← Chapters

အဝီစိငရဲမီး

Vol. 155 Ch. 2314

အဝီစိငရဲမီး

Vol. 155 Ch. 2314

“ဒါက...”

မိုးကောင်းကင်ထက်ကနေ ပုံရိပ်တစ်ခုက ဆင်းသက်လာပြီး အောက်ဘက်မှာဖြန့်ကြက်ထားသည့် အမှောင်ထုကို သုန်မှုန်နေသော အမူအရာဖြင့် ငုံ့ကြည့်လိုက်၏။

သူက ရင်တစ်ချက်ထိတ်သွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

“မဟာမိစ္ဆာရဲ့ကောင်းကင်ဘုံ”

“ဧကရာဇ်ပိုရွှင်းပဲ”

ဗုဒ္ဓကျောင်းတော်များ၏ ဤဧကရာဇ်က အောက်ဘက်ကောင်းကင်ကို လွှမ်းခြုံထားသည့် မကောင်းဆိုးဝါးဆန်ဆန်လောက၏ ဇာစ်မြစ်ကို ချက်ချင်းပင် မှတ်မိသိရှိသွား၏။

သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက ထင်ဟပ်လာ၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဧကရာဇ်ပိုရွှင်းသည် အဝီစိသို့ တွန်းပို့ခံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်၏။ မဟာမိစ္ဆာ၏ ကောင်းကင်ဘုံက ဘယ်လိုလုပ်ပြန်လည်ပေါ်ထွက်လာတာလဲ။

ထိုစဥ်မှာပင် အောက်ဘက်မှာရှိသော မဟာမိစ္ဆာ၏ ကောင်းကင်ဘုံက ရုတ်တရက်ဒီရေလှိုင်းများကိုဆန်၍ မြင့်တက်လာခဲ့၏။

အဆုံးမဲ့အမှောင်ထုက ကောင်းကင်ထက်ရှိပုံရိပ်ထံသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ့ကိုပါဝါးမျိုချင်နေ၏။

“ဟမ်...”

ဗုဒ္ဓကျောင်းတော်၏ ဧကရာဇ်က ပေါ့ပေါ့ဆဆမပြုမူရဲဘဲ သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွယှက်ဖြာကာ တရားစာတစ်ခုကို ရွတ်ဆိုလိုက်၏။ သူ၏ နောက်ဘက်ကနေ ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သန့်စင်ကုန်းမြေနှင့်ဆင်တူသော သုခဘုံတစ်ခုက ပေါ်ထွက်လာခဲ့၏။

တစ်ဘက်က ဝင်းလက်တောက်ပနေပြီး အခြားတစ်ဘက်က မှောင်မည်း၍ မကောင်းဆိုးဝါးဆန်နေ၏။

လုံးဝမတူညီသောလောကနှစ်ခုနှင့် ဆန့်ကျင်ကွဲလွဲသောစွမ်းအားနှစ်ခုက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

မြေပြင်က လှုပ်ခါ၍ ကောင်းကင်က မှောင်မည်းလာ၏။

ပင်လယ်ရေများက ကောင်းကင်ထက်သို့ ထိုးတက်လာပြီး ကြီးမားသောလှိုင်းလုံးများကို ဖြစ်ပေါ်စေကာ ထျဲဝေတောင်ကို ရိုက်ခတ်လိုက်လေသည်။

လောကမှာရှိသောလေဟာနယ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားပြီး အတွင်းမှာ မကောင်းဆိုးဝါးဆန်ဆန် လေပြင်းများက တိုက်ခတ်လာ၏။ တကယ်ဆို... အက်ကွဲကြောင်းများကနေတစ်ဆင့် အပြင်ဘက်မှကြယ်များကိုပင် တွေ့မြင်နိုင်လေသည်။

ဧကရာဇ်နှစ်ပါး၏ ထိတွေ့ရိုက်ခတ်မှုက လောက၏ ဤအစိတ်အပိုင်းကို ကြေမွသွားစေ၏။

ဧကရာဇ်ပိုရွှင်းသည် အလွန်တရာဆိုးယုတ်ကျော်ကြားပြီး သူသည် ဗုဒ္ဓကျောင်းတော်များ၏ သန့်စင်ကုန်းမြေမှာ တဗူးတစ်ခုနီးပါးဖြစ်နေ၏။ ဗုဒ္ဓဝါဒီဧကရာဇ်က မဆင်မခြင်တိုက်ခိုက်ရဲခြင်းမရှိဘဲ မလှုပ်ရှားနိုင်သော တောင်တစ်လုံးကဲ့သို့ မြေပြင်ပေါ်မှာ မတ်တတ်ရပ်ပြီး အချိန်ဆွဲဖို့အတွက် ခုခံနေ၏။

အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက ဗုဒ္ဓကျောင်းတော်များ၏ အခြားသောဧကရာဇ်ပညာရှင်များကို သေချာပေါက် သတိဝင်လာစေပေလိမ့်မည်။

ဘုန်း...

နောက်ထပ်ကျယ်လောင်သောမြည်သံတစ်သံက ထွက်ပေါ်လာ၏။

အောက်ဘက်မှာရှိသော နက်မှောင်နေသည့်လောကက နောက်တစ်ဖန်ပစ်ဝင်လာသော်လည်း အဲ့ဒါက ဗုဒ္ဓဝါဒီဧကရာဇ်၏ လောကကို မကိုင်လှုပ်နိုင်ပေ။

ခဏနေပြီးနောက် လောကရှိအမှောင်ထုက တဖြည်းဖြည်း​ဖျော့တော့သွားလေသည်။

ဗုဒ္ဓဝါဒီဧကရာဇ်က အတန်ကြာသည့်အထိ စောင့်ဆိုင်းနေသော်လည်း သူသည် ဧကရာဇ်ပိုရွှင်းတုံ့ပြန်တိုက်ခိုက်လာသည်ကို မတွေ့မြင်ရပေ။

မဟာမိစ္ဆာ၏ ကောင်းကင်ဘုံကလည်း ပျက်ပြယ်သွားခဲ့ပြီဖြစ်ပြီး လောကထံသို့ အလင်းရောင်က ပြန်လည်ရောက်ရှိလာ၏။

ဗုဒ္ဓဝါဒီဧကရာဇ်က လေးနက်သောအကြည့်ဖြင့် သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်သော်လည်း ဧကရာဇ်ပိုရွှင်း၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရတော့ပေ။

သူက အောက်ဘက်တွင် အာကာသဥမင်တစ်ခု၏ အကြွင်းအကျန်အော်ရာကိုသာ အာရုံခံမိလေသည်။

ဧကရာဇ်ပိုရွှင်းက ထွက်ခွာသွားခဲ့ပြီဖြစ်၏။

“ဒါက... ဧကရာဇ်ပိုရွှင်းရဲ့ပုံစံနဲ့ သိပ်တော့မကိုက်ညီသလိုပဲ”

ဗုဒ္ဓဧကရာဇ်က တိတ်တဆိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

ရုတ်တရက် သူက ရင်တစ်ချက်ထိတ်သွား၏။

သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ အကြည့်က မလှမ်းမကမ်းထျဲဝေတောင်ပေါ်မှ ပုံရိပ်တစ်ခုပေါ် ဆင်းသက်ရောက်ရှိသွားလေသည်။

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင် ဆဗြဟ္မ...။

ဖျတ်ခနဲဆို ဗုဒ္ဓကျောင်းတော်များ၏ ဧကရာဇ်က ကောင်းကင်ဘုံဘုရင် ဆဗြဟ္မ၏ ​ဘေးသို့ ရောက်ရှိလာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုပြီးနောက် စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံဘုရင် ဆဗြဟ္မက ပိန်လှီနေပြီး သူ၏ အသက်ဓာတ်အမြုတေများစွာကို ဆုံးရှုံးထားရ၏။ သူက စိတ်အားညှိုးငယ်သည့်ပုံပေါ်နေသော်လည်း သူက အနည်းဆုံးတော့ အသက်ရှင်နိုင်သေးလေသည်။

ထျဲဝေတောင်ပေါ်မှာ ခြောက်သွေ့နေသည့် အခြားသော အလောင်းလေးလောင်းလည်းရှိနေ၏။

သူတို့၏ အသားနှင့် အသက်ဓာတ်အဆီအနှစ်တို့က ခန်းခြောက်အောင်စုပ်ယူခံထားရပြီး သူတို့လေးယောက်စလုံးက သေဆုံးနေကြပြီဖြစ်၏။

အခြားသောလေးယောက်နှင့်ယှဥ်လျှင် ကောင်းကင်ဘုံဘုရင်ဆဗြဟ္မက အတော်လေးကံကောင်းသည်ဟုဆိုရပေမည်။

“ကျုပ်ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဧကရာဇ်ရတနာအလင်း”

ကောင်းကင်ဘုံဘုရင်ဆဗြဟ္မက မောဟိုက်နေပြီး အကြောက်မပြေသေးဟန်ဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားသာ ခြေတစ်လှမ်းနောက်ကျသွားရင် ကျုပ်ကတော့သေပြီ”

“တိုက်ခိုက်ခဲ့တဲ့သူက ဧကရာဇ်ပိုရွှင်းလား”

ဧကရာဇ်ရတနာအလင်းက လေးနက်သောအသံဖြင့်မေးလိုက်၏။

“ဟုတ်တယ်... သူပဲ”

ကောင်းကင်ဘုံဘုရင် ဆဗြဟ္မက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

“သူက မသေရုံတင်မကဘူး... သူက အဝီစိကနေလွတ်မြောက်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုပါ စတင်ခဲ့တယ်”

ဧကရာဇ်ရတနာအလင်းရောက်ရှိလာသောအခါ လူများစွာက မကြာသေးခင်ကမှ သေဆုံးထားခဲ့သည်ကို သူက အာရုံခံမိထားခဲ့ပြီဖြစ်၏။

မဟာထျဲဝေတောင်ပေါ်ရှိ အဆူရာကျောင်းတော်ကလည်း အပျက်အစီးပုံဘဝ ကျရောက်သွားပြီး ကိုတော်များအားလုံးနီးပါးက ချေမှုန်းသုတ်သင်ခံခဲ့ရ၏။

ကောင်းကင်ဘုံဘုရင် ဆဗြဟ္မက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... သူက အဝီစိကနေ လွတ်မြောက်လာခါစဆိုတော့... သူ့ရဲ့ခွန်အားက အထွတ်အထိပ်ကို ပြန်မရောက်သေးတဲ့ပုံပဲ... သူပြန်ထွက်လာလာချင်းမှာပဲ သူက ကောင်းကင်နဲ့မြေကြီးအမြုတေချီကို အငမ်းမရစုပ်ယူပြီး သူ၏ မိစ္ဆာခန္ဓာကို အားဖြည့်နေခဲ့တယ်”

“ဒါ့ကြောင့်ကိုး”

ဧကရာဇ်ရတနာအလင်းက တီးတိုးရေရွတ်လိုက်၏။

စောစောက သူနှင့်တိုက်ခိုက်ဖလှယ်ပြီးနောက် ဧကရာဇ်ပိုရွှင်းက ဘာ့ကြောင့်တိတ်တဆိတ်ထွက်ခွာသွားခဲ့သလဲ သူက စဥ်းစားမရဖြစ်နေခဲ့၏။

အဲ့ဒါက ဤအကြောင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဧကရာဇ်ပိုရွှင်းသည် အဝီစိမှာ နှစ်ပေါင်းတစ်သန်း ဖိနှိမ်ခံခဲ့ရ၏။ သူက အခုချိန်မှာ လွတ်မြောက်လာသည်ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာမှားယွင်းနေပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျနေပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် သူက တိုက်ပွဲကို ရှောင်သွားခဲ့ခြင်းဖြစ်ပေမည်။

“သူဘယ်ကိုသွားတာလဲ မင်းသတိထားမိလိုက်လား”

ဧကရာဇ်ရတနာအလင်းက ထပ်မံ၍ မေးလိုက်၏။

“မိစ္ဆာမဟာနယ်မြေ”

ကောင်းကင်ဘုံဘုင် ဆဗြဟ္မက ပြန်ဖြေလိုက်၏။

ဧကရာဇ်ရတနာအလင်းက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

“ကြည့်ရတာတော့... မိစ္ဆာမဟာနယ်မြေမှာ နောက်ထပ်သွေးလွှမ်းတိုက်ပွဲတစ်ခု ဖြစ်ပွားလာတော့မယ်နဲ့တူတယ်”

ခဏမျှရပ်တန့်ပြီး သူကပြောလိုက်၏။

“မဟာဇင်ကျောင်းတော်ကိုပြန်သွားပြီး အနားယူလိုက်... ဧကရာဇ်ပိုရွှင်း အဝီစိကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ကိစ္စက ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာလိမ့်မယ်... လောလောဆယ်မှာ အဲ့ဒါကို မပေါက်ကြားစေနဲ့ဦး”

“ကောင်းပါပြီ”

ကောင်းကင်ဘုံဘုရင် ဆဗြဟ္မက သဘောတူနာခံလိုက်၏။

ဧကရာဇ်ရတနာအလင်းက လေထုကိုဆုတ်ဖြဲပြီး ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဘုံဘုရင် ဆဗြဟ္မက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး အဆူရာကျောင်းတော်ဘက်ကိုကြည့်ပြီးနောက် သူ၏ ခြေဖဝါးအောက်ရှိ အဝီစိကို ကြည့်လိုက်၏။ ရုတ်တရက် သူက ပြုံးပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ သူသည်လည်းပဲ ထျဲဝေတောင်ထွတ်ကနေ ပျောက်ကွယ်သွားလေသည်။

လောကက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ဟု ထင်ရ၏။

မည်သူကမှအာရုံမစိုက်သော အဆူရာကျောင်းတော်၏ ထောင့်တစ်နေရာမှာ ဘုန်းကြီးအိုတစ်ပါး၏ အသံက ခပ်တိုးတိုးထွက်ပေါ်လာ၏။

“ဒီလောက်များတဲ့လူတွေက သေသွားရပြန်ပြီ... အို ကောင်းပြီလေ နောက်ထပ်အလောင်းတွေကို ထပ်ပြီးစုဆောင်းရမယ့်အချိန်ပဲ”

........

မဟာအဝီစိ...။

သူ၏ ကျင့်ကြံမှုနယ်ပယ်အရ သူသည် မဟာအဝီစိ သို့မဟုတ် ငရဲငယ်များမှာ ရှင်သန်နိုင်လိမ့်မည်မဟုတ်ဟု သိုင်းတာအိုပင်မခန္ဓာက သိရှိထား၏။

သူ၏ တစ်ခုတည်းသော အခွင့်အရေးနှင့် မျှော်လင့်ချက်မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ဖြစ်၏။

အဲ့ဒါသည် အတိတ်ကာလတုန်းက အနန္တမဟာဧကရာဇ်၏ ကျင့်ကြံရေးနည်းစနစ်ဖြစ်ပြီး မဟာအဝီစိကို အနန္တမဟာဧကရာဇ်၏ ခန္ဓာကိုယ်ကနေ ဖန်တီးထားလေသည်။

ဤနှစ်ခုကြားမှာ လျှို့ဝှက်ဆန်းကြယ်သောချိတ်ဆက်မှုတစ်ခုရှိနေနိုင်၏။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် အဝီစိဂိတ်တံခါး၏ ဝါးမျိုခြင်းခံလိုက်ရသည့်ခဏမှာပင် သူက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို အဆက်မပြတ်စတင်ရွတ်ဆိုခဲ့လေသည်။

သူ၏ အာရုံငါးပါးနှင့် အာရုံခံသတိစိတ်က ပျောက်ဆုံးသွားပြီဖြစ်၏။

သူသည် မည်သည့်အရာကိုမှ အာရုံမခံနိုင်တော့ပေ။ သူသည် အမှောင်ထုကိုပင် အာရုံမခံနိုင်တော့ပေ။ သူသည် အမှောင်နှင့်အလင်းကြား မခွဲခြားနိုင်တော့ပေ။

သူသည် အချိန်စီးဆင်းမှုကိုလည်း အာရုံမခံနိုင်တော့ပေ။

သူက လွင့်မျောနေပြီး သူ၏ ဘေးပတ်လည်မှာ မည်သည့်အရာမှ မရှိသည့်အလားပင်။

အဲ့ဒါက ဗလာကျင်းနေပြီး အာကာသ၏ တည်ရှိမှုကိုလည်း အာရုံမခံနိုင်တော့ပေ။

သူ့ကိုအဆုံးမဲ့အထီးကျန်မှုတစ်ခုကလွှမ်းခြုံထား၏။

သိုင်းတာအိုပင်မခန္ဓာသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကိုကျယ်လောင်စွာ ရေရွတ်နေပြီး အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကိုပင် အသုံးပြုထား၏။

သို့သော်လည်း သူသည် သူ့အသံကို သူပြန်မကြားရနိုင်ပေ။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်ပြီး အဲ့ဒီမှာ အခြားမည်သည့်အသံမှရှိမနေပေ။

သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြား ချိတ်ဆက်မှုကလည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။

သူသည် ထျဲဝေတောင်ပေါ်ကနေ အဝီစိသို့ ကျဆင်းလာခဲ့စဥ်က သူသည်အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်ထားခဲ့၏။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် အတွင်းမှဖြန့်ကြက်လာသည့် ချစ်ချစ်တောက်ပူလောင်သောအထိအတွေ့တစ်ခုကို ရုတ်တရက် ခံစားမိလိုက်၏။

အား...

သိုင်းတာအိုပင်မခန္ဓာက နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။

အဲ့ဒါသည် မဟာအဝီစိမှမီးတောက်တစ်ခုဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ အသားကိုသာမက အမြုတေစိတ်ဝိညာဥ်ကိုပါ လောင်မြိုက်စေနိုင်၏။

ဤမီးတောင်က ကြမ္မာမီးတောက်များထက်ပင် ပိုပြီးကြောက်စရာကောင်းပြီး စီးပိုးခြယ်လှယ်နိုင်လေသည်။

ပို၍ပြောစရာဖြစ်သည်မှာ မီးတောက်ထဲတွင် လူတစ်ယောက်ကိုရူးသွပ်သွားစေနိုင်သည့် အစစ်အမှန်နာကျင်မှု စိတ်ဆန္ဒတစ်ခုပါဝင်နေ၏။

အရင်တုန်းက မဟာအဝီစိကို ဖန်တီးဖို့အတွက် အနန္တမဟာဧကရာဇ်သည် သန်းပေါင်းများစွာသောသက်ရှိများ၏ နာကျင်နေရသောစိတ်ခံစားချက်များကိုစုစည်းကာ သူ၏ ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းပေါင်းစည်းပြီး ဤလောကကို ဖြစ်ပေါ်စေခဲ့၏။

မဟာအဝီစိသို့ ဝင်ရောက်လာသော မည်သူမဆို သန်းပေါင်းများစွာသော သက်ရှိများ၏ နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်ခံရမှုတို့ကို တွေ့ကြုံခံစားရပေလိမ့်မည်။

အချိန်က အကန့်အသတ်မဲ့... လေဟာနယ်က အကန့်အသတ်မဲ့... ဆင်းရဲဒုက္ခဝေဒနာများကလည်း အကန့်အသတ်မဲ့ဖြစ်လေသည်။

အဝီစိသို့ ဝင်ရောက်မိသည်နှင့် သူတို့၏ ခန္ဓာကိုယ်များသည် အဝီစိငရဲမီးနှင့်အတူ လောင်မြိုက်ခံရမည်ဖြစ်ပြီး သူတို့သည် အဆုံးမဲ့သောဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရပေလိမ့်မည်။

All Chapters