← Chapters

အခန်း (၅၀၆-၅၀၉ Final)

Vol. 34 Ch. 506-509

အခန်း (၅၀၆-၅၀၉ Final)

Vol. 34 Ch. 506-509

အပိုင်း ၅၀၆ ဖန်ဆင်းခြင်းနတ်ဘုရား ဆင်းသက်လာပြီ! ကြောက်စရာဘာရှိလို့လဲ?

"ဆရာတူအစ်ကိုအကြီးဆုံး၊ ဆရာတူအစ်ကိုအကြီးဆုံး ပြန်လာပြီဟေ့!"

"ဝူးဝူးဝူး... ဆရာတူအစ်ကိုအကြီးဆုံးက မသေဘူးကွ! ဆရာတူအစ်ကိုအကြီးဆုံးပြန်လာပြီ!"

အားလုံးမှာ အင်မတန်စိတ်လှုပ်ရှားလွန်း၍ မျက်နှာထက်သို့ မျက်ရည်များပင်စီးကျလာသည်။

လုရှောင်ယန်မှာ အပြုံးတစ်ခုဖြင့်ဆူငေါက်လိုက်သည်၊

"ကောင်စုတ်လေး! မင်းဒီလောက် လွယ်လွယ်နဲ့သေမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ။"

ယွင်လီကောမှာ လုရှောင်ယန်နံဘေးသို့ကပ်သွားပြီး ခပ်တိုးတိုးရယ်လိုက်၏။

"ဒါပေါ့။ ကျွန်တော်က ဆရာ့ရဲ့အဓိကတပည့်ကြီးပဲလေ။ ကျွန်တော်က ဆရာ ကောင်းကင်ဘုံကိုကြွလှမ်းပြီးရင် အမည်မဲ့ဂိုဏ်းကို ကျွန်တော့်ဆီလွှဲပေးဖို့စောင့်နေတာပါ။ ဘယ်လိုလုပ် လွယ်လွယ်သေနိုင်ပါ့မလဲ?"

"ကောင်စုတ်လေး!"

လုရှောင်ယန်မှာ ထပ်မံ၍ အပြုံးတစ်ခုဖြင့် ဆဲရေးလိုက်သော်ငြား သူ၏အမူအရာမှာ လျင်လျင်မြန်မြန်ပင် လေးနက်သွားပြန်သည်။

"မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ဘယ်လိုများ ဒီလောက်မြန်မြန်တိုးတက်သွားရတာလဲ? စတုတ္ထမြောက် အတုမဲ့အဆင့်ကိုတောင် ရောက်နေပြီမဟုတ်လား?

ယွင်လီကောမှာ ကောက်ကျစ်စွာပြုံးလိုက်သည်။

"ကျွန်တော် နဝမငရဲဘုံကို ဝင်ရောက်ပြီး အဲ့ဒီက လူတိုင်းကိုဝါးမြိုခဲ့တယ်။ အဲ့ထဲမှာ ပညာရှင်တွေအများကြီးပဲ။ ပြောရရင် သူတို့က သုံးလောက,ကနေ ရှေးအချိန်တွေတည်းက စုဆောင်းလာခဲ့ကြတဲ့ ပညာရှင်တွေ မရေတွက်နိုင်လောက်အောင်ပဲ။"

"မလာခင်မှာ ကျွန်တော် ဘိုးဘေးဟုန်ကျွင်းတို့တတွေကိုပါ ဝါးမြိုခဲ့သေးတယ်။"

"ဒါကြောင့်ပဲ ကျွန်တော့ရဲ့စွမ်းအား ဒီလောက်တိုးလာရတာပေါ့။"

"နဝမငရဲဘုံရဲ့သခင်ကရော? မင်းကို ဒီနေရာဆီဒီလောက်လွယ်လွယ်လာခိုင်းဖို့က မဖြစ်နိုင်သင့်ပါဘူး?"

"သူက အခုဆရာ့ရဲ့တပည့်ချွေးမဖြစ်နေပြီ!"

လုရှောင်ယန်:"..."

"ကောင်စုတ်‌လေး! မင်းဘယ်လို စနောက်ရမလဲသိတာပဲ!"

"ထပ်မပြောကြရအောင်။ အရင်ဆုံး ကျွန်တော်တို့အရှေ့ကလူတွေကို ရင်ဆိုင်ဖို့က ပိုအရေးကြီးတယ်။ ကျွန်တော်တို့ ဟင်းလင်းပြင်အကာအရံ လုံးဝပြန်ကောင်းသွားတဲ့အထိစောင့်ရမယ်။ အဲ့ဒါပြီးရင်တော့ တခြားပညာရှင်တွေလည်း ဝင်လာလိမ့်မယ်။ ဒီလိုဆိုရင် သူတို့ဘက်က လူတော်တော်များသွားမှာ။ ကျွန်တော်တို့နှစ်ယောက်နဲ့ သူတို့ကို လုံးဝအနိုင်မတိုက်နိုင်ဘူး။"

"မင်းမှာအကြံကောင်းရှိတာလား?"

"ကျွန်တော်တို့ရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် တစ်ဖက်ကို အနိုင်မယူနိုင်သေးဘူး။"

"ပြောရရင် ဆရာက တတိယမြောက်အုပ်ချုပ်သူအဆင့်မှာပဲရှိသေးပြီး ကျွန်တော်ကလည်း စတုတ္ထမြောက်အတုမဲ့အဆင့်မှာပဲရှိသေးတာလေ။"

"ဆရာ အဆင့်ထက်တက်ဖို့ နည်းလမ်းပဲရှိ‌တယ်။"

"အရင်က ကျွန်တော်သေသွားချိန်မှာ နဝမငရဲဘုံကိုဝင်ရောက်လိုက်ကတည်းက ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်တိုးတက်လာတိုင်း ဆရာ့ရဲ့ကျင့်ကြံဆင့်ကို ဆက်တိုးတက်ဖို့ မထောက်ပံ့နိုင်ခဲ့ဘူး။"

"ကျွန်တော်တို့ကြားက အချိတ်အဆက်ပြတ်သွားတာမို့လို့ ကျွန်တော့ကို ဆရာတပည့် စာချုပ်ထဲ ဝင်ခွင့်ပေးပါဦး။"

"ဒီလိုဆိုရင် ကျွန်တော့်ဆီက ကျင့်ကြံဆင့် တိုးတက်မှုကို ထပ်ရနိုင်တယ်။"

"လီကော"

လုရှောင်ယန်မှာ အတန်ငယ်ခံစားသွားရသည်။

တကယ်တော့ ယွင်လီကော၏လက်ရှိစွမ်းအားမှာ အင်မတန်အားကောင်းလှသည်။ သူသာ ထွက်မလာဘဲ နဝမငရဲဘုံမှာပဲ ထိုဘုံ၏သခင်နှင့် အတူတူနေပါလျှင် ဒီတိုက်ပွဲတွင် လုပ်ရမည့်အရာများကို အလွယ်တကူရှောင်ရှားနိုင်မည်ဖြစ်သည်။

သေသွားပြီးနောက်တွင် သူဟာ လုရှောင်ယန်နှင့် မသက်ဆိုင်တော့ပါချေ။ ထို ဖန်ဆင်းခြင်းနတ်ဘုရားများမှာ သူ့အား ဒုက္ခလာရှာလိမ့်မည်လည်းမဟုတ်ချေ။

သို့သော် ထိုသို့ဆိုလျှင်တောင် သူဟာ ပြန်လာလေသည်။ ထိုသို့သော အခြေအနေ၌ သူဟာ လုရှောင်ယန်နှင့် ဆရာတပည့်ဆက်ဆံရေးကို ပြန်လည်ဆက်စပ်ဖို့သာ ရွေးချယ်နေဆဲပင်။

တကယ်ကိုပင် လူတစ်ယောက်၏ သစ္စာရှိမှုအား အခက်အခဲက ထုတ်ဖော်ပြသည်! ထိုအချိန်၌ အခြားသောပညာရှင်များမှာလည်း သူ့အား တစ်ဖန် ဝိုင်းလိုက်ကြသည်။

"မင်းတို့နှစ်ယောက်ဘာလုပ်နေတာလဲတော့မသိပေမယ့်၊ မင်းတို့အောင်မြင်ချင်ရင် အနည်းဆုံးတော့ ငါတို့ကို အရင်ဆုံးဖြတ်ကျော်ရမယ်၊ ဟုတ်ပြီလား?"

ယွင်လီကောမှာ လုံးဝတုံ့ဆိုင်းမနေဘဲ လုရှောင်ယန်နှင့် ဆရာတပည့်စာချုပ်ချုပ်ဆိုရန် သွေးအဆီအနှစ်ကို ချက်ချင်းအသုံးပြုလိုက်သည်။

လုရှောင်ယန်မှာ သူ၏အချက်အလက်အား ဝမ့်ခိုက်တည်ဆောက်ခဲ့သော ပေါင်းကူးတံတား၌ ပေါင်းထည့်လိုက်သည်။

ထိုအချိန်၌ သူ၏ ယွင်လီကောနှင့် ဆက်နွယ်ချက်အား ပြန်လည်ရရှိသွားခဲ့လေသည်။

ထို့နောက် သူဟာ ယွင်လီကောအား ရှေးဟောင်းပုလဲထဲသို့ မြန်မြန်ထည့်သွင်းလိုက်၏။

ယွင်လီကောမှာ ချက်ချင်းပင် အားလုံးနှင့်အတူတူ ရှေးဟောင်းခရမ်းသွေးချီအား သန့်စင်ပါတော့၏။

သူ၏ကျင့်ကြံဆင့်မှာ အခြားလူများထက်ပိုမိုအားကောင်းသောကြောင့် သန့်စင်မှုနှုန်းမှာ ပိုမိုအားကောင်းလာသည်ပင်။

လုရှောင်ယန်မှာ သူ၏ကျင့်ကြံဆင့်က မတိုင်ခင်ကထက်ပင် ပို၍မြန်မြန်တက်လာနေသည်ကို ရှင်းရှင်းလင်းလင်းခံစားနေရသည်။

တစ်ချိန်တည်းတွင် တစ်ဖက်လူ၏တိုက်ခိုက်မှုက သူ၏အပေါ်သို့ဆင်းသက်လာကာ သူ၏ကိုယ်အား အပေါက်များဖြင့်တစ်ဖန်ပြည့်သွားစေ၏။

သို့သော် လုရှောင်ယန်၏ ပြန်ကောင်းနှုန်းမှာ အင်မတန်မြန်လှကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြန်ကောင်းသွားသည်။

ထို့အပြင် သူ၏ကိုယ်ရှိ ‌အရှိန်အဝါမှာလည်း အားကောင်းသထက်အားကောင်းလာတော့သည်။

ထိုသံသရာက ထပ်ခါထပ်ခါလည်နေ၏။ ဤတစ်ခေါက်၌ ငါးမိနစ်မပြည့်ခင်မှာပင် လုရှောင်ယန်မှာ အဆင့်တက်သွားပြန်သည်။

စတုတ္ထမြောက်အုပ်ချုပ်သူအဆင့်!

ထိုသည်ကိုမြင်သော် အားလုံး၏အမူအရာများ ဆိုးဆိုးရွားရွားပြောင်းလဲကုန်ကြ၏။

ထိုအခိုက်၌ အာကာပြင်အပျက်အစီးမှာ ပြန်ကောင်းသွားသည်။ အနီးအနားရှိ ပညာရှင်အယောက်တစ်ရာမှာ ဟင်းလင်းပြင်ဥမင်မှ ပျံထွက်လာသည်။

"လုရှောင်ယန်၊ သေစမ်း!"

ရောက်လာကာစ ပညာရှင်တချို့မှာ အေးစက်စွာအော်ဟစ်လိုက်ကြ၏။

သို့သော် ၎င်းတို့မှာ အလျင်အမြန်ပင် လုရှောင်ယန်၏ပုဆိန်ဖြင့် မိတ်ဆက်ခြင်းခံလိုက်ရသည်!

တိုက်ကွက်တစ်ခုတည်း!

တိုက်ကွက်တစ်ကွက်တည်းနှင့် သူဟာ ပထမ‌မြောက်အုပ်ချုပ်သူအဆင့်ပညာရှင်တစ်ဦးနှင့် သတ္တမမြောက်အတုမဲ့အဆင့်ပညာရှင် ၄ဦးကိုသတ်လိုက်သည်။

အခြားသောပညာရှင်အယောက်တစ်ရာလုံးမှာ အေးစက်ကာတုန်ရီသွားကြ၏။

"သူဘယ်လိုလုပ်ဒီလောက်စွမ်းအားကြီးလာရတာလဲ?"

"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့။ သူ့မှာ ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရား‌လွှဲပေးခဲ့တဲ့ ရတနာတစ်ခုရှိတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က အချိန်တိုင်းမှာ အရူးအမူးတက်လာတာပဲ။ ငါတို့ ဆက်တက်ခွင့်ပေးလို့မဖြစ်တော့ဘူး။"

"ငါတို့ နှောင့်နှေးမှုကြန့်ကြာလေ သူလည်းပိုအားကောင်းလေပဲ။"

"ငါတို့ အတူတူမတိုက်ခိုက်ခင်မှာ ငါတို့အားလုံးရဲ့စွမ်းအားကို စုစည်းဖို့ ချိတ်ပိတ်လမ်းစဉ်တစ်ခုကို သုံးရမယ်။ သူကဘယ်လောက်ပဲ ကောင်းကင်ကိုအံတုနေပါစေ အတုမဲ့အဆင့်နဲ့ အုပ်ချုပ်သူအဆင့်ပညာရှင်အများကြီးရဲ့ စွမ်းအားကို လျစ်လျူရှုဖို့ မဖြစ်နိုင်ပါဘူး။"

"အဟုတ်ပဲ!"

တစ်ရာသောပညာရှင်များမှာ အတူတကွလုပ်ဆောင်လျက် များစွာသော ချိပ်စည်းများအား အမြန်ဆုံးနှုန်းဖြင့် စုစည်းလိုက်တော့သည်။ ထို့အပြင် ၎င်းတို့မှာ ချိပ်စည်းအား ပိုမိုသန်မာစေရန် အတူတကွပေါင်းစပ်လိုက်ကြ၏။

ထိုသို့ဖြင့် လုရှောင်ယန်မှာ အားလုံး၏ထိန်းချုပ်မှုထဲသို့ ကျရောက်သွားပေလိမ့်မည်။

ထိုမရေတွက်နိုင်လောက်သော ချိပ်စည်းများအား ရင်ဆိုင်ပြီး အမည်မဲ့ဂိုဏ်း၏ တပည့်အားလုံးမှာ မနေနိုင်ဘဲ ပူပန်နေကြတော့သည်။

"ငါတို့ဘာလုပ်သင့်လဲ? ဒီချိပ်စည်းသာ အောင်မြင်သွားရင် ဆရာ့ရဲ့ခွန်အားကို ဖိနှိပ်နိုင်လိမ့်မယ်။ အဲ့အချိန်ဆိုရင်တော့ ဆရာ့ရဲ့ပြန်ကုသနိုင်စွမ်း ဘယ်လောက်ပဲ အားကောင်းကောင်း ပညာရှင်‌အယောက်တစ်ရာကို တစ်ခဏအတွင်းရင်ဆိုင်ဖို့က မဖြစ်နိုင်လောက်ဘူး!"

ထိုမြင်ကွင်းအား ရင်ဆိုင်ရင်း လုရှောင်ယန်မှာ ရူးသွပ်စွာ ပိုင်းချလိုက်သည်။ လက်တွင်းရှိကောင်းကင်ဖွင့်ပုဆိန်၏ ပြန်ကောင်းမွန်နှုန်းကြောင့် ပုဆိန်တစ်ခုလုံးမှာ နီတောက်တောက်အရောင်ကို ထုတ်လွှတ်လာပါ၏။

များစွာသောနိယာမစွမ်းအားများမှာ စကြဝဠာ၌ ဖြန့်ကျက်နေကြ၏။

သို့သော် ရန်သူများမှာများပြားလှသော ချိပ်စည်းအား မခုခံနိုင်ဘဲ ရှိနေဆဲပင်။

ထိုအခြေ‌အနေ၌ ယွင်လီကောမှာ အံကြိတ်ကာပြောလိုက်၏။

"ဆရာ! ကျွန်တော့်ကို ရှေးဟောင်းပုလဲနဲ့ တောင်နှင့်မြစ်ပန်းချီကို ထိန်းချုပ်ခွင့်ပေးပါ!"

လုရှောင်ယန်မှာ ၎င်းက ဘာလုပ်ချင်မှန်းမသိသော်လည်း သူ့အားထိခိုက်စေလိမ့်မည်မဟုတ်သည်ကိုသိလေ၏။ ထို့ကြောင့် သူဟာ ယွင်လီကောထံ ထိန်းချုပ်ခွင့် လွှဲပြောင်းပေးလိုက်တေု့သည်။

ယွင်လီကောမှ ထိန်းချုပ်မှအားရရှိပြီးနောက်တွင် သူဟာ တောင်နှင့်မြစ်ပန်းချီအား ရှေးဟောင်းပုလဲထဲသို့ ဆင့်ခေါ်လိုက်သည်။

ထို့နောက် သူ၏ နတ်ဘုရားအာရုံကိုလှည့်ပတ်လျက် အောက်ပါအမှာစကားအား သုံးလောကထံ ကူးပြောင်းပေးလိုက်သည်။

"သုံးလောက,က လူတိုင်းပဲ၊ နားထောင်ကြပါ။ ကျုပ်က လုရှောင်ယန်ရဲ့အဓိကတပည့်ကြီး၊ ယွင်လီကောပဲ!"

"အခု ကျုပ်တို့က သေခြင်းရှင်ခြင်းတိုက်ပွဲကို ရင်ဆိုင်နေရတယ်!"

"ကျုပ်ရဲ့ဆရာသေသွားရင် ခင်ဗျားတို့လည်း ရှင်သန်နိုင်တော့မှာမဟုတ်ဘူး။"

"ကျုပ်တို့ရဲ့ရန်သူတွေက ကျုပ်ဆရာနဲ့သက်ဆိုင်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ရှင်သန်ခွင့် ပြုမှာ မဟုတ်လို့ပဲ။"

"ဒါကြောင့် ရှေး‌ဟောင်းခရမ်းသွေးချီကို သန့်စင်ဖို့ ခင်ဗျားတို့ရဲ့ အကူအညီကိုလိုအပ်တယ်။"

ထို့နောက် သူဟာစကားဆက်လိုက်၏။

"ဝမ့်ခိုက်! မင်းမသေသေးရင် မင်းရဲ့စွမ်းအားကို သုံးလောကတစ်ခွင်လုံးဆီ ခွဲခြမ်းကြီး ဆရာနဲ့ ချိတ်ဆက်ပေးလိုက်ပါ! ငါတို့ သေမလား ရှင်မလားက ဒီအပေါ်မှာ မူတည်နေတယ်!"

စကားဆုံးသည်နှင့် ရွှေရောင်အလင်းများစွာ ရှေးဟောင်းပုလဲထဲ၌ ပေါ်လာပြီး သုံးလောကဆီသို့ ပြေးဝင်သွားကြ၏။

ထိုအချိန်၌ လုရှောင်ယန်ကို သိသိမသိသိ ၎င်းတို့အားလုံးမှာ ရွှေရောင်အလင်းကို ဆုပ်ကိုင်ထားကြတော့သည်။

ရှေးဟောင်းခရမ်းသွေးချီပမာဏများစွာက သုံးလောကထဲသို့ တိုးဝင်လာ၏။ ယွင်လီကော၏ထိန်းချုပ်မှုကြောင့် ရှေးဟောင်းခရမ်းသွေးချီမှာ ထိုသာမန်လူများအား ထိခိုက်လိမ့်မည်မဟုတ်ချေ။

သုံးလောကတွင် အားနည်းသောဖြစ်တည်မှုများစွာရှိကြသည်။

သို့သော် ၎င်းတို့မှာ များပြားလွန်းလှသည်ပင်။ ဆိုရိုးစကားအတိုင်း၊ ရေစက်လေးများအား စုပေါင်းနိုင်လျှင် သမုဒ္ဒရာကြီးဖြစ်လာနိုင်သည်။

လူများစွာက ခရမ်းသွေးချီကိုသန့်စင်ရန် ကူညီကြသောအခါ လုရှောင်ယန်၏ ရှေးဟောင်းခရမ်းသွေးချီရရှိနှုန်းမှာ ပိုလို့ပင်တိုးတက်လာချေတော့သည်။

မူလက သူဟာ ပညာရှင်တစ်ရာကျော်၏ ချိပ်ပိတ်လမ်းစဉ်ကို ဖိနှိပ်နိုင်လုဆဲဆဲဖြစ်နေပြီဖြစ်သည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်း၌ သူ၏ကျင့်ကြံဆင့်မှာ အဆက်မပြတ်တိုးတက်လာတော့၏။ ထို့နောက် အလင်းအလျင်ဖြင့် သူဟာ ပဉ္စမမြောက်အုပ်ချုပ်သူအဆင့်သို့တက်လှမ်းသွားပါ‌သည်။

စွမ်းအားကြီးအရှိန်အဝါထိုးထွက်လာသည်နှင့် ၎င်းမှာ ချပ်ပိတ်လမ်းစဉ်အား တိုက်ရိုက်ပိတ်ဆို့လိုက်ကာ ဆက်လက်ကြီးထွားစေခြင်းမှ ရပ်တန့်လိုက်သည်။

ထို့နောက် အချိန်ကုန်သွားသည်နှင့် လုရှောင်ယန်မှာ အဆင့်ထပ်တက်သွားပြန်သည်။

ဆဌမမြောက်အုပ်ချုပ်သူအဆင့်!

သတ္တမမြောက်အုပ်ချုပ်သူအဆင့်!

အဌမမြောက်အုပ်ချုပ်သူအဆင့်!

နဝမမြောက်အုပ်ချုပ်သူအဆင့်!

ဒဿမမြောက်အုပ်ချုပ်သူအဆင့်!

"ငါထပ်မတောင့်ထားနိုင်တော့ဘူး။"

အတုမဲ့အဆင့်ပညာရှင်တစ်ဦး၏ မျက်နှာမှာ အော်လိုက်သည်နှင့် နီရဲသွားသည်။ ခဏအကြာ၌ ပညာရှင်တစ်ရာကျော်ခင်းကျင်းထားခဲ့သည့် ချိပ်စည်းမှာ လုရှောင်ယန်ကြောင့် ပေါက်ကွဲသွားတော့၏။

၎င်းက လုရှောင်ယန်၏စွမ်းအားကြောင့် ပေါက်ကွဲသွားခြင်းသာ!

"လှလိုက်တာ!"

ယွင်လီကောမှာ အော်ဟစ်လိုက်သည်။

လုရှောင်ယန်၏စွမ်းအားတိုးတက်လာသည်နှင့် ၎င်းတို့၏ကျင့်ကြံဆင့်မှာလည်း အဆုံးမရှိတိုးတက်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ယွင်လီကောမှာ အတုမဲ့အဆင့်သို့ ကျော်ဖြတ်သွားက အုပ်ချုပ်သူအဆင့်သို့ရောက်ရှိသွားသည်။ အခြားတပည့်များမှာလည်း နောက်မှ နီးနီးကပ်ကပ်လိုက်လာ၏။

လုရှောင်ယန်မှာ သူ၏ကိုယ်ရှိ အားကောင်းလှသောစွမ်းအားကို အာရုံခံမိလိုက်သည်။ သူဟာ ကောင်းကင်ဖွင့်ပုဆိန်ကိုဆုပ်ကိုင်လျက် လွှဲယမ်းလိုက်သည်!

ရွှေရောင်အလင်းတစ်ပြမှာ အပျက်အစီးဆန်စွာ ဖြတ်ထွက်လာ၏။

၀.၀၀၁စက္ကန့်အတွင်း ပညာရှင်ဒါဇင်ချီမှာလည်း ပုဆိန်အလင်းထွက်လာသည့်နေရာတိုင်းတွင် ပေါက်ကွဲကုန်ကြသည်။

"သေစမ်း! ပြေး!"

ထိုအချိန်၌ မည်သူကမှ ထိုနေရာ၌ ထပ်မနေဝံ့ကြတော့ချေ။

လုရှောင်ယန်၏စွမ်းအားမှာ အင်မတန်အားကောင်းကာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ၏တိုးတက်နှုန်းပိုမို မကောင်းဆိုးဝါးဆန်လာခြင်း‌ကြောင့် မတိုက်ခိုက်နိုင်တော့ချေ။

အခုပြန်ဆုတ်လျှင် အပြစ်ပေးခံရနိုင်သော်ငြား အနည်းဆုံးတော့ သေလိမ့်မည်မဟုတ်ဘဲ ရှင်သန့်ခွင့်လေးတစ်ခုတော့ရနိုင်သေးသည်။

၎င်းတို့သာဆက်နေလျှင် သေချာပေါက် သေရလိမ့်မည်။

ပထမတစ်ဦးလွတ်မြောက်သွားပြီးနောက် နောက်ထပ်လူတစ်ယောက်က လိုက်လာချင်ပါ၏။ ၎င်းတို့၏သစ္စာတရားမှာ ပြိုလဲနေပြီဖြစ်သည်။

ယွင်လီကောနှင့် အခြားလူများမှာလည်း အင်မတန်ပျော်ရွှင်နေကြ၏။ လူအချို့ထွက်ပြေးသွားကြသည်နှင့် ယာယီဒေါသမှာ ဖြေရှင်းပြီးဟု ဆိုလိုပါ၏။

သို့သော် ထိုအချိန်၌ အားလုံးသက်ပြင်းမချနိုင်ခင်တွင် ထွက်ပြေးနေသော အတုမဲ့အဆင့်နှင့် အုပ်ချုပ်သူအဆင့်ပညာရှင်များမှာ ကိုးရောင်ခြယ်သွေးမြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားကြတော့ချေ၏။

"အမှိုက်အုပ်စု။ ငါ အတုမဲ့အဆင့်နဲ့ အုပ်ချုပ်သူအဆင့်ပညာရှင်တွေအများကြီးကို စုစည်းပြီး ယောက်ျားတစ်ယောက်နဲ့ အတူတူတိုက်ခိုက်ဖို့ရင်ဆိုင်ခိုင်းလိုက်ပေမယ့် မင်းတို့က ဒီအခြေနေရောက်စေခဲ့တယ်။"

"ကြည့်ရတာ ငါတို့ဘာသာပဲ ဖြေရှင်းရမယ့်ပုံပဲ။"

ထိုသို့ပြောရင်း ရှေးဟောင်းအရှိန်အဝါနှင့်ပြည့်နေသည့် စွမ်းအားကြီးသဏ္ဍာန်များမှာ ‌တစ်ခုပြီးတစ်ခုရောက်လာကြ၏။

လုရှောင်ယန်မှာ မျက်လုံးများကိုမှေးကျဉ်းလျက် ရှေးဟောင်းပုလဲထဲရှိလူများမှာလည်း နှလုံးအိမ်များတင်းကြပ်လာကြသည်။

၎င်းက ဖန်ဆင်းခြင်းနတ်ဘုရားတစ်ပါးပင်!

ဖန်ဆင်းခြင်းနတ်ဘုရားများက ဤနေရာသို့ရောက်လာကြပြီ!

သူဟာ ဖန်ဆင်းခြင်းနတ်ဘုရားများ ထိုမျှမြန်မြန်ကြီးရောက်လာမည်ဟု မျှော်လင့်မထားခဲ့ချေ။

အားလုံးမှာ လုရှောင်ယန်၏စွမ်းအားတိုးတက်ရန် လုံ့လတစိုက်ကျင့်ကြံနေကြဆဲဖြစ်သည်။

သို့သော် ထိုနှုန်းက ယခင်ကလိုမမြန်တော့ပါချေ။ အကြောင်းအရင်းမှာ ကျင့်ကြံဆင့်ကပိုမြင့်လေ အဆင့်တက်ရန် ပိုမိုကြာရှည်လေ ဖြစ်သောကြောင့်ပင်။

"သူ ဖန်ဆင်းခြင်းနတ်ဘုရား မဖြစ်လာသေးဘူးပဲ။ သူဖန်ဆင်းခြင်းနတ်ဘုရားမဖြစ်လာခင် သူ့ကိုဖျက်ဆီးကြ!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၄။ အပိုင်း ၅၀၇ မပြည့်စုံသော အ‌ဆုံးသတ်(၁)

ဖန်ဆင်းခြင်းနတ်ဘုရားပေါ်ထွက်လာသည်နှင့် လုရှောင်ယန် ဖြေရှင်းပြီးခဲ့သည့်အခြေအနေမှာ မျက်တစ်ခတ်အတွင်း အင်မတန် အန္တရာယ်များလာလေသညါ။

ဖန်ဆင်းခြင်းနတ်ဘုရားမှာ စုစုပေါင်း ၇ယောက်ရှိ၏။ သို့သော် လုရှောင်ယန်၏ ဖခင်မှာ သေလွန်သွားပြီဖြစ်သောကြောင့် ၆ဦးသာကျန်ရှိခဲ့သည်။

သို့ရာတွင် ၆ဦးသာကျန်ရှိပါလျှင်တောင် ရင်ဆိုင်ဖို့ရာမလွယ်ကူလှပါချေ။

၎င်းတို့၏စွမ်းအားမှာ မဟာအာကာပြင်တစ်ခွင်၌ အသန်မာဆုံးပင်။

၎င်းတို့အား အိမ်၏ထွဋ်‌‌ခေါင်ဟုပင်ဆိုနိုင်၏။

ထိုအချိန်၌ လူတိုင်း၏နှလုံးသားများ လေးလံလာကြသည်။

အဆုံးမှာလည်း သူ‌တို့တွေ ဘာကိုမှမပြောင်းလဲနိုင်တော့တာလား?

ဘုန်း!

သတိပေးချက်မရှိ ဖန်ဆင်းခြင်းနတ်ဘုရားများမှာ ရုတ်တရတ်တိုက်ခိုက်လိုက်လျက် လုရှောင်ယန်၏ကိုယ်အား မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်သွားစေသည်။

၎င်းတို့မှာ အတုမဲ့အဆင့်နှင့် အုပ်ချုပ်သူအဆင့်ပညာရှင်များထက် များစွာ အားကောင်းလှသည်။

၎င်းတို့မှာ မိုင်များ ခြားနားသွားသည်။

လုရှောင်ယန်၏ကိုယ်မှာလည်း ခပ်မြန်မြန်ပင် ပြန်ကောင်းသွားသည်။ သို့သော် တစ်ဖက်မှ တစ်ဖန်တိုက်ခိုက်လိုက်ရာ ထပ်မံ ပေါက်ကွဲသွားလေ၏။

"သေစမ်းကွာ!"

ယွင်လီကောနှင့် အခြားလူများမှာ လက်သီးတင်းတင်းဆုပ်ထားကြ၏။ ထိုစွမ်းအားကို မျက်နှာချင်းဆိုင်ရင်း အင်မတန် စိတ်ပျက်အားငယ်နေကြပေသည်။

၎င်းတို့မှာ စွမ်းအားနိယာမကိုပင် ထိခိုက်စေနိုင်လောက်သော ဖန်ဆင်းခြင်းနတ်ဘုရား၏တိုက်ခိုက်မှုဟုပင် ပြောနိုင်သည်။

လုရှောင်ယန်ခံစားနေရသည့် ဒဏ်ရာများမှာလည်းနောက်ပြန်လှည့်လို့မရပါချေ။ သူ၏ကိုယ်ခန္ဓာအား ပြန်လည်ပြင်ဆင်ပါလျှင်တောင် သူ၏ကျင့်ကြံဆင့်အားလုံး မပျက်စီးမချင်း စွမ်းအားက လျော့နည်းလာလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အတွက် ပြန်လည်ရှင်သန်ဖို့ရာ မဖြစ်နိုင်တော့ချေ။

ထိုဖြစ်စဉ်မှာ အများဆုံး ၁မိနစ်မျှကြာသွားသည်။

ဘာလုပ်ရမည်နည်း?

ဘာကိုလုပ်သင့်သနည်း?

လူတိုင်းမှာ ဒယ်ပြားပူပူထက်ရှိ ပုရွက်ကောင်ငယ်များလို ပူပန်နေကြသည်။

ထိုအချိန်၌ ကျီဝူရှားမှာ အံ့အားသင့်ဖွယ်တည်ငြိမ်နေ၏။

"ဆရာတူအစ်ကိုအကြီးဆုံး၊ ကျွန်မမှတ်မိတာသာမှန်ရင် အစ်ကို့ရဲ့ ရှေးဟောင်းဧကရာဇ်ကျမ်းမှာ ဘယ်တုန်းမှ မသုံးရသေးတဲ့ အရမ်းကိုမှထူးကဲတဲ့စွမ်းရည်ရှိတယ်ဆို?"

ယွင်လီကောမှာ ခေါင်းငြိမ့်လိုက်သော်လည်း အမူအရာက အင်မတန်လေးနက်နေ၏။

"မင်းပြောတာမှန်တယ်။ ဒါပေမယ့်၊ အဲ့ဒီ့အထူးစွမ်းရည်ဆိုတာကလည်း ငါသုံးချင်တိုင်း သုံးလို့ရတဲ့ဟာမျိုးမဟုတ်ဘူး။ အဲ့ဒီ့မှာ လုပ်ဆောင်တဲ့လူကလွဲပြီး ပူးပေါင်းကူညီပေးမယ့်တစ်ယောက်ယောက်လည်းလိုသေးတယ်။"

ဖုန်းထျန်းယွမ်မှာ အလောတကြီးမေးလိုက်သည်။ "အဲ့ဒါဘာစွမ်းရည်လဲ?"

"အဆီးအတားမဲ့မဟာတဲ့! ဒါက ရှေးဟောင်းဧကရာဇ်ကျမ်းကို ကျော်လွှားရတဲ့ တိုက်ကွက်ပဲ။"

"ဒါကိုအသုံးပြုရဖို့ အခြားလူတွေရဲ့ စွမ်းအားကို လက်ခံနိုင်ရတယ်။"

"တစ်ခါသုံးလိုက်တာနဲ့ အားလုံးက ဝါးမြိုမယ့်ကျင့်စဉ်နယ်နိမိတ်ထဲကိုဝင်ရတယ်။ ပြီးတာနဲ့ သူတို့ရဲ့ဝိဉာဉ်တွေ၊ ဘဝအမှတ်အသားတွေ၊ အနှစ်သာရဝိဉာဉ်တွေ၊ ကိုယ်အစိတ်အပိုင်းတွေ... အရာအားလုံးကို အမှုန့်ချေပြီးတော့ ထာဝရပြန်လည် ဝင်စားနိုင်ခြင်းမရှိအောင် လုပ်ပစ်မှာ။"

"ပြီးတော့ ငါဒါကို အားလုံးက ကူညီချင်စိတ်နဲ့ ဝင်ချင်မှသာ အသုံးပြုတာ။ မဟုတ်ရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။"

အားလုံး၏နှလုံးသားများတုန်ရီနေသည်။ ၎င်းက တကယ်ကို ထိုသို့သော ကျင့်စဉ်တစ်ခုပါပင်!

ထိုအချိန်၌ နောက်ထပ်ပြင်းထန်သောပေါက်ကွဲမှုက အပြင်ဘက်မှ‌နေ၍ ထွက်ပေါ်လာသည်။ လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ အဆင့်တချို့ ထပ်ကျသွား၏။

ထိုသို့သာဆက်ဖြစ်နေလျှင် အားလုံးမှာ နည်းလမ်းရှိနေလျှင်တောင်မှ အင်မတန်နောက်ကျသွားလောက်သည်။

ဖုန်းထျန်းယွမ်မှာ အသက်ပြင်းပြင်းရှူလျက် လေးနက်နေဟန်ဖြင့်ဆိုလိုက်သည်။

"ကျွန်တော့်အသက်ကို အစတည်းက ဆရာပေးထားခဲ့တာပဲ။ ဆရာ့ကြောင့်သာမဟုတ်ရင် အရင်တည်းက သေနေပြီ။ အခု ဆရာ့ကို ကျွန်တော့အသက်ပြန်ပေးဖို့က ကျိုးကြောင်းသင့်လျော်တယ်။ ဘာလို့ကျွန်တော်က ဒါကို မလုပ်ချင်ရမှာလဲ? စကြရအောင် ဆရာတူအစ်ကိုအကြီးဆုံး။"

လီချန်းရှန်နှင့် ကျန်သည့်လူများလည်း ပြောကြ၏။

"အမှန်ပဲ! ဆရာတူအစ်ကိုအကြီးဆုံး၊ မြန်မြန် ဒီကျင့်စဉ်ကိုသုံးလိုက်တော့။ ကျွန်တော်တို့သာထပ်ပြီး နှောင့်နှေးနေရင်တော့ တကယ်ပဲ အရမ်းနောက်ကျသွားလိမ့်မယ်။"

သူ၏စိတ်ဆုံးဖြတ်ပြီးသား ဆရာတူညီလေး၊ ညီမလေးများကိုကြည့်လျက် ယွင်လီကောမှာ အသက်ပြင်းပြင်းရှူကာ လေးနက်နေဟန်ဖြင့် ခေါင်းငြိမ့်လိုက်၏။

သူ့ထံ၌ ထိုသို့သော အတွေ့အကြုံရှိပြီး သူ့၏ဆရာ့အပေါ် အားလုံး၏ခံစားချက်မှာ သူ့လိုမျိုး နက်ရှိုင်းကြောင်း နားလည်ပါ၏။

ထိုအချိန်၌ အားလုံးမှာ ဆရာ့အားကယ်ဆယ်ရန် ၎င်းတို့ကိုယ်ကိုစတေးလိုစိတ်ရှိကြသည်။

ယွင်လီကောမှာ အလျင်အမြန်ပင် သူ၏ကျင့်စဉ်ကိုသုံးလိုက်ရာ သူ၏ကိုယ်က ကြီးမားသော တွင်းနက်ကြီးအသွင်ပြောင်းသွားသည်။

ထိုတွင်းနက်ကြီးပေါ်လာချိန်၌ ကျီဝူရှားမှာ ကိုးရောင်ခြယ်ဇာမဏီအသွင်ပြောင်းလျက် ၎င်းအတွင်းသို့ ဦးဆုံးပြေးဝင်သွားခဲ့သည်။ ထို့နောက် ဖုန်းထျန်းယွမ်၊ လီချန်းရှန်၊ ကျူးကောကျီချုံ၊ စုန့်ရှင်းနျန်၊ ကျွင့်ပုကျန်း၊ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူတို့လည်း နောက်မှလိုက်ပါလာကြသည်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ နောက်ပြန်မဆုတ်ခဲ့ပါချေ။ အားလုံးက ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ၎င်းတို့ကိုယ်ကို စတေးရန် ရွေးချယ်ခဲ့သည်။

လုရှောင်ယန်၏ အတွေးရေယာဉ်ကြောက ‌ဟစ်‌အော်နေ၏။

"ရပ်စမ်း၊ ရပ်လိုက်ကြ! မင်းတို့ကို ဘယ်သူက ဒီလိုလုပ်ခွင့်ပြုလို့လဲ? ရပ်ကြ!"

သို့သော် မည်သူကမှ နားမထောင်ကြချေ။ ကျန်းထိုက်ရွှမ်သွားချိန်၌ အမည်မဲ့ဂိုဏ်းသားများအလှည့်ကျပြီဖြစ်၏။

ကျွင့်ချန်းမင်၊ လုရှောင်ချန်၊ ကျောင်းအုပ်ထုံးထျန်း၊ ဟိုတု... ထိုအဆုံးသတ်တိုက်ပွဲ၌ ၎င်းတို့မှာ ၎င်းတို့၏အသက်များကို ဂရုမစိုက်ကြတော့ချေ။

လူတိုင်း၏အတွေးများက အင်မတန်ရိုးရှင်းလှသည်။ ၎င်းတို့က လုရှောင်ယန်ကိုရှင်သန်စေချင်ကြသည်!

ပြောရလျှင် လုရှောင်ယန်သေသွားပါက ၎င်းတို့လည်း သေရလိမ့်မည်။

သို့သော် ၎င်းတို့၏သေဆုံးခြင်းအား လုရှောင်ယန်၏ အသက်နှင့် လဲလှယ်နိုင်မည်မဟုတ်သောကြောင့် မည်သူကမှ သေဖို့ဆန္ဒရှိကြလိမ့်မည်မဟုတ်ချေ။

အဆီးအတားမဲ့မဟာက ဝါးမြိုလေလေ စွမ်းအားများပိုစုပ်ယူမိလေဖြစ်သည်။ သို့‌သော် ၎င်းက လုံလောက်ရန် အတော်လိုနေသေးသည်။ ယွင်လီကောမှာ လုရှောင်ယန်အား ဖန်ဆင်းခြင်းနတ်ဘုရားအဖြစ်တက်လှမ်းရာ၌ ကူညီရန် စွမ်းအားအလုံ‌အလောက်လိုအပ်နေသောကြောင့်ပင်။

လုရှောင်ယန်မှာ ဖန်ဆင်းခြင်းနတ်ဘုရားများ၏ တိုက်ခိုက်ခြင်းခံနေရသောကြောင့် သူ၏ကျင့်ကြံဆင့်က တစ်ပိုင်းလောက်ကျဆင်းသွားပြီဖြစ်သည်။ သူဟာ ဒဿမမြောက်အုပ်ချုပ်သူအဆင့်မဟုတ်တော့ပါချေ။

ထို့ကြောင့် ယွင်လီကောမှာ စွမ်းအားထပ်လိုနေခြင်းပေ။

ထိုအချိန်၌ များစွာသော သဏ္ဍာန်များက သုံးလောကမှ ရုတ်တရတ်ပျံထွက်လာခဲ့သည်။

"ငါတို့ရဲ့စွမ်းအားက အရမ်းကိုအားနည်းနေပေမယ့်လည်း နည်းနည်းလောက်တော့ အကူညီဖြစ်နိုင်လောက်ပါတယ်။"

ယွင်လီကော၏နှလုံးအိမ်မှာ တုန်ယင်သွား၏။ ၎င်းတွင် သူ ယခင်ကမြင်ဖူးကြုံဖူးခဲ့သော မျက်နှာအများအပြားရှိနေသည်ပင်။

၎င်းတို့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း,ဂိုဏ်းချုပ်၊ လီတောက်ရန်၊ အကြီးအကဲဟွမ်... လိပ်နက်ဂိုဏ်း,ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် နတ်ဘုရားလောကမှ အခြားသော အဖွဲ့အစည်းအမြောက်အများပါဝင်၏။ လုမျိုးနွယ်စုမှလွဲလျှင် သူတစ်ချိန်က မိတ်ဆွေဖွဲ့ဖူးခဲ့သော လူတစ်ချို့လည်း ပါသေးသည်။

"အားလုံးပဲ! ကျေးဇူးပါကွာ!"

ယွင်လီကောမှာ လူအတော်များများက ကူညီလာမည်ဟု မထင်ထားခဲ့ချေ။ သူ၏မျက်လုံးများက စိုစွတ်နီရဲလာကြ၏။

တစ်ယောက်‌ပြီးတစ်ယောက်၊ ပုံရိပ်များမှာ အဆီးအတားမဲ့မဟာတွင်းနက်ထဲသို့ ပြေးဝင်နေကြသည်။

နောက်ဆုံးတွင် စွမ်းအားက အထွဋ်အထိပ်ကိုရောက်လာချိန်၌ ယွင်လီကောမှာ ထိုစွမ်းအား,အား သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ပေါင်းစပ်ကာ လုရှောင်ယန်၏ကိုယ်ကို အရားအားလုံးစုပ်ယူခွင့်ပြုလိုက်သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၄။ အပိုင်း ၅၀၈ မပြည့်စုံသော အ‌ဆုံးသတ်(၂)

ထိုအချိန်၌ လုရှောင်ယန်၏အရှိန်အဝါမှာ တဟုန်ထိုးတက်လာ၏။

မဟာအာကာပြင်တစ်ခွင်လုံးလည်းစတင်တုန်ရီလာသည်။

ဖန်ဆင်းခြင်းနတ်ဘုရား၆ဦး၏အမူအရာမှာ ရုတ်တရတ်ပြောင်းလဲသွား၏။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီလိုအချိန်မှာ သူက ထပ်ပြီး ထိုးစစ်ဆင်နိုင်သေးတာလား?"

"မပူပါနဲ့။ ဒါကသူ့အတွက် ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားချန်ထားပေးခဲ့တဲ့ နောက်ခံအစီအစဉ်နေမှာပေါ့။ မြန်မြန်တိုက်ခိုက်ပြီး သူ့ကိုဖျက်ဆီးကြ!"

အားကောင်းသောစွမ်းအားတစ်ခုမှ တစ်ဖန်ဖိအားပေးလိုက်ပြန်သည်။

သို့သော် ဤတစ်ခေါက်တွင် ထိုစွမ်းအားက မလုံလောက်တော့ချေ။

ဘုန်း!

ဖန်ဆင်းခြင်းနတ်ဘုရား၆ဦး၏စွမ်းအားမှာ ရုတ်တရတ်ပိတ်ဆို့ခံလိုက်ရချေပြီ။ အားလုံး၏နှလုံးအိမ်များတုန်ယင်လာကြ၏။ မတုံ့ပြန်နိုင်ခင်တွင် ရွှေရောင်ကိုယ်ထည်တစ်ခု ဖြစ်ပေါ်လာသည်။

ရောင်စုံအလင်းများအား ထိုရွှေရောင်ကိုယ်ထည်မှ ထုတ်လွှတ်နေ၏။

ထိုသည်က ဖန်ဆင်းခြင်းနတ်ဘုရားပါပေ။

လုရှောင်ယန်မှာ နောက်ဆုံး၌ ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်သို့ရောက်သွားချေပြီ။

"သေစမ်း!"

ဖန်ဆင်းခြင်းနတ်ဘုရား၆ဦး၏ အမူအရာများပြောင်းလဲသွားသည်။

"သူနောက်ဆုံးမှာ ဒီအဆင့်ကိုတကယ်ကြီးတက်သွားမယ်လို့ ထင်မထားခဲ့ဘူး။ ဘယ်လိုများလုပ်လိုက်တာပါလိမ့်?"

"မပူပါနဲ့။ သူ့အဆင့်တက်သွားတော့ရော ဘာအရေးလဲ?"

"အရင်က ငါတို့သူ့အဖေကိုသတ်ခဲ့တယ်။ အခု ငါတို့သူ့ကိုလည်းသတ်နိုင်မှာပဲလေ။ ‌ဒါက နောက်ထပ် တိုက်ပွဲကြီးတစ်ခုကိုတိုက်တာက လွဲပြီး ဘာမှမဟုတ်ပါဘူးကွာ။"

လုရှောင်ယန်မှာ အားလုံးကို အေးစက်စက်ကြည့်လျက် ပြုံးရုံသာပြုံးလိုက်၏။

"ငါ့ကို ငါ့အဖေနဲ့တူလိမ့်မယ်လို့ ထင်နေတာလား?"

၎င်းတို့မှာ အင်မတန်နုံချာလှသည်။

"ငါ့အဖေ မင်းတို့ကို တိုက်ခိုက်ဖို့ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းက ငါ့ကို အရေးထားနေသေးလို့ပဲကွ။ သူကငါ့ကို မ‌စတေးချင်ခဲ့ဘူး။"

"ဒါကြောင့် သူက သူ့ကိုယ်သူစတေးပြီး ငါ့ကိုဒီအ‌ခွင့်အရေးပေးသွားခဲ့တာ။"

"ဒါပေမယ့် အခု ငါ့မှာ ဘာဆိုဘာမှမရှိတော့ဘူး။"

"ငါ့မှာ အဖေရော၊ တပည့်တွေရော အသိမိတ်ဆွေတွေရော မရှိတော့ဘူး။ ငါက လုံးဝ တစ်ယောက်တည်းပဲ။"

"ဒါကြောင့် ငါ့မှာ စိုးရိမ်စရာဘာတစ်ခုမှကိုမရှိဘူး။"

ဖန်ဆင်းခြင်းနတ်ဘုရား ၆ဦး၏မျက်လုံးများမှာ အေးစက်သွားသည်။

"ဘာကိုပြောချင်တာလဲ?"

လုရှောင်ယန်မှာ ရှေးဟောင်းပုလဲကိုထုတ်ယူလိုက်သည်။ ထိုခရမ်းရင့်ရောင်ပုလဲမှာ ထူးခြားသောအလင်းတစ်ပြကိုထုတ်လွှတ်လျက် တစ်လောကလုံးကို ထိန်ထိန်လင်းနေစေသည်။

"ငါပြောချင်တာက မင်းတို့အားလုံး ငါနဲ့အတူတူသေရမယ်လို့!"

ယဲ့ချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။

"သူက လက်ထဲက ရှေးဟောင်းပုလဲကို ဖောက်ခွဲချင်နေတာပဲ။"

"သေစမ်း! သူ့ကိုအောင်မြင်ခွင့်မပေးလိုက်နဲ့။ သူ့ဆီက ရှေးဟောင်းပုလဲကိုလုကြ!"

ဖန်ဆင်းခြင်းနတ်ဘုရား၆ဦးမှာ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြကာ လုရှောင်ယန်ကို တားဆီးချင်နေကြသည်။ ကံမကောင်းအကြောင်းမလှစွာဖြင့် လုရှောင်ယန်က ဆုံးဖြတ်ချက်ချပြီးသားပင်။

သူ့အနေနှင့် ဖန်ဆင်းခြင်းနတ်ဘုရားတစ်ပါးဖြစ်လာလည်း ဘာအ‌ရေးနည်း?

အတိတ်က သူဟာ ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦးဖြစ်ချင်ခဲ့သည်။ သူဟာ မည်သူနှင့်မှလည်း မပက်သက်ချင်ခဲ့ချေ။

သို့ရာတွင် အဆုံး၌ ဖန်ဆင်းခြင်းနတ်ဘုရားဖြစ်လာချိန်တွင် လူတစ်ယောက်အတွက် တစ်ဦးတည်းအောင်မြင်ရန် မဖြစ်နိုင်မှန်း သိလိုက်ရသည်။

လူတစ်ယောက်၏ ဘဝခရီး၌ ကြုံဆုံခဲ့ရသည့် ပုံရိပ်တစ်ခုစီတိုင်း၊ မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် ထိုလူ၏ဘဝတစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ထိုလူအား လောကနှင့် အဆုံးမရှိသော အချိတ်အဆတ်များကို တိုးတက်လာစေနိုင်သည်ပင်။

ထို့ကြောင့် ထိုလူမှာ တစ်ဦးတည်း မဟုတ်တော့ချေ။ ထိုလူအတွက် တစ်ဦးတည်းဖြစ်ခဲ့ဖူးပါသော်လည်း အရေးမကြီးချေ။

လက်ရှိသူဟာ ရှင်သန်နေနိုင်ပါလျှင်ပင် သူ၏တပည့်များနှင့် မိတ်ဆွေများအား နေ့ရှိသရွေ့ လွမ်းဆွတ်အောက်မေ့နေရုံသာရှိသည်။

ထိုအရာအားလုံးကို ဖြစ်စေခဲ့သူများမှာ သူ၏ရှေ့ရှိ ဖန်ဆင်းခြင်းနတ်ဘုရားများဖြစ်ကြ၏။

သူဟာ ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် သူ့အား ဤအခြေအနေထိရောက်အောင် တွန်းပို့ခဲ့သည်။

ထိုသို့ဆိုလျှင် သူဟာ မဟာအာကာပြင်တစ်ခုလုံးအား အတူတကွ ငြိမ်းချမ်းခွင့်ပြုလိုက်မည်။

အလင်းများတောက်ပလာကာ ခပ်မြန်မြန်ပင်ပျံ့နှံ့သွားလျက် စကြဝဠာတစ်ခွင်တွင် ပြည့်လျှမ်းသွား၏။

၎င်းက အရာအားလုံးကို တမုဟုတ်ချင်းဆွဲယူငင်သွားသည်။

လုရှောင်ယန်သည်ပင် မလွတ်မြောက်နိုင်ခဲ့။

စကြဝဠာတစ်ခုလုံးမှာ ပျက်စီးသွားသည်။ မသိလိုက်သော အချိန်အတိုင်းအတာတစ်ခုပြီးနောက် လုရှောင်ယန်မှာ အဖြူရောင်လောကတစ်ခုသို့ရောက်‌ရှိနေသလိုခံစားလိုက်ရသည်။

သူဟာ မနေနိုင်ဘဲ ရေရွတ်လိုက်၏။

"ဒါက ရှေးဟောင်းပုလဲရဲ့ အူတိုင်နေရာပဲ!"

"မင်းက?"

လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့မိသွားသည်။ မကြာမီတွင် သူ၏ရှေ့၌ မိန်းမငယ်လေးတစ်ဦး၏ပုံရိပ်ပေါ်လာ၏။

"ကျွန်မက ရှေးဟောင်းပုလဲရဲ့ ပုံရိပ်ယောင်တစ်ခုပါ။ ဒါကို ရှေးဟောင်းပုလဲအသိစိတ်ရဲ့ထင်ရှားမှုလို့လဲ ပြောလို့ရပါတယ်။"

"ငါ ရှေးဟောင်းပုလဲကို ဖောက်ခွဲခဲ့တယ် မဟုတ်ဘူးလား?"

"ဟုတ်တယ်လေ၊ ရှေးဟောင်းပုလဲက ရှင့်ကြောင့်တကယ်ကို ဖြိုခွဲခံလိုက်ရတာပါ။ ‌မဟာအာကာပြင်တစ်ခုလုံးတောင် ရှင့်ကြောင့် ပျက်စီးသွားရတယ်။"

"ဒါဆို ဘာလို့ငါက တည်ရှိနေရသေးတာလဲ?"

"တကယ်တော့ ရှင်က ရှေးဟောင်းပုလဲရဲ့ နည်းလမ်းအမှန်ကို မတော်တဆ အသုံးပြုမိခဲ့တယ်။"

"ရှေးဟောင်းပုလဲက ဒီစကြဝဠာရဲ့ အဆီအနှစ်ပဲ။ ဒါက စွမ်းအင်ပမာဏအတော်များများကိုစုပ်ယူလိုက်ချိန်မှာ ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးက ဒါကိုအစပျိုးပြီး စကြဝဠာတစ်ခုလုံးကိုဖျက်ဆီးနိုင်တယ်။ ဒါကိုဖျက်ဆီးပြီးရင် စွမ်းအားအလုံးစုံက တစ်ခုတည်းအဖြစ်ပြန်ရောက်လာပြီး အသုံးပြုလိုက်တဲ့လူက လောကမှာရှိတဲ့ စွမ်းအားအလုံးစုံကို ထိန်းချုပ်နိုင်မှာပါ။"

"ဒါဆို အသုံးပြုတဲ့သူက ဒီစွမ်းအားနဲ့ လောကအသစ်ကိုဖန်ဆင်းရာမှာ အသုံးပြုလို့ရလိမ့်မယ်။"

"ဒီလောကမှာရှိတဲ့အရာတိုင်းကို အသုံးပြုသူက ဖန်ဆင်းလိမ့်မယ်။ ဒါ့ကြောင့် အသုံးပြုတဲ့သူကပဲ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ သက်ရှိအားလုံးရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိလာမှာ။"

"ဒါက... ဘိုးဘေးအဆင့်ပညာရှင်ဖြစ်လာဖို့ နည်းလမ်းပဲ!"

လုရှောင်ယန်မှာ ကြောင်အသွားသည်။ သူဟာ ဘိုးဘေးအဆင့်၏လျှို့ဝှက်ချက်ကို ဒီလိုသိသွားမည်ဟု မမျှော်လင့်ခဲ့ချေ။

"မင်းပြောချင်တာက ငါအခု လောကအသစ်ကိုဖန်တီးနိုင်ပြီလို့လား? အရင်လောက,က လူတွေလည်း ဒီလောကမှာ ရှိလို့ရလား?"

မိန်းမငယ်လေးမှာ ခေါင်းကိုခါယမ်းလိုက်သည်။

"မရပါဘူး၊ ရှင်မဖန်ဆင်းခင်မှာ အရာအားလုံးက အဦးအစအခြေအနေနဲ့ ညီမျှနေမှ ရမှာ‌မို့လို့ပါ။ ရှင်စပြီး ဖန်တီးလိုက်တာနဲ့ အရင်ဘဝက ဘယ်အရာမှ တည်ရှိလိမ့်မှာမဟုတ်ဘူး။ တူညီတဲ့လူတွေကို တူညီတဲ့မှတ်ဉာဏ်တွေပေးရင်တောင်မှ တူလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် ရှင်ဘာကိုမှ မဖန်တီးဖို့ ရွေးချယ်ရင်တော့ ရှင့်ရဲ့တောင်း‌ဆုနဲ့ ရွေးချယ်မှုတွေအရ မတိုင်ခင်က နောက်ခံကို ပြန်ရနိုင်တယ်။"

"နောက်တစ်မျိုးပြောရရင် ငါ့ရဲ့အရင်လောကကို ပြန်ရနိုင်‌သေးတယ်လား?"

မိန်းမငယ်လေးမှာ ခေါင်းငြိမ့်လိုက်သည်။

လုရှောင်ယန်မှာ အင်မတန်ပျော်ရွှင်သွား၏။

"ဒါဆို ငါ အရင်လောကကို ပြန်ရချင်တယ်၊ ဒါပေမယ့် ပြောင်းလဲမှုတစ်ချို့လည်း လုပ်ချင်သေးတယ်။ ငါ အဲ့ဒီဖန်ဆင်းခြင်းနတ်ဘုရားအားလုံးနဲ့ အပေါင်းအပါတွေကို သတ်ချင်ပြီးတော့ ငါ့တပည့်တွေရဲ့ကျင့်ကြံဆင့်ကို ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ထိ တိုးတက်လာစေချင်တယ်!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၄။ အပိုင်း ၅၀၉ မပြည့်စုံသော အ‌ဆုံးသတ်(၃)

"သူတို့တွေက မဟာအာကာပြင်ရဲ့စကြဝဠာကိုထိန်းချုပ်နိုင်တဲ့လူတွေ ဖြစ်လာရမယ်။"

"ရှင်သေချာစဉ်းစားပြီးပြီလား? ဒီလိုလုပ်ရင် ရှင်ထပ်ပြီး တည်ရှိနိုင်မှာမဟုတ်တော့ဘူးနော်။ ဒါက ရှင် လောကအသစ်တစ်ခုကို ဖန်တီးတဲ့အချိန်မှာ လောကအသစ်ရဲ့စွမ်းအားကို အသုံးပြုရတာကြောင့်ပဲ။ ရှင်သုံးဖို့ စွမ်းအားတော်တော်များ‌များတော့ရှိပါတယ်။ ဒါပေမယ့် အရင်လောကကို ပြန်ရယူပြီး ပြောင်းလဲချင်တယ်ဆိုရင်တော့ ရှင့်စွမ်းအားရဲ့ အဲ့ဒီ့အပိုင်းကို အသုံးပြုလို့မရနိုင်ဘူး။ ဒါ့အပြင် ရှင်ကအခုသေပြီးနေပြီ။ ရှေးဟောင်းပုလဲက ရှင့်အသိစိတ်ကို သိုလှောင်ထားရုံပဲ။ အရင်လောကကို ပြန်ရယူပြီးရင် ရှေးဟောင်းပုလဲရဲ့စွမ်းအားလည်း ခမ်းခြောက်ပြီး ရှင်ကို အကာအကွယ်ပေးနိုင်မှာမဟုတ်ဘူး။"

"ငါ့မှာ ဆန္ဒရှိပါတယ်!"

လုရှောင်ယန်မှာ တုံ့ဆိုင်းမနေချေ။

သူ၏တပည့်များသာ နောက်ဆုံးအချိန်တုန်းက သူ့အားကယ်ဆယ်ရန် စတေးခဲ့ခြင်းကြောင့်မဟုတ်ပါလျှင် သူ့အတွက် ဘိုးဘေးအဆင့်ပညာရှင်တစ်ဦးဖြစ်လာရန် မဖြစ်နိုင်ပါချေ။

သို့သော် ၎င်းတို့မရှိဘဲနှင့် ဘိုးဘေးအဆင့်ပညာရှင်ဖြစ်လျှင်ရော မည်သည့်အဓိပ္ပာယ်ရှိမည်နည်း?

"ရှင်က ထူးဆန်း‌တဲ့ သက်ရှိပဲ။ ကျွန်မ ရှေးဟောင်းပုလဲရဲ့သမိုင်းတစ်လျှောက်မှာ ကြုံဖူးသမျှ သခင်တွေအားလုံးထဲမှာ ရှင်ကသာ လောကအသစ်ကိုဖန်တီးရမယ့်အစား အရင်လောကကို ပြန်ရယူဖို့ ရွေးချယ်တဲ့တစ်ဦးတည်းသော လူပဲ။"

"ဒါဆို ငါ့ကိုဦးဆုံးခွင့်ပြုပါဦး။"

လုရှောင်ယန်မှာ မျက်လုံးများမှိတ်လိုက်ရာ မိန်းမငယ်လေးမှာ အတန်ငယ်ခေါင်းယမ်းလိုက်သည်။ သူမဟာ ခံစားချက်မရှိသည့် အသိစိတ်သာဖြစ်သောကြောင့် လုရှောင်ယန်၏ ရွေးချယ်မှုကို နားလည်နိုင်ခြင်းမရှိပါချေ။

နှစ်များစွာကြာပြီးနောက်၌ အရာအားလုံးမှာ တစ် နှစ်ထပ်( 1² )ဖြစ်လာသည်။ (ဘာမှမပြောင်းလဲတာကိုပြောချင်တာပါ)

သို့သော် ပြောင်းလဲမှုအနည်းငယ်တော့ရှိသည်။

မူလဖန်ဆင်းခြင်းနတ်ဘုရားများမရှိတော့ဘဲ ယွင်လီကောနှင့် အခြားလူများက အစားဝင်သွားခဲ့၏။

မဟာအာကာပြင်စကြဝဠာတစ်ခုလုံးမှာလည်း တည်ငြိမ်လာသည်။

ထိုအချိန်အတွင်း ယွင်လီကောနှင့် ကျန်တပည့်များမှာ လုရှောင်ယန်ကို ရှာဖွေခြင်းအား ဘယ်တော့မှ လက်မလျော့ကြချေ။

ကမ္ဘာမြေရှိ ဘားတစ်ခု၌။

"ဝေ့၊ ညီလေးခုနှစ်၊ ခွေးကောင်လေး။ မင်းဒီဂြိုဟ်မှာ ဆရာ့ဖြစ်တည်မှုရဲ့ အရိပ်ယောင်တွေ တွေ့ခဲ့တယ်လို့ မပြောခဲ့ဖူးလား? ဘာလို့ဆရာ့ကိုရှာမတွေ့ရသေးတာလဲ?"

"ဆရာတူအစ်ကိုအကြီးဆုံး၊ ဒေါသမထွက်ပါနဲ့! ကျွန်တော်တကယ် ခက်ခက်ခဲခဲရှာနေတာပါ။ ဆရာမရှိတာကြောင့် ကျွန်တော်က အစ်ကို့ထက်တောင် ပိုပြီးစိတ်ပူနေသေးတယ်။"

"ကျွန်တော် မဟာအာကာပြင်ရဲ့အပြင်ဘက်က စကြဝဠာအားလုံးမှာ ရှာပြီးပြီ။ ဒီနေရာမှာပဲ ဆရာ့ရဲ့ရောင်ဝါရှိနေတာ။ ဒါပေမယ့် အဲ့ဒါကအရမ်းအားနည်းပြီး မတည်မငြိမ်ဖြစ်နေလို့ လက်ရှိမှာတော့ ရှာဖို့အရမ်းခက်နေသေးတယ်။"

"ပြီးတော့၊ အစ်ကိုတို့အားလုံးက ‌တစ်နေ့လုံး ဘဝကောင်းလေးမှာ နေနေကြတယ်လေ။ ကျွန်တော်တစ်ယောက်တည်း ဆရာ့ကိုရှာဖို့ကလည်း အတော်ကိုခက်ခဲလွန်းပါတယ်။"

"ပေါက်ကရတွေတော်စမ်းပါ။ ငါမင်းကို ဆရာ့ကိုအရှာခိုင်းလိုက်‌လို့ ဝမ်းနည်းနေတာလား? ငါမင်းကို ရိုက်မယ်ဆိုရင်ရော ယုံမှာလား?"

"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပါပြီ။ ကျွန်တော်သွားပြီး ဆက်ကြည့်လိုက်ပါ့မယ်။ မရပ်ဘဲနဲ့ ရှာပါ့မယ်။ ကျွန်တော်ဆရာ့ကိုမတွေ့ရင် မနားတော့ပါဘူး၊ ဟုတ်ပြီလား?"

ရပ်တန့်နေပြီးနောက်၌ ယွင်လီကောမှာ မထိန်းနိုင်ဘဲ သရောလိုက်သည်။

"ဒီညီလေးခုနှစ်ကမယုံရဘူးပဲ။ ငါတို့သူ့ကို ပညာပေးရမယ်ထင်တယ်။ သူနဲ့ဆရာတူညီမလေးနှစ်မှာပဲ ဆရာ့ရဲ့သွေးဆက်ရှိတာကြောင့်သာမဟုတ်ရင် ဆရာ့ကိုငါ့ဘာသာ ရှာနေလိုက်ပြီ။"

လီချန်းရှန်မှာ ပြုံးလိုက်၏။

"မတတ်နိုင်ဘူးလေ။ ပြောရရင် သူကဘိုးဘေးနဂါးဝင်စားပြီး ဆရာတူအစ်မနှစ်က အနှစ်သာရဇာမဏီဝင်စားတာဆိုတော့။"

"သူတို့အားလုံး ပန်ဂုကနေ ခွဲထွက်လာပြီး ဆရာ့ရဲ့ကိုယ်ကလည်း ပန်ဂုကနေဖြစ်လာတာ။ သူတို့နှစ်ယောက်ကပဲ ဆရာနဲ့ ဆက်နွယ်နေတုန်းပဲ။"

"ဆရာတူအစ်မကျီက ဘာတွေလုပ်နေလဲ? သူမလည်း ဘာလို့ဆရာ့ကိုလာမရှာတာလဲ?"

"ဆရာတူအစ်မနှစ်က အခု ပင်ဂွင်းအုပ်စုလို့ခေါ်တဲ့ ဝက်ဘ်ဆိုဒ်မှာ ဝတ္တုတစ်ပုဒ်ရေးနေတာ၊ ဒါပေမယ့် သူ့ရဲ့ရလဒ်တွေကလည်း အတော်လေး စိတ်ညစ်စရာပါကွာ။ သူက ငါတို့နဲ့ ဆရာ့ရဲ့ဇာတ်ကြောင်းကို စာလုံးပေါင်း ၁.၄သန်းလောက်ရေးပြီး နောက်ဆုံးမှာ အဲ့ဒီ့စာအုပ်က ရောင်းရအကောင်းဆုံးတောင်ဖြစ်မလာဘူး!"

"နောက်ဆုံးမှာ ဆရာတူညီလေးခြောက်နဲ့ငါတောင် သူ့ကို ဆုတစ်ခုပေးဖို့ အကောင့်တုလေးတွေဖွင့်လိုက်ရသေးတယ်။"

ယွင်လီကောမှာ ခေါင်းခါလိုက်သည်။

"‌ဒီဆရာတူညီမလေးကျီက ဖန်ဆင်းခြင်းနတ်ဘုရားဖြစ်လာပေမယ့်လည်း အတော်လေး ထူးဆန်းနေတုန်းပဲ။ ဘာလို့ ဘာအကြောင်းမှမရှိဘဲ ဝတ္တုထရေးရတာလဲ? သူ့ရဲ့ ဘဝကိုဖြုန်းတီးနေတာလား? အရင်က၊ သူက ဒိုင်ယာရီ ရေးရတာကြိုက်ခဲ့တယ်။ ဒိုင်ယာရီသိမ်းထားရတာကြိုက်တဲ့ လူပဲ!"

"ဆရာတူအစ်မနှစ်ကိုက ပုံမှန်လို့သတ်မှတ်လို့ရပါသေးတယ်။ အနည်းဆုံးတော့ သူ့ရဲ့ဘဝမှာ ယုံကြည်ချက်မပျောက်သေးဘူးလေ။"

"သူက ဒုတိယဝတ္တုတောင်ရေးဖို့‌ပြင်နေပြီ— ငါက 'သိုင်းတာအိုစာကြည့်တိုက်မှာ ပြိုင်ဘက်ကင်းပဲ' ဆိုလား။"

"သူစိတ်ပါပါရေးနေတာကိုမြင်ခဲ့လို့ အကောင့်ထဲဝင်ပြီးတောင် ဆုတွေ အများကြီးပေးခဲ့သေးတယ်။ သူ ဒီတစ်ခေါက်တော့ သနားစရာကောင်းလောက်အောင် မလုပ်တော့ဘူး ထင်ရတာပဲ။"

"နှိုင်းရရင် အခြားဆရာတူညီအစ်ကိုတွေက ပိုလို့တောင် ပျင်းစရာကောင်းသေးတယ်။"

"ဆရာအစ်ကိုသုံးက ကောင်းကင်နတ်ဆိုးဂိုဏ်းကိုပြန်ရောက်နေပြီး နေ့တိုင်းနေ့တိုင်း ကျီရွေ့တောင်ထွဋ်မှာ အမူးသမားဘဝနဲ့နေနေတယ်။"

"ဆရာတူညီမလေးငါးနဲ့ ဆရာတူညီလေး‌ခြောက်ကလည်း မဟာအာကာပြင်ကို ရန်သူတွေ တိုက်ခိုက်မှုကနေ တားဆီးဖို့ ကင်းလှည့်နေကြလေရဲ့။"

"ညီလေးရှစ်နဲ့ ညီလေးကိုးဘယ်မှာ ရှိလဲဆိုတာတော့မသိသေးဘူး။"

"ဆရာထွက်သွားကတည်းက ငါတို့အမည်မဲ့ဂိုဏ်းကြီး ကျောရိုးမရှိတော့တာပဲ။"

"ဘယ်သူက ဒီမှာ နေဖို့ ဆန္ဒရှိနေဦးမှာလဲ?"

"ကောင်းပြီလေ၊ ငါအချိန်မဖြုန်းတော့ဘူး။ လမ်းလျှောက်ထွက်လိုက်ဦးမယ်။ ဆောင်ကြာမြိုင်ဆီက ဝင်ငွေတွေကိုလည်း ဂရုစိုက်ဦး။ မဟုတ်ရင် ဆရာဦးလေး တောက်ရန်က ငါတို့နှစ်ယောက်အတူတူ သူ့ကိုဝေစုနည်းနည်းပဲပေးပြီး အနိုင်ကျင့်တယ်လို့ ပြောဦးမယ်။"

"မပူပါနဲ့၊ ကျွန်တော်နဲ့ထားခဲ့လိုက်။"

ယွင်လီကောမှာ ဆောင်ကြာမြိုင်မှ ထွက်လာ၏။ ဆရာထွက်သွားပြီးနောက်တွင် ကျွင့်ပုကျန်းက ဤကမ္ဘာမြေဟုခေါ်သောနေရာ၌ ဆရာ့၏ရောင်ဝါကိုရှာတွေ့ခဲ့သည်ဟု ပြောသောကြောင့် ရောက်လာရခြင်းပင်။ သူဘာမျှလုပ်စရာမရှိမှတော့ အချိန်ကုန်ရန် လီချန်းရှန်၊ ဆရာဦးလေးတောက်ရန်တို့နှင့်အတူ ဆောင်ကြာမြိုင်တစ်ခုဖွင့်ခဲ့သည်။

သူ၏ဆောင်ကြာမြိုင်စီးပွားရေးက ပိုလို့ပိုလို့ ကျော်ကြားလာသော်လည်း သူ၏ဆရာကိုရှာမတွေ့နိုင်သေးချေ။

သူ၏အကြည့်များက စည်ကားလှသောမြို့တော်ကိုဖြန့်ကျက်ကာ ခေါင်းခါပြီး စီးကရက်ကို မီးညှိလိုက်ပါ၏။ အိတ်ကပ်များထဲ လက်ထည့်ရင်း သူဟာ ခပ်ဝေးဝေးသို့လျှောက်သွား၏။

"ဆရာ! အသက်ရှင်နေသေးလား?"

"အသက်ရှင်နေသေးရင်လည်း ကျွန်တော့်ကို အမှာလေးတစ်ခုတော့ပါးပါဦး။"

"ကျွန်တော် တကယ်သတိရနေတယ်။"

လမ်းလျှောက်သွားပြီးနောက်တွင် သူ၏နောက်မှ ခွေးတစ်ကောင်ကို‌ချီထားသော လူတစ်ယောက်မှာ ကူကယ်ရာမဲ့စွာဖြင့် ရှုပ်ထွေးနေဟန်မေးလိုက်သည်။

"ဝမ့်ခိုက်၊ ဒီလူကိုနည်းနည်းလောက်ရင်းနှီး‌နေတယ်လို့မထင်ဘူးလား?"

"ဝုတ်၊ ဝုတ် ဝုတ် ဝုတ်!"

"အေးပါ၊ အေးပါ၊ အော်နေတာရပ်လိုက်တော့။ မင်းက ငါ့ကိုခေါင်းကိုက်အောင်လုပ်နေတာပဲ။ ငါမင်းကို အခုပဲ ဝက်အူချောင်းဝယ်ကျွေးပါ့မယ်၊ ဟုတ်ပြီလား? စတိုးဆိုင်ဖွင့်‌သေးမယ်‌လို့တော့ မျှော်လင့်ပါတယ်။"

ထိုသို့ပြောလိုက်ရင်း ထိုလူမှာ ခွေးအား တခြားတစ်ဖက်သို့ ဦးဆောင်ခေါ်သွားလိုက်တော့သည်။

***ပြီးပါပြီ***

“ဇာတ်သိမ်းအထိ လိုက်ပါ အားပေးခဲ့ကြတဲ့

စာဖတ်သူ တာအိုရောင်းရင်းတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်”

Black Pearl Translation

All Chapters