အခန်း (၃၂၆-၃၃၀)
Vol. 22 Ch. 326-330
အပိုင်း ၃၂၆ ငါ့အဖေဘယ်လိုနေလဲ?
"ငါ့ကို ကယ်ပါ"
တစ်ဖက်လူမှ ထိုသို့နူးညံ့စွာပြောလိုက်ပြီးနောက်တွင် ထိုလူဟာ သတိလစ်မေ့မျောသွားလေတော့သည်။ လင်းရှင်းယွဲ့မှာ မူလက ထိုလူအားမကယ်ချင်ပါပေ။ ဘာပဲဖြစ်ဖြစ် သူမဟာလည်း တစ်ချိန်က မိစ္ဆာနတ်ဆိုးအရှင်တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့် သူတော်စင်တစ်ယောက်၏ နှလုံးသားမျိုးရှိမနေပါချေ။
သို့ရာတွင် တစ်ဖက်လူ၏မျက်နှာကိုမြင်သောအခါတွင်မူ အံ့အားသင့်သွား၏။
"နင်...နင်ကငါ့အဖေရဲ့တပည့်မဟုတ်လား? ရှင့်ရဲ့နာမည်က ကျူးကောဆိုလား?"
နောက်တစ်ခဏတွင် လင်းရှင်းယွဲ့၏မျက်နှာမှာ မထိန်းနိုင်ဘဲ ပူလောင်လာ၏။
အဘယ့်ကြောင့် သူမဟာထိုလူကို သူမ၏အဖေဟု ရည်ညွှန်းမိပြန်သနည်း။
အာ...အရမ်းရှက်စရာကောင်းတယ်။
မဟုတ်သေးဘူး၊ သူမဟာဒီအကျင့်ဆိုးကို ပြောင်းလဲပစ်ရမည်။
သို့သော် သူမဟာခေါင်းအားအလျင်အမြန်ခါယမ်းလိုက်၏။
"ငါအခုဒါကိုတွေးမနေသင့်ဘူး။"
စကားဆုံးပြီးပြီးချင်းမှာပင် လင်းရှင်းယွဲ့ဟာ ကျူးကောကျီချုံအား ခေါ်ဆောင်ပြီး လျင်မြန်စွာထွက်ပြေးသွား၏။
သူမထွက်သွားပြီးမကြာခင်မှာပင် လောက၌ ရွှေရောင်အလင်းတစ်ပြတောက်ပလာပြန်၏။ သင်္ကန်းရုံလျက် ဗောဓိပုတီးဝတ်ဆင်ထားသော ဘုန်းကြီးတစ်ပါးဟာ ဒီကမ္ဘာထဲတွင်ပေါ်လာသည်။
သူဟာမြေပြင်ပေါ်ရှိသွေးများကိုကြည့်ရှုလိုက်ပြီး မထိန်းနိုင်စွာ မျက်ခုံးများအတန်ငယ်မြင့်တက်သွားသည်။
"အမိတာဘ၊ ဒီမိစ္ဆာက ကိုယ်တော်ရဲ့ဗဟိုချက်နတ်ဘုရားလက်ဝါးနဲ့ ရိုက်ခံရပြီးတာတောင် လွတ်မြောက်သွားနိုင်မယ်လို့ မျှော်လင့်မထားမိခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့ကိုယ်ပေါ်မှာ အမှတ်အသားချန်ထားခဲ့ပြီးပြီဆိုတော့ ကိုယ်တော့်ရဲ့လက်ထဲကနေ လုံးဝလွတ်မြောက်နိုင်မှာမဟုတ်တော့ပါဘူး။"
စကားဆုံးသည်နှင့် ထိုဘုန်းကြီးဟာ တင်ပလ္လင်ခွေချိတ်ထိုင်ပြီး၊ သူ၏လက်ဝါးများကို အတူတကွထပ်ကာ ဗုဒ္ဓကျမ်းအားရွတ်ဆိုလိုက်သည်။ ခပ်မှိန်မှိန်ရွှေရောင်အလင်းတစ်ခုမှာ ဦးတည်ရာပေါင်းစုံသို့ တဖြည်းဖြည်းပျံ့နှံ့သွား၏။
…
လင်းရှင်းယွဲ့၏ဘက်တွင်မူ သူမဟာကျူးကောကျီချုံအားသယ်ဆောင်လာပြီးကတည်းက ရပ်တန့်ဖို့ပင်မရဲပါချေ။ သူမဟာ ကီလိုမီတာပေါင်းသုံးသောင်းလောက်ရှိတော့မှသာ ဆက်သွားခြင်းကိုရပ်တန့်လိုက်သည်။
ထိုအခိုက်တွက် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှာ အမှောင်ထုသို့ကျရောက်နေပြီဖြစ်သည်။
ဒါကအာရုံမတက်ခင်ကိုအချက်ပြခြင်းပင်!
ထို့အပြင် ဒါက ယင်စွမ်းအင်အသိပ်သည်းဆုံးအချိန်ဖြစ်သည့် နေ့တစ်နေ့၏ အမှောင်မိုက်ဆုံးအခိုက်အတန့်လည်းဖြစ်သည်။
သူမ၏ကိုယ်မှာ ယင်စွမ်းအင်များကို ဘာသာစုပ်ယူနေဟန်တူပြီး လင်းရှင်းယွဲ့၏လက်ထဲမှ ကျူးကောကျီချုံမှာလည်း တဖြည်းဖြည်းချင်းနိုးထလာလေသည်။
လင်းရှင်းယွဲ့အားမြင်ပြီးနောက်တွင် ကျူးကောကျီချုံ၏ နီညိုရောင်မျက်ဝန်းများဟာ အတန်ငယ်အံ့ဩဟန်ပေါ်သွား၏။
"နင်လား? နင်လည်း နတ်ဘုရားလောကကိုလာတယ်ပေါ့?"
"နင်နိုးပြီလား?"
လင်းရှင်းယွဲ့မှာ မြေပေါ်သို့သက်ဆင်းလိုက်ပြီး ကျူးကောကျီချုံအား မြေပေါ်တွင်ချထားပေးလိုက်သည်။ ကျူးကောကျီချုံဟာ သူမ၏သိုလှောင်အိတ်ထဲမှ နတ်ဘုရားသွေးပုလင်းငယ်အားထုတ်ယူလိုက်ပြီး သူမ၏စွမ်းအားကိုပြန်လည်ဖြည့်စွက်ရန် သောက်သုံးလိုက်သည်။ ထို့နောက်တွင်သူမဟာ ချက်ချင်းပဲ ကိုယ်ပေါ်မှဒဏ်ရာများကိုကုစားရန် အဇူရာသက်ရှည်အနုပညာအားအသုံးပြုလိုက်သည်။
"ဟ!"
သူမ၏ဒဏ်ရာများအားကုစားပြီးနောက်တွင် အသက်ကိုကြာရှည်စွာတဝကြီးရှူလိုက်၏။
"ကံကောင်းလို့ ဆရာကငါ့ကို နတ်အဆင့်မှာရှိတဲ့ အဇူရာသက်ရှည်အနုပညာကိုသင်ထားပေးလို့ပဲ။ ဒါနဲ့ဆိုရင် ငါ့ကိုယ်ပေါ်ကဒဏ်ရာတွေကိုကုသနိုင်ပြီ။ မဟုတ်ရင် ငါအဲ့ဒီထိပ်ပြောင်အဘိုးကြီးဆီကနေ အချိန်အကြာကြီး ဖမ်းခံရမှာ။"
"ဘာတွေဖြစ်နေတာလဲ? ဘာလို့အဲ့ဒီထိပ်ပြောင်ကနင့်နောက်ကိုလိုက်နေရတာလဲ?"
"ဒါကအရမ်းမရိုးရှင်းနေဘူးလား? ငါကမကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီးသူက ကတုံးတစ်ယောက်လေ။ သူတို့ရဲ့ဆောင်ပုဒ်ကိုက နတ်ဆိုးတွေကိုသတ်ဖို့ပဲမဟုတ်ဘူးလား။ သူတို့သာငါ့ကိုမသတ်ရင် ဘာလုပ်ကြမှာတဲ့လဲ? ငါနဲ့တွဲကြမှာလား?"
"အမှန်ပဲလေ။ ပြောရရင် ကတုံးတစ်ယောက်က အချစ်ကိုမှမသိပဲ။"
လင်းရှင်းယွဲ့ရေရွတ်ပြီးနောက်တွင် နှစ်ယောက်လုံးဟာ စကားပြောတာကိုရပ်တန့်လိုက်၏။ လေထုဟာခဏတဖြုတ် အနေရခက်သွားသည်။
တစ်ခဏကြာပြီးနောက်တွင် လင်းရှင်းယွဲ့ဟာ သတ္တိမွေးကာ ဆက်ပြောလိုက်၏။
"အမ်း...ငါ့အဖေရောအဆင်ပြေနေတယ်မဟုတ်လား?"
ထိုသို့ပြောပြီးသည်တွင် သူမ၏မျက်နှာမှာ ပူလောင်လာသည်ကိုခံစားလိုက်ရသည်။
သူမဟာ လုရှောင်ယန်ကိုထပ်မံ မလွမ်းဆွတ်တော့ပါဟုကျိန်ဆိုထားခဲ့သည်ပင်။ သူမသိချင်သည်မှာ သူမည်သည့်နေရာတွင်ရှိပြီး အဆင်ပြေနေသလားဟူ၍သာ။
သူသာအဆင်ပြေနေပါလျှင် သူမဟာလုံးဝကိုမပျော်ရွှင်ဖြစ်မည်ဖြစ်သည်။ လုရှောင်ယန်သာအဆင်ပြေမနေခဲ့ပါလျှင် သူမဟာ လုံးဝခံစားချက်ကောင်းနေလိမ့်မည်ဖြစ်၏။
ဒါကမှန်ပါသည်။ သူမဟာ ထိုလူ၏အရှက်ရဖွယ်သတင်းများကိုသာ သိချင်သည်။ ကျူးကောကျီချုံမှ သူမအားမပြောပြမည်ကိုအားရှောင်လွှဲရန် ထိုသို့စကားပလ္လင်ခံထားခြင်းဖြစ်သည်။
ကျူးကောကျီချုံမှာ သူမ၏ခေါင်းအားခါယမ်းလိုက်သည်။
"ဆရာ့ကို ငါနှစ်အနည်းငယ်လောက်တောင်မတွေ့ရသေးဘူး။"
"ဘာ? နင်တို့တွေအတူတူရှိနေခဲ့ကြတာမဟုတ်ဘူးလား?"
လင်းရှင်းယွဲ့၏လှပသောမျက်နှာလေးမှာ ချက်ချင်းပင် စိုးရိမ်နေဟန်များပေါ်လာ၏။
ကျူးကောကျီချုံမှာစကားဆက်လိုက်သည်။
"ငါတို့ကတကယ်တော့ နတ်ဘုရားလောကထဲကိုအတင်းအကြပ်ဝင်ရောက်ခဲ့တာပဲ။ အရင်က ယဲ့မျိုးနွယ်စုက ယဲ့ချန်က ကိုယ်တိုင်ဖျက်ဆီးခြင်းလုပ်ခဲ့တယ်။ ဆရာ့မှာ နတ်ဘုရားလောကကိုဝင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့လို့ ငါတို့ကိုပါခေါ်လာခဲ့တာပဲ။"
"ဒါပေမယ့် ဝင်ရောက်မယ့်လူတွေကလည်းတအားများနေပြီး ယဲ့ချန်ရဲ့ဖျက်ဆီးခြင်းကလည်း နတ်ဘုရားလောကတံခါးကို တော်တော်လေး မငြိမ်မသက်ဖြစ်စေခဲ့တော့ ငါတို့အကုန်လုံးနီးပါးက နတ်ဘုရားလောကထဲကို တခြားစီရောက်လာခဲ့ကြတာပဲ။"
"ဆရာပြောခဲ့တာကတော့ နတ်ဘုရားလောကထဲကိုဝင်ရောက်ခဲ့ပြီးတဲ့အခါကျရင် သူကနတ်ဘုရားလောကရဲ့လုမျိုးနွယ်စုဆီသွားမယ်ဆိုပဲ။"
"ငါတို့သာလုမျိုးနွယ်စုကိုရှာနိုင်တာနဲ့ ဆရာ့ကိုလည်းရှာတွေ့နိုင်ပြီ။"
"သူ့ကိုအခုထိရှာမတွေ့သေးဘူးလား?"
လင်းရှင်းယွဲ့မှာ အလျင်စလိုမေးလိုက်ပြီး ကျူးကောကျီချုံမှာခေါင်းခါလိုက်သည်။
"ဟင့်အင်း။ ငါ့ဆရာရဲ့မျိုးနွယ်စုက အရမ်းအင်အားကြီးလို့ဖြစ်ရမယ်၊ ငါအခုထိသဲလွန်စတောင်ရှာမတွေ့သေးဘူး။ ငါ့ရဲ့အရင်ကကျင့်ကြံဆင့်က ပထမမြောက်နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ပဲရှိတာ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်က အဲ့ဒီထိပ်ပြောင်ကတုံးလိုက်ဖမ်းတာကိုခံရတယ်။ ငါပထမမြောက်နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကို ရောက်လာခဲ့ပေမယ့်လည်း လုမျိုးနွယ်စုဘယ်မှာရှိလဲဆိုတာကိုမစုံစမ်းနိုင်သေးဘူး။"
စိုးရိမ်နေသောအမူအရာမှာ မထိန်းနိုင်ဘဲ လင်းရှင်းယွဲ့၏မျက်လုံးများထဲတွင်ဖြတ်ပြေးသွားခဲ့၏။
သူသေသွားတာများလား?
နတ်ဘုရားလောကမှာ အင်မတန်အန္တရာယ်များလှသည်။ သူဟာအနိမ့်ပိုင်းလောကတွင် ဘယ်လောက်ပင်စွမ်းအားကြီးကြီး ဒီနတ်ဘုရားလောကထဲတွင်မူ ဘောင်မဝင်သေးပါချေ။
မဟုတ်ဘူး၊ သူမကဘာလို့သူ့ကိုစိတ်ပူနေရမှာလဲ?
သူဟာလူလိမ်အကြီးစားဖြစ်ပြီး လူဆိုးအကြီးစားလည်းဖြစ်သည်ပင်!
သူသာသေသွားလျှင် အကောင်းဆုံးဖြစ်သည်။
သို့သော် ထိုအခိုက်တွင် ကျူးကောကျီချုံ၏မျက်စိသူငယ်အိမ်များမှာ ရုတ်တရတ်ပြူးကျယ်သွား၏။
"တစ်ခုခုဖြစ်လို့လား?"
"ဘာဖြစ်လို့လဲ?"
လင်းရှင်းယွဲ့မှာ ကျူးကောကျီချုံကဲ့သို့ အားကောင်းသောကျင့်ကြံဆင့်မရှိသောကြောင့် ကျူးကောကျီချုံအာရုံခံနိုင်သည်ကို သူမမှအာရုံမခံနိုင်ခြင်းဖြစ်သည်။
ကျူးကောကျီချုံမှာလေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
"အဲ့ဒီထိပ်ပြောင်ကတုံးက ငါ့ပေါ်မှာ ဗုဒ္ဓအမှတ်အသားချန်ခဲ့တယ်။ သူ ငါ့ကိုရှာတွေ့သွားပြီ။"
လင်းရှင်းယွဲ့၏အမူအရာမှာလည်း တမုဟုတ်ချင်းပြောင်းလဲသွား၏။
"ဒါဆိုငါတို့ဘာလုပ်ကြမလဲ?"
"မြန်မြန်ထွက်သွားမယ်။ သူ့ရဲ့ကျင့်ကြံဆင့်ကအရမ်းအားကောင်းပြီးတော့ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ရဲ့ အထွဋ်အထိပ်ကိုရောက်နေပြီ။ ငါတို့ကသူရဲ့ပြိုင်ဘက်မဟုတ်ဘူး။"
"ဒါဆို ငါနဲ့တူတူသွားမယ်!"
"ငါမလုပ်နိုင်ဘူး။ ငါဘယ်တုန်းကမှ ဗုဒ္ဓကျင့်ကြံခြင်းလမ်းစဉ်ကိုမကျင့်ခဲ့ဖူးတော့ သူပျိုးခဲ့တဲ့ ဗုဒ္ဓအမှတ်အသားကိုပျောက်သွားအောင်မလုပ်နိုင်ဘူး။ ငါဘယ်သွားသွားသူက ငါ့နောက်ကလိုက်မှာပဲ။ နင်သာမထွက်သွားခဲ့ရင် ငါတို့နှစ်ယောက်လုံးလွတ်နိုင်မှာမဟုတ်ဘူး။"
လင်းရှင်းယွဲ့ဟာသူမ၏သွားများကိုကြိတ်ကာပြောလိုက်သည်။
"ဒါပေမယ့်နင်သာသူ့လက်ထဲရောက်သွားရင် လုံးဝသေသွားမှာနော်။"
"ငါအကောင်းဆုံးကြိုးစားမှာပါလို့ပဲ ပြောနိုင်တယ်။ ငါသာတကယ်သေသွားခဲ့ရင် ငါလုပ်နိုင်တာမရှိတော့ဘူး။ ဆရာ့ဆီမှာ ငါ့ရဲ့သွေးအဆီအနှစ်တစ်စက်ကျန်ပါသေးတယ်။ ဆရာကငါ့ကိုပြန်ရှင်အောင်လုပ်ပေးနိုင်ပါတယ်။"
"ဒါပေမယ့် ဒါရဲ့အကျိုးရလာဒ်ကတဖြည်းဖြည်းနဲ့ အဲ့ဒီလူရဲ့ကျင့်ကြံဆင့်ကိုပါ ကျဆင်းစေမှာမဟုတ်ဘူးလား?"
လင်းရှင်းယွဲ့မှာတစ်ခါက လုရှောင်ယန်၏ ရှန်းထီကျောက်ရှင်အမှတ်အသားမှ ပြန်လည်ရှင်သန်လာဖူးသောကြောင့် ပြန်လည်ရှင်သန်လာနိုင်လျှင်တောင်မှ ထိုသို့ပြန်လည်ရှင်သန်ရန် ရှန်းထီကျောက်ရှင်အမှတ်အသားထံသို့ ပေးဆပ်ရသည်မှာ အလွန်ကိုမှမြင့်မားလှကြောင်းကောင်းစွာသိလေသည်။
"ငါဂရုမစိုက်ဘူး။ နင်သာထွက်မသွားရင် ငါတို့နှစ်ယောက်လုံးလွတ်နိုင်မှာမဟုတ်ဘူး။ မြန်မြန်ထွက်သွားတော့!"
ကျူးကောကျီချုံမှာ ကြိမ်းမောင်းလိုက်သည်။ လင်းရှင်းယွဲ့ဟာ လက်သီးဆုပ်လျက် အံကြိတ်လိုက်သည်။ ထို့နောက်သူမဟာ တစ်ဖက်သို့လှည့်ကာထွက်ခွာသွားတော့သည်။
"ဂရုစိုက်!"
သူမမှာ ရွေးချယ်စရာမရှိပါချေ။
ကျူးကောကျီချုံမှန်ပါသည်။ သူမကဒီနေရာတွင် အသုံးမဝင်ပါချေ!
အနိမ့်ပိုင်းလောကတွင် စစ်မှန်သောနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်မှာ နံပါတ်တစ်ဆရာကြီးတစ်ယောက်ဖြစ်ပါသော်ငြားလည်း ဒီနေရာတွင်မူ သူတို့ဟာအမှိုက်နှက့် ပုရွက်ဆိတ်များသာသာပင်။
သူမသာဆက်နေနေလျှင် သေလိမ့်မည်။
ဒါ့အပြင် သူမဟာ လုရှောင်ယန်၏နောက်ခံရှိသော ကျူးကောကျီချုံနှင့်လည်းမတူပါချေ။ ပြန်လည်ရှင်သန်ရမည်မှာ ခက်ခဲသော်လည်း သူမဟာ ရှင်သန်နိုင်သေးသည်လေ။
သို့သော် လင်းရှင်းယွဲ့သာသေမည်ဆိုလျှင် သူမကတကယ်သေရမည်ဖြစ်သည်။
ထို့ကြောင့် သူမဟာမသေနိုင်ပါချေ။
လင်းရှင်းယွဲ့ဟာထွက်သွားသည်နှင့် သူမ၏နောက်ရှိ စွမ်းအားကြီးမားလှသော အားတစ်ခုကိုခံစားမိလိုက်သည်။
ဒီအားဟာအင်မတန်အားကြီးပြီး အသက်ရှူပင်ကျပ်လောက်၏။ ထိုအားမှာ အင်မတန်အားကောင်းလှသောကြောင့် ကောင်းကင်ထက်တွင်ပင် ဗုဒ္ဓရုပ်ပုံပင်ပေါ်ထွက်လာစေသည်။
"စွမ်းအားကြီးလိုက်တာ!"
လင်းရှင်းယွဲ့၏မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးရှိ အမွေးများပင် ထောင်ထသွား၏။
ဒါက သူမနတ်ဘုရားလောကတွင် ပထမဆုံးရင်ဆိုင်ရသည့် ဆရာကြီးပင်။ အနိမ့်ပိုင်းလောကတွင်ရှိစဉ်ကသူမ၏ စစ်မှန်သောနတ်ဘုရားအဆင့်စွမ်းအားကို အင်မတန်ကြောက်ရွံ့ခဲ့ကြပြီး နတ်ဘုရားလောကသို့ရောက်သောအခါတွင် နတ်ဘုရားလောကရှိ တကယ့်ဆရာကြီးများ၏ စွမ်းအားကိုအာရုံခံမိသောအခါ ထိုစစ်မှန်သောနတ်ဘုရားအဆင့်လေးမှာတကယ်ကို ဘာမှမဟုတ်ကြောင်းနားလည်သွားခဲ့သည်။
ထိုလူ၏ကျင့်ကြံဆင့်သာ အနိမ့်ပိုင်းလောကတွင်ရှိနေပါလျှင် သူဟာ လောကတစ်ခုလုံးကိုပင်အလွယ်တကူဖျက်ဆီးပစ်နိုင်သည်။
"ဒါကဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်လား? ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်တွေကတင်ပဲ အရမ်းစွမ်းအားကြီးနေပြီ။ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ရဲ့အနောက်က အဆင့်တွေဆို ဘယ်လောက်များအားကြီးလိုက်မလဲ?"
နတ်ဘုရားလောကဟာတကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းလှသည်!
ထိုအခိုက်တွင် တိုက်ပွဲမှာစတင်နေပြီဖြစ်သည်။ ကျူးကောကျီချုံနှင့်တစ်ဖက်လူမှာ ၅၀၀ကီလိုမီတာပင်ကွာခြားနေသော်လည်း လင်းရှင်းယွဲ့မှာ ကူကယ်ရာမဲ့စွာတုန်ရီနေလေသည်။
မိုးကုပ်စက်ဝိုင်းအောက်တွင် အထက်မှသန့်စင်သောရွှေရောင်အလင်းနှင့် အောက်ဘက်ရှိ သွေးများဖြင့်ရောနှောနေသော အနက်ရောင်မိစ္ဆာအလင်းတို့ရှိနေကြသည်။
အရောင်များစွာသောအလင်းများဟာ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခုခံနေကြသည်။ တစ်ဖက်မှာ အမှန်တရားဖြစ်ပြီး တစ်ဖက်မှာတော့ နတ်ဆိုးဖြစ်နေသကဲ့သို့ပင်။ သူတို့ထဲမှ မည်သူမှအရှုံးပေးရန်ဆန္ဒမရှိပါချေ။
ဘယ်သူမှကလည်း အရှုံးပေးခြင်းကို ပထမဆုံးထုတ်ပြောရန်ဆန္ဒမရှိကြပါ။
အားကောင်းပြီး ကျယ်ပြန့်သောနတ်ဝိညာဉ်စွမ်းအားမှာ အဆုံးမဲ့ပျံ့နှံ့သွား၏။
ဤလောကရှိစွမ်းအင်မှာ သူတို့နှစ်ဦးကြောင့်မွှေနှောက်ခံထားရဟန်ပင်ပေါ်နေသည်။ လေနှင့် တိမ်များဟာ နေရာအရပ်ရပ်သို့စီးဆင်းနေကြသည်။
လင်းရှင်းယွဲ့မှာ အင်မတန်ဝေးကွာနေပါသော်ငြားလည်း ထိုလေမှာ ခုခံသည့်အကာကွယ်ပြုလုပ်ရန် သူမကိုယ်ထဲမှ နတ်ဝိညာဉ်စွမ်းအားကိုပင် လှည့်ပတ်စေနိုင်သည်။
မူလတွင်မူ အမှောင်ထုစွမ်းအား၏အကူအညီဖြင့် ကျူးကောကျီချုံ၏သွေးရောင်မိစ္ဆာအလင်းမှာ အနည်းငယ်တော့ခုခံနိုင်ဟန်ရှိသည်။
သူမဟာ တစ်ဖက်လူထံမှာဖိနှိပ်ခံထားရသေးသော်လည်း ဖိအားအရှိန်မှာနှေးနေသည်။
သို့ရာတွင် ထိုအခိုက်၌ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းတွင် အရုဏ်ဦးက ရုတ်တရတ်ပေါ်ထွန်းလာသည်။
ရွှေရောင်နေလင်းရောင်ခြည်တန်းတစ်ခုမှာ မှောင်မှိုင်းနေသောကောင်းကင်ယံအား ထက်မြသောဓားတစ်ချောင်းနှယ် ထိုးခွဲလိုက်ကာ အလင်းရောင်ကို ဆောင်ကြဉ်းလာသည်။
ခရမ်းရောင်စွမ်းအင်ဟာ အရှေ့ဘက်မှရောက်ရှိလာပြီး ကမ္ဘာ၏အမှန်တရားရောင်ဝါမှာ ထိုအခိုက်တွင်ပင်ပျံ့နှံ့သွား၏။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ဖြောင့်မတ်သောရောင်ဝါများ၏ စွက်ဖက်မှုကြောင့် ကောင်းကင်ယံရှိ ဗုဒ္ဓပုံရိပ်မှာပိုမိုအားကောင်းပုံပေါ်လာပြီး ကျူးကောကျီချုံ၏စွမ်းအားမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ဖြောင့်မတ်သောရောင်ဝါနှင့် ဖိနှိပ်ခြင်းကိုခံလိုက်ရတော့သည်။
တစ်ဖက်၏စွမ်းအားမှာ တိုးလာပြီး တစ်ဖက်မှာမူကျဆင်းသွား၏။ ရလာဒ်မှာ ခန့်မှန်း၍ပင်ရနေပြီဖြစ်သည်။
ဗုဒ္ဓမှာ ကျူးကောကျီချုံ၏သွေးအဆီအနှစ်အား တမုဟုတ်ချင်းပင် ဖိနှိပ်လိုက်သည်။
ကျူးကောကျီချုံမှာ ရှုံးနိမ့်သွားချေပြီ!
နေ လုံးဝထွက်လာချိန်တွင်မူ ကျူးကောကျီချုံနှင့် ဗုဒ္ဓရောင်ဝါများမှာ နေရာမှပျောက်ကွယ်သွားကြသည်။
လင်းရှင်းယွဲ့မှာ မြန်မြန်ပြန်ပြေးလာပြီး ထိုနေရာကိုမြင်လိုက်သည်တွင် ထိတ်လန့်အံ့အားသင့်သွားရသည်။
ပေတစ်သိန်းရှည်ပြီး ပေပေါင်းသုံးသိန်းနက်သော အသူတရာချောက်နက်ကြီးမှာ ကျူးကောကျီချုံနှင့် ဗုဒ္ဓတိုက်ခိုက်ခဲ့သည့်နေရာတွင်ပေါ်လာ၏။ ဒါဟာ ကြီးမားလှသောပါးစပ်ပေါက်ကြီးတစ်ခု ပွင့်အာနေပြီး အရာအားလုံးကိုဝါးမြိုတော့မည့်ဟန်နှင့်ပင် တူနေသေးသည်။
လင်းရှင်းယွဲ့၏နှလုံးသားမှာလုံးဝအေးစက်သွားသည်။
"ဆိုးတာပဲ။ ကျူးကောကျီချုံက ဗုဒ္ဓရဲ့အသတ်ကိုခံလိုက်ရတာလား။ မဟုတ်သေးဘူး လေထုထဲမှာ ကျူးကောကျီချုံရဲ့ရောင်ဝါရှိနေသေးတယ်။ သူမကိုမသတ်ခဲ့ဘူး၊ ဒါပေမယ့်ဖမ်းသွားတယ်။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၇ ငါ့ဘိုးဘေးရဲ့ နတ်တန်ခိုးက ပြိုင်ဘက်ကင်းတယ်
"မဖြစ်သေးဘူး၊ သူမကိုကယ်တင်ဖို့တစ်ယောက်ယောက်ကိုရှာမှဖြစ်မယ်။"
လင်းရှင်းယွဲ့ဟာ ထွက်ခွာတော့မည်ဟန်ပြင်ပြီးမှာ တစ်ခဏအတွင်းတွင်ပင်ရပ်တန့်လိုက်၏။
"ဒါမမှန်သေးဘူး။ ငါကအဲ့ဒီခွေးကောင်လုရှောင်ယန်ဆီကနေ သီးသန့်နေချင်တာရှင်းနေတာပဲ။ ငါကဘာလို့သူ့တပည့်ကိုကယ်ရမှာလဲ။ သူ့ရဲ့တပည့်ကို သူမဘာသာသူမကာကွယ်ခွင့် ဘာလို့မပေးနိုင်ရမှာလဲ? ငါ့မှာ ဘာမှကိုလုပ်စရာလိုမနေဘူး။"
သို့သော် သူမဟာထပ်မံ၍ စိတ်ရှုပ်ထွေးသွားပြန်၏။
"သူမကလုရှောင်ယန်မှမဟုတ်တာ။ လုရှောင်ယန်ကိုမုန်းပေမယ့်လည်း သူမကဘာမှမှားခဲ့တာမှမဟုတ်ဘဲ။ သူမက လုရှောင်ယန်ရဲ့တပည့်ဖြစ်နေတာလေးပဲလေ။ လုရှောင်ယန်နဲ့ဘာဆိုင်လို့လဲ?"
"ငါသွားပြီး ကူညီဖို့တစ်ယောက်ယောက်ကိုရှာရမယ်လို့ထင်တယ်။"
...
တစ်ဖက်တွင်မူ ကောင်းကင်ပင်လယ်မြို့တော်၏ လေ့ကျင့်ရေးကွင်းထဲတွင်။
သခင်ကြီးလုမှာ အစောကြီးကတည်းကရောက်ရှိနေသည်။
သူဟာလက်များကိုနောက်သို့ပို့ထားပြီး လေ့ကျင့်ကွင်းထဲတွင် ဂုဏ်ယူစွာ ရပ်နေ၏။ သူဟာကောင်းကင်ကိုပစ်ခွင်းမည့် လှံတံတစ်စင်းနှင့်ပင်တူနေပြီး လုမျိုးနွယ်စု၏ကမ္ဘာအား ထောက်ပံ့ပေးထားသည်။
လေ့ကျင့်ကွင်းအပြင်ဘက်တွင် မျိုးနွယ်စုခြောက်ခု၏ခေါင်းဆောင်များမှာ လေ့ကျင့်ကွင်းအားစိုက်ကြည့်နေကြပြီး ၎င်းတို့၏မျက်လုံးများမှာ အင်မတန်ပျော်ရွှင်နေသည်ကိုပြသနေ၏။
"အဲ့ဒီလုမျိုးနွယ်က ခွေးအိုကြီး ငါတို့ရဲ့စိန်ခေါ်မှုကို လက်ခံဖို့လောက်ယုံကြည်ချက်ရှိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။"
"သူကမြင့်မြတ်သောနတ်ဆိုးဂိုဏ်းအကြီးအကဲကြောင့် ဒဏ်ရာအကြီးအကျယ်ရခဲ့တာမဟုတ်လား? သူကသေရမှာကိုမကြောက်တာလား?"
"ပြောရမယ်ဆိုရင် မနေ့ညကတည်းကဘာလို့ နတ်ဆိုးဂိုဏ်းအကြီးအကဲပြန်မလာသေးတာလဲ? တစ်ခုခုများ... ဖြစ်ခဲ့လို့လား?"
သို့ရာတွင် ၎င်းတို့ခြောက်ယောက်မှဆွေးနွေးလို့မဆုံးခင်မှာပင် နောက်မှ အေးစက်စက်အသံတစ်ခုရုတ်တရတ်ပေါ်ထွက်လာ၏။
"ငတုံးအုပ်စု၊ ဘယ်လိုကြောင့်များ ငါ့ရဲ့စီနီယာကရှုံးရမှာလဲ?"
မျိုးနွယ်စုခြောက်ခုသခင်များမှာချက်ချင်းပင်အံ့အားသင့်သွားရ၏။ သူတို့အားလုံးတညီတညွတ်တည်းလှည့်ကာ လက်များကိုယှက်လျက် တစ်ဖက်လူအားအရိုအသေပေးလိုက်သည်။
"ကြိုဆိုပါတယ်၊ အကြီးအကဲလုံ"
"မင်းတို့သူရဲဘောကြောင်တဲ့ဝက်တွေ။ မင်းတို့က ငါတို့မြေအောက်လောကဂိုဏ်းရဲ့အထောက်အပံ့ကိုရပြီးနောက်မှာ အခွင့်အရေးဘယ်လိုယူရမလဲဆိုတာကို တကယ်မသိဘူးပဲ။ မနေ့ညက ငါ့ရဲ့ဂိုဏ်းတူအကိုက လုမျိုးနွယ်စုဆီကိုသွားပြီး လုမျိုးနွယ်စုဆရာကြီးကို အပြင်းအထန်ဒဏ်ရာရစေခဲ့တယ်။ မင်းတို့ကအခုထိ ဒီမှာသူရဲဘောကြောင်ဖို့ရှိနေတုန်းပဲလား? မင်းတို့ကတကယ်ကို တုံးအကြတာပဲ"
လူတိုင်းဟာချက်ချင်းပဲပြောလိုက်ကြသည်။
"အကြီးအကဲလုံ ကျုပ်တို့ကိုခွင့်လွှတ်ပါ။ ဒါကတကယ်တော့ အဲ့ဒီလုမျိုးနွယ်စုရဲ့ လူအိုကြီးက ဒဏ်ရာကြီးကြီးမားမားရထားပုံမပေါ်လို့ပါ။ ပြီးတော့ တစ်ညလုံးလည်း အကြီးအကဲဝူပြန်လာတာကို မမြင်မိခဲ့လို့ပါ။"
"ပြီးတော့ ကျုပ်တို့မျိုးနွယ်စုတွေကနေ လုမျိုးနွယ်စုဆီ လွှတ်လိုက်တဲ့ တပည့်လေးတွေလည်း မရောက်ကြသေးတော့ နည်းနည်းလောက်လေးစိုးရိမ်နေတာပါ။"
"လုမျိုးနွယ်စုရဲ့ခေါင်းဆောင်က အဆင်ပြေချင်ယောင်သာဆောင်နေတာပါ။ မင်းတို့ကိုခြောက်လှန့်ဖို့ကိုသူကအရှေ့မှာ သန်မာပြနေတာ။ ငါ့ရဲ့ဂိုဏ်းတူအစ်ကိုပြန်မလာသေးတာက သူကအမြဲ ဘာမှမလုပ်ချင်တာကြောင့်ပဲ။ တစ်ခါလောက်လှုပ်ရှားပြီးရင် သူကနားလည်မှု တချို့ရဖို့နေရာရဖို့ ကြိုးစားရှာနေလိမ့်မယ်။ မင်းတို့လုံးဝစိတ်ပူစရာမလိုပါဘူး။"
"ပြီးတော့ ငါ့ရဲ့ဂိုဏ်းတူအကိုသာတကယ် အမှားတစ်ခုခုလုပ်ခဲ့တာဆိုရင် ငါလည်းဒီနေရာမှာ ရှိနေသေးတာပဲမဟုတ်လား?
သူကလုမျိုးနွယ်စုရဲ့ဘိုးဘေးငယ်လေးတစ်ယောက်ပါပဲ။ သူကငါနဲ့တကယ်ရင်ဆိုင်နိုင်မှာတဲ့လား?"
"မင်းတို့ မျိုးနွယ်စုတွေရဲ့ အဲ့ဒီပါရမီရှင်တပည့်လေးတွေအတွက်ကတော့ သူတို့ထဲက အမြင့်ဆုံးကျင့်ကြံဆင့်ကပဲ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်မှာပဲရှိနေသေးတယ်။"
"ဒီလိုကျင့်ကြံဆင့်နဲ့ဆိုရင် သူတို့လုမျိုးနွယ်စုတပည့်တွေကိုသတ်ဖို့သွားတဲ့အခါမှာ အမှားတစ်ခုလောက်လုပ်မိဖို့က ပုံမှန်ပါပဲ။ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှစ်ယောက်နဲ့တင် အဲ့ဒီဆရာကြီးတပ်ဖွဲ့တစ်ခုလုံးကို လွယ်လွယ်လေးဖျက်ဆီးနိုင်တယ်။ ဘယ်မှစိုးရိမ်စရာရှိနေလို့လဲ?"
ဒါကိုကြားသောအခါ မျိုးနွယ်စုသခင်ကြီးများမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ အသက်ပြင်းပြင်းရှူပြီးနောက်တွင် သူတို့မျက်လုံးများနှင့် အမူအရာမှာတည်ငြိမ်လာသည်။
"အကြီးအကဲလုံပြောတာမှန်တယ်။ ငါတို့ကအရမ်းသတိကြီးသွားတယ်။ ငါတို့အခုပဲသွားပြီး လုမျိုးနွယ်စုကိုဖျက်ဆီးလိုက်ရအောင်။"
လူတိုင်းဟာ သူတို့၏လက်များကိုယှက်ကာအရိုအသေပေးလိုက်ပြီး လေ့ကျင့်ကွင်းထဲသို့ဝင်လာခဲ့သည်။
လေ့ကျင့်ကွင်းထဲသို့ဝင်လာပြီးချိန်တွင် အကြီးအကဲလုံဟာ မနေနိုင်စွာဖြင့်မျက်မှောင်ကျုံ့လိုက်သည်။
"ဂိုဏ်းတူအကို၊ ဘယ်ကိုသွားနေတာလဲ? ဘာလို့ပြန်မလာသေးတာလဲ?"
လေ့ကျင့်ကွင်းထဲတွင် သခင်ကြီးလုဟာ လူတိုင်း၏အရှိန်အဝါကို အာရုံခံမိပြီး သူ၏မျက်လုံးများအား ချက်ချင်းဖွင့်လိုက်သည်။
တစ်ခဏအကြာတွင် မျိုးနွယ်စုခေါင်းဆောင်များ၏ အသံများက သခင်ကြီးလုထံသို့ရောက်ရှိလာကာ လူများနှင့်ဝန်းရံထားကြသည်။
"အကိုလု၊ ဘယ်တွေရောက်နေခဲ့တာလဲ? ကျုပ်က ကျန့်မျိုးနွယ်စုကခေါင်းဆောင် ကျန့်ရှန်းနန်ပါ။"
…
"အကြီးအကဲလု၊ ကျုပ်ကလီမျိုးနွယ်စုရဲ့ခေါင်းဆောင် လီချန်ရွှီပါ။ ကျုပ်ကိုလမ်းပြပေးနိုင်ဖို့အတွက်လာခဲ့ပါတယ်။"
...
"အကြီးအကဲလု၊ ကျွန်တော့ရဲ့ ချန်မျိုးနွယ်စုက ခင်ဗျားနဲ့ရင်းနှီးဖို့ကို သဘောတွေ့ရဲ့လားဗျ?"
…
"အကြီးအကဲလု၊ ဒီနေ့တိုက်ပွဲကတော့ အသက်နဲ့သေခြင်းကိုအဆုံးအဖြတ်ပေးတာပဲ! အနိုင်နဲ့အရှုံးက ကောင်းကင်ဘုံပေါ်မှာမူတည်နေတယ်။ အကြီးအကဲလု ကျေးဇူးပြုပြီး ကျုပ်ကိုအပြစ်မတင်ပါနဲ့။"
...
"အကြီးအကဲလု၊ တိုက်ပွဲထဲမှာ ကျုပ်တို့ကိုစိတ်အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်!"
…
မျိုးနွယ်စုခြောက်ခုခေါင်းဆောင်များမှာ အတူတကွတိုက်ခိုက်လိုက်ကြသည်။ ဖိအားထွက်မလာခင်တွင် ၎င်းတို့၏ ဖိနှိပ်ရောင်ဝါများမှာ တစ်ဖက်လူ၏ စိတ်နှလုံးကို တုန်ရီစေသည်။
မျိုးနွယ်စုခြောက်ခု၏ တပည့်များမှာ အလွန်အမင်းပျော်ရွှင်မြူးထူးနေကြ၏။
မျိုးနွယ်စုခြောက်ခုခေါင်းဆောင်များ၏ ရောင်ဝါနှင့် စွမ်းအားများနှင့်ဆိုလျှင် သူတို့ဟာ သခင်ကြီးလုအား အလွယ်တကူပင်ချေမှုန်းနိုင်မည်ဖြစ်သည်။
သခင်ကြီးလုအသတ်ခံလိုက်ရသည်နှင့် လုမျိုးနွယ်စုက မည်သူမှ မျိုးနွယ်စုခြောက်ခုအား ရပ်တန့်နိုင်လိမ့်မည်မဟုတ်ချေ။
ထိုအချိန်ကျလျှင် ကောင်းကင်ပင်လယ်တစ်မြို့တော်လုံးဟာ မျိုးနွယ်စုခြောက်ခု၏လက်တွင်းသို့ကျရောက်လာပေလိမ့်မည်။
လုမျိုးနွယ်စု၏ ရင်းမြစ်အားလုံးမှာ မျိုးနွယ်စုခြောက်ခုအတွင်းရှိနေလိမ့်မည်။
သူတို့မှာ လုမျိုးနွယ်စုဖျက်ဆီးခံရသည့် ဝမ်းနည်းဖွယ်ရာ အချိန်ကိုပင် မြင်နေရသည်။
သခင်ကြီးလု၏မျက်လုံးများမှာ လှောင်ပြောင်နေကြသည်။
အရိုးသားဆုံးပြောရလျှင် သူသာလုမျိုးနွယ်စုဘိုးဘေးနှင့် မကြုံတွေ့ခဲ့ပါလျှင် ထိုအရှက်မဲ့လူများအားဆန့်ကျင့်ကာ တကယ်ကိုအကူအညီမဲ့နေမည်ဖြစ်သည်။
သို့သော်အခုတွင်မူ ဘိုးဘေး၏အကူအညီဖြင့် ထိုလူများအား ရူးနှမ်းပြီး မာန်တက်နေသည့်ပုရွက်ဆိတ်များသဖွယ်သာ ကြည့်နေလိုက်သည်။
လုမျိုးနွယ်စုမှလူများမှာလည်း သခင်ကြီးလု၏နောက်တွင် လက်နက်များအား တင်းကြပ်စွာဆုပ်ကိုင်ထားကြသည်။ သူတို့ဟာ ၎င်းတို့၏ကျင့်စဉ်များအား တဖြည်းဖြည်းချင်း လှည့်ပတ်လိုက်ကြပြီး ဘယ်အခြေနေတွင်ဖြစ်ဖြစ် ထိုမျိုးနွယ်စုခြောက်ခု၏တပည့်များအား အမဲလိုက်ရန် ပြင်ဆင်ထားလိုက်ကြသည်။
မျိုးနွယ်စုခြောက်ခု၏ ခေါင်းဆောင်များမှာ သခင်ကြီးလု၏ရှေ့သို့ ပျံထွက်လာသည်။
သူတို့၏ မျက်လုံးများမှာ သခင်ကြီးလု၏ ဝတ်ရုံအားကျော်လွန်ပြီးမြင်နေရသကဲ့သို့ မထီမဲ့မြင်ပြုမှုများ ရှုတ်ချမှုများနှင့်ပြည့်နေသည်။
"အကြီးအကဲလု၊ ဒီမှာ ကျုပ်တို့ခြောက်ယောက်ပါ။ ခင်ဗျားကို အရင်တိုက်ခွင့်ပြုပါတယ်။"
သခင်ကြီးလုမှာ အေးစက်စွာပြုံးလိုက်သည်။
"မင်းတို့ကောင်တွေဘာလို့ဒီနေ့အရမ်းကောင်းနေရတာလဲ? ငါ့ကိုတောင်အရင်တိုက်ခွင့်ပေးထားသေးတယ်ပေါ့?"
သူတို့အနည်းစုမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး သူတို့၏နှုတ်ခမ်းထောင့်များမှာ မထိန်းနိုင်ဘဲကွေးတက်သွားကြသည်။
သခင်ကြီးလုက မတိုက်ခိုက်ရဲဘူးလား?
ဒါကတကယ်ကိုသူနဲ့ပက်သက်ပြီးတစ်ခုခုဖြစ်နေပြီဆိုတာပဲ!
တကယ်ကိုပဲ သူကဒဏ်ရာရထားတယ်။
မဟုတ်လျှင် သူ၏ဒေါသကြီးမှုနှင့် ရှုံချတတ်မှုတို့နှင့်အတူ သူဟာချက်ချင်းပင်တိုက်ခိုက်ပြီး သူတို့အတွက် အသက်တစ်ရှိုက်စာမျှပင်ဖြုန်းတီးမည်မဟုတ်ပါချေ။
"ဒါကရပါတယ်။ အကြီးအကဲလုက ဆန္ဒမရှိရင်လည်း ကျုပ်တို့ပဲအရင်တိုက်ပါ့မယ်။"
သခင်ကြီးလုမှာ ဒဏ်ရာရနေကြောင်းလေ့လာပြီးသည်တွင်မူ အားလုံးဟာ မိုက်မဲပင် မိုက်မဲလာကြသည်။
သခင်ကြီးလုဟာ ပြုံးကာပြောလိုက်သည်။
"မလုပ်နဲ့ဦး။ မင်းတို့တွေအတွက် ဒါကနောက်ဆုံးတိုက်ပွဲဖြစ်သွားနိုင်တယ်။ ပြီးတော့ မင်းတို့ကခြောက်ယောက်တောင် တစ်ယောက်နဲ့တိုက်တာလေ။ ဒီလိုဆိုမှတော့ မင်းတို့က ငါ့ကိုအရင်တိုက်ခိုက်စေချင်တယ်ဆိုလည်း ငါက လေးလေးစားစားနဲ့လက်ခံလိုက်ပါ့မယ်။"
သူ့စကားဆုံးသည်နှင့် သခင်ကြီးလုမှာ သူ၏ကိုယ်တွင်းရှိ ကျင့်စဉ်များအား စတင်ကာလှည့်ပတ်လိုက်တော့သည်။ အကန့်အသတ်မဲ့ အားအင်များမှာ သူ၏ကိုယ်မှ ရူးသွပ်စွာထွက်ပေါ်လာသည်။
၎င်းတို့အနည်းစုမှာ နားမလည်တော့ဘဲ နှာမှုတ်လိုက်သည်။
သခင်ကြီးလု၏လုပ်ရပ်များမှာ အင်မတန်ရယ်ချင်စရာကောင်းနေပြီး အရူးတစ်ယောက်လိုပါပင်။
ဟန်ဆောင်နေလိုက်!
ဆက်ပြီးဟန်ဆောင်နေလိုက်!
သူဟာဘယ်လောက်ထိဟန်ဆောင်နိုင်မလဲဆိုသည်ကို သူတို့သိချင်ပါသည်!
"အကြီးအကဲလု၊ ခင်ဗျားရဲ့စွမ်းအင်တွေကိုမဖြုန်းတီးပါနဲ့။ လက်ရှိခင်ဗျားက ကျုပ်တို့ရဲ့ပြိုင်ဘက်လို့တောင်ပြောလို့မရတော့ဘူး။ ဒူးထောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့တောင်းဆိုလိုက်ပါလား။ ကျုပ်တို့ခင်ဗျားကို နောက်ကျရင် လွတ်မြောက်ဖို့ လမ်းတစ်ခုလောက်ပေးချင်ပေးမှာပေါ့။"
"အမှန်ပဲ။ ကျုပ်တို့ခင်ဗျားကိုအရင်တိုက်ခိုင်းလိုက်ရင်တောင်မှ ခင်ဗျားရဲ့ဒီနေ့ကံကြမ္မာက သတ်မှတ်ပြီးသားပဲလေ။"
"ဒါကကိစ္စကြီးတော့မဟုတ်ပါဘူး။"
သခင်ကြီးလု၏ နှုတ်ခမ်းထောင့်များမှာ အတန်ငယ်ကွေးတက်သွား၏။ သူဟာရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီးသည်တွင် မိုးကြိုးသံတစ်ခုက ကောင်းကင်ယံထက်မှထွက်ပေါ်လာသည်။
ခဏအကြာတွင် သူ၏လက်ချောင်းများကိုပူးလိုက်ပြီး လက်သဏ္ဍာန်ဓားသွားတစ်ခုဖန်တီးလိုက်၏။ သူဟာလက်ကိုမြှောက်ကာ ခုတ်ဖြတ်လိုက်သည်။
ဓားသွားအလင်းဟာ တမုဟုတ်ချင်းမှာပင် မီတာတစ်သောင်းအထိပျံ့နှံ့သွားသည်။ အားကောင်းသောဖိအားမှာ တစ်ယောက်ယောက်၏ နှလုံးကိုပင်တုန်ရီစေ၏။
ထိုအခိုက်တွင် ကောင်းကင်ရှိ တိမ်များမှာ နှစ်ဖက်ပြန့်သွားပြီး ကြည်လင်သောကောင်းကင်ပြာကိုဖွင့်ဟလိုက်သလိုပါပင်!
ဘယ်သူကများ ဒီဓားသွားအလင်းကိုခုခံနိုင်မှာလဲ?
ထိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ထံသို့ ပြင်းထန်စွာ ဖြတ်ပြေးသွား၏။ တစ်ခဏချင်းမှာပင် လျှပ်စီးလက်လိုက်သလိုပါပင်။ ချက်ချင်းပြီးနောက်တွင် တစ်ဖက်လူမတုံ့ပြန်နိုင်ခင်မှာပင် ထိုဓားသွားအလင်းမှာ ထိုလူအား သူ၏ခေါင်းထိပ်မှနေ၍ တစ်ဝက်ပိုင်းဖြတ်လိုက်လေတော့သည်။
သခင်ကြီးလု၏တိုက်ခိုက်မှုမှာ အရှိန်အဟုန်ပင်လျော့မသွားပါချေ။ ဓားသွားအလင်းမှာ မြေပြင်ပေါ်သို့ပင်တည့်တည့်ပိုင်းဖြတ်သွားသည်။
ဘုန်း!
အပေါက်ကြီးတစ်ခုဟာ မြေပေါ်တွင် ထွက်ပေါ်လာ၏။
ဒါက အမှောင်တံခါးအား ဖွင့်လှစ်လိုက်သည်နှင့်ပင်တူနေသေးသည်။
ကောင်းကင်ယံတွင် တစ်ခဏအကြာ၌ အက်ကွဲသံနှင့်အတူ တစ်ဖက်လူ၏ကိုယ်မှာ နှစ်ခြမ်းကွဲသွားသည်။ နီရွှေရွှေသွေးများမှာ အတားအဆီးမဲ့ ထွက်လာသည်။ ထိုလူမှာ မြေပြင်ပေါ်သို့ ကြိုးမဲ့စွန်တစ်ခုလိုပြင်းစွာပြုတ်ကျလာရန်မှာ တစ်စက္ကန့်ပင်မကြာလိုက်ပါချေ။
ဘန်း ဘန်း!
ဆက်တိုက်အသံနှစ်ခုနှင့် =အတူ ထိုလူ၏ကိုယ်မှာ မြေပေါ်၌ ပေါက်ကွဲသွား၏။
သူ၏စွမ်းအားကြီးလှသော နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်က သူ၏ကိုယ်အား အဆင့်တစ်ခုအထိထောက်ခံပေးထားခြင်းကြောင့်မဟုတ်ပါလျှင် သူဟာချက်ချင်းပင် သွေးရေကန်နှစ်ကန်အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်သည်။
မြေပြင်ရှိတုန်ဟီးခြင်းမှာ မရပ်တန့်သွားပါချေ။ သို့ရာတွင် လေ့ကျင့်ကွင်းတစ်ခုလုံးမှာ တကယ်ကိုပင် တိတ်ဆိတ်သွားတော့သည်။
ဟုတ်ပါသည်။ ဒါကတကယ်ကိုသေလောက်တဲ့တိတ်ဆိတ်မှုပင်!
အားလုံးနီးပါးကြောင်အကုန်ကြသည်!
သခင်ကြီးလုက ဒဏ်ရာရနေခဲ့တာမဟုတ်ဘူးလား?
ဟာသပဲ!
ပုံမှန်အားဖြင့် ထိုမျှဒဏ်ရာရနေသည့်လူတစ်ဦးမှာ လျင်လျင်မြန်မြန်နှင့် အဆင်ပြေပြေ ထိုသို့သောတိုက်ကွက်မျိုးကို ထုတ်ဖို့ရန်မှာ ပုံမှန်ပင်မဖြစ်နိုင်ချေ။ ထို့အပြင် ထို ဓားသွားတိုက်ကွက်မှာ အင်မတန်အားကောင်းလှသည်ပင်!
ဒါက နတ်ဘုရားအားဖြစ်ပေါ်စေခြင်း နဝမအဆင့်၏ပညာရှင်ကိုပင် ခဏအတွင်းသတ်လိုက်နိုင်လေသည်။
သခင်ကြီးလုကဘယ်လိုများလုပ်လိုက်တာလဲ?
သူဟာအထွဋ်အထိပ်အဆင့်မှာဆိုလျှင်ပင် ထိုသို့ပြုလုပ်ရန်မဖြစ်နိုင်ပါချေ။
သခင်ကြီးလု၏ နှလုံးမှာ ခုန်လှုပ်လာသည်။
ထူးကဲလိုက်တာ!
ဒါကတကယ်ကိုထူးကဲလှသည်ပင်!
ဘိုးဘေးတစ်ယောက်ဟာဆိုလျှင် ဒီအတိုင်းပေးလိုက်သည့် ဆေးလုံးလေးတစ်လုံးကပင် သူ့အားထိုမျှအားကောင်းသည့် အဆင့်ကိုရောက်စေခဲ့သည်။
သူဟာ ထိုဘိုဘေးဆီမှ အသင်အပြနည်းနည်းလောက်သာခံရမည်ဆိုလျှင် မည်မျှထိစွမ်းအားကြီးလာမည်ကိုပင် စိတ်ကူးမယဉ်ဝံ့ပါချေ။
ထိုဘိုးဘေးမှာ ရိုးရှင်းစွာပင် ရှိန်လောက်ဖွယ် မိမိုက်လွန်းလှပေသည်။
ထိုအခိုက်တွင် ကောင်းကင်ယံရှိ အခြားမျိုးနွယ်စုခေါင်းဆောင်များမှာ နိုးကြားနေကြပြီဖြစ်သည်။ သို့ရာတွင် သူတို့၏မျက်လုံးများမှာ သခင်ကြီးလုအားကြည့်နေရင်း ထိတ်လန့်ကြောက်ရွံ့မှုများနှင့်ပည့်နေကြသည်။
"ခင်ဗျား...ခင်ဗျားဒဏ်ရာရနေခဲ့တာမဟုတ်ဘူးလား? ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
သခင်ကြီးလုဟာအေးစက်စွာပြုံးလိုက်သည်။
"လန့်သွားတာလား? ကံမကောင်းစွာနဲ့ဘဲ သေရမယ့်လူတစ်ယောက်က အများကြီးသိစရာမလိုဘူးဆိုတာပဲ!"
သာမန်စာကြောင်းလေးတစ်ကြောင်းမှာ သိပ်သည်းသောလူသတ်ငွေ့များကိုဖော်ပြနေပြီး လူတိုင်း၏အမူအရာအားချက်ချင်းပြောင်းလဲသွားစေသည်။
"သူကငါတို့ကိုတိုက်ခိုက်ချင်နေတာပဲ! ဖြန့်ကျက်လိုက်ကြ!"
ကံမကောင်းစွာနှင့် တစ်ယောက်ယောက်၏ ကျင့်ကြံဆင့်တိုးမြင့်လာသည်နှင့် သူ၏ခွန်အားတင်မကဘဲ အမြန်နှုန်းကပါ တိုးလာကြသည်လေ။
သခင်ကြီးလုမှာငရဲတံခါးဝမှ လွတ်မြောက်လာကာစဖြစ်ပြီး စိတ်တိုနေသည်။ အခုတွင်သူဟာလုရှောင်ယန်ထံမှ အကူအညီရရှိပြီး သူ၏ကျင့်ကြံဆင့်မှာလည်း အင်မတန်တိုးလာသည်ဖြစ်ရာ ဘယ်လိုများထိုလူများကိုခွင့်လွှတ်ရမည်နည်း?
သူ၏အေးစက်သောအကြည့်ဖြင့် သူ၏ကိုယ်မှာ တစ်ချိန်တည်းပင် နေရာပြောင်းရွေ့လိုက်သည်။ သူပေါ်လာချိန်တွင် လီမျိုးနွယ်စု၏ လီချန်ရွှီရှေ့သို့ရောက်နေပြီဖြစ်သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၈ ဘိုးဘေးကတကယ်ကို အံ့မခန်းပဲ!
"အရမ်းမြန်တာပဲ!"
လီချန်ရွှီဟာထိတ်လန့်သွားသည်။ သူကာကွယ်တော့မည်ဆဲဆဲမှာပဲ သခင်ကြီးလုမှာ သူ၏လက်များကိုထိုးချလိုက်၏။
ဂျွတ်!
ကြီးမားသောအားဟာ သူ၏လက်ကို နေရာမှာတင်ချိုးလိုက်ပြီး သူ၏ကိုယ်ဟာလည်း အမြှောက်ဆံကဲ့သို့မြေပြင်ပေါ်သို့လေးလံစွာပြုတ်ကျသွားသည်။
ဘုန်း!
လေ့ကျင့်ကွင်းတစ်ခုလုံးဟာ ထိုအချိန်တွင်တုန်ရီကြကုန်တော့၏။
အခြားမျိုးနွယ်စုခေါင်းဆောင်များနှာ ဤသည်ကိုမြင်သောအခါ ပိုလို့ပင် သီးခြားနေလိုက်ကြပြီး လွတ်မြောက်အောင် အရှိန်တင်လိုက်ကြသည်။
မထင်မှတ်ထားစွာဖြင့် သခင်ကြီးလုမှာကြိုတင်ပြင်ဆင်ထားပုံရသည်။ သူဟာလေထဲတွင်ပင် လက်သဏ္ဍာန်များအားပုံဖော်ကာ တစ်ခဏအတွင်း၌ လေ့ကျင့်ကွင်းတစ်ခုလုံးအား အစီအရင်များဖြင့် ဖုံးလွှမ်းသွားစေ၏။
ဘုန်း ဘုန်း ဘုန်း...
၎င်းတို့အနည်းစုမှာ အစီအရင်များနှင့် ထိခိုက်မိကြကာ နောက်သို့ထပ်မံခုန်ဆုတ်ကြရပြန်သည်။
တိုက်ပွဲကိုကြည့်ရှုနေကြသော မျိုးနွယ်စုခြောက်ခုမှ တပည့်လေးများမှာ ကူကယ်ရာမဲ့စွာဖြင့် တုန်ရီနေကြသည်။ သူတို့၏မျက်လုံးများမှာ ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နေကြကာ ပူပန်မှုများဖြင့်ပြည့်နှက်နေသည်။
ဒါကမဟုတ်သေးဘူး!
သူတို့ရောက်ရှိစဉ်အခါက အင်အားများဖွဲ့စည်းလိုက်သော သူတို့၏မျိုးနွယ်စုခြောက်ခု၏ဘိုးဘေးများမှာ လုမျိုးနွယ်စုဘိုးဘေးအားသတ်နိုင်ရန်မှာ သေချာသည်ဟုပင်ပြောခဲ့သည်။
မျိုးနွယ်စုခြောက်ခုတကယ်တိုက်ခိုက်ကြတဲ့အခါမှာ ဘာလို့မြေပေါ်မှာပဲ ဖိနှိပ်ခံထားရတာလဲ။
သူတို့ထဲမှတစ်ယောက်မှာ ထိုနေရာ၌ပင် အသတ်ခံလိုက်ရသည်။
သူတို့ရောက်ရှိလာချိန်က အကုန်အဆင်ပြေပါသော်လည်း အဆုံးတွင်တော့ သူတို့ဟာပြန်ပင်မလှည့်နိုင်တော့ပါချေ။
"ဒါကအစီအရင်တစ်ခုလား? ခင်ဗျားဘယ်တုန်းကဒါကိုပြင်ဆင်လိုက်တာလဲ?"
ကျန့်ရှန်းနန်၏အမူအရာမှာမှုန်မှိုင်းနေသည်။
သခင်ကြီးလုမှာအေးစက်စွာပြုံးလိုက်၏။
"ငါကပြင်ဆင်မထားဘူးလို့များ မင်းတို့ထင်နေတာလား? ဒီနေရမှာငါ့ကိုသတ်ဖို့ရောက်လာပြီးတော့များ ငါ့ရဲ့နှာခေါင်းအောက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ထင်နေတာလား?"
သူဟာပြောရင်းနှင့်ပင် နောက်ထပ်မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရှေ့သို့ရောက်လာပြန်၏။ ထို့နောက် သိပ်သည်းသောနတ်ဝိဉာဉ်စွမ်းအားနှင့် ထိုးချလိုက်ပြီး တစ်ဖက်အားခုခံရန်အခွင့်လေးပင်မပေးပါချေ။ တစ်ဖက်လူ၏ပခုံးအားတိုက်ရိုက်ခုတ်ဖြတ်လိုက်ပြီး မတိုင်ခင်ကလီမျိုးနွယ်စုခေါင်းဆောင်၏ခေါင်းအား ခုတ်ဖြတ်လိုက်သကဲ့သို့ပင် မြေပြင်ပေါ်သို့ထိုသူအား ကျရောက်သွားစေ၏။ တစ်ဖက်လူ၏ပခုံးတစ်ဝက်မှာ နောက်ဘက်သို့ ၉၀ဒီဂရီထိ ကွေးသွားသည်။
ထို့နောက်တွင် တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက်မျိုးနွယ်စုခေါင်းဆောင်များထံသို့ရောက်လာသည်။
မျိုးနွယ်စုခေါင်းဆောင်ငါးဦးထဲမှမည်သူမှမလွတ်မြောက်ကြချေ။ သူတို့အားလုံး သခင်ကြီးလုထံတွင် အခုတ်ခံလိုက်ရသည်။
အလင်းပြောက်တစ်ခုမှာ လေ့ကျင့်ကွင်းဗဟိုသို့ပြင်းထန်စွာဆင်းသက်လာခဲ့သည်။ သူတို့၏အနေအထားများမှာ လုံးဝကိုတိကျနေပြီး နတ်ဘုရားလေးသမားများဟုပင်ပြောနိုင်ကာ လေ့ကျင့်ကွင်းအား ထပ်ခါထပ်ခါပင် တုန်ရီနေစေသည်။
၎င်းမှာ ပို၍ပို၍ပြင်းထန်လာ၏။
ထို့နောက်တွင် သခင်ကြီးလုမှာ ချက်ချင်းဆိုသလို အားအကောင်းဆုံးရွှေရောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မြေပြင်သို့ကျရောက်လာ၏။
ဒါကလေ့ကျင့်ကွင်းနံရံများကိုပင် ပြင်းပြင်းထန်ထန်တုန်ခါစေသည်။
မျိုးနွယ်စုငါးခုထဲမှ ခေါင်းဆောင်လေးဦး၏ ဒဏ်ရာများမှာ အတန်ငယ်သက်သာလာသည်။သူတို့၏ကိုယ်များမှာ တုန့်ပြန်လိုက်ကာ ချက်ချင်းပင်ထွက်ပြေးရန်ပြင်လိုက်ကြသည်။
ကံမကောင်းစွာနှင့်ပင် သူတို့လွတ်မြောက်မည့်ဆဲဆဲ၌ သူတို့၏ပုံရိပ်များမှာ သခင်ကြီးလု၏အရှိန်အဝါဖြင့်ဖိနှိပ်ခံလိုက်ရသည်။
တစ်ခဏအကြာတွင် သခင်ကြီးလု၏လက်သီးမှာ လီချန်ရွှီ၏ရင်ဘတ်ထံသို့ ထိုးဖောက်သွား၏။
လီချန်ရွှီ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးမှာ ၉၀ဒီဂရီပင်ကွေးသွား၏။ သူ၏မျက်နှာမှာလည်း သခင်ကြီးလုထံမှ ဖိနှိပ်ခံထားရသည်။
သခင်ကြီးလုမှာ သူ၏ထိုးချက်အား ဆက်လက်လုပ်ဆောင်လိုက်ကာ နတ်ဝိဉာဉ်စွမ်းအားမှာထိုးထွက်လာကာ ၃၆၀ဒီဂရီပင်ဦးတည်လျက် ကျန်ရှိနေသောလူများ၏ရင်ဘတ်များထံသို့ ပြင်းထန်စွာ ရိုက်ခတ်စေလိုက်သည်။ အက်ကွဲသံနှင့်အတူ ၎င်းတို့လေးဦးစလုံးမှာ တစ်ညီတည်းပျံထွက်သွားကြပြီး လေးဘက်လေးတန်ရှိ နံရံမှားနှင့် ပြင်းပြင်းထန်ထန်ဝင်ဆောင့်မိကြကုန်သည်။
အစီအရင်များကရပ်တန့်ထားခြင်းကြောင့်သာမဟုတ်လျှင် သူတို့လေးဦးစလုံးမှာ မီတာသောင်းချီအဝေးကိုပင် လွင့်ထွက်သွားလောက်သည်ပင်။
"မင်းတို့ငါ့ကိုသတ်ချင်နေတာမဟုတ်ဘူးလား? လာသတ်လေ!"
သခင်ကြီးလုမှာ ကြုံးဝါးလိုက်သည်။ သူ၏လက်မှာ လီချန်ရွှီ၏ရင်အုပ်အား ထိုးဖောက်သွားကာ အမြင့်သို့ပင်မြင့်တက်သွားစေသည်။ ထို့နောက်တွင် သူ၏လက်ဝါးဖြင့်ခေါင်းထိပ်အားရိုက်ချလိုက်သည်။ နီရွှေရွှေသွေးများပေါက်ထွက်လာပြီး သူ့အားနောက်ဘဝသို့ချက်ချင်းပင်ပို့ဆောင်လိုက်၏။ သူဟာ စိတ်လှုပ်ရှားနေသော ခြင်္သေ့က သူ၏သားကောင်အားသက်သက်မဲ့ဖျက်ဆီးခြင်းနှင့်ပင် တူနေသေးသည်။
ထိုကြောက်မက်ဖွယ်မြင်ကွင်းဟာလူတိုင်းအား ရှေးဟောင်းနတ်ဆိုးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စေ၏။
ကျန့်မျိုးနွယ်စု၏ခေါင်းဆောင်မှာ အံကိုကြိတ်လိုက်သည်။
"တစ္ဆေအိုကြီးလု၊ ခင်ဗျားက ခင်ဗျားရဲ့စွမ်းအားတွေကို ဖုံးထားခဲ့တာလား? ဒီနေ့အတွက်လေးနဲ့လေ? ကျုပ်တို့ကိုဒီလိုလုပ်ဖို့ အချိန်အကြာကြီးကြံစည်ထားခဲ့တာလား?"
သခင်ကြီးလုဟာ လီချန်ရွှီ၏အလောင်းအားမြေပြင်သို့ပစ်ချလိုက်ပြီး အေးစက်စွာပြုံးလိုက်သည်။
"ငါ့ကို အရှက်မဲ့တဲ့လူတစ်ယောက်အနေနဲ့တော့မဖော်ပြပါနဲ့။ ငါကမင်းတို့လိုခွေးကောင်တွေလောက် အရှက်မမဲ့ဘူး။ ငါဒီနေ့ဒီနေရာမှာရှိနေနိုင်တာ ငါ့ရဲ့လုမျိုးနွယ်စုဘိုးဘေးရဲ့ကျေးဇူးကြောင့်ပဲ!"
လူတိုင်းဟာ ရုတ်တရတ်အံ့အားသင့်သွားကြ၏။
"လု...လုမျိုးနွယ်စုရဲ့ဘိုးဘေး? ဘယ်တုန်းတည်းက လုမျိုးနွယ်စုမှာ ဘိုးဘေးတစ်ယောက်ရှိသွားတာလဲ?"
"ဟားဟားဟားဟား...ငါ့ရဲ့ဘိုးဘေးက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံထားရတာကွ။ မင်းတို့လို့ပုရွက်ဆိတ်လေးတွေကသူ့ကိုဘယ်လိုသိနိုင်မှာလဲ? သေလိုက်တော့!"
သခင်ကြီးလုမှာခြေတစ်လှမ်းလှမ်းကာ တမုဟုတ်ချင်းပင် အခြားမျိုးနွယ်စုခေါင်းဆောင်၏နံဘေးသို့ရောက်ရှိသွားသည်။ သူ၏ပြင်းထန်သောနတ်ဝိဉာဉ်စွမ်းအားမှာ တစ်ဖက်လူအား ဝံပုလွေရိုင်းက ယုန်ငယ်ကို အလွတ်မပေးတော့သကဲ့သို့ အလွတ်မပေးတော့ပါချေ။
သူ့ထံသို့ဦးတည်လာနေသော အရှိန်အဝါကိုအာရုံခံမိသောအခါ ထိုမျိုးနွယ်စုခေါင်းဆောင်မှာ အင်မတန်ကြောက်ရွံ့လာကာ ခြေထောက်များပင်အားနည်းသွားပြီး ဘောင်းဘီများပင်စိုရွဲကုန်၏။
သို့သော် ထိုအခိုက်တွင် လေ့ကျင့်ကွင်းတစ်ခုလုံးအားခြုံလွှမ်းထားသော အစီအရင်မှာ အနက်ရောင်အလင်းတစ်ခု၏ ဆုတ်ဖြဲခြင်းကိုခံလိုက်ရသည်။
ထိုအနက်ရောင်အလင်းမှာ အစီအရင်အားဖြဲဆုတ်ပြီးသည်နှင့် သူ၏အရှိန်အဟုန်မှာ မလျော့ကျသွားဘဲ သခင်ကြီးလုထံသို့တည့်မတ်စွာဦးတည်လာနေသည်။
သူတစ်ချိန်လုံးမျှော်မှန်းထားသည့်အတိုင်း သခင်ကြီးလုမှာ ချက်ချင်းပင် သူ၏ဝိဉာဉ်စွမ်းအားကိုလှည့်ပတ်ကာ နေရာရွှေ့ပြောင်းလိုက်သည်။
အနက်ရောင်အလင်းမှာ အင်မတန်မြန်ဆန်လှပြီး လမ်းကြောင်းပင်မပြောင်းပါချေ။ ထိုအရာမှာ မျိုးနွယ်စုခေါင်းဆောင်၏ရင်ဘတ်သို့ထိုးဖောက်ကာ လေ့ကျင့်ကွင်းအတွင်း၌ သုံးမီတာရှည်လျားသော အပေါက်ကြီးအားဖြစ်စေခဲ့ပြီး လေ့ကျင့်ကွင်းတစ်ခုလုံးအား ဖျက်ဆီးတော့မလိုပင်။
သခင်ကြီးလုမှာကောင်းကင်သို့မော့ကြည့်လိုက်၏။ ထိုအနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်မှာ ဖြေးဖြေးခြင်းလျှောက်လာသည်။
ထိုလူ၏ကျင့်ကြံဆင့်မှာ သူ့ထက်ပင် အဆင့်သေးနှစ်ဆင့်ပိုမြင့်နေသဖြင့် သူ၏အမူအရာမှာပိုမိုလေးနက်သွားသည်။
ကျင့်ကြံဆင့်ပိုမြင့်လေ အဆင့်ကွာခြားချက်မှာ ပိုကြီးမားလေဖြစ်သည်။
ဒါကအဆင့်လေးနှစ်ဆင့်သာဖြစ်သော်လည်း သူ့အားပြင်းပြင်ထန်ထန်ထိုးနှက်ရန် လုံလောက်ပေသည်။
ကျန်နေသေးသော မျိုးနွယ်စုသခင်သုံးယောက်မှာ တစ်ဖက်လူ၏ဘက်သို့ ပြန်ဆုတ်သွားကြသည်။
"အကြီးအကဲလုံ၊ ခင်ဗျားနောက်ဆုံးတော့လှုပ်ရှားလိုက်ပြီပဲ။"
မျိုးနွယ်စုခြောက်ခု၏တပည့်များမှာ နောက်ဆုံးတွင် စိတ်သက်သာသွားကာ သက်ပြင်းချလိုက်၏။
သခင်ကြီးလု၏ အားကောင်းသော ပြကွက်များမှာ သူတို့အား ကြောက်ရွံ့တုန်လှုပ်စေသည်။ အချို့ဆိုလျှင် သူတို့၏ချမ်းသာမှုများနှင့်အတူသာ ထွက်ပြေးလွတ်မြောက်ရန်ပင် ပြင်ထားခဲ့ကြသည်။
အဆုံးမှာ မြေအောက်လောကဂိုဏ်း၏အကြီးအကဲလုံမှာ ထွက်လာမည်ဟု မျှော်လင့်မထားကြပါပေ။
ဤနေရာမှာအကြီးအကဲလုံနှင့်ဆိုလျှင် ဒီတိုက်ပွဲကတော့ သေချာလုနီးပါးပင်။
လူတိုင်းဟာ သက်ပြင်းချလိုက်သော်လည်း လုမျိုးနွယ်စုအဖွဲ့ဝင်များ၏အမူအရာများမှာမူ အတန်ငယ်လေးနက်သွားသည်။
လုထျန်းနန်ဟာ သူ့အသံကို ထွက်ပေါ်စေလိုက်၏။
"အဖေ၊ တစ်ဖက်လူရဲ့ကျင့်ကြံဆင့်ကအရမ်းအားကောင်းလွန်းနေတယ်။ ဒါက အဖေရဲ့အရှိန်အဝါထက်တောင် အင်အားကြီးနေတယ်။"
သခင်ကြီးလု အေးစက်စွာပြောလိုက်သည်မှာ "ငါသိတယ်"ဟူ၍ပင်။
"ဒါဆိုကျွန်တော်တို့ဘာလုပ်သင့်လဲ? အဖေဆက်ထိန်းထားနိုင်သေးလား?"
"ငါသာဆက်မထိန်းနိုင်တော့ဘူးဆိုရင် ဒီနေ့ဒီလောကမှာ လုမျိုးနွယ်စုက ထပ်ပြီး ရှင်သန်နိုင်ပါတော့မလား?"
"ဒါဆို အဖေဆက်ထိန်းထားသင့်တယ်။"
သခင်ကြီးလုမှာ အသက်ပြင်းပြင်းရှူက လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
"မင်းကမြေအောက်လောကဂိုဏ်းရဲ့အကြီးအကဲပဲ။ မင်းကဘာကြောင့် ငါတို့ကောင်းကင်ပင်လယ်မြို့တော်ရဲ့ကိစ္စကို ဝင်စွက်ဖက်နေရတာလဲ? မင်းကနတ်ဆိုးဂိုဏ်းကဆိုတာ ကိုကိုယ့်ဘာသာသိထားသင့်တယ်။ ငါတို့သာဒါကို ဖော်ထုတ်လိုက်ရင် နတ်ဆိုးဂိုဏ်းကခံစားချက်ကောင်းမှာမဟုတ်နိုင်တော့ဘူး၊ ဟုတ်တယ်မလား? အဲ့ဒီ့အချိန်ကျရင် တခြား ဖြောင့်မတ်တဲ့ဂိုဏ်းတွေကလုံးဝ ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး။"
ကျန့်ရှန်းနန်နှင့် အခြားလူများမှာ နှာမှုတ်လိုက်သည်။
"ခွေးအိုကြီးလု၊ ငါတို့ကို အနိုင်ကျင့်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း အကောင်ကြီးလို့များထင်နေတာလား?"
"ဒီနေ့ အကြီးအကဲလုံကဒီမှာရှိနေပြီဆိုတော့ မင်းကတော့လုံးဝသေပြီပဲ!"
"အကြီးအကဲလုံ၊ သူ့အပေါ်မှာ ခင်ဗျားရဲ့လေတွေကိုမဖြုန်းစမ်းပါနဲ့။ သူ့ကိုသတ်ပြီးရင် ကောင်းကင်ပင်လယ်မြို့တော်က ကျုပ်တို့အပိုင်ပဲ."
သို့သော် အကြီးအကဲလုံဟာ သူတို့အားလျစ်လျူရှုကာ သခင်ကြီးလုထံသို့တည့်တည့်စိုက်ကြည့်နေသည်။
တစ်ခဏကြာပြီးနောက်တွင် သူကပြောလိုက်သည်။
"မင်းရဲ့ကျင့်ကြံဆင့်ကမဆိုးပါဘူး။ အစက ငါမင်းကိုသတ်ချင်ပေမယ့် ငါတို့မြေအောက်လောကဂိုဏ်းက အမြဲပါရမီရှင်တွေနောက်ကိုလိုက်တယ်လေ။ မင်းသာ မြေအောက်လောကဂိုဏ်းကိုဝင်ချင်ရင် မင်းကိုအကြီးအကဲရာထူးပေးအပ်နိုင်တယ်။ အခုကစပြီး ကောင်းကင်ပင်လယ်မြို့တော်ကလည်း မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိလိမ့်မယ်။
ကျန့်ရှန်းနန်နှင့် အခြားသော မျိုးနွယ်စုသခင်နှစ်ဦးဟာ ချက်ချင်းပင်ကြောင်အသွားကြ၏။
"အကြီးအကဲလုံ၊ ခင်...ခင်ဗျားနောက်နေတာလား?"
"အမှန်ပဲ၊ အကြီးအကဲလုံ။ ကောင်းကင်ပင်လယ်မြို့တော်က ကျုပ်တို့ကိုပေးဖို့မဟုတ်ဘူးလား? ဘာလို့သူ့ကိုကြည့်ရှုစောင့်ရှောက်စေချင်ရတာလဲ?"
"အကြီးအကဲလုံ၊ ခင်ဗျားကအရမ်းကျိုးကြောင်းမသင့်နေဘူးလို့မထင်ဘူးလား?"
အကြီးအကဲလုသာ ကောင်းကင်ပင်လယ်မြို့တော်အားထိန်းချုပ်ပါလျှင် အနာဂတ်မှာလုမျိုးနွယ်စုကပဲ ပါရမီရှင်လို့ခေါ်ခံနေရတော့မှာမဟုတ်ဘူးလား။
ဒါ့အပြင် သူတို့ဟာယခင်က လုမျိုးနွယ်စုကိုလည်း ဆန့်ကျင်ခဲ့ကြသည်။ ဒါကသူတို့အားကျားဂူထဲသို့ပို့ဆောင်နေသည်နှင့်ပင် ညီတူနေသေးသည်။
ကံမကောင်းစွာဖြင့် သူစကားဆုံးသည်နှင့် အကြီးအကဲလုံဟာ သူတို့အားအေးစက်စွာကြည့်လာသည်။
"ငါတို့ကဘာလို့ မြေအောက်လောကဂိုဏ်းရဲ့ကိစ္စကိုမင်းတို့ကိုရှင်းပြနေရမှာလဲ?"
"အကြီးအကဲလုံ၊ ခင်ဗျားတို့မြေအောက်လောကဂိုဏ်းကကျုပ်တို့ကိုကစားနေတာလား?"
သူ့စကားဆုံးပြီးမကြာမီပင် အကြီးအကဲလုံဟာ သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး ထိုလူ၏ခေါင်းအား နေရာမှာပင် ရိုက်ချပစ်လိုက်သည်။
ဘန်း!
လက်ဝါးရိုက်ချက်နှင့်အတူ သူဟာ တစ်ဖက်လူ၏ခေါင်းအား နီရွှေရွှေသွေးမှုန်များဖြစ်စေပြီး ကောင်းကင်ယံတွင် ပြည့်နှက်သွားစေ၏။
မျိုးနွယ်စုခေါင်းဆောင်မှာ ချက်ချင်းပင်ကြိုးမဲ့စွန်ကဲ့သို့ကျဆင်းလာကာ မြေပြင်သို့ပြင်းစွာ ရိုက်ခတ်မိသွား၏။
၎င်းမှာ တစ်ခဏအတွင်းပင် ကျန့်ရှန်းနန်နှင့် အခြားမျိုးနွယ်စုခေါင်းဆောင်အား နေရာမှာပင်ညစ်ပေသွားစေသည်။ သူတို့၏နှလုံးကတုန်ရီလျက် မည်သူမှပင် အခြားစကားများကိုမပြောဝံ့တော့ချေ။
အကြီးအကဲလုံမှာ ၎င်းတို့နှစ်ယောက်အား ကြည့်လိုက်ရာတွင် ၎င်းတို့မှာ ချက်ချင်းပင် သူတို့၏ခေါင်းများအား ငုံ့လိုက်ကြ၏။
"ဟမ့်! ပုရွက်ဆိတ်လေးတွေကများ ငါ့ရှေ့မှာလာဟောင်ရဲသေးတယ်။"
ထို့နောက်တွင် သူ့အကြည့်ဟာ သခင်ကြီးလုထံသို့တစ်ဖန်ပြန်ရောက်သွားသည်။
သူဟာသခင်ကြီးလုအား ဖိနှိပ်ချင်သည်မှာ တစ်ဖက်လူသည် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ကျော်ဖြတ်ရောက်ရှိသွားခြင်းကြောင့်ပင်။
နတ်ဆိုးဂိုဏ်းအတွက်မူ ထာဝရရန်သူဟူ၍မရှိ။ ထာဝရအကျိုးအမြတ်များသာရှိသည်။
သခင်ကြီးလု၏ကျင့်ကြံဆင့်မှာ မြေအောက်လောကဂိုဏ်းက သူ့အားတန်ဖိုးထားစေရန်ပြုလုပ်နိုင်သည်။ အကြီးအကဲလုံသာ သူ့အား မြေအောက်လောကဂိုဏ်းသို့ဆွဲခေါ်နိုင်ပါလျှင် သူတို့မှာ နောက်ထပ်ထူးကဲသည့်အင်အားတစ်ခုရှိလာမည်ဖြစ်သည်။
"ဘယ်လိုလဲ? စဉ်းစားပြီးပြီလား?"
သခင်ကြီးလုမှာ ထိုကမ်းလှမ်းချက်အားတွေးပင်မတွေးရသေးချေ။ ပြောရလျှင် နတ်ဆိုးဂိုဏ်းသို့ဝင်ရောက်ခြင်းမှာ သေခြင်းပါပေ။
နတ်ဆိုးဂိုဏ်းမှသူ့အားမထိခိုက်စေလျှင်တောင် ဒီလောကမှ ဖြောင့်မတ်သောလမ်းကြောင်းမှာ သူ့အားအလွတ်ပေးမည်မဟုတ်ပါချေ။
တစ်ယောက်ယောက်က တုံးအနေခြင်းကြောင့်သာမဟုတ်လျှင် နတ်ဆိုးဂိုဏ်းသို့ဝင်ရောက်ရန် ရွေးချယ်ကြမှာမဟုတ်ချေ။
"စိတ်မကောင်းပါဘူး၊ ကျုပ်တို့လုမျိုးနွယ်စုမှာပြောစရာအများကြီးမရှိဘူး။ ကျုပ်တို့က မြေအောက်လောကဂိုဏ်းလိုမျိုး ဂိုဏ်းကြီးနဲ့မထိုက်တန်ပါဘူး။"
အကြီးအကဲလုံ၏အမူအရာမှာ အတန်ငယ်ပြောင်းလဲသွားသည်။
"ဒါကိုသေချာစဉ်းစားပြီးပြီလား? မင်းကျုပ်တို့ရဲ့ မြေအောက်လောကဂိုဏ်းကိုငြင်းဆန်တဲ့ တန်ဖိုးကိုပေးနိုင်မှာမဟုတ်ဘူး!"
သခင်ကြီးလုမှာ အသက်ပြင်းပြင်းရှူလိုက်ကာ ချက်ချင်းပြောလိုက်သည်။
"အင်း၊ ကျုပ်ဒါကိုအစတည်းကစဉ်းစားပြီးပြီ။"
"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!"
အကြီးအကဲလုံမှာ ကောင်းပြီဟု သုံးကြိမ်မျှပြောချိန်တွင် အင်မတန်ဒေါသထွက်နေသည်။ သူ၏စိတ်ထဲမှာ ဒေါသအား တွေး၍ပင်ကြည့်နိုင်သည်။
"ကျုပ်ကိုနာခံတဲ့လူက ရှင်သန်ပြီး ကျုပ်ကိုခုခံတဲ့လူက သေရမယ်။ လုမျိုးနွယ်စုက ကောင်းကင်ပင်လယ်မြို့တော်ကနေပြီး သုတ်သင်ခံရနိုင်တယ်။"
အကြီးအကဲလုံဟာ သူ၏တစ်ကိုယ်လုံးမှာ အရှိန်အဝါများပေါ်ထွက်လာသည်နှင့် အေးစက်စွာတံတွေးထွေးလိုက်သည်။
မျိုးနွယ်စုခြောက်ခုလုံးမှာ အင်မတန်ပျော်ရွှင်သွား၏။
ထိုလုမျိုးနွယ်စုမှာ တကယ်ကိုသေချင်နေကြသည်ပင်!
မူလကမူ သူတို့မှာ လုမျိုးနွယ်စုက ကောင်းကင်ပင်လယ်မြို့တော်အား ထိန်းချုပ်လိမ့်မည်ကိုစိုးရိမ်နေကြသေးသည်။ သို့သော် အခုတွင်မူ သူတို့မှာလုံးဝပူပန်စရာမလိုတော့ချေ။
အကြီးအကဲလုံရှေ့တွင် လုမျိုးနွယ်စုဟာ လုံးဝကိုသေဆုံးလိမ့်မည်။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သည်ပင် သူတို့အားကယ်တင်နိုင်လိမ့်မည်မဟုတ်ချေ!
အရှိန်အဝါမှာ ကောင်းကင်နှင့် မြေပြင်အားဖုံးလွှမ်းသွားပြီး ဒီရေကဲ့သို့ဖိနှိပ်ထားသည်။
ကောင်းကင်ယံတွင် အနက်ရောင်မိုးတိမ်များမှာ အလျင်အမြန်စုဝေးလာကြသည်။
ထိုလွှမ်းခြုံထားသောရောင်ဝါကိုအာရုံခံမိသောအခါ လုမျိုးနွယ်စုထံမှလူများ၏ စိတ်နှလုံးများမှာ တုန်လှုပ်လျက် ကောင်းကင်ယံသို့ ကြောက်ရွံ့စွာကြည့်နေကြ၏။
"ဘယ်လောက်တောင်အားကောင်းလိုက်တဲ့ကျင့်ကြံဆင့်လဲ!"
မျိုးနွယ်စုခြောက်ခုမှ တပည့်များမှာ အင်မတန်စိတ်လှုပ်ရှားသွားကြသည်။
လုမျိုးနွယ်စု သရော်ခံရခြင်းမှာသူတို့အမြင်ချင်ဆုံးအရာပင်ဖြစ်သည်။
သို့သော်ထိုအခိုက်တွင် အကြီးအကဲလုံမှ သခင်ကြီးလုအားမတိုက်ခိုက်နိုင်ခင်မှာပင် မိုးကြိုးလျှပ်စီးတစ်ခုမှာရုတ်တရတ် လုမျိုးနွယ်စု၏အထက်ကောင်းကင်မှဆင်းသက်လာပြီး နေရာမှာတင် တိမ်မည်းများအား ရှင်းလင်းလိုက်သည်။
"မြေအောက်လောကဂိုဏ်းရဲ့ ဂိုဏ်းသားလေးတစ်ယောက်၊ မင်းကများ ငါ့ရဲ့လုမျိုးနွယ်စုကိုလာရှုပ်ရတာ မှန်တယ်ထင်နေလား?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၉ စတင်၍သိက္ခာမဲ့စွာ နေထိုင်ခြင်း
ထိုအသံမှာ မိုးချုန်းသံနှင့်ပင်တူညီပြီး ကောင်းကင်ပင်လယ်မြို့တော်တစ်ခုလုံးရှိ မရေတွက်နိုင်သောကျင့်ကြံသူများ၏ သွေးများကိုလှုပ်ခါစေသည်။
ကျင့်ကြံဆင့်နိမ့်သည့် အချို့ဖြစ်တည်မှုများသည်ပင် နေရာမှာတွင် ဒွါရခုနှစ်ပေါက်မှ သွေးများထွက်လာ၏။
သူတို့ဟာမသေသော်လည်း အသိစိတ်များမဲ့သွားကြရသည်။
ဒါဟာလုရှောင်ယန်၏ တိုက်ခိုက်မှုပင်!
တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်၏ စွမ်းအားမှာ သာမန်နတ်ဘုရားအဆင့်ပညာရှင်များ ခုခံနိုင်သည့်အဆင့်ထက်ပင်ကျော်လွန်နေသည်။
ကမ္ဘာငယ်လေးတစ်ခု၏ ဆင့်ကဲပြောင်းလဲမှုသည် ပို၍ကောင်းမွန်လေလေ၊ လက်တွေ့ကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်လေလေဖြစ်သည်။
ထိုအဆင့်အောက်ရှိလူများမှာ ထိုရုတ်တရတ်အပြောင်းအလဲအားမြင်သည်နှင့် ရူးသွပ်လုနီးနီးပင်ဖြစ်သွား၏။
လုရှောင်ယန်၏အရှိန်အဝါမှာ အင်မတန်အားကောင်းလှသည်။ ထိုအရှိန်အဝါနှင့်တင်ပင် ကောင်းကင်ယံထက်ရှိ တိမ်မည်းများကိုပင် ဖျက်ဆီးလိုက်နိုင်၏။
ထိုအင်မတန်ကြောက်မက်ဖွယ်ရာအားမှာ အားကြီးလှသောကြောင့် အကြင်နာမဲ့နေသည်။
လုရှောင်ယန်၏ကြောက်မက်ဖွယ်အရှိန်အဝါအား အာရုံခံမိသည်နှင့် အကြီးအကဲလုံ၏ ကိုယ်မှာ တုန်ရီလာသည်။
လုရှောင်ယန်မှာ လက်နှစ်ဖက်ကိုနောက်သို့ပို့ပြီး ထိုအသံနှင့် တစ်လှမ်းချင်းလှမ်းလာကာ တိမ်များအကြားတွင်ရပ်နေသည်ကိုမြင်သို့အခါ သူဟာအလျင်စလိုပင် လက်များကိုယှက်လိုက်၏။
"စီနီယာ ကျုပ်လျစ်လျူရှုမိသွားပါတယ်။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး။"
"စီနီယာကသာ ကြီးကျယ်ခမ်းနားနေရင် ကျုပ်တို့မြေအောက်လောကဂိုဏ်းက ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ဖို့ဆန္ဒရှိပါတယ်။"
ထိုအခိုက်တွင် လုရှောင်ယန်ဟာ ဝတ်ရုံတစ်ခုနှင့် ဝါးဦးထုတ်အားဝတ်ဆင်ထားပြီး သူ့အားရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း ဘာတစ်ခွန်းမှမဆိုဘဲ ထိုနေရာ၌ရပ်နေရုံနှင့်ပင် သူဟာကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ အကြီးအကဲလုံမှာ လုံးဝမခုခံဝံ့ဘဲ လုရှောင်ယန်အား တသီးတသန့်ပင် မြှောက်ပင့်နေရသည်။
ကံဆိုးစွာဖြင့် သူဟာ ခုခံရန်ရည်ရွယ်ချက်ရှိရှိမရှိရှိ အရာအားလုံးမှာ ထိုသူမှ လုမျိုးနွယ်စုအားတိုက်ခိုက်ရန်ကြိုးစားသည့်အချိန်ကစ၍ သတ်မှတ်ပြီးသားပင်။
လုရှောင်ယန်ဟာ သူ၏လေကိုမဖြုန်းတီးပါချေ။
သူဟာ လေ့ကျင့်ကွင်းအထက် ကောင်းကင်တွင်ခြေလှမ်းလိုက်ပြီး လက်ကိုအတန်ငယ်မြှောက်လိုက်ကာ သူ၏ဝတ်ရုံကို ဆွဲတင်ကာ တစ်ဖက်လူကိုကြည့်လိုက်သည်။
တစ်ခဏတွင် စစ်မှန်သောအမြင်သုံးပါးအား ဖွင့်လှစ်လိုက်ပြီး ထာဝရမီးတောက်များဟာ တစ်ဖက်လူ၏ကိုယ်ပေါ်တွင် စတင်တောက်လောက်လာတော့သည်။
မီးတောက်များက အသားကိုထိသောအခါ သူတို့ဟာချက်ချင်းပင် ထူးဆန်းသည့် အက်ကွဲသံများကို ထုတ်လွှတ်လိုက်ပြီး လူများကိုကြောက်ရွံ့ကာ ကြက်သီးပင်ထလာစေသည်။
"အ! စီနီယာ! ခင်ဗျားဘာလုပ်တာလဲ?"
အကြီးအကဲလုံမှာ ထိတ်လန့်သွားကာရေရွတ်လိုက်သည်။ သူလွတ်မြောက်ကာနီးဆဲဆဲတွင် လျှပ်စီးစွမ်းအားရှစ်သွယ်ကကောင်းကင်ထက်မှ မြည်သံကျယ်နှင့်အတူ ရုတ်တရတ်ကျဆင်းလာပြီး လျှပ်စီးလှောင်အိမ်ဖြစ်ပေါ်လာကာ သူအားတင်းကြပ်စွာ ဖမ်းချုပ်ထားလိုက်သည်။
လမ်းကြောင်းရှစ်သွယ်မိုးကြိုးနတ်ဘုရား!
ဟင်းလင်းပြင်စွမ်းအားကိုပင်အကျဉ်းချနိုင်သော နတ်ဘုရားနည်းလမ်း!
ထိုသည်ကပိုမိုအားကောင်းကာ မြန်ဆန်ပြီး အစီအရင်များထက်ပင် အသုံးပြုရအဆင်ပြေသည်။
အကြီးအကဲလုံမှာလွတ်မြောက်ချင်သော်လည်း လမ်းကြောင်းရှစ်သွယ်မိုးကြိုးနတ်ဘုရား၏လျှပ်စီးအကာအရံများကို ထိမိလိုက်သောအခါ ထိုလျှပ်စီးစွမ်းအားကြောင့် တစ်ခဏအတွင်းပင် ပျံထွက်သွား၏။
ဘန်း!
လျှပ်စီးစွမ်းအားမှာ သူ၏ကိုယ်အား ကြီးမားသောဒဏ်ရာကိုပင်ရစေပြီး ထာဝရမီးတောက်များ၏တောက်လောင်မှုမှာ ပိုလို့ပင်ပြင်းထန်နေသေးသည်။
"အား...စီနီယာ၊ ကျုပ်က မြေအောက်လောကဂိုဏ်းရဲ့အကြီးအကဲပဲ! ကျုပ်ကိုသတ်ရင် မြေအောက်လောကဂိုဏ်းက ခင်ဗျားကိုအလွတ်ပေးမှာမဟုတ်ဘူး။"
"စီနီယာ၊ ကျုပ်ကိုလွှတ်ပေးပါ။ ကျုပ်မှားသွားပါတယ်။ ကျုပ်တကယ်ကိုမှားသွားပါတယ်။"
"စီနီယာ၊ ကျုပ်ခင်ဗျားရဲ့ကျွန်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ခင်ဗျားကို ကျုပ်ရဲ့သခင်အဖြစ်ထမ်းဆောင်ပေးဖို့ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကိုလွှတ်ပေးပါ!"
...
ထိုနှလုံးပြုတ်ထွက်မတတ်အော်သံသည် ကောင်းကင်ပင်လယ်မြို့တော်၌ ပဲ့တင်ထပ်သွားလေသည်။
အသက်ရှူကြိမ်တစ်ခါ၊ အသက်ရှူကြိမ်နှစ်ခါ၊ အသက်ရှူကြိမ်သုံးခါ...
ထိုအော်သံများမှာ ရှင်းလင်းနေရာမှ ပြာထွက်သွားပြီး နောက်ဆုံးပိတ်အမြင့်သံနှင့်အတူ ပျက်ဆီးသွား၏။
အသက်ရှူကြိမ်ဒါဇင်ချီမျှ ထွက်ပေါ်နေပြီးနောက်တွင် ထိုအော်သံများမှာ အကြီးအကဲလုံမှ ဖုန်မှုန့်အပုံလေးအဖြစ်ပြောင်းလဲသွားချိန်တွင် လုံးဝပျောက်ကွယ်သွားတော့သည်။
သူ၏နတ်ဝိဉာဉ်ဖြစ်သည့် အဆိပ်ကင်းမြီးကောက်မှာမူ လုရှောင်ယန်၏စုပ်ယူခံကာ ဝိဉာဉ်အားဖြည့်ခြင်းကိုခံလိုက်ရသည်။
လေထုမှာ သေလောက်အောင်ပင်ငြိမ်သက်သွားသည်။
ကျင့်ကြံသူအားလုံးဟာမျက်လုံးများပြူးကျယ်နေကြကာ နေရာမှာပင်ကြောင်အနေကြသည်။ သူတို့၏နှလုံးများမှာ ကဆုန်ပေါက်နေကြပြီး ဆုံးရှုံးတော့မာ့်အခြေအနေမှာပင်ဖြစ်၏။
ဒီလူက... လူရောဟုတ်သေးရဲ့လား?
သူဟာ ထို မဖော်ပြနိုင်လောက်သောနတ်မီးတောက်နှင့် လျှပ်စီးတို့အားဖန်တီးရန် လက်အားအတန်ငယ်သာမြှောက်လိုက်ပြီး ဝါးဦးထုပ်လေးကိုသာ ထိခဲ့သည်ပင်။ ထျန်းရွှေမြို့တော်နှင့် လူတိုင်းအရှေ့တွင် သူဟာလွယ်လွယ်ကူကူပင် မြေအောက်လောကအကြီးအကဲအား သေခြင်းသို့ပို့ဆောင်ပြီး ဝိဉာဉ်ကို အားဖြည့်ခဲ့သည်။
ဒီရိုးရှင်းတဲ့လှုပ်ရှားမှုလေးနှစ်ခုနဲ့လေ?
ဒါကလိုသမျှအကုန်ပဲလား?
ဘယ်သူမှ နတ်ဝိဉာဉ်စွမ်းအားအပြောင်းအလဲကိုပင် အာရုံမခံနိုင်လိုက်ကြပါချေ။
ဒါက လိုသမျှအကုန်ပဲလား?
လူတိုင်းဟာ သူသည် တစ်ဖက်လူအား လှုပ်ရှားမှုတစ်ခုလေးနှင့် သတ်နိုင်မည်ဆိုသည်ကိုလည်း သံသယပင်မဖြစ်ပါချေ။
ဒါပေမယ့် သူမလုပ်ခဲ့ပါချေ။ ထိုအစားသူဟာ တစ်ဖက်လူအား သေတဲ့အထိ တဖြည်းဖြည်းကစားပြီး နတ်ဘုရားမှ ပုရွက်ဆိတ်များကိုဆက်ဆံသကဲ့သို့ပင်။
တစ်ဖက်လူမှာ တကယ်ကိုပင် လုံးဝမခုခံနိုင်လိုက်ပါချေ။
မဟုတ်သေးဘူး!
အတိအကျဆိုရလျှင်၊ အကြီးအကဲလုံ၏ရှေ့မှောက်တွင် သူဟာနတ်ဘုရားတစ်ပါးပင်!
သို့သော် အကြီးအကဲလုံမှာ ရှင်းလင်းစွာပင် ပဉ္စမမြောက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ပညာရှင်ပင်ဖြစ်သည်။
ထိုသည်မှာ ဒီကမ္ဘာရှိ ကျင့်ကြံသူအများစုအားကျော်လွန်နေပြီဖြစ်သည့် တည်ရှိမှုပင်။
သို့သော် လုမျိုးနွယ်စုဘိုးဘေး၏ရှေ့မှောက်တွင် သူဟာပုရွက်ဆိတ်သာသာပင်ဖြစ်သည်။
ဒါကဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ?
လုမျိုးနွယ်စုဘိုးဘေးက ဘယ်လောက်ထိစွမ်းအားကြီးနေတာလဲ?
လူတိုင်းဟာကြောက်ရွံ့သွားကြပြီး လုမျိုးနွယ်စုမှလူများသည်ပင် အင်မတန်စိတ်လှုပ်ရှားနေကြသည်။
တချို့ဆိုလျှင် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများပင် နီရဲကာ ရှိုက်သံများပင်ထွက်လာသည်။
ပြောရမည်ဆိုလျှင် သခင်ကြီးလုမှာစိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင်စီးကျနေသည်။
ဒါက သူတို့ရဲ့ဘိုးဘေးပဲ!
ဒါကသူတို့ လုမျိုးနွယ်စုရဲ့ဘိုးဘေးပဲ!
လုမျိုးနွယ်စု၏ဘိုးဘေးမှာ စွမ်းအားကြီးလှသဖြင့် ထျန်းရွှေမြို့တော်ရှိ မည်သူကမှ သူ့အားခုခံနိုင်မည်မဟုတ်ချေ။
ယနေ့မှစပြီး သူတို့ဟာ မည်သည့်နေရာကိုသွားသည်ဖြစ်စေ ဂုဏ်ယူစွာကြေငြာစရာတစ်ချက်တော့ရှိလာခဲ့ပြီဖြစ်သည်။
ဒါဟာ သူတို့၏လုမျိုးနွယ်စုဘိုးဘေးမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ပညာရှင်အား ပုရွက်ဆိတ်လေးကိုတက်နင်းသလို လွယ်လွယ်ကူကူသတ်နိုင်သည်ဆိုတာပင်။
"သက်ရှည်ဘိုးဘေး!"
တစ်စုံတစ်ယောက်ဟာအော်ဟစ်လိုက်ပြီး နောက်တွင် လုမျိုးနွယ်စုတစ်ခုလုံး၏ တပည့်များမှာ စတင်အော်ဟစ်လာကြသည်။
တစ်ခဏအကြာတွင် ကောင်းကင်ပင်လယ်တစ်မြို့တော်လုံးဟာ လုမျိုးနွယ်စုတပည့်များ၏ စိတ်လှုပ်တရှားအော်သံများဖြင့်ပြည့်နှက်သွားတော့သည်။
ဝါးဦးထုပ်နှင့် လုရှောင်ယန်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြောစရာမဲ့သွား၏။
ဒီကောင်တွေက သိုသိုသိပ်သိပ်လေးမနေနိုင်ကြဘူးလား? ဘာလို့ ဒီလောက်အကျယ်ကြီးအော်ဟစ်နေကြရတာလဲ?
သို့ရာတွင် ယခုအချိန်မှာ တခြားမျိုးနွယ်စုတွေရှိနေသေးသောကြောင့် သူတို့အကြောင်းအားပြောရမည့်အချိနိမဟုတ်သေးချေ။
လုရှောင်ယန်မှာ ဖြည်းဖြည်းချင်းဆင်းသက်လိုက်ပြီး လေပေါ်တွင် ကိုယ်ဖော့နေလိုက်၏။ သူဟာ မျိုးနွယ်စုခြောက်ခု၏ တပည့်များအားကြည့်လိုက်သည်။
ဝါးဦးထုပ်နှင့် အကာပါးပါးလေးအောက်မှ အကြည့်တစ်ချက်ကပင် လူတိုင်း၏နှလုံးသားများကို သေမင်းနှင့်ရင်ဆိုင်ကြည့်နေရသကဲ့သို့တင်းကြပ်သွားစေသည်။
ကျန့်ရှန်းနန်နှင့် အခြားသူများဟာ ချက်ချင်းပင် ပါးစပ်အပြည့်တံတွေးများကိုမြိုချလိုက်ပြီး အလျင်စလိုဒူးထောက်လိုက်သည်။
"စီနီယာ၊ ကျုပ်တို့အမှားကိုသိပါပြီ။ စီနီယာ ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ။"
"ဟုတ်ပါတယ်၊ စီနီယာ။ ကျုပ်တို့က လုမျိုးနွယ်စုရဲ့ အစေခံတွေဖြစ်လာဖို့ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"
လုရှောင်ယန်ဟာ သူတို့အားမသတ်ပါချေ။ ထိုအစားလေထုကို ဖမ်းဆုပ်ကာ သူတို့၏မျက်ခုံးကြားရှိနေရာလွတ်မှ လူတိုင်း၏သွေးအဆီအနှစ်တစ်စက်စီကိုထုတ်ယူလိုက်ပြီး လုထျန်းနန်၏ လက်တွင်းသို့ ပစ်လွှတ်လိုက်သည်။
"ဒီလူတွေကို မင်းနဲ့ထားခဲ့ရလိမ့်မယ်။ လုမျိုးနွယ်စုရဲ့ လက်ရှိဘိုးဘေး၊ ကျုပ်နောက်လိုက်ခဲ့ပါ။"
"ကောင်းပါပြီ! ဆန္ဒရှိသလိုလုပ်ပါ ဘိုးဘေး"
သခင်ကြီးလုမှာ သူ၏လက်များကို ယှက်ထားလိုက်သည်။ လုရှောင်ယန်ဟာခေါင်းငြိမ့်ပြီး လှည့်ထွက်သွား၏။
ထိုလူများ၏ကျင့်ကြံဆင့်မှာ အမှိုက်သာသာဖြစ်နေသော်လည်း တောက်တိုမယ်ရအလုပ်သမားများအနေနှင့်တော့ ဖြစ်နိုင်ပါသေးသည်။
လုရှောင်ယန်မှာ ၎င်းတို့၏သွေးအဆီအနှစ်တစ်စက်စီအား ထုတ်ယူထားပြီးဖြစ်သောကြောင့် သူတို့မှာအချိန်ကြာကြာမနေနိုင်တော့ပါချေ။ သူတို့အား လုမျိုးနွယ်စုမှထိန်းချုပ်ပြီး ရုပ်သေးများသာဖြစ်လာကြတော့မည်။
ထို့နောက်တွင် လုရှောင်ယန်ဟာ လုမျိုးနွယ်စုအား ကျင့်ကြံရန်အချိန်သို့ဝင်ရောက်စေလိုက်မည်။ မျိုးနွယ်စုခြောက်ခုမှ တပည့်များကို အစေခံများအဖြစ်မှတ်ယူနိုင်ပြီး ကောင်းကင်ပင်လယ်မြို့တော်ရှိလုပ်ငန်းများအား ထိန်းသိမ်းစေကာ လုမျိုးနွယ်စုအတွက် ရင်းမြစ်များပိုမိုရရှိလာစေနိုင်လိမ့်မည်။
…
နာရီဝက်မျှကြာပြီးနောက်၊ လုမျိုးနွယ်စုဘိုးဘေးခန်းမ။
သခင်ကြီးလုဟာ ဝင်ရောက်လာပြီး သူ့ရှေ့ရှိ ဆန်းကြယ်သောဘိုးဘေးအားလေးစားသမှုဖြင့်ကြည့်နေလိုက်သည်။
ထိုလူမှာ လုမိသားစုပြဿနာအား အလွယ်တကူဖြေရှင်းပေးပြီး သူ့အား သေခြင်းမှကယ်တင်ခဲ့သည်။
သူဟာ မြေအောက်လောကအကြီးအကဲအားလည်း ပုရွက်ဆိတ်ကိုတက်နင်းသလိုမျိုး နင်းခြေခဲ့သည်။
ထိုကိစ္စလေးနှစ်ခုကပင် လုမျိုးနွယ်စုတစ်ခုလုံးအား လုံးဝကိုနတ်ဘုရားဖြစ်လာစေပြီး ထိုက်ရွှေမြို့တော်တွင် ထင်ရှားသောကြီးမြတ်သည့်မျိုးနွယ်စုဖြစ်လာစေလိမ့်မည်။
သူဟာတစ်ဖက်လူ၏ အမည်နှင့် အသွင်အပြင်အစစ်အမှန်ကို မသိပါသော်လည်း သူဟာထိုလူ၏ ပုံစံကို လုံးဝသံသယမဝင်ပါချေ။
ထိုသည်မှာ သူသည်တစ်ဖက်လူ၏ကိုယ်မှ အင်မတန်ကြွယ်ဝပြီး ရင်းနှီးနေသော ခံစားချက်ကို ရနေခြင်းကြောင့်ပင်။
ဒါက သွေးချင်း ဆက်နွယ်နေမှုကြောင့်ပင်
တစ်ဖက်လူမှာ လုမျိုးနွယ်စု၏ဘိုးဘေးဖြစ်ရမည်။ သံသယဖြစ်စရာပင်မရှိချေ။ သူဟာ သွေးစစ်ခြင်းကိုပင် မလုပ်ရသေးပါချေ။
ဒါပေါ့၊ ဒါကအရေးမပါပါချေ။
ထိုကဲ့သို့ စွမ်းအားကြီးသည့်ပညာရှင်က သူ၏ဘိုးဘေးဖြစ်ချင်နေသည်လေ။ ဒါကသူ့တစ်ဘဝလုံးတွင် မရရှိနိုင်သော အရာတစ်ခုဖြစ်သည်။
ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီးနောက်တွင် သူဟာလက်များကိုယှက်လျက် အရိုအသေပေးလိုက်၏။
"လုချန်းလုံ၊ လုမျိုးနွယ်စုရဲ့ ၇၈ဆက်မြောက်မျိုးဆက်မှ ကြိုဆို..."
"ရပ်လိုက်!"
လုရှောင်ယန်မှာ သူ့လက်ကိုချက်ချင်းမြှောက်ကာ သူ့အားဒူးထောက်မည်မှ တားဆီးလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူက ဇီဝဗေဒအရ သူ့အဘိုးဖြစ်နေသည်လေ။ တစ်ဖက်လူက သူ့ထံသို့ ဒူးထောက်လာမည်ကို ရပ်ကြည့်မနေနိုင်သေးပါချေ။
ဒါ့အပြင် ထိုသည်ကဘဝသက်တမ်း ဒါမှမဟုတ် ကံကို လျော့ကျစေလားလည်းမသိပါချေ။
သူဟာမြင်းနက်များနှင့် ထိတွေ့ခဲ့ကတည်းက လုရှောင်ယန်မှာ ဖုန်းရွှေနှင့် ကံကြမ္မာကို ပိုမိုအာရုံစိုက်လာခဲ့ရသည်။
ပြောရလျှင် သူဟာငယ်ငယ်ရွယ်ရွယ်နှင့် မသေချင်ပါချေ။
"ဘိုးဘေး?"
လုချန်းလုံမှာ လုရှောင်ယန်အား ဆိုလိုချင်သည်ကိုနားမလည်စွာဖြင့် ရှုပ်ထွေးစွာကြည့်လိုက်သည်။
လုရှောင်ယန်မှာ အတန်ငယ်ချောင်းဟန့်ကာ ချက်ချင်းဖြေလိုက်သည်။
"ကျုပ်ကဒီလို ရှုပ်ထွေးတဲ့ ထုံးစံတွေကိုမကြိုက်လို့ပါ။"
"အိုး၊ ကျုပ်သိပြီ။ ဒါပေမယ့် ကျုပ် ခင်ဗျားကိုအတော်ကြာမတွေ့သေးဘူးလေ၊ ဘိုးဘေး။ နှုတ်ဆက်ဖို့ လိုနေသေးတယ်။"
"မလိုဘူးလို့ ပြောပြီးပြီလေ။"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်ဒါကိုလုပ်ဖို့လိုတယ်။"
"ခင်ဗျားသာ ကျင့်ကြံခြင်းမှာ မြှောက်ပင့်တတ်တာရဲ့ တစ်ပိုင်းလောက်ပဲ ဇွဲရှိမယ်ဆိုရင် ခင်ဗျားက အခု တတိယမြောက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်မှာပဲရှိနေလိမ့်မှာ မဟုတ်ဘူးလို့ ကျုပ်ခန့်မှန်းမိတယ်။"
"ဟီးဟီးဟီးဟီး... ဘိုးဘေး၊ ခင်ဗျားမှားနေပြီ။ ဘိုးဘေးကြောင့်သာမဟုတ်ရင် ကျုပ်ကအခုမှ ပြီးပြည့်စုံသော နတ်ဘုရားဖြစ်ပေါ်စေခြင်း ဒဿမအဆင့်လောက်မှာပဲရှိနေပြီး ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုရောက်ဖို့ အတော်လေးလိုနေဦးမှာ! ချန်းလုံအောင်အောင်မြင်မြင် အဆင့်တက်ခဲ့တာက ဘိုးဘေးကြောင့်ဆိုတာ အတိအကျပဲ။"
လုရှောင်ယန် : "..."
သူ့အဘိုးက ဒီလောက်ထိ အရှက်မဲ့လိမ့်မည်ဟု သူထင်မထားခဲ့ချေ။
သူဟာ အနည်းငယ်ချောင်းဟန့်လိုက်သည်။
"ကျုပ်ရဲ့လေတွေကို မဖြုန်းတော့ဘူး။ ခင်ဗျားကို ဒူးမထောက်ဖို့ပြောထားတယ်။ ရပ်ပဲရပ်နေပါ။"
"ဘိုးဘေး၊ အပြုအမူကို လျစ်လျူမရှုရပါဘူး!"
"ဒါဆို ကျုပ်ထွက်သွားလိုက်သင့်လား?"
လုချန်းလုံဟာအလျင်စလိုပြောလိုက်သည်။
"ဒါဆိုကျုပ် ဒူးမထောက်တော့ပါဘူး။ နာခံပါမယ်။"
လုရှောင်ယန်ဟာ ခေါင်းငြိမ့်ပြီးချက်ချင်းပြောလိုက်သည်။
"ကျုပ်ကလုမျိုးနွယ်စုဘိုးဘေးမြေပေါ်မှာ နှစ်ပေါင်းများစွာကျင့်ကြံခဲ့တယ်။ အခုဆိုကျုပ်ရဲ့ကျင့်ကြံဆင့်ကအကန့်အသတ်ကိုရောက်နေပြီး နောက်ထပ်ဆက်မတက်နိုင်တော့ဘူး။ ဒါကြောင့် အခွင့်အရေးရလို့ရငြား အပြင်ထွက်ပြီး လှည့်လည်သွားဖို့ စီစဉ်ထားတယ်။"
"ဒါပေမယ့် ခင်ဗျားရဲ့ကျင့်ကြံဆင့်က အရမ်းကိုနိမ့်လွန်းနေတယ်။"
"ကျုပ်ထွက်သွားပြီးနောက် လုမျိုးနွယ်စုက လူတိုင်းကိုကာကွယ်ဖို့နဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့အတွက် ခင်ဗျားကျင့်ကြံဆင့်ကိုတိုးမြှင့်ဖို့လိုတယ်။"
"နောက်ထပ်နှစ်နှစ်အတွင်းမှာ လုမျိုးနွယ်စုက တပည့်တွေအကုန်လုံးအပြင်ထွက်ခွင့်မပြုရဘူး။ လူတိုင်းဟာ စုဝေးပြီး စတင်ကျင့်ကြံရမယ်။"
လုချန်းလုံဟာ အင်မတန်ပျော်ရွှင်သွားသည်။
"မပူပါနဲ့၊ ဘိုးဘေး။ လုမျိုးနွယ်စုက တပည့်တွေက ခင်ဗျားဆီက သင်ပြခံရဖို့အကြာကြီးစောင့်ဆိုင်းနေခဲ့တာပါ။"
လုရှောင်ယန်ဟာခေါင်းငြိမ့်လိုက်သည်။ ထိုနည်းလမ်းဖြင့် လုမျိုးနွယ်စုဟာ ငြိမ်းချမ်းခြင်းကာလလေးကို ရရှိတော့မည်ဖြစ်သည်။
မြေအောက်လောကဂိုဏ်းကလူသာ ဒုက္ခမဖြစ်စေလျှင် ပြဿနာမဟုတ်ပါချေ။
သူတို့ဟာ စတင်၍သိက္ခာမဲ့စွာနေထိုင်ကြရတော့မည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၃၀ နတ်ဆိုးကြက်ခြေခတ်အစည်းအဝေး
နတ်ဘုရားလောက၊ မြေအောက်လောကဂိုဏ်း။
မြေအောက်လောက၏ မြေအောက်ဂူတွင် ဂိုဏ်းသားများသောင်းနှင့်ချီစုဝေးနေကြသည်။ နတ်ဆိုးရောင်ဝါများမှာ လက်တွေ့ပင်ပေါ်ထွက်လာကြပြီး ချောက်ကမ်းပါးထက်တွင် နတ်ဆိုးရောင်ဝါဖြင့်ပြည့်နှက်နေသော အနက်ရောင်သလင်းကျောက်များမှာ ရေတွက်မရနိုင်လောက်အောင်ပင် ဖြစ်ပေါ်လာသည်။
အမြင့်ဆုံးကျောက်တိုင်တွင် အနတ်ရောင်ဝတ်ရုံဝတ်ပုံရိပ်တစ်ခု ရပ်နေ၏။ သူ့ထံတွင် မျက်နှာရှည်ရှည်၊ နှာခေါင်းကောက်ကောက်နှင့် ထက်မြသော မေးရိုးရှိသည်။ အနက်ရောင်နတ်ဆိုးသားရဲ၏သားမွေးအင်္ကျီနှင့်တွဲလျက်မြင်ရသည်မှာ ကြောက်မက်ဖွယ်ရာပင်ကောင်းနေပြီး လူသားနှင့်ပုံသဏ္ဍာန်ပေါ်မနေပါချေ။
လူသတ်ငွေ့ဖြင့်ပြည့်နေသော အနီရောင်အလင်းနှစ်ခုဟာ သူ၏နီညိုရောင်မျက်ဝန်းများသို့ ခုန်ဝင်လာသည်။
"နှစ်ပေါင်း ၃၀၀၀ကြာခဲ့ပြီ! နှစ်ပေါင်း ၃၀၀၀အတွင်းမှာ ကျုပ်တို့မြေအောက်လောကဂိုဏ်းက ဒီလိုပျက်ရယ်ပြုမှုမျိုးကို ဘယ်တုန်းကမှမခံစားခဲ့ရဘူး!"
"တစ်ဖက်လူက ဖြောင့်မတ်တဲ့ဂိုဏ်းအဖွဲ့ကမဟုတ်ဘူး။ ကောင်းကင်ပင်လယ်မြို့တော်ဆိုတဲ့ မြို့သေးသေးလေးက မျိုးနွယ်စုလေးသာသာပဲ။ နတ်ဘုရားလောကမှာဆို သူတို့က လုံးဝကို အမှိုက်ပဲ။
"သူတို့ကတကယ်ပဲ ကျုပ်တို့မြေအောက်လောကဂိုဏ်း အကြီးအကဲနှစ်ယောက်ကိုသတ်ရဲတယ်ပေါ့လေ! သူတို့က ကောင်းကင်ပင်လယ်မြို့တော်က မြေအောက်လောကဂိုဏ်း အဖွဲ့ခွဲရဲ့ တပ်ဖြန့်ထားတာကိုတောင် ဖြတ်ပစ်တယ်။"
"မြင့်မြတ်တဲ့နတ်ဆိုးဂိုဏ်းကဘယ်တုန်းကမှ ဒီလိုပျက်ရယ်ပြုမခံရဖူးဘူး!"
"ဒီနေ့ ကောင်းကင်ပင်လယ်မြို့တော်ကိုမဖျက်ဆီးရင် ကျုပ်တို့မြေအောက်လောကဂိုဏ်းကဘယ်လိုရှင်သန်ရမှာလဲ? ကျုပ်တို့က နတ်ဆိုးဂိုဏ်းတစ်ခုလုံးအတွက် ရယ်စရာပြက်လုံးဖြစ်လိမ့်မှာမဟုတ်ဘူးလား?"
"စကြမယ်၊ ကောင်းကင်ပင်လယ်မြို့တော်ကို ပစ်မှတ်ထားလိုက်!"
တစ်ခဏအတွင်းတွင် နတ်ဆိုးလေများဟိန်းဟောက်ကာ လေများလည်း တိုးလာသည်။
...
နတ်ဘုရားလောက၊ ဗုဒ္ဓကျောင်းငယ်တွင်။
ရွှေရောင်ဗုဒ္ဓအလင်းမှာ ထိုဘုရားကျောင်းထဲသို့ ဖြည်းညင်းစွာဆင်းသက်လာသည်။
အလင်းရောင်ပျောက်ကွယ်သွားပြီး သပိတ်ပိုက်ထားသော ဘုန်းကြီးတစ်ပါးပေါ်ထွက်လာသည်။
ထိုအခိုက်တွင် နောက်ထပ် အနီရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုတစ်ပါးဟာ ခန်းမထဲမှာထွက်လာသည်။
"အမိတာဘ၊ ကျွယ်ယွမ် မင်းပြန်လာပြီပဲ။ ဒီတစ်ခေါက်ရော ပြန်လာတာ တစ်ခုခုရခဲ့သေးလား?"
ဘုန်းကြီးကျွယ်ယွမ်ဟာ သူ၏လက်ကိုမြှောက်လိုက်သည်။
"ဆရာဦးလေး၊ ကျွန်တော်ရှက်မိပါတယ်။ ရက်အနည်းငယ်လောက် ခရီးသွားပြီးနောက်မှာ နတ်ဆိုး ၄၀၀ကျော်လောက်ပဲ ဖမ်းမိခဲ့တယ်။ အားအကြီးဆုံးတစ်ကောင်ကတော့ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့် ဇွန်ဘီအမပဲ။"
ဆရာတော်၏မျက်ခုံးများအတန်ငယ်မြင့်တက်သွားပြီး ခပ်ယောင်ယောင်သက်ပြင်းချလိုက်သည်။
"ဒီလိုလား? ဒီတစ်ခေါက်တော့ နည်းနည်းခက်ခဲသွားပုံပဲ။ ဗောဓိဘုရားကျောင်းက မိစ္ဆာရှင်းလင်းရေးအစည်းအဝေးကျင်းပနေတယ်။ ဗုဒ္ဓဘာသာအဖွဲ့ခွဲတွေအကုန်လုံးကို မိစ္ဆာနတ်ဆိုးအရေအတွက် ပိုများများလက်လွှဲပေးဖို့တောင်းဆိုနေကြတယ်။ ပြောရရင် မိစ္ဆာရှင်းလင်းရေးအစည်းအဝေးက နတ်ဆိုးအရေအတွက်ပေါင်း သန်း ၁၀၀လောက်လိုနေတယ်။ စုစုပေါင်းဆိုရင် ငါတို့ဂိုဏ်းတွေတစ်ဂိုဏ်းစီက အနည်းဆုံးနတ်ဆိုးပေါင်း ၁၀၀,၀၀၀ပေးဖို့ လိုအပ်တယ်။
"ကျွန်တော်ကအရမ်းအသုံးမကျတာပဲ။"
"ဒါမင်းအမှားမဟုတ်ပါဘူး။ ငါ့ရဲ့ဗုဒ္ဓကျောင်းငယ်က နှစ်တွေအများကြီးမှာ နတ်ဆိုးပေါင်း ၇၀,၀၀၀ပဲရသေးတယ်။ ၃၀,၀၀၀လောက်တော့ထပ်လိုနေတယ်။"
"အဆုံးကျတော့ ငါတို့ဗုဒ္ဓကျောင်းငယ်ရဲ့ကံက နတ်ဆိုးအနည်းစုလေးနဲ့ပဲကြုံရဖို့ဖြစ်နေတုန်းပဲ။"
သူစကားဆုံးပြီးမကြာခင်မှာပင် ကြောက်မက်ဖွယ်မကောင်းဆိုးဝါးအရှိန်အဝါဟာ ရုတ်တရတ် အဝေးရှိကောင်းကင်မှ ထွက်ပေါ်လာသည်။
ထိုမကောင်းဆိုးဝါးရောင်ဝါကိုအာရုံခံမိပြီး ၎င်းတို့နှစ်ယောက်ဟာ အချင်းချင်းကြည့်လိုက်မိသည်။ သူတို့ဟာ လုံးဝမစိုးရိမ်သည်သာမက အင်မတန်ပင်ပျော်ရွှင်နေသည်။
"အားကောင်းလိုက်တဲ့ နတ်ဆိုးရောင်ဝါ။ အဲ့လိုသိပ်သည်းပြီး များပြားလှတဲ့ နတ်ဆိုးရောင်ဝါနဲ့ဆိုရင် အဲ့ဒီမှာ နတ်ဆိုးအတော်များများရှိနေမှာကိုပဲကြောက်မိတယ်။"
"အဲ့ဒီ့မှာ နတ်ဆိုးအတော်များများရှိတယ်။ ဒီတစ်ခေါက်တော့ တာဝန်ပြီးမြောက်ဖို့ မျှော်လင့်ချက်ရှိပြီ။ မြန်မြန် ဗုဒ္ဓကျောင်းငယ်တစ်ခုလုံးက အကြီးအကဲတွေနဲ့ တပည့်တွေအကုန်လုံးကို စုဝေးပြီး ဒီအမည်မသိနတ်ဆိုးတွေကို ဖမ်းကြမယ်။ သူတို့ထဲက တစ်ကောင်ကိုမှအလွတ်မပေးနဲ့။"
…
လုရှောင်ယန်၏ဘက်တွင်မူ သူဟာတစ်ဆက်တည်းနေ့ရက်များစွာကိုစောင့်ဆိုင်းနေရသည်။ မြေအောက်လောကဂိုဏ်းက သူတို့၏လုမျိုးနွယ်နှင့် ကောင်းကင်ပင်လယ်အား တိုက်ခိုက်မလာသည်ကို ပဟေဠိဖြစ်နေသည်။
ပြောရမည်ဆိုလျှင် သူဟာ မြေအောက်လောကဂိုဏ်း၏ ချောင်းမြောင်းတိုက်ခိုက်မည့်ရန်မှကာကွယ်ရန် အစီအရင်များစွာကိုပင် ပြင်ဆင်ထားသေးသည်။ သူဟာရက်ပေါင်းများစွာနှင့် နတ်သလင်းကျောက် နှစ်သန်းခန့်ပင် ကုန်ဆုံးခဲ့ရသည်။
ကံမကောင်းစွာဖြင့် ရက်အနည်းငယ်လောက်စောင့်ဆိုင်းပြီးချိန်တွင်လည်း မြေအောက်လောကဂိုဏ်းမှရောက်မလာခဲ့ပါချေ။ ဒါကသူ့အား စိတ်ဓာတ်ကျစေ၏။
နတ်ဆိုးတွေက ဘယ်မှာလဲ?
မြေအောက်လောကဂိုဏ်းကလည်း ဒီရက်တွေအတွင်းမှာ နောက်ပြန်ဆုတ်နေကြတာလား?
နတ်ဆိုးတွေကလည်း သိက္ခာမဲ့တာကို စပြီးဂရုစိုက်လာကြပြီလား?
တစ်ဆက်တည်း နတ်ဆိုးဂိုဏ်းအကြီးအကဲနှစ်ယောက်ကိုသတ်လိုက်တာကိုလည်း သူတို့သိပြီး သူ့ကိုကြောက်လို့များ သာမန်ကာလျှံကာလေးမလာရဲကြတာများလား?
"ထူးဆန်းတယ်၊ ထူးဆန်းတယ်။ ပြောရရင် မြေအောက်လောကဂိုဏ်းက မိစ္ဆာဂိုဏ်းလေ! ငါကသူတို့ရဲ့ အကြီးအကဲနှစ်ယောက်ကိုတောင် တစ်ခါတည်း သတ်လိုက်တာကို... သူတို့တကယ်ပဲ သည်းခံနိုင်တယ်လား? ဒါကတကယ်ကို ဒေါသထွက်စရာပဲ။"
သို့ရာတွင် တစ်ဖက်လူများ မလာလျှင်လည်း သူ့မှာရွေးချယ်စရာမရှိပါချေ။ သူကကိုယ့်ဘာသာသွားရှာပြီး သတ်ပစ်မှာမဟုတ်ပါချေ။
ထို့အပြင် သူ၏နယ်မြေတွင်တိုက်ခိုက်ခြင်းမဟုတ်ပါလျှင် ဒါက အလွန်ကိုအကျိုးမရှိချေ။ အနည်းဆုံးတော့ သူဟာ အစီအရင်ရေးဆွဲထားသည်များကို အကျိုးရှိရှိအသုံးချနိုင်မှာမဟုတ်ချေ။
ဒါ့ပေါ့ အရေးကြီးဆုံးက မြေအောက်လောကဂိုဏ်းမှာ မည်သည့်နေရာတွင်ရှိသည်ကို မသိခြင်းပင်။
ထိုနည်းလမ်းဖြင့် လုရှောင်ယန်ဟာ မြေအောက်လောကဂိုဏ်းမှ မိစ္ဆာများရောက်ရှိလာမည်ကို ရက်အနည်းငယ်စောင့်နေသေးပါသော်လည်း မမြင်ရသေးသောကြောင့် အလျှော့ပေးရန်သာ ရွေးချယ်လိုက်ရသည်။
ထိုသို့ဆိုလျှင် လုမျိုးနွယ်စု ကျင့်ကြံနေကြချိန်၌ မြေအောက်လောကဂိုဏ်းမှ သူ့အားပြဿနာလာရှာလျှင်တောင် စိတ်ပူရတာနည်းနိုင်မည်။
ဒါမှမဟုတ် သူဟာလုမျိုးနွယ်စုအားတကယ်ထားခဲ့နိုင်ပြီး စိတ်မပူရတော့ပါချေ။
သူဟာ အလယ်အဆင့်နှင့် အဆင့်မြင့်ကျင့်စဉ်များကိုသုံးပြီး လုမျိုးနွယ်စုအား သင်ပြပေးလိုက်သည်။
လုရှောင်ယန်ဟာ လုမျိုးနွယ်စုအား သူ၏အရေးပါဆုံးအပိုင်းဖြစ်သည့် နတ်လက်နက်များနှင့် နက်နဲမှုအဆင့်ကျင့်စဉ်များအား သင်ပြမပေးခဲ့ပါချေ။
ဆိုရလျှင် သူဟာ သတိထားနေရသောကြောင့်ပင်။ သူဟာအခြားသူများကိုလည်း သတိထားရမည်ဖြစ်သောကြောင့်ပါပင်။
သူ၏အဘိုးနှင့် ဝမ်းကွဲအစ်ကိုမှာ သူ့ထံအင်မတန်ကောင်းပေးကြပါသော်လည်း လုမျိုးနွယ်စုရှိအခြားသူများမှာ မည်သို့ဖြစ်နိုင်သနည်း။
လုမျိုးနွယ်စုတွင် တိုက်ရိုက်မျိုးဆက်သည်ပင် ၁၀၀မှ ၂၀၀အထိရှိသည်။ လူအများကြားတွင် မကောင်းသည့်လူ တစ်ယောက်နှစ်ယောက်ပါမနေဟု မည်သူအာမခံနိုင်ပါမည်နည်း။ ထို့အပြင် သူတို့အားသင်ကြားပေးခဲ့သော ကျင့်စဉ်များဖြင့် သူ့အားရင်ဆိုင်ခဲ့ပါလျှင်ရော?
လုမျိုးနွယ်စုမှ မည်သူမျှ သူ့အားရင်မဆိုင်နိုင်ကြပါသော်လည်း သူဟာ ထိပ်တန်းနက်နဲမှုအဆင့်နှင့် နတ်ဘုရားလမ်းစဉ်များအား ပြန်မယူဘဲ ပေးထားခဲ့ပါလျှင်လည်း အင်မတန် အန္တရာယ်များလှပေသည်။ အဆုံးတွင် သူတို့ဟာ အပြင်မှ တစ်ယောက်ယောက်အား စော်ကားမိပြီး ဝိညာဉ်ရှာဖွေခံရပါလျှင် သူ့အတွက်လည်း အင်မတန်အန္တရာယ်များလှပေသည်။
ဒါ့အပြင် သူဟာ နတ်ဘုရားလမ်းစဉ်အနည်းငယ်မျှသာ ပေးလိုက်မည်ဆိုလျှင်တောင် လုမျိုးနွယ်စုအားအဆုံးမဲ့ပျော်ရွှင်စေနိုင်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် လုမျိုးနွယ်စုထံတွင် ယခင်ကတည်းက နတ်ဘုရားလမ်းစဉ်တစ်ခုရှိပြီးသားပင်။
ထို့ထက် သူဟာ သာမန်အတိုင်း မလိုအပ်သည့် နတ်လက်နက်များအား ပစ်ပေးလိုက်ရင်တောင် လုမျိုးနွယ်စု၏ အင်အားကို ချက်ချင်းတိုးသွားစေလိမ့်မည်။ ဒါ့အပြင် သူ၏တောင်နှင့်မြစ်ပန်းချီထဲတွင် နေရာလွတ်အချို့တောင် ကျန်သွားပေလိမ့်မည်။
သဘာဝကျစွာပဲ ဆေးလုံးလည်း အမြောက်အများရှိသည်ပင်။ ဒါက လူတစ်ယောက်ရဲ့ ခွန်အားကို အမြန်ဆုံးတိုးလာစေနိုင်သည်။
ထိုနတ်လက်နက်များနှင့် နတ်ဘုရားလမ်းစဉ်များအား မြင်ရသောအခါတွင် သခင်ကြီးလုနှင့် အခြားသူများမည်မျှထိစိတ်လှုပ်ရှားနိုင်မည်ကို ကောင်းကင်ဘုံကသာသိပါလိမ့်မည်။
လုရှောင်ယန်ဟာ ထိုအရာများကိုမထုတ်ပေးခင်တွင် လုမျိုးနွယ်စုဟာ တစ်နေ့မှာ နတ်လမ်းစဉ်များ၊ နတ်လက်နက်များနှင့် နတ်ဆေးလုံးအမြောက်အများကို ရရှိနိုင်လိမ့်မည်ဟု မမျှော်လင့်ရဲခဲ့ပါချေ။
ဒါက တကယ်ကို မတွေးဝံ့စရာပင်။
ထိုအရာများနှင့် လုမျိုးနွယ်စုအား အဆင့်ကြီးကြီးမားမားတိုးမြှင့်ရန်ပင် လုံလောက်နေပြီဖြစ်သည်။
အနည်းဆုံးတော့ သူတို့ဟာနတ်ဘုရားလောကတွင် အလယ်အဆင့်အဖွဲ့အစည်းအဖြစ်သို့ရောက်ရှိနိုင်လိမ့်မည်။
"ဘိုးဘေး၊ ခင်ဗျားကကျုပ်တို့အပေါ်အရမ်းကောင်းတာပဲ။ ခင်ဗျားရဲ့ အရိုအသေမဲ့တဲ့မြေး လုချန်းလုံက ဒူးထောက်ပါ့မယ်။"
သခင်ကြီးလုမှာ အင်မတန်စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးထဲတွင်ပင် မျက်ရည်များဖြင့်ပြည့်နေသည်။ သူဟာနေရာမှာပင် လုရှောင်ယန်အား ဒူးထောက်ကာကျေးဇူးတင်ချင်နေသည်။
လုရှောင်ယန်ဟာ အလျင်စလိုပင်သူ၏ နတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ လေထဲတွင် ကိုယ်ဖော့နေလိုက်၏။
"ကျုပ်ကိုဒူးမထောက်နဲ့လို့ မပြောခဲ့ဘူးလား? ဘာလို့ထပ်ပြီးဒူးထောက်နေရတာလဲ?"
သခင်ကြီးလု၏မျက်နှာမှာ ဝမ်းနည်းမှုနှင့်ပြည့်နှက်နေသည်။
"ဘိုးဘေး၊ ချန်းလုံရဲ့ကျင့်ကြံဆင့်က တအားနိမ့်နေလို့ ဒူးထောက်ဖို့တောင်မထိုက်တန်ဘူးလို့ တွေးနေတာများလား?"
လုရှောင်ချန် : "..."
"ကျုပ်ဘယ်တုန်းက ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကိုမထီမဲ့မြင်လုပ်ဖူးလို့လဲ?"
"ဒါဆိုဘာကြောင့်များ ချန်းလုံကိုဒူးထောက်ခွင့်မပေးရတာပါလဲ? ခင်ဗျားရဲ့မျိုးဆက်တစ်ယောက်အနေနဲ့ ချန်းလုံကဒူးထောက်သင့်ပါတယ်။ အခြားလူတွေရဲ့ မျိုးဆက်တွေက သူတို့ရဲ့ဘိုးဘေးကိုဒူးထောက်ကြရပေမယ့် ကျုပ်ကတော့ ကျုပ်ရဲ့ဘိုးဘေးကိုဒူးမထောက်နိုင်ဘူး။ ဒါက ချန်းလုံအတွက် နှစ်များစွာတိုင်အောင် စိတ်ဒဏ်ရာရစေမှာကို သိပါလား?"
လုရှောင်ယန် : "..."
သခင်ကြီးလုသာ တကယ်ကြီးလုရှောင်ယန်အရှေ့တွင်ဒူးထောက်ပါလျှင် လုရှောင်ယန်ကသာ စိတ်ဒဏ်ရာကြီးကြီးရမည့်လူဖြစ်သည်။
တစ်ဖက်လူက သူနှင့် မျိုးဆက်တူဖြစ်နေပါလျှင် သူကဒါကိုလက်ခံနိုင်သေးသည်။ မဟုတ်လျှင်လည်း တစ်ဖက်လူကသူ၏ ဂျူနီယာဖြစ်နေလျှင်လည်း လုံးဝအဆင်ပြေနေသေးသည်ပင်။
သို့သော် သူကလုရှောင်ယန်၏ အဘိုးဖြစ်နေသည်။ အဘိုးတစ်ယောက်က သူ့ရဲ့မြေးကို ဘယ်လိုဒူးထောက်မှာလဲ?
ထိုသို့သာဖြစ်ခဲ့ပါလျှင် ငရဲပြည်က လုရှောင်ယန်အားကျိန်ဆဲပြီး ကောင်းကင်ဘုံကလည်း သူ့အား ကောင်းကင်ခရမ်းနတ်မိုးကြိုးအသွယ်သွယ်နှင့် ပစ်ခတ်လောက်သည်။ အဆုံးတွင်သူဟာ ရေကန်ထဲမှာ ရေမွန်းသလိုမျိုး ကြောက်မက်ဖွယ်သေဆုံးသွားလိမ့်မည်။ ထိုအချိန်တွင် တကယ်ကိုဆုံးရှုံးမှုဖြစ်လိမ့်မည်။
"ပထမဆုံးထလိုက်ပါ။ ဒူးမထောက်နဲ့။"
"ကျုပ်လုပ်မှာမဟုတ်ဘူး။"
"ပထမဆုံးထလိုက်ပါ။"
"မဖြစ်နိုင်ဘူး!"
"ခင်ဗျားသာထမယ်ဆိုရင် ကျုပ်ကတိတ်တိတ်လေး ခင်ဗျားကို ရွှေရောင်ကံကောင်းနဂါးလေးပေးမယ်။ ယူသွားပြီး ကောင်းကောင်းမွေးထားလိုက်။ ခင်ဗျားရဲ့ကံက တဟုန်ထိုးကောင်းလာမယ်လို့အာမခံတယ်။ ခင်ဗျားအပြင်သွားတိုင်း ငွေတွေယူသွားနိုင်ပြီး လောင်းသမျှလည်းနိုင်လိမ့်မယ်။ လမ်းလျှောက်နေချိန်မှာလည်း အန္တရာယ်တွေကိုရှောင်ရှားနိုင်လိမ့်မယ်။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းကလည်း လွယ်ကူလာလိမ့်မယ်။"
"ဟစ်~"
သခင်ကြီးလုမှာ ချက်ချင်းထရပ်လိုက်၏။
"ဘိုးဘေး၊ ခင်ဗျားမှာ ရွှေရောင်ကံကောင်းနဂါးတောင်ရှိတာလား? ဘုရားရေ ဒါက အရမ်းမှော်ဆန်မနေဘူးလား? ဘယ်လိုများရထားတာလဲ?"
လုရှောင်ယန်ဟာ တစ်ဖက်လူလက်ထဲသို့ ရွှေရောင်ကံကောင်းနဂါးတစ်ကောင်အား တိတ်တဆိတ်ထည့်ပေးလိုက်သည်။
"ကျုပ်မှာ ကောင်းတာလေးတွေများများရှိတယ်။ အနာဂတ်မှာ ခင်ဗျားပိုကောင်းလာပါ။ ဒီ့ထက်ပိုပြီးခင်ဗျားကိုပေးမယ်။"
သခင်ကြီးလု၏မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားသည်။
"ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်၊ ဘိုးဘေး"
သို့ရာတွင် သူဟာ ရှုပ်ထွေးစွာဖြင့်အလျင်အမြန်မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
"ဘိုးဘေး၊ ကျုပ်ကိုပြောပါဦး၊ ခင်ဗျားကကျုပ်ကို ရွှေရောင်ကံကောင်းနဂါးပေးချင်ရင် ဘာကြောင့် ဒူးထောက်မှာကိုကျတော့ ဆန္ဒမရှိရတာလဲ?"
ထိုမေးခွန်းဟာ ဆရာကြီးလုအားအင်မတန်စူးစမ်းချင်လာစေသည်။
လုရှောင်ယန်ဟာ သူ့အားဒေါသတကြီးကြည့်လိုက်သည်။ ဒါသာအခြားလူများဆိုလျှင် ဒူးပင်အကြာကြီးထောက်ခိုင်းထားပြီး အရိုအသေပင် ပေးခိုင်းလိုက်ဦးမည်။
သို့သော် ဒီလူမှာသူ၏ ဇီဝဗေဒအရ အဘိုးတော်စပ်သူဖြစ်နေသည်။ ထိုလူအား သူက ဘယ်လိုမျိုးဒူးထောက်ခိုင်းရမည်လဲ?
သို့ရာတွင် ဒါကိုပြောဖို့ရာ မသင့်တော်ပါချေ။ သူဟာအနည်းငယ်ချောင်းဟန့်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။
"အမှန်တိုင်းပြောရမယ်ဆိုရင် ကျုပ်က အခု သေမျိုးလောကကြီးနဲ့ဆက်ထုံးတွေ အကုန်ဖြတ်ထားတယ်။ ကျုပ်က လုံးဝကိုမရှိသင့်တဲ့ခံစားချက်တွေနဲ့ ဆက်ဆံရေးတွေကိုချန်ထားလို့မဖြစ်ဘူး။ မဟုတ်ရင် အရင်ကကြိုးစားထားတာတွေ အကုန် သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။"
"ဟစ်~"
သခင်ကြီးလုမှာ ထပ်မံအံ့ဩသွားသည်။ သူဟာအရှေ့ရှိ လုမျိုးနွယ်စုဘိုးဘေးအားကြည့်ကာ မထိန်းချုပ်နိုင်ပဲ ပျော်ရွှင်ဂုဏ်ယူသွားလေသည်။
ဒီဘိုးဘေးမှာ တကယ်ကိုစွမ်းအားကြီးလှချေသည်။ သူဟာ သေမျိုးလောကနှင့် ဆက်ထုံးများကိုလည်း ဖြေခဲ့သေးသည်။ ဒါက ဘိုးဘေးက ထိုအဆင့်ကိုနီးစပ်နေပြီလို့ပြောတာနဲ့တူမနေဘူးလား?
သူက မသေမျိုးအမတအရှင်အဖြစ် တက်လှမ်းနိုင်တော့မှာလား?
ဘိုးဘေးရဲ့ကျင့်ကြံဆင့်က နတ်ဘုရားလောကတစ်ခုလုံးက လူတိုင်းကို အထင်သေးဖို့အထိတောင် လုံလောက်နေပြီမဟုတ်လား?
ဘုရားရေ သူတို့လုမျိုးနွယ်စုဟာတကယ်ကိုရူးနေပြီလား? သူတို့ဟာ တကယ်ကို ပါရမီရှင်အကြီးစားအား မွေးထုတ်နိုင်တော့မည်ဖြစ်သည်။
လုရှောင်ယန်မှာ မြေအောက်လောကဂိုဏ်း၏အကြီးအကဲအား အကြောက်အရွံ့မရှိသတ်ဖြတ်ခဲ့ပြီး စွမ်းအားကြီးမားလှသည်မှာလည်း အံ့ဩစရာပင်မဟုတ်တော့ပါချေ။
ဒါက တစ်ဖက်လူမှာ ယခုတွင် ခွန်အားရှိနေပုံပေါ်သည်။
ဖြစ်နိုင်တာက သူ၏ဘိုးဘေးမှာ နတ်ဘုရားအရှင်ဘုရင်အဆင့်ဆရာကြီးကိုပင် ယခုအချိန်တွင် အလွယ်လေး ထိုးနှက်ကန်ကျောက်နိုင်နေပြီ မဟုတ်ပါလား?
မဟုတ်သေးဘူး၊ ဘိုးဘေးက အခုဒီမှာ သင်ကြားပြီး သူ့ရဲ့ကျင့်ကြံဆင့်ကို ရူးသွပ်စွာ တိုးမြှင့်ဖို့အတွက် ဆိုတဲ့အချက်ကို အခွင့်ကောင်းယူရမယ်။
ကျင့်ကြံပြီးနောက်၊ အနီးနားမြို့အနည်းငယ်မှာရှိတဲ့ မျိုးနွယ်စုတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဘိုးဘေးကို လှည့်စားနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။
ထိုအချိန်ဆိုလျှင် သူ၏စွမ်းအားထပ်မံတိုးမြင့်လာပြီး ဒီကမ္ဘာမှာ ကျော်ကြားရန်ပင်လုံလောက်ပေလိမ့်မည်။ ဟီးဟီးဟီးဟီး...
ထိုအခိုက်တွင် လုရှောင်ယန်ဟာ ထပ်မံပြောလာခဲ့သည်။
"ခင်ဗျားကိုကျုပ်အကုန်သင်ပြီးပြီ။ နောက်ထပ်ကျုပ်ပြောချင်တာကတော့ လုမျိုးနွယ်စုရဲ့ အနာဂတ်ဖွံ့ဖြိုးမှုအတွက် အစီအစဉ်နဲ့ အတွေးကိုပဲ။"
ဆရာကြီးလုမှာ ခေါင်းငြိမ့်လိုက်သည်။
"ဒါအမှန်ပါပဲ။ ဆက်ပြောပါ ဘိုးဘေး။ "
လုရှောင်ယန်ဟာ ခေါင်းငြိမ့်ကာ ချက်ချင်းပြောလိုက်သည်။
"ဒီနေ့ကစပြီး လုမျိုးနွယ်စုမှာစည်းမျည်းတစ်ခုပဲရှိလိမ့်မယ်၊ ဒါကတော့ သိုသိုသိပ်သိပ်နေထိုင်ဖို့ပဲ"
***
စာစဉ် ၂၂ ပြီး၏။