မင်းတို့အားလုံး သေရမယ်
Vol. 155 Ch. 2325
ဖန်းယီက အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို.. မင်းက ဘာမှ စိတ်ကူးယဉ်မနေနဲ့တော့.. အဆင့် -၉ ကောင်းကင်အင်မော်တယ် မင်းရဲ့စီနီယာအစ်ကိုတောင်မှ ငါတို့ကြောင့် ဒုက္ခိတဖြစ်သွားပြီ”
ယန်လောရှုအကြောင်း ပြောချိန်မှာ ဆူဇီမို၏ အကြည့်က ပို၍ပင် အေးစက်လာခဲ့၏။ သူက ထန်ပန်ကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းက တစ်ဂိုဏ်းတည်းသားချင်း တိုက်ခိုက်ဖို့အတွက် အပြင်လူတွေနဲ့ ပူးပေါင်းတဲ့အတွက် သေ သင့် သေ ထိုက် တယ်”
ထန်ပန်က ဆူဇီမို၏ အကြည့်အောက်မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားရ၏။
အခြားသူများက ဆူဇီမို၏ သရုပ်သကန်ကို သိရှိချင်မှ သိရှိကြပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုသည် ဂိုဏ်းချုပ်၏ အမည်ခံတပည့်ဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်းရှိသည်ကို ထန်ပန်က သိရှိထားလေသည်။
ဆူဇီမိုက တက္ကသိုလ်ကို အသက်ရှင်လျက် ပြန်ရောက်သွားမည်ဆိုလျှင် သူသည် တက္ကသိုလ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အပြစ်ပေးခံရမည်ဖြစ်ပြီး သေချာပေါက် သေရပေလိမ့်မည်။
ဒါ့အပြင် တာအိုနှလုံးသားလှေကားပေါ်မှာ ဒသမမြောက် ကျောက်လှေကားထစ်ကို ဆူဇီမို စုဖွဲ့ခဲ့သည့် တုန်လှုပ်စရာကောင်းလွန်းသော မြင်ကွင်းကို သူက ကိုယ်တိုင်တွေ့မြင်ခဲ့ရ၏။
ဆူဇီမိုသည် အဆင့်နိမ့် ကောင်းကင်အင်မော်တယ်တစ်ဦးသာ ဖြစ်သော်လည်း သူက ယုံကြည်မှု မရှိဘဲ အမှားအယွင်းတစ်ခုခုဖြစ်လာမည်ကို စိုးရိမ်ပူပန်နေ၏။
ထန်ပန်က တံတွေးကို အလျင်စလို မျိုချပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“အားလုံးပဲ.. ခင်ဗျားတို့ သူနဲ့ အချိန်ဖြုန်းမနေကြနဲ့တော့.. သူ့ရဲ့ ကျင့်ကြံမှုကို အရင်ဆုံးဖျက်ဆီးလိုက်.. ပြီးတော့မှ ခင်ဗျားတို့ စိတ်ကြိုက် ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ကြပေါ့”
“တိုက်ကြ”
ရှဲ့ထျန့်ဟုန်က လေးနက်သော အသံဖြင့် အော်ပြောလိုက်၏။
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် မင်းသားယွမ်ကျော၊ ကောင်းကင်အင်မော်တယ် ကွေ့ယွမ်၊ ဖန်းယီနှင့် ရှဲ့ထျန့်ဟုန်တို့က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။
မင်းသားယွမ်ကျောနှင့် ရှဲ့ထျန့်ဟုန်တို့၏ နောက်ဘက်ရှိ ရာနှင့်ချီသော ကောင်းကင်အင်မော်တယ်များက လှုပ်ရှားမလာကြပေ။
သူတို့ လေးယောက်သည် ကြိုတင်သဘောတူထားပြီးသားဖြစ်ပြီး ဤမျှ များပြားသော လူများက ဆူဇီမိုကို အတူတကွ တိုက်ခိုက်စရာ မလိုပေ။
ဤမျှ များပြားသော ကောင်းကင်အင်မော်တယ်ပညာရှင်များက တစ်ချိန်တည်းမှာ တိုက်ခိုက်ကြမည်ဆိုလျှင် ဓမ္မပညာရပ်၊ နတ်ဘုရားစွမ်းအား သို့မဟုတ် ဓမ္မရတနာတစ်ခုစီကို ထုတ်ဖော်မည်ဆိုလျှင်တောင် ဆူဇီမိုက မတော်တဆ သေဆုံးသွားနိုင်၏။
သူတို့ လေးယောက်သည် အရင်ဆုံး ဆူဇီမိုကို အသက်ရှင်လျက် ဖမ်းဆီးပြီး သူ၏ ကျင့်ကြံမှုကိုသာ ဖျက်ဆီးပစ်လိုလေသည်။ အဲဒါမှသာ သူတို့က သူ့ကို ကောင်းကောင်းညှဉ်းပန်းနှိပ်စက်နိုင်မည်ဖြစ်၏။
ရှဲ့ထျန့်ဟုန်အတွက်တော့ သူသည် ဆူဇီမိုကို ဒုံမင်းအင်မော်တယ်မုန့်ယောင်ထံ အသက်ရှင်လျက် ခေါ်သွားနိုင်မည်ဆိုလျှင် သူမက ပို၍ပင် ပျော်ရွှင်ရပေလိမ့်မည်။
သူတို့နှစ်ယောက်၏ နောက်ဘက်တွင် ရှိသော ရာနှင့်ချီသည့် ကောင်းကင်အင်မော်တယ်ပညာရှင်များကို ပိုပိုလိုလို ခေါ်လာခဲ့ခြင်းသာဖြစ်၏။
မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်စလုံးသည် အင်မော်တယ်နိုင်ငံများ၏ မင်းသားများဖြစ်၏။ သူတို့အနေဖြင့် ရာနှင့်ချီသော ကောင်းကင်အင်မော်တယ်ပညာရှင်များကို စုစည်းလာခဲ့ဖို့က မခက်ခဲပေ။
“မင်းတို့တွေအားလုံး သေရမယ်”
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က လျှပ်စီးကဲ့သို့ တဝင်းဝင်းလက်လာ၏။ သူ၏ နှာရောင်က တောက်ပသွားပြီး ရှေးကျသော လေးထောင့်ကျကျ ကြေးမီးဖိုတစ်လုံးက ဖြည်းဖြည်းချင်း လွင့်မျောထွက်ပေါ်လာ၏။ မီးဖိုနံရံ လေးဖက်ပေါ်မှာ ရှေးဟောင်းသက်ရှိများ၏ အသက်ဝင်နေသော ရုပ်ပုံကားချပ်များ ရှိနေ၏။
“ဒီမီးဖိုပဲလား”
မင်းသားယွမ်ကျောက အာရုံစိုက်၍ ကြည့်လိုက်၏။
အရင်တုန်းက ဖုန့်စန်းထျန်သည် ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့စဉ် သူက အဘက်ဘက်မှာ တိုက်ခိုက်သတ်ဖြတ်ပြီး သူ၏ မူပိုင်စိတ်ဝိညာဉ်ရတနာကို ပြန်လည်ရယူရန် ဤစတုရန်းကြေးမီးဖိုကို အသုံးချခဲ့လေသည်။
အရင်တုန်းက ဤစတုရန်းကြေးမီးဖိုသည် အနည်းငယ် ယိုယွင်းပျက်စီးနေပုံရပြီး ၎င်း၏ နံရံများက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့၏။
ယခုအခါမှာ စတုရန်းကြေးမီးဖိုက အကောင်းအတိုင်း ရှိလာသည့်ပုံပင်။
ငရဲဖိနှိမ်မီးဖိုက ဆင်းသက်လာခဲ့၏။
မင်းသားယွမ်ကျော၊ ကောင်းကင်အင်မော်တယ် ကွေ့ယွမ်၊ ဖန်းယီနှင့် ရှဲ့ထျန့်ဟုန်တို့က တစ်ချိန်တည်းမှာ ခဏမျှ ရပ်တန့်ပြီး ရင်တလှပ်လှပ် ခံစားချက်နှင့်အတူ ငရဲဖိနှိမ်မီးဖိုနံရံများပေါ်ရှိ သက်ရှိရုပ်ပုံများကို စိုက်ကြည့်လိုက်ကြ၏။
မီးဖိုနံရံ လေးဖက်က လူလေးယောက်ကို မျက်နှာမူထား၏။
လူတိုင်းသည် မတူညီသော သက်ရှိများကို တွေ့မြင်နေရ၏။
သို့သော်လည်း မီးဖိုနံရံ တစ်ဖက်ချင်းစီပေါ်ရှိ သက်ရှိများသည် အရိုင်းဆန်သော စကြာဝဠာကနေ လာသည့် အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။ သူတို့က ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်ပြီး အဆုံးမဲ့ စွမ်းပကားများကို ပိုင်ဆိုင်ထားကြ၏။
“ဒါက..”
ရှဲ့ထျန့်ဟုန်က မလှမ်းမကမ်း မီးဖိုနံရံပေါ်ရှိ စိတ်ဝိညာဉ်လိပ်နှင့်တူသော သက်ရှိကို စိုက်ကြည့်လိုက်၏။
ထိုသက်ရှိသည် ၎င်း၏ ကျောပေါ်မှာ လိပ်ခွံတစ်ခုကို တင်ဆောင်ထားပြီး ခြေလက်လေးဖက်က ပင်လယ်ရေပြင်ပေါ်မှာ ရပ်နေ၏။ သို့သော်လည်း ၎င်းမှာ လိပ်တစ်ကောင်နှင့်တူသော ဦးခေါင်းနှစ်လုံး ရှိပြီး တစ်ခုနှင့်တစ်ခု ရစ်ပတ်နေ၏။
ဟာ…
ရှဲ့ထျန့်ဟုန်က အလောတကြီး ပင့်သက်ရှိုက်လိုက်၏။
မဟူရာကုန်းလိပ်၏ အထွတ်အမြတ်ဝိညာဉ်…
သူ၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။
သူသည် မီးဖို၏ နံရံပေါ်ရှိ မဟူရာကုန်းလိပ်ရုပ်ပုံက ဘာကိုဆိုလိုသည်ကို မသိရှိပေ။
သို့သော်လည်း မဟူရာကုန်းလိပ်နှင့် ဆက်စပ်နေသည့် လက်နက်များနှင့် ဓမ္မရတနာများသည် စဉ်းစားကြည့်၍ မရနိုင်အောင် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို သေချာပေါက် ပိုင်ဆိုင်တတ်ကြလေသည်။
“နောက်ဆုတ်ကြ”
ရှဲ့ထျန့်ဟုန်က အလွန်တရာ သတိကြီးကြီးထားနေပြီး မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
သူက သူတို့ လေးယောက်ထဲမှာ အရင်ဆုံး နောက်သို့ ဆုတ်ခွာလိုက်၏။
တစ်ဖက်မှာတော့ မင်းသားယွမ်ကျောသည် ငရဲဖိနှိမ်မီးဖို၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို တွေ့မြင်ဖူးထားပြီး သူက အစကတည်းက စိုးရိမ်ပူပန်နေ၏။
ယခု သူက မီးဖိုနံရံပေါ်ရှိ နတ်နဂါးကို စိုက်ကြည့်နေပြီး ရင်တထိတ်ထိတ် ခံစားနေရကာ အလိုလို သူ၏ အရှိန်ကို လျှော့ချလိုက်၏။
ကောင်းကင်အင်မော်တယ် ကွေ့ယွမ်နှင့် ဖန်းယီကတော့ သူတို့သည် အရင်က ဆူဇီမိုနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသည့်အတွက် သူ့အကြောင်း လုံးဝ မသိရှိပေ။
ရှဲ့ထျန့်ဟုန်က နောက်သို့ဆုတ်ခွာပြီး မင်းသားယွမ်ကျောက အရှိန်လျှော့ချလိုက်သည်ကို သူတို့နှစ်ယောက်က သတိထားမိလိုက်၏။ သို့သော်လည်း သူတို့က အချိန်မီ မတုံ့ပြန်နိုင်ကြပေ။
ထိုစဉ်မှာပင် ငရဲဖိနှိမ်မီးဖိုနံရံပေါ်ရှိ အထွတ်အမြတ်ဝိညာဉ် လေးခုက ရုတ်တရက် သူတို့၏ မျက်လုံးများကို ဖွင့်ပြီး နတ်ဘုရားအလင်းများကို ထုတ်ဖော်လိုက်ကြ၏။
ငရဲဖိနှိမ်မီးဖိုသည် မိုးကောင်းကင်ကိုးလွှာမှာ ရတနာများကို ဆက်တိုက်ဝါးမျိုခဲ့ပြီး ၎င်း၏ ကိုယ်ထည်က ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။ ယခု အထွတ်အမြတ်ဝိညာဉ် လေးခုသည် အားအင်ပြန်လည်ပြည့်ဝလာပြီး သူတို့အားလုံးက နိုးထနေကြလေပြီ။
“ဂါး…”
အထွတ်အမြတ်ဝိညာဉ် လေးခုက ငရဲဖိနှိမ်မီးဖိုပေါ်ကနေ ထွက်ခွာလာပြီး ကြမ်းကြုတ်ခက်ထန်သော၊ စူးရှသော သို့မဟုတ် သိပ်သည်းလေးလံသော ဟိန်းဟောက်သံများကို ဆက်တိုက်ထုတ်ဖော်လိုက်ကြ၏။
အထွတ်အမြတ်ဝိညာဉ် လေးခုသည် သီးခြားဆင်းသက်လာပါက သူတို့သည် ထိပ်သီး အဆင့်-၉ ကောင်းကင်အင်မော်တယ်များကို ယှဉ်နိုင်လေသည်။
နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်သည် ထိပ်သီးကောင်းကင်အင်မော်တယ် မိန်ကျိကို သတ်ဖြတ်ခဲ့လေသည်။
ယခု ငရဲဖိနှိမ်မီးဖိုကို လုံးလုံးလျားလျား ပြင်ဆင်ပြီးသွားခဲ့ပြီး အထွတ်အမြတ်ဝိညာဉ် လေးခု၏ စွမ်းအားကလည်း ယခင်ကထက် များစွာပိုမို သန်မာလာခဲ့၏။
ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်သည် ငရဲဖိနှိမ်မီးဖိုထဲကနေ ပျံသန်းထွက်ပေါ်လာ၏။ ၎င်းက တစ်ကိုယ်လုံး နီရဲနေပြီး ၎င်း၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်၏။ နီရဲနေသော မီးတောက်များက ၎င်း၏ ကိုယ်ပေါ်မှာ စီးဆင်းနေပြီး ချော်ရည်များကဲ့သို့ တစက်စက် စီးကျနေ၏။
ကောင်းကင်အင်မော်တယ် ကွေ့ယွမ်သည် ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ် ရှိရာ မီးဖိုနံရံကို မျက်နှာချင်းဆိုင်ထားပြီး ဤပြောင်းလဲမှုမှာ အငိုက်မိသွားလေသည်။
ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်၏ မျက်လုံးများမှာ အန္တိမ စွမ်းပကားတစ်ခု ပါဝင်နေပြီး ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား ကောင်းကင်အင်မော်တယ် ကွေ့ယွမ်ကို ကြည့်နေ၏။
သူက စိတ်အာရုံပျက်ယွင်းသွားသည့် ခဏမှာပင် ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်က သူ့ထံသို့ ပြေးဝင်လာခဲ့ပြီဖြစ်၏။ ချစ်ချစ်တောက် ပူပြင်းသော အပူလှိုင်းတစ်ခုက ကောင်းကင်အင်မော်တယ် ကွေ့ယွမ်၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေလုနီးပါးပင်။
သူ၏ ခန္ဓာကိုယ်က အတွင်း အပြင် မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့၏။
“အား…”
သေရေးရှင်ရေး အခိုက်အတန့်မှာ ကောင်းကင်အင်မော်တယ် ကွေ့ယွမ်က စူးစူးဝါးဝါး အော်ဟစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာ လှည့်ပတ်ကာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက သူ့ကိုယ်သူ ကာကွယ်ပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်လေသည်။
သို့သော်လည်း သူ၏ အန္တိမနတ်ဘုရားစွမ်းအား ဖြစ်ပေါ်လာသည့် ခဏမှာပင် အဲဒါက ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်၏ မီးတောက်များဖြင့် ရှင်းလင်းစွာ လောင်ကျွမ်းခံလိုက်ရ၏။
အဲဒါသည် ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်မီးဖြစ်ပြီး တောင်ပိုင်းမင်းလီမီးထက်ပင် ပိုမိုသန်မာလေသည်။
ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်သည် ကောင်းကင်အင်မော်တယ် ကွေ့ယွမ် ဘေးကနေ ဖြတ်သွားပြီး သူက တိုက်ခိုက်သည်ဆိုရုံမျှသာ တိုက်ခိုက်ခဲ့လေသည်။ ကောင်းကင်အင်မော်တယ် ကွေ့ယွမ် ရှိခဲ့သော နေရာမှာ ပြာလုံးတစ်လုံးသာလျှင် ကျန်ရစ်ခဲ့ပြီး လေနှင့်အတူ ပြန့်ကျဲသွား၏။
ကောင်းကင်အင်မော်တယ် ကွေ့ယွမ်က လောင်ကျွမ်းပြာကျသွားခဲ့ပြီဖြစ်၏။
ဖန်းယီ၏ အခြေအနေကလည်း ကောင်းကင်အင်မော်တယ် ကွေ့ယွမ်ထက် များစွာ ပိုမိုမကောင်းပေ။
သူသည် သူ့ရှေ့တည့်တည့်ရှိ မီးဖိုနံရံထဲကနေ သားမွေးဖြူများ ဖုံးအုပ်ထားသည့် ကျားတစ်ကောင် ပြေးထွက်လာသည်ကို တွေ့ရသောအခါ သူ့မှာ ကြိုတင်ပြင်ဆင်ထားမှု မရှိပေ။
သူသည် ဆိုးယုတ်အော်ရာတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရပြီး အဲဒါက အစိုင်အခဲဖွဲ့လုနီးပါး သွေးချီဖြင့် ပြည့်နှက်နေ၏။
ကျားဖြူ အထွတ်အမြတ်ဝိညာဉ်သည် အနောက်ဘက်အရပ်မှာ အုပ်စိုးပြီး သတ်ဖြတ်ခြင်းမှာ အထူးပြုလေသည်။
ကျားဖြူ အထွတ်အမြတ်ဝိညာဉ်ပေါ်ကနေ ကျွတ်ကျလာသည့် အမွေးတစ်မှင်ချင်းစီမှာ သက်ရှိများ အားလုံးကို ချေမှုန်းသုတ်သင်နိုင်သည့် အန္တိမ သတ်ဖြတ်ခြင်းစွမ်းအား ပါဝင်လေသည်။
ဖန်းယီသည် ကျားဖြူ အထွတ်အမြတ်ဝိညာဉ်၏ စိုက်ကြည့်ခြင်းခံရပြီးနောက် သူ၏ ခြေလက်များ အေးစက်လာသည်ဟု ခံစားရပြီး သူ၏ ခန္ဓာကိုယ်က တောင့်တင်းကာ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ခွန်အား မရှိတော့သည့်အလားပင်။
သူသည် အရမ်းကို ကြောက်လန့်နေပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်ကာ သူ၏ ခါးပေါ်မှ ကျောက်စိမ်းဆွဲသီးကို ခပ်မြန်မြန် ချိုးခြေလိုက်၏။
ကျားဖြူ အထွတ်အမြတ်ဝိညာဉ်က ရှေ့သို့ ခုန်အုပ်လာခဲ့ပြီဖြစ်၏။
ရှီး…
စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။
ဖန်းယီ၏ ဘေးပတ်လည်မှ အကာအရံအလွှာသည် ကျားဖြူ အထွတ်အမြတ်ဝိညာဉ်၏ ဆုတ်ဖြဲခြင်းခံလိုက်ရပြီး ဖန်းယီ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။
ကျားဖြူ အထွတ်အမြတ်ဝိညာဉ်က ရှေ့သို့ ပြေးဝင်လာပြီး အေးစက်စက်အလင်းဖြင့် တောက်ပနေသော သူ၏ လက်သည်းများနှင့်အတူ အောက်ကို ရိုက်ချလိုက်၏။
ဖန်းယီ၏ ခန္ဓာကိုယ်က ကြီးမားသော ကျားလက်သည်းများဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးကာ နေရာမှာတင် သေဆုံးသွား၏။
ကောင်းကင်အင်မော်တယ် ကွေ့ယွမ်နှင့် ဖန်းယီက ကံမကောင်းကြပေ။
အထွတ်အမြတ်ဝိညာဉ် လေးခုကြားမှာ ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်နှင့် ကျားဖြူ အထွတ်အမြတ်ဝိညာဉ်သည် ကြမ်းကြုတ်ခက်ထန်မှု အရှိဆုံးဖြစ်လေသည်။
ဒါ့အပြင် သူတို့က အငိုက်မိသွားခဲ့ကြ၏။ ဆူဇီမိုမှာ သူတို့ကို ခြိမ်းခြောက်နိုင်သည့် နည်းလမ်းများ ရှိနေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့မိပေ။
တစ်ခဏချင်းမှာပင် သူတို့က နေရာမှာတင် သေဆုံးသွားကြ၏။