အခန်း (၂၃၀-၂၃၅)
Vol. 16 Ch. 230-235
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၁ အကြီးဆုံးအစ်ကိုကြီး၏လုပ်နိုင်စွမ်း
မဟာကျိုးတော်ဝင်နန်းမြို့တော်တွင်…
နာလန်မိသားစုမှ သူတော်စင်အဆင့်ကျွမ်းကျင်သူသည် အောက်ဖက်ရှိလူများကို စိတ်မရှည်တော့သည့် အမူအရာမျိုးဖြင့် စိုက်ကြည့်နေခဲ့သည်။
“ကြည့်ရတာ မင်းတို့ကောင်တွေက ကိုယ့်အတွက်ဘယ်လမ်းက ပိုကောင်းတယ်ဆိုတာ မသိကြတဲ့ပုံပဲ။ ဒီလိုဆိုမှတော့… မင်းတို့အားလုံးကို တခါတည်း ရှေ့လူတွေနဲ့တစ်လမ်းတည်းပို့ပေးရတော့တာပေါ့။”
သူ၏စိတ်ရှည်နိုင်စွမ်းတွေ အဆုံးသတ်သွားခဲ့ပေပြီ။ ဘာပဲဖြစ်ဖြစ် ဤမျှကြီးမားကျယ်ပြောလှသည့် တော်ဝင်နန်းမြို့တော်တစ်ခွင်တွင် သူ့ကိုပြောပြလိုစိတ်ရှိမည့် တစ်စုံတစ်ယောက်လောက်ကိုတောင် မရှာနိုင်လောက်ဘူးဟု မယုံပေ။
သို့သော်လည်း သူစတင်တိုက်ခိုက်တော့မည့်အချိန်တွင်ပဲ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အရှိန်အဝါတစ်ခုက ရုတ်တရက် သူ့နောက်ဖက်ကနေ တိုက်ခိုက်လာခဲ့သည်။
ထိုစွမ်းအင်ရပ်ကြီးကို သူအာရုံခံနိုင်လိုက်သည်နှင့် ချက်ချင်းရှောင်တိမ်းလိုက်ချင်သော်လည်း အလွန်နောက်ကျသွားခဲ့ပေပြီ။
သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏အရှိန်သည် အသံလှိုင်း၏အရှိန်ထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သော်လည်း ထိုဓားအရှိန်အဝါကိုတော့ဖြင့် ရှောင်တိမ်းနိုင်စွမ်းမရှိခဲ့ပေ။
ထိုဓားအရှိန်အဝါက သူတတ်နိုင်သည့်အမြန်နှုန်းထက် ပိုလို့တောင် မြန်ဆန်နေခြင်းကြောင့်ဖြစ်သည်။
သူအာရုံခံမိပြီးနောက် ပြန်တုံ့ပြန်ချိန်မရလိုက်ခင်တွင်ပဲ ရုတ်တရက် သူ့ဦးခေါင်းက ပျံထွက်သွားကာ သူ့မြင်ကွင်းကလည်ထွက်သွားသလို ခံစားလိုက်ရသည်။
မသေဆုံးခင်အခိုက်အတန့်လေးတွင် သူ၏ဦးခေါင်းမဲ့နေသောခန္ဓာကိုယ်နှင့် လုရှောင်ယန်၏ထိတ်လန့်ဖွယ် ဓားချက်ကိုတောင် မြင်သွားလိုက်နိုင်ခဲ့သည်။
ဘယ်လောက်တောင် အားကောင်းလှတဲ့ဓားချက်လဲ။ သူ မရှောင်လိုက်နိုင်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။
သူ မရှောင်လိုက်နိုင်တာကို ထည့်မပြောနဲ့ဦး၊ သူတော်စင်ဒဿမအဆင့်လောက်ရောက်နေမည့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဆိုလျှင်ပင် သေချာပေါက် ရှောင်နိုင်ဦးမှာမဟုတ်ပေ။
ထို့နောက် ချက်ချင်းဆိုသလို သူ၏အသိစိတ်က အမှောင်ထုထဲသို့တိုးဝင်သွားတော့သည်။
သူသေဆုံးသွားရသည့်အခိုက်အတန့်လေးတွင် သူ့နှလုံးသားထဲကနေပြီး နာလန်မိသားစုတစ်ခုလုံးကို မကျိန်ဆဲလိုက်မိဘဲ မနေနိုင်ခဲ့ပေ။
“အရူးတွေ! သောက်ရူးတွေ!”
သူ့မှာ ဘာလို့များ ဒီလိုဆွဲချတတ်တဲ့ဝက်လိုအသင်းဖော်တွေရှိခဲ့တာပါလိမ့်?
မဟာကျိုးအင်ပါယာကို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်က စောင့်ကြပ်ပေးနေခြင်းဖြစ်ပေမယ့် ထိုသူများကတော့ ထိုပုဂ္ဂိုလ်ကို ဆန့်ကျင်နေကြသည်။
ဒီဝက်လိုအသင်းဖော်တွေက ရူးနေကြတာပဲ။ အဆုံးမှာတော့ သူတောင်မှ သူ့ခေါင်းကိုဆုံးရှုံးလိုက်ရသည်။
ယခင်က မောက်မာခဲ့သမျှက အခုဆုံးအလုံးစုံပျောက်ကွယ်သွားရကာ သေဆုံးမှုအတွက် နောင်တတရားသာ ကျန်ရစ်ခဲ့တော့သည်။
သူသာ အချိန်တွေကို နောက်ပြန်ဆုတ်ခွင့်ရှိမည်ဆိုလျှင်…. ကောင်းကင်ဘုံကသာ သူ့ကိုနောက်ထပ်ရွေးချယ်ခွင့်တစ်ရပ် ပေးလာခဲ့မည်ဆိုလျှင်။
ဟိုအရူးအုပ်စု၏ မဟာကျိုးကိုသွားခိုင်းသည့် စကားကို နားထောင်လိုက်မည့်အစား သူကိုယ်တိုင် သူ့လက်ဖြင့် ထိုတစ်အုပ်လုံးကို အရင်ဖျက်ဆီးပစ်ခဲ့ပေမည်။
ဘာကို နာလန်ဟုန်ယွီလဲ? ဘာကိုအမွေအနှစ်ရတနာလဲ?
သူ့အသက်ထက် ဘာတွေကများ ပိုအရေးကြီးနိုင်မှာမို့လို့လဲ?
ထိုအချိန်တွင် မဟာကျိုးတော်ဝင်မိသားစုမှ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူအုပ်စုသည်လည်း အားလုံး ကြက်သေသေနေကြလေသည်။
ဘာတွေဖြစ်သွားတာလဲ?
ဘာတွေဖြစ်ကုန်တာလဲ?
အဲ့ဒါက သူတော်စင်အဆင့်ကျွမ်းကျင်သူကြီးလေ!
ဒီကမ္ဘာပေါ်မှာ သူတော်စင်အဆင့်ကျွမ်းကျင်သူများသည် သိုင်းဘုရင်အဆင့်ကလွဲလို့ ကျန်သူများထက် အသန်မာဆုံးသောကျွမ်းကျင်သူများဖြစ်သည်။
အဲ့လိုလူမျိုးက ဘယ်ကမှန်းမသိတဲ့ဓားချက်တစ်ချက်နဲ့ နေရာမှာပဲ အခုလိုအသတ်ခံလိုက်ရပြီပေါ့?
တစ်ဖက်လူက တကယ်ပဲ သူတော်စင်အဆင့်ကျွမ်းကျင်သူမှဟုတ်ရဲ့လားဟုတော့ တစ်ယောက်မှသံသယမဝင်မိကြပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်ချင်းစီကို အလွယ်တကူ ဒဏ်ရာရအောင် ဒါမှမဟုတ် ချက်ချင်းသေသွားအောင် လုပ်နိုင်ခဲ့သည်လေ။
ထိုလူ၏ သူတော်စင်အဆင့် ကျင့်ကြံမှုသည်က အစစ်အမှန်သာဖြစ်သည်။
သို့ပေမည့် ဓားချက်လေးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်တဲ့လား။ ထိုဓားချက်က ဘယ်လောက်တောင်မှ အားကောင်းနေလို့လဲ? ဘယ်လောက်တောင် ကြမ်းတမ်းလှသည့်ဓားချက်ဖြစ်နေလို့လဲ?
ဘုန်း! ဘုန်း! ဘုန်း!
တစ်ဖက်လူ၏ခန္ဓာကိုယ်ကြီးနှင့် ဦးခေါင်းပြတ်တို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ကြီးမားသည့်တွင်းကြီးတစ်ခုဖြစ်သွားစေသည်အထိ မဟာကျိုးအင်ပါယာတော်ဝင်မိသားစု၏ အကြီးအကဲများနှင့် စစ်သူကြီးများအားလုံး မှင်သေနေကြတုန်းပင်။
အချိန်အတော်ကြာကာမှ အစိမ်းရောင်အလင်းတန်းအနည်းငယ်က မဟာကျိုးတည်ရှိရာအရပ်သို့ ပျံ့သန်းလာကာ အကြီးအကဲအနည်းငယ်နှင့် ကျီဝူရှန်၏ကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ချက်ချင်းဆိုသလို ဒဏ်ရာများကျက်လာကာမှ လူတိုင်းတုံ့ပြန်နိုင်တော့သည်။
“အဲ့ဒါ အကြီးအကဲလုပဲ!”
“အကြီးအကဲလုက ငါတို့ကိုကယ်လိုက်တာပဲ!”
“ဘုရားရေ၊ အကြီးအကဲလုက ဒီနေရာကနေ ကီလိုမီတာ၅သောင်းလောက်အကွာမှာ ရှိနေတာမဟုတ်ဘူးလား?”
“ကီလိုမီတာ ၁သိန်းနီးပါးလောက်တောင် ရှိမယ်။ သူတော်စင်အဆင့်ကျွမ်းကျင်သူကို ဓားချက်တစ်ချက်တည်းနဲ့ ချက်ချင်းသတ်ပစ်နိုင်တယ်ပေါ့?”
ထိုအခိုက်အတန့်တွင် လူတိုင်းထပ်မံပြီး ထိတ်လန့်ဆွံ့အကုန်ကြပြန်သည်။
ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ!
တကယ်ကိုစစ်မှန်တဲ့ခွန်အားပဲ!
နာလန်မိသားစုရဲ့ ဟန်များနေတဲ့သူတော်စင်အဆင့်ကျွမ်းကျင်သူနဲ့ယှဉ်ရင် ဒါမျိုးကမှ စစ်မှန်တဲ့ထိပ်တန်းကျွမ်းကျင်သူပဲ!
ထိုအချိန်မှာပဲ လူတိုင်း လုရှောင်ယန်၏သန်မာမှုအပေါ် နားလည်မှုအသစ်တိုးသွားတော့သည်။
“ကံကောင်းပေလို့၊ အစောလေးက အကြီးအကဲလုအကြောင်း ငါတို့မပြောလိုက်ကြဘူး။ ငါတို့သာ သူ့အကြောင်းဖော်လိုက်ရင် ငါတို့မဟာကျိုးအတွက် တကယ်ကိုလွတ်လမ်းရှိတော့မှာမဟုတ်ဘူး!”
“အကြီးအကဲလုက ငါတို့မဟာကျိုးတော်ဝင်မိသားစုကို တစ်ကြိမ်ပြီးတစ်ကြိမ် ကယ်တင်ခဲ့တယ်။ အခုကစပြီး မဟာကျိုးက အကြီးအကဲလုကို ငါတို့မဟာကျိုးရဲ့နတ်ဘုရားအဖြစ် သတ်မှတ်ကြမယ်။”
“အမှန်ပဲ! ငါတို့မဟာကျိုးတော်ဝင်မိသားစုရဲ့သားစဉ်မြေးဆက်တွေအားလုံး အကြီးအကဲလုရဲ့ကြင်နာမှုကို အမြဲတမ်းအမှတ်ရနေစေဖို့ အကြီးအကဲလုရဲ့ပုံတူရုပ်တုကို ထုလုပ်ကြမယ်။”
“အဲ့လိုတော့ မဖြစ်သေးဘူး။ အကြီးအကဲလုက သူ့အကြောင်း တခြားလူတွေသိသွားမှာ မကြိုက်ဘူးလေ။ ငါတို့ သူ့သတင်းတွေကို အရမ်းကာရောဖြန့်ပစ်လို့မဖြစ်ဘူး၊ ဟုတ်တယ်မလား?”
လူတိုင်း တုန်လှုပ်သွားကာ နောက်ဆုံးတွင်တော့ ပြန်တုံ့ပြန်နိုင်ခဲ့ကြသည်။
“မှန်တယ်၊ မှန်တယ်။ ဒီလိုဆိုရင်ရော? အကြီးအကဲလုရဲ့ရုပ်တုကို တော်ဝင်နန်းတော်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ ထားကြမယ်လေ။ တော်ဝင်မိသားစုရဲ့ အမွေဆက်ခံသူသားစဉ်မြေးဆက်တွေသာ အကြီးအကဲလုကို ဒူးထောက်ပူဇော်ဖို့ အရည်အချင်းပြည့်မီခွင့်ပြုမယ်။ တခြားလူတွေကတော့ အကြီးအကဲလုအကြောင်းသိဖို့တောင် အရည်အချင်းမပြည့်မီကြဘူး။”
ဤနည်းဖြင့် လုရှောင်ယန်တစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်ရပါဘဲ မဟာကျိုးတော်ဝင်မိသားစုတစ်ခုတည်း၏ ကိုးကွယ်ရာ ဖြစ်လာခဲ့လေသည်။
……
တစ်ချိန်တည်းမှာပဲ ထာဝရသစ်တောထဲရှိ နာလန်မိသားစု၏ဘိုးဘေးခန်းမထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲသွားခဲ့လေသည်။
ခန်းမထဲတွင် အသာထိုင်ကာ အေးအေးဆေးဆေးကျင့်ကြံနေသည့် နာလန်မိသားစု၏ မိသားစုခေါင်းဆောင် နာလန်ထျန်းတောက်၏အသားအရေမှာ ရုတ်ချည်းဆိုသလို ဖယောင်းသားလိုမျိုး ဖြူဖျော့သွားတော့သည်။ ထို့နောက် ပါးစပ်အပြည့်သွေးတစ်လုတ်အန်ချလိုက်ကာ ချက်ချင်းသတိလစ်သွားတော့မလိုပင်။
“မိသားစုခေါင်းဆောင်!”
ထိုအော်ဟစ်သံက နာလန်မိသားစုအကြီးအကဲများစွာကို သတိကပ်သွားစေကာ အပြေးအလွှားရောက်ရှိလာကြတော့သည်။
“မိသားစုခေါင်းဆောင်၊ ဘာဖြစ်….”
ထိုလူစကားမဆုံးလိုက်ခင်မှာပဲ လူတိုင်း၏အကြည့်က ဘိုးဘေးခန်းမ၏အမည်မှတ်တိုင်ကို သတိပြုမိသွားလေသည်။ ထိုအခိုက်အတန့်မှာပဲ လူတိုင်း၏အလောကအမြင်တို့ ချက်ချင်းကွဲကြေသွားတော့သည်။
“ဘိုးဘေးရဲ့အမည်မှတ်တိုင်က? ဘာလို့ပေါက်ကွဲသွားတာလဲ? မဖြစ်နိုင်ဘူး၊ ဘယ်လိုမှမဖြစ်နိုင်ဘူး!”
“အဆုံးသတ်သွားပြီ! ဘိုးဘေး သေပြီ၊ ဘိုးဘေး သေသွားပြီ! ငါတို့နာလန်မိသားစုလည်း အဆုံးသတ်သွားပြီ။”
ထာဝရသစ်တောထဲတွင် မိသားစုမျိုးနွယ်ပေါင်းမရေမတွက်နိုင်အောင် များပြားလှသည်။ လွန်ခဲ့သည့်နှစ်ပေါင်း၁သောင်းခန့်တုန်းက နာလန်မိသားစု၏စွမ်းဆောင်ရည်သည် အတော်လေးကောင်းခဲ့သည်။ သို့သော်လည်း ဤနှစ်များတွင်တော့ သူတို့သည် တတိယအဆင့်မိသားစုအဖြစ်သို့ လျော့ကျသွားခဲ့ပေပြီ။
ထာဝရသစ်တောတွင် တတိယအဆင့်မိသားစုဆိုသည်က အလွန်သာမာန်ဖြစ်ကာ ပေါများလွန်းသည်။
သူတို့ ဤထာဝရသစ်တောထဲတွင် ဆက်လက်ရပ်တည်နေနိုင်ခဲ့ခြင်းမှာ ဤနေရာသည် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေကာ တိုက်ကြီးတစ်ခုလုံးတွင် ကျင့်ကြံဖို့ရန် အသင့်တော်ဆုံးနေရာဖြစ်နေခြင်းကြောင့်ပင်။
သူတို့ ထာဝရသစ်တောတွင် ဆက်လက်ကျင့်ကြံခွင့်ရနေခြင်းကလည်း သူတိ၏ဘိုးဘေးတွင် သူတော်စင်အဆင့်ကျွမ်းကျင်သူ၏ခွန်အား ရှိနေခြင်းကြောင့်သာဖြစ်သည်။
သို့သော်လည်း သူတို့ဘိုးဘေးသေဆုံးသွားသည်နှင့် သူတို့လည်း သေချာပေါက် ပျက်စီးကိန်းဆိုက်ပေပြီ!
ထာဝရသစ်တောထဲတွင် အရင်းအမြစ်ပေါများသလို မိသားစုမျိုးနွယ်များကလည်း များပြားသည်။ ဒါကြောင့် ယှဉ်ပြိုင်မှုများသည်လည်း အလွန်ပြင်းထန်ပေသည်။
နာလန်မိသားစု၏ဘိုးဘေးဆုံးပါးသွားပြီဖြစ်ကြောင်း တခြားသောမိသားစုများသာ သိသွားခဲ့လျှင် သူတို့တွေအားလုံး ချက်ချင်းထွက်ပေါ်လာကာ နာလန်မိသားစုကို ဝါးမြိုပစ်ကြလိမ့်မယ်မဟုတ်ဘူးလား?
“မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ။ ဒီအကြောင်း ဘယ်သူ့ကိုမှပြောခွင့်မပြုဘူး။ တစ်ယောက်ယောက်က ဘိုးဘေးကိုလာရှာခဲ့ရင် ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတယ်လို ပြောလိုက်။ ဒီအချိန်အတောအတွင်း ဘိုးဘေးသေဆုံးသွားတဲ့သတင်း ဖြန့်လိုက်မယ်ဆိုရင် အဲ့ဒီလူကို ငါကိုယ်တိုင် အရိုးတွေအထိလောင်ကျွမ်းစေပြီး ပြာကိုကြဲပစ်မယ်! ကြားကြလား?”
“စိတ်မပူပါနဲ့ မိသားစုခေါင်းဆောင်။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ငါတို့တစ်ခွန်းမှမဟပါဘူး။”
နာလန်ထျန်းတောက် သက်ပြင်းတစ်ချက်ချကာ အံကြိတ်လိုက်သည်။
“အခုတော့၊ ငါတို့နာလန်မိသားစုရဲ့ ထာဝရသစ်တောမှာ နှစ်ပေါင်းတစ်သောင်းနေနိုင်ခဲ့တဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံပြီး သူတော်စင်အဆင့်ကိုအမြန်ဆုံးချိုးဖြတ်ဖို့ပဲ ရှိတော့တယ်။”
သို့သော်လည်း သူ့စကားဆုံး,ဆုံးချင်းမှာပဲ အပြင်ဘက်မှနေပြီး လောကစည်းမျဉ်းတွေလိုမျိုးအားကောင်းသည့် ခပ်ဩဩအသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
“အစ်ကိုနာလန်၊ ငါမင်းကို လာနှုတ်ဆက်တာပါ။ အစ်ကိုနာလန်၊ ငါနဲ့ခဏလောက်ထွက်တွေ့ပေးလို့ရမလား?”
လူတိုင်း၏အမူအရာအားလုံး ချက်ချင်းပြောင်းလဲကုန်ကြတော့သည်။
“မကောင်းတော့ဘူး၊ အဲ့ဒါလင်းမိသားစုရဲ့ဘိုးဘေးပဲ။ သူကဘာလို့ ဒီအချိန်မှရောက်လာရတာလဲ?”
“မဟုတ်မှ၊ ငါတို့နာလန်မိသားစုရဲ့ဘိုးဘေးသေဆုံးသွားတာကို သူသိသွားလို့များလား? ဒါပေမယ့် အဲ့လိုလဲ မဖြစ်နိုင်ဘူးလေ။ သူက ဘယ်လိုလုပ်သိမှာလဲ? ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီးသိသွားတာလဲ?”
သူ့စကားမဆုံးလိုက်ခင်မှာပဲ နောက်ထပ်လောကစည်းမျဉ်းတို့နှင့်ပြည့်နှက်နေသည့် အသံတစ်သံထွက်လာပြန်သည်။
“အစ်ကိုလင်းလည်း ရောက်နေတာပါလား? တိုက်ဆိုင်လိုက်တာ!”
“ဒီ…ဒီအသံက၊ ပိုင်မိသားစုရဲ့ဘိုးဘေးမဟုတ်ဘူးလား?”
နာလန်ထျန်းတောက်တစ်ယောက် သတိလစ်တော့မတတ် မျက်ဖြူလန်ကုန်တော့သည်။
လူအိုကြီးတစ်ယောက်လောက်ကိုတော့ သူ့အနေနှင့် အရူးလုပ်ဖို့လွယ်ကူပေသည်။ ဒါပေမယ့် ဒီလူအိုကြီးတွေက ၂ယောက်တောင်ရောက်လာပြီဆိုတော့ သူဘယ်လိုလုပ်တော့မလဲ?
သို့သော်လည်း သူ မသိလိုက်သည်က ထိုနှစ်ယောက်ကအကုန်မဟုတ်နေခြင်းကိုပင်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နာလန်မိသားစုထံသို့ အရှိန်အဝါများ အလျင်အမြန်စုဝေးလာကြသည်။ ဒါ့အပြင် အရှိန်အဝါတိုင်းသည် လွန်စွာအားကောင်းကြကာ လောက်စည်းမျဉ်း၏စွမ်းအားများ ပါဝင်နေလေသည်။
ထိုရောက်ရှိလာကြသူတိုင်းသည် သူတော်စင်အဆင့်ကို ကိုယ်စားပြုနေကြလေသည်!
……
တစ်ဖက်မှာတော့ လုရှောင်ယန်သည် နာလန်မိသားစုမှ သူတော်စင်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ သိုင်းဘုရင်အဆင့်တောက်တာဆေးလုံး၏အစွမ်းသည်လည်း ပျက်ပြယ်လာခဲ့သည်။
ထိုအခိုက်အတန့်လေးသည် သူ့တစ်ကိုယ်လုံးတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားသလိုမျိုး ဟစ်ဟာမှုကို ခံစားသွားရစေသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏ခွန်အားသည် အလွန်မနာလိုအားကျစရာကောင်းလှသည်။
မီတာပေါင်း၁သောင်းအကွာတွင်ရှိသည့် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးကိုပင် ဓားချက်တစ်ချက်တည်းဖြင့် သူသတ်နိုင်ခဲ့သည်။
ဘယ်လောက်တောင်လွှမ်းမိုးနိုင်လိုက်တဲ့ ခွန်အားမျိုးလဲ?
ထိပ်တန်းနတ်ဘုရားအဆင့်လက်နက် ရွှမ်ဟွမ်ဓားကို သူ့အနေနှင့် အစစ်အမှန်စွမ်းအား၏တစ်စိတ်တစ်ပိုင်းလောက်ကိုသာ ထုတ်သုံးနိုင်ခဲ့သော်လည်း လုရှောင်ယန်အတွက် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏အင်အားသည် လွန်စွာအထင်ကြီးလောက်စေမိဆဲပင်။
ထိုခံစားချက်က သူ့ကို သိုင်းဘုရင်အဆင့်သို့ ဖြစ်နိုင်သမျှမြန်မြန်လေးရောင်အောင် ကျင့်ကြံဖို့ရန် ကြုံးဝါးမိသွားစေသည်။
သူ့ခွန်အားကို အမြန်ဆုံးနည်းနှင့်တိုးတက်ချင်မိသည်။
သူ ကောင်းကင်ထက်မှနေပြီး မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းဆင်းသက်လိုက်ပြီးသည်နှင့် သူ့တပည့်များသည် ချက်ချင်းဆိုသလို သူ့အနားဝန်းရံလာကြသည်။
“ဆရာ၊ အစောက အရမ်းမိုက်တာပဲ။”
“ဒီကမ္ဘာပေါ်မှာ ဆရာ့ရဲ့ဓားစွမ်းရည်ကို တုနိုင်မဲ့လူ နောက်တစ်ယောက် ထပ်မရှိတော့မှာတောင် စိုးမိတယ်။”
“ဆရာက သေမျိုးလောကကို ဆင်းသက်လာတဲ့နတ်ဘုရားတစ်ပါးပဲ။”
လူတိုင်းတစ်ယောက်ပြီးတစ်ယောက် မြှောက်ပင့်ချီးကျူးနေကြတော့သည်။
သို့သော်လည်း ယွင်လီကောကတော့ အလွန်အမင်းအထင်အမြင်သေးစွာပြုံးလိုက်ရင်း အေးစက်စက်ဆိုသည်။ “အမြင်မရှိလိုက်ကြတဲ့ကလေးတွေ။ ဒီလောက်အသေးအမွှားလေးကို မြှောက်ပင့်နေကြရလား? ဒါက ဆရာ ပုံမှန်လုပ်နေကျလောက်ပဲရှိတယ်။ ဆရာ့ရဲ့တကယ့်စွမ်းအားက ဒီထက်အဆပေါင်းများစွာ သန်မာပြီးသား။”
ယွင်လီကော ချဲ့ကားပြောနေခြင်းဖြစ်ကာ သူ့နားရွက်များပင် နီရဲနေပြီမှန်း လုရှောင်ယန် သိသော်လည်း ထိုစကားများကိုကြားရချိန်တွင် အလွန်အမင်းအသက်သောင့်သက်သာဖြစ်သလို ခံစားနေရသည်။
“လီကော၊ အဲ့လောက်ချဲ့ကားမနေနဲ့။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ထက်ပိုသာတဲ့လူဆိုတာအမြဲရှိမှန်း မင်းမှတ်ထားရမယ်။”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ ဆရာပြောတာမှန်တယ်။ ကျွန်တော်မှားသွားတာပဲ။ ကျွန်တော်အရိုက်ခံရသင့်တယ်။”
ပြောပြီးသည်နှင့် ယွင်လီကောသည် ချက်ချင်းဆိုသလို သူ့ကိုယ်သူ၂ချက်ဆင့်ရိုက်လိုက်သည်။
လုရှောင်ယန်လည်း စနောက်ကာ ဆူပူလိုက်လေသည်။ “ဘာလို့များ ကလေးလိုလုပ်နေရတာလဲ?”
ထိုစကားပြောပြီးသည်နှင့် ယွင်လီကောထံသို့ သိုလှောင်အိတ်တစ်အိတ်ပစ်ပေးလိုက်လေသည်။
“ပြီးခဲ့တဲ့၂ရက်တုန်းက ငါနောက်ထပ်ဥနှစ်လုံးရထားသေးတယ်။ ယူသွားပြီး မင်းရဲ့ကျင့်ကြံဆင့်တိုးလာအောင် စားလိုက်။”
“ကျေးဇူးဆင်ပါတယ်၊ ဆရာ။ ဆရာ ပင်ပန်းသွားရပြီ။ မြန်မြန်လေးသွားအနားယူပါတော့။ ကျွန်တော် ဆရာ့အတွက် လက်ဖက်ရည်တည်ပေးပါ့မယ်။”
“ကောင်းပြီ!”
လုရှောင်ယန် ကျေနပ်စွာခေါင်းညိတ်လိုက်ကာ လက်နှစ်ဖက်နောက်ပစ်ရင်း ထွက်သွားလေသည်။ သူခြေလှမ်း၂လှမ်းမျှ လျှောက်ပြီးချိန်မှာတော့ တစ်ခုခုကိုတွေးမိသွားကာ ချက်ချင်းဆိုသလို ပြန်လှည့်ကြည့်လာခဲ့သည်။
“မင်းတို့က ဘာတွေစောင့်နေကြသေးတာလဲ? သွားပြန်ပြီး ကျင့်ကြံကြတော့!”
သူ့တပည့်တွေသာ မကျင့်ကြံကြရင် သူဘယ်အချိန်မှ သိုင်းဘုရင်အဆင့်ကိုရောက်တော့မလဲ?
ကျီဝူရှား : “…..”
ဖုန်းထျန်းယွမ် : “…..”
လီချန်းရှန် : “…..”
ကျူးကောကျီချုံ : “….”
စုန့်ရှင်းနျန် : “…..”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၂ အဖိုးတန်ကျောက်စိမ်း
လူတိုင်း သူတို့ဆရာသခင်၏နောက်သို့ ခွေးပေါက်လေးလို လိုက်ပါသွားသည့် အကြီးဆုံးဆရာတူအစ်ကိုကြီးကို ကြည့်နေမိကြသည်။
အတော်ကြာသည်အထိ သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြသည်။
ထို့နောက်မှာတော့ စုန့်ရှင်းနျန်ကအရင် စကားပြန်စလာခဲ့သည်။
“အကြီးဆုံးအစ်ကိုကြီးက အရင်ကတည်းက အပြောကောင်းတာလား?”
ကျန်လူများ ခေါင်းညိတ်ပြလိုက်လေသည်။
ဖုန်းထျန်းယွမ်က၊ “အမြဲတမ်းအတွက် မှန်တာတော့မဟုတ်ဘူး။”
စုန့်ရှင်းနျန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ ဖုန်းထျန်းယွမ်က ဆက်ပြောလာခဲ့သည်။ “တခါတလေ၊ အကြီးဆုံးအစ်ကိုကြီးက သူ့စကားတွေကို ပိုတောင် အဆင့်မြှင့်နိုင်သေးတယ်။”
စုန့်ရှင်းနျန် : “….”
ထိုအခိုက်အတန့်လေးမှာပဲ လူတိုင်း အတူတကွကျင့်ကြံနေကြတာတောင်မှ အကြီးဆုံးအစ်ကိုကြီးတစ်ယောက်မှာပဲ ဘာကြောင့်ရတနာတွေပိုများနေရလဲ စုန့်ရှင်းနျန် နားလည်သလိုရှိသွားတော့သည်။
အကြီးဆုံးအစ်ကိုကြီးက စကားပြောကောင်းပြီး ရုပ်ရည်အရလည်း ကြည့်ကောင်းတာကြောင့်ပဲ။ သူက သူတို့ဆရာကို အတော်လေးစိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်။
သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဖိနပ်လျက်တာကလည်း ပညာရပ်တစ်ခုဖြစ်ကြောင်း စုန့်ရှင်းနျန် ခံစားလိုက်ရတော့သည်။
…..
နေဝင်သွားချိန်တွင် ထာဝရသစ်တောတစ်ခုလုံးကို အနီရောင်အလင်းဖျော့ဖျော့တို့ ခြံရံနေခဲ့သည်။ ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါးအစွန်းတွင်တော့ လေထုသည် ပုံပျက်သွားခဲ့သည်။
ခဏအကြာမှာပဲ အကြီးအကဲထျန်းကျီဘေးတွင် ပုံရိပ်တစ်ခုပေါ်လာကာ သူမရှိရာသို့ လက်နှစ်ဖက်ယှက်ပြီး ဂါရဝပြုလိုက်သည်။
“အကြီးအကဲထျန်းကျီ၊ နာလန်မိသားစုတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပါပြီ။ နာလန်မျိုးနွယ်ဝင်အားလုံးကို ကျွန်တော်တို့ သတ်ပြီးလို့ သွေးတွေအားလုံးကို စုဆောင်းထားလိုက်ပါပြီ။”
ထိုစကားပြောပြီးသည်နှင့် ထိုလူသည် ကြွေပုလင်းငယ်တစ်လုံးကို ကမ်းပေးလာခဲ့သည်။ ထိုကြွေပုလင်းငယ်လေးထဲတွင် သွေးများဖြင့်ပြည့်နေကာ တချို့သောသွေးစက်များဆိုလျှင် ရွှေရောင်အလင်းဖျဖျပင်လင်းလက်နေလေသည်။
ထိုသွေးစက်များသည် ဧကရာဇ်အဆင့်နှင့်အထက်ရောက်နေသော ကျွမ်းကျင်သူတို့၏သွေးများဖြစ်သည်။ သူတို့၏သွေးမျိုးဆက်များသည်လည်း ပိုမိုသန်မာနေကြပေပြီ။
လူတစ်ယောက်၏ကျင့်ကြံဆင့်သည် ဧကရာဇ်အဆင့်သို့ရောက်ရှိသွားသည်နှင့် ထိုသူတို့၏သွေးမျိုးစက်စွမ်းအားသည်လည်း ပြောင်းလဲသွားပေသည်။
ယခင်တုန်းက မဟာကျိုးဧကရာဇ်၏သားစဉ်မြေးဆက်တို့သည် တခြားတော်ဝင်နန်းတော်တို့၏သားစဉ်မြေးဆက်တို့ထက် သန်မာနေခြင်းမှာ မဟာကျိုးဧကရာဇ်သည် ဧကရာဇ်အဆင့်ကျွမ်းကျင်သူဖြစ်နေခြင်းကြောင့်ပင်။ သူ၏သားသမီးများအနေနှင့် ထိုသွေးမျိုးဆက်စွမ်းအား၏ တိုးပွားလာမှုကို ဆက်ခံနိုင်ကြသည်။
အကြီးအကဲထျန်းကျီ၏ တည်ငြိမ်သည့်အမူအရာဖြင့် ကြွေပုလင်းငယ်ကို ယူသိမ်းထားလိုက်ကာ စကားဆက်ပြောလာခဲ့သည်။ “မဟာချင်အင်ပါယာအတွက် စီစဉ်ထားတာတွေရော ဘယ်လိုလဲ?”
“မဟာချင်အင်ပါယာကို စီစဉ်ပြီးပါပြီ။ ကျူးကောဖေးအာက တစ်ချိန်က ကျူးကောမိသားစုမှာ သွေးမျိုးဆက်တစ်ယောက် ကျန်ရစ်ခဲ့တယ်။ ကျွန်တော်တို့ အဲ့ဒီသွေးမျိုးဆက်ကို ရှင်းထုတ်လိုက်ပါပြီ။ အခုတော့ ကျူးကောဖေးအာလည်း သတင်းကြားပြီး ကျူးကောမိသားစုဆီ ပြန်တဲ့လမ်းမှာ ရောက်နေပါပြီ။”
“အဲ့လိုလား? ဒါဆို ချင်အင်ပါယာက တခြားတစ်ယောက်ကရော?”
“ဆုချန်အကြောင်း ပြောတာပါလား?”
“ဟုတ်တယ်။”
“ကျွန်တော်တို့ နားလည်ထားသလောက်တော့၊ နတ်ဘုရားခန်းမဆုချန်ရဲ့ အတိုင်းအတာက ထပ်ပြီးကျယ်ပြန့်လာပါတယ်။ အခု သူ့လက်အောက်မှာ သူတော်စင်အဆင့်ကျွမ်းကျင်သူ အယောက်၂၀ရှိနေပါပြီ။ ဒါတင်မကသေးပါဘူး၊ နောက်ထပ် ပူးပေါင်းဖို့ စိတ်ဝင်စားနေတဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူအနည်းငယ်လည်း ရှိပါသေးတယ်။ ဧကရာဇ်အဆင့်၊ ဘုရင်အဆင့်နဲ့ တခြားအဆင့်ကကျွမ်းကျင်သူတွေကတော့ မရေမတွက်နိုင်အောင်များပါတယ်။ ဆုချန်နဲ့ ဆွေးနွေးချင်နေတဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်တောင် ရှိနေတယ်လို့ လျှို့ဝှက်သတင်းရထားပါသေးတယ်။ သူတို့ဆွေးနွေးတာသာ အဆင်ပြေသွားမယ်ဆိုရင် ဆုချန်မှာ သူ့ရဲ့လက်အောက်ငယ်သားအဖြစ် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပါ ရှိလာတော့မှာပါ။”
“ဟမ့်! ဒီကောင်စုတ်လေးက တော်တော်ရက်ရောတာပဲ။ သူက သေမျိုးတွေရဲ့ကံကောင်းခြင်းကိုပြောင်းလဲပစ်ဖို့ ရှေးဟောင်းခရမ်းရောင်ချီတွေကို အပိုင်းပိုင်းခွဲထုတ်ပစ်တယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ မြင်းနက်တွေစုဆောင်းနေပါစေ အသုံးမဝင်သေးဘူး။ ဆရာက နှစ်သိန်းပေါင်းများစွာကြာအောင် စီစဉ်ထားပြီးသား။”
“အဲ့ကလေးကို တားနိုင်တဲ့လူ ဘယ်သူမှမရှိဘူး။”
“သူက သူ့ရဲ့မူလနေရာကို သေချာပေါက် ပြန်လာနိုင်လိမ့်မယ်။”
“ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ?”
“ဧကရာဇ်အဆင့်ကျွမ်းကျင်သူနည်းနည်းလောက်ကို ခိုးဝင်ခိုင်းလိုက်။ သူက လူတွေစုဆောင်းချင်နေမှတော့ စုဆောင်းပါလေ့စေ။”
“ဒါပေမယ့်၊ သူကမြင်းနက်ဆိုတာကိုတော့ မမေ့နဲ့။ သစ္စာဖောက်မှုကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် သူ့ကိုကူညီပေးနေမယ့် အထူးစွမ်းရည်တွေရှိကောင်းရှိနေနိုင်တယ်။ ငါ သူတို့အတွက် ကောင်းကင်လျှို့ဝှက်မျှော်စင်ရဲ့ လျှို့ဝှက်နည်းစနစ်တချို့ကို သုံးပေးလိုက်မယ်၊ ဒါမှ သူတို့တွေ မြင်းနက်ရဲ့ဖော်ထုတ်ခံရတာကနေ ရှောင်ရှားနိုင်မှာ။
ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ သူတို့ကိုဂရုစိုက်ဖို့နဲ့ သူတို့ကိုယ်ရေးအချက်အလက်တွေ ဖော်ထုတ်မခံရစေဖို့ ပြောထား။”
“ဟုတ်ကဲ့ပါ။”
တစ်ဖက်လူက မြန်မြန်သွက်သွက်ပဲ သူမပေးသည့်တာဝန်ကို လုပ်ဆောင်ရန် ထွက်သွားခဲ့သည်။
အကြီးအကဲထျန်းကျီလည်း လှိုဏ်ဂူထဲသို့ ပြန်လှည့်ဝင်သွားခဲ့သည်။
လှိုင်ဂူထဲတွင်မှာတော့ တကယ်တမ်း ကြီးမားသည့်သွေးကန်ကြီးတစ်ကန် ရှိနေခြင်းပင်။ သွေးကန်ထဲတွင် သွေးအမျိုးအစားပေါင်းမြောက်မြားစွာ လှည့်ပတ်လှုပ်ရှားနေကြသည်။ ထိုထဲတွင် ရွှေရောင်ခပ်ဖျော့ဖျော့သမ်းနေသည့် သွေးတချို့လည်း ရှိနေသေးသည်။
ထိုထဲမှ တချို့သွေးများဆိုလျှင် သန့်စင်သည့်ရွှေရောင်အဆင်းသို့ပင် ဝင်ရောက်နေပြီဖြစ်သည်။
ထိုအရောင်ရှိသည့်သွေးများသည် သိုင်းဘုရင်အဆင့်သို့လှမ်းဝင်ပြီးသည့် ကျွမ်းကျင်သူတွင်သာ ပေါ်ထွက်လာသည့်အရောင်ဖြစ်သည်။
အကြီးအကဲထျန်းကျီသည် ကြွေပုလင်းငယ်ထဲမှ သွေးများကို ကန်ထဲသို့လောင်းထည့်လိုက်သည်။ ထိုနာလန်မိသားစုထံမှ သက်ဝင်နေသည့်သွေးများသည် အစကတော့ ရုန်းကန်ချင်နေခဲ့ကြသည်။
သို့သော်လည်း ထိုသွေးများသည် ကန်ထဲမှသွေးများ၏ဖိနှိပ်ဖျက်ဆီးခြင်းကို ခံရကာ အဆုံးသတ်သွားလေသည်။
အကြီးအကဲထျန်းကျီက ကြွေပုလင်းကိုလွှင့်ပစ်ကာ သွေးအိုင်ထဲမှသွေးများကို ကြည့်လိုက်သည်။
“ဒီသက်ဝင်နေတဲ့သွေးတွေနဲ့တင် ကောင်းကင်ဂိတ်တံခါးကိုထောက်လှမ်းဖို့ မလုံလောက်ဘူး။ ငါသာ သူ့ကို နတ်လောကထဲအောင်အောင်မြင်မြင်ဝင်ရောက်စေချင်ရင် သွေးတွေထပ်လိုနေသေးတယ်။ ကြည့်ရတာ နောက်ထပ်ကျွမ်းကျင်သူတွေအများကြီးကို သတ်ဖို့နည်းလမ်းရှာဦးမှပဲ။”
…..
တစ်ဖက်မှာတော့ ရှေးဟောင်းတောင်နယ်နိမိတ်ရှိ မဟာကျိုးနယ်စပ်…
လင်းလုံမြို့တွင်…
လမ်းဖြတ်တစ်ခု၏သစ်ပင်ရိပ်အောက်တွင် သေသပ်စွာဝတ်ဆင်ထားသည့်လူတစ်ယောက် မတ်တပ်ရပ်နေကာ ဆန့်ကျင်ဘက်ရှိ တောက်ပစွာမီးထွန်းညှိထားသောတည်းခိုဆောင်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် အေးစက်သည့်အလင်းရောင်များ တောက်လဲ့လို့နေသည်။
ခဏအကြာမှာတော့ သူမနောက်တွင် လူရိပ်တစ်ခုပေါ်လာကာ၊
“အဇူရာ၊ ကျွန်တော်တို့ စုံစမ်းပြီးသွားပါပြီ။ သခင်လေးကိုသတ်သွားတဲ့လူက သခင်လေးရဲ့ချစ်သူ လင်းဟွားယွီပါ။ သူမက အစကတော့ သခင်လေးစွဲလန်းသွားတဲ့ ပြည့်တန်ဆာတစ်ယောက်ပါ။ သခင်လေးက သူမကိုရွေးပြီး လက်ထပ်ခဲ့ပါတယ်။ ကျွန်တော် မမျှော်လင့်ထားလိုက်တာက၊ သူမက တကယ်ပဲ သခင်လေးကိုသတ်ပြီး ကျူးကောမိသားစုရဲ့အမွေတွေကို ရယူဖို့အတွက် လင်းလုံမြို့က မိသားစုကြီးလေးခုနှင့် ပူးပေါင်းလိုက်တာပဲ။ ဒီည သူတို့တွေ ဒီတည်းခိုဆောင်မှာ သခင်လေးအတွက် အဇူရာချန်ခဲ့ပေးတဲ့ အဖိုးတန်ကျောက်စိမ်းကိုလေလံတင်ဖို့ လေလံပွဲလုပ်ကြပါလိမ့်မယ်။”
အဇူရာဟုခေါ်သည့်အမျိုးသမီး၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တို့ ပြည့်နှက်လာခဲ့သည်။
“လင်းဟွားယွီ၊ မင်းကများ ငါ့သားကိုသတ်ရဲတယ်ပေါ့။ မင်းပါ သူနဲ့အတူအဖော်ပြုပေးဖို့ အသင့်ပြင်ထားလိုက်တော့!”
သူမစကားဆုံးသွားသည်နှင့် ချက်ချင်းပင် တည်းခိုဆောင်ထဲသို့ လှမ်းဝင်သွားတော့သည်။
သူမ၏လွှမ်းမိုးနိုင်စွမ်းပြည့်ဝနေသည့်စကားလုံးများကိုကြားပြီး အမျိုးသား၏နှလုံးသားမှာ တုန်ရီသွားကာ သူ၏မျက်လုံးထဲတွင်တော့ လွန်စွာလေးစားကြည်ညိုသည့်အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
သူမက တကယ်ကိုလွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အမျိုးသမီးပဲ။
တိုက်ပွဲနတ်ဘုရားစစ်တပ်ကိုထိန်းချုပ်နိုင်ပြီး ချင်အင်ပါယာရဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာတာ အံ့ဩစရာမရှိတော့ပါဘူး။
တိုက်ပွဲနတ်ဘုရားအဇူရာ!
အဇူရာက တည်းခိုဆောင်ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။ သူမ တံခါးနားသို့ရောက်သည်နှင့် တံခါးနားမှီနေသည့် ချမ်းသာသည့်သခင်ငယ်လေးတစ်ဦးသည် လူကြီးလူကောင်းဆန်ဆန်ဟန်ဆောင်ပြုံးလိုက်ကာ၊
“ဒီသခင်မလေးကိုကြည့်ရတာ သိပ်မရင်းနှီးသလိုပဲ။ ဘယ်မိသားစုကများလဲ?”
အဇူရာက ထိုသူကိုလုံးဝလှည့်မကြည့်ဘဲ ထူးမခြားနားစွာ စကားတစ်ခွန်းကိုသာ ပြန်ပြောလိုက်သည်။
“ ‘ထွက်သွား’ !”
သူမထိုစကားပြောလိုက်သည်နှင့် တစ်ဖက်လူ၏အမူအရာမှာ ချက်ချင်းဆိုသလို အရုပ်ဆိုးသွားတော့သည်။ သို့သော်လည်း လူကြီးလူကောင်းတစ်ယောက်လိုက် ဆက်ဟန်ဆောင်နေကာ ပြန်ပြောလိုက်သည်။
“မိန်းကလေး၊ နားလည်မှုလွဲစရာမလိုပါဘူး။ ငါက မင်းဘယ်ကလည်းဆိုတာ သိချင်ရုံပါ။ တခြားဘာရည်ရွယ်ချက်မှမရှိဘူး။ ပြီးတော့ ငါက လင်းလုံမြို့ လီမိသားစုရဲ့ အကြီးဆုံးသား လီချင်းပဲ။ ငါတို့ လီမိသားစုက လင်းလုံမြို့မှာ ဘယ်လိုအနေအထားရှိတယ်ဆိုတာ မင်းကြားဖူးမှာပေါ့?”
ထိုသခင်လေးမှာ သူ့ကိုယ်သူမိတ်ဆက်နေသည့်အချိန်တွင် နှုတ်ခမ်းစွန်းတို့က အသာကော့တက်နေကာ ယုံကြည်ချက်အပြည့်ပင်။
တကယ်တမ်းမှာတော့…
ဒါကပဲ မိန်းကလေးတွေကို ဆွဲဆောင်သည့် သူ၏နည်းလမ်းဖြစ်ပေသည်။
လင်းလုံမြို့တွင် လီမိသားစုသည် အလယ်အလတ်အဆင့်တွင်ရှိသည်။ သူတို့သည် ချမ်းသာကာ အင်အားကြီးပေသည်။ ထို့အပြင် သခင်ကြီးအိုကြီးလီသည် ဆရာသခင်ပထမအဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။ ပြောရမယ်ဆိုလျှင် ထိုအဆင့်သည် လင်းလုံမြို့တွင် အတော်အသင့်လေးစားခံထိုက်သည်ပေါ့။
ကံမကောင်းစွာဘဲ ဤတစ်ခေါက်မှာတော့ သူအတွက်အချက်လွဲသွားခဲ့သည်။
သူ့စကားဆုံးသွားသည်နှင့် အဇူရာက သူ့ရင်ဘက်သို့လက်သီးတစ်ချက်ပစ်သွင်းလိုက်လေသည်။
လီချင်းသည် မယုံကြည်နိုင်ခြင်းများစွာဖြင့် အဇူရာ၏ဘေးတိုက်အနေအထားကို ကြည့်နေခဲ့သည်။ လင်းလုံမြို့တွင် သူ့ကိုတိုက်ခိုက်ရဲမည့်လူရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အဇူရာကတော့ လုံးဝဂရုစိုက်မနေပေ။ သူမက လက်ကိုပြန်ရုတ်ကာ တည်းခိုဆောင်ထဲသို့ ဝင်သွားခဲ့သည်။
တည်းခိုဆောင်ထဲတွင်တော့ အားလုံးရုတ်ရုတ်သဲသဲပင်။ လေလံပွဲဆက်လက်တင်ဆက်နေသော်လည်း သူမဝင်လာသည်ကိုမြင်လိုက်သည်နှင့် ရုတ်ရုတ်သဲသဲအခြေအနေကြီးမှာ ချက်ချင်းလျော့ကျသွားခဲ့သည်။
အကြောင်းကတော့ အဇူရာ၏ရုပ်ရည်မှာ လွန်စွာကြည့်ကောင်းနေခြင်းကြောင့်ဖြစ်သည်။
ဤသိုင်းလောကတွင် အမျိုးသမီးတိုင်းသည် အသားအရေချောမွတ်လှကြသော်လည်း အဇူရာ၏အသွင်အပြင်နှင့်အရှိန်အဝါသည်တော့ အထူးတလည်ပိုမိုလှပနေသည်။
ထို့အပြင် လင်းလုံမြို့ရှိ အမျိုးသမီးများ၏ကျင့်ကြံဆင့်သည် အလွန်နိမ့်ကျကြတာကြောင့် သူတို့၏သွင်ပြင်သည် သူမကဲ့သလို မှင်သက်စရာမကောင်းလှပေ။
“ဘယ်မိသားစုက မိန်းကလေးများလဲ? ဘာလို့ဒီလောက်တောင် လှနေရတာလဲ?”
“ဘယ်သိမလဲ!”
သူတို့ဆွေးနွေးနေကြချိန်မှာပဲ အဇူရာက လေလံပစ်သူ၏နံဘေးသို့ လျှောက်သွားခဲ့သည်။
လေလံပစ်သူက မျက်မှောင်ကြုတ်သွားကာ၊
“မိန်းကလေး၊ မင်းလေလံပွဲမှာ ပါဝင်ချင်ရင် ဒီနားလာမဲ့အစား ထိုင်ခုံတစ်ခုံရှာပြီး ဈေးခေါ်ဖို့ အကြံပေး….”
ဖူး!
သူ့စကားမဆုံးလိုက်ချင်မှာပဲ အဇူရာက ဓားရှည်နှင့် သူ့ကို တိုက်ရိုက်ထိုးသတ်လိုက်လေသည်။
လေလံတင်သူ၏ဦးခေါင်း ကြမ်းပေါ်သို့ကျသွားသည်နှင့် လူအုပ်ကြီးတစ်ခုလုံး အုတ်အော်သဲသဲဖြစ်ကုန်တော့သည်။
“မင်းအရမ်းလွန်သွားပြီ။”
“ဟုတ်တယ်။ မင်း ဘယ်မိသားစုကလဲ? လင်းလုံမြို့မှာများ မင်းက ပြဿနာရှာရဲတယ်ပေါ့? ဥပဒေကို အလေးမထားဘူးလား?”
အဇူရာက ထိုသူများကို တစ်ချက်လေးပင် မကြည့်ပေ။ သူမက လေလံတင်ရောင်းချခံနေခဲ့ရသည့် အဖိုးတန်ကောက်စိမ်းကိုသာ ပွတ်သပ်ရင်း သူမ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်နေလေသည်။
ထို့နောက် သူမ၏အကြည့်က ဒုတိယထပ်ရှိ သီးသန့်ခန်းရှိရာသို့ဦးတည်သွားသည်။ ထိုထဲတွင် အဝါရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးရှိနေလေသည်။
သူတို့အကြည့်ချင်းဆုံသွားသည်နှင့် တစ်ဖက်လူမှာ စိတ်နှလုံးတုန်လှုပ်သွားတော့သည်။
အဇူရာ၏မျက်လုံးများမှာ အလွန်ထက်ရှနေကာ သူမ၏အကြည့်ကို ဘယ်လိုမှမလွန်ဆန်နိုင်ပေ။
သူမအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ထရပ်လိုက်ကာ အဇူရာရှိရာသို့ လက်နှစ်ဖက်ဆုပ်ပြီး ဂါရဝပြုလိုက်သည်။
“စီနီယာကြီးက ဘယ်ကများလဲ? ဘာကြောင့် ကျွန်မကို တိုက်ခိုက်ရတာလဲ? ကျွန်မအနေနဲ့ စီနီယာကြီးကို ဆန့်ကျင်တဲ့အပြုအမူမျိုး တစ်ခါမှမလုပ်ခဲ့ဘူးလားလို့?”
အဇူရာက သူမအမေးကိုပြန်မဖြေဘဲ သူမပြောချင်ရာကိုသာ ပြောလိုက်သည်။
“ပြောစမ်းပါ၊ ကျူးကောရွှမ်က မင်းကိုဒီလောက်ချစ်တာ။ ဘာလို့ မင်းက ကျူးကောရွှမ်ကို အန္တရာယ်ပြုရတာလဲ?”
အဝါရောင်ဝတ်စုံနှင့်အမျိုးသမီး၏အကြည့်များက အေးစက်သွားလေသည်။
“မင်း ဒီကို ပြဿနာရှာဖို့လာတာလား?”
အဇူရာက သူမအမေးကိုမဖြေသေးဘဲ ဆက်သာပြောသည်။ “ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်။”
အဝါရောင်ဝတ်စုံနှင့်အမျိုးသမီး၏အကြည့်က အောက်ဖက်တွင် စတင်ပြောဆိုနေကြပြီဖြစ်သည့် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူမ၏အကြည့်များက ပိုလို့တောင်မှ အေးစက်လာခဲ့လေသည်။
တစ်ဖက်လူက သူမ၏ဂုဏ်သိက္ခာကို ဖျက်ဆီးချင်နေတာပဲ။
ဒါပေမယ့် သူမကတော့ ကြောက်မသွားဘဲ လှော်ထေ့သည့်အသံတောင် လုပ်လိုက်သေးသည်။
“ငါ သူ့ကိုသတ်လိုက်တော့ ဘာဖြစ်လဲ? သူသာ ငါ့မိဘတွေကိုမသတ်ခဲ့ရင် ငါ့ဘဝကရော ပြည့်တန်ဆာအိမ်မှာအဆုံးသတ်သွားမယ်တဲ့လား? သူ ငါ့ကိုချစ်ပါတယ်လို့ပြောနေတာကလည်း တကယ်တမ်း ငါ့ခန္ဓာကိုယ်ကို တပ်မက်တာကြောင့်ပဲ။ ငါသာ အသက်ကြီးကြီး ရုပ်ဆိုးဆိုးဖြစ်နေရင် ငါ့ကိုတစ်စက္ကန့်လေးတောင် ကြည့်လာမှာတဲ့လား?”
အဇူရာက ချက်ချင်းပင် သူမခေါင်းကို ခါယမ်းလိုက်သည်။
“ဒီလိုဆိုရင်တောင် မင်းသူ့ကိုမသတ်ခဲ့သင့်ဘူး။”
“ဘာလို့လဲ?”
“ဘာလို့ဆို သူက ငါ့သားဖြစ်နေလို့ပဲ။”
သူမစကားဆုံးသွားသည်နှင့် အဇူရာသည် ထပ်မံအချိန်ဆွဲမနေတော့ပေ။ အဖိုးတန်ကျောက်စိမ်းကို သူမကောက်ယူကာ လှည့်ထွက်သွားခဲ့သည်။
လင်းဟွားယွီက ချက်ချင်းအော်ဟစ်လိုက်လေသည်။
“သူမ မထွက်သွားစေနဲ့။ အဲ့ဒီအဖိုးတန်ကျောက်စိမ်းက အဆင့်နိမ့်ကောင်းကင်ဘုံအဆင့်ရတနာပဲ။”
သူမထိုစကားပြောလိုက်သည်နှင့် လူတိုင်း ချက်ချင်းဆိုသလို စတင်တိုက်ခိုက်ကြတော့သည်။
သို့သော်လည်း အဇူရာ၏ခြေလှမ်းနည်းစနစ်က လွန်စွာထူးဆန်းလှသည်။ နှစ်ချက်လောက်လှုပ်ရှားလိုက်ရုံဖြင့် ဘယ်သူကမှ သူမကိုမတားလိုက်နိုင်ခင်မှာပဲ ဝင်ပေါက်သို့ အလွယ်တကူ လျှောက်သွားနိုင်ခဲ့လေသည်။
“တစ်ယောက်မှ အရှင်မထားနဲ့။”
ထိုစကားများကိုပြောလိုက်ပြီးသည်နှင့် သူမသည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
လင်းဟွားယွီ ဒေါသထွက်သွားကာ၊
“အဲ့မိန်းမပျက်ကို မလွတ်သွားစေနဲ့။ အဲ့ကျောက်စိမ်းကို ပြန်ယူပေးနိုင်တဲ့ဘယ်သူ့ကိုမဆို အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၂ထောင်ပေးမယ်။”
သူမထိုသို့ပြောလိုက်သည်နှင့် လေလံပွဲမှလူတိုင်း အဇူရာနောက်ကိုလိုက်ဖို့ရန် ပြင်ကြတော့သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပဲ အဖြူရောင်ပိုးလက်အိတ်များကိုဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာဝင်ရောက်လာခဲ့သည်။
“နှစ်ချက်ရှိတယ်။ ပထမတစ်ခုအနေနဲ့၊ သူမက မိန်းမပျက်မဟုတ်ဘူး။”
“ဒုတိယကတော့၊ မင်းတို့ရဲ့ နောက်ဆုံးစကားကို ချန်ထားခဲ့ဖို့ အသက်၅ရှိုက်စာ အချိန်ပေးမယ်။”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၃ နတ်ဘုရားခန်းမ၏ သခင် ဆုချန်၊ ကျူးကောဖေးအာရဲ့လူ
အချိန်ခဏကြာပြီးနောက်မှာတော့ လင်းလုံမြို့တစ်ခုလုံး မီးတောက်နီများဖြင့် ဖုံးလွှမ်းသွားခဲ့တော့သည်။
အမျိုးသားသည်လည်း သွေးစွန်းနေသည့်ပိုးလက်အိတ်ကိုချွတ်ကာ မြို့ဝင်ပေါက်ရှိ လှည်းထဲသို့ပစ်လိုက်လေသည်။
ထိုလှည်းသည် ရွှေနှင့် ထိပ်တန်းအဆင့် ဝိညာဉ်သစ်သားတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုလှည်းပေါ်တွင် ရေးထွင်းထားသည့်အစီအရင်များမှာ အနည်းဆုံးသူတော်စင် ထိပ်တန်းအဆင့်ရှိလေသည်။ အကာအကွယ်အစီအရင်အနေဖြင့် အဆင့်နိမ့် သိုင်းဘုရင်အဆင့် အစီအရင်တောင်မှ ပါရှိလေသည်။
လှည်းကိုတော့ဖြင့် မိစ္ဆာသားရဲဖြစ်သော မြေနဂါးသွေးမျိုးဆက်ဖြစ်သည့် မြင်းဖြူ၆ကောင်က ဆွဲလေသည်။
သိထားရမည့်အကြောင်းကတော့ မဟာချင်အင်ပါယာတွင် ဧကရာဇ်တွင် မြင်း၈ကောင်ရှိကာ မင်းသားနှင့်ဘုရင်များတွင်တော့ မြင်း၆ကောင်ရှိပြီး ကျန်သည့်အရာရှိများတွင်တော့ မြင်း၄ကောင်သာရှိကြပေသည်။
“သခင်အဇူရာ၊ အားလုံးပြီးသွားပါပြီ။”
အဇူရာက သူမလက်ထဲတွင် ဝိညာဉ်ကျောက်စိမ်းတုံးတစ်ခုကို ကိုင်ထားကာ မျက်လုံးများကို အသာမှိတ်ထားခဲ့သည်။
“ငါ့သားရဲ့အရိုးတွေကိုရှာပြီး မြှုပ်ပေးရအောင် မဟာချင်အင်ပါယာမှာ မြှုပ်နှံရအောင် ပြန်ခေါ်လာခဲ့။”
“ဟုတ်ကဲ့ပါ။”
ပြန်လည်ဖြေကြားပြီးနောက် တစ်ဖက်လူက တစ်ခုခုပြန်ပြောမလာခင် ခဏတာနှုတ်ဆိတ်သွားခဲ့သည်။
“ဒါနဲ့၊ တောင်ကြားထဲက ကျူးကောမိသားစုရဲ့သင်္ချုင်းကို သခင်အဇူရာ မှတ်မိပါသေးလား?”
“မှတ်မိတယ်။”
“ကျူးကောမိသားစုမှာ ရှင်ကျန်ရစ်တဲ့တပည့်တွေက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အဲ့ဒီတောင်ကြား ဖျက်ဆီးခံလိုက်ရတယ်လို့ ပြောလာပါတယ်။”
အစက မျက်လုံးများမှိတ်ကာ အနားယူနေခဲ့သည့် အဇူရာသည် ရုတ်ချည်းမျက်လုံးများကို ဖွင့်လိုက်ကာ လူတစ်ယောက်နှလုံးကို တုန်လှုပ်သွားစေနိုင်လောက်သည့် အရှိန်အဝါကို ဖွင့်ထုတ်လိုက်လေသည်။
“ကျူးကောကျီချုံရဲ့ အလောင်းရော?”
“အဲ့..အဲ့ဒါလည်း မတွေ့တော့ပါဘူး။”
ချက်ချင်းဆိုသလို လှည်းအတွင်းရှိ အပူချိန်က ထိုးကျသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားစေတော့မတတ်ပင်။
“ရှာကြ။ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကျူးကောကျီချုံရဲ့အလောင်းကို တွေ့အောင်ရှာ။ ငါ အမှန်အတိုင်းသိချင်တယ်…. သူ မဟာကျိုးတော်ဝင်နန်းမြို့တော်မှာ ပုန်းနေခဲ့တယ်ဆိုရင်တောင်မှ မင်း တစ်မြို့လုံးမြေလှန်ပြီး ရှာခဲ့။”
“ဟုတ်ကဲ့ပါ။”
သူမစကားပြောလို့ပြီးသွားချိန်မှာပဲ ရုတ်တရက်ဆိုသလို လှည်းအောက်ခြေမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး နောက်မှာတော့ နှလုံးတုန်လှုပ်ဖွယ်ရာ ဖျက်ဆီးခြင်းအရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့လေသည်။
ဘုန်း!
ချက်ချင်းဆိုသလို လှည်းတစ်ခုလုံး ပေါက်ကွဲမှုအရှိန်ဖြင့် လွှမ်းခြုံခံလိုက်ရတော့သည်။
သို့သော်လည်း ၂စက္ကန့်အတွင်း ချက်ချင်းဆိုသလိုပဲ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဇူရာက သူမ၏လက်အောက်ငယ်သားကို လက်တစ်ဖက်နှင့်ဆွဲကိုင်ရင်း မီးတောက်ထဲမှ တိုးထွက်လာခဲ့သည်။
“ဝေါင်း!”
သစ်တောဘက်ထဲတွင် ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာသည်။ နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ မိစ္ဆာသားရဲပေါင်းများစွာသည် ထွက်ပြေးသွားခဲ့ကြသည်။
အဇူရာ၏အကြည့်များက အေးစက်လို့နေသည်။
“မင်းတို့ လွတ်နိုင်မယ်များထင်နေလား?”
အဇူရာ၏ဘက်လက်က မြှောက်တက်သွားကာ ဝိညာဉ်စွမ်းအားတို့က သူမ၏လက်ဖဝါးတွင် အရူးအမူးစုဝေးလာကြသည်။ ဓားစွမ်းအားတို့က မီတာပေါင်း၁သောင်းအထိ ပျံ့နှံ့သွားကာ ကောင်းကင်တိမ်တိုင်များကိုပင် ဖြိုခွဲသွားသည်။
ဘုန်း!
ချက်ချင်းဆိုသလို သစ်တောကြီးတစ်ခုလုံးကို မီးတောက်များဖြင့် ဖုံးလွှမ်းသွားပြီး မိစ္ဆာသားရဲတွေအားလုံးလည်း မီးပင်လယ်ကြီးထဲတွင် သေဆုံးသွားကြတော့သည်။
သို့သော်လည်း အဇူရာ၏အင်အားကြီးမားလှသည့် ပုံရိပ်မှာ ကြာကြာမခံလိုက်ပေ။ အပြင်းအထန် ချောင်းဆိုးလိုက်သံနှင့်အတူ သူမနှုတ်ခမ်းစွန်းမှ သွေးများစီးကျလာခဲ့သည်။
“အဟွတ်… အဟွတ်..”
“သခင်အဇူရာ!”
အမျိုးသားက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အော်လိုက်သည်။
ရှေးဟောင်းတောင်နယ်နိမိတ်၏ မိစ္ဆာသားရဲများနှင့်တိုက်ပွဲတွင် သူမသည် မရေမတွက်နိုင်သော ဂုဏ်ဆောင်မှုများ ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ပြင်းထန်သည့်ဒဏ်ရာများလည်း ရရှိခံစားခဲ့ရကာ အခုချိန်ထိ မပျောက်ကင်းနိုင်သေးပေ။
“ငါ့အမိန့်ကို ဖြန့်လိုက်။ တုန်းဖန်းရွှယ်နဲ့တခြားလူတွေကို မဟာကျိုးထဲဝင်ဖို့ ဆင့်ခေါ်လိုက်။ ဘာအကြောင်းပဲရှိရှိ ကျူးကောကျီချုံကို တွေ့အောင်ရှာရမယ်။”
သူမစကားဆုံးသွားသည်နှင့် အဇူရာသည် မျက်လုံးများမှိတ်ကျကာ အမျိုးသား၏လက်မောင်းများကြားထဲ သတိလစ်မေ့မျောသွားတော့သည်။
……..
နှစ်ရက်ကြာပြီးနောက် လုရှောင်ယန်သည် အမည်မဲ့ဂိုဏ်းထဲတွင် မဟာကျိုးတော်ဝင်မိသားစုမှပေးပို့လာသည့် သတင်းများကို ဖတ်နေခဲ့သည်။ သတင်းများကို ဖတ်နေစဉ်အတွင်း အနည်းငယ်မျက်မှောင်မကြုတ်မိဘဲ မနေနိုင်ခဲ့ပေ။
“မဟာချင်အင်ပါယာ တိုက်ပွဲနတ်ဘုရားစစ်တပ်၏တပ်မှူး အဇူရာ၊ ကျူးကောဖေးအာသည် လွန်ခဲ့သည့်နှစ်ရက်ခန့်တုန်းက မဟာကျိုးတွေ ပေါ်လာခဲ့သည်…”
“ဒီမိန်းမတော်တော်လေးရက်စက်ကြမ်းကြုတ်တာပဲ။ သဘောထားကွဲလွဲမှုလေးတစ်ခုနဲ့တောင်မှ မြို့တစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်တယ်။ ကျူးကောကျီချုံသာ ငါနဲ့အတူရှိနေမှန်း သူသိသွားရင် စစ်သား၁သိန်းလောက်နဲ့ အမည်မဲ့ဂိုဏ်းကိုဝိုင်းပြီး ငါ့အတွက်ခွေးလှောင်အိမ်များဆောက်ပစ်မလားမသိဘူး?”
လုရှောင်ယန် စာကိုဆက်ဖတ်လိုက်သည်။
“ရှေးဟောင်းတောင်နယ်နိမိတ်မှ ကျန်ရှိသည့်မိစ္ဆာသားရဲများသည် မဟာကျိုးထဲသို့စိမ့်ဝင်လာပြီး အချိန်မရွေးကျူးကောဖေးအာကို လက်စားချေဖို့ အသင့်ပြင်နေကြသည်။”
“ကျွတ်..ကျွတ်… ဒီသတင်းက သိပ်မဆိုးဘူးပဲ။ ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ။ ငါဒါကို အခွင့်ကောင်းယူလို့ရနိုင်တယ်။”
“နတ်ဘုရားခန်းမ၏အဖွဲ့ဝင်များသည် မဟာကျိုးတော်ဝင်မိသားစုကို လက်အောက်ခံအဖြစ်သိမ်းသွင်းဖို့ကြိုးစားရန် တော်ဝင်မိသားစုနှင့်ဆွေးနွေးရန်အတွက် မဟာကျိုးတော်ဝင်နန်းမြို့တော်တွင် ပေါ်လာခဲ့သည်။ နတ်ဘုရားခန်းမ… ဒါက ငါ့ရဲ့ခြောက်ယောက်မြောက်တပည့်ရဲ့ရန်သူ တည်ထောင်ထားတဲ့အဖွဲ့အစည်းပေါ့?”
“သေစမ်း၊ သူတွေက လူတွေကို နှိပ်စက်ဖို့ တကယ်ကို ရောက်လာကြတာပဲ! ဒီမောက်မာတဲ့ကောင်တွေက မြင်းနက်တွေလား?”
မဟာကျိုးအင်ပါယာသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီဖြစ်တာကြောင့် လုရှောင်ယန် ဒေါသထွက်သွားတော့သည်။ မဟာကျိုးမှာရှိနေသည့်ထိပ်တန်းကျွမ်းကျင်သူအားလုံးသည် သူပျိုးထောင်ထားရသူများပင်ဖြစ်သည်။
သူပျိုးထောင်ထားတဲ့လူတွေကို သူတို့က လုယူချင်နေတယ်ပေါ့။ အရမ်းလွန်သွားပြီ!
သို့ပေမဲ့ လုရှောင်ယန်သည် ဒေါသကြောင့် စိတ်လွတ်သွားကာ နတ်ဘုရားခန်းမကို တိုက်ခိုက်မည်မဟုတ်ပေ။
နတ်ဘုရားခန်းမတွင် ကျင့်ကြံဆင့်အနိမ့်ဆုံးသူသည်ပင် ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သည်။ ထိုထက်ကျင့်ကြံဆင့်မြင့်သည့် ကျွမ်းကျင်သူများကိုတော့ ထည့်ပြောနေရန်မလိုပေ။ ဘုရင်အဆင့်ကျွမ်းကျင်သူများနှင့် အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူများပင် အများအပြားရှိသည်။ သူတော်စင်အဆင့်ကျွမ်းကျင်သူများတောင်မှ အများကြီးရှိလေသည်။
ထို့အပြင် ထိတ်လန့်စရာအကောင်းဆုံးကတော့ နတ်ဘုရားခန်းမတွင် ကျွမ်းကျင်သူတစ်ယောက်နှစ်ယောက်မျှသာ ရှိခြင်းမဟုတ်ဘဲ ထိပ်တန်းအဆင့်ကျွမ်းကျင်သူပေါင်း မြောက်မြားစွာရှိနေခြင်းဖြစ်သည်။
အဇူရာကျူးကောဖေးအာကို ရှင်းရတာထက်ပင် ပိုလို့ခက်ခဲပေသည်။
ဘာပဲဖြစ်ဖြစ် ကျူးကောဖေးအာတွင်ကာ ထိုမျှအင်အားကြီးသောလက်အောက်ငယ်သားများ အများအပြားမရှိပေ။
လုရှောင်ယန် သတင်းအချက်အလက်များကို ပြန်ချလိုက်ပြီး ခေါင်းကိုက်မှုကြောင့် မျက်ခုံးများကို နှိပ်နယ်လိုက်သည်။
တကယ်ကို ဖိအားများတာပဲ။
အရင်ကဆို ဘယ်သူမှမရှိတာကြောင့် သူ့ဘာသာ အေးအေးချမ်းချမ်းနှင့် ဖြည်းဖြည်းချင်းကျင့်ကြံနေနိုင်ခဲ့သည်။
အခုတော့ဖြင့် ရန်သူတွေက အမြစ်တွေလိုမျိုး တွယ်တက်နေကာ သူ့ကိုခေါင်းကိုက်စေလေသည်။
ကျူးကောဖေးအာသည် မဟာချင်အင်ပါယာ၏ တိုက်ပွဲနတ်ဘုရားဖြစ်တာကြောင့် သူမ၏ခွန်အားသည် အနည်းဆုံး ထိပ်တန်းသူတော်စင်အဆင့်လောက်တော့ ရှိပေလိမ့်မည်။ အဲ့လိုမဟုတ်ရင် သိုင်းဘုရင်အဆင့်ထဲသို့တောင်မှ ခြေလှမ်းပြီးနေလောက်ပေပြီ။
ချမ်းသာတဲ့မြင်းနက်၏ကျင့်ကြံဆင့်သည်တော့ အရမ်းမြင့်မှာမဟုတ်သော်လည်း သူက အလွန်ချမ်းသာနေသေးသည်။
ချမ်းသာတဲ့လူတွေက ဆရာကြီးတွေပဲ။
အခုဆို သူ့တွင် လက်အောက်ငယ်သားတစ်အုပ်လိုက်ကြီးရှိနေပြီဖြစ်ကာ အနာဂါတ်တွင် ပိုများလာဖို့သာရှိလေသည်။
အခုချိန်တွင် လုရှောင်ယန်၏ကျင့်ကြံဆင့်သည် သူတော်စင်နဝမအဆင့်တွင်သာ ရှိနေသေးသည်။
သိုင်းဘုရင်အဆင့်သို့ရောက်ဖို့ရန် နောက်ထပ်ခြေတစ်လှမ်းမျှ ကွာဝေးနေတုန်းပင်။
ဒါပေါ့ သိုင်းဘုရင်အဆင့်ရောက်သွားမယ်ဆိုရင်တောင် သေချာပေါက် ရန်သူကိုနှိမ်နင်းနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူတို့ဘက်မှာက အရေအတွက်အလွန်များနေသည်မဟုတ်လား။
သို့သော်လည်း လုရှောင်ယန်၏စရိုက်အရ သူက တစ်ယောက်ပြီးတစ်ယောက်ကို ဖြတ်ရိုက်နေတတ်သူပင်။ သူကတော့ တခြားတစ်ယောက်၏ရိုက်ခြင်းကို ခံယူဖို့ရန် ဆန္ဒမရှိပေ။
သူဘာလုပ်သင့်လဲ?
“ကြည့်ရတာ မှော်ပညာ်ကပဲ မှော်ပညာကို အနိုင်ယူနိုင်မယ့်ပုံပဲ။”
လုရှောင်ယန်၏မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းလို့သွားသည်။
လက်ရှိမှာ အဖွဲ့သုံးဖွဲ့ကွဲနေမှတော့ သူ့ဘက်က ဒီအခြေအနေကို သေချာပေါက် ကောင်းကောင်းအသုံးချပေးရမှာပေါ့။
သူသာ တစ်ဖက်အဖွဲ့ကို အနိုင်မယူနိုင်ဘူးဆိုလျှင် လှည့်ကွက်လေးတော့ သုံးပေးရမည်။
ဘာပဲဖြစ်ဖြစ် သူတို့ကြားတွင် ရင်ကြားစေ့ဖို့ဆိုသည်က မျှော်လင့်ချက်မရှိပေ။ ကျူးကောဖေးအာက သေချာပေါက် ကျူးကောကျီချုံကို သတ်မည်ဖြစ်သလို နတ်ဘုရားခန်းမ၏ ခန်းမသခင်ကလည်း စုန့်ရှင်းနျန်ကို သေချာပေါက်သတ်ပေလိမ့်မည်။
သူ့ဘက်ကအရင် ဒူးထောက်လက်မြှောက်ကာ ကျူးကောကျီချုံနှင့်စုန့်ရှင်းနျန်တို့ကို ကြိုးတုပ်ပြီး ပို့ပေးလိုက်ရင်တော့ တစ်မျိုးပေါ့။
အဲ့ဒီနောက်ပိုင်းမှာလည်း တစ်ဖက်လူကို သူ ဆက်ပြီးဖားနေရပေဦးမည်။ နောက်ဆက်တွဲအခြေအနေအရပ်ရပ်မှာ တစ်ဖက်လူ၏စိတ်အခြေအနေကောင်းမကောင်းပေါ်တွင် မူတည်သွားမည်ဖြစ်ပြီး အရာအားလုံးပြေလည်သွားမှသာလျှင် သူလည်း လွတ်မြောက်နိုင်ပေမည်။
ဒါပေမဲ့ လူရှောင်ယန်က တခြားလူကို ဖော်လံဖားလုပ်ပေးချင်မှာတလဲ့လား?
သေချာပေါက် မလုပ်ချင်ဘူးပေါ့။
ယောက်ျားလေးတစ်ယောက်အနေနှင့် သူဆိုသည်မှာ ၁.၈မီတာထက်မြင့်မားသည့်အရပ်နှင့် ချောမောသည့်ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အရင်းအမြစ်ကောင်းများကလည်း ရှိထားပြီးဖြစ်တာကြောင့် သူတပါးကို ဖော်လံဖားရင်း သူ့အခြေအတွေကို ဖြုန်းတီးပစ်ချင်မတဲ့လား?
ထိုအကြောင်းတွေးနေမိရင်း လုရှောင်ယန်တစ်ယောက် ဝမ့်ခိုက်ကို အော်ခေါ်လိုက်ပြန်သည်။
[လာပြီ၊ လာပြီ၊ သခင်၊ ငါဒီမှာပါ]
“ငါ့ကို ပြန်လည်မွေးဖွားခြင်းခြောက်ပါးချပ်ပြားထပ်ဖွင့်ပေးဦး။ လီကောနဲ့ကျန်တဲ့လူတွေ ကျင့်ကြံရာမှာ ကူညီရအောင်လို့။”
[သခင်၊ မင်းရဲ့အဆင့်ထက်မြင့်တဲ့ကိစ္စတွေကို ဆက်တိုက်လုပ်နေမယ်ဆိုရင် ငါတို့အရင်စုဆောင်းထားသမျှ ကံကောင်းခြင်းတွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်နော်]
“ငါသိပါတယ်။”
ဝမ့်ခိုက်သည် တုနှိုင်းမဲ့စနစ်တစ်ခုမဟုတ်မှန်း လုရှောင်ယန် သိထားပြီးသားဖြစ်သည်။ မဟုတ်ရင် ဒီလိုတပည့်တွေခေါ် အဆင့်တက်အောင် ကျင့်ကြံနေခိုင်းမဲ့အစား ဝမ့်ခိုက်က သူ့ကို တစ်ခါတည်း ပြိုင်ဘက်ကင်းဆရာကြီးအဆင့်ထိရောက်အောင် တိုက်ရိုက်မြှင့်ပေးလိုက်တော့မှာပေါ့။
သူအဆင့်တွေခုန်တက်အောင်လုပ်နေမည်ဆိုလျှင် သေချာပေါက် တစ်ခုခုကိုဆုံးရှုံးရပေလိမ့်မည်။ ထိုသို့ပြုလုပ်နိုင်ခြင်းမှာ ကံကောင်းခြင်းစွမ်းကြောင့်ဖြစ်မည်မှန်း သူမမျှော်လင့်ထားခဲ့မိရုံသာ။
သို့သော်လည်း ထိုကိစ္စနှင့်ပတ်သတ်လို့ သူ့မှာလုပ်နိုင်တာမရှိပေ။ လက်ရှိတွင် ရန်သူကအလွန်အားကောင်းနေကာ ပျားအုံကြီးကဲ့သို့တဟုန်ထိုး ပြေးဝင်လာနေကြသည်။ သူသာ အရှိန်မမြှင့်သလို လှည့်ကွက်လေးတွေမသုံးလျှင် သူ သေသွားနိုင်တာပေါ့။
ဘာပဲဖြစ်ဖြစ် သူ့တပည့်တွေ အနည်းငယ်မျှပိုတိုးတက်သွားခဲ့လျှင် သူလည်း ထိုက်ရွှမ်ပေသို့နှင့် ပြန်လည်မွေးဖွားခြင်းခြောက်ပါးကို ကျင့်ကြံနိုင်ပေသည်။
ထိုအချိန်ကျလျှင် သူ့လက်ရှိအဆင့်ထက်သာလွန်စေရန် ဝမ့်ခိုက်လည်း သူ၏ကံကောင်းမှုကို အသုံးပြုဖို့လိုတော့မည်မဟုတ်ပေ။ သူကိုယ်တိုင်လည်း ယွင်လီကောနဲ့ကျန်တပည့်များကျင့်ကြံရာတွင် ပိုမိုမြန်ဆန်လာစေရန် ကူညီပေးနိုင်သည်။
ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်လဲ!
ယွင်လီကောနှင့်ကျန်တပည့်များ၏ ကျင့်ကြံခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းပြီးနောက် လုရှောင်ယန်သည် ဖိဂုလျန်ကိုခေါ်ကာ အမည်မဲ့ဂိုဏ်းမှ ထွက်လာခဲ့သည်။
ဖိဂုလျန်သည် မိစ္ဆာသားရဲတစ်ကောင်ပင်။ ၎င်း၏ မွေးရာပါသိမြင်နားလည်နိုင်စွမ်းသည် လူသားများထက် သာလွန်ပေသည်။
ဖိဂုလျန်၏အကူအညီဖြင့် နှစ်ရက်ကြာပြီးနောက်မှာပဲ ရှေးဟောင်းတောင်နယ်နိမိတ်အနီးတွင် စခန်းချနေသည့် မိစ္ဆာသားရဲတစ်အုပ်ကို လုရှောင်ယန် ရှာတွေ့သွားခဲ့သည်။
ထိုအချိန်တွင် မိစ္ဆာသားရဲအုပ်ကြီးသည် တောင်ကြားထဲတွင်ပုန်းကာ ဟိန်းသံများဖြင့် အချင်းချင်းစကားပြောနေကြသည်။
သဘာဝကျစွာဘဲ လူသားများသည် မိစ္ဆာသားရဲတို့၏ဘာသာစကားကို နားမလည်တာကြောင့် သူတို့ဘာပြောနေကြလည်း မသိပေ။
သို့သော်လည်း သူတို့အားလုံး မိစ္ဆာသားရဲတွေပဲဆိုမှတော့ သူတို့ချင်းဆက်သွယ်ပြောဆိုရာတွင် ဘာအခက်အခဲမှမရှိကြပေ။
“လင်းလုန်မြို့ လုပ်ကြံသတ်ဖြတ်မဲ့အစီအစဉ်က ကျရှုံးသွားတယ်။”
“ဟိုမိန်းမယုတ်ကျူးကောဖေးအာက မသေသေးဘူး။ မသေရုံတင်မကဘူး ဧကရာဇ်အဆင့်သားရဲနှစ်ကောင်အပါအဝင် ငါတို့ရဲ့ညီအစ်ကို ထောင်ချီကို သတ်သွားသေးတယ်။”
“ဒီကျူးကောဖေးအာက ဒဏ်ရာရထားတာတောင် အခုထိ မောက်မာနေတုန်းပဲ။ ရှေးဟောင်းတောင်နယ်နိမိတ်ရဲ့ နေမီးခဲတောင်မှ သူ့ကိုမသတ်နိုင်ဘူး။ သူကတကယ် ကံကောင်းလွန်းတယ်။”
မိစ္ဆာသားရဲများ စိတ်အားထက်သန်စွာပြောဆိုဆွေးနွေးနေကြချိန်မှာပဲ ရုတ်တရက်ဆိုသလို အရှိန်အဝါနှစ်ခုက အရှိန်မြင့်မြင့်ဖြင့် ပြေးလာလေသည်။
“မကောင်းတော့ဘူး၊ ဒီကိုတစ်ယောက်ယောက် လာနေပြီ။”
“မဟုတ်သေးဘူး၊ ဒီအရှိန်အဝါထဲမှာ ငါတို့မိစ္ဆာသားရဲတွေရဲ့အရှိန်အဝါလည်း ပါနေတယ်။”
“မဟုတ်မှ လူသားတစ်ယောက်က မိစ္ဆာသားရဲကျွမ်းကျင်သူတစ်ကောင်ကို လိုက်ဖမ်းနေတာလား?”
“အတင့်ရဲလိုက်တာ! ငါတို့မိစ္ဆာသားရဲတွေကိုအနိုင်ကျင့်ဖို့လွယ်တယ်များထင်နေလား? သွား အဲ့လူကိုသားကို သတ်ကြ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါတို့မိစ္ဆာသားရဲတွေရဲ့ပိုင်နက်ကို ထိပါးလားရင် အသတ်ခံရမယ်ဆိုတာ လူသားတွေ သိသွားအောင် လုပ်ပေးလိုက်ကြ!”
မိစ္ဆာသားရဲတစ်ကောင် လိုက်ဖမ်းခံနေရတယ်ဆိုသည့် အသိက မိစ္ဆာသားရဲအုပ်ကြီးကို ငြိမ်ငြိမ်ထိုင်မနေနိုင်စေတော့ပေ။
မိစ္ဆာသားရဲများသည် အဆင့်အတန်းအလိုက် ခွဲခြားထားကြသော်လည်း တကယ်တမ်း ကျူးကျော်တိုက်ခိုက်ခံရချိန်တွင်တော့ အစည်းလုံးဆုံးအဖွဲ့အစည်းဖြစ်သည်။
တောင်ကြားထဲမှနေပြီး အရှိန်အဝါပေါင်းများစွာ ထွက်ပေါ်လာကာ ထိုလူသားနှင့်မိစ္ဆာသားရဲကို ချက်ချင်းတားမြစ်လိုက်ကြသည်။
“နိမ့်ကျတဲ့လူသား၊ မင်းကများ မိစ္ဆာသားရဲကျွမ်းကျင်သူကို ထိပါးရဲတယ်ပေါ့။ သေချင်နေတာပဲ!”
ချက်ချင်းဆိုသလို တိုက်ခိုက်မှုပေါင်းများစွာက ကျရောက်လာခဲ့သည်။
ဘုန်း! ဘုန်း! ဘုန်း!
ပြင်းထန်သည့်ပေါက်ကွဲသံတစ်သံနှင့်အတူ အကြီးမြတ်ဆုံးအဆင့်မိစ္ဆာသားရဲတစ်ကောင်သည် သားရဲအုပ်ကြီး၏ကယ်တင်ခြင်းကို ခံလိုက်ရသည်။
တစ်ဖက်သားရဲ၏သွေးမျိုးဆက်ကိုခံစားမိလိုက်ပြီးနောက် သားရဲအုပ်ကြီးမှာ အလွန်ပျော်ရွှင်သွားလေသည်။
“ဒါ တကယ်ကို ရေချီလင်သွေးမျိုးဆက်ရှိတဲ့သားရဲပဲ။ ငါတို့သားရဲအုပ်စုအတွက် နောက်ထပ်အားကောင်းတဲ့စစ်သူကြီးတစ်ယောက် ရပြီဟေ့!”
ထိုရေချီလင်သွေးမျိုးဆက်ရှိသည့်သားရဲမှာ တခြားသူမဟုတ်ဘဲ ဖိဂုလျန်သာ ဖြစ်လေသည်။
အဖြစ်အပျက်တွေကတော့… လုရှောင်ယန်သည် သားရဲအုပ်ကြီး၏တည်နေရာကို ရှာတွေ့ပြီးနောက် ဖိဂုလျန်ကို ထိုသားရဲမျိုးနွယ်ထဲ ဖောက်ဝင်နိုင်စေဖို့အတွက် ချက်ချင်းလုပ်ဆောင်ခဲ့သည်။ ဤသို့ဖြင့် သူလျှိုထည့်ထားပြီးသားဖြစ်သွားကာ နောက်များကျရင် ကောလဟလတချို့ ဖြန့်ခိုင်းလို့လဲ ရပေမည်။
ထိုအခိုက်အတန့်တွင် ဖိဂုလျန်ကတော့ အံ့ဩသွားသလို ဟန်ဆောင်နေခဲ့သည်။
ဝေါင်း! ဝေါင်း!
၎င်းက အသံနိမ့်နိမ့်ဖြင့်ဟိန်းဟောက်လိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ?”
အကြီးမြတ်ဆုံးအဆင့်လင်းယုန်သားရဲသည် လေချွန်သံဖျော့ဖျော့ဖြင့် ပြန်လည်ဖြေကြားလာသည်။
“ငါတို့က ရှေးဟောင်းတောင်နယ်နိမိတ်ကပဲ။ အဲ့လူက ဘာလို့မင်းနောက်ကို လိုက်နေတာလဲ?”
ဖိဂုလျန်က အလွန်ဒေါသပုန်ထနေသည့်အမူအရာဖြင့် ပြန်လည်ဟိန်းဟောက်လိုက်သည်။
“ငါလည်း မသိဘူး။ အဲ့လူပြောတာတော့ ငါ့ကိုစီးတော်ယာဉ်အဖြစ်သုံးချင်နေတာတဲ့။ သူ ငါ့နောက်ကိုလိုက်နေတာ ၇ရက်၇ညရှိနေပြီ။ ငါ့ဇနီးနဲ့ကလေးတွေလည်း သူသတ်တာခံလိုက်ရပြီး ခွေးသားစွပ်ပြုပ်ဖြစ်သွားပြီ။”
ချက်ချင်းဆိုသလို သားရဲအုပ်ကြီးမှာ အလွန်ဒေါသထွက်သွားတော့သည်။
“ဘာ? အဲ့လူသား အရမ်းလွန်တာပဲ! ငါတို့သားရဲတွေကို အလွယ်လေးအနိုင်ကျင့်လို့ရမယ်များထင်နေလားပဲ?”
“သားရဲမျိုးနွယ်က ကြီးမြတ်တယ်။ မိစ္ဆာသားရဲတွေက ဘယ်တော့မှကျွန်မခံဘူး!”
ထိုအချိန်တွင်ပဲ ပေါက်ကွဲမှုမှ ကောင်းကင်တွင်ဖုံးလွှမ်းနေခဲ့သည့် မီးခိုးထုကြီးသည် လေကြောင့် တဖြည်းဖြည်းလွင့်ပျယ်သွားပြီဖြစ်ကာ ဝတ်ရုံရှည်ဖြင့်လူတစ်ဦး၏ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။ ထိုလူက သူ့လက်များကို နောက်ပစ်ထားကာ သားရဲအုပ်ကြီးကို ကြည့်နေခဲ့သည်။
“ဒီနေရာမှာ သားရဲတွေဒီလောက်အများကြီး စုနေကြလိမ့်မယ်လို့ မထင်ထားဘူး။ စိတ်ဝင်စားစရာပဲ။ မင်းတို့တွေက လွန်ခဲ့တဲ့၂ရက်တုန်းက ငါ့မိန်းကလေးကို တိုက်ခိုက်ခဲ့ကြတာမဟုတ်လား? မင်းတို့ခွေးအုပ်ကြီးက ကိုယ့်အတွက်ဘာကပိုကောင်းမှန်းတောင် မသိကြဘူးပဲ။”
“ငါတို့က မင်းရဲ့မိန်းကလေးကို တိုက်ခိုက်ခဲ့တယ်? ဘယ်သူ့ကိုလဲ?”
ကြီးမားသည့်နွားထီးသားရဲတစ်ကောင်က သားရဲအုပ်ကြီးထဲနေပြီး ထွက်လာခဲ့သည်။
၎င်းသည် အကြီးမြတ်ဆုံးဒဿမအဆင့်၏ နောက်ဆုံးခြေလှမ်းသို့ရောက်နေပြီဖြစ်ကာ သူ၏ဝမ်းခေါင်းထဲမှနေပြီး ဝိညာဉ်စွမ်းအင်တို့ဖြင့် လူသားစကားကို ပြောနိုင်နေပြီဖြစ်သည်။
လုရှောင်ယန်ကို ထိုနွားထီးကို ထူးမခြားနားစွာကြည့်လိုက်ကာ၊ “ဘာလဲ? မင်းတို့ကောင်တွေကို ခွေးလိုဝက်လိုရိုက်နှက်နိုင်ခဲ့တဲ့ အဇူရာတိုက်ပွဲနတ်ဘုရားမအကြောင်းကိုတောင် မေ့သွားကြပြီလား?”
“မင်းက ကျူးကောဖေးအာရဲ့လူလား? မင်းဘယ်သူလဲ?”
ကျူးကောဖေးအာ၏နာမည်ကိုကြားလိုက်သည်နှင့် မိစ္ဆာသားရဲတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့သည်။
လုရှောင်ယန် အေးစက်စက်ပြုံးလိုက်ကာ၊ “မင်းတို့လို့ဘောင်မဝင်တန်းမဝင်တစ်အုပ်က ငါ့နာမည်ကိုမေးဖို့ အရည်အချင်းမရှိဘူး။ ဘာလဲ မင်းတို့ကိုယ်မင်းတို့ အရည်အချင်းပြည့်တယ်များထင်နေကြတာလား?”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၄ သားရဲမျိုးနွယ်ဆိုတာ အစာအလုံအလောက်ထောက်ပံ့ပေးတာကြောင့်သာမဟုတ်ရင် ဘယ်တော့မှ ကျွန်မခံဘူးကွ!
“ဘာမဟုတ်တဲ့လူသားလေးကများ မောက်မာနေသေးတယ်။ သေစမ်း!”
နွားထီးသားရဲက ဟိန်းဟောက်လိုက်ကာ ရှေ့ခြေကိုဆောင့်နင်းလိုက်သည်။ မမြင်နိုင်သည့်အားလှိုင်းတစ်ခုထွက်ပေါ်လာကာ မြေပြင်ကိုပင် တုန်ခါသွားစေသည်။ ထိုထိတ်လန့်ဖွယ်ခွန်အားက ကမ္ဘာကြီးကိုပင် တုန်ခါသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
လုရှောင်ယန် လက်တစ်ချက်ဝေ့ကာ လက်သီးတစ်လုံးပစ်ထိုးလိုက်သည်။ အားလှိုင်းနှစ်ခုတွေ့ဆုံသည်နှင့် ချက်ချင်းဆိုသလို ပြင်းထန်သည့်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ဘုန်း!
ထိုပေါက်ကွဲမှုကြောင့် အကြောင်းအရင်းမရှိ နေအသေးစားလေးတစ်ခုထွက်ပေါ်လာခဲ့သလိုပင်။
ထိုအခိုက်အတန့်တွင်ပဲ လုရှောင်ယန်သည် မြန်မြန်ဆန်ဆန် လှည့်ပြေးတော့သည်။
“ဟမ့်! ဒီတစ်ခေါက်ကတော့ ကံကောင်းသွားတယ်မှတ်။ ငါ့အပေါင်းအဖော်တွေအားလုံးကို စုစည်းပြီးသွားတာနဲ့ မင်းတို့တွေအားလုံးကို အရှင်လတ်လတ် ဆေးလုံးဖော်ပြီး လက်နက်ထုပစ်မယ်။”
“ခွေးကောင်! ဒီခွေးကောင်တော့! ငါတို့သားရဲမျိုးနွယ်ကိုများ သူက ခြိမ်းခြောက်ရဲတယ်ပေါ့!”
အကြီးမြတ်ဆုံးအဆင့် နွားထီးသားရဲသည် ချက်ချင်းပြေးထွက်ကာ ဟိန်းဟောက်လိုက်သော်လည်း လုရှောင်ယန်ကတော့ ပျောက်ကွယ်သွားပေပြီ။
လိုက်ဖမ်းလဲ မမိနိုင်တော့တာကြောင့် နွားထီးသားရဲမှာ ဆက်တိုက်ဟိန်းဟောက်လို့သာ နေတော့သည်။
“သောက်လူသားကောင်။ နောက်တစ်ကြိမ်ထပ်တွေ့လိုက်ကတော့ မင်းကိုအလွတ်ပေးမယ်မထင်နဲ့။”
ခဏကြာပြီးနောက် နွားထီးသားရဲသည် မြေပေါ်သို့ပြန်ဆင်းလာကာ ဖိဂုလျန်ဘေးသို့ သွားခဲ့သည်။
“မိတ်ဆွေသားရဲ၊ အဲ့လူသားကောင်စုတ်ရဲ့နောက်ခံအကြောင်း မင်းသိထားလား?”
ဖိဂုလျန်က ခဏလောက်တွေးနေလိုက်ကာ၊ “ငါလည်း သေတော့မသေချာဘူး။ ဒါပေမယ့် သူ့ရဲ့လက်အောက်ငယ်သားတွေကတော့ သူ့ကို နတ်ဘုရားခန်းမရဲ့ ခန်းမသခင် ဆုချန်လို့ခေါ်နေတာ ကြားခဲ့တယ်။”
“ဆုချန်? နတ်ဘုရားခန်းမ! ဟမ့်၊ နာမည်ကိုက ထောင်လွှားနေလိုက်တာ။ မင်းတို့လို လူသားအုပ်စုလေးက ဒီလိုနာမည်မျိုးမှည့်ရဲတယ်ပေါ့။”
“ဒါပေမယ့် မင်းတို့ဘာသာ ဘယ်သူပဲဖြစ်ဖြစ်၊ ကျူကောဖေးအာနဲ့ တစ်စိတ်တည်းပေါင်းကြံရဲမှတော့ ငါတို့သားရဲမျိုးနွယ်ရဲ့ရန်သူပဲ။ မင်းတို့တွေ သေချာပေါက် သေစေရမယ်!”
…….
လုရှောင်ယန် ရှေးဟောင်းတောင်နယ်နိမိတ်မှထွက်လာပြီးနောက် သူ၏နောက်ခြေလှမ်းအကြောင်း စတင်တွေးတောတော့သည်။
“မိစ္ဆာသားရဲတွေက ကျူးကောဖေးအာကို နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူတို့တွေ အရင်ဆုံး နတ်ဘုရားခန်းမကလူတွေကို တိုက်ခိုက်ဖို့နည်းလမ်းကို စဉ်းစားကြလိမ့်မယ်။ ဒီလိုဆိုလည်း ကောင်းတာပဲ။ ဒီအတိုင်းဆို တော်ဝင်နန်းမြို့တော်ရဲ့ပြဿနာကို အရင်ဖြေရှင်းနိုင်သွားမယ်။ ငါ့လူတွေကိုများ လိုချင်တယ်ပေါ့။ သေလမ်းပဲရမယ်!”
ထို့နောက် ချက်ချင်းဆိုသလို အမည်မဲ့ဂိုဏ်းသို့ပြန်ခဲ့ကာ တောင်နှင့်မြစ်ပန်းချီထဲသို့ဝင်ပြီး စတင်ကျင့်ကြံတော့သည်။
တစ်ဖက်အဖွဲ့တွေ ထိတ်လန့်နေတုန်း သူ့အနေနှင့် သိုင်းဘုရင်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ဖို့ဆိုတာ သေချာပေါက် ပြဿနာတစ်ရပ်မဟုတ်တော့ပေ။
သို့သော်လည်း သိုင်းဘုရင်အဆင့်သို့ရောက်သွားမည်ဆိုလျှင်တောင်မှ တစ်ဖက်လူကို အနိုင်ယူဖို့မလုံလောက်သေးပြန်ပေ။
နတ်ဘုရားခန်းမတွင် ကျွမ်းကျင်သူများစွာရှိကာ ကျူးကောဖေးအာသည်လည်း အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက်ပင်။
ထို့အပြင် ထိုသူများသည် မြင်းနက်များလည်းဖြစ်ကြ၍ သူတို့ထက်ပိုအဆင့်မြင့်သည့်လူများကို တိုက်ခိုက်နိုင်ပေသည်။ သူတို့သာ အမှန်တကယ်တိုက်ခိုက်ကြမည်ဆိုလျှင် သူ့ဘက်က အသာစီးရဖို့ မသေချာပေ။
ဒါကြောင့် သူတို့အချင်းချင်း အရင်တိုက်ခိုက်စေလိုက်တာ ပိုကောင်းသည်။ ထိုအချိန်တွင် သူကတော့ ကျင့်ကြံနေမည်ဖြစ်ကာ သူကျင့်ကြံလို့ပြီးသွားချိန်ရောက်မှ ထိုလူများကို တစ်ယောက်ချင်းအလဲထိုးလိုက်ပေမည်။
ထိုသို့တွေးမိပြီးနောက် လုရှောင်ယန် စာတစ်စောင်ရေးကာ ကျီဝူရှန်ဆီသို့ ပို့လိုက်လေသည်။
………
ရက်အနည်းငယ်ကြာပြီးနောက် ဗရမ်းဗတာဖြစ်နေသည့်လူရိပ်နှစ်ခုက မဟာချင်အင်ပါယာ၏အစွန်အဖျားတွင်ရှိသော ချိုင့်ဝှမ်းထဲသို့ ပြေးဝင်လာခဲ့သည်။
ချိုင့်ဝှမ်းသည် အလွန်မြုံနေတာကြောင့် ဘယ်နေရာတွင်ရှိလို့ရှိမှန်း အတိအကျမပြောနိုင်ပေ။
သို့သော်လည်း ထိုလူနှစ်ယောက် ချိုင်းဝှမ်းထဲဝင်လိုက်ပြီးနောက်မှာတော့ သူတို့ရှေ့တွင် ရုတ်တရက်ဆိုသလို ခမ်းနားလှသည့်အဆောက်အဦးကြီးတစ်ခု ပေါ်လာခဲ့သည်။
ခန်းဆောင်များသည် မြေပြင်မှနေပြီး တိမ်များကြားထဲသို့ တိုးထွက်နေသည့် လှံတံများကဲ့သို့ စီတန်းလို့နေသည်။
ခန်းဆောင်များ၏ တံခါးတိုင်းတွင် ‘နတ်ဘုရား’ဟူ၍ ကြီးမားသည့်စာလုံးကြီးများ ရေးထွင်းထားသည်။
နှစ်ယောက်သား အလျင်အမြန်ဝင်သွားကာ အမြင့်ဆုံးခန်းဆောင်ကြီးသို့ရောက်ခါမှ ခြေချလိုက်သည်။
“အဇူရာနဂါးတမန်တော် ကျိုးကျဲယွီ၊ ခန်းမသခင်ကို နှုတ်ဆက်ပါတယ်!”
“ခန်းမသခင်ကို နှုတ်ခွန်းဆက်သပါတယ်။”
ခန်းမဆောင်ကြီး၏အမြင့်နေရာတွင် အလွန်အမင်းခန့်ညားချောမောသည့် ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေလေသည်။
ထိုလူ၏ဘေးနားတွင်တော့ ဘုရင်အဆင့်အမျိုးသမီး၂ယောက် ရှိနေလေသည်။
အမျိုးသမီး၂ဦးသည် အလွန်တရာလှပကြသော်လည်း လက်ရှိအချိန်တွင် နတ်ဘုရားခန်းမ-ခန်းမသခင်၏ပေါင်ပေါ်တွင် ထိုင်နေကြကာ လုပ်ချင်ရာလုပ်ခွင့်ပြုထားကြသည်။
ခန့်ညားသည့်လူငယ်က အောက်ရှိလူနှစ်ယောက်ထံသို့ လှမ်းကြည့်လိုက်ကာ ထိုလူတို့၏လက်နှင့်ခြေထောက်များ ပြတ်နေသည်ကိုမြင်လိုက်ရ၍ မျက်မှောင်မကြုတ်မိဘဲ မနေနိုင်ခဲ့ပေ။
“မဟာကျိုးအင်ပါယာက တော်တော်လေးတတ်နိုင်တာပဲ။ သူတို့က ငါ့လူတွေကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့?”
ကျိုးကျဲယွီက ချက်ချင်းပြန်ပြောလာသည်။
“ခန်းမသခင်ကို တင်ပြပါတယ်။ မဟာကျိုးအင်ပါယာက သဘောမတူခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကိုတိုက်ခိုက်တဲ့လူကတော့ မဟာကျိုးအင်ပါယာကမဟုတ်ပါဘူး။”
“ဟမ်?”
လူငယ်၏မျက်ခုံးများက မြင့်တက်သွားကာ သူ၏ခန့်ညားသည့်မျက်နှာထက်တွင် မကျေနပ်သည့်အရိပ်အယောင်တချို့ရှိလို့နေသည်။
“မဟာကျိုးဘက်ကမဟုတ်ဘူးဆိုတော့ ဘယ်သူလုပ်တာလဲ?”
“မိစ္ဆာသားရဲတွေ။ ရှေးဟောင်းတောင်နယ်နိမိတ်က မိစ္ဆာသားရဲတွေပါ။ မဟာကျိုးတော်ဝင်နန်းမြို့တော်ဘက်က ကျွန်တော်တို့ကို ငြင်းလိုက်ပြီးတဲ့နောက် ကျွန်တော်တို့တွေ မိစ္ဆာသားရဲတွေရဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် အလိုက်ခံရပါတယ်။”
“အစကတော့ မဟာကျိုးအင်ပါယာက နောက်ကွယ်ကနေစေခိုင်းနေတာလို့ ကျွန်တော်တို့ သံသယဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲမှာ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတွေ မရှားတဲ့အပြင် သူတော်စင်အဆင့်ကျွမ်းကျင်သူနှစ်ကောင်တောင် ပါနေပါသေးတယ်။”
“ဒီတော့ ဒီလိုကြီးမားတဲ့မိစ္ဆာသားရဲအုပ်ကြီးကို မဟာကျိုးအင်ပါယာဘက်က အမိန့်ပေးဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ပါဘူး။”
“မိစ္ဆာသားရဲ? ဘာလို့ မိစ္ဆာသားရဲတွေက ငါတို့နတ်ဘုရားခန်းမကလူကို တိုက်ခိုက်ကြရတာလဲ?”
ခဿလောက်ရပ်သွားပြီးနောက် လူငယ်က ဆက်ပြောလာသည်။ “ဒါပေမယ့် မိစ္ဆာသားရဲတွေ ဘာလို့ဒီလိုလုပ်မှန်း ငါနားမလည်နိုင်ဘူးဆိုပေမယ့်…”
“ငါ.. ဆုချန်က ငါ့လက်အောက်ငယ်သားတွေ အနိုင်ကျင့်ခံရတာကို ဒီတိုင်းရပ်ကြည့်မနေနိုင်ဘူး။ အဇူရာနဂါးတမန်တော်၊ အရင်ဆုံး သွားပြီး အနားယူလိုက်ဦး။ မင်းတို့တစ်ယောက်စီအတွက် သူတော်စင်အဆင့် ကုသခြင်းဆေးလုံး၁၀၀စီ ရလိမ့်မယ်။ ဒီအတောအတွင်း ငါလည်း ရှေးဟောင်းတောင်နယ်နိမိတ်ကို လူလွှတ်ပြီးတစ်ချက်လောက် ကြည့်ခိုင်းလိုက်ဦးမယ်။”
“ကျေးဇူးတင်ပါတယ်၊ ခန်းမသခင်။”
…….
၃ရက်ကြာပြီးနောက်၊ အင်အားကြီးအရှိန်အဝါများစွာက ရှေးဟောင်းတောင်နယ်နိမိတ်မှ မိစ္ဆာသားရဲများကို နှိမ်နင်းခဲ့သည်။
ထိုအင်အားကြီးအရှိန်အဝါများစွာထဲတွင် အားအနည်းဆုံးသူသည်ပင် ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သည်။ ထိုသူများကို ဦးဆောင်နေသည်ကတော့ သူတော်စင်အဆင့်ကျွမ်းကျင်သူ၂ဦးပင်။
ထိုသို့အင်အားကြီးလှသည့်ဖွဲ့စည်းမှုကို ရှေးဟောင်းတောင်နယ်နိမိတ်က မိစ္ဆာသားရဲတွေ ဘယ်လိုလုပ် ခုခံနိုင်မည်နည်း?
အကျော့အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက်မှာတော့ ရှေးဟောင်းတောင်နယ်နိမိတ်မှ မိစ္ဆာသားရဲများဘက်က အသေအပျောက်ပြင်းထန်လာတော့သည်။
ဒါပေါ့ သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်တာကြောင့် နတ်ဘုရားခန်းမဘက်က ဘုရင်အဆင့်ကျွမ်းကျင်သူများစွာလည်း သေဆုံးကြသည်ပင်။
ဤတိုက်ပွဲတွင် နတ်ဘုရားခန်းမဘက်က အခြေအနေဆိုးဆိုးဝါးဝါးဖြင့် အနိုင်ရသွားခဲ့လေသည်။
…….
တချိန်တည်းမှာပဲ မဟာကျိုးတော်ဝင်နန်းမြို့တော်မှ အဖွဲ့တစ်ဖွဲ့သည်လည်း မဟာချင်တော်ဝင်နန်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။
“အရှင်မင်းကြီး၊ မဟာကျိုးဧကရာဇ်ဖြစ်တဲ့ ငါ၊ ကျီဝူရှန်က ငါတို့မဟာကျိုးကို အကူညီပေးဖို့ တောင်းခံပါတယ်။ နတ်ဘုရားခန်းမရဲ့ ခန်းမသခင်ဆုချန်က ငါတို့မဟာကျိုးတော်ဝင်မိသားစုကို သူ့ဆီသစ္စာခံဖို့ ဖိအားပေးနေပါတယ်။”
မဟာကျိုးဧကရာဇ်က မဟာချင်တော်ဝင်နန်းမြို့တော်သို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ တောင်းဆိုခဲ့တာကြောင့် ချက်ချင်းဆိုသလို ပြင်းထန်သည့် အထိတ်တလန့်ဖြစ်ရပ်မျိုး ဖြစ်ပေါ်သွားစေခဲ့သည်။
မဟာချင်ဧကရာဇ်ဆိုလျှင် ထိုအကြောင်းကြားပြီး ပိုလို့တောင် ဒေါသထွက်သွားတော့သည်။
မဟာကျိုးအင်ပါယာသည် မဟာချင်အင်ပါယာထက် တစ်ဆင့်နိမ့်ကြောင်း သိထားရမည်။ ပြောရမည်ဆိုလျှင် ထိုအင်ပါယာနှစ်ခုသည် ပထမအဆင့်နှင့်ဒုတိယအဆင့်ကဲ့သို့ ကွာခြားချက်ရှိပေသည်။
နတ်ဘုရားခန်းမသည် မဟာချင်အင်ပါယာ၏အုပ်ချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။
ဒါကြောင့် နတ်ဘုရားခန်းမနှင့်မဟာကျိုးအင်ပါယာသည် တကယ်တမ်း အဆင့်တူသည်ဟုပင် မြင်နိုင်ပေသည်။
အခုတော့ နတ်ဘုရားခန်းမဘက်က မဟာကျိုးတော်ဝင်မိသားစုကို လက်အောက်ခံအဖြစ်သိမ်းသွင်းကာ သူတို့အဆင့်ကိုမြှင့်တင်လိုနေသည်။
ဒါဘာသဘောလဲ?
နတ်ဘုရားခန်းမက မဟာချင်အင်ပါယာနဲ့ ခြေရာချင်းတိုင်းချင်နေတာလား?
မဟာချင်အင်ပါယာသည် ချက်ချင်းဆိုသလို တော်ဝင်အမိန့်တော်သုံးခု ဆက်တိုက်ထုတ်ပြီး ကိစ္စများကိုရှင်းလင်းရန်အတွက် ဆုချန်ကို တော်ဝင်နန်းမြို့တော်သို့ လာရောက်ရန် အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ဆုချန်သည် နတ်ဘုရားခန်းမ၏ ကြီးမားသည့်အိပ်ရာကြီးထက်တွင် အနီးနားရှိပထမတန်းစားဂိုဏ်း၏ မြင့်မြတ်မိန်းမပျိုနှင့်အတူ ဘဝအကြောင်းဆွေးနွေးနေခဲ့သည်။
သူ နတ်ဘုရားခန်းမ၏ ခန်းမသခင်ဖြစ်လာကတည်းက ဆုချန်သည် နှစ်ရက်သုံးရက်နေတိုင်း တခြားဂိုဏ်းများမှ မြင့်မြတ်မိန်းမပျိုများကို ပို့စေခဲ့သည်။
လူများသည် ကိုယ့်အတွက်ချို့တဲ့သည့်အရာမျိုးဆိုလျှင် ပိုလိုချင်တတ်သည်။
စိတ်ခံစားချက်ပိုင်းဆိုင်ရာ သစ္စာဖောက်ခံရပြီးနောက် သူအရင်က ပိုင်ဆိုင်ဖို့အရည်အချင်းမပြည့်မီခဲ့သော မိန်းမတိုင်းနှင့် ပျော်ပါးလာခဲ့သည်။
ဤကဲ့သို့လုပ်နိုင်ခြင်းမှာ သူသည် နတ်ဘုရားခန်းမ၏ ခန်းမသခင်ဖြစ်လာခြင်းကြောင့်ပင်။
သူ့ကိုယ်သူ စိတ်ပျော်အောင်နေ,နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို အပြင်ဘက်မှနေပြီး လူရိပ်တစ်ခု ကူးပြောင်းလာခဲ့သည်။
“ခန်းမသခင်၊ မဟာချင်နန်းမြို့တော်က တော်ဝင်အမိန့်တော်ပို့လိုက်ပါတယ်။ သူတို့က ခန်းမသခင်ကို နန်းမြို့တော်ဆီ အမြန်ဆုံးပြန်လာပြီး ဖြောင့်ချက်ပေးစေချင်နေပါတယ်။”
“ဖြောင့်ချက်ပေးရမယ်? ဘာကိုလဲ?”
ဆုချန် လှံတံကို အသာပွတ်သပ်နေစဉ်၊
“ခန်းမသခင်၊ မဟာကျိုးနန်းမြို့တော်ဘက်က မဟာချင်ဧကရာဇ်ဆီ သခင့်အကြောင်း တိုင်ကြားထားလို့ပါ။”
ဆုချန်၏လှုပ်ရှားမှုများ ရုတ်ချည်းရပ်တန့်သွားကာ သူ့မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။
“မဟာကျိုးက? ငါ သူတို့ကိုလျှော့တွက်လိုက်မိတာပဲ။ တော်တော်လေး ရဲတင်းကြပါလား။”
“ခန်းမသခင်၊ ဒါဆို…. ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ?”
ဆုချန် တစ်ခုခုပြောတော့မည့်အချိန်တွင်ပဲ သူ့စိတ်ထဲတွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
[ဒင်… Hostအတွက် လျှို့ဝှက်မစ်ရှင်တစ်ခု တွေ့ရှိခဲ့ပါတယ်။ ရွေးချယ်စရာနှစ်ခုပါ။ ရွေးချယ်စရာ ၁၊.. Hostအနေနှင့် မဟာချင်ဧကရာဇ်ကို ဦးညွှတ်ဖို့ငြင်းဆန်ပြီး ကိုယ်တိုင်ဧကရာဇ်တစ်ပါးဖြစ်လာဖို့ လိုအပ်ပါတယ်။ စနစ်မှနေပြီး Hostကို သိုင်းဘုရင်အဆင့်လက်နက်၁၀လက်၊ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တစ်ခု နှင့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးသန်း၁သိန်း ဆုချီးမြှင့်ပါမယ်။]
[ရွေးချယ်စရာ ၂၊ မဟာချင်နန်းမြို့တော်သို့သွားပြီး အပြစ်ကိုဝန်ခံလိုက်ပါ။ ခွေးကောင်းတစ်ကောင်ဖြစ်လာပြီး အန္တိမဘော့စ်စနစ်နှင့် စည်းနှောင်မှုဖျက်သိမ်းပါမယ်]
ဆုချန်၏နှုတ်ခမ်းစွန်းတို့ ကော့တက်သွားလေသည်။
စနစ်က ဒီလိုပြောလာမှတော့ ရွေးချယ်နေဖို့ လိုသေးလို့လား?
သေချာပေါက် ပထမတစ်ခုကိုပဲ ရွေးချယ်တော့မှာပေါ့။
မဟာချင်နန်းမြို့တော်များ ဘာလုပ်ရမှာလဲ။ သူ့မှာ အန္တိမဘော့စနစ် ရှိနေပြီပဲကို။ သူကျွမ်းကျင်သူအသစ်တွေ ရလာတိုင်း သူ့ခွန်အားကလည်း တိုးလာတာပဲ။
သူ့မှာ ဧကရာဇ်အဆင့်ကျွမ်းကျင်သူ ၂၀ယောက်၊ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူ ၁၀ယောက်၊ သူတော်စင်အဆင့်ကျွမ်းကျင်သူ ၅ယောက်နဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ ၁ယောက်ရှိလာရုံနဲ့ သူလည်း သိုင်းဘုရင်အဆင့်ထဲသို့ အောင်အောင်မြင်မြင်လှမ်းဝင်သွားနိုင်လိမ့်မယ်။
သူကိုယ်တိုင်ကိုက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာမှာပဲ!
ဒါ့အပြင် သူ့လက်အောက်တွင် ကျွမ်းကျင်သူပေါင်းများစွာလည်း ရှိနေသေးသည်။ ဘယ်လိုလုပ် တခြားလူတွေကို ဦးညွှတ်ချင်စိတ်ရှိနေဦးတော့မှာလဲ?
ဒီလောကကြီးမှာ ငါဆိုတဲ့ ဆုချန်က တခြားလူတွေရဲ့ ဒူးထောက်တာကိုပဲ ခံမယ်။ ငါ၊ဆုချန်က တခြားလူတွေကို ဒူးညွှတ်ပေးရတဲ့အဖြစ်ဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။
“ငါ့အမိန့်ကိုဖြန့်ပြီး မဟာချင်ရဲ့တမန်တော်ကို သတ်လိုက်။ ဒီနေ့ကစပြီး ငါတို့ နတ်ဘုရားခန်းမက ဘယ်အဖွဲ့အစည်းနဲ့မှ သက်ဆိုင်မှုမရှိတော့ဘူး။ နတ်ဘုရားခန်းမက လွတ်လပ်သွားပြီး မဟာချင်အင်ပါယာရဲ့ထိန်းချုပ်မှုကို မခံတော့ဘူး။”
“ဟုတ်ကဲ့ပါ!”
ဆုချန် အမိန့်ပေးလိုက်သည်နှင့် သူ့စိတ်ထဲမှ စနစ်ဆီကနေပြီး အသိပေးချက်တစ်ခု ချက်ချင်းလက်ခံရရှိလိုက်သည်။
[ဒင်… ပုန်ကန်ဖို့ ရွေးချယ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စနစ်ကနေပြီး သိုင်းဘုရင်အဆင့် လက်နက်၁၀ခု ဆုချလိုက်ပါပြီ။ မှတ်ထားပေးပါ။ စနစ်ကနေပြီး နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက် ၁ခု ဆုချလိုက်ပါပြီ၊ မှတ်ထားပေးပါ။ စနစ်ကနေပြီး ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်း၁သိန်း ဆုချလိုက်ပါပြီ။ မှတ်ထားပေးပါ။]
နန်းမြို့တော်တွင် ထိုသတင်းပျံ့သွားသည်နှင့် အားလုံးဗြောင်းဆန်ကုန်တော့သည်။
ဆုချန်လို ဘာမဟုတ်တဲ့လူက မဟာချင်အင်ပါယာကို ဒဲ့တိုးစိန်ခေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
မဟာချင်အင်ပါယာသည် ၎င်း၏တိုက်ပွဲစွမ်းအားကောင်းလွန်းခြင်းကြောင့် အလွန်ကြီးကျယ်ခမ်းနားပေသည်။ ဒါကြောင့်ပဲ မဟာကျိုးအင်ပါယာနှင့် အခြားသောအင်ပါယာများက ဦးညွှတ်နေကြခြင်းဖြစ်သည်။
မဟာချင်အင်ပါယာနှင့်တခြားအင်ပါယာများကြားမှ ကွာခြားချက်သည် သူတို့ဘိုးဘေးများ၏ခွန့်အားပေါ် မူတည်လေသည်။ တခြားသောအင်ပါယာများတွင် အခြေခံအားဖြင့် သူတို့၏ဘိုးဘေးများသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများဖြစ်လေသည်။ သို့သော်လည်း အခုချိန်မှာတော့ ကျွမ်းကျင်သူများများစားစား မကျန်ရှိတော့ပေ။ တကယ်တော့ သူတော်စင်အဆင့်နှင့်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများဆိုသည်က ရှားပါးလှသည့် တည်ရှိမှုမျိုးပင် ဖြစ်နေပေပြီ။
ဆန့်ကျင်ဘက်အနေနှင့် မဟာချင်အင်ပါယာတွင်က သူတော်စင်အဆင့်အထက် ဖြစ်တည်မှုများ တည်ရှိလေသည်။
ဒီလောက်နဲ့တင်က ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပေသည်။
ထို့ကြောင့် ပုန်ကန်သည့်သတင်း နန်းမြို့တော်သို့ရောက်လာချိန် ကျီဝူရှန် အံ့ဩသွားတော့သည်။
ဆုချန် ဒီလောက်ရဲတင်းလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားပေ။
ကံကောင်းစွာဖြင့် မဟာကျိုးအင်ပါယာနောက်တွင် လုရှောင်ယန်က ကျောထောက်နောက်ခံအဖြစ်ရှိနေလသည်။ လုရှောင်ယန်၏ထောက်ပံ့မှုကြောင့်သာမဟုတ်လျှင် နတ်ဘုရားခန်းမမှလူများကို ဒီလိုလွယ်လွယ်ကူကူရှင်းထုတ်နိုင်ခဲ့မည်မဟုတ်ပေ။ မဟာကျိုးအင်ပါယာဘက်က ငြင်းဆန်လိုက်သည်နှင့် နတ်ဘုရားခန်းမဘက်က တော်ဝင်မိသားစုတစ်ခုလုံးကို တိုက်ရိုက်သတ်ပစ်ခဲ့ပေလိမ့်မည်။
ကျီဝူရှန်ကို မဟာချင်အင်ပါယာသို့သွားပြီး တိုင်တန်းခိုင်းသည့် လုရှောင်ယန်၏အကြံကိုပဲ ကျေးဇူးတင်ရမည်။ မဟုတ်ပါက နတ်ဘုရားခန်းမမှ ထိပ်တန်းကျွမ်းကျင်သူများ ရောက်ချလာလျှင် မဟာကျိုးတော်ဝင်မိသားစုသည် ဖျက်ဆီးခံရပေလိမ့်ဦးမည်။
ဘာပဲဖြစ်ဖြစ် ထာဝရသစ်တောမှ နာလန်မိသားစုဘက်က သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ပို့လိုက်ရုံနဲ့ကို မဟာကျိုးတော်ဝင်မိသားစုကြီးတစ်ခုလုံး ဖျက်ဆီးခံရတော့မည်စဲစဲဖြစ်သွားခဲ့သည်မဟုတ်လား။
……
တချိန်တည်းမှာပဲ၊ အမည်မဲ့ဂိုဏ်းအနီးတွင် ဆန်းကြယ်ကာ အင်အားကြီးသည့်အရှိန်အဝါပေါင်းများစွာ တိတ်တဆိတ် စုဝေးလာကြသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်း၁သောင်းလောက်တုန်းက၊ သားရဲမျိုးနွယ်တွေဟာ လောကမှာ အမြင့်မြတ်ဆုံးပုံရိပ်နဲ့ အုပ်ချုပ်နိုင်ခဲ့တယ်။ နှစ်ပေါင်း၁သောင်းကြာပြီးနောက်မှာတော့ ငါတို့သားရဲမျိုးနွယ်တွေ ဒီလောက်အတိုင်းအတာအထိ လူသားတွေရဲ့တိုက်ခိုက်ခြင်းကို ခံလိုက်ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး!”
“ငါတို့ ဘိုးဘေးတွေကို နိမ့်ကျစေမိပြီ!”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၅ နွံနစ်ကြသူများ
“အစ်ကိုအဇူရာနွား၊ အဲ့လိုမပြောပါနဲ့။ ခင်ဗျားအကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲ။ မင်းတို့အားလုံးက သားရဲမျိုးနွယ်ဂုဏ်ဆောင် သူရဲကောင်းတွေချည်းပဲ! မင်းတို့က သားရဲမျိုးနွယ်တွေရဲ့ ရှေ့ဆောင်လမ်းပြအမြဲတမ်းဖြစ်နေမှာ!”
“ဒီအကြောင်းပြောကာမှ၊ အစ်ကိုဖိဂုလျန်၊ ဒီနယ်မြေထဲမှာ ရှေးဟောင်းလူသားတွေချန်ရစ်ခဲ့တဲ့ ရတနာတွေအများကြီးတွေ့ခဲ့တယ်လို့ ပြောဖူးတယ်မလား။ အဲ့ဒါအမှန်ပဲလား?”
“ဒါပေါ့၊ သေချာပေါက် အမှန်ပဲ။ ဘယ်သူလိမ်လိမ် လိမ်တဲ့သူခွေးပဲ။”
“အစ်ကိုဖိဂုလျန်က ဒီလိုပြောလာမှတော့ ကျုပ်တို့တွေ ဒီတစ်ကြိမ်တော့ ခင်ဗျားကိုရုံလိုက်မယ်။ သွားရအောင်။”
……..
အမည်မဲ့ဂိုဏ်း၏ တောင်နှင့်မြစ်ပန်းချီထဲတွင် လုရှောင်ယန်၏ကိုယ်ထက်မှ အရှိန်အဝါသည် အဆက်မပြတ်တိုးများလို့နေသည်။
ဝိညာဉ်စွမ်းအင်တို့က ပမာဏအလွန်ကြီးမားကာ သိပ်သည်းကာ ထုထည်တစ်ခုဖြစ်လာပြီး စွမ်းအားရှိသည့် ပိုးအိမ်တစ်ခုလိုမျိုး လုရှောင်ယန်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လို့ထားသည်။
ခွန်အားတို့သည့် အတိုင်းအတာတစ်ခုအထိ ပေါင်းစည်းသွားကြပြီးနောက်မှာတော့ လုရှောင်ယန်ပတ်လည်ရှိ နေရာလွတ်စည်းမျဉ်းများသည် စတင်ပြီး ဖရိုဖရဲဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အမည်မဲ့ဂိုဏ်း၏အပေါ်ဘက်တွင် ကောင်းကင်၌ နက်မှောင်သည့်တိမ်စိုင်တိမ်လိပ်များ စတင်စုဝေးလာခဲ့သည်။ တိမ်တိုက်များကြားကနေပြီး လျှပ်စီးများလက်ကာ မိုးကြိုးများမြည်ဟိန်းလာသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာသည့်အချိန်တိုင်း ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအခြေအနေမျိုး ဖြစ်စေမြဲပင်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများသည် လောကစည်းမျဉ်းတို့ထက်သာလွန်ကာ လောက၏ထိပ်တန်းများဖြစ်သွားခြင်းကြောင့်ဖြစ်သည်။
နောက်ဆုံးမှာတော့ ကန့်သတ်ချက်တစ်ခုသို့ရောက်သွားသည်နှင့် သူ၏ကျင့်ကြံဆင့်က တိုးတက်သွားကာ လုရှောင်ယန်ထံမှ ဒေါသတကြီးအော်ဟစ်သံတစ်သံနှင့်အတူ ဝိညာဉ်စွမ်းအင်ပိုးအိမ်ကြီးသည်လည်း ရုတ်ချည်းပေါက်ကွဲသွားတော့သည်။
သူ၏ခန္ဓာကိုယ်မှနေပြီး အဆုံးမဲ့ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လာခဲ့သည်။
တောင်နှင့်မြစ်ပန်းချီကား၏အကာအကွယ်ကြောင့်သာ မဟုတ်လျှင် ဤသို့ မူမမှန်သည့်ဖြစ်ရပ်မှာ လူသန်းပေါင်းများစွာ၏အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။
အမည်မဲ့ဂိုဏ်းထဲသို့ဝင်ရောက်လာရုံရှိသည့် မိစ္ဆာသားရဲအဖွဲ့၏အကြီးအကဲများမှာ ကောင်းကင်မှလျှပ်စီးများကို မြင်လိုက်ရသည်နှင့် နှလုံးတုန်ရင်ခုန်သွားကြတော့သည်။
“ဘာတွေဖြစ်နေတာလဲ? ဘာလို့ အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ?”
ဖိဂုလျန်၏နှလုံးသည်လည်း တုန်ရီသွားလေသည်။ လုရှောင်ယန်၏အစေခံဖြစ်တာနှင့်အညီ လုရှောင်ယန်၏ကျင့်ကြံဆင့် ပြောင်းလဲသွားသည်ကို သဘာဝအလျောက် အာရုံခံမိခဲ့သည်။
သူ့သခင်က တကယ်ပဲ သိုင်းဘုရင်အဆင့်ထဲဝင်သွားပြီပေါ့!
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ!
သူ့သခင်၏အရိုးသက်တမ်းအရ သေချာပေါက် အသက်၂၀ကျော်လောက်ပဲရှိသေးတာလေ၊ ဟုတ်တယ်မလား? အသက်၃၀တောင်ကျော်သေးတာမဟုတ်ဘူး။ ဒါကိုတောင် ဒီလောကမှာ အသန်မာဆုံးဖြစ်တည်မှုဖြစ်နေပြီ။ ဘယ်လောက်တောင်မှ မကောင်းဆိုးရွားဆန်လိုက်သလဲ?
ဖိဂုလျန်သည် နှစ်ပေါင်း၆,၀၀၀လောက် သီးခြားနေထိုင်ခဲ့သော်လည်း ယခုအခိုက်အတန့်လေးတွင် လုရှောင်ယန်၏အရည်အချင်း မည်မျှပင် မကောင်းဆိုးရွားဆန်လှကြောင်း ခံစားမိသေးသည်။
ဒါကိုကြည့်ခြင်းအားဖြင့် သူ့သခင်သည် ဒီကမ္ဘာပေါ်တွင် ဒဏ္ဍာရီလာနယ်ပယ်ထဲသို့ပင် ဖြတ်ကျော်ဝင်ရောက်နိုင်ချေ အလွန်များနေပေပြီ။
သို့သော်လည်း ထိုအကြောင်းတွေးကြည့်ကာမှ လက်ရှိတွင် သူသည် ဤအင်အားကြီးမိစ္ဆာသားရဲအုပ်ကြီးကို တည်ငြိမ်အောင်ထိန်းဖို့အတွက် လုရှောင်ယန်ကို ကူညီနေရသေးသည်။
ဒါက ထူးထူးခြားခြားလုရှောင်ယန်ကို ကူညီပေးရသည့် ရှားပါးသော တိုက်ခိုက်ရေးအင်အားတစ်ရပ်ပင်။ ဘယ်လိုလုပ် သူတို့ကိုလွတ်မြောက်ခွင့်ပေးရပါ့မလဲ?
ဖိဂုလျန် မျက်စံလှည့်လိုက်ကာ ချက်ချင်းဆိုသည်။ “ညီအစ်ကိုတို့၊ မင်းတို့မသိလောက်ပေမယ့် ဒီနေရာက မကြာခဏဒီလိုဖြစ်တတ်တယ်။ ငါ ဒီမှာကျင့်ကြံခဲ့တုန်းကလည်း ဒီလိုအခြေအနေမျိုးဖြစ်လာတိုင်း ရှားပါးရတနာတွေ ပေါ်လာတာကို တွေ့ခဲ့တယ်။ အခု လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေပြီဆိုတော့ ရှားပါးရတနာတစ်ခုခု ပေါ်လာတော့မယ့်ပုံပဲ။”
“ဟစ်! ရှားပါးရတနာပေါ်လာမှာလား!”
ထိုစကားကိုကြားလိုက်ရသည်နှင့် မိစ္ဆာသားရဲအကြီးအကဲတို့၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
မိစ္ဆာသားရဲတို့၏ကျင့်ကြံခြင်းသည် လူသားများနှင့်ကွဲပြားသည်ကိုတော့ သိထားဖို့လိုပေသည်။
မိစ္ဆာသားရဲတို့သည် သဘာဝအတိုင်း သူတို့၏သွေးမျိုးဆက်ထဲတွင် ကျင့်ကြံခြင်းနည်းလမ်းတို့ ပါလာကြပြီးဖြစ်သည်။ သူတို့၏သွေးမျိုးဆက်က အင်အားကြီးမည်ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းနည်းလမ်းများသည်လည်း အားကောင်းပေလိမ့်မည်။ အကယ်၍များ သူတို့၏သွေးမျိုးဆက်က အားနည်းမည်ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းနည်းလမ်းသည်လည်း အဆင့်နိမ့်ပေလိမ့်မည်။
ဒါတွေအားလုံးက သူတို့မွေးဖွားလာစဉ်ကတည်းက သဘာဝအလျောက် ပါလာပြီးသား အရာများဖြစ်သည်။
ဒါကြောင့်ပဲ မိစ္ဆာသားရဲတို့၏ကျင့်ကြံနှုန်းသည် အလွန်ပုံသေဖြစ်နေခြင်းဖြစ်သည်။
ဒါကြောင့်ပဲ လူသားများသည် စဉ်ဆက်မပြတ် မိစ္ဆာသားရဲတို့ကို ကျော်တတ်သွားနိုင်သည့် အရေးကြီးသည့်အကြောင်းပြချက်လည်း ဖြစ်ပေသည်။
လူသားများသည်က သူတို့၏ကျင့်ကြံခြင်းနည်းလမ်းကို ရွေးချယ်နိုင်ပေသည်။ တစ်ချိန်တည်းမှာပဲ လူသားများသည် ဆေးလုံးလိုမျိုး အထောက်အကူပြုပစ္စည်းများကို အသုံးပြုနိုင်သေးသည်။
သို့သော်လည်း ရတနာများသည်တော့ မတူညီပေ။ သဘာဝရတနာများသည် မိစ္ဆာသားရဲတို့၏သွေးမျိုးဆက်ကို တိုးတက်လာစေနိုင်ရုံသာမက မိစ္ဆာသားရဲတို့၏ကျင့်ကြံခြင်းကိုလည်း တိုးတက်လာစေနိုင်သည်။
ဒါကပဲ တခါတရံ မိစ္ဆာသားရဲများသည် သဘာဝရတနာများကို စောင့်ကြပ်ကာ ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းကြခြင်းဖြစ်သည်။
အခုတော့ ဖိဂုလျန်က ဤနေရာတွင် သဘာဝရတနာများ တခါတရံပေါ်ထွက်လာတတ်သည်ဟု သူတို့ကို ပြောလာခဲ့သည်။
သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ?
“မြန်မြန်လေး၊ သဘာဝရတနာကို သွားရှာကြရအောင်။”
မိစ္ဆာသားရဲများက ချက်ချင်းပင် သူတို့၏သွားနှုန်းကို မြှင့်လိုက်ကြသည်။
တောင်နှင့်မြစ်ပန်းချီကားထဲတွင် လုရှောင်ယန်သည် စစ်မှန်သည့်သိုင်းဘုရင်အဆင့်ဖြစ်လာပြီးနောက် သူ့ခွန်အားကို ခံစားမိကာ စိတ်လက်ပေါ့ပါးလန်းဆန်းသွားသလို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်က တကယ်ကိုအင်အားကြီးတာပဲ။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာပြီးနောက် စိတ်ကိုက ပိုလို့ရဲရင့်လာသည်ဟု ခံစားမိသည်။ လက်တစ်ချက်လှုပ်ရုံဖြင့်ကို ပတ်ဝန်းကျင်ရှိလောကစည်းမျဉ်းတို့ကို စေခိုင်းနိုင်သည်။ ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ?
စိတ်လှုပ်ရှားလို့ဝသွားပြီးနောက် ထုံးစံအတိုင်း လီကောနှင့်ကျန်လူများ၏ကျင့်ကြံဆင့်အခြေအနေကို ကြည့်ချင်လာသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို ဖိဂုလျန်၏အရှိန်အဝါကို အာရုံခံမိသွားခဲ့သည်။
“ဘာလို့ အဲ့ခွေးကပြန်ရောက်လာတာလဲ?”
“အာ? ဘာလို့ ဒီလောက်များတဲ့မိစ္ဆာသားရဲတွေကိုပါ ခေါ်လာရတာတုန်း?”
လုရှောင်ယန်သည် အမည်မဲ့ဂိုဏ်း၏မိုင်တစ်ရာဝန်းကျင်အတွင်း အစီအရင်ပေါင်းမြောက်မြားစွာကို တည်ဆောက်ထားသည်။ ဒါကြောင့်ပဲ ဘယ်သူရောက်လာလည်းဆိုသည်ကို ချက်ချင်းအာရုံခံနိုင်ပေသည်။
စိတ်ရှုပ်ထွေးနေတာကြောင့် ချက်ချင်းဆိုသလို နတ်အာရုံကိုဖြန့်ကာ ဖိဂုလျန်နှင့် လှမ်းဆက်သွယ်လိုက်သည်။
သားရဲထိန်းချုပ်ခြင်းပညာရပ်ဖြင့် မိစ္ဆာသားရဲများကို ဆက်သွယ်နိုင်ပေသည်။
“ဖိဂုလျန်၊ မင်းဘာလုပ်နေတာတုန်း?”
ဖိဂုလျန်မှာ လမ်းလျှောက်နေရာမှ တုန်လှုပ်သွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။ “သခင်၊ ရှေးဟောင်းတောင်နယ်နိမိတ်က နတ်ဘုရားခန်းမကလူတွေရဲ့ ရှင်းလင်းခြင်းခံလိုက်ရပြီး ဒီထိပ်တန်းတိုက်ခိုက်ရေးသမားတွေပဲ ဆုတ်ခွာလာခဲ့ကြပါတယ်။ သူတို့ကို အလဟဿလွှတ်မပေးလိုက်သင့်ဘူးလို့ထင်လို့ သခင့်လက်အောက်သွင်းလို့ရအောင် လှည့်ကွက်သုံးပြီး ခေါ်လာလိုက်တာပါ။”
လုရှောင်ယန် : “….”
“မင်းဒီလိုလုပ်တော့ မင်းရဲ့မိစ္ဆာသားရဲနှလုံးသားက မနာကျင်ရဘူးလား?”
“သေချာပေါက် မနာပါဘူး။ အခု ကျွန်တော့်နှလုံးသားထဲမှာ သခင်တစ်ယောက်ပဲရှိတယ်။ သခင့်ကိုပဲ နှလုံးသားတစ်ခုလုံးရင်းပြီး အသုံးတော်ခံမယ်။”
“အမှန်ပဲ၊ မင်းတော်တော်လေး နာခံမှုရှိလာတယ်ဆိုတော့ နောက်မှ မင်းအတွက် သိုင်းဘုရင်အဆင့်သွေးဆေးလုံးတစ်ပုလင်းပေးဦးမယ်။”
“ကျေးဇူးတင်ပါတယ်၊ သခင်။”
ဖိဂုလျန် မလှုပ်ရှားတော့တာမြင့်တော့ အဇူရာနွားထီးနှင့်ကျန်သားရဲများ မျက်မှောင်ကြုတ်သွားကြသည်။
“အစ်ကိုဖိဂုလျန်၊ ဘာလို့ရပ်လိုက်တာလဲ?”
ဖိဂုလျန် မြန်မြန်အသိပြန်ကပ်လိုက်ကာ၊ “တောင်းပန်ပါတယ်။ ကျုပ် တစ်ခါဝင်ခဲ့ဖူးတဲ့ ရှေးဟောင်းဂူရဲ့တည်နေရာအကြောင်း တွေးမိသွားလို့ပါ။ အခု ပြန်သတိရသွားပြီထင်တယ်။ ညီအစ်ကိုတို့ ကျုပ်နောက် လိုက်ခဲ့ကြ။”
ထိုစကားကိုကြားလိုက်ရသည်နှင့် မိစ္ဆာသားရဲတို့၏မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားကာ မြန်မြန်သွက်သွက်လိုက်သွားကြလေသည်။
“ညီအစ်ကိုခွေးက တကယ်ကိုရိုးသားတဲ့သားရဲပဲ။ ရှေးဟောင်းလှိုဏ်ဂူလိုနေရာကောင်းမျိုးကို မဖုံးကွယ်ထားတဲ့အပြင် ငါတို့ကိုတောင် မျှဝေပေးချင်နေသေးတယ်။”
“အမှန်ပဲ။ လူသားတွေတောင်မှ ခွေးမိစ္ဆာသားရဲတွေက သစ္စာအရှိဆုံးလို့ ချီးကျူးကြသေးတာပဲ။ အစ်ကိုခွေးရဲ့စရိုက်က ငါတို့ထက်ဘယ်လောက်တောင် မြင့်တယ်ဆိုတာ တွေးကြည့်လို့တောင် ရနေပြီ။”
“သေစမ်း၊ ငါတို့အတွက် ဘာကကောင်းလည်း တကယ်ကို မသိတတ်ခဲ့ကြတာပဲ။ နှစ်ထောင်ပေါင်းများစွာသော အချိန်တွေကို ဖြုန်းတီးခဲ့မိပြီ။”
“ဒီနေ့ကစလို့ ငါတို့တွေ သေချာပေါက် အစ်ကိုဖိဂုလျန်နဲ့ပဲ လက်တွဲသွားတော့မယ်။”
“အခုကစလို့ အစ်ကိုဖိဂုလျန်က ငါတို့ညီအစ်ကိုပဲ။”
……
ထိုမိစ္ဆာသားရဲများသည် မျိုးနွယ်တူမိစ္ဆာသားရဲပင်ဖြစ်သည့်အတွက် ဖိဂုလျန်ကို သံသယမဝင်ခဲ့ကြပေ။
မိစ္ဆာသားရဲတို့၏ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုအပေါ်သဘောထားသည် ဘယ်လူသားထက်မဆို သန်မာပြင်းထန်ကြသည်။
နိမ့်ကျသည့်လူသားများသည် အကျိုးကျေးဇူး သို့မဟုတ် ခြိမ်းခြောက်မှုများကြောင့် မိစ္ဆာသားရဲများထံ လက်အောက်ခံနိုင်ကြသည်။
သို့ပေမည့် မြင့်မြတ်သည့်မိစ္ဆာသားရဲများသည်တော့ နိမ့်ကျသည့်လူသားများကို ဘယ်သောအခါမှ လက်အောက်ခံမည်မဟုတ်ပေ!
ဖိဂုလျန်နောက်လိုက်ရင်း သားရဲအုပ်ကြီးသည် လှိုဏ်ဂူအနီးသို့ ရောက်ရှိလို့လာသည်။
ထိုလှိုဏ်ဂူ၏ပုံစံက သာမာန်ဆန်သော်လည်း တစ်နည်းတဖုံဖြင့် ဆွဲဆောင်မှုရှိသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ထိုသားရဲများကို စိတ်လှုပ်ရှားလာစေသည်။
“ဒီအငွေ့အသက်က အရမ်းသန့်စင်တာပဲ။ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်းပဲဖြစ်မယ်။ ငါငယ်ငယ်တုန်းက ကံကောင်းပြီး သားရဲဆရာကြီးသိမ်းထားတဲ့ ပွင့်ချပ်တစ်ခုကို တွေ့ခဲ့ဖူးတယ်။ ဘယ်လောက်တောင်သိပ်သည်းလိုက်တဲ့ အငွေ့အသက်တွေလဲ! ဒီထဲမှာ သေချာပေါက် ပွင့်ချပ်တစ်ခုထက်မနည်းရှိရမယ်။”
“အဲ့ဒါတင်မကဘူး၊ ဒီထဲမှာ သန့်စင်တဲ့ရောင်ဝါတွေလည်း တအားပဲ။”
“မြန်မြန်လေး၊ ဝင်ကြရအောင်။ ရှေးဆရာကြီးတွေရဲ့ ရတနာသိုက်ကြီးတစ်ခုတော့ ရှိရမယ်။”
မိစ္ဆာသားရဲများအလောတကြီးဝင်လိုက်ချိန်တွင် ၎င်းတို့၏မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
“သေစမ်း!”
မိစ္ဆာသားရဲတို့သည် လူသားများလောက် ယဉ်ကျေးမှုမမြင့်မားတာကြောင့် သူတို့တွင် ဝေါဟာရပေါပေါများများမရှိပေ။
အခုအခိုက်အတန့် လှိုဏ်ဂူထဲတွင် ရှားပါးရတနာများကို တွေ့လိုက်ရချိန်၌ ကျိန်ဆဲသည့်စကားလုံးမှလွဲ၍ သူတို့ခံစားချက်ကို ဘယ်လိုစကားလုံးမျိုးဖြင့် ဖော်ထုတ်ပြရမည်လဲ မသိကြပေ။
“အစ်ကိုလင်းတ၊ ကြည့်စမ်းပါဦး။ အဲ့ဒါ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်းပဲ။ တကယ်ကို ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်းပဲ! ဟဟဟ…. ငါတို့ကြီးပွားပြီ၊ ငါတို့ကြီးပွားပြီကွ!”
ရွှေတောင်ပံလင်းယုန်က သူ့ဘေးနားမှ မြေနဂါးဝက်ဝံကို အထင်သေးစွာကြည့်လိုက်သည်။
“မင်းကိုယ်မင်းပြန်ကြည့်စမ်း။ မင်းမျက်လုံးထဲမှာ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်းပဲရှိလား? ဒီဂူထဲမှာ သူတော်စင်အဆင့်ဆေးလုံးတွေရှိတာ မတွေ့ဘူးလား?”
ရွှေလက်မောင်းမြင့်မြတ်လူဝံက လှောင်ရယ်လိုက်ကာ၊ “မောက်မာမနေနဲ့! မင်းကျတော့ ဆေးလုံးတွေကိုပဲ အာရုံစိုက်နေတာ။ ဒီမှာ သိုင်းဘုရင်အဆင့်လက်နက်တွေ ဒီလောက်အများကြီးရှိနေတာ မမြင်ဘူးလား?”
မိစ္ဆာသားရဲများအားလုံး တစ်ခုခုပြန်မပြောခင် ခေတ္တမျှတိတ်ဆိတ်သွားကြသည်။ “ငါတို့က လူသားတွေရဲ့သိုင်းဘုရင်အဆင့်လက်နက်ကို မသုံးနိုင်ဘူး။ အဲ့ဒါဘာအသုံးဝင်လို့လဲ?”
“ဟဟဟ…. မင်းတို့ကောင်တွေ အမြင်ကျဉ်းကြတာပဲ။ ဒါက သိုင်းဘုရင်အဆင့်လက်နက်ပဲ။ ငါတို့ မသုံးနိုင်ဘူးဆိုရင်တောင် တိုက်ပွဲမှာ သိုင်းဘုရင်အဆင့်လက်နက်ကို ငါတို့ဖောက်ခွဲလိုက်လို့ရတယ်ဆိုတာ မမေ့ထားနဲ့ဦးလေ။ တွေးကြည့်လိုက်စမ်း၊ သိုင်းဘုရင်အဆင့်တစ်ယောက်ယောက်နဲ့တိုက်ခိုက်နေတုန်း အဆင့်တူတဲ့ သိုင်းဘုရင်အဆင့်လက်နက်ကို ဖောက်ခွဲပစ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။”
“ဟစ်~! အစ်ကိုလူဝံပြောတာ မှန်တာပဲ။”
မိစ္ဆာသားရဲတို့ ထိတ်လန့်အံ့ဩနေသည်ကို အခွင့်ကောင်းယူကာ ဖိဂုလျန်ကတော့ နောက်တွင် တိတ်တိတ်လေး စားသောက်နေလေသည်။
ပုံမှန်ဆို သူ့သခင် စိတ်ကောင်းဝင်နေချိန်များတွင် သူ့ကိုဆေးလုံးများပေးလေ့ရှိသည်။
ဒါပေမဲ့ ဒီနေ့ကတော့ သူ့သခင်၏ထောင်ချောက်ကို အခွင့်ကောင်းယူကာ ပိုများများစားနိုင်ပေသည်။
ဟဟဟ…. ဘာပဲဖြစ်နေနေ သူအလုပ်ကြိုးစားထားတာကနေ အကျိုးအမြတ်တော့ယူရမယ်မဟုတ်လား။
သားရဲများပြောဆိုနေကြချိန်တွင် အဇူရာနွားထီ၏အကြည့်တို့က ဆေးလုံးများစွာရောက်သွားကာ ချက်ချင်းဆိုသလို မျက်လုံးများပြူးကျယ်သွားလေသည်။
“ဘုရားရေ! ကြည့်ကြစမ်း! ကြည့်ကြစမ်း! သိုင်းဘုရင်အဆင့်ဆေးလုံးပဲ! အဲ့ဒါလူသားတွေရဲ့ သိုင်းဘုရင်အဆင့်ဆေးလုံးပဲ!”
တခြားမိစ္ဆာသားရဲများမှာ ချက်ချင်းဆိုသလို သိုင်းဘုရင်အဆင့်ဆေးလုံးကိုကြည့်ကာ အုပ်စုလိုက် ဆွံ့အနေကြလေသည်။
သူတို့တကယ်ကို အံ့ဩလွန်းလို့ ပြောစရာစကားပင်ပျောက်ကုန်ကြသည်။
“ဘုရားရေ၊ သိုင်းဘုရင်အဆင့်ဆေးလုံးပဲ။ တကယ်ကြီး သိုင်းဘုရင်အဆင့်ဆေးလုံးပဲ။”
ရွှေတောင်ပံလင်းယုန်က အလွန်စိတ်လှုပ်ရှားနေကာ သူ့မျက်နှာထက်တွင် မျက်ရည်များပင်အိုင်ထွန်းလာတော့သည်။
“နတ်ဘုရားက ငါတို့သားရဲမျိုးနွယ်ကို ကောင်းချီးပေးလိုက်တာပဲ! နတ်ဘုရားက ငါတို့သားရဲမျိုးနွယ်ကို ကောင်းချီးပေးလိုက်ပြီ! ဒီလောက်များတဲ့ရတနာတွေနဲ့ဆို ငါတို့ရှေးဟောင်းတောင်နယ်နိမိတ်ရဲ့ သားရဲမျိုးနွယ်ကို ဘယ်လိုလုပ် မမြှင့်တင်နိုင်စရာရှိတော့မလဲ?”
“အဟုတ်ပဲ။ ငါတို့တွေ သူတော်စင်အဆင့် ဒါမှမဟုတ် သိုင်းဘုရင်အဆင့်ကိုရောက်အောင်တောင် ဒီဆေးလုံးတွေကို သုံးလို့ရတယ်! ငါတို့အားလုံးအတူတူ အဆင့်တက်နိုင်သွားတာနဲ့ လောကထဲက လူသားတွေအားလုံး ငါတို့ကို ဒူးထောက်ပြီး အဖေခေါ်လာလောက်ကြမလား?”
“ငါတို့တော့ ကြီးပွားပြီ! မြန်မြန်လေး ဆေးလုံးတွေကိုသယ်ကြ။ တစ်လုံးတလေတောင် မကျန်ခဲ့စေနဲ့။”
“ကောင်းပြီ!”
ဖိဂုလျန်ကတော့ တိတ်တဆိတ်မလှောင်ရယ်မိဘဲ မနေနိုင်ပေ။
“အရူးတစ်သိုက်ကတော့။ ဒီလောက်ပစ္စည်းကောင်းတွေအများကြီးမြင်ပြီးမှတော့ ဘာလို့များမစားလိုက်ကြတာလဲ? ဘာလို့များ အချိန်ကုန်ခံပြီးအောင်ပွဲခံနေကြသေးတာလဲ? မင်းတို့ဦးဏှေက်တွေ တစ်ခုခုများမှားနေတာလား? ခဏနေ သခင်လာတဲ့အချိန်ကျရင် မင်းတို့တွေ ဘာမှမရလိုက်မှာတောင် စိုးမိတယ်။”
တကယ်ကိုပဲ မိစ္ဆာသားရဲများ စတင်စားသောက်ကြတော့မည့်အချိန်မှာပဲ အလွန်ပြင်းထန်သည့်အင်အားတစ်ခုက ရုတ်တရက် ဂူဝင်ပေါက်တွင် ပေါ်ထွက်လာလေသည်။
“မင်းတို့တွေ ငါ့ဂူထဲမှာဘာလုပ်နေကြတာလဲ?”
ရုတ်တရက်ထွက်ပေါ်လာသည့်အရှိန်အဝါနှင့် အေးစက်စက်အသံကြောင့် ချက်ချင်းဆိုသလို သားရဲများ စိတ်လှုပ်ရှားသွားကြတော့သည်။
“သေစမ်း! တကယ်ကို လူသားတစ်ယောက်ပဲ!”
“မြန်မြန်၊ အတူတူပေါင်းပြီး သတ်ပစ်ကြရအောင်!”
***