အခန်း (၈၂၃-၈၂၅)
Vol. 55 Ch. 823-825
"ဟိုကောင်လေး လွတ်သွားပြီ"
ကျန်းချန်တို့ ထွက်ပြေးသွားသည်ကို မြင်လျှင် အကြီးအကဲ ထျန်းရွှယ်နှင့် တိုက်ခိုက်နေသည့် ယွင်ဖိုရှန်၏ မျက်နှာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။
ယွင်ဖိုရှန်က အကြီးအကဲထျန်းရွှယ်နှင့် တိုက်ခိုက်နေသော်လည်း ကျန်းချန်၏ အခြေအနေကို အမြဲလိုလို အာရုံစိုက်နေခဲ့၏။
ကျန်းချန်က သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရှချန်ယွင်၏ တားဆီးမှုကနေ ဘေးကင်းစွာ ထွက်သွားနိုင်လိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ဓားနယ်မြေသည် ယွင်ဖိုရှန်ကို မှင်တက်စေခဲ့၏။
စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်မှ ကောင်လေးက နတ်သန္ဓေအင်ပါယာ အဆင့်သာ ကျွမ်းကျင်နိုင်သည့် ဓားနယ်မြေစွမ်းအားကို မမျှော်လင့်ဘဲ ပြသခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင်ကို ယွင်ဖိုရှန်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ဤလူငယ်လေးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း ယွင်ကျင့်ထျန်း ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်နိုင်ချေ အရမ်းများသည်။
သူ့အနေဖြင့် ဤကောင်လေးကို မသိမ်းသွင်းနိုင်လျှင် မကြီးပြင်းလာခင် သတ်ပစ်ရပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ ကောင်လေးသာ ကြီးပြင်းလာခဲ့လျှင် သူတို့အတွက် ဘေးအန္တရာယ် ဖြစ်လာမည်ကို သူစိုးရိမ်မိ၏။
ထိုအတွေး လျှပ်တပြက် ပေါ်လာသည်နှင့် ယွင်ဖိုရှန်သည် အကြီးအကဲ ထျန်းရွှယ် နှင့် တိုက်ခိုက်ရာကနေ ချက်ချင်း နောက်ဆုတ်လိုက်သည်။
"ထျန်းရွှယ်.. မင်းနဲ့ မတိုက်ရတာ နှစ်၂၀ ကြာပြီ...မင်းရဲ့ အင်အားက အရင်ကထက် ပိုအားကောင်းလာတယ်"
"ဒါပေမဲ့ ငါ့မှာ မင်းနဲ့တိုက်ဖို့ အချိန်မရှိတော့ဘူး"
"အံဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ လိုက်လံ ဖမ်းဆီးမှုအောက်မှာ မင်းရဲ့ ကိုယ်ပိုင်အင်အားနဲ့ ဒီကောင်လေးကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ယွင်ဖိုရှန်က စကားဆုံးသည်နှင့် လက်ဝါးကို ဝှေ့ရမ်း၍ အာကာပြင်ကို တိုက်ရိုက် ခွဲထွက်ကာ လူတိုင်းရှေ့မှာပင် ပျောက်ကွယ်သွားခဲ့သည်။
"အားလုံးပဲ.. ငါ့ရဲ့ မွေးနေ့ကို ဆုတောင်းပေးဖို့ ရွှယ်ယန်တောင်ကို လာရောက်ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ ဒီအဘိုးကြီးမှာ အရေးတကြီး လုပ်စရာတွေ ရှိနေသေးတယ်.. ငါ့ မွေးနေ့ပွဲက ပြီးသွားပြီလို့ တစ်ခါတည်း ကြေငြာတယ်.. လူတိုင်း ပြန်လို့ရပါပြီ"
ယွင်ဖိုရှန် ထွက်သွားပြီးနောက်တွင် အကြီးအကဲ ထျန်းရွှယ်သည် ချက်ချင်းဆိုသလို လုံထျန်းဝူနှင့် အတူ ရွှယ်ယန်တောင်ကန ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှယ်ယန်တောင်ကနေ မိုင်ငါးရာ အကွာရှိ တိမ်ကင်းစင်သော အပြာရောင်ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခု လျှပ်တပြက် ပေါ်လာခဲ့၏။
လေထဲတွင် ပြေးလွှားနေသည့် ထိုပုံရိပ်သည် ရွှယ်ယန်တောင်ကနေ ထွက်ပြေးလာသည့် ကျန်းချန် ဖြစ်သည်။
ရွှယ်ယန်တောင်က ထွက်လာပြီးနောက်တွင် သူ့အတွက်ဖြင့် ဒုက္ခမရောက်စေချင်သောကြောင့် လုံမောင်နှမနှင့် လမ်းခွဲခဲ့ပြီး ရွှယ်ယန်တောင်၏ အနောက်ဘက်တွင် ရှိသည့် လူသူကင်းမဲ့သော တောင်တန်း တစ်ခုဆီသို့ တစ်ယောက်တည်း ဦးတည်ခဲ့၏။
သူက ရွှယ်ယန်တောင်ကနေ ကံကောင်း၍ ထွက်လာနိုင်ခဲ့သော်လည်း အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နယ်မြေထဲတွင် ရှိနေတုန်းပဲ။
ထို့အပြင် တိမ်တိုက်ဝါးမျို နည်းစနစ်ကြောင့် မကြာခင်အချိန်အတွင်း အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ပစ်မှတ် ဖြစ်လာမည်ကို သူစိုးရိမ်မိ၏။
သူက ယခုလေးတင် အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုခဲ့သောကြောင့် ခန္ဓာကိုယ်မှ အသက်စွမ်းအင်သည် ဆယ်ပုံကိုးပုံခန့် ကုန်ဆုံးသွားပြီး အားနည်းနေခဲ့သည်။
လက်ရှိအချိန်တွင် ကျန်းချန်အတွက် အရေးကြီးဆုံးအရာမှာ သူ့ဒဏ်ရာများကို ကုသရန် အတွက် လျှို့ဝှက်သော နေရာတစ်ခု ရှာဖွေရန်ပင်။
ထိုသို့မဟုတ်ဘဲ အံဖွယ်တိမ်တိုက်ဂိုဏ်းက သူ့ကို တွေ့သွားလျှင် သူ တကယ်ပဲ အန္တရာယ်ရှိလာပေလိမ့်မည်။
ကျန်းချန်က တောင်တန်းထဲကို ဝင်သွားပြီးနောက်တွင် တောင်တန်းထဲမှ နေရာတစ်ခုကို ရှာဖွေကာ သူ့အရှိန်အဝါကို ဖုံးကွယ်နိုင်သည့် အစီအရင်ကို တည်ဆောက်လိုက်သည်။
ထိုအခါမှသာ သူ၏ တင်းမာနေသော နှလုံးသားက အနည်းငယ် ပြေလျော့သွားခဲ့၏။
"ယွင်ကျိရန် ငါ့ကို ပေးခဲ့တဲ့ ဘုရင်အဆင့် တိမ်တိုက်ဝါးမျို နည်းစနစ်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ် ဖြစ်နေမယ်လို့ ငါ မထင်ထားမိဘူး"
ကျန်းချန်က တင်ပျဥ်ခွေထိုင်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
တိမ်တိုက်ဝါးမျို နည်းစနစ်သာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်မှန်း ကြိုသိခဲ့လျှင် သူက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း စိုးမိုးသည့် နယ်မြေတွင် ထုတ်ဖော်မိမည် မဟုတ်ချေ။
"ဒီနေ့ ငါ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနဲ့ လုံးဝ ရန်ဘက်ဖြစ်သွားပြီ.. ဒီအတိုင်းဆို ယန်ဒီမြို့ကို ရောက်ဖို့က ပိုပြီး ခက်ခဲလာတော့မယ် ထင်တယ်"
ကျန်းချန် တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
အခုချိန်ကစပြီး သူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးမှုကို ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။
အခန်း(၈၂၃) ပြီး၏
အခန်း(၈၂၄)
ကျန်းချန် သက်ပြင်းချလိုက်သည်။
သူက စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူသာ ဖြစ်၍ ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အင်အားကြီးမားသော ကျင့်ကြံသူများရှေ့တွင် ဘာမှ မဟုတ်ပေ။
သို့သော် ကျန်းချန် သိပ်စိတ်မပူခဲ့ချေ။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက သူ့ကို ရှာဖွေချင်လျှင်ပင် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
ထို့အပြင် သူ၏ အင်အားဖြင့်ဆိုလျှင် သာမန်သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူသည် သူ့ကို မည်သို့မှ မခြိမ်းခြောက်နိုင်ချေ။
သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အတွက် ပြဿနာမရှိချေ။
သူ့ကို ကိုင်တွယ်ရန် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် အနည်းဆုံးသိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို စေလွှတ်ရပေမည်။
အံဖွယ်တိမ်တိုက်ဂိုဏ်းသည် အင်အားကြီးမားသော်လည်း သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကျင့်ကြံသူ ရာချီ စေလွှတ်ရန် မဖြစ်နိုင်ပေ။
ကျန်းချန် ယခုလုပ်ရမည်မှာ အတွင်းအားကျင့်ပြီး သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်အောင် လုပ်ရန် ဖြစ်သည်။
နောက်တစ်ဆင့် အနေဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်ကို သိုင်းသခင်နယ်ပယ်အဆင့်သို့ အလျင်မြန်ဆုံး ထိုးဖောက်ရပေမည်။
သိုင်းသခင် နယ်ပယ်ကို ထိုးဖောက်နိုင်သရွေ့ သူ၏ အင်အားသည် လုံးဝ အသစ်စက်စက် အဆင့်ကို ရောက်ရှိသွားလိမ့်မည် မဟုတ်ပါလား။
ထိုအချိန်သို့ရောက်လျှင် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် သူ့ကိုယ်သူ ကာကွယ်ရန် လုံးဝ လုံလောက်သည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူ မလှုပ်ရှားသ၍ မည်သူမှ သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန် တုံ့ဆိုင်းမနေတော့ဘဲ မီးလျှံနဂါးကို ဘေးတွင် စောင့်ရှောက်ခိုင်းကာ စတင် ကျင့်ကြံလိုက်တော့သည်။
............
ကျန်းချန်က တောင်တန်းထဲတွင် ပုန်းရှောင်၍ အတွင်းအားကျင့်နေစဥ်တွင် ကျင့်ယွင်မြို့၏ မြောက်ဘက်ရှိ မိုင်ထောင်ချီဝေးသော ရှေးဟောင်းခြံဝင်းတစ်ခု၌ ငွေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခြံဝင်းအလယ်တွင် လက်နှစ်ဖက် နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထိုလူလတ်ပိုင်း အရွယ် အမျိုးသားသည် အသက်လေးဆယ်ဝန်းကျင် ရှိပုံရ၏။
၎င်းက ဥပဓိရုပ်ကောင်းမွန်ပြီး အလွန်ချောမောကာ နားလည်ရခက်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေး ရပ်နေလျှင်ပင် လူတိုင်းကို တုန်လှုပ်စေနိုင်သည့် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။
"အဖေ.. မကောင်းတော့ဘူး"
ထိုအချိန်တွင် အထိတ်တလန့် ရေရွတ်လိုက်သော အသံတစ်သံသည် ခြံဝင်းထဲရှိ တိတ်ဆိတ်မှုကို ရုတ်တရက် ဖျက်ဆီးလိုက်သည်။
မကြာခင်မှာပင် ခြံဝင်း အပြင်ဘက်ကနေ ကျက်သရေရှိစွာ လှပသော ပုံရိပ်တစ်ခုသည် ခြံဝင်းထဲကို လျှပ်တပြက် ဝင်ရောက်လာခဲ့၏။
ကျန်းချန်သာ ဤနေရာတွင် ရှိနေလျှင် အံ့သြသွားမည်မှာ သေချာသည်။
ခြံဝင်းထဲကို ပြေးဝင်လာသည့် ကျက်သရေရှိရှိ လှပသော အမျိုးသမီးသည် တခြားသူ မဟုတ်ပေ။
သူနှင့် စန်းဟိုင်ကျွန်းတွင် တွေ့ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ယွင်ကျိရန် ဖြစ်သည်။
"ကျိရန်.. ဘာဖြစ်လို့လဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ယွင်ကျိရန်ကို လှမ်းကြည့်ပြီး အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူ ယွင်ကျိရန်ကို ကျင့်ယွင်မြို့ဆီ သတင်းစုံစမ်းဖို့ လွှတ်လိုက်သည်ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက တွေ့သွားပါသလော။
လွန်ခဲ့တဲ့ နှစ်၂၀က သူ့ကို ပူးပေါင်း အကောက်ကြံစည်ခဲ့စဥ်တွင် ယွင်ကျိရန်သည် အလွန် ငယ်ရွယ်သေး၏။
သို့ဖြစ်ရာ သူမကို မှတ်မိသူ ရှိနိုင်ပါ၏လော။
"အဖေ.. သတင်းတစ်ခု ရခဲ့တယ်.. တိမ်တိုက်ဝါးမျို နည်းစနစ်ကို တတ်မြောက်ထားတဲ့ ထူးဆန်းတဲ့ လူငယ်တစ်ဦး ကျင့်ယွင်မြို့အနီးမှာ ပေါ်လာတယ်လို့ ဆိုကြတယ်.. အခု အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက အဲဒီထူးဆန်းတဲ့ လူငယ်ကို အစွမ်းကုန် ရှာဖွေနေကြတယ်
ယွင်ကျိရန် အလျင်အမြန် ပြောလိုက်သည်။
လူလတ်အရွယ် အမျိုးသားက အံ့သြသော အမူအရာဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။
"ဒီထူးဆန်းတဲ့ လူငယ်က စန်းဟိုင်ကျွန်းက လူငယ်လေး ဖြစ်လောက်တယ်.. သူ့အပြင် အံဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ တပည့်တွေက တိမ်တိုက်ဝါးမျိုနည်းစနစ်ကို လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူး"
ယွင်ကျိရန်က စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"အဖေ.. သူတို့ပြောတဲ့သူက သေချာပေါက် ကျန်းချန်ပဲ.. အဖေ သူ့ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုခု ရှာမှ ဖြစ်မယ်"
"ကျန်းချန်က ဒဏ္ဍာရီလာ ကံကြမ္မာ ပိုင်ရှင် ဖြစ်တဲ့အပြင် ငါ့အသက်ကို ကယ်ထားတဲ့ ကျေးဇူးလည်း ရှိတယ်.. အဖေ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး သမီးလေး"
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်၍ ပြောလိုက်သည်။
မကြာခင်မှာပင် သူ၏ အာဏာရှင်ဆန်သော အသံသည် ခြံဝင်းထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"စိတ်မပူနဲ့ သမီးလေး.. ဒီအံဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ နယ်မြေမှာ ငါ ယွင်ကျင့်ထျန်း ရှိနေသရွေ့ ဘယ်သူမှ ကျန်းချန်ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်စေရဘူး"
အခန်း(၈၂၄) ပြီး၏
အခန်း(၈၂၅)
ကျင့်ယွင်မြို့၏ အနောက်ဘက် အရပ်တွင် တည်ရှိသည့် ကျင့်ယွင်တောင်တန်းသည် ကြယ်သုံးပွင့် အင်အားစုဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နယ်မြေအတွင်းမှ အကြီးမားဆုံး တောင်တန်းကြီး ဖြစ်သည်။
၎င်းသည် အန္တရာယ်အများဆုံး နေရာများထဲမှ တစ်ခုလည်း ဖြစ်၏။
ကျင့်ယွင်တောင်တန်းက ရက်စက်သော သားရဲများစွာရှိပြီး အန္တရာယ်များ ပြည့်နှက်နေသော်လည်း ကြီးမားသော အခွင့်အလမ်းများလည်း ရှိသည်။
ကျင့်ယွင်တောင်တန်းသည် သမိုင်းအစဉ်အလာ ရှိပြီး အတွင်းဘက်တွင် ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင် သိပ်သည်းစွာ ရှိသည့်အပြင် ကောင်းကင်နှင့် မြေကြီး၏ ရတနာများလည်း မရေမတွက်နိုင်အောင် ရှိ၏။
ထို့အပြင် ကျင့်ယွင်တောင်တန်းထဲတွင် ရှေးခေတ်မှ အင်အားကြီးသော ကျင့်ကြံသူများ၏ အမွေအနှစ်များလည်း တွေ့ရတတ်သည်။
ကံကောင်းလျှင် ရှေးခေတ်မှ ကျင့်ကြံသူများ ချန်ထားခဲ့သည့် အမွေအနှစ်ကိုပင် ရနိုင်ပေသည်။
အရည်အချင်း သိပ်မရှိသည့် ကျင့်ကြံသူတချို့သည် ကျင့်ယွင်တောင်တန်းတွင် ရှေးခေတ်မှ ကျင့်ကြံသူများ၏ အမွေအနှစ်ကို ယခင်က ရရှိခဲ့ဖူးသည်။
ထို့ကြောင့် ကျင့်ယွင် တောင်တန်းသည် အလွန်အန္တရာယ်များသော်လည်း ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့၏။
ယခင်က ကျင့်ယွင်တောင်တန်းတွင် ရတနာများရှာဖွေရန် လူအများအပြား လာရောက်လေ့ ရှိသော်လည်း ယနေ့လောက်တော့ မစည်ကားပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် ကြီးမားသော ဆုလဒ်တစ်ခုကို ထုတ်ပြန်ပြီး ကျန်းချန်ဟု ခေါ်သည့် ကလေးတစ်ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်လိုက်သောကြောင့်ပင်။
ကျန်းချန်ကို ဖမ်းမိလျှင် သူတို့သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ ကြီးမားသော ဆုလာဘ်များကို ရရှိနိုင်မည် ဖြစ်သည်။
အံဖွယ်တိမ်တိုက်ဂိုဏ်း၏ ဖမ်းဝရမ်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားနိုင်ခဲ့၏။
ကျန်းချန်ကို ဖမ်းမိလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ရက်ရောသော ဆုလာဘ်ကို ရရုံတင်မက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ဤသည်က လူအများစု အတွက် အလွန် စိတ်လှုပ်ရှားစရာကောင်းသော ဆုလာဘ်ပင် မဟုတ်ပါလော။
ကျင့်ယွင်မြို့မှ ယုံကြည်စိတ်ချရသော သတင်းအရ ကျန်းချန်ဟု ခေါ်သည့် ချာတိတ်သည် ကျင့်ယွင်တောင်တန်းထဲကို ထွက်ပြေးရန် အလားအလာ အလွန်များ၏။
ထိုသတင်းရရှိပြီးနောက်တွင် မရေမတွက်နိုင်သော လူများသည် ကျင့်ယွင်တောင်တန်း ဆီသို့ အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြသည်။
ထိုအထဲတွင် ရှချန်ယွင် ဦးဆောင်သည့် ရှမိသားစုလည်း ပါဝင်၏။
ကျန်းချန်ကို ဖမ်းဆီးရန်အတွက် ရှချန်ယွင်သည် ရှမိသားစု၏ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ ငါးဦးကို ခေါ်လာခဲ့သည်။
ဆိုရလျှင် ရှချန်ယွင်သည် ရှမိသားစု၏ အင်အား တစ်ဝက်ကျော်ကို ကျင့်ယွင်တောင်တန်းတွင် ကျန်းချန်ကို ရှာဖွေရာ၌ အသုံးပြုခဲ့သည်။
"ခေါင်းဆောင်.. ကျင့်ယွင်တောင်တန်းရဲ့ နယ်မြေက အရမ်းကျယ်ပြန့်တယ်.. ဒီနယ်မြေမှာ ကျန်းချန်ကို ရှာဖွေတာက ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာဖွေရသလိုပဲ"
"ဒါ့အပြင် ကျင့်ယွင်တောင်တန်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေတောင် အတော်လေး သတိထားရတယ်"
"ကျွန်တော့်အထင် ကျန်းချန်ကို ဖမ်းဆီးဖို့က မလွယ်လောက်ဘူး"
ကျင့်ယွင်တောင်တန်း အပြင်ဘက်ရှိ နေရာတစ်ခုတွင် ရှမိသားစုမှ သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ အဘိုးအိုတစ်ဦးက စိုးရိမ်တကြီး အမူအရာဖြင့် ပြောလိုက်သည်။
သူတို့ ရှမိသားစုသည် မိသားစု၏ အုတ်မြစ်ဖြစ်သည့် အစွမ်းထက် ကျင့်ကြံသူ အများအပြားကို ကျင့်ယွင်တောင်တန်းသို့ စေလွှတ်ခဲ့သည်မှာ သူ့အမြင်တွင် ဉာဏ်ရှိသော လုပ်ရပ်တစ်ခု မဟုတ်ပေ။
"ဘယ်လောက်ပဲ ခက်ခဲပါစေ ဒီကောင်လေးကို ငါ ဖမ်းဆီးရမယ်"
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ဖမ်းဝရမ်း ထုတ်ပြန်ပြီးတဲ့နောက်မှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ကျင့်ယွင်တောင်တန်းဆီကို လာနေကြပြီ.. ဒီကောင်လွတ်ဖို့ မလွယ်ပါဘူး"
"သိုင်းသခင်နယ်ပယ်အဆင့် မင်းတို့တစ်ယောက်စီက အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ပြီး ပိုက်စိတ်တိုက် ရှာဖွေကြ.. ဘယ်သူမှ ရှာမတွေ့ခင် ကျန်းချန်ကို သေချာပေါက် ရှာတွေ့မှဖြစ်မယ်"
ရှချန်ယွင်က ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
သူက ကျန်းချန်ကို ဖမ်းဆီးရန် ရှမိသားစု၏ အင်အား တစ်ဝက်ကျော်ကို အသုံးပြုခြင်းသည် သူ့သား အတွက် လက်စားချေဖို့တင် မဟုတ်ပေ။
ဆိုရလျှင် ဤကိစ္စသည် သူတို့ ရှမိသားစု၏ သေရေးရှင်ရေး ကိစ္စနှင့် ဆက်စပ်နေ၏။
ရွှယ်ယန်တောင်တွင် သူသည် ကျန်းချန်ကို တားဆီးဖို့ လှုပ်ရှားခဲ့ပြီး အကြီးအကဲ ထျန်းရွှယ်ကို အပြစ်ကျူးလွန်မိခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ကျန်းချန်ကို ကျိန်းသေပေါက် ဖမ်းဆီးရတော့မည် ဖြစ်၏။
ဤနည်းဖြင့်သာ သူတို့ ရှမိသားစုသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို မှီခိုနိုင်မည် မဟုတ်ပါလား။
ဆိုရလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် ဆက်ဆံရေး မတည်ဆောက်နိုင်လျှင် အကြီးအကဲ ထျန်းရွှယ်သည် အချိန်မရွေး သူတို့ ရှမိသားစုကို ဖျက်ဆီးသွားနိုင်ပေသည်။
အခန်း(၈၂၅) ပြီး၏