ထွက်ခွာဖို့ အခွင့်အလမ်း
Vol. 155 Ch. 2316
သိုင်းတာအိုပင်မခန္ဓာသည် အဲဒါကို တွေးမိသောအခါ သိုင်းတာအို၏ ရှေ့ဆက်ရမည့် လမ်းကြောင်းက မပျောက်ဆုံးတော့ဟု သူက ခံစားရ၏။
မြူခိုးအလွှာများ၏ နောက်ဘက်မှာ တောက်ပသော အလင်းစီးကြောင်းများက ထိုးဆင်းလာပြီး သူ၏ နှလုံးသားကို ထိန်ထိန်လင်းသွားစေ၏။
သူ့အနေဖြင့် အဲဒါကို အသက်သွင်းနေဖို့ မလိုအပ်ပေ။ ကံကြမ္မာစက်ကွင်း ၉ခု၏ အပိုင်းအစများက လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာလုံးများအဖြစ် ပြောင်းလဲသွားပြီး သိုင်းတာအို၏ စိတ်စွမ်းအားကို စုဖွဲ့လာခဲ့၏။ သိုင်းတာအို၏ ဓမ္မပညာရပ်များက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်လာပြီး သူ၏ အရိုးတစ်ချောင်းချင်းစီကို လွှမ်းခြုံရစ်ပတ်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ အရိုးများက လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင် ရှေးဟောင်းစာလုံးများထဲမှာ နစ်မြုပ်သွားလေသည်။
အတန်ကြာသွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အကွက်အပြောက်များက သူ၏ အရိုးများပေါ်မှာ တဖြည်းဖြည်း ပေါ်ထွက်လာ၏။ သူတို့က အရေပြားထဲမှာ ပေါင်းစည်းနစ်ဝင်သွားသည့်အလားပင်။
အစကတော့ အဲဒါက ခပ်တိမ်တိမ် အလွှာတစ်ခုသာ ဖြစ်လေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရိုးတစ်ချောင်းချင်းစီပေါ်ရှိ ရှေးဟောင်းစာလုံးများက ပို၍ သိသာရှင်းလင်းလာခဲ့၏။ သူတို့သည် အရိုးများထဲမှာ နက်ရှိုင်းစွာ နစ်ဝင်ပေါင်းစည်းသွားပြီး ချေဖျက်ဖို့ မဖြစ်နိုင်တော့သည့်အလားပင်။
ရှည်ကြာသော ဖြစ်စဉ်တစ်လျှောက်မှာ မဟာအဝီစိ၏ နာကျင်မှုက သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်၏။
သူက နာကျင်မှုဖြင့် မကြာ မကြာ သတိလစ်သွားရစမြဲဖြစ်၏။
သို့သော်လည်း သူ တစ်ကြိမ်ပြန်လည်နိုးထလာတိုင်း သိုင်းတာအိုပင်မခန္ဓာသည် သက်ဝင်လှုပ်ရှားလာပြီး သူ့တာအိုခန္ဓာကို ပုံသွင်းဖို့အတွက် သူ၏ အရိုးများပေါ်တွင် ရှေးဟောင်းစာလုံးများကို ဆက်လက်၍ ခတ်နှိပ်နေဆဲဖြစ်၏။
အဲဒါက သူ၏ တာအိုဖြစ်၏။ သူက ဘယ်လောက်များပြားသည့် ဆင်းရဲဒုက္ခများနှင့် တွေ့ကြုံရသည်ဖြစ်စေ၊ သူက ရှေ့သို့ ဆက်တက်ရမည်ဖြစ်၏။
မဟာအဝီစိမှာ နာကျင်မှုက အခြားသူများအပေါ် ကျရောက်သွားမည်ဆိုလျှင် သူတို့သည် မည်သည့်ကျင့်ကြံမှုနယ်ပယ်မှာ ရှိသည်ဖြစ်စေ၊ သူတို့၏ တာအိုနှလုံးသားများက လဲပြိုကျသွားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် မဟာအဝီစိမှာ သူ၏ ကြံရာမရသော အချိန်တွင် သူ၏ သိုင်းတာအိုကို ပြီးပြည့်စုံစေပြီး နောက်ပိုင်းကျင့်ကြံမှုနယ်ပယ်အတွက် ဓမ္မအစီအရင်တစ်ခုကို ဖန်တီးနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အချိန်စီးဆင်းမှုကို အာရုံမခံနိုင်တော့ဘဲ သူ၏ ဘေးပတ်လည်မှာ မည်သည့် တစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အသံမှ မရှိပေ။
သူသည် သူ၏ သိုင်းတာအိုခန္ဓာကို ဆက်လက်၍ ပုံသွင်းသန့်စင်နေရုံသာဖြစ်၏။
နောက်ဆုံးမှာတော့ အခိုက်အတန့်တစ်ခုမှာ ကံကြမ္မာစက်ကွင်း ၉ခုနှင့် သိုင်းတာအို၏ ဓမ္မတာအိုစိတ်စွမ်းအားထဲမှ ရှေးဟောင်းစာလုံးများ အားလုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ အရိုးများပေါ်တွင် ခတ်နှိပ်ပြီးသွားလေပြီ။
ထိုအခိုက်အတန့်မှာ သူသည် အဟန့်အတားတချို့ကို ဖြတ်ကျော်ပြီး နောက်ထပ်အဆင့်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်လာသည်ဟု သိုင်းတာအိုပင်မခန္ဓာက ခံစားရ၏။
သူသည် သူ၏ အစစ်အမှန် သိုင်းတာအိုခန္ဓာကို ဖွဲ့တည်လိုက်ခါစဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက အစစ်အမှန် သိုင်းနယ်ပယ်သို့ ဝင်ရောက်သွားခဲ့လေပြီ။
ပုံမှန်အခြေအနေမှာဆိုလျှင် အင်မော်တယ် ကျင့်ကြံသူများဖြစ်စေ၊ ဗုဒ္ဓ သို့မဟုတ် မိစ္ဆာကျင့်ကြံသူများဖြစ်စေ၊ သူတို့သည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်သည့် ခဏမှာပင် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို နှိုးဆွမိပေလိမ့်မည်။
အနိမ့်ဆုံး ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲမှ ၅ခုက ဆင်းသက်ရောက်ရှိလာမည်ဖြစ်ပြီး အမြင့်ဆုံးအနေဖြင့် ကောင်းကင်ဘုံကပ်ဘေး ၉ခုစလုံးက ဆင်းသက်ရောက်ရှိလာနိုင်၏။
သိုင်းတာအိုသည် မတူညီသော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပြီး အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှာ လုံးလုံးလျားလျား ကွဲပြားခြားနားသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ အပြုအမူသည် ကန့်သတ်ချုပ်နှောင်မှုတချို့ကနေ ဖောက်ထွက်လာခြင်း ဖြစ်လေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အဲဒါသည် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို ဆွဲဆောင်မိပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အတန်ကြာအောင် စောင့်ဆိုင်းနေသော်လည်း သူသည် ကောင်းကင်ဘုံကပ်ဘေးတစ်ခု၏ မည်သည့်အော်ရာကိုမှ မခံစားရပေ။
အဲဒီမှာ ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိလေသည်။ မဟာအဝီစိက ကောင်းကင်ဘုံကပ်ဘေး၏ အာရုံခံစိတ်ကိုလည်း ပိုင်းခြားပေးထားနိုင်ခြင်းဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် အာရုံစိုက်၍ ကြည့်ရှုလိုက်ပြီး သူ၏ အရိုးများပေါ်ရှိ ရှေးဟောင်းစာလုံး တစ်လုံးချင်းစီသည် ခရမ်းရောင် အလင်းဖြင့် တောက်ပနေပြီး အရိုးတစ်ချောင်းချင်းစီက သိပ်သည်းသော ခရမ်းရောင် မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ကို တွေ့ရှိလိုက်ရ၏။
ခရမ်းရောင် မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် မီးဆေးပေးပြီး သူ၏ မျိုးဆက်သွေးကို ဆေးကြောသန့်စင်ကာ အဲဒါကို လုံးလုံးလျားလျား မီးရှို့ပြာချပေးနေ၏။
သူ၏ မျိုးဆက်သွေး၊ ခန္ဓာနှင့် ကိုယ်တွင်းအင်္ဂါတို့က ခရမ်းရောင် မီးတောက်များဖြင့် လုံးလုံးလျားလျား ဆေးကြောသန့်စင်ခံရပြီးသည်နှင့် သူသည် အစစ်အမှန် သိုင်းတာအိုခန္ဓာ၏ အဆင့်မြင့် ကျွမ်းကျင်မှုကို ရရှိပြီဟု ဆိုလိုလေသည်။
ထိုအချိန်ကျလျှင် သူ၏ အသား၊ သွေး တစ်လက်မချင်းစီတိုင်းနှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးတစ်ပင်မှာပင်လျှင် သိုင်းတာအို၏ ကြောက်စရာကောင်းသော စိတ်စွမ်းအား ပါဝင်နေပေလိမ့်မည်။
သူသည် လှုပ်ရှားမှုတစ်ခုဖြင့် လောကကို ကိုင်လှုပ်နိုင်မည် ဖြစ်၏။
ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာက စစချင်း စိတ်လှုပ်ရှားတက်ကြွလာ၏။ သို့သော်လည်း သိပ်မကြာခင် သူ၏ စိတ်က ငြိမ်သက်သွားလေသည်။
သူက ပကတိဧကနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီဆိုလျှင်တောင် ဘာဖြစ်လဲ…။
သူက မဟာအဝီစိမှာ ပိတ်မိနေပြီး ဤနေရာကနေ လုံးဝ ရုန်းမထွက်နိုင်ပေ။
အဝီစိ၏ ငရဲငယ်များကနေ လွတ်မြောက်နိုင်သော ဧကရာဇ် ပိုရွှင်းကဲ့သို့ ကြောက်စရာကောင်းသော ပညာရှင်တစ်ဦးပင်လျှင် ဤနေရာသို့ ခြေမချရဲခဲ့ပေ။
သူက သိုင်းတာအို၏ နောက်ပိုင်း ဓမ္မအစီအရင်နှင့် ကျင့်ကြံမှုနယ်ပယ်ကို ကောက်ချက်ချထုတ်နုတ်နိုင်မည်ဆိုလျှင်တောင် ဘာဖြစ်လဲ။
သူသည် သူ၏ ဘဝသက်တမ်း မကုန်ဆုံးသေးသရွေ့ အဆုံးမဲ့ နာကျင်မှုများကို ဤနေရာမှာ တောင့်ခံရမည်သာဖြစ်၏။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ပြုံးလိုက်၏။
ထိုသို့ဆိုလျှင်တောင် သူက လက်လျှော့လိမ့်မည် မဟုတ်ပေ။
သူက ဤနေရာမှာ ပိတ်မိနေပြီဆိုမှတော့ သူသည် ကျန်ရှိနေသော အချိန်ကို အသုံးချကာ သိုင်းတာအိုကို ဆက်လက်၍ ကောက်ချက်ချ ထုတ်နုတ်နေရပေလိမ့်မည်။
သူသည် ဤနေရာကနေ ထွက်ခွာဖို့အတွက် အခွင့်အရေးတစ်ခု ရှိနေသေးသည်ကို သိရှိထားသောကြောင့် ဖြစ်၏။ ထိုအခွင့်အရေးက ဘယ်အချိန်မှာ ရောက်လာမလဲ သိုင်းတာအိုပင်မခန္ဓာက မသိရဘဲ သူက စိတ်ရှည်လက်ရှည်သာ စောင့်ဆိုင်းနေရမည်သာဖြစ်၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး တစ်ခဏချင်းမှာပင် နှစ်တစ်သောင်းတွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်မှာ နှစ်တစ်ထောင် ကြာသွားခဲ့လေပြီ။
. . . . .
ကျိရွှမ်အင်မော်တယ်နိုင်ငံ၊ နန်းတော်စာကြည့်တိုက်တွင်…
မျက်နှာချေ ခပ်ပါးပါးကို လိမ်းခြယ်ထားပြီး ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ခေါင်မိုးပေါ်တွင် ဝါးကုလားထိုင်တစ်လုံးကို မှီပြီး ထိုင်နေ၏။ သူမ၏ အနက်ရောင်ဆံပင်ကို ဖဲကြိုးတစ်စဖြင့် စည်းနှောင်ပြီး သူမ၏ နောက်ကျောမှာ သာမန်ကာလျှံကာ ချထား၏။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ လက်ထဲမှာ ရှေးဟောင်း စာအုပ်တစ်အုပ်ကို ကိုင်ပြီး အဲဒါကို စိတ်ဝင်တစား ဖတ်ရှုနေ၏။
ထိုစဉ်မှာပင် အောက်ဘက်လှေကားကနေ ခြေသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် အစေခံကဲ့သို့ အမျိုးသမီးတစ်ဦးက ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးထံ လျှောက်လှမ်းလာပြီး သူမအတွက် လက်ဖက်ရည်တစ်အိုး ယူလာပေးကာ ညင်သာစွာ ပြောလိုက်၏။
“မင်းသမီး.. ကျေးဇူးပြုပြီး အနားယူပါဦး”
ခဏနေပြီးနောက် ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ ငေးငိုင်နေရာကနေ နိုးထလာပုံရ၏။ သူမက အသိအမှတ်ပြုပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ကာ လက်ဖက်ရည်ကို စုပ်ပြီး သောက်နေ၏။ သူမ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်ပေါ်ကနေ သူမ၏ မျက်လုံးကို မခွာဘဲ သူမက သာမန်ကာလျှံကာ မေးလိုက်၏။
“ဒီအချိန်အတောအတွင်း အပြင်ဘက်မှာ ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်ခဲ့သေးလား”
“သုခဘုံသန့်စင်ကုန်းမြေမှာ ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်မ ကြားတယ်”
အစေခံအမျိုးသမီးက သူမ၏ လျှာကို ကိုက်ပြီး တည်တံ့သော လေသံဖြင့် ပြောလိုက်၏။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ ခေါင်းကို မော့မလာခဲ့ပေ။
သူမ၏ ဤအစေခံမလေးသည် ကိစ္စတစ်ခုကို မလိုအပ်ဘဲ ချဲ့ကားပြောဆိုတတ်လေသည်။
အစေခံအမျိုးသမီးက ဆက်ပြောလိုက်၏။
“ဧကရာဇ်ပိုရွှင်းက အနန္တငရဲကနေ လွတ်မြောက်လာပြီး ကောင်းကင်ဘုံကမ္ဘာမှာ ပြန်လည်ပေါ်ထွက်လာတယ်လို့ ကျွန်မ ကြားတယ်”
ဧကရာဇ်ပိုရွှင်းဟူသော စကားကို ကြားရချိန်မှာ ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ မျက်မှောင် အနည်းငယ်ကြုတ်ရင်း သူမက သူမ၏ ခေါင်းကို မော့ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဘာဖြစ်သွားခဲ့တာလဲ.. ငါ့ကို အသေးစိတ်ပြောပြ”
အစေခံအမျိုးသမီးက ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ဝန်းကျင်လောက်က မိစ္ဆာမဟာနယ်မြေက လူတစ်စုက မဟာထျဲဝေတောင်ကို ဖြတ်ကျော်ပြီး အဝီစိကို ဝင်ရောက်သွားခဲ့ကြတယ်”
“သိပ်မကြာခင်မှာပဲ လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေတစ်ကောင်ကပဲ အဝီစိကနေ လွတ်မြောက်လာခဲ့တယ်.. တခြားလူတွေ အကုန်လုံးကတော့ အထဲမှာ သေသွားတယ်”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. တစ်ယောက်ယောက်က အဝီစိကနေ ဘယ်လိုလုပ် ပြန်ပြီးထွက်လာနိုင်မှာလဲ… အဲဒီ ကောင်းကင်ဘုံဝံပုလွေက ဘယ်ကျင့်ကြံမှုမှာ ရှိလဲ”
“သူက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာပဲ ရှိတယ်လို့ ကျွန်မ ကြားတယ်”
အစေခံအမျိုးသမီးက ပြောလိုက်၏။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သတင်းသည် သုခဘုံသန့်စင်ကုန်းမြေကနေ လာပြီး အဆင့်ဆင့် ကူးပြောင်းလာခဲ့ပေလိမ့်မည်။ အဲဒီမှာ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ သွေဖယ်မှုတချို့ ရှိကောင်းရှိနိုင်သော်လည်း ထိုသတင်းက မမှားနိုင်ပေ။
“ဆက်ပြောပါဦး”
အစေခံအမျိုးသမီးက ပြောလိုက်၏။
“နောက်ပိုင်းမှာ ဧကရာဇ်ပိုရွှင်းက အဝီစိကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်.. အဲဒီအချိန်မှာ ဇမ္ဗူဒီပက ကောင်းကင်ဘုံဘုရင် ၅ဦးက ရောက်ရှိလာခဲ့ကြတယ်.. နောက်ဆုံးမှာ သူတို့ထဲက ၄ယောက်က ဧကရာဇ်ပိုရွှင်းရဲ့ သတ်ဖြတ်ခံရပြီး တစ်ယောက်ကတော့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်”
“မဟာထျဲဝေတောင်ပေါ်မှာ ရှိတဲ့ အဆူရာကျောင်းတော်ကတော့ အပျက်အစီးပုံဘဝ ကျရောက်သွားပြီး အထဲမှာရှိတဲ့ ကိုယ်တော်တွေ အားလုံးက သေဆုံးကုန်ကြတယ်”
ခဏမျှ ရပ်တန့်ပြီးနောက် အစေခံအမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် ဆက်ပြောလိုက်၏။
“အဝီစိကို အရင်ဆုံး ဝင်ရောက်သွားတဲ့ လူအုပ်စုက ဧကရာဇ်ပိုရွှင်းရဲ့ အရင်တုန်းက နောက်လိုက်တွေ ဖြစ်တယ်လို့ အခြားသူတွေဆီက ကျွန်မ ကြားတယ်.. သူတို့က ဒီတစ်ခေါက် အဝီစိကို ဝင်ရောက်သွားတယ်ဆိုတာ ဧကရာဇ်ပိုရွှင်း ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီဖို့ပဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။
ထိုထင်မြင်ယူဆချက် အများစုသည် အားယားနေသူများ၏ ခန့်မှန်းချက်များ ဖြစ်ပြီး တိကျသေချာမှု မရှိနိုင်ပေ။
သို့သော်လည်း ဤသတင်းကတော့ တကယ့်ကို တုန်လှုပ်စရာကောင်းနေ၏။
“နောက်ပိုင်း ဘာဆက်ဖြစ်လဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ထပ်မေးလိုက်၏။
အစေခံအမျိုးသမီးက ပြောလိုက်လေသည်။
“နောက်ပိုင်းမှာ ဒီကိစ္စက သုခဘုံသန့်စင်ကုန်းမြေက ဧကရာဇ်ပညာရှင်တွေကို ပေါ်ထွက်လာစေခဲ့တယ်.. သူတို့က ဧကရာဇ်ပိုရွှင်းနဲ့တောင် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်မ ကြားတယ်.. ဧကရာဇ်ပိုရွှင်းက မနိုင်တော့ဘဲ မိစ္ဆာမဟာနယ်မြေကို ထွက်ပြေးသွားပြီး သူက အဲဒီအချိန်ထဲက ပြန်ပြီး ပေါ်ထွက်မလာတော့ဘူး”
“ဧကရာဇ်ပိုရွှင်းက အဝီစိကနေ လွတ်မြောက်လာပြီးတဲ့နောက် အဲဒီမှာ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာပြီး အဲဒါက တစ်ယောက်ယောက်ကို ဆက်ပြီးတော့ မပိတ်လှောင်နိုင်တော့ဘူးလို့ ကျွန်မ ကြားတယ်”
“မကြားသေးခင်က ကျင့်ကြံသူ အတော်များများက အဝီစိကို စူးစမ်းရှာဖွေဖော်ထုတ်ဖို့အတွက် ပြင်နေကြပြီ”