အခန်း (၄၁၁-၄၁၅)
Vol. 28 Ch. 411-415
အပိုင်း၄၁၁ အဘိုး၊ ဒါတော့မဟုတ်သေးဘူးလေ
လုရှောင်ယန်မှာ တပည့်များ၏ကျင့်ကြံဆင့်နှင့် စွမ်းအားများတိုးတက်လာစေရန် အရူးအမူးကူညီနေလေသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းတွင် သူဟာ အဆင့်မြင့်တပည့်များစွာအား ပျိုးထောင်ခဲ့ပြီးဖြစ်သည်။
အကြောင်းမှာ သူ၏ကျင့်ကြံဆင့် နတ်ဘုရားဧကရာဇ်သို့ တိုးတက်လာပြီးနောက်တွင် သူ၏မဟာတာအိုမွေးဖွားခြင်းစွမ်းအားမှာ နောက်ထပ် တိုးတက်လာသည်။
အတိတ်တွင် သူဟာ တစ်ရက်အား ဆယ်ရက်အဖြစ်သို့သာပြောင်းလဲနိုင်ခဲ့၏။ သို့သော် ယခုတွင် သူဟာ တစ်ရက်အား ၁၅ရက်မှ ၁၈ရက်နေ့အထိ တိုးမြင့်နိုင်နေပြီဖြစ်သည်။
ထို့ကြောင့် တပည့်များ၏ ကျင့်ကြံနှုန်းမှာ ထပ်မံတိုးလာပြန်သည်။ ၎င်းတို့မှာ တစ်ယောက်ပြီးတစ်ယောက် တိုးထွက်လာကြကာ စွမ်းအားကြီးလာကြသည်။ ရက်အနည်းငယ်အတွင်းတွင် ၎င်းတို့မှာ ကြီးကြီးမားမားတိုးတက်လာကြ၏။
ဥပမာဆိုရလျှင် ကျန်းထိုင်ရွှမ်မှာ ကြီးမြတ်သောနတ်ဘုရားအဆင့်ထိ တိုးတက်ခဲ့ပြီဖြစ်၏။
ကျူးကောကျီချုံမှာလည်း မဟာယနနတ်ဘုရားဘုရင်အဆင့်သို့ရောက်ရှိသွားပြီပင်။
အခြားလူများ၏ကျင့်ကြံဆင့်မှာလည်း အနည်းနှင့်အများတော့ တိုးတက်လာသည်ပင်။ ဥပမာ ဒုတိယမျိုးဆက်မှ လုံကွမ်းမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ ရှစ်ချန်လင်နှင့် ကျန်လူများမှာမူ ၎င်းတို့၏ကျင့်ကြံဆင့်များမှာ တစ်ထောင်သောစစ််ပွဲနတ်ဘုရား သို့မဟုတ် မဟာယနနတ်ဘုရားဘုရင်ဆင့်သို့ရောက်ရှိသွားကြသည်။
လုရှောင်ယန်၏ရင်းမြစ်များ၊ အချိန်များနှင့်အတူ အားလုံးမှာ အချိန်တန် စားပြီး တစ်ခဏအတွင်း ဝလာကြမည်ကိုလည်းစိုးရိမ်မိသည်။
ဒါပေါ့၊ ထိုသို့ဆိုလျှင် ၎င်းတို့မှာ ဝလာမည်မဟုတ်ဘဲ ကျင့်ကြံဆင့်သာတိုးတက်လာမည်ပင်။
ထိုတိုးတက်မှုမှာ အမည်မဲ့ဂိုဏ်း၏ အလုံးစုံတိုးတက်မှုကို ကိုယ်စားပြုရုံသာမကဘဲ နတ်ဘုရားဧကရာဇ်စကားဝိုင်းထံမှ အကျိုးအမြတ်အမြောက်အများ ရပိုင်ခွင့်ရရှိရန်လည်း ခွင့်ပြုနေ၏။
ယွင်လီကောမှာ ကြီးမြတ်သောနတ်ဘုရားပြီးပြည့်စုံဒဿမအဆင့်သို့ ရောက်ရှိနေပြီးဖြစ်၏။ သူဟာ နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရန်ပင် ခြေတစ်လှမ်းသာလိုတော့သည်။ တစ်ဖက်လူမှာ ယွင်လီကော၏ကျင့်ကြံဆင့်က ထိုမျှလောက်ခပ်မြန်မြန်တိုးတက်လာလိမ့်မည်ဟု မျှော်လင့်မထားပါချေ။ ယွင်လီကော၏ကျင့်ကြံဆင့်အား နတ်ဘုရားဧကရာဇ်အဆင့်သို့ တတ်နိုင်သမျှရောက်ရှိစေရန် တစ်ဖက်မှာ ယွင်လီကောအား ပစ္စည်းကောင်းလေးတစ်ချို့ အမြဲပို့ပေးတတ်၏။
သူဟာ ရှေးဟောင်းနတ်ဝိဉာဉ်အရည်နှင့် အဆီအနှစ်မျိုးစုံအား ရရှိပေလိမ့်မည်။ မည်သို့ဆိုစေ တစ်ဖက်လူမှာ သူ့အား အာဟာရရှိကာ အဖိုးတန်မည့် မည်သည်ကိုမဆို ပေးအပ်လိမ့်မည်ပင်။
…
ယွင်လီကောမှာလည်း အားလုံးအားလက်ခံချေသည်။ သူဟာ ဆရာတူညီလေးများ၊ ညီမလေးများကိုပင် ဝေမျှပေးကာ အတူတကွ စားသုံးလေသည်။ အကြောင်းမှာ သူ့အတွက် အစာချေဖျက်ရန်မှာ များပြလှသောကြောင့်ပင်။
အားလုံး၏ကျင့်ကြံဆင့်တိုးတက်လာခြင်းမှာ လုရှောင်ယန်အတွက် ပို၍ အထောက်အကူပြု၏။
သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် ဆိုလျှင် လုရှောင်ယန်မှာ နတ်ဘုရားဧကရာဇ် တတိယအဆင့်လောက်တော့ဖြစ်နိုင်ပါချေသည်။
"ဘာ? ဆရာတူအစ်ကိုအကြီးဆုံးက ကြီးမြတ်သောနတ်ဘုရား အထွဋ်အထိပ်အဆင့်ထိရောက်နေပြီ?"
"ဘာ ဆရာတူအစ်မနှစ်ကလည်း ကြီးမြတ်သောနတ်ဘုရားအဆင့်ကို ရောက်သွားပြီ?"
"ဘာ တတိယအစ်ကိုလည်း ကြီးမြတ်သောနတ်ဘုရား တတိယအဆင့်ပဲလား?
ကျွင့်ပုကျန်းမှာ လုမျိုးနွယ်စုသို့ရောက်သော် လုမျိုးနွယ်စု၏သခင်ကြီးလုအား တောင်ကြားသို့ဦးဆောင်လာကာ အမည်မဲ့ဂိုဏ်း၏ ပြောင်းလဲမှုအား တွေ့လိုက်ရပြီးကြောင်အသွား၏။
သူဟာ ဆရာတူအစ်ကို လေးနှင့် ခြောက်တို့ဖြင့် တစုံတရာလုပ်ဆောင်ရန် သွားခဲ့သော်လည်း သူ့ဆရာတူအစ်ကိုများ၏ကျင့်ကြံဆင့်မှာ ခပ်မြန်မြန်ပင် တိုးလာခဲ့၏! ၎င်းမှာ အရမ်းကိုထူးဆန်းလွန်းသည်!
ဒါက အကုန်မဟုတ်ချေ။ ပြဿနာမှာ ထိုဒုတိယမျိုးဆက်ကလေးများ၏ကျင့်ကြံဆင့်များမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်သို့ရောက်ရှိနေခြင်းပင်။ ၎င်းတို့ထဲမှ အချို့မှာ ၎င်းတို့သုံးဦးကိုပင် ကျော်တက်သွားချေပြီ။
ယခုတွင် အမည်မဲ့ဂိုဏ်းရှိ အဆိုးဆုံးနှင့် အနိမ့်ဆုံးအဆင့်များမှာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်သာဖြစ်၏။ ထိုနတ်ဝိဉာဉ်သားရဲများသည်ပင် တူညီနေ၏။
ပြောရလျှင် ဤနေရာ၌ မဟာယနနတ်ဘုရားဘုရင်အဆင့်မှာ အားအနည်းဆုံး နီးပါးဖြစ်နေချေပြီ။
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါလည်း မြန်မြန်ကျင့်ကြံမှရမယ်။ ဆရာအဘိုး၊ ဖိဂုလျန်ကိုခေါ်ပြီးသာ ဆရာ့ဆီလမ်းပြခိုင်းလိုက်ပါတော့။ ကျွန်တော်မြန်မြန်ကျင့်ကြံရတော့မယ်။"
ထိုသို့ပြောရင်း ကျွင့်ပုကျန်းမှာ ပြေးထွက်သွား၏။
တကယ်တော့ သခင်ကြီးလုမှာ သူ့ထက်ပင် အံ့အားသင့်နေရသည်။
ဤသည်မှာ သခင်ကြီးလု၏ ပထမဆုံးဤနေရာသို့ရောက်ရှိချိန်ပင်ဖြစ်၏။
အတိတ်က လုရှောင်ယန်မှာ သူ၏တပည့်များအား အခြားနေရာ၌ကျင့်ကြံရန်သာ ပြင်ဆင်နေကြောင်းပြောသည်ကိုသာ ကြားခဲ့သည်။ သူဟာ လုရှောင်ယန်ထံတွင်တပည့်အများအပြားမရှိဟု တွေးထင်မိသည်။
အဆုံးတွင် လုရှောင်ယန်ထံ၌ တပည့်များစွာရှိသည်အား မသိခဲ့ချေ။ ထိုလူအရေအတွက်မှာ လုမျိုးနွယ်စုထက်ပင် များသေး၏။
၎င်းတို့မှာ မြူခိုးဂိုဏ်းလိုပင် အရေအတွက်နည်းပါးသော်လည်း ဤနေရာရှိ တပည့်များထံတွင် စစ်မှန်သောကျင့်ကြံခြင်းနှင့် ထိတ်လန့်ဖွယ်စွမ်းအားရှိချေသည်!
ဤနေရာရှိ ကျင့်ကြံဆင့်အနိမ့်ဆုံးလူများမှာ အားလုံး တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်များသာပင်။ ထို့အပြင် ထိုအဆင့်ပညာရှင်များမှာလည်း အနည်းငယ်သာရှိသည်။ ၎င်းတို့အများစုမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်နှင့် အထက်များဖြစ်ကြ၏။ ၎င်းတို့မှာ လူအမြောက်အများမဟုတ်ပါလျှင်တောင် ထိုဂိုဏ်းရှိလူများမှာ မြူခိုးဂိုဏ်းတပည့်များအား တစ်ရာခန့် သို့မဟုတ် နှစ်ရာမှ သုံးရာအထိကို ယှဉ်ချနိုင်သည်။
အကြောင်းမှာ ကျင့်ကြံဆင့်နိမ့်သူများက လုံးဝကို မတိုက်ခိုက်နိုင်ခြင်းကြောင့်ပင်။ ၎င်းတို့အားလုံးမှာ ယင်ကောင်များမြေစာပင်များသာဖြစ်ကြ၏။
တစ်ယောက်ယောက်မှာ မည်မျှပါရမီထူးနေပါစေ။ ၎င်းတို့မှာ မကြီးရင့်လာပါလျှင်လည်း အမှိုက်သာဖြစ်နိုင်သည်။
"ဆရာအဘိုး၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ။"
"အိုး၊ အိုး၊ ကောင်းပြီ။
ဖိဂုလျန်၏စကားလုံးများမှာ သခင်ကြီးလုအား နိုးထသွားစေလိုက်ပြီး ချက်ချင်းပင် သူဟာ ဖိဂုလျန်နောက်ကို လိုက်သွား၏။
သူဟာမနေနိုင်ဘဲ ဖိဂုလျန်အား လေ့လာနေမိသည်။ အဆုံးတွင် ထိုသမင်အသွင် နတ်ဝိဉာဉ်သားရဲမှာလည်း သာမန်မဟုတ်ပါချေ။ ၎င်းမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်နေပြီဖြစ်၏။
၎င်းကသူ့အား ပို၍ပင်ကြောက်ရွံ့သွားစေသည်။
ဒါက အင်မတန်ကြောက်မက်ဖွယ်ပင်!
ဒါကသူ့မြေးရဲ့စွမ်းအားလား?
သားရဲဝိဉာဉ်တိုင်းမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်နေပြီးပင်။
ထိုအခိုက်၌ သခင်ကြီးလုမှာ ထိတ်လန့်မှုဖြင့် အတွေးများနေ၏။
မကြာမီတွင် ဖိဂုလျန်မှာ သူ့အား လုရှောင်ယန်၏ ဂူအဝင်သို့ခေါ်ဆောင်သွား၏။
"သခင်၊ သခင့်ရဲ့ အဘိုးက ဒီမှာပါ"
လုရှောင်ယန်၏အသံမှာ ဂူမှ ထွက်လာ၏။
"သူ့ကိုဝင်ခွင့်ပြုလိုက်ပါ"
"ကောင်းပါပြီ!"
ဖိဂုလျန်မှာ ပြန်ဖြေကာ သခင်ကြီးလုအားပြောလိုက်သည်။
"ဆရာအဘိုးကျေးဇူးပြုပြီး။"
"ကောင်းပြီလေ"
သခင်ကြီးလုမှာ ခေါင်းငြိမ့်ကာ လုရှောင်ယန်၏ ဂူတွင်းသို့ ဝင်သွား၏။
သူဟာဂူတွင်းသို့ ခြေချလိုက်သည်နှင့် အင်မတန်သိပ်သည်းသော နတ်ဝိဉာဉ်စွမ်းအားမှာ သူ့အားအသက်မရှူနိုင်လောက်အောင်ပင် ဖိနှိပ်ထားသည်ကိုခံစားလိုက်ရသည်။
ထိုသည်က သခင်ကြီးလုအား ဘောင်းဘီများပင် စိုစွတ်သွားရလောက်အောင် ထိတ်လန့်သွားစေသည်။
၎င်းမှာ လုရှောင်ယန်၏ ကိုယ်မှ နတ်ဝိဉာဉ်စွမ်းအားမဟုတ်ပါချေ။ ထိုအစား ၎င်းမှာ အစီအရင်များ၏ အကူအညီကြောင့် အဘက်ဘက်မှ စုပ်ယူခံထားရသော ဝိဉာဉ်စွမ်းအားပင်။ ထို့နောက်တွင် ၎င်းမှာဂူတွင်း၌ စုဝေးသွားသည်။ နတ်ဝိဉာဉ်စွမ်းအား များလှသောကြောင့် ခိုင်မာသည့်အရာအား ခပ်ပျစ်ပျစ် အရည်များအဖြစ်သို့ပြောင်းလဲသွားစေသည်။
၎င်းမှာ ရေမဟုတ်ဘဲ နတ်ဝိဉာဉ်စွမ်းအားဖြစ်သောကြောင့် သခင်ကြီးလုမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်ဖြစ်နေပါလျှင်ပင် သူ့အား ဖိနှိပ်မည်ဖြစ်၏။
၎င်းမှာ မြေဆွဲအား တိုးလာသလိုပါပင်။
သခင်ကြီးလုမှာ တုန်ရီကာ ဝမ်းနည်းနေ၏။
ဤနေရာမှ နတ်ဝိဉာဉ်စွမ်းအားမှာ အင်မတန်သိပ်သည်းလှသည်။ သူဟာ ဤနေရာ၌ပင် ကျင့်ကြံနေလိုက်သည်!
ထို့နောက်တိုးတက်မှုကြီးအား အလွယ်တကူရလိုက်နိုင်၏!
သို့သော် သူဟာ ယခုတွင် နတ်ဝိဉာဉ်စွမ်းအားကို သာမန်ကာလျှံကာလေး မစုပ်ယူဝံ့ပါချေ။ အကြောင်းမှာ ဤနေရာ၌ နတ်ဝိဉာဉ်စွမ်းအား များပြားလှသောကြောင့်ပင်။ ၎င်းမှာ လေစည်ထဲရှိ လေမှာ အင်မတန်သိပ်သည်းနေသလိုပါပင်။ သူဟာ စုပ်ယူလိုက်သည်နှင့် နတ်ဝိဉာဉ်စွမ်းအားမှာ သူ၏ ချီလမ်းကြောင်းထဲသို့ အရူးအမူးဝင်ရောက်လာကာ ပေါက်ကွဲထွက်သွားနိုင်ချေသည်ပင်။
ထို့ကြောင့် သူဟာ ကျင့်ကြံချင်နေလျှင်ပင် ဤနေရာ၌ မကျင့်ကြံနိုင်ပါချေ။
"အဘိုး၊ ရောက်နေပြီပဲ။ ထိုင်ပါ။"
လုရှောင်ယန်မှာ ပြုံးကာ အဘိုးအတွက် လက်ဘက်ရည်တစ်ခွက်ငှဲ့ပေးလိုက်၏။ သခင်ကြီးလုမှာ သူ၏ သိမ်သိမ့်မွေ့မွေ့အသွင်ကိုတွေ့ကာ မနေနိုင်ဘဲ တုန်ရီသွား၏။
လုရှောင်ယန်မှာ တကယ်ကို ပညာရှင်ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါပေသည်။ ထိုသို့သော နတ်ဝိဉာဉ်စွမ်းအား သိပ်သည်းသည့်နေရာတွင် သူဟာ လမ်းလျှောက်ချိန်တိုင်း အတားအဆီးရှိနေသလိုခံစားနေရသည်။ သို့သော် လုရှောင်ယန်မှာ လုံးဝဂရုစိုက်ပုံမရပါချေ။ သူဟာ အင်မတန်ကိုပင် စိတ်သက်သာနေ၏။
သူ၏ ထိုမြေးလေးမှာ တကယ်ကိုပင် စွမ်းအားကြီးမားလှချေသည်။
ထိုသည်က သခင်ကြီးလုအား သူ၏မြေးရှေ့တွင် ကိုယ့်ကိုယ်ကို အရှက်မရချင်ပါချေ။ ထို့ကြောင့် သူဟာ နတ်ဝိဉာဉ်စွမ်းအားကိုလှည့်ပတ်လျက် လုရှောင်ယန်၏ထိုင်ခုံဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်သွားသည်။
သူဟာ ခုံသို့ရောက်သည်တွင် သူ၏မျက်နှာက နီရဲနေ၏။
သို့သော် သူဟာ နောက်ဆုံး၌ ရောက်လာပြီဖြစ်ကာ သက်ပြင်းချလျက် ထိုင်လိုက်၏။
သို့သော် သူထိုင်လိုက်ချိန်တွင် သူ၏ကိုယ်ပေါ်ရှိဖိအားမှာ ရုတ်တရတ်ပျောက်ကွယ်သွားချေသည်!
သခင်ကြီးလု : "..."
သူဟာကြောင်အနေ၏။
ဘာတွေဖြစ်နေတာလဲ?
ဘာလို့သူပေါ်က ဖိအားပျောက်သွားတာလဲ?
ရှောင်ယန်မှာ နတ်ဝိဉာဉ်စွမ်းအား အလုံးစုံကို ဒီစွမ်းအားပယ်ဖျက်ဖို့အတွက် သုံးလိုက်တာလား?
သံသယဖြစ်နေရင်းဖြင့် သခင်ကြီးလုမှာ အတန်ငယ်ထရပ်လိုက်၏။ တစ်ခဏအတွင်းတွင် လွှမ်းမိုးနေသာ ဖိအားက အရူးအမူး ကျဆင်းလာတော့သည်။
သူ၏မျက်နှာအိုကြီးမှာ ဝမ်းချုပ်နေသကဲ့သို့ ခရမ်းရောင်ပြောင်းသွားလေသည်။
ထို့နောက် သူဟာ အလျင်စလိုထိုင်ချလိုက်၏။
ထပ်မံသက်ပြင်းချပြီးနောက်တွင် သူဟာ ကူရာမဲ့စွာ မျက်မှောင်ကျုံ့ကာ သူ၏အမူအရာက ပဟေဠိဖြစ်နေသည်။
ဘာတွေဖြစ်နေတာလဲ?
ဘာလို့ခုံပေါ်မှာ ထိုင်လိုက်တာနဲ့ နတ်ဝိဉာဉ်စွမ်းအားရဲ့ ဖိအားကို မခံရတော့တာလဲ? ထိုင်ခုံကနေထလိုက်တာနှင့် သူဟာ ချက်ချင်းပင် နတ်ဝိဉာဉ်စွမ်းအားဖြင့် ဖိနှိပ်ခံခဲ့ရသည်။
ရှုပ်ထွေးနေရင်းဖြင့် သူဟာ အောက်သို့ငုံ့ကာ နီးနီးကပ်ကပ်ကြည့်ရှုလိုက်သည်။ သူ၏တစ်ကိုယ်လုံးမှာ ရှုပ်ထွေးသွား၏။
ထိုထိုင်ခုံမှာ တကယ်ကိုပင် အမတအရှိန်အဝါများ ပါဝင်နေသည်ပင်!
အဟုတ်ပဲ၊ အမတအရှိန်အဝါ!
ထိုအရာမှာ အမတအရှိန်အဝါပါဝင်နေသည်။ နောက်တစ်မျိုးဆိုရလျှင် ၎င်းမှာ အမတအဆောင်လက်နက်ပါပင်!
ဘုရားရေ၊ ဒါဟာသလား?
သူ့မြေးပိုင်တဲ့ ခုံတိုင်းက အမတအဆောင်လက်နက်လား?
သူ၏တပည့်များ စွမ်းအားကြီးမားလှသည်မှာ အံ့ဩစရာမဟုတ်တော့ချေ။
၎င်းမှာ လုရှောင်ယန်ကာ ပိုလို့ပင် စွမ်းအားကြီးနေပုံပေါ်စေ၏။
သူဟာ မတိုင်ခင်က လုရှောင်ယန်သည် အင်မတန်စွမ်းအားကြီးသည်ကို ခန့်မှန်းပြီးဖြစ်သော်လည်း ထိုမျှထိတော့ ထင်မထားခဲ့ချေ။ သူဟာ အမတအဆောင်လက်နက်အား ထိုင်ခုံအဖြစ်သုံးနေသည်မှာ သာမန်အမတလေး မဟုတ်ပုံပါပင်?
ပြောရလျှင် အမတတိုင်းမှာပင် အမတအဆောင်လက်နက်များ ကင်းမဲ့နေကြသည်ဖြစ်၏။
လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ အမတလောကတွင်လည်း ထူးခြားလောက်ပေမည်။ သူဟာ ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်များလား?
သူ၏မြေးမှာ ထိုမျှ အသက်ငယ်ငယ်တွင် ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်အဆင့်ထိ ကျင့်ကြံခဲ့ပြီးတာလား?
ဟာသပဲလား?
တစ်ခဏအကြာတွင် သူဟာ ချက်ချင်းနားလည်သွားသည်။
သူဟာ ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်ဖြစ်သည်အား မည်သူက ဂရုစိုက်မည်နည်း? မည်သို့ဆိုစေ သူဟာပိုသန်မာလေ ကောင်းလေပါပင်။
ထိုသို့တွေးကာ သူဟာ ထပ်မံ ပြုံးဖြဲဖြဲလုပ်လိုက်၏။
လုရှောင်ယန်မှာ ပဟေဠိဖြစ်သွားသည်။
"အဘိုး၊ ဘာဖြစ်နေတာလဲ? အဘိုးက ဝမ်းနည်းလိုက် ပျော်လိုက်ဖြစ်နေတယ်"
"ဘာမှမဟုတ်ပါဘူး။ တစ်ခုခုပျော်စရာတွေးမိလို့ပါ။ ဒါနဲ့၊ မြူခိုးဂိုဏ်းကိစ္စက ပြီးသွားပြီ။ မြူခိုးဂိုဏ်းက စေ့စပ်ပွဲကို ဖျက်ပြီးပြီဆိုတော့ အခုကစပြီး စိတ်ပူစရာမလိုတော့ဘူး။"
"ကောင်းသားပဲ။ ကျွန်တော့အတွက် တကူးတကလာပလို့ကျေးဇူးပါ၊ အဘိုး"
"အရူးလေး၊ ငါကမင်းရဲ့ အဘိုးပါ။ ငါမင်းအတွက်အလုပ်များရတော့ ဘယ်လိုလုပ်မလဲ? ဒါပေမယ့်... အမ်း..."
လုရှောင်ယန်မှာ မျက်ခုံးများမြင့်တက်သွား၏။
"အဘိုး၊ လွတ်လွတ်လပ်လပ်ပြောပါ"
"အာ... ဘာမှမဟုတ်ပါဘူး။ သူတို့ရဲ့ ဂိုဏ်းချုပ်က မင်းကို ဆရာအဖြစ်အသိအမှတ်ပြုချင်လို့တဲ့။"
"သူက ကျွန်တော်ကို သူ့ဆရာအဖြစ်အသိအမှတ်ပြုချင်တယ်? တစ်ခုခုမှားသွားလို့လား?"
"မမှားပါဘူးကွာ။ တိုက်လေမီးပွားဂိုဏ်းကလူတွေ ပြဿနာလာရှာတော့ မင်းရဲ့တပည့်သုံးယောက်က ဖြေရှင်းလိုက်တယ်လေ။ နောက်ဆုံးကျတော့ သူကအရမ်းအားကျသွားပြီး မင်းကို ဆရာအဖြစ်အသိအမှတ်ပြုချင်သွားတာပဲ။ မဟုတ်ရင် သူ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူမှာမဟုတ်ဘူး။"
လုရှောင်ယန်၏အမူအရာမှာ အေးခဲသွားသည်။
"ကျွန်တော် ဒီကောင်စုတ်လေးသုံးယောက်ကို အပြင်မှာ ပြဿနာမရှာဖို့ပြောခဲ့ပေမယ့် နားမထောင်ကြဘူးပဲ။ တခြားရွေးချယ်မှုမရှိရင် ဒီတိုင်းသာမန်ကာလျှံကာလေး မတိုက်ခိုက်သင့်ဘူးလေ။ နောက်ဆုံးကျတော့ သူတို့တိုက်ခိုက်ကြတာပဲ။"
လုရှောင်ယန်မှာ ပြဿနာများကို အမုန်းဆုံးပင်။ ထိုကောင်စုတ်လေးသုံးယောက်မှာ အစွမ်းပြရမှာ ကြိုက်သည်ဟု ခန့်မှန်းလိုက်သည်။ နောက်ဆုံးတွင် ၎င်းတို့ပြသသည့် စွမ်းအားမှာ အင်မတန်ကြီးမားလှကာ တစ်ဖက်လူအား မနာလိုပင်ဖြစ်မိစေသည်။ ထိုသည်က တစ်ဖက်လူမှ လုရှောင်ယန်အား ဆရာအဖြစ်အသိအမှတ်ပြုစေလိုခြင်း အကြောင်းပြချက်ပင်။
"မင်း သူတို့ကို အပြစ်တင်လို့မရဘူး။ မင်းသာအပြစ်တင်မယ်ဆိုရင် တိုက်လေမီးပွားဂိုဏ်းကိုတင်ရမှာ။ တိုက်လေမီးပွားဂိုဏ်းက လူတွေ အရမ်းကိုစက်ဆုပ်ဖို့ကောင်းလွန်းတယ်။ သူတို့က ကုန်းဝမ်အာကို လက်ဆက်ချင်ကြပေမယ့် မင်းကိုလည်း စော်ကားချင်နေသေးတယ်။ သူတို့သုံးယောက်မပြောနဲ့ ငါတောင် မခံနိုင်ဘူး။ ငါ့မှာသာ သူတို့လို့စွမ်းအားရှိရင် မတတ်နိုင်ဘဲ တိုက်ခိုက်ရမှာပဲ။"
သခင်ကြီးလု၏ စကားဆုံးသည်နှင့် လုရှောင်ယန်မှာ တစ်စုံတရာမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
"မဟုတ်သေးဘူး၊ အဘိုး။ သူတို့မြူခိုးဂိုဏ်းက ကျွန်တော်အရမ်းစွမ်းအားကြီးပြီး စေ့စပ်ပွဲဖျက်ချင်တာကို သိတာတော့နားလည်ပါတယ်။ ဒါပေမယ့် ဘာလို့ ကျွန်တော်က သူ့ကို တပည့်အဖြစ်လက်ခံဖို့အတွက် ဘာလို့ တွန်းအားပေးချင်နေရတာလဲကိုတော့နားမလည်နိုင်ဘူး။"
"သူတို့က တုံးနေကြတာလား?"
"သူတို့က ကျွန်တော့ကို ခြိမ်းခြောက်လို့ရလာမယ့် အကျိုးဆက်ကို မတွေးမိကြဘူးလား?"
"ပြီးတော့ ချန်းရှန်နဲ့ တခြားလူတွေလည်း ဒါကို လက်မခံသင့်ဘူး မဟုတ်လား? သူတို့တွေ တစ်ဖက်လူကို တိုက်ခိုက်သေးတယ်မဟုတ်လား?"
"အာ... ဒါက... ဒါက..."
သခင်ကြီးလုမှာ ချက်ချင်းပြောစရာမဲ့သွား၏။
လုရှောင်ယန်မှာ တကယ်တော့ တစ်စုံတရာကို အနံ့ရနေသည်။
"အဘိုး၊ ရိုးရိုးသားသားပြောပါ။ ဘာကိစ္စလဲ?"
သခင်ကြီးလု၏မျက်နှာမှာ နီမြန်းသွားကာ မျက်လုံးချင်းဆုံမည်ကို ရှောင်ရှားနေတော့၏။
"တကယ်တော့... ဘာမှမဟုတ်ပါဘူး။ မင်းက သူ့ရဲ့တပည့်နဲ့ စေ့စပ်ပွဲကို ဖျက်လိုက်တယ်ဆိုတော့ သူ့ကိုတပည့်အဖြစ်အသိအမှတ်ပြုလိုက်ရင် သူ့ရဲ့စိတ်ဝေဒနာကို အစားပြန်ပေးသလိုဖြစ်သွားတာပေါ့။ မင်းအရမ်းနှလုံးသားမဲ့လို့ မဖြစ်ဘူး မဟုတ်လား?"
လုရှောင်ယန်မှာ ခေါင်းခါလိုက်သည်။
"ကျွန်တော့ တပည့်လက်ခံတဲ့ပုံစံက ဟာသမဟုတ်ဘူး။ ဒါကလူတိုင်းကို တပည့်လက်ခံနေဖို့ မဖြစ်နိုင်ဘူး။ အဘိုး၊ သူ့ကို မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်အဖြစ်အာရုံစိုက်ဖို့ကိုပဲ ပြောသင့်တယ်။"
"ဘယ်လိုလုပ်လို့ရနိုင်မှာလဲ? ငါကလက်ဆောင်ယူပြီးပြီ။ ဒီကိစ္စသာမအောင်မြင်ရင် ငါသူတို့ကို မျက်နှာချင်းဆိုင်နိုင်မှာမဟုတ်ဘူး။"
လုရှောင်ယန် : "???"
"သေစမ်း၊ အဘိုးရာ၊ တကယ်ကြီး ကိုယ့်မြေးကို လက်ဆောင်လေးတစ်ခုအတွက်နဲ့ လှည့်ဖျားရက်တယ်!"
"အဟမ်း အဟမ်း..."
သခင်ကြီးလု၏ မျက်နှာမှာ နီရဲလာ၏။
"မင်းဒီလိုပြောလို့မရဘူးလေ။ ငါမင်းကို မလှည့်ဖျားပါဘူး။ မင်းကိုတပည့်လက်ခံဖို့ပဲ တောင်းဆိုတာပါ။ မင်းတကယ်ဆန္ဒမရှိရင်လည်း ငါတွန်းအားမပေးပါဘူး။ အများဆုံးတော့ ငါသွားပြီး တောင်းပန်လိုက်ရုံပေါ့။ ပြီးတော့ ဒါက လက်ဆောင်သေးသေးလေးမဟုတ်ဘဲ ထိပ်တန်းအဆင့် နတ်သလင်းကျောက် ရာနဲ့ချီပဲ။"
လုရှောင်ယန်မှာ သူ့နဖူးသူပြန်ရိုက်လိုက်သည်။
သူဟာ ကောင်းကင်နတ်ဆိုးဂိုဏ်းလိုမျိုးပင် အဂတိလိုက်စားမှုကို ခံစားမိနေ၏!
သူ့၏ဘေးမှလူများဟာ သူ၏အစာကောင်းကောင်းကျွေးခံထားရပြီး လာဘ်မစားသင့်ပါချေ။ နောက်ဆုံးတွင် သူ၏ အဘိုးအရင်းကပါ ဦးစွာ လာဘ်စားမည်ဟု မထင်ခဲ့ချေ။
သူ၏အဘိုးမှာ တစ်ဖက်လူ၏လက်ဆောင်ကိုပင် လက်ခံခဲ့ကာ သူ့အား တပည့်လက်ခံခိုင်းချင်နေသည်။
၎င်းမှာ လူနှင့်မဆိုင်ဘဲ အဖွဲ့တစ်ခု အင်အားကြီးသည်နှင့် အဂတိလိုက်စားမှုအား ရှောင်ရှားရန်ခက်ခဲလှသည်။
"ထားပါတော့၊ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်က အမတနတ်ဘုရားဧကရာဇ်အဆင့် ဖြစ်ပုံပဲ။ သူ့ရဲ့ပါရမီကလည်း မဆိုးပါဘူး။ သူ့ကို အမည်မဲ့ဂိုဏ်းထဲဝင်ပြီး ဒုတိယမျိုးဆက်တပည့်သာ လာလုပ်ခိုင်းလိုက်ပါ။
ဒါပေမယ့် အဘိုး၊ ဒီလိုထပ်မလုပ်နဲ့တော့။ မဟုတ်ရင် အဘိုးက ကျွန်တော့ အဘိုးအရင်းဖြစ်နေရင်တောင် ရိုင်းပြမှုကြောင့် အပြစ်မတင်ပါနဲ့။"
သခင်ကြီးလုမှာ ခပ်တိုးတိုးရယ်လိုက်သည်။
"မပူပါနဲ့၊ ငါလုံးဝမလုပ်ပါဘူး။ ပြီးတော့ ငါကလောဘမကြီးပါဘူး။ ငါဒီနတ်သလင်းကျောက်တွေကို မင်းအတွက်ထားခဲ့မယ်။ ငါ တစ်ခုတောင်မထိခဲ့ဘူး။ ဒါက ငါ့ရဲ့သူ့အတွက်ပေးတဲ့ သင်ကြားခလို့သတ်မှတ်လိုက်ပါ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ကိစ္စမရှိတော့ရင် အဘိုးသွားပြီးကျင့်ကြံပါတော့။ ကျွန်တော် မြန်မြန်ကျင့်ကြံရဦးမယ်။"
"မဟုတ်သေးဘူး၊ ငါမင်းနဲ့ဆွေးနွေးဖို့ ရှိသေးတယ်။"
"ပြောပါ၊ အဘိုး"
"ကြည့်ဦး... မင်း မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်ကိုလက်ခံပြီးပြီ။ ငါ့ကိုရော လက်ခံနိုင်မလား? ငါလည်း မင်းရဲ့ အမည်မဲ့ဂိုဏ်းကို ဝင်ချင်တယ်။"
လုရှောင်ယန် : "..."
"အဘိုး၊ ကျွန်တော့ကို နောက်နေတာလား?"
"ငါမင်းကိုမနောက်ဘူး။ တကယ်အတည်ပြောနေတာ!"
သခင်ကြီးလုမှာ လေးနက်နေဟန်ပေါ်သည်။
လုရှောင်ယန်မှာ တစ်ဖက်လူက ဟာသလုပ်နေခြင်းမဟုတ်ကြောင်း ပြောနိုင်သည်။ ၎င်းက သူ့အားပိုလို့ပင် ပြောစရာမဲ့စေ၏။
"ဒါဆို ငါက မင်းထက် စီနီယာဖြစ်နေမှာလား ဒါမှမဟုတ် ငါအမည်မဲ့ဂိုဏ်းကိုဝင်ပြီးရင် နောက်ထပ်နည်းလမ်းတစ်ခုရှိသေးလား"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၈။ အပိုင်း ၄၁၂ အမည်မဲ့ဂိုဏ်းရဲ့ ဆရာအရွေးချယ်ခံ ရှင်းပြချက်
"ဒါပေမယ့်လွယ်ပါတယ်။ တခြားလူတွေရှေ့မှာတော့ မင်း ငါ့ကို အဘိုးလို့ခေါ်ပေါ့၊ ဒါပေမယ့် နှစ်ယောက်တည်းရှိချိန်ကျရင် ငါမင်းကို ဆရာလို့ ခေါ်လိုက်မယ်လေ။ ဒါလုံးဝကို အတားအဆီးဖြစ်မှာမဟုတ်ပါဘူး။"
လုရှောင်ယန် : "..."
"မလုပ်တာက ပိုကောင်းပါတယ်။ ကျွန်တော့မှာ လက်ရှိ တပည့်ကိုးယောက်ရှိနေပြီးသားလေ။ ထပ်ပြီး လက်မခံနိုင်တော့ဘူး။ တခြား အမည်မဲ့ဂိုဏ်းသားတွေ အားလုံးက ဒုတိယမျိုးဆက်တပည့်တွေချည်းပဲ။ အဘိုးသာ ဆန္ဒရှိရင် သူတို့ထဲကတစ်ယောက်ကို ဆရာအဖြစ်အသိမှတ်ပြုလို့ရပါတယ်၊ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်လိုပေါ့။"
"ပြောရရင် ငါကမင်းရဲ့သွေးရင်း အဘိုးလေ။ ငါ့အတွက် အထူးဆက်ဆံရေးလေးမရှိဘူးလား? ငါကတော့ မင်းရဲ့ တိုက်ရိုက် တပည့်ဖြစ်လာလို့မရဘူးလား?"
"ဒါက အသေအချာကို အဘိုးက ကျွန်တော့ရဲ့ သွေးရင်းဖြစ်နေလို့သာ သင်ပေးဖို့ မသင့်တော်တာပေါ့ဗျာ။ ကျွန်တော် သက်တောင့်သက်သာဖြစ်နေမှာမဟုတ်ဘူး။ ကျွန်တော်သာ ကောင်းကောင်းမသင်ပေးရင် အပြစ်မတင်ပါနဲ့။"
"ဒါဆို ထားလိုက်ပါတော့။ ငါမင်းတပည့်ထဲက တစ်ယောက်ကိုရှာလိုက်မယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"ကောင်းပြီလေ၊ သွားရှာလိုက်ပါ။ ကျွန်တော့ စပြီးကျင့်ကြံတော့မယ်။ တစ်ခုခုလိုရင် ကျွန်တော့ကိုပြောပါ။"
"ငါသိပြီ"
သခင်ကြီးလုမှာ ထွက်ပြေးသွားကာ အချက်အလက်များ တောင်းနေလိုက်သည်။
သူဟာ ဤနေရာ၌ အသိများများစားစားလည်းရှိမနေပါချေ၊ ထို့ကြောင့် သူနှင့်အတန်ငယ်ရင်းနှီးသော တပည့်များကိုသာရှာလိုက်သည်။
ဥပမာ... ဖိဂုလျန်ပင်။
"ဆရာအဘိုး၊ လူရွေးမှန်သွားပြီ"
ဖိဂုလျန်မှာ တောင်ကြားအဝင်ဝတွင် လှဲလျောင်းလျက် သွားများကို နှိုက်လျက် ထူးမခြားနားစွာပြောလိုက်သည်။
"ကျုပ်က ဒီအမည်မဲ့ဂိုဏ်းရဲ့ အရာအားလုံးကို မသိဘူး၊ ဒါပေမယ့် ကျုပ်ထက်ပိုသိတဲ့ လူလည်း များများစားစားမရှိဘူး!"
"ခင်ဗျားကျုပ်ကို မယုံလောက်ဘူးဆိုပေမယ့် ပြောရရင် ကျုပ်တို့ အမည်မဲ့ဂိုဏ်း အနိမ့်ပိုင်းလောက,ကနေ နတ်ဘုရားလောကကို လာတုန်းက ကျုပ်က သခင့်ကို ဦးဆုံးတွေ့ခဲ့တာပဲ။
"တခြားလူတွေက အားလုံးက ကျုပ်နောက်ကချည်းပဲ။"
သခင်ကြီးလုမှာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တာပေါ့။ ဒါဆို ကျုပ်အတွက် ဆရာအဖြစ်အသိအမှတ်ပြုဖို့ သင့်တော်မယ့် အမည်မဲ့ဂိုဏ်းသားက ဘယ်သူများလဲ?"
"ကျုပ်တို့အနေနဲ့ သင့်လျော်တဲ့ တပည့်တွေကိုပြောရမယ်ဆိုရင် ပထမဦးဆုံးကတော့ ကျုပ်တို့အမည်မဲ့ဂိုဏ်းရဲ့ အဓိကဆရာတူအစ်ကိုအကြီးဆုံးယွင်ပဲ။"
"ဘာဖြစ်လို့များလဲ?"
"ဆရာတူအစ်ကိုအကြီးဆုံးယွင်က သခင့်ရဲ့ တရားမဝင်သားလေ။"
"ဘာပြောလိုက်တယ်? မဖြစ်နိုင်တာ? ယွင်လီကောက ရှောင်ယန့်ကလေးလား?"
"ဒါပေါ့။ ကျုပ်ကဘာလို့ လိမ်ရမှာလဲ? ကျုပ်ကိုမယုံရင် အမည်မဲ့ဂိုဏ်းက တပည့်တစ်ယောက်ယောက်ကို ဒီတိုင်းလေးပဲမေးကြည့်လိုက်ပါလား။ ကျုပ်သာလိမ်ခဲ့ရင် ကျုပ်ရဲ့ တစ်မျိုးနွယ်လုံး မိနစ်ပိုင်းအတွင်းမှာပဲ သေရလိမ့်မယ်။"
"အဲ့လိုမဟုတ်ပါဘူး။ ကျုပ်သာ ခင်ဗျားကိုမယုံရင် ဘာလို့မေးနေရဦးမှာလဲ?"
သခင်ကြီးလုမှာ နားလည်စွာပြုံးလိုက်သည်။
"ရှောင်ယန့်မှာ လုံးဝအရွယ်ရောက်နေပြီးသား သားတစ်ယောက်ရှိလိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့ဘူး။"
"သူက အခုမှ သုံးဆယ်အတွင်းမှာပဲရှိသေးတာလေ။ ယွင်လီကောကြည့်ရတာလည်း အရွယ်ရောက်နေပြီးသားပုံပါပဲ။ ဒါဆို ရှောင်ယန်က တစ်ဖက်လူကို ဆယ်ကျော်သက်အရွယ်မှာတည်းက ကိုယ်ဝန်ရစေခဲ့တာလား?"
"ကျစ် ကျစ်၊ ကျုပ်လည်း ပထမက သူ့အဖေကို လူရှုပ်လို့ထင်ခဲ့တာ။ သူက သူ့အဖေထက်တောင် သာနေမယ်လို့ မမျှော်လင့်ထားဘူး!"
"အရင်က သူ့အဖေ သူ့အမေကို လက်ထပ်ချိန်မှာလည်း သူက မငယ်ပါဘူး။"
"ကျုပ်အပိုတွေပြောမိပြီပဲ။ ပြောစရာရှိတာဆက်ပြောရအောင်။ အကိုကြီးယွင်က ဂိုဏ်းတစ်ခုလုံးမှာ ရင်းမြစ်အများဆုံးရှိတဲ့လူပဲ။ အကိုယွင်ရဲ့ ရင်းမြစ်တွေက ကျန်တဲ့တပည့်တွေရတာနဲ့ ယှဉ်ရင် အဆပေါင်းများစွာ ပိုများတယ်လို့တောင် ခန့်မှန်းထားကြတယ်။"
"ဟစ်~! ရှောင်ယန်က ဘက်လိုက်တယ်လား?"
"ဒါပေါ့။ လူတိုင်း အကြီးဆုံးတပည့်ယွင်က ဂိုဏ်းချုပ်ရဲ့ ချစ်တပည့်လေးဆိုတာ သိကြတယ်လေ။ သူက ဂိုဏ်းချုပ်လက်ဖဝါးထဲက နူးညံ့သေးမွှားတဲ့ပုလဲလုံးလေးတစ်လုံးလိုပဲ။"
"ဒါပေမယ့်၊ အကိုယွင်က တပည့်တွေအများကြီးကြားထဲမှာ ဝေယျာဝစ္စတွေအလုပ်ပေးဆုံးပဲ။"
"တခြားတပည့်တွေလည်း ဂိုဏ်းချုပ်ရဲ့ ဝေယျဝစ္စကိုအရမ်းလုပ်ပေးကြပြီး သူ့အတွက်တောင် အသက်ကိုစွန့်စားနိုင်တယ်ဆိုပေမယ့် အစ်ကိုယွင်က မတူဘူးလေ။ အဓိကတပည့်ယွင်က ဂိုဏ်းချုပ်အတွက်ဆို သေတောင်သေဝံ့တယ်။"
ထိုသည်ကိုကြားသော် သခင်ကြီးလုမှာခေါင်းငြိမ့်လိုက်သည်။ သူဟာ ယွင်လီကောမှာ လုရှောင်ယန်၏ သွေးသားရင်းချာဆိုသည်ကို လုံးဝယုံကြည်သွားတော့၏။
သူဟာ အံ့အားသင့်နေလေချေသည်!
"ဒါပေမယ့်၊ အကိုယွင်က တပည့်အများဆုံးပါပဲ။ ဒါကြောင့် အစ်ကိုယွင်ကို ဆရာအဖြစ်အသိအမှတ်ပြုရင် ရင်းမြစ် များများတော့ ရမှာမဟုတ်လောက်ဘူး။"
"ဒါတော့ဟုတ်တယ်။ တခြားတပည့်တွေကရော?
"ဂိုဏ်းတူအစ်မနှစ် ဆိုရင်လည်း ရွေးချယ်မှုကောင်းပါပဲ။ သူမရဲ့ကျင့်ကြံဆင့်ကလည်း မဆိုးဘူး၊ ဒါပေမယ့် သူမက မိန်းကလေးပဲ။ သူမကတော့ အမြဲလိုလို အမျိုးသမီးတပည့်တွေကို လက်ခံတယ်။ အမျိုးသားတပည့်ဝင်ဖို့ကတော့ အရမ်းခက်မယ်။ ပြီးတော့ ခင်ဗျားလိုလူတစ်ယောက်အတွက်ကတော့... အာ... ဆရာကြီးအတွက်ကတော့၊ ခင်ဗျားအသွင်အပြင်က အရမ်းကြီးထက်မြတ်မနေတော့ သူမလက်ခံရင်တောင် ခင်ဗျားကို ကောင်းကောင်းသင်ပေးမှာမဟုတ်လောက်ဘူး။"
"သေစမ်း! ရုပ်ဆိုးတဲ့လူတွေကလည်း ကောင်းကောင်းဆက်ဆံခံရဖို့ မထိုက်တန်ဘူးလား? ငါ ရှောင်ယန့်ကိုပြောပြီး နောက်မှ သူမကို သင်ခန်းစာကောင်းကောင်းပေးရမယ်။"
"ဒါကအဆင်ပြေပါတယ်။ ကျုပ်လည်း သူမနဲ့ပက်သက်ပြီး အတော်ကြာကြာ မကျေမနပ်ဖြစ်နေခဲ့တာ။ သူမကိုတခြားလူတွေကပဲ အကြွေး သန်းတစ်ရာလောက်တင်နေသလိုမျိုး မာနကြီးပြီး အေးစက်တယ်။"
"ဂိုဏ်းတူ အစ်ကို သုံးဆိုရင်တော့ သူ့ကို ဆရာအဖြစ်အသိမှတ်ပြုသင့်တယ်လို့မထင်ဘူး။ ဂိုဏ်းတူအစ်ကိုသုံးက ကျင့်ကြံခြင်းရူးရူးနေတာ။ ဥပမာဆိုရင် သူကကျင့်ကြံနေချိန်ဆို လူတိုင်းကို ဥပေက္ခာပြုထားတာ။ သူတစ်ခါကျင့်ကြံလိုက်တာနဲ့ တစ်နှစ်ပတ်လုံး မစားမသောက်ဘဲ နေတော့တာပဲ။ အဆုံးကျရင် သူ့တပည့်တွေလည်း ရွေးစရာမရှိတော့ဘဲ တခြားဆရာတွေရဲ့ တပည့်ဖြစ်လာကြတော့တာ။ အခုဆိုရင် သူ့ဆီမှာ တစ်ဂိုဏ်းလုံးမှာ လုံကွမ်းကလွဲပြီး တခြားတပည့်တစ်ယောက်မှမရှိတော့ဘူး။
"ဒါပေမယ့် လုံကွမ်းရဲ့ပါရမီ ဂိုဏ်းချုပ်ဆီကနေ အသိအမှတ်ပြုခံရလောက်အောင်ထိကို မဆိုးဘူးလို့ ပြောရမယ်။ သူ့ကျင့်ကြံဆင့်က ဒုတိယမျိုးဆက် တပည့်တွေထဲမှာ အသန်မာဆုံးလို့တောင် ပြောနိုင်တယ်။ သူကသာမန်လူတွေ လွယ်လွယ်လေး ယှဉ်နိုင်လောက်ဖို့ အရမ်းကွာလွန်းနေတာ။"
"မတိုင်ခင်ကမှအစ်ကိုလေးရယ် အစ်ကိုခြောက်ရယ်နဲ့ အစ်ကိုခုနှစ်တို့ရဲ့ အဆက်အဆံရှိခဲ့တော့ သူတို့ကိုဆရာအဖြစ် မှတ်ယူဖို့တော့မဆိုးလောက်ဘူးထင်တာပဲ။ ခင်ဗျားက ဓားတာအိုကို ကျင့်ကြံတယ်ဆိုရင် သခင်လေး,လေးက ပိုပြီးသင့်တော်မယ်။ ခင်ဗျား ဓားမော့ကိုကျင့်ကြံရင်တော့ သခင်လေးခြောက်က အကောင်းဆုံးရွေးချယ်မှုပဲ။"
"သခင်လေး ခုနှစ်ကတော့ မဆိုးဘူး၊ ပြီးတော့ တပည့်တွေများများပိုရှိတယ်။ သူကလည်း ပိုပြီးကာကွယ်ပေးတတ်တယ်။ ဒါပေမယ့် သူကျင့်ကြံတဲ့ ကျင့်စဉ်က နဂါးနတ်ဘုရားအနုပညာပဲ၊ အဓိကအနေနဲ့ လူတွေကို နဂါးအသွင်ပြောင်းတာပေါ့။ တခြားလူတွေရဲ့ ကျင့်စဉ်တွေနဲ့ မတူဘဲ အတွေ့အကြုံတော့ များများမရှိဘူး။"
"သခင်လေးရှစ်ရဲ့ အုတ်ဂူဖောက်ကျွမ်းကျင်မှုကတော့ ထိပ်တန်းပဲ။ သူကတစ်နေ့လုံး ဂူတွေတူးနေတာလေ။ ခင်ဗျားသာ အုတ်ဂူတူးရတာကြိုက်ရင်တော့ ဒါကိုထည့်စဉ်းစားလို့ရတယ်။ သူရဲ့ကျင့်စဉ်ကတော့ ပိုပြီး မှောင်မိုက်တယ် ထင်တာပဲ။"
"သခင်လေးကိုးကတော့ သူနဲ့သင့်လျော်တဲ့ ကျင့်စဉ်ကိုတောင် မေ့လုနီးနီးဖြစ်နေပြီ။ သူက တစ်နေ့လုံး သားရဲထိန်းချုပ်ခြင်းအနုပညာကိုလေ့လာနေပြီး လူတွေကို အိမ်မွေးနတ်ဆိုးအဖြစ်ပြောင်းဖို့ နည်းလမ်းတောင် ရှာနေလောက်တယ်။ ခင်ဗျားသာ သူတစ်နေ့ စိတ်ဖောက်ပြီး ခင်ဗျားကို သူ့အိမ်မွေးတိရိစ္ဆာန်လေးအဖြစ်မှတ်ယူမှာကို မကြောက်ရင်တော့ သူ့ကို ဆရာအဖြစ် မှတ်ယူဖို့ကြိုးစားလို့တော့ရပါတယ်။"
"ရှင်းရှင်းပြောရရင် အကောင်းဆုံးကတော့ ပထမရယ်၊ စတုတ္ထရယ်နဲ့ ဆဌမရယ်ပဲ။ ပြီးရင်တော့ ဒုတိယရယ် သတ္တမရယ်နဲ့ အဌမပဲ။ အဆိုးဆုံးကတော့ တတိယရယ် ပဉ္စမရယ်နဲ့ နဝမရယ်ပဲ။"
သခင်ကြီးလုမှာ မျက်မှောင်တွန့်သွားသည်။
"အချိန်ကြာကြီး ပြောပြီးတော့ ဘာလို့ ပဉ္စမမြောက်အကြောင်းကို မကြားလိုက်ရတာလဲ?"
"ပဉ္စမက ဖုတ်ကောင်လေ! ပြီးတော့ ပဉ္စမသခင်မလေးက မတိုင်ခင်ကမှ ဗုဒ္ဓဂိုဏ်းရဲ့အကျဉ်းချခံရပြီး ကျင့်ကြံဖို့ အခွင့်လမ်းတွေ နှောင့်နှေးခဲ့ရတယ်။ အခုဆိုရင် သူမရဲ့ကျင့်ကြံဆင့်က ဒုတိယမျိုးဆက်ကတပည့်တချို့ထက်တောင် နိမ့်နေသေးတယ်။ ခင်ဗျားသာအခု သူမဆီသွားလိုက်ရင် အနာဂတ်ကပျက်စီးသွားမှာ မဟုတ်လား?"
"သူ့မှာ အမည်ခံတပည့်တစ်ယောက်လည်းရှိပါသေးတယ်။ သူမရဲ့နာမည်ကတော့ လင်းရှင်းယွဲ့ ဆိုလားပဲ။ သူမကလည်း ဂိုဏ်းချုပ်ရဲ့ တရားမဝင်သမီးပဲ။ သူမက ဂိုဏ်းချုပ်ကို အဖေလို့ရှင်းရှင်းလင်းလင်းခေါ်နေတတ်တာကိုလည်း လူအများကြီးကြားကြတယ်။ သူမက အစ်ကိုယွင်ထက်တောင် မာနကြီးသေးတယ်။"
သခင်ကြီးလု၏ မျက်လုံးများမှာ တောက်ပသွားသည်။
"မဆိုးဘူး! သူမက ရှောင်ယန်ရဲ့ သွေးသားရင်းချာဖြစ်နေမှာတော့ အဓိကတပည့်ယွင်ထက် နိမ့်ကျမှာ မဟုတ်လောက်ဘူး။ သူမမှာ ရင်းမြစ်တွေ အများကြီးရှိလောက်တယ်။"
"ထပ်ပေါင်းအနေနဲ့ကတော့ သူမက ရှောင်ယန်အခုမှ လက်ခံထားတဲ့တပည့်ပဲ။ သူမမှာ တပည့်မရှိလောက်သေးဘူး။ ကျုပ်သာ အရင်ဆုံးသွားလိုက်ရင်... "
သခင်ကြီးလုထံတွင် ချက်ချင်းပဲ ဦးတည်ချက်ရှိသွား၏။
သူဟာ ၎င်းအားတွေးတောပြီးဖြစ်သည်။ သူဟာ လင်းရှင်းယွဲ့အား သူ၏ဆရာအဖြစ်သွားကာ အသိအမှတ်ပြာလိုက်တော့မည်ပင်။ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်ရောက်လာလျှင် သူ့အား တခြားဆရာတစ်ယောက် ရှာခိုင်းလိုက်ရုံပင်။
လင်းရှင်းယွဲ့ မှာ တပည့်တစ်ယောက်တည်းရှိပါလျှင် သူ့အားပျိုးထောင်ရန် ပို၍အားစိုက်နိုင်မည်။ ရင်းမြစ်အားလုံးမှာ သူ့ထံသို့သာ ရောက်ရှိပေလိမ့်မည်ပင်။
ပြည့်စုံတယ်!
သခင်ကြီးလုမှာ သူ့ကိုယ်သူ အမည်မဲ့ဂိုဏ်း ဒုတိယမျိုးဆက်၏ အသန်မာဆုံးတပည့်ဖြစ်လာဖို့ကိုပင် မြင်ယောင်နေပြီဖြစ်၏!
နတ်ဘုရားဧကရာဇ်တစ်ပါးဖြစ်လာပြီး အဆင့်ပိုမြင့်သည့်ရန်သူများအား သတ်ဖို့ရန်မှာ အိပ်မက်တစ်ခုမဟုတ်တော့ပါချေ!
သူဟာ စိတ်ကိုပြင်ဆင်ထားလိုက်တော့၏!
လင်းရှင်းယွဲ့!
…
မြူခိုးဂိုဏ်းတွင် ဂိုဏ်းချုပ်မှာ သူ၏တပည့်ကုန်းဝမ်အာအား သူ၏ရှေ့မှောက်သို့ ဆင့်ခေါ်လိုက်၏။
"ဝမ်အာ၊ တောင်းပန်ပါတယ်။ ဒါကဆရာ့အမှားပါ။ ဆရာ့မှာသာ အစွမ်းအစရှိခဲ့ရင် ဒီလိုငြင်းခံခဲ့ရမှာမဟုတ်ဘူး။"
ကုန်းဝမ်အာမှာ တည်ငြိမ်နေဟန်ဖြင့် ပြောကြားလိုက်သည်။
"ဒါကဆရာ့အမှားမဟုတ်ပါဘူး။ လုရှောင်ယန်က အရမ်းစွမ်းအားကြီးလွန်းလို့ ကျွန်မရဲ့ လက်ဆက်ပွဲကို ငြင်းလိုက်တယ်ဆိုတာ သိပါတယ်။"
"အရင်က ဘာလို့ သူကျွန်မကို ဆက်တိုက်ငြင်းနေရသလဲလို့ တွေးနေခဲ့တာ။ သူကတကယ်ပဲရှက်ပြီး ကျွန်မကို မထိုက်တန်သလိုများ ခံစားနေရတာလားလို့ပေါ့။ အခုတော့ ကျွန်မမှာ အတွေးတစ်ခုပဲရှိတော့တယ်။ ကျွန်မက တကယ်ကိုရယ်ရတာပဲ။"
"ဒီလိုမပြောပါနဲ့။ မင်းကအရမ်းကိုကောင်းပါတယ်။ ဒါလုရှောင်ယန်က အရမ်းကြီး ကောင်းကင်ကိုသွေဖီနေလွန်းလို့ပါ။ ငါတို့တတ်နိုင်တာ မရှိဘူးလေ။"
"ဒါပေမယ့် ဒီတစ်ခေါက် လှုံ့ဆော်ခံလိုက်ရတော့ ငါကြိုးစားပြီး အခွင့်အရေးတစ်ခုလောက်ရှာနိုင်ဖို့ ပြင်ထားရမယ်။"
"တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း ဒီလိုတွေးနေတာ။"
"အမှန်ပဲ။ မင်းနဲ့ငါ အတူတူကြိုးစားပြီး ကျင့်ကြံလိုက်တာနဲ့ နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်ရှိနိုင်ပြီး တခြားလူတွေဆီက အနိုင်ကျင့်ခံရမှာမဟုတ်တော့ဘူး။"
ကုန်းဝမ်အာမှာ ခေါင်းငြိမ့်လိုက်သည်။
ဆရာနှင့် တပည့်မှာ အချင်းချင်း နှုတ်ဆက်လိုက်ကြတော့သည်။ ထို့နောက်တွင် မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ တောင်ခြေသို့ ချက်ချင်းရောက်လာ၏။
မြူခိုးဂိုဏ်း တောင်ခြေတွင် ပုံရိပ်တစ်ခုမှာ စောင့်ကြိုနေလေသည်။
"လီရှန်းရွှေ၊ မင်းဘာလို့ဒီလောက်နှေးကွေးနေရတာလဲ? ဆင်းလာဖို့က ကြာလိုက်တာ"
လီရှန်းရွှေမှာ မြူခိုးဂိုဏ်း၏ ကျော်ကြားသော ဂိုဏ်းချုပ်ပါပင်။ ယခင်က တစ်ဖက်လူမှာ သူ့အား အလွယ်တကူနာမည်တပ်၍ မခေါ်ဝံ့ခဲ့ပါချေ။ သို့သော် ယခုတွင် သူဟာ ထပ်မံကြောက်စရာမလိုတော့ပါချေ။
"သခင်ကြီးလု၊ ကျုပ်ကိုလည်း ကိစ္စတစ်ချို့ပြင်ဆင်ခွင့်ပေးပါဦးဗျာ!"
"မင်းသေမယ့်ပုံလည်းမဟုတ်ပါဘူး။ ဘာတွေပြင်ထားစရာရှိလို့လဲ?"
"ကျွန်တော့ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေကို ဂိုဏ်းအကြောင်းပြောရမှာတွေရှိသေးတယ်လေ။ အားလုံးပြီးသွားပြီလား?"
"ပြီးသွားပြီ။ ငါမင်းအတွက် ဆရာသုံးယောက်ရွေးပေးထားတယ်။ သူတို့အားလုံးက ဆရာကောင်းတွေပါပဲ။ သူတို့က အမည်မဲ့ဂိုဏ်းရဲ့ သခင်လေးသုံး၊ သခင်မလေးငါးနဲ့ သခင်လေးကိုးပဲ။ သူတို့အားလုံးက ကျော်ကြားတဲ့ပုံရိပ်တွေပဲလေ။ ငါသူတို့နဲ့ဆွေးနွေးပြီးပြီ၊ သူတို့လည်း တပည့်လက်ခံချင်နေကြတယ်။ စကားလေးသာ ပြောလိုက်ရုံပဲ။"
လီရှန်းရွှေမှာ သူ့အား လက်မထောင်ပြလိုက်၏။
"ဂိုဏ်းချုပ်လုရဲ့ အဘိုးရင်းက ထင်ထားသလိုပါပဲ၊ ခင်ဗျားရဲ့ စကားလုံးတွေက အကျိုးရှိတယ်။ ကျုပ်၊ လီရှန်းရွှေက နှစ်သောင်းချီကျင့်ကြံခဲ့ပြီး နောက်ဆုံးတော့ အဖွဲ့စည်းတစ်ခုကို ရှာတွေ့ခဲ့ပြီ။ အနာဂတ်မှာ ကျုပ်ရဲ့ ပါရမီကို ထုတ်ပြနိုင်တော့မယ်! ဟားဟားဟားဟား!"
"လောင်လီ၊ မင်းအရင်ကပြောပြီးပြီလေ..."
သခင်ကြီးလုမှာ သူ၏လက်မနှင့် လက်ညှိုးအား ဖိပွတ်လိုက်သည်။ လီရှန်းရွှေမှာ ချက်ချင်းနားလည်သွား၏။
"ကျုပ်နားလည်ပြီ။ ကျုပ်ခင်ဗျားအတွက် အားလုံးပြင်ဆင်ထားတယ်။ ဒီမှာပဲ။"
သူဟာသခင်ကြီးလုအား ထိပ်တန်းအဆင့် နတ်သလင်းကျောက် သန်း၅၀၀ပါရှိသော သိုလှောင်လက်စွပ်နောက်ထပ်တစ်ကွင်းကို လက်လွဲပေးလိုက်သည်။
သို့သော် နတ်သလင်းကျောက်အား လက်လွှဲပြီး သခင်ကြီးလုမှာ စစ်ဆေးနေစဉ်မှာပင် အမှတ်တမဲ့တစ်ခုဖြစ်ပွားခဲ့၏။
အသံတစ်ခုမှာ ၎င်းတို့နှင့် မနီးမဝေးမှ ရုတ်တရတ်ထွက်ပေါ်လာသည်။
"ဆရာ၊ ဘာတွေလုပ်နေတာလဲ?"
လီရှန်းရွှေနှင့် သခင်ကြီးလုမှာ ကြောင်အသွားကာ တစ်ဖက်သို့ တစ်ညီတည်း လှည့်လိုက်မိကြတော့သည်။
တစ်နည်းနည်းနှင့် ကုန်းဝမ်အာမှာ ၎င်းတို့၏ နောက်တွင် တကယ်ကြီး ရပ်နေခဲ့သည်။
လီရှန်းရွှေ၏ မျက်နှာအိုကြီးမှာ ချက်ချင်းပင် နီရဲသွားတော့၏။
သေစမ်း၊ သူ့ကို သူ့တပည့်က တကယ်ကြီးမိသွားတာပဲ။
သူဟာ ကမ္ဘာကြီးအား လှည့်လည်ကာ လုံ့လတစိုက်ကျင်ကြံချင်သည်ဟု ပြောခဲ့ရုံလေးသာရှိသေးသည်။ အဆုံးတွင် သူ၏အဖိုးတန်တပည့်လေးဆီတွင် မျက်တောင်တစ်ခတ်အတွင်း အမိခံလိုက်ရတော့၏။ ယခုတွင် သူ၏ အမည်မဲ့ဂိုဏ်းသို့ သွားမည့် အစီအစဉ်မှာ ထုတ်ဖော်ခံလိုက်ရပေပြီ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၈။ အပိုင်း ၄၁၃ ငါတို့အမဲလိုက်လို့ရပြီ
"အာ... ငါတို့ဘာမှမလုပ်ပါဘူး။ ငါတို့ကဒီတိုင်း... စေ့စပ်ပွဲကို ဖျက်သိမ်းနေတာပါ။ ဟုတ်တယ်၊ ဟုတ်တယ်။"
သခင်ကြီးလုမှာလည်းလိုက်ပြောပေးရသည်။
"ဟုတ်တယ်၊ အမှန်ပဲ။ ဒါက ခန်းဝင်လက်ဆောင်ပါ။ ငါတို့တွေ စေ့စပ်ပွဲဖျက်လိုက်မှတော့ လုမျိုးနွယ်စုအနေနဲ့ ခန်းဝင်လက်ဖွဲ့တွေကို ပြန်ပေးဖို့က ပုံမှန်ပဲလေ။"
"အိုး"
ကုန်းဝမ်အာမှာ ထူးမခြားနားစွာခေါင်းငြိမ့်လျက် မည်သည်ကိုမှ မပြောပါချေ။ သူမဟာ တစ်ဖက်လှည့်ကာ ထွက်သွား၏။
တစ်ဖက်လူ ထွက်သွားသည်အား ကြည့်ကာ သခင်ကြီးလုမှာ ကူကယ်ရာမဲ့စွာပြောလိုက်သည်
"သူသိနေတယ်ထင်တာပဲ"
လီရှန်းရွှေမှာ တိတ်ကျသွားသည်။
"ကျုပ်သူမကို စိတ်ဓာတ်ကျစေမိပြီ။ ဆရာတစ်ယောက်အနေနဲ့ သူမနဲ့တစ်ဘက်တည်းနေပြီး လုရှောင်ယန်နဲ့ အလောင်းအစားမှာ ကူညီပေးသင့်တာ။"
"ဒါဆို... ဘာလို့ ငါမင်းကို ငွေတွေပြန်မပေးရမှာလဲ? မင်းရဲ့တပည့်နောက်ကို လိုက်သွားဖို့ကလည်း အတော်လေးနောက်ကျနေပြီ"
"ဒီလိုတော့မဟုတ်ပါဘူး။ ကျုပ်က နတ်ဘုရားဧကရာဇ်အဆင့်ဖြစ်လာချင်တဲ့ ယောက်ျားတစ်ယောက်ပဲ။ ကျုပ်တပည့်ရဲ့ အတွင်းရေးကိစ္စလေးအတွက်နဲ့ ဘာလို့ ကျုပ်ရဲ့ကျင့်ကြံခြင်းကိုနှောင့်နှေးစေရမှာလဲ? သွားကြစို့။ ကျုပ် အမည်မဲ့ဂိုဏ်းကိုဝင်ဖို့ ပြင်ဆင်ရဦးမယ်။"
...
တစ်ချိန်တည်းမှာပင် နတ်ဘုရားလောက၏တစ်နေရာ၌ ဖူတုမှာ သူ၏မျက်လုံးများအား အမှောင်ထုထံမှ ဖွင့်လှစ်လိုက်သည်။
အရောင်မတူသော ဓားလေးချောင်းမှာ သူနံဘေး၌ ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးတွင် အင်မတန်အားကောင်းသော စွမ်းအင်များ ပါဝင်သည်!
ဓားတိုင်းမှ ထုတ်လွှတ်နေသော ရောင်ဝါမှာ အလွယ်တကူပင် နက်နဲမှုအဆောင်လက်နက်အဆင့်ကို ကျော်လွန်နေ၏။ ၎င်းမှာ ထိတ်လန့်ဖွယ်စွမ်းအားကြီးလှကာ အမတအဆောင်လက်နက်အဆင့်သို့ပင်ရောက်ရှိနေပြီဟု ဆိုနိုင်ချေသည်။
"ငါနောက်ဆုံးတော့ အမတသတ်ဖြတ်ခြင်းဓားလေးပါးနဲ့ အမတသတ်ဓားအစီအရင်ပုံကြမ်းကို ပြည့်ပြည့်စုံစုံ သန့်စင်နိုင်ခဲ့ပြီ။ အခုကစပြီး အမတတွေထဲမှာ ဘယ်သူကများငါ့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်တော့မှာလဲ? လုရှောင်ယန်ကိုသတ်ဖို့ကလည်း မုန့်စားသလိုလွယ်ကူနေပြီ။"
"ဆရာ၊ စောင့်နေလိုက်ပါ။ ဆရာပေးခဲ့တဲ့တာဝန်ကို ကျွန်တော် မြန်မြန်အဆုံးသတ်ပေးမယ်။ ဆရာ့ကို ကောင်းကင်ဘုံခုံရုံးဆီမှာ ပူးပေါင်းပြီး အကြီးမြတ်ဆုံးဖြစ်တည်မှုဖြစ်လာဖို့ ကူညီပေးမယ်!"
ထိုသို့ပြောနေစဉ်တွင် သူ၏ဆရာတူညီမလေးမှာ တဖြည်းဖြည်း လျှောက်ဝင်လာ၏။
"ဆရာတူအစ်ကို၊ စကားဝိုင်းထဲက နတ်ဘုရားဧကရာဇ်တွေနဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့်တွေအားလုံး အဆင်သင့်ဖြစ်နေပါပြီ။"
ဖူတုမှာ ခေါင်းငြိမ့်လိုက်၏။
"မဆိုးဘူး။ သူတို့နဲ့ ဆရာသင်ပေးခဲ့တဲ့ အမတသတ်ဓားအစီအရင်ရဲ့ အကူအညီနဲ့ဆိုရင် လုရှောင်ယန်က ကောင်းကင်ဧကရာဇ်ဝင်စားတဲ့သူဆိုရင်တောင် ငါ့ရဲ့ပြိုင်ဘက်မဟုတ်သေးဘူး။"
"စကားဝိုင်းထဲက ကြီးမြတ်သောနတ်ဘုရားအဆင့်တစ်ယောက်က ဒီမနက်ပဲ နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်သွားပါတယ်။"
"အဲ့ဒါ ကောလီယွင် မဟုတ်လား?"
သူ၏ဆရာတူညီမလေးမှာ ခေါင်းငြိမ့်လိုက်သည်။
"ကောလီယွင်ပဲ။ ဒီကောင်လေးရဲ့ စရိုက်က အရမ်းကောင်းပြီး ပါရမီကလည်း ကောင်းကင်ဘုံကိုအံတုနေတယ်။ ကျွန်မတို့ရဲ့နတ်ဘုရားဧကရာဇ်စကားဝိုင်းကို ဝင်ပြီးနောက်မှာ သူရဲ့ကျင့်ကြံဆင့်က ခပ်မှန်မှန်ပဲတိုးတက်နေပြီး အဆင့်တစ်ဆင့်တောင် ပိုမြင့်သွားခဲ့ပြီပဲ။ အခုဆို နတ်ဘုရားဧကရာဇ်အဆင့်ကိုတောင်ရောက်နေပြီပေါ့။ သူက နတ်ဘုရားဧကရာဇ်စကားဝိုင်းထဲမှာ အလားအလာအရှိဆုံးတစ်ယောက်လို့တောင် ပြောလို့ရတယ်။"
"သူ့ရဲ့ ပါရမီက နတ်ဘုရားဧကရာဇ်ဟောင်းတွေနဲ့တောင် ယှဉ်လို့ရတဲ့အထိလို့ ခံစားမိတယ်။"
"သူကအတော်လေးလည်း ရေပန်းစားတယ်ပြောရမယ်။ သူ့ရဲ့ပါရမီက ကျွန်မတို့ကိုမယှဉ်နိုင်ပေမယ့်လည်း သာမန်လူတစ်ယောက်တော့ဟုတ်မနေဘူး။"
"ဒီလိုလား?"
ဖူတု၏ မျက်လုံးများကျဉ်းမြောင်းသွား၏။
"ဆရာသာ လုရှောင်ယန်ကိုသတ်နိုင်ပြီး သူ့ရဲ့ကံကောင်းမှုကို လုယူလို့ရမယ်ဆိုရင် သူ့ရဲ့နောက်ထပ်ခြေလှမ်းက ကောင်းကင်ဧကရာဇ်ရာထူးကို ဆက်ခံနိုင်ဖို့ဖြစ်လောက်တယ်။ ဒီလိုဆိုရင် သူ့ကိုကူညီနိုင်မယ့် ငယ်သားတွေ ရှိဖို့လိုမှာပဲ။"
"ငါတို့ဆရာ့ကို ဒီကိစ္စဖြေရှင်းပေးဖို့ လက်ဦးမှုယူထားရမယ်။ငါ ဒီကောလီယွင်ကို ဆက်သွယ်သင့်ပုံပဲ။"
"ဒါက တကယ့်ကိစ္စပဲ"
…
တောင်ကြားတွင် ယွင်လီကောမှာ နတ်ဘုရားဧကရာဇ်အဆင့်သို့တက်လှမ်းပြီးနောက်တွင် မျက်လုံးများအား တဖြည်းဖြည်းဖွင့်လိုက်သည်။
သူဟာ နတ်ဘုရားလောက၌ နတ်ဝိဉာဉ်အမြောက်အများအား ဝါးမြိုပြီးကတည်းက သူ၏ပါရမီမှာ အဆများစွာ တိုးတက်လာတော့သည်။
ယခုတွင် သူ၏ကျင့်ကြံနှုန်းမှာ အတော်လေးထိတ်လန့်ဖွယ်ပင်။
အတိတ်တွင် သူသည် အောက်ဆုံး၌သာရှိခြင်းကြောင့် ဆရာတူညီလေး၊ ညီမလေးများ၏ လှောင်ပြောင်ခြင်းအား ခံခဲ့ရသည်ပင်။ယခုတွင် သူ၏ဘဝ၌ ပထမဆုံးအနေနှင့် "ပါရမီရှင်"ဟူသည့်စကားလုံးမှာ မည်မျှ ဂရုစိုက်စရာမလိုသည်ကို ခံစားလိုက်ရသည်။
ယခုတွင် သူ၏ကျင့်ကြံဆင့်မှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ပင် ရောက်နေချေပြီ။ သူဟာ အမတအဆင့်သို့ ရောက်ရှိရန်ပင် အင်မတန်ကြာရှည်တော့မည်မဟုတ်ပါချေ။
သူ၏မှတ်ဉာဏ်အပိုင်းလေးတစ်ခုက စိတ်ထဲ၌ တဖြည်းဖြည်းပေါ်လာ၏။
"အဆုံးမှာ သူ့လက်အောက်မှာပဲ ရှိနေဦးမယ်လို့ ထင်မထားခဲ့ဘူး!"
"ဒါကကံကြမ္မာပဲဖြစ်ရမယ်။"
"ကောင်းကင်ဘုံက ငါရော ဒါမှမဟုတ် အဘိုးကြီးဟုန်ကျွင်းရောမဟုတ်မယ့် လူတစ်ယောက်ကိုရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပုံပဲ။"
"ဒါပေမယ့် ဒီဘဝမှာ ငါက အရွေးချယ်ခံမဖြစ်နိုင်ရင်လည်း ရွေးချယ်ခံရဲ့ တပည့်ဖြစ်နေတုန်းပဲ။ ဆုံးရှုံးစရာတော့မရှိဘူး။"
"ခွေးအိုကြီးဟုန်ကျွင်းသာ ငါ့ရဲ့ဆရာပြန်လာပြီဆိုတာ သိသွားရင် ဘယ်လိုများဖြစ်နေမလဲ သိချင်မိတယ်။ ငါတကယ် ဒါကိုရှာကြည့်ရမယ်!"
စကားဆုံးသည်နှင့် ယွင်လီကော၏စိတ်တွင်းမှ မှန်သားပြင်မှာ ထပ်မံတောက်ပလာသည်။
"မင်းရှိနေလား?"
ယွင်လီကောမှာ ထိုသတင်းက နတ်ဘုရားဧကရာဇ်စကားဝိုင်းမှ မဟုတ်သည်ကို သိရှိသွားသောအခါ မျက်ခုံးများမြင့်တက်သွားတော့သည်။ ထိုသည်က လျှို့ဝှက်ပို့စာပင်။
ထိုစာမှာ အဖွဲ့ခေါင်းဆောင်ဖူတုမှ သူ့အားပို့လာခြင်းပင်။
ပြောရလျှင် ထိုစာအား ၎င်းတို့နှစ်ဦးသာမြင်နိုင်ပေ၏။
ထိုသည်က ယွင်လီကော၏ မျက်ခုံးများအားမြင့်တက်သွားစေသည်။
"ဘာလို့ ဒီကောင်က ရုတ်တရတ်ကြီးငါကို့ စာသီးသန့်ပို့ရတာလဲ?"
တစ်ဖက်လူမှာ သူ့အားမေတ္တာသက်ဝင်နေပြီး အဖွဲ့တွေ့ဆုံမှု သို့မဟုတ် တိုက်ပွဲတစ်ခုပြုလုပ်ရန် တောင်းဆိုနေချင်သည်လား?
သို့သော် သူဟာပြန်ဖြေလိုက်ဆဲပင်။ ပြောရလျှင် တစ်ဖက်လူမှာ အဖွဲ့ခေါင်းဆောင်ဖြစ်၏။
"ဟုတ်ကဲ့ပါ"
"မင်း ကျင့်ကြံနေတာလား?"
"မဟုတ်ပါဘူး။"
"အိုး၊ မင်းမှာ အခုအချိန်ရှိတယ်ပေါ့?"
"တစ်ခုခုပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ။"
"မင်းဘေးမှာ တစ်ယောက်ယောက်ရှိလား?"
"မရှိပါဘူး"
"ကောင်းပြီ၊ ငါမင်းကို အခု သီးသန့်စာပို့တော့ ကြောင်အသွားပြီး သိချင်သွားတယ်မဟုတ်လား?"
"တကယ်တော့ ဘာမှမဟုတ်ပါဘူး။ မင်းရဲ့ပါရမီက အရမ်းကောင်းနေပြီး တခြားလူတွေနဲ့ ခြားနားနေတာက အဓိကပါ။ အဲ့ဒါကြောင့် ငါမင်းကို အခွင့်အရေးတစ်ခုပေးချင်တယ်။ မင်းဆန္ဒရှိမယ်လို့ ထင်ပါတယ်!"
"ဒါပေါ့ ကျွန်တော် သိချင်ပါတယ်။ ကျုပ်က ခေါင်းဆောင်ရဲ့ အသိအမှတ်ပြုခံရတာကို ဘယ်လိုလုပ်ဆန္ဒမရှိဘဲနေမှာလဲ?"
"ကောင်းတယ်! ငါထင်တဲ့ အတိုင်းပဲ မင်းကတကယ်တော်တယ်။"
ခဏမျှ ရပ်တန့်ပြီးနောက်တွင် သူဟာဆက်ပြောလိုက်သည်။
"တကယ်တော့ အဖွဲ့ထဲက လူတော်တော်များများက နတ်ဘုရားဧကရာဇ်အဆင့်ဟောင်းတွေဖြစ်ကြပြီး မင်းထက်လည်း ပိုသန်မာပေမယ့် မင်းရဲ့ပါရမီက တကယ်ကို ပိုပိုပြီး သူတို့ထက်သန်မာတယ်။"
"ဒီအတွက်သာမဟုတ်ရင် ငါမင်းကိုလာရှာမှာမဟုတ်ဘူး"
"ပြောရရင် ငါတို့စကားဝိုင်းရဲ့ နောက်ခံက မင်းစိတ်ကူးထားတာထက်တောင် ကျော်လွန်နေသေးတယ်။"
"လုရှောင်ယန်ကို သတ်တာက ငါတို့စကားဝိုင်းရဲ့တာဝန်သေးသေးလေးပဲ။ ဒီစကားဝိုင်းထဲမှာ တာဝန်ကြီးတွေအများကြီးရှိနေသေးတယ်။ အဲ့ဒီမှာမင်းကို အမတတစ်ပါး၊ ကောင်းကင်အမတ၊ ထိုက်ယိခရီးစဉ်အမတ၊ ဒါမှမဟုတ် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တို့လို အမတတွေတောင် ဖြစ်လာစေနိုင်တဲ့ တာဝန်တွေရှိတယ်!"
"ဒါတွေအားလုံးက လူတိုင်း အိပ်မက်,မက်ပေမယ့် မရနိုင်တဲ့ ဖြစ်တည်မှုတွေပဲ။ ဒါပေမယ့် မင်းသာငါတို့နဲ့ ပူးပေါင်းပြီး ငါ့ဆရာရဲ့ခြေလှမ်းတိုင်း လိုက်လာနိုင်တာနဲ့ အဲ့ဒါတွေကို ဖြတ်ကျော်ဖို့ လွယ်လွယ်လေးကူညီနိုင်တယ်။"
"တွေးကြည့်ကြည့်လေ၊ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဆိုတာ လူတိုင်းရချင်နေတဲ့ အိပ်မက်တစ်ခုပဲ။"
"သူတော်စင်တွေကလွဲရင် လောကမှာ ဘယ်သူက သူတို့ကျင့်ကြံဆင့်ကို ခုခံနိုင်လို့လဲ?"
ယွင်လီကောမှာ ထိတ်လန့်သွားယောင် ဟန်ဆောင်လိုက်သည်။
"ခင်ဗျားရဲ့နောက်ခံက အဲ့လောက်ထိ စွမ်းအားကြီးတာလား?"
"ဒါပေါ့၊ မင်းဝင်လာချင်လား?"
ယွင်လီကောမှာ ချက်ချင်း ပြန်ပြောလိုက်၏။
"ဒါပေါ့ဗျာ ဆန္ဒရှိတာပေါ့။ ခင်ဗျားက ကျုပ်ကိုဝင်စေဖို့ ဆန္ဒရှိရဲ့လားပဲ မသိတာပါ။"
"မင်းဆန္ဒရှိတယ်ဆိုရင်တော့"
"ဒါဆို... ကျုပ်တို့နောက်က လူကိုသိလို့ရမလား?"
"ငါအခုတော့ မင်းကို မပြောနိုင်သေးဘူး။ ဒါပေမယ့် လုရှောင်ယန်ကို အမဲလိုက်ပြီးရင်တော့ သူနဲ့တွေဖို့ မင်းကို ငါကိုယ်တိုင်ခေါ်သွားပေးမယ်။ ငါ့ကိုယုံလိုက်၊ မင်းလုံးဝထိတ်လန့်သွားစေရမယ်။"
"သူက အနာဂတ်ရဲ့ ကောင်းကင်ဧကရာဇ်ပဲ!"
"သူက ဒီလောက်တောင် စွမ်းအားကြီးတာလား?"
"ဒါပေါ့ကွာ!"
"ကောင်းပြီလေ! ဒါဆို အခုကစပြီး လီယွင့်ရဲ့ဘဝက စီနီယာဖူတုအပိုင်ပါပဲ။ စီနီယာဖူတု၊ လိုအပ်တာရှိရင် ကျွန်တော့ကို အမိန့်ပေးနိုင်ပါတယ်။"
"ဟုတ်ပြီလေ။ စောစောပြင်ဆင်ထား။ ငါ လုရှောင်ယန်နဲ့ ရင်ဆိုင်ဖို့ ဧကရာဇ်တစ်ရာအစီအရင်ကို အသက်သွင်းတော့မယ်။"
ထိုသို့ပြောပြီးသည်နှင့် စာပို့သည့်နေရာမှာ မည်းမှောင်သွားတော့သည်။
ယွင်လီကော၏မျက်လုံးများမှာ မနေနိုင်ဘဲ ပြူးကျယ်နေ၏။
"ဒီနေ့ရဲ့ကောင်စုတ်လေးတွေက ပြဿနာရှာတဲ့နေရာမှာ တယ်တော်ပါ့လား! ဒီကောင်က သူ့ကိုယ်သူတောင် အနာဂတ်ရဲ့ ကောင်းကင်ဧကရာဇ်လို့ခေါ်ရဲတယ်ပေါ့လေ! သူတို့ကိုယ်သူတို့ အံ့ဩဖို့ကောင်းတယ်ထင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သေချာသိကြတာပဲ။"
"ဒီခေတ်ရဲ့လက်ရှိကောင်းကင်ဧကရာဇ်က ဟောက်ထျန်းဆိုတဲ့ အမှိုက်ကောင်ဖြစ်ရမယ်။ တစ်ဖက်လူက သူရဲ့သေမျိုးရန်သူဖြစ်လောက်တယ်။ ကံမကောင်းလို့ နဂါးဇာမဏီအခက်အခဲမတိုင်ခင်ကဖြစ်ခဲ့တာတွေပဲ မှတ်မိပြီး နောက်ပိုင်းတွေကို နားမလည်ဘူး။ မဟုတ်ရင် ငါဒီကောင့်ရဲ့ ပုံစံအစစ်ကို ထုတ်ဖော်နိုင်နေလောက်ပြီ။"
"ဒါပေမယ့်၊ တစ်ဖက်လူက ကောင်းကင်ဧကရာဇ်ရာထူးကို တပ်မက်ရဲမှတော့ သူကသာမန်လူမဟုတ်လောက်ဘူး။"
"ဆရာနဲ့ငါက နှစ်ယောက်လုံးပြန်လည်ဝင်စားသူတွေဖြစ်ပြီးတော့ ငါတို့အရင်ဘဝရဲ့ ကမ္ဘာဖျက်စွမ်းအားတွေလည်းမရှိကြတော့ဘူး။ ဒါကြောင့် တစ်ဖက်လူနဲ့ရင်ဆိုင်ရာမှာ ဂရုစိုက်သင့်တယ်။"
သူ၏ယခင်ဘဝမှတ်ဉာဏ်များ နိုးထလာပြီးနောက်တွင် ယွင်လီကော၏စရိုက်မှာ ပို၍ ရင့်ကျက်လာကာ သတိရှိလာ၏။
လူတစ်ယောက်၏ ကျင့်ကြံဆင့် မည်မျှမြင့်နေပါစေ အသုံးမဝင်သည်အား သိသည်ပင်။ အဆုံးသတ်မတိုင်ခင် မည်သူကမှ သတိလက်လွတ်ဖြစ်နေ၍မရချေ။ မဟုတ်ပါက လူတစ်ယောက်၏ကျင့်ကြံဆင့်မှာ ဘယ်လောက်စွမ်းအားကြီးကြီး အခြားလူများအတွက် ခြေနင်းကျောက်တုံးများသာ ဖြစ်သွားပေလိမ့်မည်။
များများစားစားတွေးမနေတော့ဘဲ ယွင်လီကောမှာ ထိုကိစ္စအား လုရှောင်ယန်ထံ ချက်ချင်းတင်ပြလိုက်သည်။
လုရှောင်ယန်မှာ ထိုသည်ကိုကြားပြီးနောက်တွင် နတ်ဘုရားဧကရာဇ်စကားဝိုင်းအနောက်မှလူ၏ ပုံစံအမှန်အား ရှင်းမပြနိုင်ပါချေ။
"ဒီကိစ္စနောက်ကလူက တကယ်ကိုကျော်ကြားတဲ့လူထင်တယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ပုံစံကို မပြောနိုင်ဘူး။ တစ်ဖက်လူကလည်း ခွေးကောင်အိုကြီးတစ်ယောက်ဖြစ်ရမယ်။ သို့ပေမယ့် ပြောရရင် မင်း နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်လာပြီဆိုတော့ တစ်ခုခုကိုသတိရခဲ့လား?"
ယွင်လီကောမှာ လုရှောင်ယန်ရည်ညွှန်းသည်အား သိနေသည်ပင်။
၎င်းမှာ သူ၏ယခင်ဘဝပုံစံအမှန်ကလွဲ၍ အခြားမဟုတ်ပါချေ။ သူ၏ကျင့်ကြံဆင့်မှာ ဆက်လက်တိုးတက်နေပြီး ဆရာလည်း မှတ်ဉာဏ်များနိုးထလာဟန်ပေါ်သည်။
သူဟာ ချောင်းအတန်ငယ်ဟန့်ကာ သူ၏မျက်နှာက ပူနေပုံပေါ်၏။
"ဆရာ၊ အဲ့ဒါကကျွန်တော့ရဲ့ အတိတ်ဘဝဖြစ်သွားပြီ။ ပြီးတော့ ဒီဘဝမှာ ကျွန်တော်က ဆရာ့ရဲ့တပည့်ဖြစ်နေပြီပဲ။ ကျွန်တော်နဲ့ပက်သက်ပြီး တွက်ချက်စရာလိုနေသေးလို့လား?"
"မင်းရဲ့အရင်ဘဝတုန်းက ငါ့ကိုတိုက်ခိုက်ချိန်မှာ အကြမ်းဆုံးဖြစ်ခဲ့တာလေ။ ငါအမြဲတမ်းမှတ်မိတယ်။ မင်းရော ဘယ်လိုထင်လဲ? နတ်ဆိုးဘုရင်ရာဟူး!"
ယွင်လီကောမှာ အသက်ပြင်းပြင်းရှိုက်ကာ အလေးအနက်ပြောလိုက်၏။
"ကျွန်တော့ရဲ့ အရင်ဘဝမှာ ဖြစ်ခဲ့တာတွေကို မပြောင်းလဲနိုင်ဘူးလေ။ ကျွန်တော်တကယ်တမ်း ဆရာ့ကိုထိခိုက်စေခဲ့ပါတယ်။ ဆရာ ကျွန်တော့်ကိုဆူချင်ရင်လည်း အထွန့်မတက်ပါဘူး!"
သူ၏လေးနက်နေဟန်ကိုမြင်သော် လုရှောင်ယန်မှာ လက်ယမ်းပြလိုက်၏။
"ငါမင်းကိုနောက်နေတာပါ။ ငါသာမင်းကိုသတ်ချင်ရင် မင်းသေတာကြာနေပြီ။ မင်းက ဘယ်လိုလုပ်ဒီမှာ ရပ်နေနိုင်ဦးမှာလဲ?"
ယွင်လီကောမှာ သူ၏နဖူးထက်မှ ချွေးအေးများကိုသုတ်လိုက်သည်။
"ဆရာ၊ ဒီလိုထပ်မနောက်ပါနဲ့တော့။ ဒါက လူတွေကို သေအောင် ကြောက်စေတယ်။ ကျွန်တော်က နတ်ဆိုးဘုရင်ရာဟူးမဟုတ်တော့ပါဘူး။ ကျွန်တော်က အခု ဆရာ့တပည့်ဖြစ်နေပြီလေ။ ကျွန်တော်က အမတအဆင့်ကိုတောင် မရောက်နိုင်သေးတဲ့ အမှိုက်လေးပါပဲ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီလေ၊ ဝူရှားနဲ့ တခြားလူတွေကို ဧကရာဇ်တစ်ရာအစီအရင်မှာ ပါဖို့ ခေါ်လိုက်တော့။ ဒါက မင်းဆရာ ဇာတ်လိုက်အတွက် တောက်ပရမယ့်အချိန်ပဲ။ ငါသူတို့ကို စောင့်မနေစေချင်ဘူး!"
"ဟုတ်ကဲ့ပါ!"
ယွင်လီကောမှာ နှုတ်ခမ်းထောင့်အားသပ်လိုက်လျက် မျက်လုံးထဲတွင် လောဘကြောင့် အစိမ်းရောင်တောက်နေတော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၈။ အပိုင်း ၄၁၄ နတ်ဘုရားဧကရာဇ်ဆရာကြီးများ စုဝေးခြင်း
...
နောက်ကျနေပြီဖြစ်သော ညချမ်းဘက်တွင် ကြယ်တာရာများက ကြယ်စင်အစုအဝေးအားထွန်းညှိလျက် ကောင်းကင်ထက်၌ တလက်လက်တောက်ပနေသော ကြယ်တာရာကွန်ရက်ကြီးပေါ်လာစေသည်မှာ တစ်လောကလုံးအား လွှမ်းမိုးလုနီးနီးပါပင်။
ကြယ်တာရာစုံညီနေသောကောင်းကင်အောက်တွင် ဖူတုမှာ လေထုအလယ်၌ ရပ်လျက် ကြေးညိုရောင် သံလိုက်အိမ်မြောင်အားကိုင်ဆောင်လို့ထားလေသည်။
သူဟာအမတစွမ်းအားကိုဖြည့်တင်း၍ ဂါထာအားရေရွတ်နေချိန်တွင် ထိုကြေးညိုရောင်သံလိုက်အိမ်မြောင်မှာ ကောင်းကင်ယံထိတိုင် စိမ်းညို့သော အလင်းရောင်ကို တဖြည်းဖြည်းထုတ်လွှတ်လာ၏။
တစ်ခဏချင်းတွင် ကောင်းကင်တစ်ခုလုံးနှင့် ကြယ်စင်အစုအဝေးတစ်ခုလုံးမှာ မွှေနှောက်သွားသယောင်ပင်ထင်ရ၏။
ထိုအခိုက်၌ လောကစွမ်းအားမှာ အဘက်ဘက်သို့ စတင်ပျံ့နှံ့လာကာ တစ်စုံတရာကို ရှာဖွေနေလေသည်။
ဖူတု၏ဆရာတူညီမလေးမှာ မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလျက် လေးနက်ဟန်ပေါ်လာလေတော့သည်။
"ဆရာတူအစ်ကို၊ ဒီသံလိုက်အိမ်မြောင်က ကြယ်စင်အစုအဝေးရဲ့စွမ်းအားကို တကယ်ကြီးမွှေနှောက်နိုင်တယ်ပေါ့လေ! တကယ်ကြီးလား...?"
ဖူတုမှာ ပြုံးလျက်ပြောလိုက်သည်။
"အမှန်ပဲ။ ဒါက ငါ့ကိုဆရာပေးထားတဲ့ နောက်ထပ် အမတအဆောင်လက်နက်ပဲ။ ဒါက လူတစ်ယောက်ယောက် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုရှာဖို့ ကြယ်စင်အစုအဝေးစွမ်းအားကို စုစည်းပေးနိုင်တယ်!"
"ဒီလောကမှာသာ ရှာနေတဲ့လူရှိလို့ကတော့ ငါ့လက်ကပြေးလွတ်ဖို့ကို မေ့ထားလို့ရတယ်!
အသက်ရှူကြိမ်ဆယ်ကြိမ်! လုရှောင်ယန်ရဲ့ တည်နေရာကိုရှာဖို့ ငါ့အတွက် အသက်ဆယ်ရှိုက်စာလောက်ပဲလိုတယ်!"
"အဲ့ဒီအချိန်ဆိုရင် သူ့အတွက် မြှုပ်စရာနေရာမရှိဘဲတောင် သေရလိမ့်မယ်။"
ဖူတု၏ဆရာတူညီမလေးမှာ မနာလိုသော အရိပ်အယောင်များထွက်ပေါ်နေ၏။ သူမဟာ ထို အမတအဆောင်လက်နက် သံလိုက်အိမ်မြှောင်အတွက် မနာလိုနေခြင်းပင်။
သူမလည်း အမတအဆောင်လက်နက်တစ်ခုလောက်ရနိုင်မလားဟု တွေးကြည့်မိသည်။
ပြောရလျှင် ၎င်းမှာ အမတအဆောင်လက်နက်ဖြစ်၏။ အမတများသာ ပိုင်ဆိုင်နိုင်သည်။
သူမ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းသော လေးစားသမှုနှင့် မနာလိုဝန်တိုမှုတို့က စီးဆင်းနေတော့သည်။
သို့သော် အသက်ရှူကြိမ်ဆယ်ကြိမ်ကြာပြီးနောက်တွင် လေထုထဲ၌ မည်သို့သော လှုပ်ရှားမှုမှ ရှိမလာပါချေ။ ထိုသံလိုက်အိမ်မြောင်မှလည်း လေထုအလယ်၌သာ တိတ်တဆိတ် တန့်နေ၏။
ဖူတု၏ဆရာတူညီမလေးမှာ မထိန်းနိုင်ဘဲ မျက်ခုံးပင့်မိသွားသည်။
"ဆရာတူအစ်ကို၊ ရှင့်ရဲ့ အမတအဆောင်လက်နက်က ချို့ယွင်းနေတာများလား?"
ဖူတုမှာ တခဏမျှတိတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး။ ဒီနတ်ဘုရားလောက,ကအရမ်းကြီးနေပြီး လူတွေအများကြီးရှိနေလို့ထင်တယ်။ ဒါကြောင့် ဒါက အမတအဆောင်လက်နက်ဆိုရင်တောင် လုရှောင်ယန်ကို ခဏလေးနဲ့ ရှာဖို့မဖြစ်နိုင်ဘူး။ ခဏလောက်ကြာရင်တော့ သူ့ကိုတွေ့မှာပါ။"
ငါးမိနစ်ကြာပြီးနောက်...
ဖူတု၏ဆရာတူညီမလေးမှာ ဆက်ပြောလိုက်၏။
"ဆရာတူအစ်ကို ဒီအမတအဆောင်လက်နက်က မချို့ယွင်းနေဘူးဆိုတာ သေချာလို့လား?"
"ဟမ်း... မဟုတ်ပါဘူး။ ပြောရရင်၊ ဒါက ဆရာငါတို့ကိုပေးထားတာလေ။"
"ဒါဆို... နည်းနည်းလောက်ထပ်စောင့်ရအောင်။"
နောက်ထပ် ငါးမိနစ်ကြာပြီးနောက်...
"ဆရာတူအစ်ကို၊ ဒီအမတအဆောင်လက်နက်က မချို့ယွင်းနေဘူးဆိုတာ သေချာလို့လား?"
"မ...မဟုတ်ပါဘူး။ ဆရာက ဘယ်လိုလူမို့လို့လဲ? သူ့ရဲ့ သံလိုက်အိမ်မြောင်သာ အလုပ်မလုပ်ရင် ဒီလောက,ကဘယ်သူကများ ယုံချင်စရာကောင်းတော့မှာလဲ?"
"အမှန်ပဲ။"
...
တောင်ကြားတွင် လုရှောင်ယန်နှင့် အခြားလူများမှာ အတော်ကြာကြာစောင့်မျှော်နေပြီးနောက် တစ်ဖက်လူမှာ သူတို့အား လာမတွေ့သလို ယွင်လီကောနှင့် အခြားလူများကိုလည်း မဆင့်ခေါ်ပါချေ။
ထိုသည်က လုရှောင်ယန်ကို မျက်မှောင်ကျုံ့မိစေသည်။
"ထူးဆန်းတယ်၊ ဒါက ဖူတုပြောတဲ့ ငါ့ကိုအမဲလိုက်တော့မယ်ဆိုတာလား? သူကဘာလို့ ငါ့ကိုလာတောင်မရှာသေးတာလဲ?"
"ကျွန်တော်မသိဘူး၊ အဖွဲ့ထဲမှာ မေးလိုက်မယ်။"
ယွင်လီကော မေးလုဆဲဆဲတွင် လုရှောင်ယန်ကပြောလိုက်၏။
"မဟုတ်သေးဘူး၊ မင်းသူ့ကို သီးသန့်မေးရင်ပိုကောင်းမယ်။"
"ဟုတ်ပြီ"
ယွင်လီကောသဘောတူကာ ချက်ချင်းပင် ဖူတုအား ဆက်သွယ်လိုက်၏။
"အဖွဲ့ခေါင်းဆောင်ဖူတု တာဝန်ကစပြီလို့ ပြောခဲ့တယ်မဟုတ်လား? ဘာလို့ ဘာသတင်းမှမတက်သေးရတာလဲဗျ? ကျွန်တော် လုရှောင်ယန်ကို အမဲလိုက်ဖို့မစောင့်နိုင်တော့ဘူး။"
မကြာမီတွင် ဖူတုမှာ ပြန်ဖြေလိုက်၏။
"ငါအခု လုရှောင်ယန်ကိုရှာနေတာ၊ ရှာမတွေ့သေးလို့ပါ။ သူ ပုန်းနေတာဖြစ်ရမယ်။ ဒီကောင်က တကယ်ပုန်းတဲ့နေရာမှာတော်တာပဲ။ ပုံမှန်အခြေအနေမှာတောင် သူ့ကိုဖမ်းဖို့က အရမ်းခက်နေတာ!"
"ကျွန်တော်သိပြီ။ ဒါဆို ကျွန်တော်နည်းနည်းထပ်စောင့်လိုက်ပါမယ်။ အဖွဲ့ခေါင်းဆောင်ရဲ့ အစွမ်းနဲ့ဆိုရင် လုရှောင်ယန်ကိုရှာဖို့ကလွယ်ပါတယ်။"
ထိုသို့ပြောကာ ယွင်လီကောမှာ သီးသန့်စကားဝိုင်းမှထွက်လာလိုက်သည်။
ဖူတုမှာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ဆရာတူညီမလေးထံ ပြုံးပြလိုက်သည်။
"ယွင်လီကောရဲ့ပါရမီက အရမ်းစွမ်းအားကြီးရုံတောင်မကဘူး သူ့ရဲ့စကားလုံးတွေကပါ စိတ်ကျေနပ်စေတယ်။ သူကတကယ်ကို ပါရမီရှင်တစ်ယောက်ပဲ။"
"သူက ဖားယားဖို့အတွက် ပါရမီပါလာတယ်လို့ထင်တာပဲ။"
"ဖားယားတာက ဘာမှားနေလို့လဲ? သူတို့ဖားတာက ငါတို့ဖြစ်နေရင်ရပြီပေါ့။"
"ရှင်ပြောတာမှန်ပါတယ်။"
ယွင်လီကော၏ဘက်တွင် သူဟာစကားဝိုင်းမှထွက်ထွက်ချင်း မနေနိုင်ဘဲ နှာချေမိလိုက်သည်။
"အားချူးးး!"
သူဟာနှာခေါင်းအားဖိပွတ်လိုက်ကာ မထိန်းနိုင်ဘဲ ဆဲရေးလိုက်၏။
"ငလူး၊ ဘယ်သူကများငါ့ကို မကောင်းပြောနေရတာလဲ။ သေစမ်း!"
လုရှောင်ယန်မှာ သူ၏တင်ပါးအား ဆောင့်ကန်လိုက်၏။
"ငါ့ကိုလာပြီး ပေါက်ကရပြောမနေတဲ့။ သူတို့ဘာပြောလဲ?"
"သူတို့က ဆရာ့ကိုရှာမတွေ့နိုင်ဘူးလို့ပြောပါတယ်။"
လုရှောင်ယန်မှာ သူ၏ခေါင်းအား ဖြတ်ရိုက်လိုက်၏။
တစ်ဖက်က သူ့အား အဘယ့်ကြောင့်လာမရှာသည်ကို တစ်လျှောက်လုံး စဉ်းစားနေခဲ့မိသည်။ ထိုသည်က ပြဿနာပင်!
သူ့အား ကာကွယ်မည့် ဝမ်ခိုက်ရှိနေခြင်းကြောင့် ထိုဖူတုလေးသာမဆိုနှင့် ကောင်းကင်တာအိုကပင် သူ့အား အာရုံခံနိုင်ခြင်းမရှိပါချေ။
ထို့အပြင် တောင်ကြား၌ အစီအရင်များစွာ ခင်းကျင်းထားသေးသည်၊ ထို့ကြောင့်ပင် တစ်ဖက်လူမှာ သူ့အားပို၍ပင် အာရုံခံ၍ မရနိုင်ခြင်းဖြစ်၏။
"ငါထွက်သွားပြီး သူ့ကို မြှားခေါ်မှရတော့မယ်ထင်တယ်။ မင်းတို့အရင်ဆုံး နောက်ဆုတ်ပြီး သူ့ဆီမှာ ရှာမတွေ့ခံရဖို့အတွက် ငါနဲ့ ဝေးဝေးမှာနေရမယ်။"
"သိပါပြီ!"
အားလုံးမှာချက်ချင်းပင် တောင်ကြားမှထွက်ခွာလာကာ လုရှောင်ယန်မှာ ကောင်းကင်ယံသို့ ခပ်ဖြေးဖြေးပျံတက်လျက် သူ၏ အရှိန်အဝါတစ်ချို့ကို ထုတ်ဖော်လိုက်၏။
"ဝမ်ခိုက်၊ ကောင်းကင်တာအိုက ငါ့ကိုတကယ်မရှာတွေ့နိုင်ဘူး မဟုတ်လား? လက်တွေ့ကျကျပြောရရင်တော့ အနိမ့်ပိုင်းလောကနဲ့ နတ်ဘုရားလောကကြားက အကာအရံကိုလည်း ကောင်းကင်တာအိုကပဲ ဖန်တီးထားတာဖြစ်နိုင်တယ်လေ!"
"မဟုတ်ဘူး၊ အနိမ့်ပိုင်းလောကနဲ့ နတ်ဘုရားလောကကြားကအကာအရံကို ကောင်းကင်တာအိုက ဖန်တီးထားတာမဟုတ်ဘူး၊ ဒါပေမယ့် ပန်ဂုရဲ့ချီလမ်းကြောင်းနဲ့ အရေပြားတွေနဲ့ ဖန်တီးထားတာလေ။ ကောင်းကင်တာအိုက ဝင်လာနိုင်ပေမယ့် ဒီနေရာမှာ လွယ်လွယ်လေး စောင့်ကြည့်နေလို့မရဘူး။"
"မဟုတ်ရင် ကောင်းကင်တာအိုက ခင်ဗျားကို အတော်ကြာတည်းက လာရှာပြီးနေပြီ။"
"ငါသိပြီ"
လုရှောင်ယန်မှာ ခပ်ရေးရေး နားလည်သွား၏။ ပန်ဂုမှာ သူ့ကိုယ်သူရှင်သန်စေဖို့ရာထောင်ချောက်တစ်ခုအား တိတ်တဆိတ်ပြင်ဆင်ထားရန်လောက်အထိ ဉာဏ်ကောင်းခဲ့ပုံပါပင်။
ကျဲကျောင်းတော်၏ကျောင်းအုပ်ကြီး ထုံးထျန်းမှာမူ ပန်ဂုမှ ထိုသို့သော နောက်ခံအစီအစဉ်ရှိကြောင်း သိထားခဲ့ခြင်းကြောင့်သာ လုရှောင်ယန်ကို ဖန်တီးခဲ့ခြင်းပင်။
လူတိုင်းမှာ ထိုအခြေအနေအား အခွင့်ကောင်းယူနိုင်မည့် အချိန်ကောင်းကိုသာ စောင့်မျှော်နေကြပုံပင်။
ကံမကောင်းစွာဖြင့် သူဟာပန်ဂုမဟုတ်ပါချေ။
တစ်ချိန်တည်းတွင်ပင် ဖူတုမှာ တစ်စုံတရာအား အာရုံခံမိဟန်ဖြင့် ချက်ချင်းပြောလိုက်သည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ! ဆရာတူညီမလေး၊အမတအဆောင်လက်နက် သံလိုက်အိမ်မြောင်ကို ကြည့်လိုက်ပါဦး။"
ဖူတု၏ဆရာတူညီမလေးမှာ ကြည့်လိုက်ရာ ထိုသံလိုက်အိမ်မြောင်ထက်၌ အလင်းရောင်ခပ်မှိန်မှိန်တစ်ခုပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ အင်မတန်အားနည်းလှကာ ပျောက်ကွယ်သွားသော်လည်း တစ်ဖက်လူ၏ တည်နေရာအား သေချာဆုံးဖြတ်လိုက်နိုင်၏။
"ဒီလုရှောင်ယန်က တကယ်ကို စွမ်းအားကြီးပုံပဲ။ ဆရာပေးထားတဲ့ အမတအဆောင်လက်နက် သံလိုက်အိမ်မြောင်တောင်မှ သူ့ကိုရှာဖို့ တော်တော်အချိန်ယူလိုက်ရတယ်။"
ဖူတုမှာ ထူးမခြားနားပြုံးလိုက်၏။
"ဒါပေါ့။ လုရှောင်ယန်သာ စွမ်းအားမကြီးနေရင် ဆရာကသူ့ကို အရမ်းကြောက်နေစရာမလိုဘူးလေ!"
"ဒါပေမယ့် ဖြောင့်မတ်မှုက အမြဲခြေတစ်လှမ်းသာပါတယ်။ သူက အခုဆို ငါတို့ဆီမှာ အဖမ်းခံရတုန်းပဲလေ။"
"ငါချက်ချင်းပဲ နတ်ဘုရားဧကရာဇ်ဆရာကြီးတွေကို ဆင့်ခေါ်လိုက်တော့မယ်"
မကြာမီတွင် ရွှေရောင်အလင်းတစ်ပြမှာ ကောင်းကင်မှ ချက်ချင်းတိုးထွက်လာသည်။ ထိုအလင်းအား အာရုံခံမိပြီးနောင်တွင် နတ်ဘုရားလောကရှိ မရေတွက်နိုင်သော ရောင်ဝါများမှာ အလျင်အမြန်ပင် ၎င်းတို့၏ ရောင်ဝါများအဖြင့် ဖြန့်ကျက်သွား၏။
ထိုအခိုက်တွင် နတ်ဘုရားလောကတစ်ခုလုံးရှိ လူများစွာမှာ တုန်ရီလာကြတော့သည်။
"အားကောင်းလိုက်တဲ့ အရှိန်အဝါ။ ငါတို့ရဲ့စစ်နတ်ဘုရားဂိုဏ်းဘိုးဘေးများ သီးသန့်ကျင့်ကြံရာကနေ ထွက်လာတာလား?"
...
"ဒီအရှိန်အဝါက၊ ဒါက နတ်ဘုရားဧကရာဇ်အဆင့်ပဲ! အဲ့ဒီပုဂ္ဂိုလ်ကြီးများလား?"
…
"စွမ်းအားကြီးလိုက်တာ။ ဒီအရှိန်အဝါက ထူးခြားတယ်။ ဒါက နတ်ဘုရားဧကရာဇ်အဆင့်များလား? ကျုပ်တို့ မဟာတိမ်တိုက်တောင်တန်းအနီးအနားမှာ နတ်ဘုရားဧကရာဇ်တစ်ယောက်ပေါ်ထွက်လာမယ်လို့ ထင်မထားခဲ့ဘူး!"
...
"အတော်လေးကြောက်စရာပဲ။ အရှိန်အဝါတွေအများကြီး တိုးထွက်လာတယ်။ ဒီနေ့နတ်ဘုရားလောကမှာ ဘာများဖြစ်ဦးမှာပါလိမ့်?"
...
"ကြယ်တွေရွေ့လျားနေပြီး တောင်တန်းနဲ့ မြစ်ချောင်းတွေလည်း တုန်လှုပ်နေတယ်။ နတ်ဘုရားလောကမှာ ကြီးကြီးမားမားတစ်ခုခုတော့ ဖြစ်တော့မယ့်ပုံပဲ။"
…
သိုသိုသိပ်သိပ်နေခဲ့ကြသော ကျင့်ကြံသူများမှာ ယခုတွင် ၎င်းတို့၏ အသန်မာဆုံးအခြေအနေအား တစ်ပြိုင်တည်းထုတ်ပြလိုက်ကြကာ နတ်ဘုရားလောကတစ်ခုလုံး၌ အရှုပ်အထွေးများဖြစ်လာစေ၏!
...
အမတလောက၏ ထောင့်တစ်နေရာ၊ တူညီသောမျှော်စင်အောက်တွင် လူနှစ်ယောက်မှာ ထူးမခြားနားစွာ ပြုံးနေကြသည်။
"ကြည့်ရတာအစီစဉ်စနေပြီထင်တယ်။"
"အောင်မြင်မှုနဲ့ ကျရှုံးမှုက ဒီအပေါ်မှာမူတည်နေတယ်။ မင်းသာနိုင်မယ်ဆိုရင် အခုကစပြီး ကောင်းကင်ဘုံခုံရုံးက မင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲ။"
"မင်းက သူတော်စင်တစ်ပါးဖြစ်ဖို့ အရည်အချင်းမီသွားလိမ့်မယ်။"
၎င်းတို့နှစ်ဦးမှာ အချင်းချင်းကြည့်လျက် သိနားလည်စွာ ပြုံးလိုက်သည်။
...
တစ်ချိန်တည်းတွင် နတ်ဘုရားလောက၏ ကြယ်တာရာစုံလင်သော ကောင်းကင်အောက်တွင် မရေတွက်နိုင်သော အလင်းတန်းများမှာ လုရှောင်ယန်၏ တောင်ကြားအထက်၌ ဥက္ကာပျံများကဲ့သို့ စုဝေးနေကြတော့သည်။
ခွပ်! ခွပ်!
ပေါက်ကွဲသံနှင့် အတူ၊ ဟင်းလင်းပြင်အကာအရံမှာ ချက်ချင်းအက်ကွဲသွား၏။
ခပ်ထွားထွားပုံရိပ်တစ်ခုမှာ စတင်လှမ်းထွက်လာ၏။ သူဟာ ရှစ်ပေမြင့်ကာ ကြေးညိုရောင် သရဖူကို ဆောင်းထား၏။ သူ၏လည်ပင်းတွင် အရိုးပုတီးလည်ဆွဲအ ဆွဲထားသည်။
"ဟားဟားဟားဟား... ငါ ပထမဆုံးရောက်မယ်လို့တောင် မထင်ထားဘူး။ လုရှောင်ယန်ကို ဖမ်းရမယ့် တာဝန်က ငါ့အပိုင်ဖြစ်သွားပုံပဲ။"
နောက်ထပ်အသံတစ်ခုက သူ၏နားတွင် ထွက်ပေါ်လာ၏။
"ဒါကတော့ လုံးဝကိုမှန်မနေဘူးနော်။ ညီနောင်အရိုးရာ နောက်မှလာတာက ပိုကောင်းပါတယ်။ ဒီတာဝန်က အရင်ဆုံးရောက်လာမယ့်လူမပိုင်ဘဲ အချိန်ကောင်းမှာ ရောက်တဲ့လူနဲ့ဆိုင်တာဗျ။"
ထိုအရိုးနတ်ဘုရားဧကရာဇ်မှာ နှာခေါင်းရှုံ့လိုက်၏။ သူဟာစကားမပြောနိုင်ခင်တွင် နောက်ထပ်အသံတစ်ခုထွက်ပေါ်လာပြန်၏။
"အမှန်ပဲ။ အဓိကတာဝန်က ပိုသန်မာပြီး လုရှောင်ယန်ကို အပြင်းဆုံးတိုက်ခိုက်နိုင်တဲ့လူအပေါ်မှာ မူတည်နေတာ။ တခြားလူတွေအတွက်ကတော့ အဓိပ္ပာယ်ကိုရှိမနေပါဘူး။"
မျက်တောင်တစ်ခတ်စာအတွင်းတွင် အာကာပြင်မှာ နတ်ဘုရားဧကရာဇ်များ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာခြင်းကြောင့် အက်ကွဲလာတော့သည်။
လူတိုင်း၏ ကြီးမားသောအရှိန်အဝါမှာ တစ်လောကလုံးအား တုန်လှုပ်သွားစေသည်။
ကျိုးထျန်းဟယ်မှာ ထိုခွန်အားကြောင့် ထိတ်လန့်သွားဟန်ပေါ်၏။
နတ်ဘုရားလောကတစ်ခုလုံး၏ ထိပ်ဆုံးအဆင့်ဖြစ်သည့် နတ်ဘုရားဧကရာဇ်တစ်ရာကျော်က ဤနေဂာတွင် စုစည်းနေကြသည်။
နတ်ဘုရားဧကရာဇ်များစုစည်းနေချိန်တွင် ရွှေရောင်အလင်းတစ်ပြက တိုက်ခိုက်လိုက်၏။ အားလုံး၏အမူအရာမှာ ကူကယ်ရာမဲ့ကာ တုန်ရီသွားကြတော့သည်။
"ဒီ... ဒီအရှိန်အဝါက၊ ဗုဒ္ဓဂိုဏ်းကပညာရှင်တစ်ယောက်ပဲ!"
"အဖွဲ့ခေါင်းဆောင်က တကယ်ကို တော်တာပဲ။ သူက ဗုဒ္ဓဂိုဏ်းက တစ်ယောက်ကိုတောင် စုဆောင်းခဲ့တယ်ပေါ့။ သူကတကယ်ကို စွမ်းအားကြီးတာပဲ!"
"အမြန်နှုန်းမြင့်မြင့်နဲ့ပျံလာတဲ့ နတ်ဘုရားဧကရာဇ်တစ်ယောက်က ဟင်းလင်းပြင်အကာအရံကိုတောင် ပျက်စီးစေလိမ့်မယ်။ ဒါပေမယ့် ဗုဒ္ဓဂိုဏ်းကလူတွေက ဟင်းလင်းပြင်အကာအရံကို လုံးဝမထိခိုက်စေခဲ့ဘူး။ သူတို့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတာ စိတ်ကူးကြည့်လို့တောင်ရတယ်!"
ထိုအရိုးနတ်ဘုရားဧကရာဇ်နှင့် အခြား နတ်ဆိုးနတ်ဘုရားဧကရာဇ်များမှာ မနေနိုင်ဘဲ နှာချေလိုက်ကြသည်။
"ဒီလိုပြောစရာလိုလို့လား? ဗုဒ္ဓဂိုဏ်းက အမြဲတမ်း ဖြောင့်မတ်တဲ့လမ်းကြောင်းမှာပဲရှိနေခဲ့တာလေ။ ဒီလိုတစ်နေ့မှာ သူတို့လည်း ငါတို့နဲ့ ပူးပေါင်းရမယ်လို့ ဘယ်ထင်မလဲ။ ရယ်စရာပဲ။"
"ဟီးဟီး၊ ငါပြောခဲ့သားပဲ ဗုဒ္ဓဂိုဏ်းက ကြောင်သူတော်တွေချည်းပဲလို့။"
"တကယ်ကိုပဲ လောကမှာရှိတဲ့ လူတိုင်း ကိုယ်ပိုင်ရရှိမှုကိုပဲ ဦးစားပေးကြတယ်။"
"ဗုဒ္ဓဂိုဏ်းကတောင်မှ ဒီလိုများပြားတဲ့ အခြေအနေတွေကို မြင်တော့ မနေနိုင်ဘူးပဲ။"
လူတိုင်းဆွေးနွေးနေစဉ်တွင် နောက်ထပ် ရွှေရောင်အလင်းတစ်ခုမှာ ကောင်းကင်မှ တဖြည်းဖြည်းဆင်းသက်လာတော့သည်။
ထိုရွှေရောင်အလင်းမှ ထုတ်လွှတ်လိုက်သော အရှိန်အဝါမှာ နတ်ဘုရားဧကရာဇ်များသည်ပင် ပြင်းထန်သောဖိအားကိုခံစားလိုက်ရကာ အလွယ်တကူအသက်ရှူဖို့ရန်ပင် ခက်ခဲသွားစေသည်။
ရွှေရောင်အလင်းဆင်းသက်လာချိန်၌ လူတိုင်း၏နှလုံးသားများမှာ ကူကယ်ရာမဲ့စွာ တုန်ရီသွားလျက် လေးနက်ဟန်ပင်ပေါ်လာကြသည်။
"အဖွဲ့ခေါင်းဆောင် ရောက်ပြီပဲ။ ထပြီး အဖွဲ့ခေါင်းဆောင်ကို ကြိုဆိုကြ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၈။ အပိုင်း၄၁၅ တိုက်ပွဲ
နတ်ဝိဉာဉ်အလင်းထဲမှ ဖူတုဟာ လှမ်းထွက်လာ၏။ သူ၏နောက်၌ အင်မတန်နက်နဲသောကျင့်ကြံဆင့်နှင့် ဖြစ်တည်မှု ခုနှစ်ဦးပါလာလေသည်။ ၎င်းတို့ တစ်ဦးချင်းစီမှာ နတ်ဘုရားဧကရာဇ်အထွဋ်အထိပ်အဆင့်ထက် နိမ့်ကျမနေပါချေ။
ထိုနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ ၎င်းတို့အကြားတွင် အသန်မာဆုံးဖြစ်၏!
လူတိုင်းမှာ ရိုသေကာ ထိတ်လန့်နေကြသည်။
အဖွဲ့ခေါင်းဆောင်မှာ မျှော်လင့်ထားသလိုပါပင် သူ၏နံဘေးမှာ ငယ်သားများအားလုံးမှာ ထူးကဲကြသည်။ ၎င်းတို့တစ်ဦးစီ၏ကျင့်ကြံဆင့်မှာ ထူးကဲသည့်အဆင့်၌ရှိကြ၏။ သူဟာ အင်မတန်များပြားလှသာ စွမ်းအားကြီးရင်းမြစ်များအားထောက်ပံ့နိုင်သည်မှာ အံ့ဩစရာမရှိပါချေ။
အဖွဲ့ခေါင်းဆောင်ဖူတုမှာပြုံးလျက် လက်ယမ်းပြလိုက်၏။ ပညာရှင်များစွာကိုမြင်ရသည်က သူ၏မျက်လုံးများအား မထိန်းနိုင်ဘဲ စိတ်သက်သာသွားသည့် အရိပ်ယောင်ကို ထုတ်ပြနေ၏။
ရိုးရိုးသားသားဆိုရလျှင် သူ၏ ရှစ်ဘဝလုံးတွင် ထိုမျှထိ ခမ်းနားလှသော တိုက်ပွဲကို မတိုက်ခိုက်ခဲ့ဖူးပါချေ။ ယခုတွင်မူ သူ၏အမိန့်အောက်၌ နတ်ဘုရားဧကရာဇ်အယောက်တစ်ရာနီးပါးပင်ရှိနေချေလေပြီ။
၎င်းတို့မှာ သာမန်လူများမဟုတ်ပါချေ။ နတ်ဘုရားဧကရာဇ်အဆင့်ဆရာကြီးများဖြစ်ကြ၏!
နတ်ဘုရားလောကတစ်ခုလုံးတွင် နတ်ဘုရားဧကရာဇ်များမှာ အသန်မာဆုံးဖြစ်တည်မှုများပင်ဖြစ်ကြ၏!
နတ်ဘုရားဧကရာဇ်တစ်ယောက်ကတင် အင်မတန် အထင်ကြီးဖွယ်ဖြစ်သည်။ နတ်ဘုရားဧကရာဇ်အဆင့်တစ်ယောက်၏ ပြောရေးဆိုခွင့်ရှိသူမှာ ပိုလို့ပင် အထင်ကြီးစရာပင်။
သို့ရာ၌ ထိုအဖွဲ့ခေါင်းဆောင်မှာ တစ်ခါတည်းနှင့် နတ်ဘုရားဧကရာဇ် အယောက်တစ်ရာကျော်အား အမိန့်ပေးနိုင်သည်။ ထိုသည်က မည်မျှပင် ဂုဏ်သရေရှိလှပါသနည်း?
၎င်းမှာ သူ့အား နှစ်တစ်သောင်းလောက်ဝင့်ကြွားနေစေဖို့ပင် လုံလောက်နေချေပြီ!
ယနေ့တွင် သူဟာလုရှောင်ယန်အား အသေအချာနာကျင်ခံစားရစေကာ သူ့ဆရာ၏ အာဟာရဖြစ်လာစေပေမည်။
ထိုသို့ဆိုလျှင် သူဟာ အဆုံးမဲ့အကူအညီဖြစ်စေလိမ့်မည်။ သူ၏ဆရာမှာလည်း သူ့အား အဆမတန် ဆုချမှာ သေချာ၏။
အသက်ပြင်းစွာရှူပြီးနောက် သူဟာပထမဦးစွာ မြင့်မြတ်သော ဗုဒ္ဓထံ လက်ကိုဆုပ်လျက် ပြောလိုက်၏။
"ကျုပ်ကို ကူညီခဲ့တဲ့အတွက်ကျေးဇူးပါ၊ တာအိုရောင်းရင်းရှင်းယွင်။ ဒီနေ့ပြီးရင် ခင်ဗျားကို နှိမ့်ချပြီးဆက်ဆံမှာ မဟုတ်ပါဘူး။"
ထိုမြင့်မြတ်သောဗုဒ္ဓမှာ ဖျော့တော့စွာပြုံးလိုက်၏။
"ကျေးဇူးပါ၊ တာအိုရောင်းရင်းကျန်း။ ဒါပေမယ့် တာအိုရောင်းရင်းကျန်းကို... အရင်တိုင်းပဲကျန်းလီလို့ခေါ်ရမလား?"
ထိုစကားလုံးများမှာ အတန်ငယ်စွပ်စွဲနေပုံပေါက်၏။ ပြောရလျှင် ယခင်က ကျန်းလီမှာ သူ၏နာမည်အား ယခင်က ကျန်းလီဟု ဆိုခဲ့ပေသည်။ ယခုတွင် သူ၏အမည်အားကျန်းဖူတုဟုဆိုကာ သူ့ထံမှ တစ်စုံတခုအား ကွယ်ဝှက်နေသလိုပါပင်။
ကျန်းလီမှာပြုံးလိုက်၏။
"တာအိုရောင်းရင်းရှင်းယွင်၊ ဒေါသမဖြစ်ပါနဲ့။ ကျုပ် အမည်ရင်းက တကယ်ကို ကျန်းလီပါပဲ။ ဒါပေမယ့် ကျုပ်ရဲ့ လောကသိနာမည်က ဖူတုပါ!"
မြင့်မြတ်သောဗုဒ္ဓမှာ နှာခေါင်းရှုံ့လိုက်သည်။
"ရပါတယ်။ တာအိုရောင်းရင်းကျန်း၊ ခင်ဗျားကိုယ်ခင်ဗျား ခေါ်ချင်သလိုခေါ်နိုင်ပါတယ်။ အဆုံးမှာတော့ ကိုယ့်စကားကို မရုတ်သိမ်းပါနဲ့။"
"မပူပါနဲ့၊ တာအိုရောင်းရင်းရှင်းယွင်။ ကျုပ်နားလည်ပါတယ်။"
ထို့နောက်တွင် ကျန်းဖူတုမှာ သူ၏လက်အား တခြားလူများထံသို့ ဆုပ်ကာ အရိုသေပေးလိုက်သည်။
"ဒီနေ့ လုရှောင်ယန်ကို အတူတကွသတ်ဖို့ ခင်ဗျားတို့ရဲ့စိတ်ဝင်စားမှုနဲ့ တာဝန်ကိုလက်ခံပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။"
"ဒီနေ့ကစပြီး၊ ကျုပ်က ခင်ဗျားတို့ကို ဆုတွေ တော်တော်များများချီးမြှင့်တော့မှာပါ။ ပါဝင်သမျှလူတိုင်း ဒီနေ့ရဲ့ ခင်ဗျားတို့ ရွေးချယ်မှုကို နောင်တရမှာမဟုတ်ဘူး!"
"အဖွဲ့ခေါင်းဆောင်၊ ခင်ဗျားက ကြင်နာလွန်းနေပါပြီ။"
နတ်ဘုရားဧကရာဇ်ကုန်းချန်မှာ မနေနိုင်ဘဲပြောလိုက်၏။
"အဖွဲ့ခေါင်းဆောင်၊ ဒီနေရာ တကယ်ပဲ လုရှောင်ယန်ရှိတဲ့နေရာလား?"
ကျန်းဖူတုမှာ ခေါင်းငြိမ့်လိုက်သည်။
"ဒါပေါ့။ အားလုံးပဲ ကြည့်ကြပါဦး။ ဒီတောင်ကြားမှာ အစီအရင်ပေါင်း တစ်သောင်းထက်တောင်ပိုရှိနေတယ်။ ပြီးတော့ အစီအရင်တိုင်းက စွမ်းအားကြီးလွန်းလို့ လူတစ်ယောက်ရဲ့ နှလုံးကိုတောင် ပြုတ်လုမတတ်ဖြစ်သွားစေနိုင်တယ်။ ဒီနေရာမှာ ဘယ်သူကမှ ဒီလိုအစီအရင်ကို ခင်းကျင်းနိုင်မှာ မဟုတ်တာကို ကျုပ်ပြောရဲတယ်။ ကျုပ်ကိုယုံရဲ့လား?"
အားလုံးမှာ ထိုသည်ကိုကြားသော် မျက်လုံးများက မှောင်မိုက်သွား၏။ ကျန်းဖူတုပြောသည်မှာ မှန်ပေသည်။
ကျန်းဖူတုကြောင့်သာမဟုတ်ပါလျှင် ၎င်းတို့အနေနှင့် တောင်ကြားရှိမည်သည်ကိုမှ အာရုံပင်ခံနိုင်မည်မဟုတ်ပါချေ။
သို့သော်၊ ကျန်းဖူတုသတိပေးပြီးနောက်တွင် ၎င်းတို့မှာ အောက်ဘက်ရှိ ပုံရိပ်ယောင်အစီအရင်ခပ်ဖျော့ဖျော့အသွင်ကို ရှာတွေ့သွား၏!
၎င်းတို့လိုနတ်ဘုရားဧကရာဇ်များသည်ပင် ထိုပုံရိပ်ယောင်အစီအရင်အား အာရုံမခံနိုင်ပါချေ။ ၎င်းတို့မှာ ထိုသည်ကိုရှာတွေ့သဖြင့် ပျော်ရွှင်ရမလိုပင်။ တစ်ဖက်လူ၏ အစီအရင်စွမ်းအားမှာ မည်မျှ စွမ်းအားကြီးသည်ကို စိတ်ကူးပင်ကြည့်နိုင်၏!
ထိုလုရှောင်ယန်မှာ တကယ်ကိုထူးကဲလှပါပေသည်!
ထိုအခိုက်တွင် မြင့်မြတ်သောဗုဒ္ဓမှာ လုရှောင်ယန်အား ဂရုမစိုက်ပါချေ။ အခြားသူများက မြင်းနက်တစ်ယောက်၏ စွမ်းအားကို မမြင်ဖူးပါသော်လည်း သူကတော့ မတူပါချေ!
ထို့ကြောင့် သူဟာလုရှောင်ယန်မည်မျှ စွမ်းအားကြီးသည်ကို ကောင်းစွာသိကာ လုံးဝဂရုမစိုက်ပါချေ။
သို့သော် သူ့အား ထိုအခိုက်၌စိတ်ဝင်စားစေသည်မှာ လူအုပ်ထဲ၌ ရင်းနှီးမှုတချို့ကို ခံစားရလိုက်ခြင်းကြောင့်ပင်။
သို့သော် သူ့အား ထိုသို့ခံစားနေရစေသည့်အဓိကလူအား မညွှန်ပြနိုင်ဖြစ်နေ၏။
ယွင်လီကောမှာ တစ်ဖက်လူက လူအုပ်ထဲ၌ တစ်စုံတရာအား ရှာဖွေနေသည်ကိုအာရုံခံမိလေသည်။ သူဟာ ဆရာတူညီလေး၊ ညီမလေးများအား ဗုဒ္ဓဂိုဏ်းမှ ရှာမတွေ့သွားစေရန် ၎င်းတို့၏အရှိန်အဝါများအားထုတ်မဖော်ဖို့ရာ သတိပေးလိုက်သည်၊ ၎င်းက သူတို့၏အစီအစဉ်ကို ပျက်စီးသွားစေလိမ့်မည်။
၎င်းတို့မှာ မျက်နှာကာများနှင့် ပုဝါများအား ဝတ်ဆင်ထားကြချေသည်။ ထို့ကြောင့် ၎င်းတို့၏အရှိန်အဝါကိုထုတ်မပြခြင်းဖြင့် တစ်ဖက်လူမှ အချက်အလက်များအား အလွယ်တကူစစ်ဆေးရန်မှာ အင်မတန်ခက်ခဲစေသည်။
"ခေါင်းဆောင်ကျန်း၊ ကျုပ်တို့အခုဘာလုပ်သင့်လဲ?"
လူတိုင်း၏ အာရုံအားလွှဲရန် ယွင်လီကောမှာ ကျန်းဖူတုအားချက်ချင်း စကားဆိုလိုက်၏။
ကျန်းဖူတုမှာ ပြံးလျက် တည်ငြိမ်နေဟန်ဖြင့်ပြောလိုက်သည်။
"အားလုံးပဲ နောက်ဆုတ်နေကြပါ။ ကျုပ် အစီအရင်ချိုးဖြတ်မှာကို ကြည့်နေကြပါ!"
စကားဆုံးသည်နှင့် လေထုထဲတွင် လက်သင်္ကေတများဖော်လိုက်ရာ အင်မတန်ပြင်းထန်သော စွမ်းအားက သူ၏လက်တွင်း၌ ခပ်မြန်မြန်စုစည်းသွားတော့သည်။
ထိုစွမ်းအားမှာ အင်မတန်အားကောင်းလှကာ လက်ရှိ နတ်ဘုရားဧကရာဇ်များအား ခြိမ်းခြောက်လိုက်သလိုပင်ဖြစ်သွား၏!
အားလုံး၏အမူအရာမှာ ကူကယ်ရာမဲ့စွာဖြင့် ဆိုးဆိုးရွားရွားပြောင်းလဲသွားကြသည်။
လူတိုင်းမှာ နတ်ဘုရားဧကရာဇ်အဆင့်ဖြစ်သည်အား သိထားကြသည်!
တစ်ဖက်လူမှာ အားလုံးအား သာမန်တိုက်ကွက်လေးဖြင့် ခြိမ်းခြောက်ခံရသလို ခံစားစေမိပါလျှင် တစ်ဖက်လူ၏ ကျင့်ကြံဆင့်က မည်မျှ အားကောင်းလှချေသနည်း?
၎င်းမှာ အမတတစ်ယောက်ဟု မျှော်မှန်းထားသလိုပါပင်!
ထိုစွမ်းအားမှာ ၎င်းတို့၏နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေပြီဖြစ်၏!
အင်မတန်စွမ်းအားကြီးလှချေသည်!
တစ်ခဏအကြာတွင် ကျန်းဖူတုမှာ သူ၏လက်တွင်းမှ စွမ်းအားကိုပစ်လွှတ်လိုက်တော့၏။ တစ်ခဏအတွင်း၌ ထိုစွမ်းအားမှာ နတ်ဝိဉာဉ်အလင်းဖြစ်သွားကာ မြေပြင်နှင့် ရိုက်ခတ်သွားတော့၏။
ဘုန်း!
ပြင်းထန်သောပေါက်ကွဲမှုနှင့်အတူ တစ်လောကလုံးမှာ အလင်းလဲ့လဲ့များဖြင့်ပြည့်နှက်သွားလျက် ညအမှောင်တစ်ခုလုံးအား နေ့အချိန်ကဲ့သို့ လင်းထိန်သွားစေလေသည်။
တောင်ကြားတစ်ခုလုံးမှာ ထက်မြိသောဓားတစ်လက်ဖြင့် မွှေ့ယမ်းခံထားရသလိုပါပင်။ မရေတွက်နိုင်သော အစီအရင်များမှာ တမုဟုတ်ချင်းပြန့်ကျဲသွားကာ ပေါက်ကွဲသွားတော့၏။
ဘုန်း! ဘုန်း! ဘုန်း!
၎င်းမှာ မီးပန်းများလင်းထိန်နေသကဲ့သို့ပင် ပေါက်ကွဲမှုများက အဆုံးမရှိပါချေ။
ယွင်လီကောနှင့် အခြားလူများ၏မျက်လုံးတွင် အေးစက်စက်အလင်းတစ်ပြကပေါ်ထွက်နေ၏။ ထိုလူမှာ တတ်လည်း တတ်နိုင်ပါသည်။
ထိုသူမှာ သူ၏ဆရာမှတောင်ကြားထဲတွင် ခင်းကျင်းထားခဲ့သော အစီအရင်များအား တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်သည်။ သေချာစွာပင် ထိုသူမှာ သာမန်လူတစ်ယောက်မဟုတ်ပါချေ။
သို့သော် ၎င်းမှာ အရေးမကြီးပါချေ။ ၎င်းတို့သာ ဆရာ့အား ဆန့်ကျင်ပါလျှင် သေဖို့သာ ကံသတ်မှတ်ခံရပေတော့မည်။
ကျန်းဖူတုမှာ အောက်ဘက်အားညွှန်ပြလျက် လူတိုင်းထံပြုံးပြလိုက်သည်။
"အားလုံးပဲ၊ တစ်ချက်ကြည့်ပါဦး။ လုရှောင်ယန်ရဲ့ အစီအရင်တွေက အရမ်းကိုနက်ရှိုင်းတယ်။ သူက တိုက်ပွဲအတွင်းမှာ အစီအရင်မျိုးစုံခင်းကျင်းရတာကို ကြိုက်တယ်လေ။ ဒီအစီအရင်တွေနဲ့ဆိုရင် သူ့ထက်အဆင့်မြင့်တဲ့လူတွေကို အလွယ်လေးသတ်နိုင်တယ်။"
"ဒါပေမယ့် ကျုပ်အခုပဲ ဒီအစီအရင်တွေကို ဖျက်ဆီးလိုက်ပြီဆိုတော့ သူ့ရဲ့လက်သည်းတွေကို လှီးဖြတ်လိုက်သလိုပဲလေ။ သူကခြိမ်းခြောက်မှုတစ်ခုကို မဟုတ်တော့ဘူး။ အားလုံးပဲ ကျုပ်နောက်လိုက်ပြီး မြန်မြန်လေး ဧကရာဇ်တစ်ရာအစီအရင်ကို အသက်သွင်းရအောင်ပါ။ နတ်ဘုရားဧကရာဇ်တစ်ရာရဲ့ စွမ်းအားနဲ့ဆိုရင် သူ့ကိုအတူတူ ဖိနှိပ်နိုင်ပြီ!
"ဒီလိုနဲ့ လုရှောင်ယန်မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဘက်ရှိနေရင်တောင် ကျုပ်တို့ဆီက လုံးဝလွတ်မြောက်ဖို့မဖြစ်နိုင်ဘူး။"
"ဟုတ်တယ်!"
လူတိုင်းမှာ ပြန်ဖြေကာ ချက်ချင်းပင် နတ်အလင်းအသွင်ပြောင်းလျက် ၎င်းတို့၏နေရာ၌ ရပ်နေလိုက်ကြသည်။
ယွင်လီကောသည်လည်း ဝင်ပါလိုက်၏။ သူဟာ နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိနေပေပြီ။
ကျီဝူရှားနှင့် အခြားလူများမှာမူ လက်ရှိအချိန်၌ ကြီးမြတ်သောနတ်ဘုရားအဆင့်၌သာရှိနေသေးသောကြောင့် ဧကရာဇ်တစ်ရာအစီအရင်တွင် မပါဝင်နိုင်ပါချေ။
သို့သော် ထိုသို့ဆိုလျှင်ပင် လူအုပ်ထဲ၌ လုရှောင်ယန်၏လူများဖြစ်ကြသည့် နတ်ဘုရားဧကရာဇ်များပါရှိသေးသည်ပင်။
တစ်ချိန်တည်း၌ ဗုဒ္ဓဂိုဏ်း၏ နတ်ဘုရားဧကရာဇ် ဆယ့်ငါးပါးနှင့် ကျန်းဖူတုအနောက်မှ နတ်ဘုရားဧကရာဇ်ခုနှစ်ပါးတို့မှာလည်း ပါဝင်လိုက်သည်။ မဟုတ်ပါက၊ ၎င်းတို့မှာ ဧကရာဇ်တစ်ရာအစီအရင်အား အသက်သွင်းရန် နတ်ဘုရားဧကရာဇ်တစ်ရာအား စုစည်းနိုင်မည်မဟုတ်ပါချေ!
အားလုံးမှာ ၎င်းတို့၏နေရာကိုရှာတွေ့သွားသည်တွင် ကျန်းဖူတုမှာ ထပ်မံအော်လိုက်သည်။
ပတ်ပတ်လည်ရှိကြယ်များမှာ ချက်ချင်းပင် သူ၏အော်သံနှင့်အတူ လှည့်ပတ်ကြတော့၏။ သူ၏ခေါင်းအား ဗဟိုထားလျက် ၎င်းတို့မှာ အရူးအမူးလှည့်ပတ်နေကြသည်။
ကြယ်တာရာများလည်နေချိန်တွင် ကြယ်စင်အစုအတစွမ်းအားမှာလည်း နတ်ဘုရားဧကရာဇ်တစ်ရာ၏ ကိုယ်တွင် စုပုံလာပြီး နှလုံးပြုတ်လုမတတ် စွမ်းအားပြင်းပြင်းအဖြစ် ပြောင်းလဲသွားတော့သည်!
ထိုအခိုက်၌ နတ်ဘုရားဧကရာဇ်တစ်ရာမှာ ၎င်းတို့အား ဆက်သွယ်ပေးထားသော ကြိုးတစ်ချောင်းရှိနေသလိုခံစားလိုက်ရကာ အယောက်တစ်ရာ၏စွမ်းအား,အား တစ်ခုအဖြစ်သို့ စုစည်းနေတော့သည်။
ထိုသို့ဖြင့် အားလုံး၏အရှိန်အဝါမှာတိုးလာမည်ဖြစ်ပြီး ၎င်းတို့၏စွမ်းအားမှာလည်း အကန့်အသတ်ထိ ထွက်လာမည်ပင်။
ထိုသည်မျှမက အားလုံး၏အရှိန်အဝါများဆက်နွယ်သွားခြင်းကြောင့် ပိုက်ကွန်ကြီးတစ်ခုက တိကျသောနေရာ၌ ဖြစ်ပေါ်နေကာ ဟင်းလင်းပြင်တစ်ခုလုံးအား ပိတ်ချထားသလိုပါပင်။ လုရှောင်ယန်မှာ သတ်မှတ်နေရာမှ ဆုတ်ခွာချင်ပါလျှင် နတ်ဘုရားဧကရာဇ်အားလုံးမှာ ချက်ချင်းအာရုံခံနိုင်မည်ဖြစ်ကာ စစ်ကူများပို့လိမ့်မည်ပင်။
ထိုသို့ဖြင့် နတ်ဘုရားဧကရာဇ်များကြားမှ တိုက်ပွဲအရှိန်မှာ မြန်ဆန်လှကာ လုရှောင်ယန်မှာ ထိုစက်ကွင်းတစ်ခုလုံးမှ နောက်ပြန်ဆုတ်နိုင်မည်မဟုတ်တော့ပါချေ။
၎င်းဧကရာဇ်တစ်ရာအစီအရင်မှာ နတ်ဘုရားဧကရာဇ်တစ်ရာအားစုစည်းသလိုမျိုးတော့ ရိုးရှင်းနေလိမ့်မည်မဟုတ်ပါချေ။
ထိုအစီအရင်မှာ ထိုနတ်ဘုရားဧကရာဇ်အယောက်တစ်ရာအား ချိတ်ဆက်ပေးကာ ထိုနတ်ဘုရားဧကရာဇ်အယောက်တစ်ရာ၏စွမ်းအားထက်ပင် အင်မတန်ကျော်လွန်နေသော စွမ်းအားကို ထုတ်ပေးလေသည်။
အားလုံး၏စွမ်းအားတိုးမြင့်လာကာ ဖိနှိပ်လိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံးမှာ အက်ကွဲပေါက်ကွဲမှုအား ထုတ်လွှတ်လိုက်တော့သည်။
ဟင်းလင်းပြင်အကာအရံမှာလည်း လူတိုင်း၏ခွန်အားနှင့် မရပ်တည်ပေးနိုင်ဘဲ အက်ကွဲနေတော့သည်။
အားလုံး၏စွမ်းအားထုတ်ဖော်မှုများအား ထိုအခိုက်၌ပင် ခင်းကျင်းလိုက်တော့သည်။
၎င်းတို့မှာ နတ်ဘုရားဧကရာဇ်အဆင့်ဖြစ်ပါသော်လည်း ထိုဟင်းလင်းပြင်အကာအရံအား သက်ရောက်စေရန် ကျင့်စဉ်များအား သုံးဖို့လိုသည်ပင်။ သို့သော် အံ့ဩဖို့ကောင်းစွာပင် ၎င်းတို့မှာ စွမ်းအားကို မထုတ်ဖော်ခင်၌ ဟင်းလင်းပြင် အကာအရံမှာ ခုခံနိုင်စွမ်းမရှိတော့ပါချေ။
နတ်ဘုရားဧကရာဇ်တစ်ရာမှာ အဆင့်တစ်ခုထိကျဆင်းသွားပြီး မြေပြင်အား ထပ်မံလင်းထိန်သွားစေ၏။
"ဒါအစီအရင်တစ်ခုပဲ! ဒီအောက်မှာ အစီအရင်ရှိနေတယ်!"
အစီအရင်ထဲ၌ ပါရှိနေသော ကြောက်မက်ဖွယ်စွမ်းအင်မှာ အဖွဲ့ခေါင်းဆောင်ဖူတု ထုတ်ဖော်ခဲ့သည့်စွမ်းအားထက် မနိမ့်ကျကြောင်း အာရုံခံနိုင်သွားသောကြောင့်လူတိုင်း၏ အမူအရာများမှာဆိုးရွားစွာပြောင်းလဲသွားကြသည်။
၎င်းမှာ အမတလမ်းစဉ်ကနေပိုင်ဆိုင်ထားတဲ့ စွမ်းအားပင်!
ထိုအစီအရင်မှာ အမတလမ်းစဉ်အဆင့် အစီအရင်ဖြစ်၏!
၎င်းသာ သူတို့ကိုထိပါလျှင် အသတ်မခံလိုက်ရလျှင်ပင် အပြင်းအထန်ဒဏ်ရာရသွားစေနိုင်၏!
ကျန်းဖူတုမှာ လုရှောင်ယန်ထံ၌ ထိုသို့သော အစီအရင်ရှိမည်ကို ထင်မထားခဲ့ပါချေ။ သူဟာ မနေနိုင်ဘဲ ထိတ်လန့်သွား၏။
သို့ရာတွင် သူဟာ ထိတ်လန့်သွားသော်ငြား ခပ်မြန်မြန် စိတ်ငြိမ်အောင်နေလိုက်၏။
လုရှောင်ယန်မှာ မြင်းနက်ဖြစ်ကြောင်း လူထုအား ကြေညာထားပါသော်လည်း လုရှောင်ယန်က မြင်းနက်မဟုတ်ကြောင်းအား လူတိုင်းထက် သူကကောင်းကောင်းသိသည်ပင်။ သူဟာ ထိုထက်မြင့်သော ဖြစ်တည်မှုပါပင်!
လုရှောင်ယန်မှာ အရွေးချယ်ခံတစ်ယောက်ပင်!
သူဟာ သူ့ထက်ပင် ကောင်းကင်ဘုံအားအံတုနေ၏။ သူ့လိုလူထံ၌ နောက်ခံအစီအစဉ်တချို့ရှိသည်မှာ ပုံမှန်မဟုတ်ပါလား?
သူ့ထံ၌ နောက်ခံအစီစဉ်သာမရှိပါလျှင် တစ်ယောက်ယောက်သတ်တာခံလိုက်ရနိုင်ပြီး သူ၏ဆရာကပင် ထိုသူနှင့် ရင်ဆိုင်ရန် ကိစ္စများစွာကို စီစဉ်နေရန်မလိုအပ်နေပါချေ။
"အားလုံးပဲ၊ မစိုးရိမ်ပါနဲ့။ ဧကရာဇ်တစ်ရာအစီအရင်က ခင်ဗျားတို့ရဲ့စွမ်းအားကိုတိုးလာစေရုံပဲမဟုတ်ဘဲ ကာကွယ်နိုင်စွမ်းကိုပါ အဓိကတိုးပေးပါတယ်။ ဒီမှာ အမတလမ်းစဉ်အဆင့်အစီအရင်ကိုခုခံဖို့ နတ်ဘုရားဧကရာဇ်တစ်ရာတောင် ရှိနေတာပဲ။ မစိုးရိမ်ပါနဲ့၊ မစိုးရိမ်ပါနဲ့။ ခင်ဗျားတို့ အတူတူလုပ်နေသရွေ့ ပြဿနာမရှိပါဘူး!"
***