ဘီယန်ကာ
Vol. 3 Ch. 118
“ဒီနေရာက အရမ်းခမ်းနားတာပဲ။” ကျွန်မ အောက်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်လိုက်ရင်းနဲ့ ပြောလိုက်မိတယ်။ လူတွေကို ပုရွက်ဆိတ်အရွယ်လောက် လေးလို့ထင်ရပြီး ကားတွေကအရုပ်ကလေးတွေလို ဖြစ်နေခဲ့တဲ့ နေရာတစ်ခုမှာ ကျွန်မရောက်နေခဲ့တာပါ။
ရိုစယ်လီယာက ကျွန်မလက်ကို ကိုင်ထားပြီးတော့ လက်ရန်း အဆုံးအထိရောက်အောင် ဖြည်းဖြည်းချင်းခေါ်လာပါတယ်။ “လေက ဒီအပေါ်မှာပြင်းလို့ လဲမကျအောင်လည်း သတိထားဦးနော်။”
ရိုစယ်လီယာက ကျွန်မခေါင်းပေါ်မှာစောင်းထားတဲ့ အဝတ် ဦးထုပ်ကို သေချာပြန်တည့်ပေးလိုက်ရင်း ပြောလိုက်တယ်။ တကယ်လည်း လေတွေက တအားတိုက်လွန်းတဲ့အတွက် ကျွန်မဆံပင်တွေက ရေတံခွန်တွေလိုမျိုး လေနဲ့အတူလိုက်ပါ စီးမျောနေတယ်။
ရှုခင်းတွေကို သေချာကြည့်ရင် တစ်ဖက်ခြမ်းမှာ လှေတွေ၊ ဖြတ်သန်းသွားလာနေတဲ့ မြစ်ငယ်လေးကို တွေ့မြင် ရမှာဖြစ်ပြီးတော့ အခြားတစ်ဖက်မှာတော့ အားကစားကွင်း တစ်ခုနဲ့အတူ မြို့ထဲက အဆောက်အဦးတွေကို မြင်တွေ့ရမှာပါ။
“အီဖယ်တာဝါက ထင်ထားတာထက် ပိုပြီးလှတာပဲ။”
ကျွန်မဒီလိုတွေးလိုက်မိပေမဲ့ သိပ်မကြာခင်မှာပဲ ပျော်ရွှင်နေတဲ့စိတ်က ပျောက်ပျက်သွားခဲ့ပါတယ်။ အကြောင်းကတော့ ဒီနေရာနဲ့ ပတ်သက်ပြီးတော့ ဘာမှတ်ဉာဏ်မှ ပေါ်မလာခဲ့လို့ဖြစ်ပါတယ်။
“ဒါပေမဲ့လေ... ကျွန်မတို့တွေ ဒီကိုတကယ်ပဲ လာဖူးခဲ့လို့လား။”
ကျွန်မဒီလိုပြောလိုက်တော့ ရိုစယ်လီယာရဲ့နှုတ်ခမ်းပေါ်က အပြုံးကလည်း ဘယ်တုန်းကမှ မရှိသလို အရည်ပျော်ကျ သွားခဲ့တယ်။
“ကြည့်ရတာ ဆယ်ဗီက တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို ထာဝရမေ့သွားဖို့ ကံကြမ္မာ ပါတယ်နဲ့တူတယ်။”
ရိုစယ်လီယာက စိတ်ပျက်အားလျော့တဲ့လေသံနဲ့ ပြောခဲ့ပါတယ်။ ကျွန်မကတော့ ခေါင်းခါလိုက်မိတယ်။ အဲဒီလိုမဟုတ်ဘူးဆိုတာ ကျွန်မသိနေတယ်။ ဒီပြဿနာက အများကြီးပိုပြီးနက်နဲနေတယ်။ ဒါကြောင့် နဂိုကတည်းက ကျွန်မသိချင်နေခဲ့တဲ့ ကိစ္စတစ်ခုကို မေးခဲ့ပါတယ်။
“ရိုစယ်လီယာ... ကျွန်မတို့က တကယ်ပဲ ချစ်သူတွေ ဖြစ်ခဲ့ကြတာဟုတ်ရဲ့လား။ ကျွန်မ မှတ်ဉာဏ်တချို့ကို ပြန်ရလာခဲ့တာမှန်ပေမဲ့... အဲဒါတွေနဲ့ ရှင်နဲ့ကျွန်မတို့ နှစ်ယောက်နဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေမဟုတ်သလိုပဲ။ အဲဒါက ကျွန်မနဲ့တခြားတစ်ယောက်ရဲ့မှတ်ဉာဏ်တွေနဲ့ ပိုဆင်တူနေသလိုပဲ။”
ရိုစယ်လီယာရဲ့မျက်နှာက ပိုပြီးတော့ လေးနက်တည်ကြည် လာခဲ့ပါတော့တယ်။ “စိတ်ထင်တာ ဖြစ်မှာပါ။”
သူက ကျွန်မနားကို ပိုပြီးတော့တိုးကပ်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ သူ့ကိုအလိုလိုကြောက်ရွံလာမိပြီးတော့ နောက်ကိုဆုတ်လိုက်မိတယ်။
“တို့နှစ်ယောက်က ဒီမှာတွေ့ခဲ့တာလေ။ ဘယ်လိုလုပ်ပြီး အချစ်က မမှတ်မိနိုင်တာလဲ။”
“မဟုတ်ဘူး၊ ရှင်ညာနေတာ...” ကျွန်မ အကျယ်ကြီး အော်ဟစ်လိုက်မိတယ်။ ရိုစယ်လီယာရဲ့မျက်နှာကလည်း လူသတ်မိတော့မလိုမျိုး တင်မာခက်ထန်လာပြီး ကျွန်မတို့ ပတ်ဝန်းကျင်မှာ အပူလှိုင်းတချို့ ဖြစ်တည်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ကျွန်မခေါင်းတွေထိုးကိုက်လာခဲ့ပြီး ဘယ်တုန်းကမှ ပေါ်မလာတော့ဘူးလို့ထင်ထားတဲ့ မှတ်ဉာဏ်တွေက ပေါ်ပေါက်လာခဲ့တယ်။
“မီးတောက်တွေ... မီးတောက်တွေ.. ဒီမီးတောက်တွေက...”
ကျွန်မ မှတ်ဉာဏ်တစ်ခုကို တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။ အဲဒီမြင်ကွင်းအရ ရိုစယ်လီယာက တခြားတစ်ယောက်နဲ့တိုက်ခိုက်နေခဲ့ပြီး သူ့မျက်လုံးတွေက နာကျည်းမုန်းတီးမှုတွေနဲ့ပြည့်နှက်နေပြီး သူ့အနားမှာ များပြားလှတဲ့ မီးတောက်တွေက ကခုန်နေခဲ့တယ်။
“ရှင်က... ကျွန်မချစ်ရတဲ့သူ မဟုတ်ဘူးပဲ။ ရှင်က သူ့ကို အန္တရာယ်ပေးခဲ့တာ။”
ကျွန်မ နောက်ကိုချာခနဲ လှည့်ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ မာကျောလှတဲ့နံရံကြီးတစ်ခုနဲ့ တိုက်မိသလိုမျိုး ခံစားရပြီး နောက်ကိုပြန်ကန်ထွက်လာတယ်။ ကျွန်မနောက်မှာ ရိုစယ်လီယာရဲ့ကိုယ်ရံတော် တက်တူးတွေနဲ့လူကြီးက ရပ်နေခဲ့လို့ပါ။
“စိတ်မကောင်းပေမဲ့ ထပ်လုပ်ရတော့မယ့်ပုံပဲ။” ရိုစယ်လီယာက ပြောလိုက်တယ်။ တက်တူးတွေနဲ့လူကြီးက သူ့သခင်မ အမိန့်မပေးရသေးခင်မှာပဲ ကျွန်မလက်ကို ဖမ်းဆွဲပြီးတော့ ချုပ်နှောင်ထားလိုက်တယ်။ အဲဒီနောက် ရိုစယ်လီယာက ကျွန်မမျက်နှာကိုထိကိုင်လိုက်ပြီးတော့ ကျွန်မနဲ့အကြည့်ချင်း ဆုံစေဖို့အတွက် ကြိုးစားပါတယ်။ သူ့မျက်လုံးတွေထဲမှာတော့ အရောင်ခုနစ်ရောင်ရှိနေတဲ့ မီးလျှံပုံရိပ်တွေနဲ့ ပြည့်နှက်လို့ပေါ့။
....
“သခင်မ၊ ဘယ်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲနေဦးမှာလဲ။”
တက်တူးတွေနဲ့နောက်လိုက်ကြီးဒေါ်နယ်က ရိုစယ်လီယာကို ကြည့်လိုက်ရင်းနဲ့ မေးလိုက်တယ်။ အခုရိုစယ်လီယာက အီဖယ်တာဝါအောက်က ပန်းခြံတစ်နေရာမှာရှိတဲ့ ခုံတန်းရှည် တစ်ခုမှာထိုင်နေတယ်။ သူ့ပေါင်ပေါ်မှာတော့ သတိမေ့နေတဲ့ ဆယ်ဗီရဲ့ခေါင်းကို မှီတင်ထားပြီး နဖူးပေါ်ကဆံစတွေကို ဆော့ကစားနေခဲ့ပါတယ်။
“ဒီမိန်းကလေးကိုသာ ငါ့အနားမှာဆက်ပြီး ထားနိုင်ဦးမယ် ဆိုရင် ဘယ်လိုဆိုးယုတ်တဲ့ အရာမျိုးကိုပဲဖြစ်ဖြစ် လုပ်နိုင်တယ်လို့ ငါခံစားနေရတယ်။”
ရိုစယ်လီယာဆီကနေ ယုံကြည်ဖို့ခဲယဥ်းလွန်းတဲ့အရာတစ်ခု ကြားလိုက်ရတဲ့အတွက်ကြောင့် ဒေါ်နယ်က သက်ပြင်းချမိ လိုက်ပါတော့တယ်။ သူသိတဲ့ရိုစယ်လီယာက အခုလိုမျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆယ်ဗီကိုဖမ်းမိကတည်းက အခုလိုမျိုး ပြောင်းလဲသွားခဲ့တာပါ။
“ဒါကရော နက်ဆန်ရဲ့ခံစားချက် ဖြစ်မယ်လို့ထင်လား။ ဒီမိန်းကလေးအတွက် သူဟာ မီးလျှံကျောင်းတော်ကို ရန်စခဲ့ရုံမက ဘုရားကျောင်းနဲ့ပါ ရင်ဆိုင်နေတာပဲ။ အချစ်က တစ်စုံတစ်ယောက်ရဲ့မျက်လုံးတွေကို စုံလုံးကန်းစေတယ် ဆိုတာက အမှန်ပဲဖြစ်လိမ့်မယ်။”
“ဒါပေမဲ့ သခင်မက ဒီအဖြစ်မှန်တွေကို သိနေပြီးသားပဲ မဟုတ်လား။ အိပ်မက်ကနေ နိုးထလိုက်ပါတော့။ မီးလျှံ ကျောင်းတော်အတွက် သွေးကြွေးဆပ်ဖို့ကိုပဲ ဆက်လုပ်ပါ။”
ဒေါ်နယ်ဆီကနေ သတိပေးစကားကို ကြားရတဲ့အခါမှာတော့ ရိုစယ်လီယာက ညင်သာစွာရယ်မောလိုက်တယ်။ ပြီးနောက်
“ဒေါ်နယ်၊ ငါ့ဘာသာငါ ဘာလုပ်နေလဲဆိုတာသိပါတယ်။ ဆယ်ဗီကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ထိန်းသိမ်းထားတာက အစီအစဥ်ရဲ့အစိတ်အပိုင်းတစ်ခုပဲ။ ကိုယ်ချစ်တဲ့သူတစ်ယောက် တခြားလူရဲ့ရင်ခွင်မှာ ပျော်နေတာမြင်ရရင် အဲဒီညမင်းသားဘယ်လိုခံစားရမလဲ နင်တွေးဖူးလား။”
“ဒါက...” ဒေါ်နယ်က ခဏလောက်တွေးတောလိုက်ပြီးမှ “ကမ္ဘာပြိုမတတ် ခံစားရမှာပါ။”
ရိုစယ်လီယာက ပြုံးလိုက်တယ်။ အဲဒီနောက် ဆယ်ဗီရဲ့နဖူးကို ညင်သာစွာနမ်းရှိုက်လိုက်ရင်း...
“ဒါက ငါဖြစ်ချင်တဲ့အတိုင်းပဲလေ။ မင်းအနေနဲ့ စိုးရိမ်နေဖို့ မလိုအပ်ပါဘူး ဆီနိတ်တာဒေါ်နယ်။”
...
ကျွန်မနိုးလာတော့ ရင်းနှီးနေတဲ့ အိမ်မျက်နှာကျက်ကို မြင်လိုက်ရပါတယ်။ ခမ်းနားလှတဲ့ ဖန်မီးဆိုင်းကြီးရယ်၊ အဖြူရောင်ဖြစ်ပေမဲ့ မီးရောင်ကြောင့် အဝါရောင်ဖျော့ဖျော့ သန်းနေတဲ့ မျက်နှာကျက်ရယ်က ကျွန်မကိုစီးကြိုနှုတ်ဆက် နေခဲ့ပါတယ်။
“အားလားလား... ခေါင်းကိုက်လိုက်တာ။” ကျွန်မခေါင်းက ကိုက်ခဲနေတာမှ မီးစနဲ့အထိုးခံထားရတဲ့အတိုင်းပဲ။ ဒါကြောင့် ကျွန်မနဖူးကို ဆုပ်ကိုင်ထားခဲ့မိတယ်။ ဒါပေမဲ့ သိပ်မကြာခင် ကျွန်မခေါင်းပေါ်ကို တစ်စုံတစ်ယောက်က ရေစွတ်ထားတဲ့ အဝတ်စကိုလာတင်ပေးတဲ့အတွက် အနည်းငယ်နေလို့ ကောင်းသွားပါတယ်။
“ဘယ်သူလဲဟင်...” နာကျင်မှုကိုလစ်လျူရှုကာ အာရုံတွေကို ပြန်လည်စုစည်းရင်းနဲ့ ကျွန်မကိုဂရုစိုက်ပေးနေတဲ့သူကို ကြည့်လိုက်တော့ အတော်လေးအံ့ဩမိသွားတယ်။
“ရို့စ်ပါလား....” အဲဒီကောင်မလေးရဲ့အနီရောင်အနားသပ်နဲ့ ရွှေရောင်ဆံပင်တိုတိုကို ကျွန်မမြင်ရတဲ့အချိန်မှာ ချက်ချင်းဆိုသလိုပဲ မှတ်မိသွားခဲ့တယ်။
“နေလို့ထိုင်လို့အဆင်ပြေရဲ့လား၊ အချစ်။ ရုတ်တရက်ကြီး အီဖယ်မျှော်စင်ပေါ်မှာ လဲကျသွားခဲ့လို့ တို့လေ၊ သိပ်ကို စိတ်ပူသွားခဲ့တာ။”
ကျွန်မပြန်စဥ်းစားကြည့်ခဲ့တယ်။ အီဖယ်တာဝါပေါ်က မြင်ကွင်းတချို့ကို မှတ်မိနေသေးပေမဲ့ ဖြစ်ပျက်ခဲ့တာတွေ တော်တော်များများက ဝေဝါးနေပြီးတော့ ကျွန်မသေချာ မမှတ်မိတော့ပါဘူး။
“အခုရော... နေကောင်းသွားပြီလား။” ရိုစယ်လီယာက ကျွန်မအနားကို ပိုတိုးကပ်လာပြီး မေးလိုက်တယ်။ ကျွန်မ သူ့ရဲ့နုပျိုမှုအပြည့်နဲ့မျက်နှာကို အနီးကပ်မြင်ရတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ စိတ်ထဲမှာ အလိုလိုနေရင်း ကြောက်လန့် လာခဲ့မိပါတယ်။
“ကျ... ကျွန်မအဆင်ပြေတယ်လို့ ထင်တာပဲ။”
“ဒါပေမဲ့ တို့ကြည့်ရတာတော့ အချစ့်မျက်နှာက တအားဖြူဖျော့နေသလားလို့။” ရို့စ်က ကျွန်မပါးပြင်ကို လက်တင်ကြည့်ပြီး အပူရှိန်တိုင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်မအသားက သူ့အသားနဲ့ထိတာနဲ့ တစ်ကိုယ်လုံးပူလောင် လာသလိုမျိုးခံစားလိုက်ရပြီး...
“အား....” ကျွန်မ အလန့်တကြားနဲ့အိပ်ရာပေါ်ကနေပြီး ပြေးဆင်းလိုက်မိတယ်။ နောက်တော့ ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး ကိုယ့်ဒူးကိုယ်ဖက်ထားမိတော့တာပဲ။ ဘာကြောင့်မှန်းမသိ ရို့စ်ဟာကြောက်ဖို့ကောင်းတယ်လို့ ကျွန်မခံစားနေရပြီး သူအနားမှာရှိနေရင် ကျွန်မစိတ်တွေက တည်ငြိမ်မနေတော့ဘဲ တစ်ခုခုမကောင်းတာဖြစ်တော့မလို ခံစားနေရတယ်။
“ဆယ်... ဆယ်ဗီ...” ရို့စ်က ကျွန်မအနားကို စိုးရိမ်စွာနဲ့ ရောက်လာခဲ့တယ်။
“ဘာဖြစ်သွားတာလဲ...” သူက ကျွန်မကိုထပ်ထိဖို့အတွက် ကြိုးစားပေမဲ့ ကျွန်မအလျင်အမြန်ပဲ ငြင်းဆန်လိုက်တယ်။
“ ကျေးဇူးပြုပြီး ကျွန်မနဲ့ဝေးဝေးနေပေးပါလား၊ ရိုစယ်လီယာ။”
ဒီစကားကြောင့် ရိုစယ်လီယာရဲ့မျက်နှာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့တယ်။ သူ့ကိုကြည့်ရတာ ကျွန်မဘာကြောင့် အခုလိုမျိုး လေစိမ်းတွေတိုက်နေရတာလဲဆိုတာ နားလည်တဲ့ ပုံစံမျိုးမရှိဘူး။
“ချစ်၊ ဘာဖြစ်သွားတာလဲ။ ပြီးတော့ ဘာလို့ရို့စ်လို့ မခေါ်တော့တာလဲ။”
ကျွန်မခေါင်းခါလိုက်မိတယ်။ ရိုစယ်လီယာကို အခုလိုမျိုး ဆိုးဆိုးဝါးဝါးပြောမိတဲ့အတွက် စိတ်မကောင်းသလိုမျိုး ခံစားရတယ်ဆိုပေမဲ့ သူ့ကိုကြောက်ရွံတဲ့စိတ်က ပိုပြီးတော့ ကြီးမားနေခဲ့ပါတယ်။
“ကျွန်မ နေမကောင်းလို့ဖြစ်မှာပါ။ ကျွန်မကို ခဏလောက် တစ်ယောက်တည်းနေခွင့်ပေးပါလား။”
ကျွန်မကိုယ်ကို ပိုကျုံ့ထားလိုက်ရင်း ရိုစယ်လီယာကို အတတ်နိုင်ဆုံး ညင်ညင်သာသာနဲ့ ပြောလိုက်ပါတယ်။ ရိုစယ်လီယာဆီကနေ သက်ပြင်းချသံ ထွက်လာတယ်။ နောက်တော့ သူက တံခါးနားကိုလျှောက်သွားလိုက်ပြီး တံခါးလက်ကိုင်ကို ညင်သာစွာကိုင်ကာ တံခါးကိုဖြည်းညှင်းစွာ ဖွင့်လိုက်တယ်။
“ချစ်အတွက်ညစာ ပြင်ပေးထားခိုင်းလိုက်မယ်။ ဒီည ဘာစားချင်လဲပြော။”
“ဘာပဲဖြစ်ဖြစ်ပါ။” ကျွန်မ သူ့ကိုမော့မကြည့်ဘဲ ပြောလိုက် မိပါတယ်။ ရိုစယ်လီယာက စိတ်ပျက်အားလျော့စွာနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ အဲဒီနောက်တော့ အခန်းပြင်ကို ထွက်မသွားခင် နှုတ်ဆက်ခဲ့သေးတယ်။
“ကောင်းသော၊ ညနေခင်းပါ။”
ရိုစယ်လီယာထွက်သွားပြီးနောက် မကြာခင်မှာပဲ အိမ်စေ တစ်ယောက်က ကျွန်မဆီကို စားစရာတွေလာပို့ပါတယ်။ နေမကောင်းဘူးလို့ ပြောထားမိလို့လားမသိပေမဲ့ ညစာက စွပ်ပြုတ်တစ်ပန်းကန်ပါ။ ညီညီညာညာလှီးဖြတ်ထားတဲ့ မုန်လာဥနီတောင့်လေးတွေနဲ့ အစာကြေလွယ်စေဖို့အတွက် ပြုလုပ်ထားတဲ့ ကြက်သားမျှင်တွေကို ကြည်လင်နေတဲ့ စွပ်ပြုတ်ပန်းကန်ထဲမှာ မြင်နေရတယ်။
“ဘာအရသာမှ မရှိသလိုပါပဲ။” ပထမဆုံးတစ်ဇွန်းကို ကျွန်မ မြည်းကြည့်လိုက်ပြီးတဲ့နောက် ဒီလိုခံစားရတယ်။ ခံတွင်း တွေ့စေဖို့အတွက် စားဖိုမှူးကြီးက ချင်းတချို့ကိုလည်း ထောင်းပြီးထည့်ထားပုံပေါ်ပေမဲ့ ပူရှိန်းရှိန်းအရသာအပြင် ဘာကိုမှခံစားလို့မရတာက အမှန်ပါပဲ။
ကျွန်မပြတင်းပေါက်ကနေတစ်ဆင့် မှောင်မိုက်ကာစ အပြင်ဘက်လောကကြီးကို လှမ်းပြီးကြည့်လိုက်မိတယ်။ ကောင်းကင်ပေါ်မှာ သာနေတဲ့ လမင်းကြီးကိုမြင်ရတဲ့ အခါတိုင်းမှာ ပြန်မရနိုင်တော့တဲ့ အရင်ကပျော်စရာ အချိန်တွေကို တမ်းတမိသလိုမျိုး ခံစားရပါတယ်။ အဲဒီအချိန်တွေက ဘယ်လိုအရာမျိုးလဲဆိုတာ ကျွန်မသေချာ မမှတ်မိတော့ပေမဲ့ပေါ့။
“ငါအရင်က တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။” ပြန်မမှတ်မိ နိုင်တော့တဲ့ ကိစ္စရပ်တွေကို တွေးတောနေရင်းနဲ့ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေနဲ့ပြည့်လျှံလာခဲ့ပါတယ်။
“ သိချင်တယ်ဆိုရင် ကိုယ်တိုင်ရှာဖွေကြည့်တာ မကောင်းဘူးလား။”
ရုတ်တရက် တိတ်ဆိတ်နေတဲ့အခန်းထဲက လေထုကို တစ်စုံတစ်ယောက်ရဲ့စကားသံက ထွက်ပေါ်လာပြီးတော့ ဖြိုခွင်းလိုက်တယ်။
“ဘယ်သူလဲ...” ကျွန်မအပြင် အခန်းထဲမှာ တခြားတစ်ယောက် ရှိနေသေးတယ်လို့ ခံစားရတဲ့အတွက်ကြောင့် အခန်းတစ်ပတ်ပတ်ရှာကြည့်ပေမဲ့ ဘယ်သူ့ကိုမှမတွေ့ရ ပါဘူး။
“ငါက လူတစ်ယောက်မဟုတ်ဘူး... ငါက ဓားတစ်လက်ပဲ။ ငါက ဒီမှာ...”
ကျွန်မ ထက်ပြီးတော့ အဲဒီစကားသံကို ကြားလိုက်ရတယ်။ ဒီတစ်ခါတော့ အသံက ပိုကြည်လည်ပြတ်သားပြီးတော့ မိန်းမတစ်ယောက်ရဲ့ပျင်းရိပျင်းတွဲစကားသံဖြစ်မှန်း ခန့်မှန်းမိနေတယ်။ ဒါကြောင့် ထပ်ပြီးရှာကြည့်မိတော့ အိပ်ရာဘေးစားပွဲခုံပေါ်မှာတင်ထားတဲ့ အိတ်နက်ကလေး တစ်လုံးကိုတွေ့လိုက်ရတယ်။
“ဒီထဲက အသံထွက်လာတာလား။” ကျွန်မ ဒီလိုတွေးမိပြီး အိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲကနေ ပက်တီးတွေ၊ ဆေးနီလေးတွေနဲ့တခြားဆေးပစ္စည်းအသုံးအဆောင်တွေ ထွက်ကျလာတယ်။ တစ်ချိန်တည်းမှာပဲ...
ချလွှင်...
နည်းနည်းခေတ်နောက်ကျပြီး ဟောင်းနွမ်းနေပုံပေါ်တဲ့ ခွဲစိတ်ခန်းသုံးဓားလေးတစ်လက်က စားပွဲပေါ်ကိုပြုတ်ကျ လာခဲ့တယ်။
“နောက်ဆုံးတော့... ငါ့ကိုရှာတွေ့ပြီပေါ့။” အဲဒီဓားကနေ မိန်းမတစ်ယောက်ရဲ့အသံ ထပ်ထွက်လာတဲ့အတွက်ကြောင့် ကျွန်မလန့်ဖြန့်ပြီး နောက်ကိုခုန်ဆုတ်လိုက်မိပါတယ်။
“ရှင်ရှင်ရှင်... ရှင်ကဘယ်သူလဲ။” ကျွန်မ ကြောက်ကြောက်နဲ့မေးလိုက်တယ်။ ကျွန်မက အတိတ်မေ့နေတာဆိုပေမဲ့ လူသားတစ်ယောက်လေ။ ဓားတစ်ချောင်းက စကားပြောနေတာ ပုံမှန်မဟုတ်မှန်းတော့ သိတာပေါ့လို့။
“ငါ့နာမည်က ဘီယန်ကာ ဒါဗင်ချီလေ။ နင့်ဓားထဲမှာ တွယ်ကပ်နေတဲ့ ဝိညာဥ်ပဲ။”
“ဘီယန်ကာ... နာမည်က လှသားပဲ။ ဒါပေမဲ့ ကျွန်မရှင့်လို ဓားမျိုးပိုင်ဆိုင်ဖူးတယ်လို့ မမှတ်မိပါဘူး။” ဒီလိုမျိုးပြောလိုက်ပြီးတဲ့နောက်မှာပဲ ကျွန်မစိတ်ဓာတ်ကျ သွားတယ်။ ပြောရရင် ကျွန်မကအတိတ်မေ့နေတာမလို့ သူ့ကိုမမှတ်မိတာ သာမန်ပဲလေ။
“.....” ဟော၊ ဓားထဲဝင်ပူးနေပါတယ်ဆိုတဲ့ သရဲမကြီးတောင် ဆွံအသွားပြီး ဘာပြောရမှန်း မသိတော့တဲ့ပုံပဲ။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူက စကားပြန်စလာတယ်။
“ကောင်မလေး၊ နင့်ကိုယ်နင် ဘယ်အခြေအနေ ရောက်နေမှန်းမသိဘူးလား။ နင်က သာမန် အတိတ်မေ့နေတာ မဟုတ်ဘဲ မှတ်ဉာဏ်တွေ ဖျက်ဆီးခံထားရတာပဲ။ ဒီနေရာမှာဆက်နေရင် နင့်အတွက် အန္တရာယ်ရှိနိုင်တယ်။”
“မှတ်ဉာဏ်ဖျက်ခံရတယ်...” ကျွန်မ သူပြောတာတွေကို နားမလည်ပေမဲ့ ကျောထဲစိမ့်တက်သွားသလို ကြောက်ရွံတဲ့ ခံစားချက်မျိုး ခံစားလိုက်ရပါတယ်။
“အေး... တကယ်လို့ နင်ဒီအခြေအနေကနေ ဖောက်ထွက်ချင်ရင် လွယ်လွယ်လေးပဲ။ ငါ့ကို နင့်သွေးနည်းနည်းပေးလိုက်။ ဘာဆက်လုပ်ရမလဲ ငါပြောမယ်။”
တကယ်ပြောရရင် ကျွန်မဘာသာကျွန်မ ဘာလုပ်ရမယ်မှန်း တွေးလို့ကိုမရဘူး။ ဒါပေမဲ့ ဒီဓားက ကျွန်မအကြောင်းကို သေချာနားလည်နေပုံပေါ်ပြီးတော့ ကျွန်မမှတ်ဉာဏ်တွေ ပြန်ရလာစေဖို့ ကူညီပေးနိုင်တယ်လို့ ပြောနေတဲ့အတွက် သူ့ကိုယုံကြည်ဖို့ အရဲစွန့်ပြီးဆုံးဖြတ်လိုက်တယ်။
ရွှတ်...
အဲဒီနောက်တော့ ကျွန်မက ဓားကိုညာလက်နဲ့ကိုင်လိုက်ပြီး ကျွန်မရဲ့ဘယ်လက်လက်ဖဝါးကို ခပ်တိမ်တိမ်ခွဲဖြတ် လိုက်ပါတယ်။ ကျွန်မလက်ကနေသွေးတွေစီးကျလာခဲ့ပေမဲ့ ဓားက သွေးစက်တွေကို တစ်စက်မကျန်စုပ်ယူသွားပြီးတဲ့ နောက်မှာတော့ ကျွန်မဂုတ်ပေါ်ကို တစ်ယောက်ယောက်က လာခွစီးနေသလိုမျိုး ခံစားလိုက်ရတယ်။
အခန်းထဲမှာရှိနေတဲ့ မိတ်ကပ်ပြင်တဲ့မှန်ဆီ လှမ်းကြည့်တော့ တကယ်ပဲ ကျွန်မကိုယ်ပေါ်မှာတစ်စုံတစ်ယောက်ရှိနေတယ်။ ဆရာဝန်ဂျာကင်ကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေပြီးတော့ သူ့ရဲ့အညိုရောင်ဆံပင်တွေက လှိုင်းတွန့်လို ကောက်ကွေးနေတယ်။ ကြည့်ရဆိုးတဲ့ပုံတုံးတုံးမျက်မှန်ကို တပ်ဆင်ထားပြီးတော့ သူ့လည်ပင်းက အရိုးကျိုးနေသလို စောင်းစောင်းကြီး။ အသားအရေကတော့ လူသေလိုမျိုး ဖြူဖျော့နေတယ်ဆိုပေမဲ့ သူ့ရဲ့နှုတ်ခမ်းကပြုံးနေပြီးတော့ အရသာရှိတဲ့အရာတစ်ခုကို စားထားရသလိုမျိုး လျှာကို အပြင်ထုတ်ကာ နှုတ်ခမ်းကိုသပ်လိုက်တယ်။
“အရသာရှိလိုက်တာ... ကောင်မလေး နင့်ရဲ့သွေးတွေက အရင်လိုပဲ ချိုမြနေတုန်းပဲ။” ဓားထဲကနေထွက်လာတဲ့ ဘီယန်ကာဆိုတဲ့သရဲမစကားကို ကြားရပြီးချိန်မှာတော့ ကျွန်မဘဝမှာ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ကို ချလိုက်မိပြီလို့ တွေးမိတော့တာပါပဲ။
ပုံဒိုင်းသူတော်စင် ရူဘီ
Artist - နောင်
https://mmxianxia.com/wp-content/uploads/2025/05/1000098640.webp