အခန်း (၂၇၁-၂၇၅)
Vol. 19 Ch. 271-275
အပိုင်း ၂၇၁ ဒူးထောက်ကာ အောင်ပွဲကိုကြွေးကြော်ခြင်း
လီချင်းရှန်၏ဗျူဟာများအကြောင်း အတည်ပြုပြီးနောက် လုရှောင်ယန်သည် အစီအရင်ထဲသို့ ဆင်းချသွားလေသည်။
ဤအစီအရင်ထဲတွင် ဝိညာဉ်ကျောက်တုံးများစွာ အထူးသဖြင့် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းထားလေသည်။ အနည်းဆုံး သန်းပေါင်းရာချီတောင်ရှိမည်ထင်။ ဤကဲ့သို့ ဝိညာဉ်ကျောက်တုံးများစွာကို လုယူနိုင်မည့်အခွင့်ကောင်းမျိုးကို လုရှောင်ယန် လက်လွှတ်ခံမည်တဲ့လား။
အနှေးနဲ့အမြန်ဆိုသလို သူလည်းငွေလိုလာလိမ့်မည်။
သို့သော်လည်း နောက်ဆုံးတစ်ကြိမ် ဆုချန်ကိုသတ်ခဲ့ချိန်တည်းက နတ်ဘုရားခန်းမတွင်ကျန်ရှိသည့်ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားရန် ကျီဝူရှန်အား လုရှောင်ယန် အမိန့်ပေးခဲ့ပေသည်။ အခုထိဆို တစ်လတောင်ကျော်နေပြီကို သူက ဘာလို့ လုပ်လို့မပြီးသေးရတာလဲ?
ဒီကောင်စုတ်လေး သူ့အတွက်သူ ဖြတ်ခုတ်ထားတာများလား?
သူ ပြန်ရောက်တဲ့အထိ ကျီဝူရှန်မလာသေးရင် သူ့ကိုတိုက်ရိုက်သွားမေးဖို့အတွက် အခွင့်အရေးရှာဦးမှပဲ။
…….
တောင်ကုန်းငယ်လေးထက်တွင် ဘိုးဘေးကျွင့်သည် အလွန်ဒေါသထွက်နေခဲ့သည်။
“လီချင်းဖန်၊ ငါကတော့ မင်းနဲ့ငါက မိတ်ဆွေကောင်းတွေလို့ တွေးထားခဲ့တာ။ ငါ့ကို ဒီနေရာမှာချုပ်ထားတဲ့အထိ မင်းဒီလောက် စက်ဆုပ်ဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
လီချင်းဖန်က သူ့ကို ဂရုမထားစွာကြည့်လာခဲ့သည်။
“မိတ်ဆွေတွေ? မင်းနဲ့တန်လို့လား? မင်းက ငါ့နေရာကိုလာပြီး ရက်ပေါင်းများစွာ စားလိုက်သောက်လိုက်နေခဲ့တာ။ သိုင်းရည်ရွယ်ချက်နဲ့ ဝိညာဉ်စွမ်းအားပေါကြွယ်ဝတဲ့အစားအသောက်တွေ စားချင်လို့သာ မင်းဒီကိုလာနေတာပါ။ မင်းက မင်းအကျိုးအမြတ်ရဖို့အတွက်တစ်ခုတည်းကိုပဲ ကြည့်တဲ့လူ။”
ဘိုးဘေးကျွင့်၏မျက်နှာ နီရဲသွားတော့သည်။ တကယ်ကိုပဲ လီချင်းဖန် ပြောသမျှမှာ အမှန်တွေချည်းဖြစ်နေသည်။
သူ ငြင်းလို့တောင်မရတော့ပေ။
ဘိုးဘေးကျွင့်ဘေးကနေပြီး အေးအေးလူလူပြောစကားတချို့ထွက်လာခဲ့သည်။ ဘိုးဘေးကို တခြားလူတွေရဲ့ဥစ္စာကို မလိုချင်ဖို့ ကျွန်တော် အရင်ကတည်းက အကြံပေးခဲ့သားပဲ။
ဘိုးဘေးကျွင့်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ဝမ်းနည်းနေသည့်အမူအရာဖြင့် ပြန်ပြောလာသည်။
“သေစမ်း၊ ငါ့ဘဝမှာ လူပေါင်းများစွာနဲ့ကြုံတွေ့ခဲ့တယ်။ ဒီနေရာမှာမှ သေရမယ်လို့တော့ မမျှော်လင့်ထားဘူး။ ဒီသတင်းသာပျံ့သွားရင် ငါ့ဂုဏ်သိက္ခာဆိုတာ အသေးအဖွဲပါ၊ တကယ်တမ်း ကျွင့်မိသားစုရဲ့ဂုဏ်သိက္ခာကျဆင်းသွားမှာကိုပဲ စိုးရိမ်မိတယ်။”
ခဏလောက်ရပ်သွားပြီးနောက် ဘိုးဘေးကျွင့်ဆက်ပြောလာသည်၊ “မဖြစ်ဘူး၊ မင်းဒီအကြောင်းတွေ ဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူး၊ နားလည်လား?”
“ဘိုးဘေး၊ လောလောဆယ် ကျွန်တော်တို့အသက်ရှင်ဖို့သာ ဆုတောင်းသင့်တယ်လို့ထင်တယ်။”
“ဟုတ်သားပဲ။ ဒါနဲ့ မင်းဘယ်တုန်းက ဆရာရှိသွားတာလဲ? ဘာလို့ ငါတခါမှမကြားဖူးတာလဲ?”
ဘိုးဘေးထံမှ သူ့ဆရာအကြောင်းမေးသံကြားကာမှ အဆုံးတွင် ကျွင့်ပုကျန်း၏မျက်နှာထက်တွင် စိတ်သက်သာသည့်အမူအရာမျိုးပေါ်ထွက်လာတော့သည်။
“ဘိုးဘေး၊ ဒီအတွက်တောင်းပန်ပါတယ်။ ကျွန်တော် ကျွင့်မိသားစုရဲ့စည်းမျဉ်းတွေကိုဆန့်ကျင်ပြီး သီးသန့်ဆရာတစ်ယောက်ကို အသိအမှတ်ပြုခဲ့တယ်။”
“ရပါတယ်၊ ဒါက ကောင်းတဲ့ကိစ္စပဲ။ အရင်ကတော့ မင်းရဲ့ကျင့်ကြံဆင့် ဘာကြောင့် ဒီလောက်မြန်မြန်တိုးလာရလဲ အံ့ဩနေမိတာ။ တစ်လတောင်မရှိသေးဘူး၊ မင်းရဲ့ကျင့်ကြံဆင့်က သိုင်းဘုရင်ဒုတိယအဆင့်ကိုတောင် ရောက်သွားပြီ။ မင်း ဒီလောက်စွမ်းအားကြီးတဲ့ဆရာမျိုးရှာလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ အနာဂါတ်မှာတော့ ငါ့ကို ဘာမှထပ်ပြီးဖုံးကွယ်လို့မရတော့ဘူး။ မဟုတ်ရင် ကျွင့်မိသားစုစည်းမျဉ်းအတိုင်း မင်းကို အပြစ်ပေးမယ်။”
“ဒါဆို၊ ကျွန်တော်နောက်ထပ်ပြောစရာရှိသေးတယ်။”
“ပြော။”
“တကယ်တော့၊ ကျွန်တော် သိုင်းဘုရင်စတုတ္ထအဆင့်အထိ ရောက်သွားပြီ။”
အချိန်ကြာမြင့်စွာ နေ့နေ့ညညကျင့်ကြံခဲ့ပြီးနောက်မှာတော့ နတ်ဆေးလုံးများနှင့်နတ်သားရဲဥတို့၏အနှစ်သာရတို့ကို ဆုပ်ယူသွားနိုင်ခဲ့ကာ ဤအဆင့်သို့တက်ဖို့ရန် လုံလောက်သည့်စွမ်းအင်တို့ စုဆောင်းမိသွားလေသည်။
ဘိုးဘေးကျွင့် စကားပြန်မပြောခင် ခဏလောက် ငြိမ်ကျသွားခဲ့သည်။
“ပုကျန်း၊ မင်းဆရာက တပည့်လက်ခံရင် သတ်မှတ်ထားတဲ့လိုအပ်ချက်တွေရှိလား?”
ကျွင့်ပုကျန်း : “…..”
တကယ်တော့ ဘိုးဘေးကျွင့်သွေးဆောင်ခံလိုက်ရသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
လူတစ်ယောက်၏ကျင့်ကြံဆင့်က အမြင့်သို့ရောက်လာလေ ဆက်ပြီးကျင့်ကြံရာတွင် ခက်ခဲလေဖြစ်သည်။
ဘိုးဘေးကျွင့်သည် ပြီးပြည့်စုံသည့် သိုင်းဘုရင်ဒဿမအဆင့်သို့ရောက်နေသည်မှာ နှစ်ပေါင်းတစ်ထောင်လောက် ကြာခဲ့ပြီဖြစ်သည်။ ဒဏ္ဍာရီလာနတ်ဘုရားအဆင့်သို့တက်ရောက်ဖို့ရန်မှာ သူ့အတွက် ခြေတစ်လှမ်းသာလိုတော့သည်။
ကံမကောင်းစွာဘဲ သူသည် ပြီးပြည့်စုံသည့် သိုင်းဘုရင်ဒဿမအဆင့်တွင်သာ ပိတ်မိနေခဲ့သည်။
ထိုမှနေ၍ သူ၏ကျင့်ကြံမှုသည် နှစ်ပေါင်းများစွာကြာအောင် ရပ်တန့်နေခဲ့တော့သည်။ ထို့အပြင် သူ၏အသက်သည် တဖြည်းဖြည်းကြီးလာကာ သူ၏သွေးအဆီအနှစ်တို့သည်လည်း တဖြည်းဖြည်းဆုတ်ယုတ်လာပြီဖြစ်သလို တကယ်တမ်း သူ၏ကျင့်ကြံဆင့်သည်လည်း တဖြည်းဖြည်း ယုတ်လျော့လာခဲ့ပေသည်။
ဤအကြောင်းကြောင့်သာမဟုတ်လျှင် လီချင်းဖန်ကို ချဉ်းကပ်ရန် အထူးတလည်လာရောက်နေစရာအကြောင်း မရှိပေ။
လီချင်းဖန်၏အစားအသောက်များတွင် သိုင်းရည်ရွယ်ချက်တို့ပါဝင်ပေသည်။ ထို့အပြင် လီချင်းဖန်၏ဗျတ်စောင်း၊ ကျားကွက်၊ လက်ရေးမူနှင့် ပန်းချီများကပင်လျှင် သူ့ကို ထိုးထွင်းသိမြင်နိုင်စွမ်းမျိုးတိုးတက်လာစေသည်။
သိုင်းဘုရင်အဆင့်သို့ရောက်ရှိကာစ အသစ်လေးတွေဆိုလျှင် သူတို့ဂုဏ်သိက္ခာကို ပိုပြီး အလေးထားကြပေမည်။
သို့သော်လည်း ဘိုးဘေးကျွင့်လိုမျိုး သိုင်းဘုရင်အဆင့်ကျင့်ကြံသူအိုကြီးအတွက်တော့ ဟန်ထုတ်သည့်အသက်အရွယ်က ကျော်လွန်ခဲ့ပေပြီ။
လက်ရှိသူသည် သူ၏ကျင့်ကြံမှုလမ်းကြောင်း ပိုတိုးတက်လာဖို့အရေးကိုသာ ပိုစိတ်ဝင်စားလာခဲ့သည်။
လီချင်းဖန်ကတော့ ထိုလူနှစ်ယောက်ကိုလျစ်လျူရှုကာ စနစ်နှင့်သာ စကားပြောနေခဲ့သည်။
“စနစ်၊ လုရှောင်ယန် တကယ်လာမှာလား?”
[သူသေချာပေါက် လာပါလိမ့်မယ်။ သူသာမလာရင် ကျွင့်မိသားစုရဲ့ဘိုးဘေးနဲ့ကျွင့်ပုကျန်းကို သတ်ပြီးတာနဲ့ သူ့အပေါ်အပြစ်ပုံချမှာလို့ စာထဲမှာ ပြောလိုက်ပါတယ်။ ဒီတော့ မလာစရာအကြောင်းမရှိဘူး။
ဘာလို့ဆို တစ်ယောက်က လက်ရှိကျွင့်မိသားစုရဲ့ထောက်တိုင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျွင့်မိသားစုရဲ့အနာဂတ်ထောက်တိုက်ဖြစ်လာမယ့်သူမို့လို့ပါ။ သူ သေချာပေါက် ကျွင့်မိသားစုရဲ့ဒေါသနဲ့ရင်မဆိုင်ချင်လောက်ပါဘူး]
တကယ်တော့ လီချင်းဖန်၏စနစ်ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းသည် အတော်လေးမဆိုးလှပေ။ သို့သော်လည်း လုရှောင်ယန် လာရမည့်အကြောင်းအရင်း နောက်တစ်ခုလည်းရှိသေးသည်။
အကြောင်းကတော့ ကျွင့်မိသားစုကိုသာ သူဖျက်ဆီးပစ်လိုက်လျှင် သူ၏တပ်သားများကို ဆုံးရှုံးရုံသာမက ကျွင့်မိသားစုကိုပါ နစ်နာစေပေလိမ့်မည်။ ကျွင့်မိသားစုသာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး ထာဝရသစ်တောထဲက တခြားမိသားစုတွေရဲ့အကူအညီကို ရှာခဲ့ရရင်ရော၊ ဘယ်လိုတွေဖြစ်ကုန်မယ်တဲ့လဲ?
ထိုအချိန်ကျလျှင် သူသည်လည်း ထိုအမျိုးသားဇာတ်လိုက်များ၏ဘေးဒုက္ခပင်လယ်ထဲသို့ ကျရောက်သွားကာ ရန်သူတွေ တစ်သုတ်ပြီးတစ်သုတ်ကို သတ်ဖြတ်နေရပေလိမ့်မည်။ သေချာပေါက် လုရှောင်ယန် ထိုသို့မဖြစ်စေချင်ပေ။
ဒါတွေထက် ကျွင့်မိသားစုသည် သူ့အငယ်ဆုံးတပည့်လေး၏မိသားစုဖြစ်ပြန်သည်။ သူသာ ကျွင့်မိသားစုကို ဖျက်ဆီးပစ်လိုက်လျှင် သူ့အငယ်တုံးတပည့်လေးက ဘယ်လိုတွေတွေးသွားလိမ့်မလဲ?
အရမ်းဝမ်းနည်းသွားလောက်မယ်မဟုတ်ဘူးလား?
ဒါ့အပြင် သူ့တွင် ကျွင့်မိသားစုနှင့် ရန်ငြှိုးရန်စလည်း မရှိပေ။ ဒါကြောင့် လီချင်းဖန် သူ့ကို ထောင်ချောက်ဆင်မည်အား လုရှောင်ယန် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
သူသည်သာ တခြားလူများကို လျှို့ဝှက်ကြံစည်သူဖြစ်ရမည်။ ဘယ်သူကမှ သူ့ကိုပြန်ပြီး လျှို့ဝှက်ကြံစည်ခွင့်မပြုနိုင်ပေ။
“ဒါဆို၊ စနစ်၊ ငါတို့ချထားတဲ့အစီအရင်တွေက သူ့အတွက် တကယ်ပဲခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ပါ့မလား?”
“မင်းရဲ့ပြောစကားတွေအရဆို လုရှောင်ယန်က အရမ်းအစွမ်းထက်မယ့်ပုံပဲ။”
[ဟီးဟီးဟီးဟီး…. Host စိတ်မပူပါနဲ့။ ငါ့ရဲ့အစီအရင်တွေအားလုံးက နတ်လောကရဲ့ နတ်ဘုရားအဆင့်အစီအရင်တွေချည်းပဲ။ ဒီတစ်ကမ္ဘာလုံးမှာ ငါက ဒုတိယပါလို့ပြောရင် ဘယ်သူကမှ သူတို့ကိုယ်သူတို့ ပထမလို့ မပြောရဲဘူး။ လုရှောင်ယန်က နတ်ဘုရားဆိုရင်တောင် ငါ့ရဲ့အစီအရင်တွေကို လွယ်လွယ်ချိုးဖြတ်မယ်ဆိုတဲ့အတွေးကို ဖျောက်ထားမှရမယ်။
Hostက အေးအေးဆေးဆေးနဲ့ တာဝန်ကရမယ့်ဆုလာဘ်တွေကိုသာ ထိုင်စောင့်နေလိုက်။]
ကလု~
လီချင်းဖန် တံတွေးမြိုချလိုက်ကာ သူ့မျက်လုံးထဲတွင် တောင့်တမက်မောသည့်အရိပ်တို့ ထင်ဟပ်လို့လာသည်။
ဒီတစ်ခေါက် စနစ်ကပေးမည့်ဆုလာဘ်သည် နတ်ဘုရားလေးကသို့ တိုက်ခိုက်တက်လှမ်းနိုင်မည့်ဆုလာဘ်ပင်။ ထိုဆုကိုလက်ခံပြီးသည်နှင့် သူသည် နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်ပင်!
လုရှောင်ယန်နှင့်သူ့ကြားမှာ ရန်ကြွေးဟောင်းရှိသည်ဖြစ်စေ မရှိသေဖြစ်စေ အရေးမပါပေ။
လူသားတွေက ကြွယ်ဝခြင်းအတွက် သေကြေကြသလို ငှက်တွေကလည်း အစာအတွက် သေဆုံးကြသည်မဟုတ်လား။
နတ်လောကကိုတက်လှမ်းဖို့အတွက် လုရှောင်ယန်ကို သတ်ဖို့လိုအပ်နေရင်တော့လား?
တချိန်တည်းမှာပဲ တောင်ခြေတွင် လုရှောင်ယန်သည် သက်ပြင်းတစ်ချက်ချကာ နှဖူးထက်မှချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ။ လီချင်းဖန်ရဲ့အစီအရင်တွေအားလုံး အသက်မဝင်နိုင်တော့ဘူး။ ဒီတော့ ငါတို့လျှပ်တပြတ်ဝင်တိုက်လို့ရပြီ။”
လုရှောင်ယန်၏အစီအရင်ပညာသည် အလွန်အားကောင်းပေသည်။ ဒါကြောင့် ရလဒ်အနေနှင့် လီချင်းဖန်၏ များလှစွာသော နတ်ဘုရားအဆင့်နှင့် သိုင်းဘုရင်အဆင့်အစီအရင်များကို ဖြိုဖျက်ပြီးနောက်တွင် တစ်ချက်လေးတောင်မှ မတည်မငြိမ်မဖြစ်သွားခဲ့ပေ။
သူက စစ်မှန်တဲ့ကျွမ်းကျင်ပညာရှင်ပဲ။
တကယ်တော့ လုရှောင်ယန်သည် အစီအရင်အားလုံးကို ဖြုတ်ချလိုက်ရုံတင်မကဘဲ လီချင်းဖန်၏မူရင်းအစီအရင်၏အုတ်မြစ်တွင် နောက်ထပ်အစီအရင်သစ်တစ်ခုကိုပါ တည်ဆောက်ခဲ့သေးသည်။
လီချင်းဖန်က သူ့ကိုဆန့်ကျင်ချင်တယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး လီချင်းဖန်ကို သင်ခန်းစာတစ်ခုလောက် မပေးဘဲ နေလို့ဖြစ်ပါ့မလဲ?
လုရှောင်ယန်၏မျက်လုံးများက တဖြည်းဖြည်း ဆုံးဖြတ်ချက်ခိုင်မာလခဲ့သည်။ ထို့နောက် တောင်နှင့်မြစ်ပန်းချီထဲမှ သူ့တပည့်များနှင့်မိစ္ဆာသားရဲအားလုံးကို ခေါ်ထုတ်လိုက်လေသည်။
“ငါ့ရဲ့တပ်ဖွဲ့ကို အချိန်အကြာကြီး ပျိုးထောင်ထားခဲ့ပြီးပြီ။ အခုက မင်းတို့လက်စွမ်းပြရတော့မယ့် အချိန်ပဲ။”
“ဟုတ်ကဲ့ပါ။”
လူတိုင်း၏တညီတညွတ်တည်းအော်ဟစ်ကြွေးကြော်လိုက်သံက ကောင်းကင်ထက်ရှိတိမ်တိုက်များကိုပင် တုန်ခါသွားစေခဲ့သည်။
လုရှောင်ယန် : “???”
“ဘာလို့ ဒီလောက်အကျယ်ကြီးအော်နေကြတာလဲ?”
သားရဲများအပါအဝင်အားလုံး ကြောင်အသွားကြသည်။
“ဒီလိုကြီးကျယ်ခမ်းနားတဲ့အရှိန်အဝါမျိုးနဲ့ဆို ပိုမကောင်းဘူးလား?”
ငါ့*င်ကိုပဲကောင်း!
သူဒီကိုလာပြီး မိုင်းရှင်းလင်းရေးသမားလိုမျိုး ပြုမူနေရခြင်းမှာ ရုန်းရင်းဆန်ခတ်မဖြစ်သွားဘဲ လီချင်းဖန်ကို အမိအရဖမ်းလိုသောကြောင့်ဖြစ်သည်။
အဆုံးမှာတော့ ဤငတုံးအုပ်စုသည် အော်ဟစ်ဆူညံပြီး သူတို့ရှိနေကြောင်း ဖော်ထုတ်လိုက်ပေပြီ။
တိုက်ပွဲက ဘယ်လိုပဲဖြစ်ဖြစ် နီးကပ်နေပြီဆိုခြင်းကြောင့်သာမဟုတ်လျှင် လုရှောင်ယန် တကယ်ကိုပဲ သူတို့အုပ်စုထံ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးများ ဒါဇင်ကျော်လောက် ပစ်သွင်းကာ ဖောက်ခွဲပစ်ချင်လှသည်။
ဤနေရာရှိ ကြွေးကြော်သံများ တောင်ကုန်းပေါ်သို့စတင်ပျံ့နှံ့သွားလောက်ပြီမှန်း ခံစားရသည်ဖြင့် လုရှောင်ယန် လုံးဝမနှောင့်နှေးနေရဲတော့ဘဲ ချက်ချင်းအမိန့်ပေးလိုက်သည်။ “အဓိပ္ပါယ်မရှိတဲ့စကားတွေမပြောနဲ့တော့။ ငါတို့ရောက်နေတာသိသွားပြီ။ တိုက်ခိုက်ကြ။”
သူပြောပြီးသည်နှင့် တပည့်အပေါင်းနှင့်သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများအားလုံးတို့သည် တပြိုက်နက်တည်း တောင်ထိပ်ကို ဝိုင်းတိုက်ခိုက်ကြတော့သည်။
တောင်ထိပ်တွင်တော့၊ ကျွင့်ပုကျန်းသည် အသံများကြားကာ ချက်ချင်းပျော်ရွှင်ဝမ်းသာသွားတော့သည်။
“ကျွန်တော့်ဆရာပဲ! ဆရာ ရောက်လာပြီ!”
လီချင်းဖန်လည်း အံ့အားသင့်သွားကာ ကြောင်နေလေသည်။
“စနစ်၊ မင်းပြောတော့ မင်းရဲ့အစီအရင်တွေက တုနှိုင်းမဲ့အားကောင်းပါတယ်ဆို?”
[ငါတို့အတွက်မှားသွားပြီ။ ဒီလုရှောင်ယန်က အရမ်းစွမ်းအားကြီးလွန်းတယ်။ ဒုတိယအစီအစဉ်ကို ချက်ချင်းထုတ်သုံးမှဖြစ်မယ်]
လီချင်းဖန် စောဒကအလွန်တက်ချင်သေးသော်လည်း လက်ရှိတွင် သူသည် စနစ်၏ထိန်းချုပ်မှုအောက်တွင် ရောက်နေခြင်းဖြစ်တာကြောင့် ခုခံဖို့ဆိုသည်က ဘယ်လိုမှမဖြစ်နိုင်ပေ။
ဒါကြောင့် စနစ်၏ထိန်းချုပ်မှုအောက်တွင်ပဲ လီချင်းဖန်သည် သူ့ခြံဝင်းထဲရှိ ကြက်များ၊ ငါးများနှင့် မြွေများအားလုံးကို ချက်ချင်းလွှတ်ပေးချလိုက်သည်။
စနစ်၏ထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားသည်နှင့် ကြက်များသည် ချက်ချင်းဆိုသလို ဇာမဏီငှက်များဖြစ်လာကြပြီး အတောင်ပံ့များကို ဖြန့်ကျက်လိုက်ကြသည်။ ငါးနှင့်မြွေများသည်လည်း ကြီးမားသည့်စပါးအုံးမြွေများနှင့် ပျံသန်းနိုင်သည့်ငါးများအသွင်သို့ ပြောင်းလဲသွားကြသည်။
သူတို့အားလုံး၏အရှိန်အဝါတို့သည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါထက် မနိမ့်ကျပေ!
သို့သော်လည်း ထိုသိုင်းဘုရင်အဆင့်သားရဲများအားလုံး သေးငယ်သည့်သစ်သားနှင့်ဆောက်လုပ်ထားသည့်လှောင်အိမ်များထဲမှ လွတ်မြောက်ကာ ပျံသန်းလိုက်ကြသည်နှင့် မရေမတွက်နိုက်လောက်သော ပြင်းထန်အားကောင်းသည့် အလင်းတန်းများနှင့် တည့်တည့်တိုးရလေသည်။
ဘုန်း! ဘုန်း! ဘုန်း!
လုရှောင်ယန်လက်အောက်မှ မိစ္ဆာသားရဲများသည် သူတို့၏စွမ်းအားအကုန်လုံးကိုအသုံးပြုကာ အားကြိုးမာန်တက်တိုက်ခိုက်ကြလေသည်။
လီချင်းဖန်၏မိစ္ဆာသားရဲများသည်တော့ ဤကဲ့သို့သောအခြေအနေမျိုးဖြစ်မည်ကို မမျှော်လင့်ထားကြပေ။ ခဏအတွင်းမှာပဲ ပေါက်ကွဲသံပေါင်းများစွာထွက်ပေါ်လာပြီး သူတို့အားလုံး ဗရမ်းဗတာဖြစ်ကုန်ကြတော့သည်။
တိုက်ခိုက်မှုများသည် အလွန်အားပြင်းလှတာကြောင့် လေဟာနယ်တို့အက်ကွဲကာ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲပေါင်းများစွာကို ချက်ချင်းလက်ငင်း ဒဏ်ရာအပြင်းအထန် ရသွားစေသည်အထိ ပြင်းထန်လှသည်။
လုရှောင်ယန်၏မိစ္ဆာသားရဲများသည် အရင်ကတည်းက အနည်းဆုံးနတ်သားရဲဥနှစ်လုံးစီကို စားထားကြပေသည်။
ထို့ကြောင့် သူတို့၏သွေးမျိုးဆက်များသည် ထိုကြက်အိုကြီးတွေထက်ကို အဆပေါင်းများစွာ ပိုသန့်စင်ကြလေသည်။
သဘာဝအလျောက်ဆိုသလိုပဲ သူတို့၏ခွန်အားသည် တခြားသားရဲများထက် အဆများစွာပိုသန်မာကြသည်။
ချက်ချင်းနီးပါးပင်၊ သားရဲများအားလုံးသည် သူတို့နောက်ရှိသစ်သားလှောင်အိမ်ငယ်များထံ အပြေးအလွှားပြန်ပြေးဝင်ကြတော့သည်။ တချိန်တည်းမှာပဲ ထိုသစ်သားလှောင်အိမ်ငယ်များသည်လည်း တစ်စစီကွဲထွက်သွားကြပြန်သည်။
တခဏတွင်းချင်းမှာပင် အရာအားလုံး ဗရမ်းဗတာဖြင့် အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။
“လုရှောင်ယန်၊ မင်းငါ့ကို အနိုင်ကျင့်လို့ရမယ်များထင်နေလား?”
စနစ်၏ထိန်းချုပ်မှုကိုခံထားရသည့်လီချင်းဖန်သည် အလွန်ဒေါသထွက်သွားတော့သည်။
လုရှောင်ယန်က တကယ်ကိုအရှက်မဲ့လွန်းတာပဲ။
လီချင်းဖန်ကသာ အစီအရင်များကြိုတင်တည်ဆောက်ထားပြီး တစ်ဖက်လူမောပန်းလာချိန်ကို အေးအေးဆေးဆေးထိုင်စောင့်နေသူဖြစ်သည်။ အဆုံးတွင်တော့ ဤလုရှောင်ယန်သည် လှည့်ကွက်တချို့ကိုအသုံးပြုကာ အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။ သူသည် အစီအရင်တစ်ခုတစ်လေ၏တိုက်ခိုက်မှုဒဏ်ကိုပင် မခံစားခဲ့ရသလို မိစ္ဆာသားရဲများဖြင့်တောင်မှ အသာစီးမယူနိုင်ခဲ့တာကြောင့် အားလုံးကြိုတင်စီစဉ်ထားသည့် လီချင်းဖန်ကပဲ အရူးကြီးတစ်ယောက်လိုဖြစ်သွားပေသည်။
ဤအခြေအနေတွေက လီချင်းဖန်ကို သူ့ဉာဏ်ရည်ဉာဏ်သွေးအား စော်ကားခံလိုက်ရသလို ခံစားမိစေသည်။
သူ့နာမည်ကို ပြန်ရှင်းဖို့ရန် လုရှောင်ယန်ကို သတ်ပစ်ချင်သည်။
လုရှောင်ယန်ကို သူ့ရှေ့မှာ ဒူးထောက်လို့ အရှုံးကို ဝန်ခံစေချင်သည်။
အချိန်ဖြုန်းမနေဘဲ လီချင်းဖန်သည် လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။
ချက်ချင်းဆိုသလိုပဲ လောကထဲရှိအရာအားလုံးသည် ရပ်တန့်သွားကြသလိုပင်။ လူတိုင်း၏စိတ်ဝိညာဉ်များကိုပါ ထုံကျင်သွားစေသည်အထိ ထိတ်လန့်ဖွယ်ကောင်းသော အေးစက်သည့်ဓားအလင်းတန်းတစ်ခုသည်သာ ကျန်ရစ်လေခဲ့သည်…။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၇၂ နတ်လောကစည်းမျဉ်းများကို စိန်ခေါ်ခြင်း
ဓားအလင်းတန်း ကျရောက်မလာခင်မှာတင် ၎င်းမှထွက်ရှိလာသည့်အရှိန်အဝါသည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူဒါဇင်ပေါင်းများစွာ၏ခွန်အားကို ဖိနှိပ်ထားခဲ့သည်။
ဖြစ်ပုံမှာ ဤကမ္ဘာလောကတွင် ထိုဓားအလင်းတန်းတစ်ခုသည်သာ ကျန်ရှိခဲ့တော့သလို။ ကျန်ရှိသည့်အရှိန်အဝါအားလုံး ပျောက်ကွယ်လို့သွားကြသည်။
လေဟာနယ်အတားအဆီးများသည်လည်း တစ်ခုပြီးတစ်ခု ကွဲအက်လာကြသည်။ ဓားအလင်းတန်းသည် လုရှောင်ယန်၏သားရဲများအားလုံးကို မယုံနိုင်လောက်သည့်စွမ်းအားဖြင့် ဖုံးအုပ်ပစ်တော့မလိုပင်။
ဤကဲ့သို့ အရေးကြီးသည့်အခိုက်အတန့်တွင် လုရှောင်ယန်သည့် ရှေ့သို့တိုးလိုက်ကာ လေဟာနယ်ကို လှိုင်းထသွားစေခဲ့သည်။ တချိန်တည်းမှာပဲ သူ့ကိုယ်တွင်းရှိ တိုက်ပွဲနတ်ဘုရားအနုပညာကို အရူးအမူးလှည့်ပတ်လိုက်လေသည်။ ထိုက်ရွှမ်ပေသို့နှင့် မဟာတာအိုမွေးဖွားခြင်းပညာတို့၏ အကူအညီကြောင့် တစ်ဖက်လူ၏တိုက်ခိုက်မှုအရှိန်ကို လျှော့ချပစ်ပြီး သူ၏တိုက်ခိုက်မှုအရှိန်ကိုတော့ တိုးမြှင့်နိုင်ခဲ့သည်။
ထို့နောက် ခွန်းလွန်ဓားကိုကိုင်ကာ ပေပေါင်း၁သိန်းမကရှည်လျားသည့် ဓားအလင်းတန်းတစ်ခုကို အလျားလိုက်ရမ်းလိုက်သည်။
ဘုန်း!
ဓားအလင်းတန်းပေါ်ထွက်လာသည်နှင့် တစ်ဖက်က ဓားအလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
ဓားအလင်းတန်းနှစ်ခုတိုက်မိသည်နှင့် တောင်ကုန်းငယ်လေးမှာ အပိုင်းပိုင်းကွဲအက်သွားကာ ပြာမှုန်များအဖြစ်သို့ တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။
ဓားအလင်းတန်းနှစ်ခုဆုံတွေ့ရာ ဗဟိုချက်တွင်တော့ ထိုနေရာတွင်ရှိသည့်လေဟာနယ်မှာ ဆုတ်ပြဲသွားလေသည်။
လေဟာနယ်အက်ကွဲကြောင်းနေရာ အဆက်မပြတ်ပြန့်ပွားနေသည်ကိုတွေ့လိုက်ရတာကြောင့် လုရှောင်ယန် အချိန်တွေ ဖြုန်းမနေတော့ပေ။ သူက တောင်နှင့်မြစ်ပန်းချီကားထဲသို့ လီချင်းရှန်နှင့်တခြားသောသိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများကို ထည့်သွင်းလိုက်လေသည်။
လီချင်းဖန်၏မိစ္ဆာသားရဲများသည်တော့ ကံမကောင်းလှပေ။
ထိုပြင်းထန်သည့်အင်အားလှိုင်းကို အာရုံခံမိသွားနှင့် သူတို့အားလုံး အလွန်ကြောက်လန့်တုန်လှုပ်သွားကြကာ ထွက်ပြေးကြတော့သည်။
ကံမကောင်းစွာဘဲ ထိုအားလှိုင်းကြီး၏ ပြင်းထန်မှုနှင့် အရှိန်နှုန်းသည် သူတို့၏ပြေးနှုန်းထက် အဆပေါင်းများစွာ သာလွန်နေခဲ့ပေသည်။
တုန်လှုပ်ချောက်ချားဖွယ်ရာအားလှိုင်းကြီး ပျံ့သွားသည်နှင့် သိုင်းဘုရင်အဆင့်သားရဲများအားလုံးကို ချက်ချင်းဝါးမြိုသွားကာ အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။
လုရှောင်ယန် သူ့မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။
ဤလီချင်းဖန်၏ခွန်အားက အတော်လေး ထူးဆန်းနေပေသည်။
သူ၏ကျင့်ကြံဆင့်အစစ်အမှန်သည် သိုင်းဘုရင်အဆင့်တောင်မဟုတ်ဘူး။ တစ်နည်းပြောရရင် သူ့မှာ ဘာကျင့်ကြံခြင်းမှရှိမနေဘူး။ သေမျိုးတစ်ယောက်ပဲ ဖြစ်နေသင့်တယ်။
သို့သော်လည်း သူထုတ်ဖော်လိုက်သည့် အဖျက်အဆီးစွမ်းအားမှာ အလွန်စစ်မှန်ကာ အလွန်အစွမ်းထက်လှသည်။
ထိုဖျက်ဆီးမှုစွမ်းအားသည် နတ်ဘုရားအဆင့်၏စည်းမျဉ်းတွေကြောင့် ပိုပြီး တိုးများလာပုံရသည်။ ရလဒ်အနေဖြင့် သူသည် သာမာန်လူတစ်ယောက်ဖြစ်နေသော်လည်း လုရှောင်ယန်နှင့် လက်ရည်ချင်းယှဉ်တိုက်နိုင်နေလေသည်။
နတ်ဘုရားအဆင့်၏စွမ်းအင်နိယာမသည် သေမျိုးလောက၏စွမ်းအင်နိယာမတို့ထက် သာလွန်နေခဲ့သည်။
ဒါကြောင့်ပဲ တိုက်ခိုက်မှုမှဖြစ်ပေါ်လာသော လှိုင်းများသည် အလွန်ပြင်းထန်နေခဲ့သည်။
သူတို့နှစ်ဦး၏စွမ်းဆောင်ရည်သည် လုံးဝမတူညီသည့် အဆင့်တွင်ရှိနေခဲ့သည်။
လုရှောင်ယန်၏တိုက်ခိုက်မှုသည် နတ်ဘုရားအဆင့်သို့တိုင် မရောက်ရှိသော်လည်း သူ့တွင် စစ်မှန်သောအမြင်အာရုံသုံးပါး၊ နတ်လက်နက်နှင့် နတ်ဘုရားအနုပညာရှိပေသည်။
ထိုသုံးမျိုးပေါင်းစပ်လိုက်ခြင်းအားဖြင့် တစ်ယောက်၏ကျင့်ကြံဆင့်သည် နတ်ဘုရားအဆင့်သို့ မရောက်နေရင်တောင်မှ နတ်ဘုရားအဆင့်စည်းမျဉ်းများ၏စွမ်းအင်ကို တွန်းလှန်ဖို့ရန် လုံလောက်နေပြီဖြစ်သည်။
ထိုတိုက်ခိုက်မှုပြီးနောက် လီချင်းဖန်သည် လုံးဝမရပ်တန့်ခဲ့ပေ။ သူက လေဟာနယ်ကိုဖြတ်သန်းကာ လုရှောင်ယန်၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
လက်ကြီးတစ်ဖက်သည် လေဟာနယ်အတားအဆီးကိုဖြတ်ကာ လုရှောင်ယန်၏လည်ပင်းကို ဆုတ်ဖြဲဖို့ရန် တိုးဝင်လာခဲ့သည်။
လုရှောင်ယန်သည်လည်း သတိလက်လွတ်ဖြစ်နေသူမဟုတ်ပေ။
သေမျိုးတစ်ယောက်မျှသာဖြစ်သည့် လီချင်းဖန်သည် နတ်လောက၏စွမ်းအင်နိယာမများကို ဘာကြောင့်များ အလွယ်တကူထုတ်သုံးနိုင်နေရလဲဆိုသည်ကို သူနားမလည်နိုင်သော်လည်း မြင်းနက်များ၏ သာလွန်သော အခြေခံစံနှုန်းများထဲတွင် ရှိနေတုန်းပင်။
ဘာပဲဖြစ်ဖြစ် လက်ရှိတိုက်ခိုက်မှုမှာ အရှိန်ကသာ အဓိကဖြစ်သည်။
လုရှောင်ယန် တုံ့ဆိုင်းမနေဘဲ ခွန်းလွန်ဓားနှင့် တိုက်ရိုက်ခုတ်ချလိုက်သည်။ လီချင်းဖန်သည် မရှောင်တိမ်းဘဲ သူ၏လက်ကြီးဖြင့် ခုခံခဲ့သည်။ သူ၏လက်မနှင့်လက်ညှိုးကြားမှနေရာသည် ခွန်းလွန်ဓားကို ပိတ်ဆို့ထားကာ စွမ်းအင်အလင်းတန်းများ ထုတ်လွှတ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပဲ သူ၏ဘယ်ဘက်လက်ဖြင့် လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။
လုရှောင်ယန်သည်လည်း ရှောင်တိမ်းခြင်းမရှိပါဘဲ တစ်ဖက်လူ၏လက်သီးချက် သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည်အား ခွင့်ပြုထားခဲ့သည်။
နတ်လောက၏စွမ်းအင်နိယာမတွေပါဝင်နေတဲ့ လီချင်းဖန်ရဲ့လက်သီးချက်က ဘယ်လောက်တောင် အင်အားကြီးလောက်လဲ?
၎င်းလက်သီးချက်သည် လေဟာနယ်ကို အက်ကွဲသွားစေကာ လုရှောင်ယန်၏ပုခုံးထက်တွင် အရာထင်ကျန်စေခဲ့သည်။ ချက်ချင်းဆိုသလိုပဲ လုရှောင်ယန်၏ခန္ဓာကိုယ်ထက်ရှိ ချပ်ဝတ်သည် ကွဲအက်သွားတော့သည်။
ဘန်း ဘန်း ဘန်း…
သိုင်းဘုရင်အဆင့်ချပ်ဝတ်နှစ်ခုသည် တစ်ခုပြီးတစ်ခု တစ်စက္ကန့်ပင်မခြားဘဲ ဆက်တိုက်ပေါက်ကွဲသွားလေသည်။
သို့သော်!
လီချင်းဖန်၏နတ်လောကစွမ်းအင်နိယာမတို့ လုရှောင်ယန်၏ တတိယမြောက်ချပ်ဝတ်အလွှာသို့ ဝင်ရောက်လာချိန်မှာတော့ စွမ်းအားကြီးမားလှသည့်အင်အားတစ်ရပ်က ရုတ်တရက်ပိတ်ဆို့လာခဲ့သည်။
“ဟမ်?”
လီချင်းဖန်သည် တစ်စုံတစ်ခုကိုတွေးမိသွားကာ သူငယ်အိမ်တို့ ကျဉ်းမြောင်းလို့သွားသည်။
“နတ်ချပ်ဝတ်?”
နတ်ချပ်ဝတ်သည်သာ နတ်စွမ်းအင်ကို ခုခံနိုင်စွမ်းရှိပေသည်။
မဟုတ်လျှင် သူ၏လက်သီးချက်သည် လုရှောင်ယန်၏ချပ်ဝတ်ကို သေချာပေါက် ဖျက်ဆီးနိုင်မည်သာ။
“သေစမ်း!”
လီချင်းဖန် ဖွီခနဲ လုပ်လိုက်သည်။ ထိုအချိန်မှာပဲ လုရှောင်ယန်၏ခွန်အားအကြောင်း နားလည်မှုအသစ်တစ်ရပ် တိုးတက်လာခဲ့ပေသည်။
တစ်ချိန်တည်းနီးပါးတွင်ပဲ လုရှောင်ယန်သည် တောင်နှင့်မြစ်ပန်းချီကို အသက်သွင်းကာ လီချင်းဖန်၏နောက်ဘက်သို့ ပစ်လိုက်ပြီး လီချန်းရှန်နှင့် တခြားသောသိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများကို ထုတ်ပေးလိုက်သည်။
“လီချင်းဖန်ရဲ့လက်ပါးစေတွေကို မလွတ်သွားစေနဲ့။”
“ဟုတ်ကဲ့ပါ!”
လုရှောင်ယန်၏အသံကိုကြားသည်နှင့် လူတိုင်း ချက်ချင်းနီးပါး အလင်းတန်းများအဖြစ်သို့ လျင်မြန်သည့်အရှိန်ဖြင့် လီချင်းဖန်၏သိုင်းဘုရင်အဆင့်သားရဲများထံ ပြေးဝင်သွားကြသည်။
တစ်ဖက်လူ အမြင့်သို့ပြန်မတက်လာနိုင်စေရန်အတွက် ထိုသူ၏အမြစ်တွေကို အရင်ဆုံး သုတ်သင်ထားရပေမည်။
ဤအရာမှာ အမည်မဲ့ဂိုဏ်း၏အလွန်အရေးကြီးလှသော ဂိုဏ်းစည်းကမ်းများထဲက တစ်ချက်ပင်ဖြစ်သည်။ ပြောရလျှင် ထိပ်ဆုံးစည်းမျဉ်းသုံးခုထဲတွင်ပင် ပါဝင်နိုင်ပေသည်။
“နှစ်သန်းပေါင်းတစ်သိန်းကြာခြင့်ခဲ့ပြီ။ ငါ အရှေ့နတ်ဆိုးဘိုးဘေး ပြန်လာပြီကွ။ လီချင်းဖန် ဒီတစ်ခေါက်တော့ မင်းသေချာပေါက် သေရတော့မယ်!”
တောင်နှင့်မြစ်ပန်းချီထဲမှ အခုလေးတင်ထွက်လာသည့် ကျန်းထိုင်ရွှမ်သည် ယွင်လီကောနှင့်တခြားလူများ သူ့ကိုသင်ပေးထားသည့်စကားလုံးများကို ချက်ချင်းပြောဆိုလိုက်သည်။
နှစ်သန်းပေါင်းတစ်သိန်းဆိုသည်အားကြားလိုက်ရသည်နှင့် လီချန်းရှန်နှင့် စုရှင်းနျန်တို့၏မျက်နှာပေါ်ရှိ ကြွက်သွားမှာ ရှုံ့တွကုန်ကြကာ ကျန်းထိုင်ရွှမ်အား တညီတညွတ်တည်း လက်မထောင်လိုက်ကြသည်။
“လောင်ကျန်း၊ မင်းက အရမ်းရက်စက်တာပဲ!”
“လောင်ကျန်း၊ မင်း လီချင်းဖန်ရဲ့သွေးမျိုးဆက်ကိုတောင် အဆုံးသတ်ပစ်ချင်နေတာလား?”
ကျန်းထိုင်ရွှမ်၏အိုမင်းနေသော မျက်နှာမှာ ရုတ်ချည်းနီရဲသွားလေသည်။
“မင်းတို့ အရမ်းကြင်နာလွန်းနေပါပြီ။”
တကယ်တော့ သူကိုယ်တိုင်လည်း ထိုစကားများ၏အဓိပ္ပါယ်ကို သိပ်နားမလည်ပေ။
ဘာပဲဖြစ်ဖြစ် သူ့ဆရာတူအစ်ကိုအစ်မတွေက ကိန်းဂဏန်းပိုကြီးလေ ကောင်းလေဟု ပြောထားကြသည်။
ချဲ့ကားလွန်းတယ် မချဲ့ကားလွန်းဘူးဆိုတာကအတွေကိုတော့ သူက စိတ်ထဲထားနေမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဒီလိုပြောလိုက်ရခြင်းက အသေးအဖွဲကိစ္စလေးပဲမဟုတ်လား။
ဖုန်းထျန်းယွမ်က သူတို့သုံးယောက်ကိုဖြတ်သွားကာ ပြောလိုက်သည်၊ “လေပေါမနေကြနဲ့တော့။ သတ္တမမြောက်ညီငယ်ကို မြန်မြန်ကယ်ကြ။”
“ဟုတ်သားပဲ။”
ထိုအကြောင်း ပြန်သတိရသွားကာ စုန့်ရှင်းနျန်သည် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းခြေလှမ်းကိုအသုံးပြုကာ ကျွင့်ပုကျန်း၏ဘေးသို့ ကူးပြောင်းလိုက်သည်။
သူ့တပည့်များ၏ကျင့်ကြံဆင့်ခွန်အားတို့ တိုးတက်လာကာ သိုင်းဘုရင်အဆင့်ကို ကျော်လွန်သွားပြီးကြသည်နှင့် လုရှောင်ယန်သည် ဘာကိုမှ ကွယ်ဝှက်မနေတော့ဘဲ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းခြေလှမ်းလိုမျိုး ထိပ်တန်းရွေ့လျားလြင်းနည်းစနစ်များကို သင်ကြားပေးခဲ့လေသည်။
“အစ်ကို(၆)”
ကျွင့်ပုကျန်းတစ်ယောက် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။ အမည်မဲ့ဂိုဏ်းမှ သူ၏ဆရာတူအစ်ကို,ကိုမြင်လိုက်ရသည့်အခိုက်မှာပဲ သူ့စိတ်ထဲတွင် ဖော်ပြလို့မရနိုင်အောင် သက်သာရာရသွားခဲ့သည်။
စုန့်ရှင်းနျန်ခေါင်းညိတ်လိုက်သည်။
“စိတ်မပူနဲ့။ ငါအခုပဲ မင်းကိုကယ်မယ်။”
သူစကားပြောပြီးသည်နှင့် စုန့်ရှင်းနျန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ရုတ်တရက် သူ့လက်ကိုလွှဲကာ ခုတ်ချလိုက်သည်။
ဓားဝိညာဉ်၏အားဖြည့်ပေးမှုကြောင့် အားကောင်းလှသည့်စွမ်းအင်လှိုင်းတစ်ခုသည် ကျွင့်ပုကျန်းကို ချည်နှောင်ထားသည့် သံကြိုးအား တိုက်ရိုက် ခုတ်ချပစ်လိုက်သည်။
သို့ပေမဲ့ ဓားအလင်းတန်းသည် အားကောင်းသော်လည်း သံကြိုးပေါ်တွင် ဓားရာခပ်မှိန်မှိတ်တစ်ခုကိုသာ ချန်ထားရစ်နိုင်ခဲ့သည်။
ကြီးမားသည့်တန်ပြန်သက်ရောက်မှုကသာ စုန့်ရှန်းနျန်အား နောက်ထပ်ခြေလှမ်းများထပ်ခါထပ်ခါ ဆုတ်သွားစေခဲ့သည်။ နောက်ဆုတ်လိုက်ရသည့် ခြေလှမ်းတိုင်းမှာ လေးလံလှကာ လေဟာနယ်တွင်ပင် ခြေရာကြီးများကျန်ရစ်ခဲ့ပြီး လေဟာနယ်အတားအဆီးများကို အက်ကွဲစေသည်။
ထိုတန်ပြန်ချက်က သူ့ကို ခြေလှမ်းပေါင်းဆယ်လှမ်းထက်မနည်းပင် နောက်ဆုတ်သွားစေခဲ့သည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ!”
စုန့်ရှင်းနျန် မနေနိုင်စွာ ထုတ်ပြောလိုက်မိသည်။
သူသည် လက်ရှိတွင် သိုင်းဘုရင်အဆင့်သို့ရောက်နေပြီဖြစ်ကာ သိုင်းဘုရင်အဆင့်လက်နက်တစ်ခုလည်း ရှိပေသည်။ သို့သော်လည်း ဤသံကြိုးကိုတော့ ဖြတ်နိုင်စွမ်းမရှိဘူးတဲ့လား?
ဘိုးဘေးကျွင့်က မနေနိုင်စွာ ဝင်ပြောလာခဲ့သည်။ “အသုံးမဝင်ဘူး။ ဒီသံကြိုးက နတ်လက်နက်တစ်ခုနဲ့ ဘာမှမကွာဘူး။ သံကြိုးပေါ်မှာ လေဟာနယ်အတားအဆီးနှစ်ထပ်ရှိတယ်။ မင်းဖြတ်နိုင်မှာမဟုတ်ဘူး။”
လီချင်းဖန်ဖန်တီးလိုက်သမျှသည် နတ်ဘုရားအဆင့်တွင်ရှိကြသည်။ ထိုထဲတွင်ပါရှိသည့် စွမ်းအင်နိယာမသည်လည်း ဤလောကထက် ကျော်လွန်နေကြသည်ချည်းသာ။
ဒါကပဲ သူကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်တွင် မရှိသေးခင်မှာပဲ ထိပ်တန်းအဆင့်ကျွမ်းကျင်သူပေါင်းများစွာကို ချက်ချင်းသတ်ဖြတ်နိုင်ခြင်းဖြစ်သည်။
သူ၏ဖြစ်တည်မှုကပင် ဤလောက၏အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်သည်။
စုန့်ရှင်းနျန်သည် အလွန်အစွမ်းထက်သော်လည်း စုန့်ရှင်းနျန်၏ကျင့်ကြံခြင်းနည်းစနစ်ရော လက်နက်သည်ပါ သိုင်းဘုရင်အဆင့်သာ ဖြစ်ကြသည်။ သူမည်မျှပင် အစွမ်းထက်နေပါစေ သူ့ထက်ပိုအဆင့်မြင့်သည့်လူမျိုးကို တိုက်ခိုက်နိုင်စွမ်းရှိနေလျှင်တောင်မှ နတ်လောကမှ စွမ်းအင်နိယာမကို တိုက်ခိုက်ဖို့ဆိုသည်ကတော့ မဖြစ်နိုင်ပေ။
သူ့တွင် နတ်ဝိညာဉ်တစ်ခုရှိနေလျှင်တောင်မှ နတ်ဝိညာဉ်၏လုပ်ဆောင်ချက်သည် သူ၏တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးရုံသာဖြစ်ပြီး စည်းမျဉ်းနိယာမတို့ကို ပြောင်းလဲနိုင်ခြင်းမရှိပေ။
စုန့်ရှင်းနျန်သန်မာလေ သူ၏နတ်ဝိညာဉ်သည်လည်း ပိုပြီး သန်မာလာပေလိမ့်မည်။
စုန့်ရှင်းနျန်သာ နတ်ဘုရားအဆင့်သို့ရောက်ရှိနိုင်လျှင် သို့မဟုတ် သူသာ မြင်းနက်တစ်ကောင်ဖြစ်ခဲ့လျှင်တော့ လုရှောင်ယန်နှင့် လီချင်းဖန်တို့လိုမျိုး နတ်ဘုရားလက်နက်များကို အသုံးပြုနိုင်သလို နတ်လောကစွမ်းအင်နိယာမတို့ကို အသုံးပြုနိုင်ပေမည်။ သူ၏ဓားဝိညာဉ်သည်လည်း ပိုလို့သန်မာလာပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူသည် မြင်းနက်မဟုတ်သလို လုရှောင်ယန်လည်း မဟုတ်ပေ။ သူ့ကို ကာကွယ်ပေးမည့်သူမရှိလျှင် ထိုမျှလောကနိယာမကိုကျော်လွန်သည့်စွမ်းအားမျိုးကို အသုံးပြုဖို့ဆိုသည်က မဖြစ်နိုင်ပေ။
ထိုအချိန်မှာပဲ လီချန်းရှန်သည်လည်း သူ့ကို လိုက်မှီလာခဲ့သည်။
ထိုမြင်ကွင်းကြောင့် ချက်ချင်းဆိုသလို သူ့အမူအရာက လေးနက်လို့သွားကာ၊
“ဒီသံကြိုးမှာ နတ်လောကရဲ့စွမ်းအင်နိယာမတွေပါဝင်နေတယ်ဆိုပေမယ့် ငါတို့ အရမ်းစိတ်ပျက်အားလျော့နေဖို့မလိုပ်ဘူး။ ညီငယ်စုန့်၊ မင်းမြင်လား? မင်း သံကြိုးကို ဖြတ်လိုက်တာ အရာငယ်လေးကျန်ခဲ့တယ်။ ကြီးကြီးမားမားမဟုတ်ပေမယ့် အရာတော့ကျန်ခဲ့တုန်းပဲ။ ငါတို့အတူတူပူးပေါင်းလုပ်သရွေ့ သံကြိုးကိုဖြတ်ပြီး ဆရာတူညီငယ်ကိုကယ်ဖို့ လုံလောက်တယ်။”
“ကောင်းပြီ!”
နှစ်ယောက်သား ဖြတ်ခုတ်မည့်လားရာကို အတည်ပြုပြီးသည်နှင့် တစ်ယောက်က တစ်ဖက်သားဓားဝိညာဉ်ကိုလှည့်ပတ်ကာ နောက်တစ်ယောက်ကတော့ ဓားရှည်ဝိညာဉ်ကို လှည့်ပတ်လိုက်သည်။ သူတို့နှစ်ယောက်လုံး၏ဓားဝိညာဉ်များကိုပေါင်းစည်းက တိုက်ခိုက်ကြတော့သည်။ တစ်ယောက်ချင်းစီ၏တိုက်ခိုက်မှုတွင် သတ်ဖြတ်လို့သည့်ရည်ရွယ်ချက်များပါဝင်ကာ သံကြိုးတွင် မီးပွားများထွက်ပေါ်လာသည်အထိ ခုတ်ထစ်ကြတော့သည်။
တစ်ဖက်သားဓားအလင်းတန်းနှင့် ဓားရှည်အလင်းတန်းတို့သည် အဆက်မပြတ်ရောယှက်လျက် သံကြိုးပေါ်ရှိလေဟာနယ်အတားအဆီးကို အထပ်ထပ်ခုတ်ထစ်ကြသည်။
ကံကောင်းစွာဖြင့် သံကြိုးသည် နည်းနည်းချင်းစီ ပဲ့ထွက်လာခဲ့သည်။
သို့သော်လည်း သံကြိုးမှပြန်ကန်ထွက်လာသည့် တွန်းကန်အားသည် သူတို့နှစ်ဦးကို တုန်လှုပ်ခြောက်ခြားသွားသေည်။ သူတို့၏အရိုးများ၊ ကြွက်သားများနှင့် သူတို့၏အတွင်းအင်္ဂါများပင်လျှင် တွန်းပြန်အားကြောင့် အနည်းငယ်အက်ကွဲလာခဲ့လေသည်။
သူတို့၏နှုတ်ခမ်းစွန်းများမှနေပြီး သွေးစီးကြောင့်တစ်ခုပင် စီးကျလာခဲ့သည်။
ကျွင့်ပုကျန်းမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသလို ရင်ထဲလည်း ထိသွားမိသည်။
“ဆရာတူအစ်ကိုတို့၊ မြန်မြန်လေးရပ်လိုက်ပါတော့။ နတ်လက်နက်ဆီက တွန်းကန်အားက အရမ်းစွမ်းအားကြီးလွန်းတယ်။ မင်းတို့တောင်မှ တောင့်ခံနိုင်မှာမဟုတ်ဘူး။”
“စိတ်မပူနဲ့၊ ငါလဲလာပြီ။”
လေဟာနယ်ထဲမှနေပြီး ကျူးကောကျီချုံထွက်လာကာ လက်စည်းတံဆိပ်တစ်ခုပုံဖော်ပြီး အဇူရာသက်ရှည်ပညာရပ်ကို အသုံးပြုလိုက်သည်။
အဇူရာသက်ရှည်၏မှော်သဏ္ဍာန်သည် ကျူးကောကျီချုံ၏နောက်တွင် ပေါ်ထွက်လာကာ မြစိမ်းရောင်အလင်းတန်းတစ်ခုက သူတို့နှစ်ယောက်ပေါ်သို့ လွှမ်းခြုံသွားပြီး ဒဏ်ရာများကို ချက်ချင်းကုသပေးလေသည်။
နှစ်ယောက်သား သူတို့၏ဝိညာဉ်စွမ်းအားတို့ပြန်လည်ရရှိလာသည်နှင့် အချင်းချင်းကြည့်လိုက်ကြကာ တစ်ဖန်ပြန်လည်တိုက်ခိုက်ကြသည်။
ဘုန်း!
ဘုန်း!
မီးပွားများ နေရာအနှံ့သို့ပျံ့လွင့်သွားကာ သူတို့ခုတ်ဖြတ်ရာမှ ဓားအလင်းတန်းများ အဆက်မပြတ် တောက်ပနေသည်။
နောက်ဆုံးတွင်တော့ သူတို့၏သိုင်းဘုရင်အဆင့်လက်နက်များ ပုံပျက်လာကာ သံကြိုးသည်လဲ ကွဲထွက်သွားတော့သည်။
ထိုအချိန်တွင် သိုင်းဘုရင်အဆင့်လက်နက်နှစ်ခုသည်လည်း လုံးဝကွဲထွက်သွားကာ အမှိုက်များဖြစ်သွားပေသည်။
ထိုသို့ဆိုလျှင်တောင်မှ ရလဒ်က အလွန်အထင်ကြီးစရာကောင်းနေတုန်းပင်။
သူတို့သည် သေမျိုးလက်နက်ကိုအသုံးပြု၍ နတ်လက်နက်ကို ဖျက်ဆီးဖို့ရန် နတ်လောကမှ စွမ်းအင်နိယာမတို့ကို စိန်ခေါ်ခဲ့ပေသည်။
ဒါက နတ်ဘုရားတွေကို ရန်စလိုက်သလိုပဲ!
ထို့အတွက်ကြောင့် သူတို့နှစ်ယောက် သံကြိုးကို လုံးဝဖြတ်ခုတ်နိုင်လိုက်ချိန်မှာပဲ ကောင်းကင်ထဲမှ ပြင်းထန်လှသည့် မိုးကြိုးတစ်ခုသည် သူတို့ခေါင်းထက်သို့ ကျရောက်လာတော့သည်။
နတ်လက်နက်သံကြိုး၏ လေဟာနယ်အတားအဆီးများမရှိတော့သည်နှင့် ကျွင့်ပုကျန်း၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားတို့ စတင်ပေါက်ကွဲထွက်လာကာ ချက်ချင်းပင် အသံကုန်အော်ဟစ်ပြီး သံကြိုးကို ဆွဲဖြတ်ပစ်လိုက်တော့သည်…။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၇၃ နတ်ဘုရားအားသတ်ဖြတ်ခြင်း
“ညီအစ်ကိုတို့၊ ငါ့တို့ရဲ့ခွန်အားကို မြည်းစမ်းကြည့်ခိုင်းလိုက်ရအောင်!”
ကျွင့်ပုကျန်း၏မျက်လုံးများထဲတွင် အေးစက်သည့်အရိပ်တစ်ခုထင်ဟက်လို့သွားသည်။ လက်နက်အပြည့်အစုံနှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူသုံးဦး တိုက်ပွဲထဲသို့ ဝင်ရောက်လိုက်ခြင်းသည် အမည်မဲ့ဂိုဏ်း၏တိုက်ပွဲစွမ်းအားကို များစွာ တိုးမြင့်သွားစေသည်။
ထိုအချိန်မှာ ဘိုးဘေးကျွင့်က အလောတကြီးအော်ဟစ်လိုက်သည်၊ “မဟုတ်သေးဘူး၊ ငါဒီမှာရှိသေးတယ်ကွ! ငါဒီမှာရှိသေးတယ်!”
ဘိုးဘေးကျွင့် သူ့လက်များကိုဝှေ့ယမ်းရင်း ဘေးကင်းရာနေရာသို့ပါ လှိမ့်နေရသည်။
“ဘိုးဘေး၊ အဘိုးကိုအပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်။ ခဏလောက်တော့ ဒုက္ခပေးရဦးမယ်။ တိုက်ပွဲပြီးသွားတဲ့အချိန်ကျမှ အဘိုးကိုယ်ပေါ်က သံကြိုးကို ကျွန်တော် လာဖြတ်ပေးပါ့မယ်။”
လက်ရှိအချိန်တွင် တိုက်ပွဲက အရေးကြီးနေသည်။ သူ့ကိုယ်ပေါ်က သံကြိုးကို ဖြတ်သည်ကပဲ အချိန်အမြောက်အမြားကုန်ဆုံးသွားခဲ့သည်။ သူ့အဘိုးကိုယ်ပေါ်မှ သံကြိုးကိုပါ ဖြတ်ဦးမည်ဆိုလျှင် နောက်ထပ်အချိန်ဘယ်လောက်တောင် ထပ်ပေးရမလဲ မသိပေ။
ထိုအချိန်မှသာဆိုလျှင် အရမ်းနောက်ကျသွားနိုင်သည်။
ဘိုးဘေးကျွင့်တစ်ယောက် ဒေါသထွက်လွန်းလို့ သတိလစ်လုမတတ်ပင်၊
“ကောင်စုတ်လေး၊ ငါက မင်းရဲ့ဘိုးဘေးကွ။”
ကံမကောင်းစွာဖြင့် ကျွင့်ပုကျန်းက သူ့ကို လုံးလုံးလျစ်လျူရှုလိုက်ပေပြီ။
သေခြင်းရှင်ခြင်းအဆုံးအဖြတ်တိုက်ပွဲမျိုးတွင် အဆင့်သတ်မှတ်မှုမရှိဘဲ အောင်ပွဲတစ်ခုသာရှိပေသည်။
“ဆရာတူ အစ်ကို၊ အစ်မတို့၊ သွားလိုက်ကြရအောင်!”
ကျွင့်ပုကျန်း အော်ပြောလိုက်ရင်း သူ၏ကျင့်ကြံခြင်းနည်းစနစ်ကို ဖြန့်ကျက်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှ နဂါးဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင်တွင်လည်း နဂါးသဏ္ဍာန်တစ်ခု ထွက်ပေါ်လာပုံရသည်။ ၎င်းသည် အသက်ဝိညာဉ်တစ်ခုနှယ် ထူးခြားဆန်းကျယ်သည့်အရှိန်အဝါမျိုးဖြင့် လီချင်းဖန်၏သားရဲတပ်ဖွဲ့ဆီသို့ တဟုန်ထိုးတိုးဝင်သွားလေသည်။
မူလတုန်းက ဒေါသထွက်လို့နေသည့် ဘိုးဘေးကျွင့်သည် ထိုမြင်ကွင်းကိုမြင်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို မျက်လုံးများပြူးကျယ်သွားတော့သည်။
“ဒါ..ဒါ.. ဒါ.. ဒါက ကျွင့်မိသားစုရဲ့ဘိုးဘေးမှတ်တမ်းတင်ခဲ့တဲ့ နဂါးနတ်ဘုရားအနုပညာများလား?”
“ဒီပုံသဏ္ဍာန်၊ ဒီအရှိန်အဝါ၊ ဒါ နဂါးနတ်ဘုရားအနုပညာပဲ။ သေချာပေါက် နဂါးနတ်ဘုရားအနုပညာပဲ! ဒီကောင်စုတ်လေး တကယ်ကို နဂါးနတ်ဘုရားအနုပညာကို သင်ယူခဲ့တာလား? ဘယ်ကနေ သင်လိုက်တာလဲ?”
သူပြောပြီးသည်နှင့် ဘိုးဘေးကျွင့် ရုတ်တရက် တုန်လှုပ်သွားကာ လုရှောင်ယန်ထံသို့ မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။
သံသယဖြစ်နေဖို့ရန်မလိုစွာ သေချာပေါက် လုရှောင်ယန် သင်ပေးထားခြင်းပဲ ဖြစ်ပေမည်။
သူ့ဆရာကလွဲလို့ ဘယ်သူကများ နဂါးနတ်ဘုရားအနုပညာကို သင်ပေးနိုင်မှာတဲ့လဲ?
သို့သော်လည်း နဂါးနတ်ဘုရားအနုပညာသည် ဒဏ္ဍာရီလာကျင့်ကြံခြင်းနည်းလမ်းဖြစ်သည်။ စစ်မှန်သည့်နဂါးကျင့်ကြံသူဖြစ်သည့် ကျွင့်မိသားစုဘိုးဘေးတောင်မှ နဂါးနတ်ဘုရားအနုပညာကို မသင်ဖူးခဲ့ဘူးလေ!
လုရှောင်ယန်က ဘယ်လိုလုပ်ရခဲ့တာလဲ?
တကယ်ပဲ လုရှောင်ယန်က ဘယ်သူလဲ?
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ သူပျိုးထောင်ထားခဲ့သည့်သားရဲများ ရှုံးနိမ့်နေသည်ကို မြင်လိုက်ရသည်နှင့် လီချင်းဖန်၏မျက်လုံးများ အေးစက်သွားကာ ချက်ချင်းပင် အကူအညီပေးရန် လှည့်လိုက်သည်။
သို့သော်လည်း စနစ်က သူ့ကို သွားကူညီခွင့်မပေးခဲ့ပေ။
စနစ်၏ထိန်းချုပ်မှုအောက်တွင် လီချင်းဖန်သည် လုရှောင်ယန်နှင့်သာ ဆက်လက်တိုက်ခိုက်နေဖို့ရန် ဖိအားပေးခံနေရသည်။
သို့သော်လည်း အဓိကတိုက်ပွဲနေရာနှင့် ဘေးဘက်မှတိုက်ပွဲနေရာကြား အာရုံများသွားခြင်းသည် လီချင်းဖန်အား ခဏတာမျှ အာရုံစိုက်မှုလျော့နည်းသွားစေခဲ့သည်။
ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ လုရှောင်ယန်သည် ရွှမ်ဟွမ်ဓားကိုထုတ်၍ လီချင်းဖန်၏လည်မြိုကို ဖြတ်လိုက်လေသည်။
ရွှေရောင်အလင်းတန်းတစ်ခု လက်သွားခဲ့သည်။ လုရှောင်ယန်၏ဓားချက်ကြောင့် လီချင်းဖန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ နတ်ဘုရားအဆင့်၏စွမ်းအင်နိယာမတို့ ပြည့်ဝနေသော သူ၏ခန္ဓာကိုယ်သည် လုရှောင်ယန်၏ဓားချက်ကြောင့် ဗရမ်းဗတာဖြစ်လာခဲ့သည်။
“အရှက်မဲ့လိုက်တာ၊”
လီချင်းဖန် ပြင်းထန်စွာ ရှုံ့ချလိုက်သည်။ လုရှောင်ယန်ကတော့ ဂရုစိုက်နေခြင်းမရှိဘဲ တစ်ဖက်လူ၏အားနည်းချက်ကို အခွင့်အကောင်းယူဖို့ တုံ့ဆိုင်းမနေခဲ့ပေ။
စစ်မှန်သောအမြင်အာရုံသုံးပါးကို အပြည့်အဝအသက်သွင်းကာ လီချင်းဖန်၏လည်မြိုအား ထာဝရမီးတောက်ဖြင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။
“ခွေးကောင်!”
လီချင်းဖန် ထပ်ပြီးဆဲဆိုလိုက်ပြန်ကာ ချက်ချင်းပင် သူ့ဝတ်ရုံအနားစမှ မီးတောက်များကို ငြိမ်းသတ်ရန်အတွက် စွမ်းအင်နိယာမကို အသုံးပြုလိုက်သည်။
နောက်တစ်စက္ကန့်တွင်ပဲ ထိတ်လန့်သည့်အမူအရာက သူ့မျက်နှာထက်တွင် ပေါ်ထွက်လာလေသည်။
“ဘာလို့ ဒီမီးကို ငြိမ်းလို့မရနိုင်တာလဲ?”
သူအသုံးပြုနေသည့် စွမ်းအင်နိယာမသည် အဆင့်နိမ့်လောက၏စွမ်းအင်နိယာမ-လောကစွမ်းအားမဟုတ်သည်ကို သိထားရပေမည်။ ထိုအစား ၎င်းသည် နတ်လောကမှ စွမ်းအင်နိယာမဖြစ်သည်။ ဤအရာမှာ အနည်းငယ်မျှသန်မာသည်ဟု ဆို၍ရရုံပမာဏမျိုးမဟုတ်ပေ။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင်မှ သူ ထိုမီးတောက်များကို မငြိမ်းသတ်နိုင်ခဲ့ပေ။
ထိတ်လန့်မှုက လီချင်းဖန်၏ရင်ထဲတွင် စတင်ပေါက်ဖွားလာခဲ့သည်။
“စနစ်၊ မြန်မြန် ထွက်လာဦး!”
[ဘာတွေများထိတ်လန့်နေရတာလဲ? ဒီမီးတောက်မှာလည်း နတ်လောကရဲ့ စွမ်းအင်နိယာမတွေပါဝင်နေရုံပါ။ သူ့မျက်လုံးတွေကစစ်မှန်တဲ့နတ်ဘုရားအဆင့်ဖြစ်တဲ့ ရတနာတစ်စုံပဲ။ သူ့ကိုသတ်ပြီးရင် သူ့မျက်လုံးတွေကို ငါထုတ်ပြီး မင်းကိုပေးမယ်]
“သေစမ်း!”
လီချင်းဖန် ခပ်တိုးတိုးကျိန်ဆဲလိုက်ကာ လုရှောင်ယန်ကိုတိုက်ခိုက်ဖို့ရန် စနစ်နှင့်ပိုပြီး ပူးပေါင်းဆောင်ရွက်လိုက်သည်။
သူတို့နှစ်ဦး၏အကြိတ်အနယ်တိုက်ခိုက်မှုက အာကာပြင်အတားအဆီးများကို ကွဲအက်လာစေသည်။ ထို့အပြင် ထိုလေဟာနယ်အတားအဆီးများ၏အက်ကွဲမှုသည် တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
ဤအခြေအနေမှာ မဟာကျိုးအင်ပါယာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲထက် အဆပေါင်းများစွာ ပိုသန်မာပေသည်။
ထိုလှုပ်ရှားမှုကြီးကြောင့် လေဟာနယ်အတားအဆီးများ အက်ကွဲသွားသည်မှာ နောက်ထပ်ပိုပြီးအက်ကွဲဖို့ရာ မကျန်တော့လောက်သည်အထိပင်။ အစမှအဆုံးတိုင် ၎င်းသည် အက်ကွဲမှုအဆင့်တစ်ခုကို အမြဲထိန်းသိမ်းထားတတ်ပေသည်။
သို့သော်လည်း ယခုအချိန်မှာတော့ သူတို့နှစ်ဦး၏ကျင့်ကြံဆင့်များမှာ အလွန်စွမ်းအားကြီးကြကာ သူတို့၏လှုပ်ရှားမှုတိုင်းသည် လေဟာနယ်အတားအဆီးများကို ကြီးမားသည့်အက်ကွဲကြောင်းများ အလွယ်တကူဖြစ်ပေါ်စေနိုင်ခဲ့သည်။
ကောင်းကင်ယံထက်တွင် လေဟာနယ်အက်ကွဲကြောင်းကြီးသည် အရာအားလုံးကို ဝါးမြိုပစ်တော့မည့် ကြီးမားသည့်ပါးစပ်ပေါက်ကြီးတစ်ပေါက်သဖွယ် ပွင့်ဟလာခဲ့သည်။
ခဏတွင်းချင်းမှာပင် သူတို့နှစ်ဦးသည် တိုက်ကွက်ပေါင်း ၇၃၀၀လောက်အထိ ဖလှယ်ပြီးကြပေပြီ။
လေဟာနယ်ထဲတွင် ကြယ်ရောင်များတဖျပ်ဖျပ်လတ်လို့နေသည်။ ထိုကြယ်ရောင်တစ်ခုချင်းစီတိုင်းသည် သူတို့နှစ်ဦးကြားမှ တိုက်ကွက်ဖလှယ်ချက်များကို ကိုယ်စားပြုလို့နေသည်။
အသက်ဆယ်ရှိုက်စာကြာပြီးနောက် သူတို့နှစ်ဦး လူချင်းပြန်ခွဲလိုက်ကြသည်။ လီချင်းဖန်၏ခန္ဓာကိုယ်ပေါ်တွင် အတော်အတန်နက်သည့်ဒဏ်ရာအနည်းငယ်ထင်ကျန်ရစ်ခဲ့ကာ ၎င်းတို့သည် တဖြည်းဖြည်းပြန်လည်ကုသနေခဲ့သည်။
အသိအသာကိုပဲ သူသည် လုရှောင်ယန်၏ကျော်တက်ခြင်းကို ခံလိုက်ရပေပြီ။
ကျင့်ကြံသူနှစ်ဦးကြားရှိတိုက်ပွဲများမှ ထိခိုက်ပျက်စီးမှုများသည် ပျောက်ကင်းရာအတွင် အလွန်နှေးကွေးပေသည်။
သာမာန်တိုက်ခိုက်မှုများသည် ကျင့်ကြံသူများကို ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ပေ။ သို့သော်လည်း ကျင့်ကြံသူနှစ်ဦးတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသည် ဒဏ်ရာများသည်တော့ အချိန်တိုအတွင်း ပြန်လည်ပျောက်ကင်းဖို့ရန်မှာ မလွယ်လှပေ။
လီချင်းဖန် ရင်တထိတ်ထိတ်နှင့်ဖြစ်နေရာ သူ၏အမူအရာမှာ အလွန်အရုပ်ဆိုးနေခဲ့သည်။
“စနစ်၊ ငါ သူ့ကိုအနိုင်ရမှာ သေချာရဲ့လား? ဒီကောင် လုရှောင်ယန်က… သေစမ်း၊ ငါသူ့ကိုဘာမှမလုပ်လိုက်နိုင်ဘူးကွ! တိုက်ကွက်ပေါင်း ၇၃၀၀လောက်တိုက်ပြီးနောက်မှာ ငါ သူ့ရဲ့အကာအကွယ်ကိုတောင်မှ မချိုးဖြတ်နိုင်ခဲ့ဘူး။ သူကတော့ ငါ့ကိုအကြိမ်ပေါင်းများစွာ ခုတ်ခဲ့ပြီးပြီ!”
[ငါတို့ အရင်ပြန်ဆုတ်ပြီး ဒီမီးတောက်ကို ငြိမ်းနိုင်မယ့်နည်းလမ်းစဉ်းစားကြရင် မကောင်းဘူးလား?]
“မင်း ငါ့ကို ဒီမီးတောက်တွေကြားထဲကနေ လွတ်အောင် ကူညီပေးနိုင်တယ်လို့ ဆိုလိုတာလား?”
[မဟုတ်ဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ Hostကို အသက်၆၀ရှိုက်စာလောက် ရှူခွင့်ပေးနိုင်တယ်]
လီချင်းဖန် : “….”
သူ့တွင် ကျိန်ဆဲဖို့တောင်မှ အားမရှိတော့ပေ။
အရင်ကဆိုလျှင် ဤစနစ် သူ့ဆီရုတ်တရက်ကြီး ဘာကြောင့်များ ပြန်လာရလဲဆိုသည့်အပေါ် သူသံသယအချို့ရှိခဲ့သည်။ သေချာပေါက် ကောင်းတဲ့ကိစ္စတော့မဟုတ်ပေ။ သို့သော်လည်း ဤကဲ့သို့ သူ့ကိုလှည့်စားလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့မိပေ။
သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။ သူသာ လုရှောင်ယန်နှင့်မတိုက်ခိုက်လျှင် သေရပေလိမ့်မည်။
ဘယ်လမ်းရွေးရွေး အဆိုးကြီးပဲ။
လီချင်းဖန်၏အကြည့်များက အေးစက်လို့နေကာ တဖန် ထပ်ပြီးတိုက်ခိုက်ပြန်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူလက်ဗလာဖြင့် မတိုက်ခိုက်တော့ပေ။ ထိုအစား နတ်လက်နက်တစ်ခုကိုကိုင်ဆောင်ကာ လုရှောင်ယန်ကို ခုခံပေသည်။
နတ်လက်နက်၏အားဖြည့်ပေးမှုကြောင့် လီချင်းဖန်၏တိုက်ခိုက်မှုများသည် အစောကထက် အဆပေါင်းများစွာ ပိုသန်မာလာခဲ့သည်။
ထို့အပြင် လုရှောင်ယန်နှင့်ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် သူ၏တိုက်ခိုက်မှုများမှာ ပိုပြီး ရက်စက်ကြမ်းတမ်းနေခဲ့သည်။
တိုက်ခိုက်မှုတိုင်း မီးပွားများဖြာထွက်စေကာ လေဟာနယ်အတားအဆီး၏ဒုတိယအလွှာကိုပ်င တစ်လွှာပြီးတစ်လွှာပေါက်ကွဲသွားစေသည်။
အားကောင်းကာ ဆန်းကြယ်သည့်ရောင်ဝါတချို့က လေဟာနယ်အက်ကွဲကြောင်းမှနေပြီး အသာခေါင်းပြူလာခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦး၏တိုက်ပွဲအခြေအနေကို ခံစားမိသည်နှင့် ထိုရောင်ဝါအချို့သည် ချက်ချင်းပင် ကြောက်လန့်တကြား ပြန်ဆုတ်ခွာသွားလေသည်။
ကောင်းကင်ထက်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေကာ ထိတ်လန့်ဖွယ်ရာအားလှိုင်းကြီးက လေဟာနယ်တွင်းနက်ကြီး၏အရွယ်အစားကို ပိုကြီးလာစေသည်။
နောက်ထပ် အသက်နှစ်ဆယ်ရှိုက်စာခန့်ကြာပြီးနောက်မှာတော့ လီချင်းဖန်တစ်ယောက် လုရှောင်ယန်ကြောင့် ထပ်ပြီးလွင့်ထွက်လို့သွားပြန်သည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်၌ အရင်တစ်ခေါက်ကထက်ပင် ဒဏ်ရာပေါင်းမြောက်မြားစွာ ပိုတိုးလာခဲ့သည်။
ခန္ဓာကိုယ်တွင်းရှိသွေးကြောများက စီးဆင်းနေကာ ဒဏ်ရာများကို ဖြည်းညှင်းစွာ ကုသနေခဲ့သည်။
လီချင်းဖန်မှာ သူ၏သတိရှိမှုသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာနေပြီဟုခံစားမိကာ ထပ်ပြီးထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
ဤတိုက်ပွဲတွင် သူသည် အသက်ပင်မရှူနိုင်လောက်သည်အထိ လုရှောင်ယန်၏ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။
သူ၏စိတ်ထဲတွင် ကြောက်လန့်ခြင်းနှင့် နောက်ပြန်ပြေးလိုခြင်းကသာ ထပ်ခါတလဲလဲဖြစ်ပေါ်နေခဲ့သည်။
ထိုအချိန်မှာပဲ သေခြင်းတရားတို့ပြည့်နှက်နေသည့် ဖိအားတစ်ခုကို သူရုတ်တရက်ခံစားမိလိုက်သည်။
အလွန်အမင်းကြောက်လန့်တုန်လှုပ်သွားသည့်စိတ်ဖြင့် သူချက်ချင်း မော့ကြည့်လိုက်ရာ လုရှောင်ယန်သည် ရှည်လျားသည့်လေးတစ်စင်းကို ကိုင်ထားပြီး သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်အပြည့်ဖြင့် သူ့ကိုချိန်ထားလေသည်။
လေးတံရှည်တစ်လျှောက် စုဝေးနေသည့် သေခြင်းအငွေ့အသက်များက လီချင်းဖန်၏နှလုံးသားအား အထိန်းအချုပ်ကင်းမဲ့စေသည်အထိ တုန်လှုပ်နေစေသည်။
“ဒီ.. ဒီခံစားချက်က… တစ်ခုခုတော့ မှားနေပြီ! စနစ်၊ အဲဒါဘာကြီးလဲ?”
[မဖြစ်နိုင်ဘူး! ဘယ်လိုမှမဖြစ်နိုင်ဘူး!]
လီချင်းဖန်၏စနစ်ကိုယ်တိုင်သည်လည်း ရူးသွပ်သွားခဲ့သည်။ လုရှောင်ယန် ထုတ်ယူလိုက်သည့်ပစ္စည်းကြောင့် ၎င်းသည်လည်း အံ့ဩတုန်လှုပ်သွားကာ စကားပင်မပြောနိုင်တော့ပေ။
“တကယ်ပဲ၊ အဲဒါဘာကြီးလဲ?”
[အဲ.. အဲဒါ နတ်အသုံးအဆောင်ပဲ!]
“သေရော!”
ထိုစကားကြားလိုက်ရသည်နှင့် စနစ်သာမက လီချင်းဖန်ကိုယ်တိုင်လည်း လုံးဝပြိုလဲကျသွားတော့သည်။
တကယ်ပဲ နတ်အသုံးအဆောင်ပစ္စည်းပေါ့!
၎င်းသည် နတ်လောကတွင် အလွန်အမင်းအထွတ်အမြတ်ထားခံရသည့် အရာမျိုးပင်။
၎င်းသည် ဤလောကရှိ သိုင်းပညာရှင်များ အထွတ်အမြတ်ထားရာ သိုင်းဘုရင်အဆင့်လက်နက်၏သဘောတရားနှင့် ဆင်တူလှသည်။ နတ်အသုံးအဆောင်ပစ္စည်းသည် နတ်လက်နက်များထက် သာလွန်သည်ဖြစ်တည်မှုမျိုးပင်။ နတ်လောကတွင် ထိုပစ္စည်းမျိုးရရှိနိုင်ဖို့အရေး အဆင့်မြင့်ဆရာကြီးများ အပြိုင်အဆိုင်လုယက်ကြရပေသည်။
အခုတွင်တော့ ထိုမြင့်မြတ်လှသည့်နတ်အသုံးအဆောင်ပစ္စည်းသည် အဆင့်နိမ့်လောကမှ သေမျိုးတစ်ယောက်၏လက်ထဲတွင် ရောက်နေခဲ့လေသည်။
တရားမျှတမှုဆိုတာ ဘယ်မှာလဲ?
လောကရဲ့ကန့်သတ်ချက်စည်းမျဉ်းတွေဆိုတာ ရှိရောရှိသေးရဲ့လား?
“ပြေး!”
ထိုအခိုက်အတန့်တွင် လီချင်းဖန် အသိပြန်ဝင်လာကာ တွေးလိုက်မိသည့် တစ်ခုတည်းသော စကားလုံးပင်ဖြစ်သည်။
တစ်ဖက်လူကို သူအနိုင်မယူနိုင်ဘူးဆိုမှတော့ အရင်ဆုံးထွက်ပြေးဖို့သာ ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူတွေးလိုက်သည်နှင့် တပြိုင်တည်းနီးပါးမှာပဲ လုရှောင်ယန်၏ စစ်မှန်သောအမြင်အာရုံသုံးပါးသည် ချက်ချင်းအသက်ဝင်လာခဲ့သည်။ ပုံရိပ်ယောင်ပညာရပ်က လီချင်းဖန်၏အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားကာ လီချင်းဖန်သည်လည်း သူ့ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းအား လက်လွှတ်လိုက်ရသည်။
“အဆုံးသတ်သွားပြီ!”
ထိုအချိန်မှာပဲ လုရှောင်ယန်သည် မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ ဥက္ကာပျံတစ်ခုလိုမျိုး အားကောင်းလှသည့်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ တဟုန်ထိုးသက်ဆင်းလာကာ လီချင်းဖန်၏ဒန်ထျန်ဆီသို့ ဦးတည်သွားခဲ့သည်။
ဘုန်း!
လုရှောင်ယန် ပစ်လွှတ်လိုက်သည့်မြှားသည် လီချင်းဖန်၏ဒန်ထျန်ကို ထိုးဖောက်လို့သွားကာ သူ၏စိတ်ဝိညာဉ်ကိုတောင်မှ အပေါက်ကြီးဖြစ်သွားစေသည်။
မြှားအလင်းတန်းက လီချင်းဖန်ကို ထိုးဖောက်ပြီးသည်နှင့် ရပ်သွားခြင်းမရှိဘဲ နောက်ထပ်ကီလိုမီတာပေါင်းသောင်းကျော်အထိ ပျံထွက်သွားကာ နောက်ဆုံးနေရာတစ်ခုသို့ရောက်ကာမှ ပေါက်ကွဲသွားခဲ့သည်။
သို့သော်လည်း လီချင်းဖန်သည် မသေခဲ့ပေ။ သူအသက်ရှင်နေသေးပေသည်။
“သူအသက်ရှင်နေတုန်းလား?”
လုရှောင်ယန်တစ်ယောက် ဆွံ့အသွားတော့သည်။ နတ်အသုံးအဆောင်ပစ္စည်းကတောင်မှ တစ်ဖက်လူကို မသတ်နိုင်ဘူးတဲ့လား။ ဒီမြင်းနက်ရဲ့ကံတရားက နည်းနည်းလေးတော့ စွမ်းအားကြီးလွန်းမနေဘူးလား?
သို့သော်လည်း လီချင်းဖန်သည် စွမ်းအားကြီးနေခြင်းမဟုတ်ဘဲ တကယ်တမ်း သူ၏ဒန်ထျန်ထဲတွင် ငွေဖြူရောင်ကြေးမှန်တစ်ချပ်ရှိနေခြင်းဖြစ်ကြောင်း သူမြန်မြန်ဆန်ဆန်ပဲ သတိထားမိသွားလေသည်။
ထိုကြေးမှန်သည် သူ့ကို နေမင်းဖြိုခွင်းနတ်လေးကိုင်း၏ဖျက်ဆီးမှုစွမ်းအားထံမှ ဟန့်တားပေးထားကာ နေမင်းဖြိုခွင်းနတ်လေးမြှားထံမှ ပေါက်ကွဲမှုကို ရှောင်ရှားနိုင်ဖို့ရန်အတွက် မြှားတံကို သူ့ခန္ဓာကိုယ်မှ ဖြတ်သွားစေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကြေးမှန်သည် နတ်လက်နက်တစ်ခုမျှသာဖြစ်သည်။ ၎င်းသည် လီချင်းဖန်အား တိုက်ခိုက်မှုဒဏ်၏ဆယ်ရာခိုင်နှုန်းကိုသာ ဟန့်တားပေးကာ မြှားတံမှပေါက်ကွဲမှုကို ရှောင်ပေးလိုက်ခြင်းဖြစ်သော်လည်း အပြည့်အဝဟန့်တားပေးနိုင်ခြင်းမရှိပေ။ ကျန်ရှိသည့်တိုက်ခိုက်မှုဆယ်ရာခိုင်နှုန်းကပင် သူ့ကိုဒဏ်ရာအပြင်းအထန်ရသွားစေသည်။
အကြောင်းအရင်းကို နားလည်သွားပြီးနောက် လုရှောင်ယန်သည် သူ့လက်တစ်ဖက်ကို နေမင်းဖြိုခွင်းလေးကြိုးပေါ်သို့ ထပ်မံတင်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်တော့ စစ်မှန်သောထုတ်ဖော်ခြင်းကိုပါ ပေါင်းစပ်အသုံးပြုကာ ဒီတစ်ခေါက်ရော လီချင်းဖန်း မည်သို့ရှောင်တိမ်းဖို့ စဉ်းစားထားမည်ကို သူကြည့်ချင်သေးသည်။
အန္တရာယ်နီးကပ်လာပြန်သည်ကို ခံစားမိသည်နှင့် လီချင်းဖန်တစ်ယောက် ရူးတော့မလိုခံစားလိုက်ရသည်။
“စနစ်! ပြန်ဆုတ်! မြန်မြန်ဆုတ်တော့! သေစမ်း၊ ငါမင်းကို ပြန်ဆုတ်တော့လို့ပြောနေတယ်လေ!”
သူ၏စိတ်အစဉ်မှား လုံးဝပြိုလဲသွားပြီဖြစ်သည်။
သို့သော်လည်း စနစ်ဘက်က တုံ့ပြန်လာခဲ့ခြင်းမရှိပေ။ ထိုအစား သူ၏ခန္ဓာကိုယ်တွင်းရှိစွမ်းအင်တို့ စုဝေးလာသည်ကိုသာ သူရုတ်တရက်ခံစားမိလိုက်လေသည်။
လီချင်းဖန်၏နှလုံးခုန်နှုန်းတို့ ရပ်တန့်မလိုဖြစ်သွားကာ မကောင်းသည့်ခံစားချက်တို့ ဝင်လာခဲ့သည်။
“စနစ်၊ မင်းဘာလုပ်နေတာလဲ?”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၇၄ ပြီးပြည့်စုံသော သိုင်းဘုရင်ဒဿမအဆင့်- စီနီယာလု ငါ့ကိုတပည့်အဖြစ်လက်ခံပေးပါ
[စိတ်မကောင်းပါဘူး၊ Host။ ငါ့ကို ပေးထားတဲ့တစ်ခုတည်းသော တာဝန်က လုရှောင်ယန်ကို သတ်ဖို့ပါ။ တကယ်လို့ ငါ လုရှောင်ယန်ကို မသတ်နိုင်ရင် လုရှောက်ယန်ကို နည်းနည်းပါးပါးဖြစ်ဖြစ် ထိခိုက်သွားစေဖို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုလုပ်ရပါမယ်။
ဒါကြောင့် ငါတို့အတူတူ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ကြရအောင်]
လီချင်းဖန် : “???”
ကိုယ့်ကိုယ်ကိုဖောက်ခွဲမယ်?
လာနောက်နေတာလား!
ပြီးတော့ ဒီအမိန့်တွေက ဘာတွေလဲ? ဘယ်သူက အမိန့်ပေးတာလဲ?
ဒီသောက်*စနစ်က တလျှောက်လုံး ရည်ရွယ်ချက်ဆိုးတွေ ရှိနေခဲ့တာပဲ။
ထင်နေတယ်။ ဒီခွေးလိုစနစ်က ငါနဲ့ဒုတိယအကြိမ်စည်းနှောင်ဖို့အထိ ဘယ်လိုလုပ် ဒီလောက်အထိ သဘောကောင်းနေမှာတဲ့လဲ?
ထိုအချိန် လီချင်းဖန်သည် အခွင့်ကောင်းယူခံလိုက်ရသည့် သူရူးတစ်ယောက်သဖွယ်ခံစားလိုက်ရသည်။
ထို့အပြင် သူသည် အသုံးချခံရပြီးနောက် သေပင်သေရပေဦးမည်။
“သေစမ်း! မင်းဒီလောက်ဖောက်ခွဲချင်နေရင် ကိုယ့်ဘာသာ ဖောက်ခွဲပါလား၊ ငါသေရင်တောင် မင်းကို လုံးဝအလွတ်မပေးဘူး!”
ဘယ်လိုပဲဖြစ်ဖြစ် သူသေရမည်မှန်းသိနေပြီဖြစ်တာကြောင့် လီချင်းဖန်သည် ဤသောက်*စနစ်ဆိုး၏ အခွင့်ကောင်းယူခံရသည်ထိ လုရှောင်ယန် ရိုက်လို့သေရမည်ကို ပိုလိုလားတော့သည်။
ဒါကြောင့် သူ့ကိုယ်တွင်းရှိ နတ်ဘုရားအဆင့်စွမ်းအင်တို့ကို ထုတ်ဖော်ပြီး ထာဝရမီးတောက်အား သူ့ကိုပြာမှုန့်ဖြစ်သည်အထိ မြန်မြန်ဆန်ဆန်လောင်ကျွမ်းသွားအောင် ကြိုးစားလိုက်သည်။
စနစ်အနေနှင့်သူ့ကိုပါ ရောပြီးကိုယ့်ကိုယ်ကိုဖောက်ခွဲပစ်ဖို့ဆိုလျှင် သူ၏သွေးအနှစ်သာရကိုလိုအပ်ပေသည်။
သူသာ သူ၏သွေးအနှစ်သာရကို မီးတောက်ဖြင့် လောင်ကျွမ်းစေလိုက်မည်ဆိုလျှင် ကိုယ့်ကိုယ်ကိုဖောက်ခွဲဖို့ ဖြစ်လာနိုင်တော့မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် စနစ်သည် သူ့ကို ထိုသို့လုပ်ခွင့်ပေးရန် မပြင်ထားခဲ့ပေ။
[စိတ်မကောင်းပါဘူး၊ Host။ အရင်က ငါ့အတွက် ခွင့်ပြုချက်အားလုံးကို ဖွင့်ပေးဖို့ မင်းကိုပြောခဲ့တဲ့ထဲမှာ မင်းရဲ့ခန္ဓာကိုယ်ကို ဖိအားပေးဖောက်ခွဲပစ်ခွင့်လည်း ပါ,ပါတယ်။ လက်ရှိမင်းက ငါ့ရဲ့ထိန်းချုပ်ထားမှုကို ဘယ်လိုမှလွန်ဆန်လို့မရပါဘူး။ မင်းရဲ့ကံတရားကို လက်ခံလိုက်ပါတော့]
“သောက်*စနစ်! လုရှောင်ယန်၊ ငါ့ကိုမြန်မြန်လာသတ်! မြန်မြန်လုပ်! မင်းခြေနှေးနေရင် အားလုံးနောက်ကျသွားလိမ့်မယ်။”
အရေးကြီးသည့်အခိုက်အတန့်တွင် လီချင်းဖန်သည် သူ၏ရန်သူဖြစ်သည့် လုရှောင်ယန်ကို သူ့ကိုမြန်မြန်သတ်ပေးဖို့ရန်ပင် အကူအညီတောင်းလိုက်လေသည်။
ထို့အတွက်ကြောင့် သူ့အနေနှင့်ဆိုးရွားသည့်သေခြင်းမျိုးနှင့် သေရတော့မည်မဟုတ်ပေ။
ဒုတိယအနေနှင့် သူ့တွင် ပြန်လည်မွေးဖွားဖို့ အခွင့်အရေး အနည်းနှင့်အများရှိလာပေလိမ့်မည်။
သူသာ ကိုယ့်ကိုယ်ကိုဖောက်ခွဲလိုက်သည်နှင့် အရာအားလုံးပြီးဆုံးသွားပေမည်။ သူ၏ခန္ဓာကိုယ်မှသည် စိတ်ဝိညာဉ်အထိ ဘယ်အရာမှ တည်ရှိနိုင်တော့မည်မဟုတ်ပေ!
ထိုအတွေးများသည် တခဏအတွင်း သူ့စိတ်ထဲတွင် ရုန်းရင်းဆန်ခတ် ပေါ်လာခဲ့ခြင်းဖြစ်သည်။
လီချင်းဖန်အော်လိုက်သည်နှင့် လုရှောင်ယန်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ တစ်စုံတစ်ရာကို ချက်ချင်းသတိထားမိသွားသည်။ ဒါကြောင့် တုံ့ဆိုင်းမနေပါဘဲ ချက်ချင်းဆိုသလို နေမင်းဖြိုခွင်းလေးကိုတင်ကာ မြှားတံကို ပစ်လွှတ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပဲ လုရှောင်ယန်သည် ဖီးနစ်နားခိုင်ရာအကာအကွယ်အမှတ်ကို ဆင့်ခေါ်ကာ သူ့ရှေ့တွင် ခုခံဖို့အတွက် အသုံးပြုလိုက်သည်။ ထို့နောက် နတ်ချပ်ဝတ်ကိုဝတ်ဆင်လိုက်သည်။ သူ ချပ်ဝတ်အလွှာပေါင်းဆယ်လွှာအထိဝတ်ဆင်ပြီးနောက် အကာအကွယ်မျိုးစုံကိုပါ ဖွင့်လိုက်လေသည်။
ထို့နောက် ဖျက်ဆီး၍မရနိုင်သောရွှေကိုယ်ထည်ကိုပါ သူ၏ခွန်အားအလုံးစုံဖြင့် အသက်သွင်းလိုက်ပြီး ရွှေရောင်ကိုယ်ထည်ကြီးဖြင့် သူ့ကိုယ်သူလွှမ်းခြုံထားလိုက်သည်။
အားလုံးလုပ်ပြီးသွားသည်နှင့် လီချင်းဖန်သည် ပေါက်ကွဲသွားတော့သည်။
“သေစမ်း! သောက်*စနစ်! မင်းတို့တမျိုးလုံး သေသင့်တဲ့ကောင်တွေ!”
တခဏတွင်းချင်းမှာပင် အမှောင်ထုကို သန့်စင်ကာ တောက်ပလွန်းသည့်အဖြူရောင်အလင်းတန်းတစ်ခုက ဖုံးအုပ်သွားသည်။
ထိုအလင်းတန်းမှာ အလွန်အားကောင်းလှကာ လေဟာနယ်အတားအဆီးဒုတိယအလွှာကိုတောင်မှ ကွဲအက်သွားစေသည်။ တချို့သောသက်ရှိများဆိုလျှင် နေရာတွင်ပင် အညှာအတာကင်းမဲ့စွာ ဖျောက်ဖျက်ခြင်းခံလိုက်ရသည်။
ထိုအလင်းတန်းက အသက်ဆယ်ရှိုက်စာထက်မနည်းကြာအောင် ဆက်တိုက်ပျံ့နှံ့နေခဲ့သည်။
မြေပြင်ပေါ်ရှိသိုင်းဘုရင်အဆင့်ကျင့်ကြံသူများတောင်မှ ထိုအခိုက်အတန့်တွင် လှုပ်ရှားနိုင်ခြင်းမရှိကြပေ။ သူတို့လည်း ရွေးချယ်စရာမရှိဘဲ မျက်လုံးများကိုပိတ်ကာ ထိုပေါက်ကွဲမှုအားလှိုင်းဒဏ်ကို ခုခံဖို့ရန်အတွက် ချီစွမ်းအင်တို့ကို လှည့်ပတ်ကြရသည်။
အချိန်မည်မျှအထိကြာသွားသည်ကို မသိလိုက်ရပေ။ နောက်ဆုံးတွင်တော့ အလင်းတန်းသည် သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့လေသည်။
လူတိုင်း ကမန်းကတမ်း အပေါ်ကိုမော့ကြည့်လိုက်သည်နှင့် ချက်ချင်းထိတ်လန့်မိသွားကြတော့သည်။
ကောင်းကင်ယံထက်တွင် လေဟာနယ်အတားအဆီးနှစ်လွှာလုံး ပေါက်ကွဲသွားတော့သည်။
၎င်းမှာ နှင်းဆီပွင့်ချပ်လွှာများနှင့်တူညီကာ အနည်းငယ်တော့ ပိုမည်းလေသည်။ ချွတ်ယွင်းချက်များသည်တော့ ထိုနှစ်လွှာသည် တစ်ခုနှင့်တစ်ခု ပုံစံမတူညီဘဲ တွန့်ရှုံ့နေခြင်းပင်။
ဒါကပဲ အခုလေးတင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည့် လေဟာနယ်တွင်းနက်တစ်ခုဖြစ်သည်ဟု ပုံဖော်ကြည့်ဖို့ရန် အလွန်ခက်ခဲသွားစေသည်။
တစ်ကြိမ်လေးတည်းပေါက်ကွဲသွားသော်လည်း ဤကဲ့သို့ပုံစံမျိုးဖြစ်နေလေပြီ။ အကယ်၍များ နောက်ထပ်အကြိမ်အနည်းငယ်သာ ပေါက်ကွဲခဲ့လျှင် ဘယ်လောက်ထိတောင် ဖြစ်သွားနိုင်မလဲ ဘယ်သူမှမသိပေ။
လေဟာနယ်ဒုတိယအလွှာထဲရှိ လျှို့ဝှက်ဆန်းကြယ်စွာ မျောလွင့်နေကြသည့် သတ္တဝါအချို့သည် ပြာမှုန့်များအဖြစ်သို့ ပေါက်ကွဲသွားခဲ့ကြသည်။
သို့သော်လည်း ဘယ်သူမှဆက်ပြီးမတိုက်ခိုက်နေတော့တာကြောင့် တုန်ခါလှုပ်ရှားမှုများဆက်လက်ဖြစ်ပွားဖို့ရန် စွမ်းအင်မရှိတော့ပေ။
ထို့ကြောင့် လေဟာနယ်အတားအဆီးအတွင်းပိုင်းတို့သည် စတင်ကာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
လက်ရှိအရှိန်နှုန်းအရ ၎င်းပုံမှန်အတိုင်းပြန်လည်ကောင်းမွန်ဖို့ရန် မိနစ်အနည်းငယ်မျှသာ လိုအပ်လောက်ပေမည်။
မကြာခင်မှာပဲ လူတိုင်းရုတ်တရက် အတွေးဝင်ကာ ကမန်းကတမ်းမေးလိုက်ကြသည်။
“ဒါနဲ့၊ ဆရာရော? ဆရာ ဘယ်မှာလဲ?”
“ဖြစ်နိုင်တာ… ဖြစ်နိုင်တာ.. ဆရာက….”
လူတိုင်း၏နှလုံးသားတို့ တုန်ရီသွားကာ မျက်လုံးများ ချဉ်စူးသွားကြသည်။
ကျွင့်ပုကျန်းသည် ဝမ်းနည်းမှုများကို ခက်ခက်ခဲခဲမြိုသိပ်ကာ သူ့အမူအရာမှာ လေးနက်လို့သွားပြီး သူစကားပြောလိုက်ချိန်တွင် အသံတို့က တစ်ဆို့နေခဲ့သည်။
“ဆရာ၊ ဆရာ ကျွန်တော့်ကို တပည့်အဖြစ်လက်ခံခဲ့တာ သိပ်မကြာသေးဘူးဆိုပေမယ့် ဆရာသင်ကြားပေးခဲ့တဲ့အသံတွေ ဆရာ့ရဲ့အပြုံးတွေက ကျွန်တော့်ရင်ထဲမှာ ရှင်သန်နေမှာပါ။ ဆရာက အမြဲတမ်း ကျွန်တော့်ဆရာပါပဲ။”
ကျန်းထိုင်ရွှမ်သည်လည်း သက်ပြင်းခပ်ဖွဖွချလိုက်သည်။
“ဆရာ၊ ဒီနေ့ကစလို့ အရှေ့နတ်ဆိုးဂိုဏ်းရဲ့တပည့်တွေအားလုံးက ဆရာ့ကို သူတို့ရဲ့ဘိုးဘေးအဖြစ်သတ်မှတ်ကြပါမယ်! ဆရာ ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါ။ ကျွန်တော်တို့ အငယ်တွေက အမည်မဲ့ဂိုဏ်းကိုဆက်ပြီးမြှင့်တင်ပေးသွားပါမယ်။”
လူတိုင်း၏ဝမ်းနည်းနေသောခံစားမှုများနှင့်မတူစွာဘဲ လိပ်နက်သားရဲသည်တော့ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ “သခင်သေသွားပြီလား? ကောင်းလိုက်တာ! သခင်သေပြီကွ! ဟဟဟ… ဒါဆို ဒီနေ့စပြီး ငါတဖန်ပြန်လွတ်လပ်သွားပြီလို့ ဆိုလိုတာပဲမဟုတ်လား! ဟဟဟ… ကောင်းတယ်ဟေ့!”
“မင်းက ငါ့ကိုအဲလောက်အထိ အရမ်းသေစေချင်နေတာလား?”
လိပ်နက်သားရဲ ဝမ်းမြောက်မှုအပြည့်ဖြင့် ရယ်မောနေချိန်မှာပဲ သူ၏အနောက်ဘက်မှနေ၍ လုရှောင်ယန်၏အသံက ရုတ်တရက် ထွက်ပေါ်လာတာကြောင့် ချက်ချင်းတန့်သွားကာ လေလည်ဖို့တောင် မရဲတော့ပေ။
ထို့နောက် သူ နောက်ကိုလှည့်ကြည့်လိုက်ကာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ပြောလာခဲ့သည်။ “သခင်… သခင်… အဆင်ပြေရဲ့လား? ဒီလီချင်းဖန်က အရမ်းစွမ်းအားကြီးတာလေ။ သူ,သူ့ကိုယ်သူဖောက်ခွဲလိုက်ပြီးနောက်မှာတောင် သခင် အဆင်ပြေနေသေးတာလား?”
လုရှောင်ယန်၏အမူအရာက ပုံမှန်မဟုတ်သည်ကိုမြင်လိုက်ရတာကြောင့် လိပ်နက်သားရဲ ချောင်းအသာဟန့်ကာ ချက်ချင်းပြန်ပြင်ပြောလိုက်ရသည်။ “သခင်က တကယ်ကို အရမ်းစွမ်းအားကြီးတဲ့လူပဲ။ လီချင်းဖန်က သခင့်ရဲ့ပြိုင်ဘက်မဟုတ်မှန်း ငါအရင်ကတည်းက ခန့်မှန်းထားပြီးသားပါ။ သေချာပေါက် သူမင်းသတ်တာခံရမယ်မှန်း သိပြီးသား။”
လုရှောင်ယန်က ၎င်း၏စကားများကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ တခြားသောသိုင်းဘုရင်အဆင့်သားရဲများကိုသာ ကြည့်ကာ၊ “မင်းတို့အားလုံး ဒီနေ့အရမ်းကြိုးစားခဲ့ကြတယ်။ ဒီည မင်းတို့ခန္ဓာကိုယ်ကို အားပြန်ဖြည့်ဖို့ ငါမင်းတို့အတွက် လိပ်စွပ်ပြုတ်ချက်ပေးမယ်။”
သားရဲများအားလုံး ချက်ချင်းပင် စိတ်လှုပ်တရှားအော်ဟစ်လိုက်ကြသည်။
“သခင်၊ သက်တော်ရှည်ပါစေ။ သခင် အသက်ရှည်ပါစေ။”
“သခင်က ဉာဏ်ပညာရှိတာပဲ။ ငါ ဒီအရူးကောင်ကို သဘောမကျတာ ကြာပြီ။ အခုတော့ သူ့ကို စွပ်ပြုတ်ပြောင်းပစ်ဖို့ အချိန်ကောင်းပဲ။”
“ငါ့ကျောက အခုတလော သိပ်လှုပ်ရှားလို့မကောင်းနေဘူး။ အခုတော့ ကွက်တိပဲ။ လိပ်နက်ခေါင်းက ငါ့ကို အားပြန်ပြည့်စေလိမ့်မယ်။ ညီအစ်ကိုတို့ ငါ့ဆီက မလုကြနဲ့နော်။”
လိပ်နက်သားရဲမှာ မှင်သက်သွားကာ အလျင်စလိုဝင်ပြောတော့သည်။ “သခင်၊ အဲလိုလုပ်လို့မရဘူးလေ! တကယ်လို့ ငါသာသေသွားရင်၊ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲလက်အောက်ခံတစ်ယောက် သခင် ဆုံးရှုံးသွားလိမ့်မယ်။”
“ကိစ္စမရှိပါဘူး။ မင်းသေသွားရင် ငါမင်းကို ရှန်းထီကျောက်ရှင်နဲ့ ပြန်ပြီးအသက်သွင်းနိုင်သေးတယ်။ စိတ်ပူမနေနဲ့။”
ထိုစကားပြောပြီးသည်နှင့် လိပ်နက်သားရဲကို လုရှောင်ယန် လျစ်လျူရှုထားလိုက်တော့သည်။ ကျန်ရှိသည့်သိုင်းဘုရင်အဆင့်သားရဲများက ယုတ်မာသည့်အပြုံးကြီးများဖြင့် ၎င်းကိုဝန်းရံလိုက်ကြလေသည်။
“ဟေ့! ညီအစ်ကိုတို့! အေးအေးဆေးဆေးစကားပြောကြရအောင်လား။ အဲလောက် မလောကြနဲ့နော်။ ငါတို့အားလုံး သားရဲတွေပဲဟာ။ တစ်ကောင်ကိုတစ်ကောင် မျက်နှာသာပေးရမှာပေါ့။”
“အိုက်ယိုး! ငါ့အောက်ပိုင်းကို ဘယ်သူကန်တာလဲကွ? မင်းတို့တွေ ဘာလို့ဒီလောက်တောင် အရှက်မဲ့ကြတာလဲ?”
……..
လုရှောင်ယန်သည် တပည့်များရှေ့သို့ လျှောက်သွားကာ အားလုံးက ချက်ချင်းပင် ရှေ့တစ်လှမ်းတိုးလို့ နှုတ်ဆက်လာကြသည်။
“ဆရာ့ကို နှုတ်ဆက်ပါတယ်။”
လုရှောင်ယန် ခေါင်းညိတ်လိုက်ကာ ကျေနပ်လို့နေသည်။
ဤတပည့်များသည် ဟိုအရူးလိပ်နက်သားရဲနှင့်မတူစွာ မဆိုးကြပေ။ နည်းနည်းလေးတော့ ရူးနှမ်းသည်ဆိုသော်လည်း သူ့ကိုတော့ ဂရုစိုက်နေကြတုန်းပင်။
“ဆရာ၊ အဆင်ပြေနေတာ ကောင်းလိုက်တာ။ အစောကတိုက်ပွဲကြောင့် ကျွန်တော်တို့အားလုံး လန့်သွားကြတာပဲ။”
“ဟုတ်တယ် ဆရာ! ဆရာက အရမ်း သူရဲကောင်းဆန်တာပဲ။”
လုရှောင်ယန် မျက်ခုံးအသာပင့်လိုက်သည်။ ဘာလို့ ဒီတပည့်တွေအားလုံး ဖော်လံဖားလုပ်ဖို့ပဲ သင်ယူလိုက်ကြတာလဲ?
ယွင်လီကောဆီကနေ ကူးသွားတာများလား?
တကယ်သာ အဲလိုဆို ဟိုကောင်စုတ်လေးကို သင်ခန်းစာကောင်းကောင်းပေးမှဖြစ်တော့မယ်။
သို့သော်လည်း တကယ်တမ်းတွင် သူတို့သည် လုရှောင်ယန်ကို မြှောက်ပင့်ပြောဆိုကြသော်လည်း စိတ်ရင်းကတော့ပါလေသည်။
ယနေ့ လုရှောင်ယန်၏တိုက်ပွဲသည် အတော်လေးထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းခဲ့သည်။
ဤလောကရှိအဆင့်မြင့်ဆုံးတိုက်ပွဲကိုပြပါဆိုလျှင် ယနေ့ဖြစ်ပွားခဲ့သော သူနှင့်လီချင်းဖန်၏တိုက်ပွဲပင်ဖြစ်လိမ့်မည်။
ထိုအချိန်မှာပဲ ကျွင့်ပုကျန်းသည် သူ့ဘိုးဘေးကို အမြန်ဆွဲခေါ်လာခဲ့သည်။
“ဆရာ၊ ကျွန်တော့်ဘိုးဘေးလည်း နတ်ဘုရားအဆင့်လက်နက်သံကြိုးနဲ့ အချည်ခံထားရတယ်။ သူ့ကို ကူဖြုတ်ပေးလို့ရမလား?”
လုရှောင်ယန် တစ်ချက်ဝေ့ကြည့်လိုက်ရာ ဘိုးဘေးကျွင့်သည် ရှက်ရွံ့မှုကြောင့် ခေါင်းကိုအတင်းငုံ့ထားလေသည်။ လုရှောင်ယန် သာမာန်ကာလျှံကာ ပြုံးလိုက်ပြီး သူ့ညာလက်ကိုဝှေ့ယမ်းကာ ခွန်းလွန်ဓားကို ထုတ်ယူလိုက်သည်။ ထို့နောက် ဓားကို ထောင့်ဖြတ်တစ်ချက်လွှဲလိုက်သည်နှင့် ဘိုးဘေးကျွင့်၏ကိုယ်ပေါ်မှသံကြိုးကို ချက်ချင်းဖယ်ရှားပေးခဲ့လေသည်။
ဘိုးဘေးကျွင့်က ချက်ချင်းပင် လုရှောင်ယန်ကို ဦးညွှတ်လိုက်သည်။
“ကျွန်တော် ဂျူနီယာကျွင့်ချန်းမင်၊ ဒီနေ့ ဒီလောကမှာ စီနီယာကြီးလိုမျိုး ပြိုင်ဘက်ကင်းကျွမ်းကျင်သူမျိုးနဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ဒီနေ့ ကျွန်တော့်ရဲ့အမြင်တွေ တကယ်ကိုပွင့်သွားပါပြီ။”
လုရှောင်ယန် လက်ကို အသာဝှေ့ယမ်းလိုက်ကာ၊ “ကိစ္စမရှိပါဘူး၊ စီနီယာကျွင့်။ အသက်အရပြောရကျေးဆို ကျုပ်ကမှ ခင်ဗျားကို စီနီယာလို့ ခေါ်သင့်တာပါ။”
“မဟုတ်တာ၊ မဟုတ်တာ၊ မဟုတ်တာ။ သိုင်းပညာလမ်းကြောင်းမှာ ပိုပြီးထူးချွန်အောင်မြင်သူတွေကသာ ဆရာဖြစ်ထိုက်တာပါ။ စီနီယာလုရဲ့ကျင့်ကြံခြင်းက အရမ်းအစွမ်းထက်တယ်ဆိုမှတော့ ကျွန်တော့်ဘက်က မင်းကို စီနီယာလုလို့ခေါ်တာ သဘာဝကျပါတယ်။”
တစ်ဖက်လူက အခိုင်အမာပြောနေခြင်းကြောင့် လုရှောင်ယန်လည်း ဆက်ပြီးအငြင်းပွားမနေတော့ပေ။
“ကောင်းပြီလေ၊ ခင်ဗျားက ခေါ်ချင်တယ်ဆိုမှတော့ အဆင်ပြေသလိုသာ ခေါ်ပါတော့။”
“ကျေးဇူးတင်ပါတယ်၊ စီနီယာလု။ ကျွန်တော် စီနီယာလုကို တ စ်ခုလောက် အရဲကိုးပြီးတောင်းဆိုချင်ပါတယ်။”
“ပြောပါ။”
“တကယ်တော့၊ ကျွန်တော် ငယ်ငယ်တုန်းက အရမ်းကိုထူးချွန်ခဲ့တဲ့သူပါ။ စီနီယာကြီးရဲ့ဂိုဏ်းမှာ တပည့်နေရာလွတ်လေးတစ်နေရာလောက်များ ရှိဦးမလားမသိဘူး။ ဖြစ်နိုင်ရင် ကျွန်တော့်အတွက် တစ်နေရာလောက် ချန်ပေးလို့ရနိုင်မလား?”
လုရှောင်ယန် : “….”
သိနေတယ်လေ။ ဤဘိုးဘေးကျွင့်ဆိုသူသည် ကျွင့်မိသားစု၏ဘိုးဘေးတစ်ယောက်ဖြစ်သည်။ သူသာ အကျိုးအမြတ်တစ်ခုခုကို မမျှော်ကိုးနေရင် သူ့အဆင့်အတန်းနဲ့ အောက်ကြို့ပြီး သူ့(လုရှောင်ယန်)ကို စီနီယာကြီးလို့ ခေါ်နေမှာတဲ့လဲ။
လုရှောင်ယန် ဆွံ့အသွားတော့သည်။
သူ့ဆရာ၏အမူအရာ အရုပ်ဆိုးသလိုဖြစ်နေသည်အား မြင်ရသည်နှင့် ကျွင့်ပုကျန်းတစ်ယောက် ဘိုးဘေးကျွင့်၏ဝတ်ရုံလက်စကိုဆွဲကာ ဒေါသတကြီးပြောလိုက်သည်။
“ဘိုးဘေး၊ ကိုယ့်ကိုယ်ကိုအရှက်မခွဲလို့မရဘူးလား။ ဘိုးဘေး အသက်ဘယ်လောက်တောင် ရှိနေပြီလဲ?”
ဘိုးဘေးကျွင့်ကတော့ ဝတ်ရုံလက်စကို ပြန်ဆောင့်ဆွဲလိုက်ကာ၊ “ဘာအတွက် ရှက်ရမှာလဲ? ငါက စီနီယာလုကို ငါ့ဆရာဖြစ်ပေးဖို့ တောင်းဆိုပြီး ငါ့ရဲ့သိုင်းပညာလိုက်စားမှုအပေါ် ဘယ်လောက်အထိ စိတ်အားထက်သန်ကြောင်း ပြလိုက်ရုံပဲ။ ဘာအတွက် ရှက်နေရမှာလဲ?”
ခဏနေသည်နှင့် သူသည် လုရှောင်ယန်ရှေ့တွင် ဒူးထောက်ချလိုက်တော့သည်။
“စီနီယာကြီး၊ ကျုပ်-ကျွင့်ချန်းမင်က သိုင်းဘုရင်ဒဿမအဆင့်ကိုရောက်နေပါပြီ။ စီနီယာကြီးကို ကျုပ်ရဲ့ဆရာအဖြစ် သတ်မှတ်လိုပါတယ်။ စီနီယာကြီးဆန္ဒရှိရဲ့လား? စီနီယာကြီးသာ ဆန္ဒရှိသ၍ ကျုပ်ရဲ့ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး မင်းကို အလုပ်အကျွေးပြုသွားပါ့မယ်။”
လုရှောင်ယန် မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့ပေ။
အစောက လီချင်းဖန်၏ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုပြီးနောက်တွင် ဝမ့်ခိုက်သည် ချက်ချင်းဆိုသလို တစ်ဖက်လူ၏ကံတရားကိုဝါးမြိုကာ သူ၏ဒန်ထျန်ထဲသို့ စုပ်ယူလိုက်သည်။ အခုတော့ ဝမ့်ခိုက်လည်း အဆင့်တက်ဖို့အတွက် ထွက်သွားပေပြီ။
ဤအချိန်အတောအတွင်း ဝမ့်ခိုက်ဘက်က တစ်ခုခုတုံ့ပြန်လာမည်မဟုတ်ပေ။
အချိန်က အလွန်ကြပ်တည်းနေတာကြောင့် လုရှောင်ယန်ပင်လျှင် မြင်းနက်ကိုသတ်ခြင်းမှ ရရှိသည့်ဆုလာဘ်များအကြောင်း ဝမ့်ခိုက်၏တင်ပြမှုကို နားထောင်ဖို့ရန် အချိန်မရခဲ့ပေ။
သို့သော်လည်း ပြောကာမှ ဘိုးဘေးကျွင့်သည် သူ၏ကျင့်ကြံဆင့်ကို ဆက်ပြီးတိုးမြှင့်နိုင်ခြင်းမရှိသော်လည်း ပြီးပြည့်စုံသောသိုင်းဘုရင်ဒဿမအဆင့်တစ်ယောက် ဖြစ်နေသေးသည်။
သူသာ တစ်ဖက်လူကို အမည်မဲ့ဂိုဏ်း၏တပည့်တစ်ယောက်အဖြစ်လက်ခံလိုက်မည်ဆိုလျှင် သိုင်းကျင့်ဖော်အဖြစ်အသုံးချ၍ရပေမည်။ ဒီလိုဆို အဆင်မပြေသွားဘူးလား?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၇၅ တစ်ဆင့်ပြီးတစ်ဆင့်
ပြီးပြည့်စုံသည့်သိုင်းဘုရင်ဒဿမအဆင့် လေ့ကျင့်ဖော်… ကျွတ်.. ကျွတ်… ဒါသေချာပေါက် အမြတ်ထွက်မယ့်အပေးအယူပဲ။
ထိုသို့တွေးကြည့်ပြီးနောက်ဆုံး လုရှောင်ယန် ပြန်ပြောလာခဲ့သည်။ “ကျုပ်က ပုံမှန်အားဖြင့် တပည့်တွေကို အလျဉ်းသင့်သလို လက်ခံလေ့မရှိဘူး။ အရည်အချင်း လုံလုံလောက်လောက်မရှိရင် သူ့ကိုတပည့်အဖြစ်မခေါ်ဘူး။”
ဘိုးဘေးကျွင့်၏မျက်လုံးထဲ စိတ်ပျက်ဝမ်းနည်းသွားသည့်အရိပ်အယောင်တစ်ချက် ဖြတ်သွားသည်။
“ဒါပေမယ့်၊ ဒီလိုဆိုရင်တောင် ခင်ဗျား ကျုပ်ရဲ့ဂိုဏ်းထဲဝင်လို့မရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ဒီလိုဆိုရင်ရော? ဒီနေ့ကစလို့ ကျုပ်တပည့်တွေလည်း တပည့်လက်ခံဖို့အတွက် အရည်အချင်းပြည့်မီနေကြပြီ။ သူတို့လည်း ကိုယ်တိုင်တပည့်လက်ခံပြီး အမည်မဲ့ဂိုဏ်းရဲ့ကျင့်ကြံခြင်းနည်းလမ်းတွေကို သင်ပေးနေနိုင်ပြီ။ ခင်ဗျား ဆရာတစ်ယောက်လိုချင်နေရင် သူတို့ထဲကနေပြီး ခင်ဗျားဆရာဖြစ်ဖို့ ရွေးလို့ရနိုင်တယ်။ ခင်ဗျားလည်း သူတို့ဆီကနေ ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ယူလို့ရတာပေါ့။”
တစ်ဖက်လူကို သူ့တပည့်၏တပည့်ဖြစ်ခိုင်းစေလိုက်ခြင်းဖြင့် သူအလုပ်ရှုပ်သက်သာရုံသာမက တစ်ဖက်လူကို အမည်မဲ့ဂိုဏ်းထဲသို့ သွင်းပြီးသားလဲ ဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးတော့ ဘိုးဘေးကျွင့်က သိုင်းဘုရင်ဒဿမအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပဲ။ ဒီလိုလူမျိုးက အနှေးနဲ့အမြန်အသုံးဝင်တဲ့နေရာရှိလာမယ်။
ဘိုးဘေးကျွင့်၏မျက်လုံးအရောင်တို့ တလက်လက်ဖြစ်လို့သွားသည်။
ဒါပေါ့ လုရှောင်ယန်ကို သူ၏ဆရာအဖြစ် မသတ်မှတ်နိုင်ခဲ့သည့်အတွက်တော့ အတော်လေးစိတ်မကောင်းဖြစ်မိသည်…
သို့သော်လည်း လုရှောင်ယန်၏တပည့်ကို သူ့ဆရာအဖြစ်သတ်မှတ်ပြီး သူ့သိုင်းရည်ရွယ်ချက်၏နောက်ဆုံးလိုအပ်ချက်လေးကို ဖြည့်တင်းနိုင်အောင် သင်ယူနိုင်မည်ဆိုလျှင် သေချာပေါက် နတ်လောကသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ဤအတိုင်းသာဆိုလျှင် သူ၏ပန်းတိုင်က ရယူပိုင်ဆိုင်နိုင်ပြီးသားပင်။
နတ်လောကသို့တက်လှမ်းပြီး စစ်မှန်သောနတ်ဘုရားတစ်ပါးဖြစ်လာဖို့ရန်အတွက် ဘာတွေကိုများဂရုစိုက်နေရဦးမည်နည်း?
“ကောင်းပါပြီ! ကျေးဇူးတင်ပါတယ်၊ စီနီယာလု!”
လုရှောင်ယန်ခေါင်းညိတ်လိုက်သည်။ “ဒီကကိစ္စအားလုံး ပြေလည်သွားပြီ။ လူတိုင်း အမည်မဲ့ဂိုဏ်းကို ချက်ချင်းပြန်ပြီး ကျင့်ကြံဖို့လုပ်ကြတော့။”
“ဟုတ်ကဲ့ပါ!”
လူတိုင်းပြန်ဖြေလိုက်ပြီးနောက် အမည်မဲ့ဂိုဏ်းဆီသို့ အတူတကွပျံသန်းသွားကြသည်။
ဘိုးဘေးကျွင့်နှင့် သူ့မြေးသည်တော့ နောက်ဆုံးမှနေ၍ ပျံသန်းလိုက်လာခဲ့သည်။
“အဘိုး၊ ဘာလို့ တခြားတစ်ယောက်ကို ဆရာအဖြစ်အသိအမှတ်ပြုချင်နေတာလဲ? အဘိုး ကျွန်တော်တို့ ကျွင့်မိသားစုကြီးရဲ့ ဘိုးဘေးနော်!”
“ဘာလဲ? ငါ့တစ်ဘဝလုံးကျွင့်မိသားစုအတွက်ပဲ ပေးဆပ်လာခဲ့တာ။ တစ်ကြိမ်လောက်လေးတောင် ငါ့ဘဝနဲ့ငါနေခွင့်မရှိဘူးလား? ဒါက ဆရာတစ်ယောက်ရှာနေရုံပဲမဟုတ်လား? ကိုယ်လုပ်တော်ရှာနေတာလည်း မဟုတ်ဘူး။”
“အဲလိုတော့မဟုတ်သေးဘူးလေ။ ဒါပေမယ့် ကျွန်တော့်ဆရာပြောသလိုသာ အဘိုးတစ်ယောက်ယောက်ကို ဆရာအဖြစ်အသိအမှတ်ပြုမယ်ဆိုရင် ကျွန်တော့်အမည်မဲ့ဂိုဏ်းရဲ့ပထမမျိုးဆက်တပည့်တွေကိုပဲ အသိအမှတ်ပြုနိုင်မှာ။ ဒီလိုသာဆို အဘိုးရဲ့မျိုးဆက်က ကျွန့်တော့်ထက် ငယ်မသွားဘူးလား? အဘိုးက ကျွန်တော့်ဘိုးဘေးလေ! ဒီလိုသာဖြစ်သွားရင် ကျွန်တော့်ထက်အဆင့်နိမ့်မသွားဘူးလား?”
ဘိုးဘေးကျွင့်က အဓိပ္ပါယ်ပါပါပြန်ပြောလာသည်။ “မိုက်မဲလိုက်တဲ့ကလေး။ မင်းငါ့အဆင့်အထိရောက်ဖူးပြီးရင် နားလည်လာပါလိမ့်မယ်။ ကျော်ကြားမှုနဲ့ဥစ္စာဓနတွေဆိုတာ တိမ်တိုက်တွေထက် ဘာမှမသာလွန်ဘူး။ ကျင့်ကြံခြင်းကသာလျှင် မင်းရဲ့အစစ်အမှန်ပိုင်ဆိုင်မှုပဲ။”
ကျွင့်ပုကျန်း၏ခန္ဓာကိုယ်က တုန်ရီလို့သွားသည်။ သူ့ဘိုးဘေးသည် သိုင်းပညာလမ်းကြောင်းကို အလွန်အမင်းစွဲလမ်းနေကာ သူ၏ကျော်ကြားမှုနှင့်ဂုဏ်သိက္ခာတို့ကိုတော့ ဂရုမစိုက်ဘဲနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ဒါကမှ ခိုင်မာတဲ့စိတ်နှလုံးသားရှိတဲ့သိုင်းပညာရှင်မျိုးပဲ!
ဒါပေမယ့် သူကတော့ သူ့ဘိုးဘေးကို တစ်ကြိမ်ပြီးတစ်ကြိမ် ကြားဝင်တားဆီးနေခဲ့တယ်။ အခုတော့ သူ မတားနေသင့်ဘူးဆိုတာကို သေချာသိလိုက်ပေပြီ။
ကျွင့်ပုကျန်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် မျက်နှာအမူအရာက ပြောင်းလဲသွားကာ၊ “ဘိုးဘေး၊ ဒီလိုဆိုမှတော့ ကျွန်တော့်ကိုပဲ ဆရာအဖြစ်အသိအမှတ်ပြုလိုက်ပါ! အခုကစပြီး အဘိုးရဲ့ကျင့်ကြံခြင်းအပေါ် ကျွန်တော် သေချာလမ်းညွှန်ပြသပေးမယ်။ စိတ်မပူနဲ့၊ ကျွန်တော်နဲ့သာဆို အမည်မဲ့ဂိုဏ်းမှာ အဘိုးကို ဘယ်သူမှအနိုင်ကျင့်မှာမဟုတ်ဘူး။”
ကျွင့်ပုကျန်းခေါင်းကို တစ်ချက်လောက်ဖြတ်မရိုက်ခင် ဘိုးဘေးကျွင့်တအောင့်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
“မင်းက အခွင့်ကောင်းလာယူနေတာလား? ငါက မင်းရဲ့ဘိုးဘေးကွ။ မင်းကိုဘယ်လိုလုပ် ဆရာအဖြစ် အသိအမှတ်ပြုနိုင်မှာလဲ? ဒီမလေးစားတဲ့ကောင်စုတ်လေးကတော့၊ တော်တော်လေးအရိုက်ခံချင်နေပုံပဲ။”
ကျွင့်ပုကျန်း အပြစ်တင်ခံလိုက်ရသည့်အမူအရာသို့ ပြောင်းသွားကာ၊ “ဘိုးဘေးကလည်း၊ အစောကတင် ကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘူးလား? သိုင်းပညာလမ်းကြောင်းကို လိုက်စားမယ်ဆိုရင် ဘာဂုဏ်သတင်းကိုမှ ဂရုစိုက်နေစရာမလိုဘူးဆို။”
“ငါ့ဂုဏ်သတင်းတွေဘာတွေကို ဂရုမစိုက်ဘူးဆိုတာနဲ့ မင်းငါ့အပေါ် အခွင့်ကောင်းယူလို့ရမယ်လို့ မဆိုလိုဘူး။”
“ဒါပေမယ့်၊ ကျွန်တော်က အဘိုးရဲ့မျိုးဆက်လေ။ ကျွန်တော်သာ ကိုယ်တိုင်ကိုယ်ကျသင်ပေးမယ်ဆိုရင် တခြားလူတွေထက် သေချာပေါက်ပိုပြီး အာရုံစိုက်ပေးမှာပါ။”
“ဟမ်? ဒီတော့ ငါသာ မင်းကို ဆရာအဖြစ်အသိအမှတ်မပြုဘူးဆိုရင် မင်းက အလုပ်ရှုခံပြီး ငါ့ကိုမသင်ပေးဘူးဆိုတဲ့သဘောလား?”
ကျွင့်ပုကျန်း : “သေချာပေါက် မဟုတ်ဘူးပေါ့! ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် သင်ပေးနေဦးမှာပါ။”
သူ့ဘိုးဘေးကို မသင်ပေးနိုင်ပါဘူးလို့ ဘယ်လိုလုပ်ပြီးများ ပြောရဲမှာတဲ့လဲ? သူသာပြောလိုက်ရင် ချက်ချင်းလက်ငင်း အခေါင်းထဲအပို့ခံလိုက်ရလိမ့်မယ်။
သို့သော်လည်း သူတကယ်ကို နားမလည်နိုင်ပေ။ ဘိုးဘေးသာ တစ်ယောက်ယောက်ကို ဆရာဖြစ်အသိအမှတ်ပြုလိုက်ရင် သူ(ကျွင့်ပုကျန်း)ကလည်း ဘိုးဘေးရဲ့ဆရာဦးလေးမဖြစ်သွားဘူးလား?
ဒီလိုဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘိုးဘေးအပေါ် အခွင့်ကောင်းယူသလိုဖြစ်နေဦးမှာပဲလေ!
သူဘိုးဘေး ဘာတွေတွေးနေမှန်း သူတကယ်ကို မသိနိုင်တော့ပေ။
တကယ်တော့ အသက်ကြီးလေ ပိုပညာရှိလေပင်။ ကျွင့်ချန်းမင်သည် ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျွင့်ပုကျန်းသည် လုရှောင်ယန်၏တပည့်ဖြစ်လာပြီးနေပေပြီ။ သူ့အနေနှင့် ကျွင့်ပုကျန်း၏တပည့်ဖြစ်ဖို့ကတော့ မဖြစ်နိုင်ပေ။
သို့သော်လည်း တခြားတစ်ယောက်၏တပည့်ဖြစ်လာမည်ဆိုလျှင်တော့ ကွာခြားသွားပေပြီ။
ဤအရာက ရုံးတစ်ခုနှင့်မကွာခြားပေ။ တစ်မိသားစုထဲကလူတွေအနေနှင့် မတူညီသည့်ဌာနတွေမှာ လုပ်ကိုင်သည်က ပိုကောင်းလိမ့်မယ် မဟုတ်ဘူးလား?
တစ်စုံတစ်ရာသာဖြစ်လာခဲ့လျှင် အချင်းချင်းလည်းကာကွယ်ပေးနိုင်သည်။ ထို့အပြင် သူတို့အားလုံး တဖွဲ့လိုက်ကြီးအလုပ်ဖြုတ်ခံရမည့်အရေးမှလည်း ကာကွယ်ထားပြီးသားဖြစ်မည်။
ဒါ့အပြင် အလွန်အရေးကြီးသည့်ပြဿနာတစ်ခုလည်း ရှိသေးသည်။
ကျွင့်ချန်းမင်သည် ကျွင့်ပုကျန်း၏စွမ်းရည်အပေါ် အလွန်သံသယရှိနေခြင်းပင်။
သေချာပေါက် ကျွင့်ပုကျန်းသည် အမှန်ကို ပါရမီရှင်တစ်ယောက်ပင်။ ကျွင့်မိသားစုလူငယ်မျိုးဆက်တို့၏ခေါင်းဆောင်လည်းဖြစ်ကာ သိုင်းဘုရင်စတုတ္ထအဆင့်သို့လည်း ရောက်နေပြီဖြစ်သည်။
သို့သော်လည်း ဤမျှကျင့်ကြံဆင့်သည် စီနီယာလု၏ကျန်တပည့်များရှေ့တွင်တော့ သေချာပေါက် ဘာမှပြောပလောက်မည်မဟုတ်ပေ။
ဒါကမှ အကြီးဆုံးပြဿနာပဲ။
သူ ကျွင့်ချန်းမင်ရှာချင်သည့်လူသည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးကိုပင်။ စီနီယာလု၏တပည့်မဖြစ်နိုင်လျှင်တောင်မှ စီနီယာလု၏အသန်မာဆုံးတပည့်၏တပည့်တော့ ဖြစ်နိုင်သေးသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ထိုအချက်များနှင့်ကိုက်ညီမည့်တပည့်မှာ သေချာပေါက် ဂိုဏ်း၏တပည့်ခေါင်းဆောင်သာဖြစ်ရပေမည်!
ဒါကြောင့်မို့ သူကျွင့်ချန်းမင်သည် အမည်မဲ့ဂိုဏ်း၏အကြီးဆုံးစီနီယာအစ်ကိုကြီး၏တပည့်ဖြစ်လာဖို့နည်းလမ်းကို စဉ်းစားမှဖြစ်မယ်။
ဒီလိုသာဆို သူ့အနာဂတ်လမ်းကြောင်းက အလွန်တောက်ပနေပြီဟု ကျွင့်ချန်းမင် ခံစားလိုက်ရသည်။ ဟဟဟ…
….
တစ်ဖက်တွင်တော့ ထာဝရသစ်တော၏အစိတ်အပိုင်းတစ်ခုတွင် ဟန်ကျန့်တစ်ယောက် ကြီးမားသည့်သစ်ပင်ကြီးတစ်ပင်အောက်၌ ပုန်းကွယ်နေခဲ့သည်။ သစ်ရွက်များကြားကနေပြီး ကောင်းကင်ယံကို တိတ်တဆိတ် ခိုးကြည့်နေခဲ့သည်။
ထိုနေရာတွင် ဝိညာဉ်စွမ်းအင်အစီအရင်တစ်ခုကို တည်ဆောက်ထားခဲ့သည်။
ထိုအစီအရင်ကို ဤနေရာရှိသိုင်းဘုရင်အဆင့်သားရဲတစ်ကောင်ကို ဖမ်းဖို့ရန် အသုံးပြုထားခြင်းပင်။
သူသာ တစ်ကောင်လိုက်ဖမ်းမိနိုင်သ၍ ကျင့်ကြံခြင်းဆိုရင် အရင်းအမြစ်များစွာဖြင့် လဲလှယ်နိုင်ပေသည်။ အနည်းဆုံးတော့ အချိန်တိုအတွင်း သူ၏ကျင့်ကြံခြင်းတွင် ပြဿနာတစ်စုံတစ်ရာနှင့်ကြုံတွေ့တော့မည်မဟုတ်ပေ။
သူ အမဲလိုက်ခြင်းကိုအာရုံစိုက်နေချိန်မှာပဲ ဟန်ကျန့်၏နှုတ်ခမ်းစွန်းက ရုတ်တရက်ကော့တက်သွားလေသည်။
အကြောင်းကတော့ သိုင်းဘုရင်အဆင့်သားရဲတစ်ကောင် ချဉ်းကပ်လာသည်ကို မြင်လိုက်ရခြင်းကြောင့်ပင်။
မကြာလိုက်ပါဘဲ ဖီးနစ်သဏ္ဍာန်ကြိုးကြာတစ်ကောင်သည် လေအဟုန်နှင့်အတူ ဟန်ကျန့်၏အစီအရင်ထဲသို့ အလျင်အမြန်ဝင်ရောက်လာခဲ့သည်။ ၎င်းက လုံးဝသတိထားနေခြင်းမရှိပေ။
“ရပြီကွ!”
ဟန်ကျန့် အလွန်ပျော်ရွှင်သွားကာ အစီအရင်ကို ချက်ချင်းအသက်သွင်းလိုက်သည်။
နောက်တစ်ခဏမှာပဲ ဖီးနစ်သွေးမျိုးဆက်ရှိသည့်ကြိုးကြာသည် အစီအရင်ထဲတွင် ထောင်ချောက်မိသွားတော့သည်။
သို့သော်လည်း မသေမျိုးကြိုးကြာကို ဟန်ကျန့်တိုက်ခိုက်ဖမ်းယူတော့မည့်အချိန်မှာပဲ ကောင်းကင်ထက်ရှိ လေဟာနယ်အတားအဆီး ပြင်းထန်လှသည့်အင်အားတစ်ရပ်ကြောင့် ကျိုးပျက်သွားတော့သည်။
“မကောင်းတော့ဘူး!”
ဟန်ကျန့်၏သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားရသည်။ သူ မသေမျိုးကြိုးကြာကို အမြန်တိုက်ပြီးဖမ်းယူဖို့ကြံလိုက်သော်လည်း အလွန်နောက်ကျသွားပေပြီ။
စက္ကန့်ဝက်ပင်မရှိသည့်အချိန်အတွင်း လေဟာနယ်အက်ကွဲကြောင်းသည် သိုင်းဘုရင်အဆင့်မသေမျိုးကြိုးကြာကို ဝါးမြိုသွားခဲ့သည်။
ထိုအချိန်မှာပဲ ဟန်ကျန့်သည်လည်း ချက်ချင်းပင် ပျံတက်သွားကာ ရူးသွပ်စွာ အော်ဟစ်လိုက်တော့သည်။
“နောက်ထပ် ဘယ်ကောင်လုပ်ပြန်တာလဲ! အရှက်မဲ့လိုက်တာ! မင်းတို့သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ချစမ်း!”
“အနောက်မှာပုန်းနေတဲ့ကောင်ဘယ်သူလဲကွ? မင်း ငါ့အစီအစဉ်တွေကို အမြဲဖျက်ဆီးတယ်။ ငါမင်းကို မတွေ့ရစေနဲ့။ မဟုတ်လို့ကတော့ မင်းတို့ ဆွေစဉ်မျိုးဆက်၈ဆက်လုံးကို ကျိန်စာတိုက်ပစ်မယ်!”
…….
“ဟက်ချိုး!”
အမည်မဲ့ဂိုဏ်းသို့ပြန်ရောက်ခါစ လုရှောင်ယန်မှာ စိတ်ရှုပ်သွားရသည်။
“ငါ့နောက်ကွယ်မှာ ဘယ်ကောင် ကျိန်ဆဲနေတာလဲ? အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်။”
သို့သော်လည်း သူမြန်မြန်ဆန်ဆန်ပဲ ခေါင်းကိုယမ်းလိုက်သည်။
ထို့နောက် သူ့စိတ်ကို ဝမ့်ခိုက်ချန်ခဲ့သည့်ဇယားပေါ်သို့ နှစ်ထားလိုက်သည်။
လီချင်းဖန်ကို သတ်ခဲ့ချိန်တုန်းက ဝမ့်ခိုက်သည် သူ့ကိုပစ္စည်းကောင်းတွေချည်းပေးခဲ့လေသည်။
ပထမဆုံးအနေနဲ့၊ သူ၏ကျင့်ကြံဆင့်သည် တစ်ဆင့်မြင့်သွားခဲ့သည်။ လုရှောင်ယန်သည် အစတုန်းက သိုင်းဘုရင်နဝမအဆင့်တွင်ရှိနေခဲ့တာကြောင့် အခုဆို ပြီးပြည့်စုံသည် သိုင်းဘုရင်ဒဿမအဆင့်သို့ ရောက်သွားပေပြီ။
သိုင်းဘုရင်ဒဿမအဆင့်ကိုဖြတ်ကျော်ပြီး လောကတွင်ဂုဏ်ယူဝံ့ကြွားစွာရပ်တည်နိုင်မည့် နတ်ဘုရားအဆင့်ကျင့်ကြံသူဖြစ်ဖို့ရန် အနည်းငယ်သာကွာဝေးပေတော့သည်။
လူပေါင်းများစွာသည် သူတို့ဘဝတစ်လျှောက်လုံး ဤအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ကြပေ…
သို့သော်လည်း လုရှောင်ယန်သည်တော့ သေချာပေါက် ဖြတ်ကျော်နိုင်ပေမည်။
ပထမဆုံးအနေနှင့် သူ၏အရည်အချင်းသည် အလွန်တရာမြင့်မားတာကြောင့် လုံးဝပြဿနာမရှိနိုင်ပေ။
ဒုတိယအနေနှင့် သူ့တွင် တပည့်များရှိသည်။ သူ့တပည့်များပေါ်တွင်သာ မှီခိုနေမည်ဆိုလျှင်တောင်မှ ထိုအဆင့်ကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်နေဦးမည်။
ထို့နောက် ဝမ့်ခိုက်သည် သူ့ကို နတ်တာအိုစစ်မှန်သောရည်ရွယ်ချက်လိုမျိုး ပစ္စည်းတစ်ပုံတပင်ကို ပေးခဲ့သေးသည်။ အခုဆိုလျှင် ၎င်းတို့သည် သူ့အတွက် ဈေးထဲမှ ကြက်သွန်တွေလိုပင် တောင်ပုံရာပုံဖြစ်နေပေပြီ။
ဒါပေါ့၊ များနေပြီဆိုရင်တောင် ပစ္စည်းကောင်းတွေပါပဲ။
ဒါတွေထက် ဝမ့်ခိုက် သူ့ကို နတ်သလင်းကျောက်တွေအများကြီးပေးဖူးသည်မှာ ဒါပထမဆုံးအကြိမ်ပင်။
၎င်းသည် သေမျိုးလောကမှ ဝိညာဉ်ကျောက်တုံးများနှင့်တူညီကာ ဝမ့်ခိုက်သည် ထိုနတ်သလင်းကျောက် ၁သိန်းပေးခဲ့သည်။
လုရှောင်ယန်အနေနှင့် ထိုအရာများကို ဆင်ဆင်ခြင်ခြင်သုံးမှဖြစ်ပေမည်။
အနာဂတ်တွင် ထိုအရာများကို သေချာပေါက်လိုအပ်လာမည်လား ဘယ်သူသိမှာတဲ့လဲ?
နောက်ထပ်ပြီး နတ်အသုံးအဆောင်ချပ်ဝတ်တချို့လည်း ရထားသေးသည်။
လုရှောင်ယန်သည် ထိုပစ္စည်းမျိုးကို တခြားသူတွေထက် ပိုလိုအပ်ကာ အရမ်းလည်း သဘောကျသည်။
ဤချပ်ဝတ်များနှင့်ဆိုလျှင် နတ်အသုံးအဆောင်လက်နက်နှင့်တိုက်ခိုက်လာသည့်ပြိုင်ဘက်ဖြစ်နေလျှင်တောင်မှ ကြောက်နေစရာလိုတော့မည်မဟုတ်ပေ။
ဒါတွေအားလုံး ဤတစ်ခေါက် မြင်းနက်ကို သတ်ခြင်းမှရရှိလာသည့် ဆုလာဘ်များဖြစ်ပေသည်။
ဤတစ်ခေါက်ရရှိခဲ့သည့် ပစ္စည်းများကို လုရှောင်ယန် ခွဲထုတ်လိုက်ပြီးနောက် ဘိုးဘေးကျွင့်တစ်ယောက် လေးနက်သည့်အမူအရာဖြင့် သူ့ထံလျှောက်လာသည်ကို တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်၊ ကျွန်တော့်ရဲ့ဆရာဖြစ်စေချင်တဲ့လူကို တွေးပြီးသွားပါပြီ။”
“အိုး? ဘယ်သူ့ကိုများ ဆရာအဖြစ်အသိအမှတ်ပြုချင်တာလဲ?”
လုရှောင်ယန် သိချင်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်၊ ကျွန်တော် အမည်မဲ့ဂိုဏ်းရဲ့ဆရာတူအစ်ကိုအကြီးဆုံးဖြစ်တဲ့ ယွင်လီကောကို ဆရာအဖြစ် အသိအမှတ်ပြုချင်ပါတယ်!”
“ဘယ်သူ?”
ရုတ်တရက် လုရှောင်ယန်၏အသံက မြင့်တက်သွားကာ ဘိုးဘေးကျွင့်တစ်ယောက် တိတ်တဆိတ်ပျော်ရွှင်မိသွားသည်။
သူ့ရွေးချယ်မှုမှန်ကန်သွားသည်ဟု ခံစားမိလိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်တောင်မှ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ထိတ်လန့်သွားရတယ်မဟုတ်လား။
“ဂိုဏ်းချုပ်၊ ကျွန်တော် အမည်မဲ့ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်ယွင်လီကောကို ဆရာအဖြစ် အသိအမှတ်ပြုချင်ပါတယ်။”
“ခင်ဗျား သေချာပြီလား?”
“သေချာပါပြီ။”
“ဒါဆိုလည်း… ကောင်းပြီလေ။”
လုရှောင်ယန် ဘိုးဘေးကျွင့်အား အလွန်လေးနက်သည့်အမူအရာနှင့်ကြည့်နေခဲ့သော်လည်း မတားမြစ်ခဲ့ပေ။
ကျွင့်ချန်းမင်မှာ ထူးခြားတဲ့စိတ်ဝင်စားမှုမျိုးရှိနေတာ ဖြစ်နိုင်တာပဲ။
“ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်။ ဒီလိုဆို သူ့ကိုသွားရှာပြီး ဆရာအဖြစ်အသိအမှတ်ပြုလိုက်ပါဦးမယ်။”
“သွား.. သွား..”
“ဟုတ်ကဲ့ပါ!”
ဘိုးဘေးကျွင့် ပျော်ပျော်ကြီးပြန်သွားသည်အားမြင်ကာ လုရှောင်ယန်တစ်ယောက် ဆွံ့အနေမိသည်။
ဘိုးဘေးကျွင့်၏အမူအရာက သူသာ နောက်ကျသွားရင် ယွင်လီကောကို တခြားလူတွေလုသွားမှာကို စိုးရိမ်နေသလိုပဲ။
…..
တချိန်တည်းမှာပဲ ထာဝရသစ်တောမှ ယဲ့မိသားစုတွင်-
“လီချင်းဖန် သေသွားပြီ။ ကြည့်ရတာ ဆရာပြောတာမှန်ပုံပဲ။ သူက လုရှောင်ယန်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”
“ဒါပေမယ့် ဆရာက အားလုံးကိုပြင်ဆင်ထားပြီးသား။ လုရှောင်ယန်ကို လီချင်းဖန် အနိုင်မယူနိုင်ခဲ့ရင်တောင်မှ သူ့ကိုယ်သူဖောက်ခွဲပြီး လုရှောင်ယန်ကို ဒဏ်ရာအပြင်းအထန်ရစေဦးမှာပဲ။ လက်ရှိလုရှောင်ယန် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရထားလောက်တယ်။
ကြည့်ရတာ နောက်အစီအစဉ်ကိုတက်ဖို့အတွက် အချိန်ရောက်ပြီပဲ။”
***