎င်းမှာ သူ့ကိုယ်ထဲတွင်ရှိနေသည့်အရာနှင့် တစ်ပုံစံတည်းပင်။ ထိုအခိုက်အတန့်မှာပဲ အနက်ရောင်လေပွေသည် ယွင်လီကော၏ကိုယ်ထဲမှ လိပ်နက်နတ်ဝိညာဉ်ကို ဝါးမြိုလိုက်သည်။

ထိုမြင်ကွင်းကြောင့် လုရှောင်ယန် ထိတ်လန့်သွားလေသည်။

တကယ်တော့ လီကောလည်း သူ့ကိုယ်ပိုင်နတ်ဝိညာဉ်နဲ့ မွေးဖွားလာတဲ့သူပေါ့၊ ဒါတင်မကဘူး တခြားလူတွေနဲ့နတ်ဝိညာဉ်ကိုပါ ဝါးမြိုနိုင်စွမ်းရှိနေသေးတယ်။

ဒီကောင်စုတ်လေးက နည်းနည်းတော့အံ့ဩဖို့ကောင်းသားပဲ!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၆။ အပိုင်း ၂၂၈ လီကော၏လျှို့ဝှက်ချက်

မဟာကျိုးတော်ဝင်မြို့တော် အပြင်ဘက်တွင် ညကောင်းကင်ယံအောက်၌ ဝင့်ကြွားဟန်အပြည့်ဖြင့် လူရိပ်များစွာ ရပ်တန့်နေကြသည်။

သူတို့အားလုံး ရှည်လျားသည့်ဝတ်ရုံများကို ဝတ်ဆင်ထားကြပေမည့် ထိုသူတို့၏ကြမ်းတမ်းသည့်ရောင်ဝါတို့မှာ အမှောင်ထဲတွင် အဆက်မပြတ်ပျံ့နှံ့လို့နေသည်။

“မဟာကျိုးအင်ပါယာလေးကများ ငါတို့နာလန်မိသားစုကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆန့်ကျင့်နေတယ်တဲ့လား။ ငါတို့နာလန်မိသားစုကသာ မဟာကျိုးကို သင်ခန်းစာကောင်းကောင်းမပေးလိုက်ရင် မဟာကျိုးအင်ပါယာက သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းတွေလို့ ထင်သွားကြတော့မယ်။”

“အဟုတ်ပဲ။ ဒီည၊ ငါတို့နာလန်မိသားစုဆိုတာ လွယ်လွယ်ရန်စလို့ရတဲ့လူတွေမဟုတ်မှန်း မဟာကျိုးကို သင်ပြပေးလိုက်ကြတာပေါ့။”

ဘုရင်အဆင့်ကျွမ်းကျင်သူပေါင်းများစွာ၊ ဧကရာဇ်အဆင့်ကျွမ်းကျင်သူ ၃ဦးနှင့် အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူ၂ဦးတို့ ရှိနေလေသည်!

သူတို့တစ်ဖွဲ့လုံး၏ကျင့်ကြံဆင့်ကြောင့်ပင် အားလုံးကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိနေကြခြင်းဖြစ်သည်။

ထို့အပြင် သူတို့အားလုံးသည် နာလန်မိသားစု၏အမှန်အကန်ခွန်အားထဲမှ သေးငယ်သည့်အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်နေသေးသည်။

သူတို့တစ်မိသားစုလုံး၏အင်အားကိုပါ ပေါင်းစုလိုက်ပါက ဤသေးငယ်သည့်မဟာကျိုးအင်ပါယာမှာ ဘယ်လိုမှပြိုင်ဘက်မဖြစ်နိုင်တော့ပေ။

“တိုက်ကြ!”

အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူ၏အမိန့်နှင့်အတူ နာလန်မိသားစုမှကျွမ်းကျင်သူအားလုံးသည် သူတို့၏ရောင်ဝါများကို စိတ်လွတ်လက်လွတ်ထုတ်လွှတ်လိုက်ကြတော့သည်။

ထိုအားကောင်းလှသည့်ရောင်ဝါတို့သည် မဟာကျိုးတော်ဝင်နန်းမြို့တော်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

“ဘယ်လောက်တောင် အားပြင်းလိုက်တဲ့ရောင်ဝါလဲ၊ လူတော်တော်များမယ့်ပုံပဲ!”

“မဟာကျိုးတော်ဝင်နန်းမြို့တော်ကို တစ်ယောက်ယောက် ကျူးကျော်လာတာလား?”

“ကြောက်စရာကောင်းလိုက်တာ၊ ဒီလောက်များပြားတဲ့ အင်အားကြီးကျွမ်းကျင်သူတွေနဲ့သာဆို မဟာကျိုးတော်ဝင်မိသားစုအနေနဲ့ ဘယ်လိုမှခုခံနိုင်မှာမဟုတ်လောက်ဘူး၊ မှန်တယ်မလား?”

“မြန်မြန်ပြေးကြတော့! ခြေနှေးနေလို့ကတော့ ကိုယ့်အသက်ကိုယ် ကာကွယ်နိုင်မှာမဟုတ်ဘူးဟေ့!”

မဟာကျိုးတော်ဝင်နန်းမြို့တော်တစ်ခုလုံးမှ ကျင့်ကြံသူများသည် ကြွက်ကလေးများလို့ ကြောက်လန့်တုန်လှုပ်နေကြတော့သည်။ နာလန်မိသားစုမှလူများ အမှန်တကယ်မရောက်လာသေးဘဲ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံနဲ့တင် သူတို့အားလုံး ကြောက်လန့်တုန်လှုပ်နေကြကာ လားရာအရပ်ရပ်သို့ ပြန့်ကျဲသွားကြတော့သည်။

မြို့၏အစီအရင်ကိုဖြတ်၍ ထိုမြင်ကွင်းကိုမြင်နေရသည့် နာလန်မိသားစုမှကျွမ်းကျင်ူများကတော့ မလှောင်ရယ်မိဘဲ မနေနိုင်ကြပေ။

“ကြွက်လေးတွေပဲ။”

“အပိုတွေပြောမနေကြနဲ့တော့။ အစီအရင်ကိုဖွင့်ပြီး မဟာကျိုးတော်ဝင်နန်းမြို့တော်ကို ဖျက်ဆီးပစ်ကြမယ်။”

“ဟုတ်ကဲ့!”

ဘုရင်အဆင့်ကျွမ်းကျင်သူလေးဦးသည် အစီအရင်၏တည်ချက်ကို တူးထုတ်ဖို့ရန်အတွက် ဓမ္မရတနာလေးခုကို ထုတ်ယူလိုက်ကြသည်။

သူတို့မြို့တော်ထဲဝင်နိုင်ဖို့ရန်အတွက် အစီအရင်ကိုဖယ်ရှားရန် အထူးပစ္စည်းများကိုပင် အသုံးပြုနေကြလေသည်။

ထိုရတနာများထဲသို့ ဝိညာဉ်ကျောက်တုံး သို့မဟုတ် ဝိညာဉ်စွမ်းအားများ လုံလုံလောက်လောက် ထည့်သွင်းပေးသ၍ နှိုင်းယှဉ်မရနိုင်သည့် ပြင်းထန်သော ပေါက်ကွဲမှုကြီးကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

ထိုပြင်းထန်လှသည့်အားက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သည်။ ထိုတိုက်ခိုက်မှုမျိုးနှင့်ဆိုလျှင် မဟာကျိုးတော်ဝင်နန်းမြို့တော်၏ သိုင်းဘုရင်အဆင့်အကာအကွယ်အစီအရင်ကို ဆိုးဆိုးရွားရွားထိခိုက်သွားစေနိုင်ကာ သူတို့ဝင်ဖို့နေရာရသွားပေမည်။

သို့သော်လည်း အစီအရင်လုံးဝမကျဆုံးသေးခင်မှာပဲ မဟာကျိုးတော်ဝင်နန်းမြို့တော်ဘက်က အစီအရင်ကို ဖွင့်ပေးလာခဲ့သည်။

“ဘာဖြစ်ကုန်တာလဲ?”

နာလန်မိသားစုမှလူများ အံ့ဩသွားကြသည်။ သူတို့ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲ မဟာကျိုးတော်ဝင်နန်းမြို့တော်ထဲမှနေပြီး လွန်စွာအားကောင်းလှသည့်အလင်းတန်းများစွာ ပျံ့သန်းထွက်လာခဲ့သည်။

ထိုအလင်းတန်းများကိုမြင်ပြီးနောက် နာလန်မိသားစုဝင်များတို့၏ ဆံပင်များမိုးထိအောင် ထောင်တက်သွားကြတော့သည်။

ရောက်ရှိလာသည့်အဖွဲ့တွင် အနည်းဆုံးအကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူ၇ဦးပါဝင်ကာ ကျန်လူများကတော့ ဧကရာဇ်အဆင့်ကျွမ်းကျင်သူတွေချည်းပင်။ ဒါ့အပြင် အားလုံးပေါင်း အယောက်၃၀မကနေဘူး!

ဒါ့အပြင် ဧကရာဇ်အဆင့်ကျွမ်းကျင်သူအနည်းစုသည် ပြီးပြည့်စုံသောဒဿမအဆင့်သို့တိုင်ရောက်နေကြပြီဖြစ်ကာ အကြီးမြတ်ဆုံးအဆင့်သို့ တက်လှမ်းဖို့ရန် ခြေတစ်လှမ်းမျှသာ လိုကြတော့သည်။

သူတို့အားလုံးနဲ့သာဆို နာလန်မိသားစုတစ်ခုလုံးရဲ့ အင်အားထက်တောင် ကျော်လွန်နေကြပြီပဲ!

“သေစမ်း၊ ငါတို့အငိုက်မိသွားပြီ။ ပြန်ဆုတ်ကြ!”

နာလန်မိသားစုမှလူများသည် မမိုက်မဲကြပေ။ ထိခိုက်ပျက်စီးနိုင်ချေကို အချိန်မီရပ်တန့်ဖို့ သိကြကာ ချက်ချင်းပင် ဆုတ်ခွာဖို့ ရွေးချယ်လိုက်ကြသည်။

ကံမကောင်းစွာဘဲ၊ သူတို့ထွက်ပြေးချင်ကြလျှင်တောင်မှ မဟာကျိုးအကြီးအကဲက သူတို့ကို ဘယ်လိုလုပ်လွှတ်ပေးလိုက်ပါ့မလဲ?

“ငါတို့မဟာကျိုးကို စော်ကားပြီးကာမှ အသက်ရှင်လျက်ပြန်ထွက်သွားချင်သေးတယ်ပေါ့? မင်းတို့နာလန်မိသားစုကလူတွေက အရမ်းစိတ်ကူးယဉ်တတ်ကြတာပဲလား?”

အေးစက်စက်အပြုံးနှင့်အတူ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူ၃ဦးသည် နာလန်မိသားစုကျင့်ကြံသူများရှေ့မှောက်သို့ နေရာကူးပြောင်းသွားကာ ချက်ချင်းပင် ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်လိုက်ကြသည်။

“ညှာမနေနဲ့၊ သတ်ကြ!”

……

တောင်နှင့်မြစ်ပန်းချီထဲတွင် လုရှောင်ယန်၏ကိုယ်ထဲမှ တွင်းနက်နတ်ဝိညာဉ်သည် သူ့ကိုယ်ထဲရှိအခြားသောနတ်ဝိညာဉ်အားလုံးကို ဝါးမြိုသွားခဲ့ပြီဖြစ်သည်။ အခြားသောနတ်ဝိညာဉ်များကို ဝါးမြိုပြီးနောက်မှာတော့ ထိုတွင်းနက်နတ်ဝိညာဉ်သည် သာမာန်အဆင့်နတ်ဝိညာဉ်မှသာ ထိပ်တန်းနတ်ဘုရားအဆင့်နတ်ဝိညာဉ်တစ်ခုအဖြစ်သို့ တိုးတက်သွားခဲ့ပေပြီ။

ဒါတင်မကသေး၊ ၎င်းဝါးမြိုခဲ့သည့်အခြားသောနတ်ဝိညာဉ်အားလုံး၏ အထူးစွမ်းရည်များကိုပါ ရရှိသွားပုံလည်း ပေါ်သေးသည်။

ထိုအချင်းအရာက လုရှောင်ယန်လိုလူမျိုးကို ထိတ်လန့်အံ့ဩသွားစေဖို့ လုံလောက်ခဲ့သည်။

ယွင်လီကော၏စိတ်ဝိညာဉ်က ဘယ်လိုတွေဖြစ်ကုန်တာလဲ? ဘာလို့ဒီလောက်တောင် အားကောင်းနေရတာလဲ?

ထိုနတ်ဝိညာဉ်သည် တခြားသောနတ်ဝိညာဉ်များကို ဝါးမြိုနိုင်သည့်အပြင် အထူးစွမ်းရည်များကိုပါ ဆက်ခံနိုင်လေသည်။

ပုံမှန်နတ်ဝိညာဉ်တစ်ခုတွင် ၎င်းတို့၏စွမ်းရည်တစ်မျိုးတည်းသာရှိတတ်ကြောင်းကိုတော့ သိထားရမည်။

ထို့အပြင် လူတစ်ယောက်၏ဘဝတွင် နတ်ဝိညာဉ်တစ်ခုသာရရှိနိုင်သည်ကိုလည်း မမေ့ထားသင့်ပေ။

ယွင်လီကော၏နတ်ဝိညာဉ်သည် တခြားသောနတ်ဝိညာဉ်များ၏စွမ်းအားကို ရရှိနိုင်ရုံတင်မက အားလုံးကိုနတ်ဝိညာဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်နိုင်သေးသည်။

ဒီအတိုင်းသာဆို လီကောရဲ့အရည်အချင်းက အရမ်းအားနည်းနေရင်တောင်မှ ဒီလိုနတ်ဝိညာဉ်မျိုးနဲ့ဆို အနှေးနဲ့အမြန်ဆိုသလို တခြားလူတွေရဲ့အရည်အချင်းထက်ပင် သာလွန်သွားနိုင်ပေသည်။

လုရှောင်ယန် ခံစားချက်တွေရောထွေးနေချိန်မှာပဲ ယွင်လီကောထံမှ မူမမှန်သည့်တစ်စုံတစ်ရာပြောင်းလဲမှုရှိနေသည်ကို ခံစားမိလိုက်ရသည်။

ယွင်လီကော၏မျက်လုံးများမှာ တင်းကြပ်စွာပိတ်ထားပြီး သွေးကြောများမှာ ဖောင်းပွလာခဲ့သည်။ ၎င်းတို့မှာ တောင်စဉ်တောင်တန်းများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ ကွေ့ကောက်ကြမ်းကြုတ်စွာ ဖြစ်ပေါ်နေခဲ့သည်။

“ဒါက….?”

လုရှောင်ယန်ပင် မထိန်းနိုင်ဘဲ အာမေဍိတ်သံထွက်ပေါ်လာခဲ့ကာ တုံ့ဆိုင်းမနေဘဲ စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းလိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာပဲ လုရှောင်ယန် ပြောစရာစကားတို့ ကင်းမဲ့သွားလေသည်။

ယွင်လီကော၏ တွင်းနက်နတ်ဝိညာဉ်အရည်အသွေးသည် အလွန်အားနည်းကာ လုံလောက်အောင် အင်အားမကြီးကြောင်း တွေ့လိုက်ရသည်။ ဒါကြောင့်ပဲ လုရှောင်ယန်ပေးထားသည့် လိပ်နက်နတ်ဝိညာဉ်ကဲ့သို့ ထိပ်တန်းနတ်ဘုရားအဆင့်နတ်ဝိညာဉ်ကို ဝါးမြိုဖို့ရာအင်အားမလုံလောက်ဖြစ်နေလေသည်။

လက်ရှိအချိန်တွင် လိပ်နက်နတ်ဝိညာဉ်သည် တွင်းနက်အဝတွင် ပိတ်မိနေပြီး တွင်းနက်နှင့်လွန်ဆွဲနေတော့သည်။

“ဒီအရူးကတော့….”

ယွင်လီကောတော့ တိုးတက်နိုင်တော့မည်ဟု လုရှောင်ယန် တွေးမိခဲ့သည်။

မမျှော်လင့်ထားသည်က ယွင်လီကောသည် ထိုနတ်ဝိညာဉ်ကို မဝါးမြိုနိုင်ခဲ့ပေ။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်ပြီးများအဆင့်တက်နိုင်ဦးမှာလဲ?

ကူကယ်ရာမဲ့နေသည့်လုရှောင်ယန်ခမျာ ယွင်လီကော လိပ်နက်နတ်ဝိညာဉ်ကိုဝါးမြိုနိုင်ဖို့ရန်အတွက် သူ့နတ်ဝိညာဉ်ကိုအသက်သွင်းကာ ပြင်ဆင်ပေးဖို့ လိုအပ်လာခဲ့သည်။

သို့သော် ထိုအချိန်မှာပဲ ရုတ်တရက် မတော်တဆတစ်ခုဖြစ်သွားခဲ့သည်။

ယွင်လီကောတွင်းနက်နတ်ဝိညာဉ်သည် ရုတ်တရက်ကြီး သွေးဆာမှုအပြည့်ဖြင့် လွန်စွာ ကြမ်းကြုတ်လာခဲ့သည်။

၎င်း၏စွမ်းအင်များပေါက်ကွဲထွက်လာသည်နှင့် တွင်းနက်၏စုပ်ယူနိုင်စွမ်းအားသည်လည်း ရုတ်ချည်းမြင့်တက်လာခဲ့သည်။

လိပ်နက်နတ်ဝိညာဉ်ထံမှ စူးရှသည့်အော်မြည်သံကြီးပေါ်ထွက်လာကာ ရုန်းကန်ရန်ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားခဲ့ပေပြီ။

၎င်းသည် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားကာ ယွင်လီကော၏တွင်းနက်နတ်ဝိညာဉ်ထံမှ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

လိပ်နက်နတ်ဝိညာဉ်ကို စုပ်ယူပြီးနောက်မှာတော့ ယွင်လီကော၏နတ်ဝိညာဉ်သည် ပိုမိုသန်မာလာခဲ့သည်။ ၎င်းသည် အဆင့်နိမ့်နတ်ဘုရားအဆင့်သို့ပင် ရောက်ရှိသွားနိုင်ခဲ့လေသည်။

ယွင်လီကော၏မျက်နှာအရောင်အသွေးသည်လည်း ပုံမှန်အခြေအနေပြန်ဖြစ်သွားသည်။ သူ၏ကျင့်ကြံခြင်းသည်လည်း တစ်ခါတည်းနှင့် အဆင့်သေး၂ဆင့်ခုန်တက်သွားခဲ့သည်။

ယခုဆိုလျှင် ယွင်လီကောသည် ဘုရင်ပထမအဆင့်မှနေ ဘုရင်တတိယအဆင့်ထ ချိုးဖြတ်သွားနိုင်ခဲ့သည်။

ဟ!

ခပ်ဖြည်းဖြည်းသက်ပြင်းချက်သံနှင့်အတူ ယွင်လီကော၏မျက်လုံးများ ပွင့်လာဲ့သည်။ သူ့ခန္ဓာထဲမှကျင့်ကြံဆင့်ကိုအာရုံခံလိုက်ကာ အဆင့်သေးနှစ်ဆင့်တက်သွားကြောင်း သိလိုက်ရသည်နှင့် စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ပြန်ခဲ့ပေ။

“ဆရာ၊ ကျွန်တော် အဆင့်တက်သွားပြီ၊ ကျွန်တော်အဆင့်ထပ်တက်သွားပြန်ပြီ!”

သူ့စကားကို နားထောင်ကြည့်လိုက်ရုံဖြင့် ယွင်လီကောအတွက် အဆင့်တက်ဖို့ဆိုသည်က မည်မျှခက်ခဲကြောင်းသိရပေမည်။

သူ၏ဆရာတူညီငယ်ညီမငယ်များနှင့်ယှဉ်လျှင် သူသည် သာမာန်ကျင့်ကြံသူတစ်ယောက်နီးနီးဟုပင် သတ်မှတ်လို့ရသည်။

အခုတော့ လုရှောင်ယန်၏အကူအညီဖြင့် နတ်ဝိညာဉ်တစ်ခုကို ရရှိခဲ့ရုံသာမကဘဲ ကျင့်ကြံဆင့်တောင်မှ တိုးသွားခဲ့ပေသည်။

သူ၏တိုးတက်မှုက သေးငယ်လှသော်လည်း သူ့အတွက်တော့ ဤသို့တိုးတက်ဖို့ကပင် ရှားပါးခက်ခဲလှသည်။

လုရှောင်ယန်က၊ “ဒါပေါ့၊ ငါမင်းကို ထိပ်တန်းနတ်ဘုရားအဆင့် နတ်ဝိညာဉ်ပေးခဲ့တာ အချည်းအနှီးတော့ဖြစ်မလား။”

သူအဆုံးထိမပြောရသေးခင်မှာပဲ ယွင်လီကော၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားကာ စိတ်ပျက်ဝမ်းနည်းသွားပုံပေါက်လေသည်။

“ဆရာကျွန်တော့်ကိုပေးတဲ့နတ်ဝိညာဉ် ထိပ်တန်းနတ်ဘုရားအဆင့်ဆိုပေမယ့် ကံမကောင်းစွာဘဲ ကျွန်တော့်ရဲ့ကိုယ်ပိုင်နတ်ဝိညာဉ်က ဝါးမြိုပစ်လိုက်ပြီ။ အခုတော့ ကျွန်တော့်မှာ အဆင့်နိမ့်နတ်ဘုရားအဆင့် နတ်ဝိညာဉ်တစ်ခုပဲ ကျန်ခဲ့တော့တယ်။”

“ငတုံး၊ မင်းဘာသာမင်းဆုံးဖြတ်မနေနဲ့။ နတ်ဘုရားအဆင့်ရောက်အောင် ကျင့်ကြံပြီးရင် နတ်ဝိညာဉ်ကိုစောင့်ရှောက်ဖို့က အရေးကြီးဆုံးအရာဖြစ်သွားပြီ။ မင်းနတ်ဝိညာဉ်ရဲ့အခြေခံက သူများတွေထက်နိမ့်နေရင်တောင် မင်းရဲ့နတ်ဝိညာဉ်ကဆက်ပြီးတိုးတက်လာနိုင်သေးတယ်။

ဒီတစ်ခုတည်းနဲ့တင် မင်းကိုပိုပြီးဖြစ်မြောက်အောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိတယ်။”

“တကယ်ပဲလား?”

ယွင်လီကော မယုံကြည်နိုင်စွာဖြင့် လုရှောင်ယန်ကိုကြည့်လိုက်ရာ လုရှောင်ယန်လည်း သေချာခေါင်းညိတ်ပြလိုက်သည်။

သူပြောလိုက်တာ အမှန်တရားပင်။ ထိုသို့ပြောနိုင်ခြင်းမှာ ယွင်လီကောသည် တွင်းနက်နတ်ဝိညာဉ်ရအောင်ကျင့်ကြံနိုင်ခဲ့တာကြောင့် သူ့ကိုယ်ထဲတွင်ပါ တွင်းနက်နတ်ဝိညာဉ်ပေါ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် တခြားသောနတ်ဝိညာဉ်များကို ဝါးမြိုလိုက်ပြီးနောက် လုရှောင်ယန်၏ကိုယ်ထဲမှ တွင်းနက်နတ်ဝိညာဉ်သည် အဆင့်နိမ့်မှသည် ထိပ်တန်းနတ်ဘုရားအဆင့်သို့တိုင် မြင့်တက်သွားနိုင်ခဲ့ခြင်းကြောင့်ပင်။

ယွင်လီကော၏တွင်းနက်နတ်ဝိညာဉ်သည်လည်း သူနှင့်အလားတူစွမ်းရည်မျိုး ရှိပေလိမ့်မည်။

တခြားလူများ၏နတ်ဝိညာဉ်များသည်တော့ ဤကဲ့သို့အဆင့်တက်နိုင်ခြင်းမရှိကြောင်း သိထားရပေမည်။

ဒါကြောင့်ပဲ လက်ရှိတွင် ယွင်လီကောသည် သူ့တပည့်တွေအားလုံးထဲတွင် ဖျက်မြင်းဖြစ်လာနိုင်ချေအမြင့်ဆုံးပင်။

ဒါ့အပြင် အနာဂါတ်တွင် ယွင်လီကောသည် သူ၏တပည့်ခေါင်းဆောင်ဖြစ်ဖို့ရန် အမှန်တကယ်အရည်ချင်းပြည့်မီလာပေလိမ့်မည်။

ဒါပေါ့ အားလုံးက နတ်လောကသို့ ခြေမဆန့်နိုင်ခင်အထိ စောင့်ဖိုလိုအပ်သည်။ လောလောဆယ်မှာတော့ လုံးဝမဖြစ်နိုင်ဆုံးအိပ်မက်ပဲပေါ့။

အကြောင်းကတော့ သေမျိုးလောကတွင် နတ်ဝိညာဉ်များမရှိခြင်းကြောင့်ပင်။ သူ့လက်အောက်ခံများသည်သာ ပုံမှန်မဟုတ်ဘဲ နတ်ဝိညာဉ်ရအောင် ကျင့်ကြံနိုင်ကြခြင်းဖြစ်သည်။

သူ့အနေနှင့် ယွင်လီကောကို သူ့ဆရာတူညီငယ်ညီမငယ်များ၏ နတ်ဝိညာဉ်ကို ဝါးမြိုခွင့်မပြုနိုင်ပေ။

“ကောင်းပြီ! ကျွန်တော်အားပြန်ပြည့်သွားပြီ။ ဝီရိယရှိရှိကျင့်ကြံချင်တယ်။”

ယွင်လီကော အလွန်အမင်းစိတ်လှုပ်ရှားနေကာ တောင်နှင့်မြစ်ပန်းချီထဲကနေပြီး ပြေးထွက်သွားတော့သည်။

လုရှောင်ယန်သည်တော့ ကူကယ်ရာမဲ့စွာခေါင်းယမ်းနေမိလေသည်။

ဒီကောင်စုတ်လေးက ပိုပြီးသန်မာလာလေ သူ့ဦးဏှောက်ကပိုလွတ်လာလေပဲ။

တချိန်လုံးကို ကျင့်ကြံနေတော့တာပဲ။

ထိုအချိန်မှာပဲ တောင်နှင့်မြစ်ပန်းချီထဲမှတစ်စုံတစ်ခုပျောက်ဆုံးနေသည်ဟု အာရုံခံလိုက်မိသည်။

သူနတ်အာရုံကိုဖြန့်ကျက်ကြည့်လိုက်ချိန်မှာတော့ လုရှောင်ယန် ထိုနေရာတွင်ပဲ ကြက်သေသေကာ ရပ်နေမိသွားပြန်သည်။

“ယွင်လီကော၊ ဒီကောင်စုတ်လေး၊ ငါ့ရဲ့နတ်သားရဲဥကို ခိုးသွားပြန်ပြီ!”

သူထိုသို့ကျိန်ဆဲနေသော်လည်း အတည်ပေါက်ပြောနေခြင်းတော့မဟုတ်ပေ။

ဒါက နတ်သားရဲဥလေးပဲလေ၊ ထားလိုက်ပါတော့။

လီကော၏ကျင့်ကြံဆင့်သည် အလွန်နိမ့်နေသည်။ သူ့အနေနှင့် ကျင့်ကြံဆင့်မြင့်တက်ဖို့ရန် နတ်သားရဲဥနည်းနည်းလောက်စားပေးတာလည်း ကောင်းတဲ့အရာပဲ။ ထိုသို့စားခြင်းက သူ့တပည့်၏ကျင့်ကြံဆင့်ကို အနည်းငယ်မျှတော့ တိုးတက်စေနိုင်တာကြောင့် လုရှောင်ယန် စိတ်ထဲထားမနေတော့ပေ။

…..

နောက်ဆက်လက်အချိန်များအတွင်း အမည်မဲ့ဂိုဏ်းမှလူတိုင်းသည် တချိန်လုံးတံခါးပိတ်ကျင့်ကြံနေကြကာ အပြင်ဘက်ရှိမည်သည့်အကြောင်းကိစ္စကိုမှ အာရုံမထားခဲ့ကြပေ။

လူတိုင်း သူတို့၏ကျင့်ကြံဆင့်တိုးတက်ဖို့ကိုသာ အစွမ်းကုန်ကြိုးစားနေခဲ့ကြသည်။

သတင်းအကြောင်းအရာအားလုံးမှာတော့ မဟာကျိုးတော်ဝင်မိသားစုမှကျီဝူရှန်က တိတ်တဆိတ်ပို့ဆောင်ပေးနေခဲ့သည်။

ထိုသို့လုပ်ရခြင်းကလည်း လုရှောင်ယန်သူ့အတွက်ထားခဲ့ပေးသည့် မစ်ရှင်တစ်ခုပင်။ သူက ကျီဝူရှန်နိုင်ငံရေးကိစ္စများ ဖြေရှင်းဆောင်ရွက်တိုင်း သူ့အတွက်ပါ ကူးယူပေးပို့ရန် ပြောထားခဲ့ခြင်းဖြစ်သည်။

သတင်းအချက်အလက်သည်က လွန်စွာအရေးပါသောအရာဖြစ်သည်။ ကိစ္စများကိုသိထားခြင်းက ပျက်စီးဆုံးရှုံးမှုကြီးမားခြင်းမှ ကာကွယ်ပေးနိုင်ပေသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း လုရှောင်ယန်သည် ကျင့်ကြံခြင်း၊ လက်နက်ထုလုပ်ခြင်းနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို တိုးမြှင့်ခြင်းတို့ထက် ကျီဝူရှန်ပို့ပေးလာသည့် သတင်းအချက်အလက်များကို လက်ဖက်ရည်လေးသောက်ရင်းသာ ဖတ်နေခဲ့သည်။

“မဟာကျိုးသက္ကရာဇ် ၂၀၂၁ခုနှစ် ဆောင်းဦးရာသီ၊ အကြောင်းအရင်းတချို့ကြောင့် မိစ္ဆာသားရဲများသည် ရှေးဟောင်းတောင်နယ်နိမိတ်ထဲတွင် ပေါက်ကွဲနေကြသည်။ အရေအတွက်၁၀သန်းမျှရှိသည့် သန်မာလှသောတပ်မကြီးအဖြစ် စုစည်းကာ မဟာချင်အင်ပါယာကိုတိုက်ခိုက်ခဲ့ကြသည်။ ရက်အနည်းငယ်အတွင်းမှာပဲ ကီလိုမီတာ၁သောင်းအထိ နယ်မြေချဲ့ထွင်ခဲ့ကာ လူသားပေါင်းသန်းရာချီကို ဝါးမြိုခဲ့သည်။”

….

“မဟာကျိုးသက္ကရာဇ် ၂၀၂၁ခုနှစ် ဆောင်းဦးနှောင်းပိုင်း၊ နာလန်မိသားစု၏အမွေအနှစ်ရတနာကို ရှာဖွေမည်ဆိုသည့် အကြောင်းပြချက်ကိုသုံးကာ နာလန်မိသားစုမှကျွမ်းကျင်သူမြောက်မြားစွာသည် မဟာကျိုးတော်ဝင်နန်းမြို့တော်အား တိုက်ခိုက်ခဲ့သည်။ ထို့နောက် မဟာကျိုးတော်ဝင်မိသားစုဘက်မှ ပြန်လည်တိုက်ထုတ်ပြီး အားလုံးကို ရှင်းလင်းပစ်ခဲ့သည်။ နာလန်မိသားစုမှ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူ၂ဦး၊ ဧကရာဇ်အဆင့်ကျွမ်းကျင်သူ၃ဦးနှင့် ဘုရင်အဆင့်ကျွမ်းကျင်သူများစွာကို သတ်ပစ်ခဲ့သည်။”

….

“မဟာကျိုးသက္ကရာဇ် ၂၀၂၁ခုနှစ် ဆောင်းဦးရာသီအဆုံး၊ မဟာချင်အင်ပါယာမှတိုက်ပွဲသည် အရှိန်အဟုန်မြင့်လာခဲ့သည်။ ထိပ်တန်းအရာရှိငါးဦးလုံး ရှုံးနိမ့်ခဲ့သည်။ မဟာချင်အင်ပါယာက ထိပ်တန်းအရာရှိတစ်ဦးအသစ်ခန့်အပ်လိုက်သည်။ ကျူးကောဖေးအာမှ သူမ၏အဇူရာစစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲနယ်မြေသို့ အရှိန်ပြင်းပြင်းတိုးဝင်ခဲ့သည်။”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၆။ အပိုင်း ၂၂၉ သူတော်စင်အဆင့်

“ဟစ်! တိုက်ပွဲက ဒီလောက်အထိ ပြင်းထန်လာမယ်လို့ မထင်ထားဘူး။ ကံကောင်းလို့ ငါအားလုံးကို အမည်မဲ့ဂိုဏ်းထဲမှာပုန်းကွယ်ပြီး ကျင့်ကြံဖို့ခေါ်လာခဲ့လို့ပေါ့။ မဟုတ်ရင် ငါပါငြိသွားလိမ့်မယ်။”

လုရှောင်ယန် သက်ပြင်းချလိုက်ကာ သူ့ရဲ့ကြိုမြင်တတ်မှုအပေါ် အတော်လေးကျေနပ်နေလေသည်။

သူသာ တော်ဝင်မြို့တော်မှာပဲဆက်ရှိနေဦးမည်ဆိုလျှင် ထိုတိုက်ပွဲနှင့်အကြောင်းတစ်ခုခုကြောင့် ပါဝင်ပတ်သတ်ရနိုင်သည်။ အဲ့လိုသာဆို သူဘယ်လိုလုပ် တိတ်တိတ်ဆိတ်ဆိတ်ကျင့်ကြံနိုင်တော့မလဲ?

ဒါပေါ့၊ ထိုပွဲကြီးပွဲကောင်းတွေက သူနှင့် အနည်းနဲ့အများပတ်သတ်နေပေသည်။ သို့သော်လည်း လုရှောင်ယန်ကတော့ အပြစ်တင်ခံဖို့ နည်းနည်းလေးတောင်မှ စိတ်ကူးရှိမနေခဲ့ပေ။

နာလန်မိသားစု၊ နာလန်ဟုန်ယွီနဲ့ မိစ္ဆာသားရဲတွေက သူနဲ့ဘာများဆိုင်နေလို့လဲ? စုန့်ရှင်းနျန်ရဲ့ရန်သူဟောင်း ချမ်းသာတဲ့မြင်းနက်ကရော သူနဲ့ဘာများဆိုင်နေလို့လဲ?

ဘာပဲဖြစ်ဖြစ် သူကို တခြားလူတွေလာတိုက်ခိုက်မှာကို ဒီတိုင်းခွင့်ပြုထားလိုက်လို့မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား?

ဒီနည်းနဲ့ဆို အပြင်ကလူတွေ သူတို့စိတ်ကျေနပ်သည်အထိ တိုက်ခိုက်ခွင့်ပြုထားပြီးသားဖြစ်သွားမယ်။ တစ်ဖက်မှာတော့ သူ့တပည့်တွေနဲ့အတူ ဆက်ပြီးကျင့်ကြံနိုင်သလို ဘယ်သူကမှလည်း ဝင်နှောင့်ယှက်နိုင်မှာမဟုတ်ဘူး။ သူဒီလိုပဲ ဆက်ပြီးဘာသိဘာသာဆက်နေမယ်ဆိုရင် နောက်ထပ်၂နှစ်လောက်ဆို သူလည်း သိုင်းဘုရင်အဆင့်ထဲသို့ အောင်အောင်မြင်မြင်ခြေချနိုင်ပြီး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာလိမ့်မယ်။

ထိုအချိန်ကျလျှင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်တောင်မှ ပြန်လည်တိုက်ခိုက်ဖို့ခွန်အားရှိနေပြီဖြစ်မည်။

ဘယ်လောက်တောင် ကောင်းလိုက်တဲ့အစီအစဉ်လဲ!

ထို့အပြင် ကျူးကောကျီချုံ၏ရန်သူဟောင်းဖြစ်သည့် ကျူးကောဖေးအာ၏လုပ်နိုင်စွမ်းကိုလည်း သူသိလိုက်ရသည်။

သူမသည် ပြိုင်ဘက်ကင်းတိုက်ပွဲနတ်ဘုရားမတစ်ပါးဖြစ်ကာ သူမလက်အောက်တွင် အင်အားကြီးသည့်ဖြစ်တည်မှုမြောက်မြားစွာ ရှိနေသည်။

သို့သော် အခုဆို မိစ္ဆာသားရဲများသည် ကြမ်းကြုတ်ခက်ထန်နေကြကာ တိုက်ပွဲအချိန်ကာလအတွင်း ၎င်းတို့၏တိုးတက်မှုကို ရပ်တန့်နိုင်သင့်သည်။

မြင်းနက်များသည် တိုက်ပွဲအတွင်းမှာမဟုတ်ဘဲ တိုက်ပွဲပြီးနောက်တွင်မှ အဆင့်တက်လေ့ရှိသည်။

ထိုအချိန်မျိုးတွင် သူက တစ်ဖက်လူ တိုက်ပွဲတိုက်ခိုက်၍ပြီးခါစအချိန်တွင် အခွင့်ကောင်းယူကာ တိုက်ခိုက်ရမည်။ သူမ၏ခွန်အားတိုးတက်ဖို့အတွက် တိုက်ပွဲပြီးနောက် သူမလက်ထဲတွင်ရလာမည့် အရင်းအမြစ်များကို အသုံးမပြုနိုင်ခင် သူ့ဘက်ကလှုပ်ရှားရမည်။

ပြီးပြည့်စုံတယ်!

ထိုသို့သောအခြေအနေကောင်းတွေကြောင့် လုရှောင်ယန် သူ၏ကံအရမ်းတိုးလာသည်ဟု ခံစားလိုက်ရသည်။ သူလည်း တစ်ဖက်ကို ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်အောင် မလုပ်လိုပေ။

ကံကောင်းခြင်းရွှေနဂါးကိုစားခဲ့တာကြောင့် သူ့ကံသည်လည်း သိသိသာသာပြောင်းလဲလာခဲ့သည်။

ထိုသို့တွေးလိုက်မိသည်နှင့် လုရှောင်ယန်တစ်ယောက် တောင်နှင့်မြစ်ပန်းချီကားထဲတွင်ပဲ ကံကောင်းခြင်းရွှေနဂါး၃ကောင်ကို ထုတ်ယူလိုက်သည်။

ထို့နောက် ယခင်နည်းလမ်းအတိုင်းသာ ဆက်သုံးခဲ့သည်။ သိုင်းဘုရင်အဆင့်လှံတစ်ချောင်းကို ထုတ်ကာ နဂါးများကို လည်ချောင်းမှနေပြီး လှံဖြင့်တံဆို့ထိုးလိုက်သည်။ ထို့နောက် ဆီသုတ်ကာ မီးစကင်လေသည်။ ထို့နောက် ဆီသုတ်လိုက်ပြန်ကင်လိုက်၊ ဆီသုတ်လိုက်ပြန်ကင်လိုက်ဖြင့်…. ကံကောင်းခြင်းရွှေနဂါးများကို အပြင်လွှာကြွပ်ရွကာ အတွင်းသားများနူးညံ့လာသည်အထိ ထပ်ခါတလဲလဲပြုလုပ်နေသည်။ ထို့နောက်မှာတော့ ဆားအနည်းငယ်၊ ငရုတ်သီးမှုအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ကို ဖြူးလိုက်လေသည်….

….

ထာဝရသစ်တောရှိ၊ နာလန်မိသားစု ခန်းမဆောင်ထဲတွင် မိသားစုခေါင်းဆောင် နာလန်ထျန်းတောက်၏အမူအရာမှာ လွန်စွာမည်းမှောင်နေခဲ့သည်။

“ငါတို့နာလန်မိသားစုရဲ့အမွေအနှစ်ရတနာက ပျောက်ဆုံးသွားခဲ့တယ်။ အခုတော့ ငါတို့ အင်အားကြီးကျွမ်းကျင်သူတစ်ဖွဲ့ကြီးကိုပါ ဆုံးရှုံးလိုက်ရပြန်ပြီ။

ကြီးကျယ်ခမ်းနားတဲ့နာလန်မိသားစုကြီးရဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်မလဲ?”

နာလန်မိသားစုအကြီးအကဲများ၏အမူအရာတို့မှာလည်း မကောင်းကြပေ။

လွန်ခဲ့သောနှစ်ပေါင်း၁သောင်းခန့်တုန်းက နာလန်မိသားစုတွင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများပေါ်ထွက်ခဲ့ဖူးသည်ကို သိထားရမည်။

ထို့အပြင် တစ်ယောက်ထက်လည်းမကပေ။

အခုချိန်တွင် နာလန်မိသားစုသည် အင်အားဆုတ်ယုတ်နေပြီဆိုလျှင်တောင်မှ ထာဝရသစ်တောထဲတွင် မျိုးနွယ်ကြီးတစ်ခုအဖြစ် တည်တံ့နိုင်နေတုန်းပင်။

မိသားစုထဲတွင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူမရှိသော်လည်း သူတော်စင်အဆင့်ကျွမ်းကျင်သူများကတော့ ရှိနေတုန်းပင်။

ဒါကြောင့်ပဲ နာလန်မိသားစုသည် သစ်တောထဲရှိသစ်ပင်များလို ကျွမ်းကျင်သူပေါင်းများစွာရှိနေသည့် ထာဝရသစ်တောထဲတွင် နေရာတစ်ခုရခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဒီလိုအင်အားကြီးမားလှတဲ့နာလန်မိသားစုသည် အပြင်ဘက်ရှိအင်ပါယာငယ်လေးတစ်ခုမှ သတ်ဖြတ်ခြင်းကို အမှန်တကယ်ခံလိုက်ရပေသည်။

ဒီလိုအရှက်ကွဲမှုမျိုးကို ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ?

ဒီသတင်းသာပျံ့သွားခဲ့လျှင် ထာဝရသစ်တောတစ်ခုလုံးရှိ ကျော်ကြားသည့်မိသားစုကြီးများက နာလန်မိသားစုကို ဘယ်လိုမြင်သွားကြမလဲ?

“ငါတို့ မဟာကျိုးအင်ပါယာကိုအပြစ်ပေးကြမယ်။”

“ဘာမှအပိုတွေပြောနေဖို့ကိုမလိုဘူး။ အခုပဲ မဟာကျိုးအင်ပါယာကို သွားဖျက်ဆီးပစ်ကြမယ်။”

နာလန်ထျန်းတောက်၏မျက်လုံးများက တောက်ပနေကာ နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တို့ ပြည့်နှက်နေသည်။

“ကြည့်ရတာ နာလန်မိသားစုရဲ့အကြီးအကဲကို လှုပ်ရှားဖို့အတွက် ပြောရတော့မယ့် အချိန်ပဲ။”

လူတိုင်း၏နှလုံးသားများ တုန်လှုပ်သွားကြသည်။

မိသားစုခေါင်းဆောင်က တကယ်ပဲအကြီးအကဲကို လှုပ်ရှားဖို့ သွားပြောတော့မှာလား?

ဘုရားရေ၊ ဒီတစ်ခေါက်တော့ မိသားစုခေါင်းဆောင် တကယ်ကြီးလုပ်တော့မှာပေါ့။

ထိုအကြီးအကဲသည် နာလန်တစ်မိသားစုလုံး၏အရေးကြီးလှသည့် ဝှက်ဖဲဖြစ်ကြောင်း သိထားရမည်။ သေချာပေါက်လိုအပ်နေသည့်အကြောင်းကြောင့်သာမဟုတ်လျှင် သူ့ကိုစလှုပ်ရှားဖို့ သူတို့ပြောကြလိမ့်မည်မဟုတ်ပေ။

တစ်ဖက်လူက သူတော်စင်အဆင့်ကျွမ်းကျင်သူကြီးလေ!

သူတော်စင်ဆိုသည့်စကားလုံးကတင် အားလုံးကိုရှင်းပြဖို့လုံလောက်နေပြီဖြစ်သည်။

ဘယ်လိုချီးကျူးဂုဏ်မြှောက်ပေးမှုမျိုးကိုမှ မလိုနေတော့ဘူး။

သူတို့အတွက်တော့ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးသည် သူတို့အတွက် အိပ်မက်,မက်ရုံသာတတ်နိုင်သည့် တည်ရှိမှုမျိုးပင်။

ထိုအချိန်မှာပဲ သူတို့အစီအစဉ်များသည်လည်း ပိုမိုခိုင်မာသွားခဲ့သည်။

…..

တစ်ဖက်မှာတော့ အမည်မဲ့ဂိုဏ်းတွင်… နောက်ထပ်နှစ်တစ်နှစ်က မျက်စိတ်တစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။

ကုန်လွန်ခဲ့သည့်နှစ်တစ်ဝက်အတွင်း အမည်မဲ့ဂိုဏ်းတစ်ခုလုံး၏အင်အားမှာ တစ်တန်းတည်း တိုးတက်လာခဲ့ကြသည်။

စုန့်ရှင်းနျန်၏တိုးတက်မှုသည် အထင်ကြီးစရာအကောင်းဆုံးဖြစ်ကာ ပြီးပြည့်စုံသော အကြီးမြတ်ဆုံးပထမအဆင့်သို့ပင် အောင်အောင်မြင်မြင်လှမ်းဝင်နိုင်ခဲ့ပေပြီ။

သူ၏နဂိုအရည်အချင်းကပင် လွန်စွာအားကောင်းတာကြောင့် ကျင့်ကြံဆင့်သည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူသာ လုရှောင်ယန်နှင့်မတွေ့ခဲ့ဘဲ အကောင်းမွန်ဆုံးသောဆေးလုံးများကို မသောက်သုံးခဲ့ရလျှင် ဤမျှအားကောင်းသည့်ကျင့်ကြံဆင့်မျိုးအထိ တိုးတက်လာဖို့ဆိုသည်က မဖြစ်နိုင်ပေ။

ပင်ကိုအရည်အချင်း ပိုမိုခိုင်မာလျှင် ကျင့်ကြံဆင့်သည်လည်း ပိုမိုလျင်လျင်မြန်မြန် တိုးတက်လာနိုင်သည်ဟု ပြော၍ရသည်။

အရင်းအမြစ်ပေါပေါများများနှင့်သာဆိုလျှင် တခြားဂိုဏ်းမှတပည့်များ အဆပေါင်းဒါဇင်မက တိုးတက်မှုမြင့်သွားပေဦးမည်။

လီချန်းရှန်သည် ပြီးပြည့်စုံသော အကြီးမြတ်ဆုံး ဒုတိယအဆင့်သို့ရောက်နေပြီဖြစ်ကာ အကြီးမြတ်ဆုံး တတိယအဆင့်သို့ အချိန်မရွေးတက်လှမ်းသွားနိုင်ပေသည်။

ပြောရရင် သူ၏အရည်အချင်းကလည်း မဆိုးလှပေ။ ထို့အပြင် သူ၏ကျင့်ကြံမှုသည် စုန့်ရှင်းနျန်ထက် များစွာသန်မာတာကြောင့် တိုးတက်မှုသည်လည်း ပိုကြီးမားသည်။

သို့သော်လည်း ဤနှုန်းအတိုင်းသာဆက်သွားမည်ဆိုလျှင် စုန့်ရှင်းနျန်း သူ့ကိုကျော်တက်သွားဖို့က သိပ်မကြာလောက်တော့ပေ။

ဖုန်းထျန်းယွမ်နှင့်ကျူးကောကျီချုံတို့၏တိုးတက်မှုသည်လည်း လွန်စွာလျင်မြန်ပေသည်။ တစ်ယောက်၏ကျင့်ကြံဆင့်သည် ဧကရာဇ်အဌမမြောက်အဆင့်သို့မြင့်တက်သွားပြီဖြစ်ကာ ကျန်တစ်ယောက်သည်တော့ ဧကရာဇ်ပဉ္စမအဆင့်သို့ ရောက်သွားပြီဖြစ်သည်။

လီချန်းရှန်နှင့်စုန့်ရှင်းနျန်လောက်တော့ မဟုတ်သေးသော်လည်း သူတို့၏ကျင့်ကြံခြင်းသည်လည်း အထင်ကြီးစရာကောင်းနေဆဲဖြစ်ကာ တော်တော်လေးတိုးတက်လာနေသည်။

ကျီဝူရှားက အနည်းငယ်နောက်ကောက်ကျနေသော်လည်း ဧကရာဇ်ဒုတိယအဆင့်ကိုတော့ ချိုးဖောက်နိုင်ခဲ့ပြီဖြစ်သည်။

“ပြောကာမှ၊ ဟိုကောင်စုတ်လေးလီကော ငါ့ရဲ့နတ်ဝိညာဉ်သားရဲဥ နောက်တစ်လုံးကို စားလိုက်ပြီလေ။ ဒီတော့ သူ့ကျင့်ကြံဆင့်လည်း ထပ်ပြီး တိုးလောက်ရောပေါ့?”

သို့သော်လည်း ယွင်လီကော၏ကျင့်ကြံဆင့်ကိုမြင်ပြီးနောက်မှာတော့ လုရှောင်ယန် ထပ်မံတိတ်ဆိတ်သွားပြန်သည်။

ဧကရာဇ် ပထမအဆင့်။

ဒီကျင့်ကြံဆင့်က မြင့်တာလည်းမဟုတ် နိမ့်တာလည်းမဟုတ်ဘူး။

နတ်သားရဲဥကို မစားရင်တောင် လုံလောက်နေပါပြီ။

ပြောရရင် လီကောရဲ့အရည်အချင်းက တော်တော်လေးနိမ့်တယ်လေ။

သို့သော်လည်း နတ်သားရဲဥကို စားပြီးတာတောင်မှ ကျီဝူရှားကို မကျော်တက်နိုင်သေးဘူး။ ဒါက လုရှောင်ယန် လုပ်ပေးလို့ရတဲ့အရာလည်း မဟုတ်ဘူးလေ။

တကယ်တော့ လုရှောင်ယန်သည်လည်း ယွင်လီကောကိုပိုပြီးသန်မာလာစေချင်လျှင် လီကော နတ်လောကထဲသို့ခြေဆန့်ပြီး သူ့နတ်ဝိညာဉ်၏သက်ရောက်မှုကို အပြည့်အဝထုတ်ဖော်နိုင်သည်အထိ စောင့်ရမည်မှန်း သေချာသိပေသည်။

ယွင်လီကော၏အရည်အချင်းတိုးတက်လာပြီး ပိုသန်မာလာစေဖို့ရန်က တခြားသောနတ်ဝိညာဉ်များကို ဝါးမြိုဖို့ရန်သာရှိသည်။

ဤတိုက်ကြီးထဲတွင်တော့ လီကောအတွက် ဝါးမြိုဖို့ရန် နတ်ဝိညာဉ်ရှာတွေဖို့ဆိုသည်က မဖြစ်နိုင်ပေ။

သူ့တပည့်များ၏ကျင့်ကြံမှုကြောင့် လုရှောင်ယန်၏ကိုယ်ပိုင်ကျင့်ကြံဆင့်သည်လည်း သူတော်စင်နဝမအဆင့်သို့တိုင် တိုးတက်သွားခဲ့ပေသည်။ သူ့အနေနှင့် သိုင်းဘုရင်အဆင့်သို့ရောက်ရန် အဆင့်သေးလေးတစ်ခုသာလိုတော့ပြီး မကြာခင် အပြည့်အဝချိုးဖြတ်ဝင်ရောက်နိုင်ပေတော့မည်။

ဒါ့အပြင် ပစ္စည်းကောင်းများပါဝင်သည့် လက်ဆောင်အိတ်များကိုလည်း ဖွင့်ခဲ့လေသည်။ အခြေခံအားဖြင့် အားလုံးမှာ ထိပ်တန်းနတ်ဘုရားအဆင့်ပစ္စည်းများပင်။ ပစ္စည်းအားလုံးပေါင်းလိုက်ရာ တောင်နှင့်မြစ်ပန်းချီကားထဲတွင် တောင်ကုန်းလေးတစ်ခုလိုပင် ပုံနေပြီဖြစ်သည်။ ဒါကြောင့်ပဲ အခုဆို သိုင်းဘုရင်အဆင့်လက်နက်များမှာ သူ့မျက်လုံးထဲတွင် အမှိုက်စများလို ထင်နေမိပေသည်။

တစ်ချိန်တည်းမှာပဲ မဟာချင်အင်ပါဘာက မိစ္ဆာသားရဲတပ်စုကြီးကို ဖိနှိပ်နိုင်ခဲ့သည်။

ကျူးကောကျီချုံ၏ညီမသည် တကယ်ကိုလုပ်နိုင်စွမ်းရှိသူပင်။

အမျိုးသမီးတစ်ယောက်အနေဖြင့် သူမသည် မဟာချင်အပါယာကို ခေါင်းခဲနေစေသည့် ထောင်လွှားကြမ်းကြုတ်လှသော မိစ္ဆာသားရဲအုပ်ကြီးကို တွန်းလှန်နိုင်ခဲ့သည်။

ဒီအချက်ကပဲ လုရှောင်ယန်ကို သတိလက်လွတ်မဖြစ်ရဲစေတော့ပေ။ သူ့တွင် တပည့်များ၏ကျင့်ကြံမှုကို အရှိန်မြှင့်ရန် လောပေးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။

မဟုတ်လို့ကတော့ တစ်ဖက်လူကို သူအောင်အောင်မြင်မြန်အနိုင်မပိုင်းလိုက်နိုင်မည်ဟု စိုးရိမ်မိပေသည်။

အစကတော့ နောက်ထပ်လအနည်းငယ်လောက် ဆက်ပြီးပုန်းအောင်းနေဖို့ စိတ်ကူးထားခဲ့သော်လည်း တစ်နေ့တွင် မတော်တဆမှုတစ်ခုဖြစ်လာခဲ့သည်။

ထိုနေ့သည် မဟာချင်အင်ပါယာ၏တိုက်ပွဲရပ်စဲပြီး သိပ်မကြာသေးခင်ဖြစ်ကာ မဟာကျိုးအင်ပါယာဘက်တွင် ရုတ်တရက်ဆိုသလို လွန်စွာပြင်းထန်လှသည့်အင်အားတစ်ရပ်ပေါ်ထွက်လာခဲ့သည်။

ထိုအင်အားသည် အလွန်အားကောင်းလှကာ နှလုံးကိုပင် တုန်လှုပ်စေပေသည်။ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်တောင်မှ ၎င်း၏တည်ရှိမှုကို အာရုံခံဖို့ ခက်ခဲနေသည်။

တစ်ဖက်လူ၏ဖိအားက မဟာကျိုးအင်ပါယာ၏ကောင်ကင်ထက်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ မဟာကျိုးတော်ဝင်နန်းမြို့တော်မှ တစ်ဦးတစ်ယောက်မျှ မလှုပ်ရဲကြတော့ပေ။

ထိုရောင်ဝါသည် တစ်ချက်လေးပင် ယုတ်လျော့သွားခြင်းမရှိဘဲ ကောင်းကင်နှစ်ခြမ်းကွဲချိန် မည်သူမျှ လွတ်မြောက်နိုင်ခြင်းမရှိတော့မတတ်ကို ဖိနှိပ်အားကောင်းလှသည်။

ထိုအဆင့်မြင့်ကျွမ်းကျင်သူနှင့်ရင်ဆိုင်ရချိန်မှတော့ သူတို့အတွက် ဆုံးဖြတ်ချက်တစ်ခုတည်းသာ ရှိတော့ကာ သေဖို့ရွေးချယ်ရန်ဖြစ်သည်။

သူတို့ဘက်ကမရွေးချယ်ခဲ့လျှင်တောင်မှ ထိုလူက သူတို့ကိုလွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။

မဟာကျိုးအင်ပါယာ၏အကြီးအကဲပေါင်းများစွာနှင့် အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူများမှာ နှလုံးတုန်လှုပ်သည်အထိ ကြောက်ရွံ့ထိတ်လန့်နေကြသော်လည်း မဟာကျိုးတော်ဝင်နန်းမြို့တော်၏အကျိုးအတွက် လေထဲသို့ ပျံသန်းထွက်လာခဲ့ကြသည်။

ထိုအချိန်မှာပဲ တိမ်ဆိုင်တိမ်လိပ်များ လိပ်တက်လာကာ လျှပ်စီးများလက်လာပြီး ပြင်းထန်လှသည့် ဖိအားက လူများကို ဦးတည်ရာပျောက်သွားစေသည်။ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူများတောင်မှ ထိုလူ၏ရှေ့မှောက်တွင် သူတို့ကိုယ်သူတို့ ကလေးငယ်များဖြစ်သွားရသလို ကြောက်လန့်နေကြလေသည်။

ထိုအချိန်အထိ တစ်ဖက်လူက တရားဝင်ရောက်ရှိလာခြင်းမရှိသေးသော်လည်း တော်ဝင်နန်းမြို့တော်တစ်ခုလုံးအပြင် ကောင်းကင်ကြီးကတောင်မှ ထိုလူ၏ထိန်းချုပ်မှုအောက် ကျရောက်နေသလို ထင်ရသည်။

ခဏအကြာမှာတော့ တိမ်များကြားမှနေပြီး လူတစ်ယောက်ထွက်ပေါ်လာခဲ့သည်။

ထိုလူ၏ခြေလှမ်းတစ်လှမ်းချင်းစီကပင် သူ့ကို မသေမျိုးတစ်ယောက်လို ထင်မှတ်ရစေသည်။ သို့သော်လည်း အမှန်တကယ်က ထိုသူ၏အရှိန်သည် လူတိုင်း၏တွေးခေါ်နိုင်စွမ်းထက် ပိုမိုမြန်ဆန်နေရုံမျှသာဖြစ်သည်။

မဟာကျိုးတော်ဝင်နန်းမြို့တော်မှကျွမ်းကျင်သူများအားလုံး မျက်မှောင်ကြုတ်လိုက်မိကြကာ နှလုံးခုန်နှုန်းများမြန်ဆန်နေပြီး အသက်ရှူဖို့မေ့လျော့ကုန်ကြသည်။

သူတော်စင်အဆင့်ပဲ!

ထိုကဲ့သို့သော တည်ရှိမှုမျိုးသည် သေမျိုးလောကကို သာလွန်နေပြီဖြစ်သည်။

တစ်ဖက်လူကတော့ ဘယ်လိုအင်အားကြီးပြီး ရှုပ်ထွေးလှသည့်လှုပ်ရှားမှုမျိုးကိုမှ အသုံးမပြုလာခဲ့သေးပေ။ အတွေးလေးတစ်ခု၊ အကြည့်လေးတစ်ချက်၊ စကားလေးတစ်ခွန်းနှင့်ပင် လူသားများကို ဦးညွှတ်သွားစေဖို့ လုံလောက်နေပြီဖြစ်သည်။

တစ်ဖက်လူရောက်ရှိလာပြီဖြစ်ကြောင်း သတိပြုလိုက်မိချိန်မှာပဲ ထိုလူက သူတို့ရှေ့မှောက်သို့ပင် ရောက်ရှိနေခဲ့ပေပြီ။

အကြည့်တစ်ချက်လေးကတောင်မှ လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေနိုင်ခဲ့သည်။ လူတိုင်း ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွားရသလိုမျိုး တစ်ကိုယ်လုံးအေးစက်တောင့်ခဲကုန်ကြလေသည်။

ထိုလူများထဲတွင် တော်ဝင်မိသားစုမှ အကြီးမြတ်ဆုံးအဆင့်သို့ဝင်ရောက်ခါစ ကျွမ်းကျင်သူတစ်ယောက်လည်း အပါအဝင်ပင်။ ထိုအချိန်လေးတွင် တစ်ဖက်လူ၏ဖိအားကို ဘယ်လိုမှခုခံနိုင်စွမ်းမရှိဘဲ တိုက်ရိုက်သာ ဒူးထောက်ချလိုက်မိပေသည်။

“မင်းတို့ အားလုံး အပြစ် ရှိတယ်။”

တစ်ဖက်လူက ထူးမခြားနားဟန်ဖြင့် စကားလေးခွန်းကို ထုတ်ပြောလိုက်သည်။ ထိုစကားလေးခွန်းလေးကတင် မိုးကြိုးတစ်ခုလိုမျိုး တော်ဝင်နန်းမြို့တော်တစ်ခုလုံးမှ လူတိုင်း၏စိတ်အာရုံထဲသို့ ပေါက်ကွဲဝင်ရောက်သွားစေသည်။

ကျင့်ကြံဆင့်နိမ့်သူများဆိုလျှင် ချက်ချင်းဆိုသလို မျက်လုံးများနီရဲကာ တုန်ရီလာပြီး နှာခေါင်းများ နားများမှနေပြီး သွေးများယိုစီးလာတော့သည်။

ကျင့်ကြံဆင့်အနည်းငယ်မြင့်သူများသည်လည်း စိတ်ဝိညာဉ်ကပင် တုန်လှုပ်သွားသည်ကို ခံစားရကြလေသည်။ သူတို့အားလုံး အံ့တင်းတင်းကြိတ်ကာ တင်းခံကြသော်လည်း အပြည့်အဝမတွန်းလှန်နိုင်ခဲ့ကြပေ။

ထိုအခိုက်အတန့်တွင်ပဲ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့်ရင်ဆိုင်ရခြင်းသည် အင်ပါယာတစ်ခုလုံးကိုအကာအကွယ်ပေးနိုင်သော အကြီးမြတ်ဆုံးကျွမ်းကျင်သူများကိုပင် သေးငယ်ကာ အကူအညီမဲ့သလို ခံစားသွားရစေသည်။

သူတို့အားလုံး ကမ်းပေါ်ပစ်တင်ခံရသည့်ငါးများနှယ် မောဟိုက်တုန်ရီလာခဲ့ကြသည်။

သူတော်စင်အဆင့်သို့ရောက်ရှိပြီးနောက်မှာတော့ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ဦး၏ရောင်ဝါကို အပြည့်အဝဖိနှိပ်သွားနိုင်ရုံသာမကဘဲ လောကစည်းမျဉ်းများကိုပင် ဖောက်ထွက်နိုင်သွားပေသည်။

ထိုသူ၏စကားများ လှုပ်ရှားမှုများကတင် စည်းမျဉ်းဖြစ်သွားသည်။ လောကစည်းမျဉ်းများကတော့ ထိုသူ၏အတင်းအကြပ်ဖိအားပေးကာ အနိုင်ယူခြင်းကို ခံလိုက်ရပေပြီ!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၆။ အပိုင်း ၂၃၀ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သူတော်စင်အဆင့်ကျွမ်းကျင်သူ၏ မိုင်ပေါင်းထောင်ချီသတ်ဖြတ်မှု

“စီနီယာကြီး၊ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီး အားနည်းတဲ့လူတွေကို အခုလိုအနိုင်ကျင့်နေတာ အရှက်မရဘူးလား?”

ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်၏ဘုရင်ဟောင်းက သူ့ကိုယ်သူအားတင်းကာ အော်မေးလိုက်သည်။

နာလန်မိသားစု၏ သူတော်စင်အဆင့်ကျွမ်းကျင်သူသည် ဘုရင်ဟောင်းကြီးဘက်သို့ သာမာန်ကာလျှံကာ အကြည့်တစ်ချက်ဝေ့လိုက်ကာ မထူးခြားနားစွာပြောလိုက်သည်။

“ပျောက်ကွယ်သွားစမ်း။”

ထိုကွဲပြားသည့် စကားလုံးကိုပြေလိုက်ပြီးနောက် အဖျက်အဆီးစွမ်းအားများကို သိပ်သည်းသွားစေခဲ့ကာ ဘုရင်ဟောင်းကြီး၏ရင်ဘက်သို့ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်လေသည်။

ဘန်း!

ချက်ချင်းဆိုသလို ဘုရင်ဟောင်းကြီး၏ရင်ဘက်ထက်တွင် သွေးချင်းချင်းနီရဲနေသည့် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပဲ သူ၏ခန္ဓာကိုယ်သည် အမြောက်ဆံတစ်ခုလိုမျိုး မြေပြင်ပေါ်သို့ အရှိန်ဖြင့်ဆောင့်ကျသွားစေခဲ့သည်။

ဘုန်း!

ပြင်းထန်လှသည့်အရှိန်ကြောင့် မဟာကျိုးတော်ဝင်နန်းမြို့တော်၏တံတိုင်းကိုပင် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားစေကာ မြေပြင်ပေါ်တွင် ၂ကီလိုမီတာထက်မနည်းကျယ်သော တွင်းကြီးတစ်ခုပင် ဖြစ်သွားစေသည်။

ထိုထိတ်လန့်စရာအားလှိုင်းက မြို့တံတိုင်းနားရှိ အိမ်ပေါင်းများစွာကိုပါ တခါတည်း ပျက်စီးသွားစေခဲ့ပြီး ကျင့်ကြံသူပေါင်းများစွာဆိုလျှင်လည်း နေရာတွင်ပင် သေမတတ်ထိတ်လန့်သွားခဲ့ကြသည်။

ဘုရင်ဟောင်းကြီးဘက်ပြန်ကြည့်လိုက်ချိန်မှာတော့ ထိုသူသည် အသက်ရှင်နေသေးစဲဖြစ်သော်လည်း အသက်ကတော့ မျှင်းမျှင်းသာရှူတော့သည်။ သူ၏ရင်ဘက်ကပွင့်ထွက်နေကာ ကိုယ်တွင်းအင်္ဂါများသည်လည်း ဖျက်ဆီးခံလိုက်ရပေပြီ။

လက်ရှိအချိန်တွင် သူ၏နောက်ဆုံးထွက်သက်ကို မရှူထုတ်လိုက်မိဖို့ရန် အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်၏ အသက်ခွန်အားအပေါ် အလုံးစုံမှီခိုနေရတော့သည်။

ကျန်ရှိသည့်အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူများသည်တော့ နေရာတွင်ပင် ကျောက်ရုပ်ဖြစ်ကုန်ကြလေသည်။

ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ!!

တစ်ချက်လေးတောင် မလှုပ်ရှားဘဲ စကားတစ်ခွန်းနဲ့တင် အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ဦးကို နေရာတွင်ပင် အလွယ်တကူ ပြင်းထန်စွာဒဏ်ရာရသွားအောင် လုပ်နိုင်လေသည်။

ထို့အပြင် တစ်ဖက်လူသည် မဟာကျိုးအင်ပါယာတွင် ရှိနေခြင်းဖြစ်ကာ သူ၏ပိုင်နက်ဖြစ်သော နာလန်မိသားစုတွင်လည်း မဟုတ်ပေ။

မဟာကျိုးအကြီးအကဲအုပ်စု၏ရင်ထဲတွင်တော့ ချက်ချင်းဆိုသလို အားအင်မဲ့သည့်ခံစားချက်ကြီး ကြီးစိုးသွားတော့သည်။

သူတော်စင်အဆင့်ကျွမ်းကျင်သူ၏ခွန်အားသည် သူတို့ခုခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားခဲ့ပေပြီ။

အကြီးမြတ်ဆုံးအဆင့်နှင့် သူတော်စင်အဆင့်ကြားတွင် အဆင့်တစ်ဆင့်သာကွာသွားခြင်းဖြစ်သော်လည်း တကယ်တမ်း ကမ္ဘာခြားနေသလိုပင်။

ထိုအခိုက်အတန့်မှာပဲ ရှေးစကားတစ်ခွန်းကို သူတို့တွေးလိုက်မိကြသည်။

သူတော်စင်အဆင့်အောက်ကလူတိုင်းဟာ အရေးမပါတဲ့အသေးအမွှားလေးတွေချည်းပဲ!

တစ်ဖက်လူ၏ရှေ့မှောက်တွင် သူတို့အားလုံးသည် ပုရွတ်ဆိတ်များအတိုင်းပင်။

သူတို့သည် အလွယ်တကူချေမွဖျက်ဆီးပစ်နိုင်ကာ ခုခံကာကွယ်နိုင်စွမ်း လုံးဝမရှိသည့် ပုရွတ်ဆိတ်များနှင့် တူနေတော့သည်။

တကယ်တော့ သူတို့ထွက်ပြေးချင်ကြလျှင်တောင်မှ ထွက်ပြေးဖို့အရည်အချင်းမပြည့်မီကြပေ။ မဟုတ်သေးဘူး၊ အတိအကျပြောရမယ်ဆို သူတို့ဘယ်လိုပုံနဲ့သေဖို့ဆိုတာကို ဆုံးဖြတ်ဖို့တောင်မှ အရည်အချင်းမပြည့်မီကြပေ။

နာလန်မိသားစုမှ သူတော်စင်အဆင့်ကျွမ်းကျင်သူသည် လေထဲတွင် လက်နှစ်ဖက်နောက်ပစ်ရင်း ဝံ့ကြွားစွာရပ်နေစဲဖြစ်သည်။ သူ၏မျက်လုံးများကတော့ ပုရွတ်ဆိတ်အုပ်ကို အကဲခတ်နေသလိုမျိုး မဟာကျိုးအင်ပါယာအကြီးအကဲအုပ်စုအပေါ် အသာဝေ့ဝဲနေလေသည်။

“မေးခွန်းနှစ်ခုရှိတယ်။”

“ပထမတစ်ခုက၊ နာလန်ဟုန်ယွီကို ဘယ်သူသတ်လိုက်တာလဲ?”

“ဒုတိယအနေနဲ့၊ ငါတို့နာလန်မိသားစုရဲ့အမွေအနှစ်က ဘယ်သူ့ဆီမှာလဲ?”

မဟာကျိုးအကြီးအကဲအုပ် လွန်စွာထိတ်လန့်လို့သွားတော့သည်။

ထုတ်ပြောနေဖို့မလိုစွာဘဲ သူတို့အားလုံး ထိုကိစ္စများကို မည်သူလုပ်ခဲ့ကြောင်း အလွယ်လေး ခန့်မှန်းနိုင်ပေသည်။

လွန်ခဲ့သည့်၁နှစ်တုန်းက မဟာကျိုးအင်ပါယာတစ်ခုလုံးတွင် လုရှောင်ယန်ကလွဲလို့ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူကို သတ်နိုင်သည့်သူ ဘယ်သူများရှိခဲ့လို့လဲ?

သို့သော်လည်း သူတို့တွေ လုရှောင်ယန်အကြောင်းကို ထုတ်ပြောလိုက်လို့ ဖြစ်နိုင်ပါ့မလား?

သေချာပေါက် မဖြစ်ဘူးပေါ့။

လုရှောင်ယန်၏အကူအညီကြောင့်သာ တော်ဝင်မိသားစုသည် သူတို့၏တိုက်ပွဲအင်အားကို လက်ရှိအဆင့်သို့တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ့မှာတချို့သောအကြံအစည်များလည်း ရှိခဲ့တာအမှန်ဆိုပေမယ့် တော်ဝင်မိသားစုအပေါ် သူ၏ကျေးဇူးတရားရှိခြင်းက ငြင်းဆန်လို့မရနိုင်ပေ။

ဒါက အကြောင်းအရင်းများစွာထဲမှ တစ်ခုဖြစ်သည်။

ဒုတိယအချက်အနေနဲ့က လုရှောင်ယန်၏ကျင့်ကြံဆင့်မြင့်မျှအင်အားကြီးလှကြောင်း မည်သူမျှမသိကြပေ။

သို့သော်လည်း တိုက်ပွဲများကိုလေ့လာသုံးသပ်ကြည့်ရသလောက်တော့ အနည်းဆုံးသူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်နေသည်က သေချာသည်။

နာလန်မိသားစု၏သူတော်စင်အဆင့်ကျွမ်းကျင်သူကြောင့် လုရှောင်ယန်လိုမျိုး သူတော်စင်အဆင့်ကျွမ်းကျင်သူကို အာခံလိုက်မည်ဆိုလျှင် သူတို့အမြစ်ကိုသူတို့ စွန့်ခွာလိုက်သလို မဖြစ်နေနိုင်ဘူးလား?

ထို့ကြောင့် သူတို့ လုရှောင်ယန်အကြောင်းကို ထုတ်ဖော်မပြောနိုင်ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာပဲ ရုတ်တရက် မတော်ဆဖြစ်ရပ်တစ်ခု ဖြစ်သွားပြန်သည်။

အကြီးအကဲအုပ်စုမှ နောက်ထပ်အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ဦးသည်လည်း တုနှိုင်းမဲ့သည့် လောကစည်းမျဉ်းများဖြင့် ရိုက်ထုတ်ခံလိုက်ရပြန်သည်။

ဘုန်း!

ချက်ချင်းဆိုသလို ထိုလူသည်လည်း အလင်းတန်းတစ်ခုနှယ် ထိုးကျသွားကာ မဟာကျိုးမြို့တံတိုင်းကို စုတ်ပြတ်သွားစေပြန်ပြီး ဘုရင်ဟောင်း၏လမ်းကြောင်းအတိုင်း မြေပြင်တွင် နောက်ထပ်တွင်းနက်ကြီးတစ်ခု ဖန်တီးခဲ့ပြန်သည်။

“မင်းတို့မဖြေရုံနဲ့ ငါ့ဘက်က မတိုက်ခိုက်တော့ဘူးလို့ မထင်လိုက်ကြနဲ့။ မင်းတို့မပြောမချင်း အသက်သုံးရှိုက်စာတိုင်း ငါတစ်ယောက်သတ်မယ်။”

သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် နောက်ထပ်အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ဦးသည် မြေပြင်ထက်သို့ ပြင်းထန်သည့်အရှိဖြင့်ထိုးကျသွားပြန်သည်။

မဟာကျိုးအကြီးအကဲအုပ်စုတစ်ခုလုံး ဗရမ်းဗတာဖြစ်ကုန်တော့သည်။

သူတို့မခုခံနိုင်ဘူး။

သူတို့မလွတ်မြောက်နိုင်တော့ဘူး။

လုရှောင်ယန်အကြောင်းကိုလည်း သူတို့ ထုတ်မပြောရဲကြပြန်ဘူး။

ထိုအချိန်လေးတွင် သူတို့အားလုံး စဉ်းတီတုံးပေါ် လည်စင်းခံနေကြရသည့် ကြက်များဘဲများနှင့် မကွာခြားတော့ပေ။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ကြေကွဲစရာအခြေအနေကြီးလဲ?

အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူအစုလိုက်ကြီးသည် တခြားလူများ၏သနားငဲ့ညှာမှုကိုတောင်းခံနေရသည့် ကြက်အုပ်ဘဲအုပ်ကြီး ဖြစ်သွားသတဲ့လား။

နန်းမြို့တော်ရှိ တော်ဝင်နန်းတော်ထဲတွင် ကျီဝူရှန်သည် ကောင်းကင်ပေါ်မှ အနှီပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏လက်သီးများကို အတင်းအကြပ်ဆုပ်ကိုင်ထားတာကြောင့် လက်ဖဝါးထဲသို့ပင် လက်သည်းများ ခပ်နက်နက်တိုးဝင်နေပြီဖြစ်သည်။

သူ၏နှလုံးသားထဲသို့လည်း အားအင်မဲ့သည့်ခံစားချက်လှိုင်းလုံးကြီးသည် ခပ်နက်နက် ထိုးစိုက်ဝိုင်ရောက်နေပေသည်။

လက်ရှိအချိန်မှာ တော်ဝင်မိသားစုနှင့် မဟာကျိုးတော်ဝင်မိသားစုဆိုသည်က ဟာသကြီးလိုဖြစ်နေတော့သည်။

မဟာကျိုးကို သူကာကွယ်ချင်ပေမယ့် မဟာကျိုးကိုကာကွယ်ဖို့ရန် ဘယ်အင်အားကိုများ အသုံးပြုရမတဲ့လဲ?

သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို သူမပြောနှင့် အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူများတောင်မှ မခုခံနိုင်ကြပေ။

“အရှင်မင်းကြီး၊ မြန်မြန်ထွက်ပြေးပါတော့။ အခုနေ ကျွန်တော်တို့မသွားကျရင် အရမ်းနောက်ကျသွားလိမ့်မယ်။”

ငယ်ရွယ်သည့်မိန်းမစိုးလေးက ဘေးကနေပြီး စိုးရိမ်ပူပန်စွာ အကြံပေးနေခဲ့သည်။

ကျီဝူရှန် လှောင်ရယ်ရယ်လိုက်ကာ၊ “သွားရမယ်? ဘယ်ကိုလဲ?”

သူသည် မဟာကျိုး၏ဧကရာဇ်ဖြစ်သည်။ မဟာကျိုးတော်ဝင်မိသားစု ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် သူတစ်ယောက်တည်းလွတ်သွားလို့ ဘာထူးမှာတဲ့လဲ?

ယနေ့မဟာကျိုးအင်ပါယာသည် သေချာ‌ေပါက် သေဆုံးရမည်ဆိုလျှင် သူသည်လည်း အတူလိုက်ပါသေဖို့ကိုသာ ရွေးချယ်ပေမည်။

ဒါက မဟာကျိုးဧကရာဇ်တစ်ပါးအနေနှင့် နောက်ဆုံးသောမာနပင်။

မှန်တယ်။

ရုတ်တရက် ကျီဝူရှန်တစ်စုံတစ်ခုကို တွေမိသွားသည်။

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလို သူ၏ဓားရှည်ကိုဆွဲထုတ်ကာ သူ့နှလုံးသားသူ ထိုးစိုက်လိုက်တော့သည်။

သူ့ဘေးနားရှိ ကုန်းကုန်းငယ်လေးနှင့် နန်းတော်အစေခံများအားလုံး ထိတ်လန့်သွားကြတော့သည်။ သူတို့အားလုံး ကျီဝူရှန် ဤကဲ့သလိုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

“အား! အရှင်မင်းကြီး၊ ဘာလို့များ ကိုယ့်ကိုယ်ကိုယ် သတ်သေရတာလဲ?!”

“အရှင်မင်းကြီး၊ သတ်သေနေပြီ။ အရှင်မင်းကြီး သတ်သေနေပြီ။ တစ်ယောက်ယောက် မြန်မြန်လာကြပါဦး!”

နန်းတော်တစ်ခုလုံး ဗရမ်းဗတာဖြစ်ကုန်ကာ ကျီဝူရှန်ကတော့ ပါးစပ်တစ်လုတ်သွေးအန်လိုက်သော်လည်း သူ၏နှုတ်ခမ်းစွန်းများကတော့ ကွေးတက်နေခဲ့သည်။

အရင်တစ်ခေါက် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်မှတုန်းကထက် ပိုတောင်နက်သွားတာပဲ!

ဒါက နောက်ဆုံးတစ်ခေါက်မှာတုန်းက လုရှောင်ယန်ရောက်လာဖို့အတွက် သူ့မှာစောင့်နေဖို့ အချိန်ရှိနေသေးတာကြောင့်ဖြစ်သည်။

သို့သော်လည်း ဒီတစ်ခေါက်တော့ သူမစောင့်နိုင်တော့ပေ။

ဒါကြောင့် လုရှောင်ယန် အမြန်ဆုံးရောက်ရှိလာဖို့ရန်အတွက် သူ့ကိုယ်သူ သေဖို့လက်တစ်ကမ်းအလိုအထိ တွန်းအားပေးလိုက်ခြင်းဖြစ်သည်။ အမှန်တကယ်သေသွားရမည်ဆိုလျှင်တောင်မှ တွန့်ဆုတ်မှုမရှိတော့ပေ။

ဒီလိုလုပ်လိုက်ရတာက အကြီးအကဲလု အချိန်တိုအတွင်းရောက်ရှိလာဖို့အတွက်ပဲ။

အမှန်တော့ သူ့တွေးဆချက်များက မှန်နေခဲ့သည်။ သူသေအံ့ဆဲဆဲအချိန်မှာပဲ သူ့ကိုယ်ထဲမှအမှတ်အသားက လုရှောင်ယန်၏အသိစိတ်ဆီသို့ ချက်ချင်းပို့ဆောင်လိုက်လေသည်။

ကျင့်ကြံနေသည့်လုရှောင်ယန်လည်း ချက်ချင်းမျက်လုံးတွေပွင့်လာကာ အေးစက်သည့်အလင်းတန်းနှစ်ခု ဖြတ်သွားခဲ့သည်။

ချက်ချင်းဆိုသလို သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်တော့သည်။ သူ၏ကျင့်ကြံဆင့်သည် သူတော်စင် နဝမအဆင့်သို့ရောက်ရှိနေပြီဖြစ်တာကြောင့် ယခင်ထက် အဆပေါင်းများစွာအကွာအဝေးသို့ အာရုံဖြန့်နိုင်နေပေပြီ။

“သူတော်စင်အဆင့်!”

ထိုအချိန်မှာပဲ တော်ဝင်နန်းမြို့တော် တည်ရှိရာဘက်တွင် သူတော်စင်အဆင့်အရှိန်အဝါတစ်ခုရှိနေကြောင်း လုရှောင်ယန် အာရုံခံမိသွားလေသည်။

နာလန်မိသားစုကလွဲလို့ မည်သူကမျှ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ပို့နိုင်မည့်အင်အားမရှိကြပေ။

နာလန်မိသားစုတွင် အရံအစီအစဉ်ရှိလိမ့်ဦးမည်ဟု လုရှောင်ယန် ခန့်မှန်းထားမိပြီးသားဖြစ်သော်လည်း အခုလိုမျိုး သူတို့၏ဝှက်ဖဲကို တိုက်ရိုက်ထုတ်သုံးလာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

အပြင်လူများကို ရှောင်ရှားဖို့ရန်အတွက် အမည်မဲ့ဂိုဏ်းကိုတည်ထောင်ပြီး သီးခြားကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။

ဒါကြောင့် နန်းမြို့တော်သို့ တိုက်ရိုက်သွားသည့် ကူးပြောင်းခြင်းအစီအရင်မျိုး သူ မတည်ဆောက်ထားခဲ့ပေ။

လက်ရှိအချိန်တွင် သူ့အနေနှင့် နန်းမြို့တော်သို့ရောက်ဖို့ရန် အလွန်ဆုံးအသက်၁၀ရှိုက်စာသာ အချိန်ယူရမည်ဖြစ်သည်။

ဒါပေမယ့် ထိုအသက်၁၀ရှိုက်စာဆိုသည်ကပင် တစ်ဖက်လူလို သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်အတွက် နန်းမြို့တော်၏တစ်ဝက်လောက်ကို အမှုန့်ချေပစ်ဖို့လုံလောက်နေပြီ မဟုတ်ဘူးလား?

အခုချိန်မှာ သူသည် သူတော်စင်နဝမအဆင့်သို့ရောက်နေပြီဖြစ်သော်လည်း သူ့လက်ရှိနေရာကနေပြီး တစ်ဖက်လူကို လှမ်းတိုက်ခိုက်ဖို့ဆိုသည်က မဖြစ်နိုင်သေးပေ။

ဒါပေမဲ့ တော်ဝင်နန်းမြို့တော်ကတော့ စောင့်နေနိုင်မှာမဟုတ်ဘူး!

လုရှောင်ယန် ချက်ချင်းဆိုသလို အန္တရာယ်များလှသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချလိုက်မိတော့သည်။

တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလို သိုင်းဘုရင်အဆင့်တောက်တာဆေးလုံး ၃လုံးကိုထုတ်ယူလိုက်ပြီး တစ်လုံးကိုမြိုချလိုက်သည်။

သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးသည် သုံးစွဲသူ၏ကျင့်ကြံဆင့်ကို တစ်မိနစ်စာမျှ သိုင်းဘုရင်အဆင့်သို့ရောက်ရှိအောင် တိုးမြှင့်ပေနိုင်စွမ်းရှိသည်။

လုရှောင်ယန်အတွက် အချိန်တစ်မိနစ်ပင် မလိုအပ်ပေ။ လက်ရှိမှာ သိုင်းဘုရင်အဆင့်တိုက်ခိုက်မှုတစ်ခုလောက်ကိုသာ လိုအပ်နေသည်။

သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးကို မြိုချလိုက်သည်နှင့် တပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲမှအင်အားများ အဆက်မပြတ်တိုးလာသည်ကို လုရှောင်ယန် ခံစားလိုက်ရသည်။

သူ၏အရှိန်အဝါသည် ရုတ်တရက်တိုးလာခဲ့ပြီး သူတော်စင်ဒဿမအဆင့်ကို အလျင်မြန်ချိုးဖြတ်နိုင်ခဲ့သည်။ ထို့နောက်မှာတော့ သိုင်းဘုရင်ပထမအဆင့်၊ သိုင်းဘုရင်ဒုတိယအဆင့်၊ သိုင်းဘုရင်တတိယအဆင့်…. နောက်ဆုံး သိုင်းဘုရင်စတုတ္ထအဆင့်သို့ရောက်မှသာ ရပ်တန့်သွားလေသည်။

ထိုအချိန်မှာပဲ ကောင်းကင်ယံတွင် မိုးကြိုးမုန်တိုင်းပေါင်း မရေမတွက်နိုင်အောင် စုဝေးလာခဲ့သည်။ လောကစွမ်းအားသည် လုရှောင်ယန်ဆီသို့ တစုတဝေးတည်း စုဝေးလာကြကာ လုရှောင်ယန် တစ်နည်းအားဖြင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို ဦးညွှတ်လာခဲ့ကြသည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဆိုသည်က ဤကမ္ဘာတွင် အသန်မာဆုံးသောဖြစ်တည်မှုပင်။

သူတော်စင်အဆင့်ကျွမ်းကျင်သူများသည် တိုက်ခိုက်ရာတွင် လောကစည်းမျဉ်းများကို ထိန်းချုပ်ရသည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသည်တော့ လောကစည်းမျဉ်းများကိုယ်တိုင်က လိုလိုလားလား အသိအမှတ်ပြုကြခြင်းဖြစ်သည်။ သူတို့အတွက် ကိုယ်တိုင်ထိန်းချုပ်နေဖို့ရန် မလိုအပ်တော့ပေ။ ဘယ်နေရာမှာမဆို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူက အသုံးပြုလိုသ၍ လောကစည်းမျဉ်းများသည် ချက်ချင်းအသက်ဝင်လှုပ်ရှားလာကြပေလိမ့်မည်။

ဒါကြောင့်ပဲ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများသည် တုနှိုင်းမဲ့ဖြစ်တည်မှုမျိုး ဖြစ်နေခြင်းပင်!

လုရှောင်ယန်၏သိုင်းဘုရင်အဆင့်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် တိုက်ကြီးပေါ်ရှိ အင်အားကြီးအရှိန်အဝါများကို တုန်လှုပ်သွားစေခဲ့သည်။

မဟာချင်အင်ပါယာတွင်…

“ဒီအရှိန်အဝါက တစ်ခါမှပေါ်ထွက်မလာဖူးဘူး။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအသစ်များလား?”

…..

ရှေးဟောင်းတောင်နယ်နိမိတ်တွင်…

“မဟာကျိုးအင်ပါယာမှာ ဘယ်တုန်းက နောက်ထပ်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိသွားတာလဲ?”

……

ထာဝရသစ်တောထဲတွင်လည်း နတ်အာရုံတွေအားလုံး တပြိုင်တည်း စုဝေးလာကြလေသည်။

“ဒီတိုက်ကြီးပေါ်က ဝိညာဉ်စွမ်းအားက အရမ်းနည်းပါးတယ်။ ဒါကိုတောင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ ဖြစ်လာနိုင်သေးတယ်ပေါ့။ ဒီလူက ဒီကမ္ဘာရဲ့ကောင်းမွန်တဲ့ကံတရားကို လုံးဝခိုးယူပစ်လိုက်တာပဲ။”

“ဘယ်သူများဖြစ်မလဲဘဲ? သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာနိုင်စွမ်းရှိတယ်ဆိုမှတော့ တကယ်ကိုထူးဆန်းတဲ့လူပဲ။”

“ဘယ်သူပဲဖြစ်ဖြစ် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာပြီဆိုမှတော့ ငါတို့ထဲသွင်းဖို့ အရည်အချင်းပြည့်မီနေပြီ။”

….

ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါးတွင်… ကောင်းကင်လျှို့ဝှက်နန်းတော်၏အကြီးအကဲသည် ချောက်ကမ်းပေါ်တွင် လဲလျောင်းနေရင်း မထူးခြားဟန်ပြုံးလိုက်သည်။

“ဒီကောင်စုတ်လေးမှာ သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးတောင် ရှိနေတယ်ပေါ့?”

ခဏလောက်ရပ်သွားပြီးနောက် သူမထပ်ပြုံးလိုက်ပြန်သည်။

“ဒါပေမဲ့လည်း သူ့မှာ သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးရှိနေတာ ပုံမှန်ပါပဲ။ ဒီလောကမှာ သူ့ကိုဟန်တားနိုင်တဲ့စည်းမျဉ်းဆိုတာမှ မရှိတော့တာ။”

…..

အမည်မဲ့ဂိုဏ်းတွင်၊ လုရှောင်ယန်သည် အဆင့်တက်သွားသည်နှင့် ချက်ချင်းဆိုသလို ထိပ်တန်းနတ်ဘုရားအဆင့် ရွှမ်ဟွမ်းဓားကို ထုတ်ယူလိုက်သည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ၏ခွန်အားသည် သူ့ကို အင်အားပြည့်ဝသည့်အရှိန်အဝါမျိုးမပေးစွမ်းနိုင်သော်လည်း အဆုံးမရှိသည့်ယုံကြည်မှုမျိုးကိုတော့ ပေးသည်။

လက်ရှိအချိန်တွင် သူမလုပ်နိုင်တာ ဘာမှမရှိဟုပင် ခံစားမိနေသည်။

လောလောဆယ်တွင် သူသည် တော်ဝင်နန်းမြို့တော်မှ ကီလိုမီတာ၁သန်းအကွာတွင်ရောက်ရှိနေခဲ့သော်လည်း တစ်ဖက်လူကို အလွယ်လေးသတ်နိုင်သည်ဟု ယုံကြည်ချက်ရှိနေသည်!

လောက၏လေဟာနယ်စွမ်းအားကိုပင် ထိန်းချုပ်နိုင်သွားပုံရသည်။

ဓားစွမ်းအားသည် အချိန်နှင့်နေရာလွတ်စွမ်းအားကို ဖိနှိပ်လိုက်ကာ ထိပ်တန်းအဆင့်သို့ရောက်ရှိနေပြီး ကန့်သတ်ချက်များကိုပင် ကျော်လွန်သွားလေသည်။

အမည်မဲ့ဂိုဏ်းထဲတွင်… တပည့်များအားလုံးသည် အလွန်အမင်းအားကောင်းလှသည့် ဓားအရှိန်အဝါကို အာရုံခံမိလိုက်ကြသည်နှင့် ထိတ်လန့်ကာ စကားပင်မပြောနိုင်ကြတော့ပေ။

ဒါ သူတို့ဆရာရဲ့ခွန်အားလား?

သူတို့ဆရာက တကယ်ကို သိုင်းဘုရင်အဆင့်အထက်ကိုရောက်နေတဲ့ ကျွမ်းကျင်သူပဲ!

***

All Chapters