← Chapters

ပြီးပြည့်စုံသောနည်းဗျူဟာ

Vol. 155 Ch. 2319

ပြီးပြည့်စုံသောနည်းဗျူဟာ

Vol. 155 Ch. 2319

ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်၏ လိုဏ်ဂူခန်းဝါကနေ ထွက်ခွာလာခဲ့ပြီးနောက် သူ၏ နေရာသို့ ပြန်လာခဲ့၏။ လမ်းတစ်လျှောက်မှာ သူ၏ အမူအရာက အေးစက်နေပြီး သူထုတ်ဖော်ထားသည့်ထက်ရှမှုက လေဟာနယ်ကို ဆုတ်ဖြဲနိုင်လုနီးပါးပင်။

အမွေခံတပည့်အချို့သည် ဓားအင်မော်တယ်ယွဲ့ဟွားကို တွေ့မြင်သောအခါ သူတို့က အနားသို့မချဥ်းကပ်ရဲဘဲ သူတို့၏ လက်သီးနှစ်ဖက်ကိုသာ ယှက်ပြကာ နောက်သို့ဆုတ်ခွာသွားကြ၏။

သိပ်မကြာခင် ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ လိုဏ်ဂူခန်းဝါသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာမှာ အမွေခံတပည့်တစ်ယောက်ရှောင်လီက သူ့ကိုစောင့်နေတာ အတော်ကြာသွားခဲ့လေပြီ။

“စီနီယာအစ်ကို... ဘာဖြစ်လာတာလဲ”

ရှောင်လီသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်နှာအမူအရာမကောင်းသည်ကိုတွေ့မြင်သောအခါ ရှေ့သို့တက်လှမ်းပြီး မေးလိုက်လေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်နေပြီး သုန်မှုန်နေသောအမူအရာတစ်ခုနှင့်အတူ လိုဏ်ဂူခန်းဝါထဲသို့ တန်းဝင်သွား၏။

​တံခါးက သူ့ဘာသာသူပွင့်သွားပြီး ရှောင်လီက နောက်ကနေ အလောတကြီး လိုက်ဝင်လာခဲ့လေသည်။

လိုဏ်ဂူခန်းဝါထဲသို့ ပြန်လည်ရောက်ရှိလာပြီး ထိုင်ခုံတစ်လုံးမှာ မထိုင်ရသေးခင်မှာပင် အင်မော်တယ်အစေခံတစ်ဦးက လက်ဖက်ရည်ကို ကြိုတင်ပြင်ဆင်ပေးထားလေသည်။

သူက အဲ့ဒါကို ဂရုတစိုက်ငှဲ့ပေးပြီး အမွေခံတပည့်နှစ်ယောက်၏ ရှေ့မှာထားပြီးနောက် သူ၏ ခေါင်းကိုငုံ့ကာ နောက်သို့ဆုတ်ခွာသွား၏။

ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ရှေ့မှာရှိသော မွှေးပျံ့သည့်လက်ဖက်ရည်ခွက်ကိုကောက်ယူပြီး တစ်ကျိုက်တည်းမော့သောက်လိုက်၏။

အချိန်ကြာငြိမ်သက်နေပြီးနောက် ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။

“ဂျူနီယာညီမမိုချင်က အဝီစိကိုသွားတော့မယ်”

ရှောင်လီက ပြောလိုက်၏။

“အဝီစိကသတင်းကို ကျုပ်လည်းကြားပြီးပါပြီ... ဒီတစ်ခေါက်မှာ လူရမ်းကားအတော်များများလည်း ပေါ်ထွက်လာကြလိမ့်မယ်... သုခဘုံသန့်စင်ကုန်းမြေ၊ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနဲ့ မိစ္ဆာမဟာနယ်မြေက ကျင့်ကြံသူတွေအားလုံးကလည်း လှုပ်ရှားမှုပြုလုပ်ကြလိမ့်မယ်”

“ဒါပေမဲ့... အဝီစိက ဖော်ရွေတဲ့နေရာတစ်ခုမဟုတ်ဘူး... အဲ့ဒါက နာမည်ဆိုးနဲ့ကျော်ကြားတဲ့နေရာပဲ... မဟာနတ်မိမယ်လေးဦးထဲကတစ်ဦးအနေနဲ့.. စီနီယာအစ်မမိုချင်က အဲ့ဒီကိုသွားရောက်စွန့်စားစရာမလိုဘူးမလား”

“ငါလည်း သူ့ကိုအန္တရာယ်ကိုမစွန့်စားဖို့ပြောခဲ့တာပဲ... ဒါပေမဲ့ သူက အဲ့ဒီကို မရမကသွားချင်နေတာ”

ဓားအင်မော်တယ်ယွဲ့ဟွားက အနည်းငယ်စိတ်တိုနေ၏။

“သူက ခါတိုင်းလိုဆို... တိတ်ဆိတ်ငြိမ်သက်ပြီး ဖာသိဖာသာနေတတ်ပေမယ့် သူ့ရဲ့စိတ်နေစရိုက်ကလည်း လုံးဝမပျော့ဘူး... ငါက သူ့ရဲ့စီနီယာအစ်ကိုပဲ ဒါပေမဲ့... သူကငါ့ရဲ့အကြံကို လုံးဝမလိုက်နာဘူး”

“အဝီစိမှာဘာရှိလို့လဲ... စီနီယာအစ်မမိုချင်က အဲ့ဒီကို ဘာလို့မရမကသွားချင်နေတာလဲ”

ရှောင်လီက ထပ်မေးလိုက်၏။

“သူက ယူတျောင်ဇီရဲ့ နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကို ရှာမလို့ လို့တော့ပြောတာပဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်၍ ပြန်ဖြေလိုက်၏။

“အဲ့ဒါဆိုရင်တော့... ဖြစ်နိုင်တယ် စီနီယာအစ်မမိုချင်က ပန်းချီတာအိုမှာ စွဲလမ်းနေတာဆိုတော့... နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီအတွက်နဲ့ သူက အဝီစိကိုစွန့်စားသွားလာဖို့ ဖြစ်နိုင်တယ်”

“ဟမ့်...”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက သုန်မှုန်နေပြီး သူက အေးစက်စွာပြောလိုက်၏။

“သူက နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီအတွက်နဲ့ အဝီစိကိုသွားမယ်လို့ တကယ်ပဲမင်းထင်လို့လား”

“အဲ့လိုမဟုတ်ဘူးလား”

ရှောင်လီက ခဏမျှမှင်တက်သွားပြီး သူ၏ အမူအရာက ငေးငိုင်သွားလေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာပြောလိုက်၏။

“ယန်လောရှုက မကြာသေးခင်ကမှ ဒုက္ခိတဖြစ်လာတယ်... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ကလည်း ဒဏ်ရာအပြင်းအထန်ရထားတယ်... ဂျူနီယာညီမမိုချင်က သူ့ကိုကုသပေးဖို့ အဝီစိကိုသွားပြီး အသောကသစ်သီးကို သွားရှာချင်တာဖြစ်ရမယ်”

ရှောင်လီက နားလည်သဘောပေါက်လာခဲ့၏။

ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အေးစက်စွာပြောလိုက်၏။

“အဲ့ဒီအကြောင်းကို ငါကမခန့်မှန်းနိုင်ဘူးလို့ သူက ထင်နေတာပဲ... သူက အဲ့ဒါကိုတောင်မှ ဖုံးကွယ်ဖို့ ကြိုးစားလိုက်သေးတယ်”

“စီနီယာအစ်ကို... ဒါဆိုကျုပ်တို့ဘာလုပ်ရမလဲ”

ရှောင်လီကမေးလိုက်၏။

“ယန်လောရှုကို တိတ်တဆိတ်သတ်ဖြတ်ဖို့အတွက် ချင်းယင်နဲ့ တခြားသူတွေကို တစ်ခုခုလုပ်ခိုင်းလိုက်ရမလား”

“မလိုတော့ဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်လိုက်၏။

“အသောကသစ်ပင်က ပျက်စီးသွားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့​ပြီ... အဝီစိမှာ အသောကသစ်သီးကိုရှာဖို့က ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာတာထက်တောင် ပိုပြီးခက်ဦးမယ်”

“တက္ကသိုလ်ကို သူပြန်လာတာကို ငါဒီကစောင့်နေမယ်... သူရဲ့မျှော်လင့်ချက်ပျက်စီးသွားတာကို ငါတွေ့ချင်တယ်”

ရုတ်တရက် ဓားအင်မော်တယ်ယွဲ့ဟွားက ရယ်မော၍ အေးစက်စွာပြောလိုက်၏။

“ဂျူနီယာညီမမိုချင်က လက်ဗလာနဲ့ပြန်လာပြီး ယန်လောရှုက ဒဏ်ရာအပြင်းအထန်ရနေမယ်... သူတို့နှစ်ယောက်စလုံးက သေကွဲ ကွဲရလိမ့်မယ်.. ငါက ဒီလိုပြပွဲကောင်းတစ်ခုကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အပြုံးကို ကြည့်ပြီး ရှောင်လီက ရုတ်တရက် ချောက်ချားစရာကောင်းသော ခံစားချက်တစ်ခုကို ရရှိလာခဲ့၏။

စီနီယာအစ်မမိုချင်အပေါ် စီနီယာအစ်ကိုယွဲ့ဟွား၏ မုန်းတီးမှုက သူတွေးထင်ထားသည်ထက် ကျော်လွန်နေခဲ့လေပြီ။

စီနီယာအစ်ကိုယွဲ့ဟွားသည် စီနီယာအစ်မမိုချင်ကို တစ်ခဏချင်းမှာပင် ဤမျှထိ ဘာ့ကြောင့်မုန်းတီးလာသလဲ သူ မသိနိုင်ပေ။

. . . . .

တက္ကသိုလ်၏ အတွင်းဂိုဏ်း... လိုဏ်ဂူခန်းဝါတစ်ခုတည်းမှာ ဖန့်ချင်းယွင်၊ ထန်ပန်နှင့် ယန်ပင်းယင်တို့က ထိုနေရာမှာ အတူတကွစုဝေးနေကြ၏။

“စီနီယာအစ်ကိုဖန့်... ယန်လောရှုက အပြင်ဘက်မှာသွားလာရင်း အားအားယားယားနဲ့ သူများကိစ္စမှာဝင်ပါလို့ ဒဏ်ရာအပြင်အထန်ရပြီး သေလုမတတ်ဖြစ်လာခဲ့တယ်လို့ ကျုပ်ကြားတယ်”

ထန်ပန်က အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေ၏။

“သူက အခုဆိုရင် ခွေးသေတစ်ကောင်လို သူ့ရဲ့လိုဏ်ဂူခန်းဝါထဲမှာ လဲနေတယ်လို့ပြောတယ်... သူက အခုဆိုရင် ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... အခု ကျုပ်တို့က လှုပ်ရှားမှုပြုလုပ်စရာတောင် မလိုတော့ဘူး”

“ဟုတ်တယ်... စီနီယာအစ်ကိုဖန့်က တိုက်ခိုက်မယ်ဆိုရင်တောင် သူတို့က သေခြင်းရှင်ခြင်း တိုက်ပွဲတွေကိုခွင့်ပြုပေးမထားတဲ့ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ လက်ရည်စမ်းလို့ရမှာ... အလွန်ဆုံး ယန်လောရှုက ရှုံးနိမ့်ပြီး သင်ခန်စာတစ်ခုပေးခံရရုံပဲ”

ယန်ပင်းယင်က ပြောလိုက်၏။

“ဒါပေမဲ့... အပြင်လောကမှာတော့ ဘာစဥ်းမျဥ်းစည်းကမ်းမှမရှိဘူး... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန် ရလာပြီး သူကအသက်ရှင်နေတာတောင် ကံကောင်းလှပြီလို့ပြောတယ်”

ဖန့်ချင်းယွင်က တစ်ချိန်လုံး မည်သည့်စကားမှမဆိုဘဲ မှင်သေသေဖြင့်သာ ပြုံးနေလေသည်။ သူသည် သူတို့၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း သူ၏ မျက်လုံးထဲတွင် အူမြုးအားသော အကြည့်တစ်ခုပေါ်ထွက်လာ၏။

ထိုအခါမှသာလျှင် သူက ရယ်မောပြီးပြောလိုက်၏။

“သူက ကံကောင်းရုံသက်သက်နဲ့ အသက်ရှင်နေတာလို့ မင်းတို့တကယ်ပဲထင်လို့လား”

“ဟမ်”

ထန်ပန်ကမှင်တက်သွား၏။

သူက မတုံ့ပြန်နိုင်ခင်မှာပင် ဖန့်ချင်းယွင်က ဆက်ပြောလိုက်၏။

“ယန်လောရှုတိုက်ခိုက်ခံရတာက မတော်တဆဖြစ်ရပ်တစ်ခုပဲလို့ မင်းတို့တကယ်ပဲထင်နေလို့လား”

ထန်ပန်က ရင်တစ်ချက်ထိတ်သွားပြီး ပြူးကျယ်နေသောမျက်လုံးများဖြင့် ဖန့်ချင်းယွင်ကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်၏။

“စီနီယာအစ်ကို... ဒီတစ်ခေါက်တိုက်ခိုက်ခဲ့တဲ့သူက ခင်ဗျားလား”

“ငါက အဲ့ဒါကို ကိုယ်တိုင်ဘယ်လုပ်ပါ့မလဲ ငါက အဲ့ဒါကို အစီအစဥ်ချပေးလိုက်ရုံပဲ”

ဖန့်ချင်းယွင်က ပြောလိုက်၏။

“အခုတစ်ခေါက်တိုက်ခိုက်ခဲ့တဲ့သူတွေက အဖွဲ့အစည်းကြီးတွေက ထိပ်သီးပညာရှင်တွေပဲ... ဖန်းကလန်က ဖန်းယီပါမယ်.. ပြီးရင် မင်းသားယွမ်ကျောနဲ့ သူ့ရဲ့အာဏာပါးကွက်သားအစောင့်တပ်သားတွေ ပြီးရင် အင်မော်တယ်ပျံဂိုဏ်းက ကောင်းကင်အင်မော်တယ်ကွေ့ယွမ်နဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံက မင်းသားရှဲ့ထျန်ဟုန်လဲပါတယ်”

“ငါက... ယန်လောရှုရဲ့တည်နေရာကို သူတို့ကို သတင်းပေးပြီး သူတို့တိုက်ခိုက်တာကို ဘေးကနေ စောင့်ကြည့်နေခဲ့ရုံပဲ”

ခဏမျှရပ်တန့်ပြီးနောက် ဖန့်ချင်းယွင်က နောက်တစ်ဖန်ရယ်မောလိုက်၏။

“အဲ့ဒီတိုက်ပွဲက အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ပြောရမယ်”

ယန်ပင်းယင်က မည်သည့်စကားမှ မဆိုဘဲ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူမသည် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများကြောင့် ယန်လောရှုအပေါ် အလွန်တရာအမြင်မကြည်သော်လည်း ဂိုဏ်းသားရောင်းရင်းအချင်းချင်း ကိုင်တွယ်ဖို့အတွက် အပြင်လူများနှင့် ပူးပေါင်းခြင်းကိုတော့ သူမက သိပ်ပြီး ဘဝင်မကျပေ။

တစ်ဘက်မှာတော့ ထန်ပန်က စိတ်လှုပ်ရှားတက်ကြွနေ၏။

“စီနီယာအစ်ကို လက်စသတ်တော့... နောက်ကွယ်ကနေ အကုန်လုံးကို ကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့သူက ခင်ဗျားပဲ”

“စီနီယာအစ်ကိုယွဲ့ဟွားက အဲ့ဒါကိုတောင်းဆိုခဲ့မှတော့... ငါကလည်း ငါတတ်နိုင်တာအကောင်းဆုံး လုပ်ပေးရမှာပေါ့”

ဖန့်ချင်းယွင်က တည်ငြိမ်စွာ ပြုံးလိုက်၏။

ထန်ပန်က ဒွိဟဖြစ်သွားပြီး မေးလိုက်၏။

“စီနီယာအစ်ကိုဖန့်... ဒီလောက်ပညာရှင်တွေအများကြီးတိုက်ခိုက်ခဲ့တာကို ယန်လောရှုက အသက်ရှင်လျက် ဘယ်လိုပြန်လာနိုင်ခဲ့တာလဲ”

“အဲ့ဒါ ငါ့ရဲ့စိတ်ဆန္ဒပဲ”

ဖန့်ချင်းယွင်ကပြုံး၍ ဆက်မပြောဘဲ အိုက်တင်ခံနေလိုက်၏။

“ဘာလို့လဲ”

ထန်ပန်က အတန်ကြာတွေးတောလိုက်သော်လည်း အဲ့ဒါကိုစဥ်းစားမရဘဲ မျက်မှောင်ကြုတ်ကာမေးလိုက်၏။

ယန်ပင်းယင်ကပြောလိုက်၏။

“စီနီယာအစ်ကိုဖန့်က တစ်ဂိုဏ်းတည်းသားချင်းတွေဆိုတဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို ထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးခဲ့တာ ဖြစ်မှာပေါ့”

ဖန့်ချင်းယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ငါက သူ့ကို အသက်ရှင်ခွင့်ပေးပြီး ပြန်လာခိုင်းခဲ့တယ်ဆိုတာ... ငါက နောက်ထပ်လူတစ်ယောက်ကို ကိုင်တွယ်ချင်လို့ပဲ”

“ဆူဇီမိုလား”

ထန်ပန်က ငေးငိုင်ရာကနေ နိုးထလာပြီး လွှတ်ခနဲပြောလိုက်၏။

“အမှန်ပေါ့”

ဖန့်ချင်းယွင်က ခေါင်းညိတ်ပြလိုက်၏။

“ခင်ဗျား အစီအစဥ်ချပြီးသွားပြီလား”

ထန်ပန်ကမေးလိုက်၏။

ဖန့်ချင်းယွင်သည် ဆူဇီမိုကို ကိုင်တွယ်ချင်နေသည်ဟု သူသိလာခဲ့သော်လည်း ဤအခွင့်အရေးကို ဘယ်လိုအသုံးချမလဲ သူက စဥ်းစားလို့ မရနိုင်သေးပေ။

ဖန့်ချင်းယွင်က ပြောလိုက်၏။

“ဆူဇီမိုကို ဂိုဏ်းချုပ်က အမည်ခံတပည့်အဖြစ် လက်ခံခဲ့တယ်... သူ့ရဲ့အဆင့်အတန့်က ယန်လောရှုထက်အများကြီးပိုပြီး မြင့်မားသွားပြီ... သူ့ကိုချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ကြီးမားတဲ့အင်အားတစ်ခုကို စုဖွဲ့လိုက်မယ်ဆိုရင် အဲ့ဒါကို ဂိုဏ်းချုပ်က အာရုံခံမိသွားမှာစိုးရတယ်”

“အဲ့ဒါကြောင့် ဆူဇီမိုကို ကိုင်တွယ်ဖို့အတွက်ဆိုရင် တည်နေရာက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနဲ့ တတ်နိုင်သမျှ ဝေးလေကောင်းလေပဲ”

“ယန်လောရှုရဲ့ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရထားတယ်... သိပ်မကြာခင် ဆူဇီမိုက အဲ့ဒီသတင်းကို လက်ခံရရှိသွားလိမ့်မယ်... အမြုတေစိဝိညာဥ်ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့အင်မော််တယ်ဆေးပင်တွေဆိုတာ အရမ်းကိုရှားရှားပါးပါးပဲ.. အသောကသစ်သီးကတော့ သူတို့ထဲကတစ်ခုပဲ”

ထိုစကားကိုကြားသောအခါ ထန်ပန်၏ မျက်လုံးက ဝင်လက်သွား၏။ သူက ဖန့်ချင်းယွင်၏ စကားကို ဆက်ပြောလိုက်လေသည်။

“မကြာသေးခင်တုန်းက အဝီစိမှာအက်ကွဲကြောင်းတစ်ခုပေါ်လာပြီး အထဲမှာမရေမတွက်နိုင်တဲ့ ရတနာတွေရှိနေတယ်ဆိုတဲ့သတင်း... သုခဘုံသန့်စင်ကုန်းမြေကနေ ထွက်လာခဲ့တယ်... အသောကသစ်သီးက အဲ့ဒီနေရာမှာ ရှိကောင်းရှိနေနိုင်တယ်”

“အဲ့ဒါကြောင့် ခင်ဗျားရဲ့ရည်ရွယ်ချက်က ယန်လောရှုရဲ့အမြုတေစိတ်ဝိညာဥ်ဒဏ်ရာကို အသုံးချပြီး ဆူဇီမိုကို အပြင်ထွက်လာအောင် မျှားခေါ်ထုတ်ဖို့ပေါ့”

ဖန့်ချင်းယွင်က မည်သည့်စကားမှမဆိုဘဲ ပြုံး၍ တိတ်တဆိတ်အသိအမှတ်ပြုလိုက်၏။

ထန်ပန်က လက်ခုပ်တီးကာ ချီးကျူးလိုက်၏။

“ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ အပြန်အလှန်ချိတ်ဆက်နေတဲ့ ထောင်ချောက်တစ်ခုပဲ... ယန်လောရှုကို ကိုင်တွယ်ပြီးသားဖြစ်သလို အနာဂတ်ပြဿနာကို တားဆီးဖို့အတွက် ဆူဇီမိုကိုလည်း ရှင်းပြီးသားဖြစ်သွားမယ်”

“စီနီယာအစ်ကို... ခင်ဗျားရဲ့အစီအစဥ်က တကယ့်ကိုပြီးပြည့်စုံနေတာပဲ... လုံးဝစနစ်ကျတယ် ခင်ဗျားရဲ့ဉာဏ်ပညာက ဂိုဏ်းချုပ်နဲ့ယှဥ်နိုင်နေပြီလို့တောင် ကျုပ်ထင်မိတယ်”

All Chapters