← Chapters

လူသားသဘာဝ

Vol. 155 Ch. 2321

လူသားသဘာဝ

Vol. 155 Ch. 2321

သိပ်မကြာခင် ဆူဇီမိုနှင့် လျှိုဖျင်သည် ယန်​လောရှု၏ လိုဏ်ဂူခန်းဝါရှေ့သို့ ရောက်ရှိလာခဲ့၏။

မလှမ်းမကမ်းမှာ အနီရောင်အလင်းတစ်ခုက ပျံသန်းလာ၏။

အဲ့ဒါက မင်းသမီးသက်တံနီဖြစ်လေသည်။

“ဇီမို... နင်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီကြားလို့ ငါချက်ချင်းထွက်လာခဲ့တာ... နင်ဒီကို တကယ်ရောက်လာတာပဲ”

မင်းသမီးသက်တံနီက ရှေ့သို့တက်လှမ်းပြီးပြောလိုက်၏။

လေးလံသောစိတ်နှင့်အတူ ဆူဇီမိုက နှုတ်ဆက်သည့်အနေဖြင့် ညင်သာစွာခေါင်းညိတ်ပြလိုက်၏။

သူတို့သုံးယောက်သည် မလှမ်းမကမ်းရှိ လိုဏ်ဂူခန်းဝါတစ်ခုကို လှည့်ကြည့်လိုက်ကြ၏။

ရက်အနည်းငယ်မျှမှာ လိုဏ်ဂူခန်းဝါက ယိုယွင်းပျက်စီး၍ အေးစက်လာခဲ့၏။ အနီးနားမှာစောင့်ဆိုင်းနေသည့် မည်သည့်အင်မော်တယ်အစေခံ သို့မဟုတ် မည်သည့်တာအိုကလေးငယ်မှ မရှိပေ။

ဘေးပတ်ဝန်းကျင်မှာရှိသော အင်မော်တယ်စိုက်ခင်းသည် စိတ်ဝိညာဥ်တောကောင်တချို့၏ နင်းခြေခံထားရပြီး မည်သူကမှ ဂရုမစိုက်ပေ။

အတွင်းဂိုဏ်းတပည့်တချို့သည် သူတို့၏ အသေးအဖွဲ့ကိစ္စများကို ကူညီပေးစေဖို့အတွက် အင်မော်တယ်အစေခံများ သို့မဟုတ် တာအိုကလေးငယ် တစ်ရာကို ရွေးချယ်ခေါ်ယူနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် လမ်းတစ်လျှောက်မှာ ယန်လောရှု၏ တာအိုကလေးငယ်တစ်ယောက်ကိုမှ မတွေ့မြင်ခဲ့ရပေ။

ဆူဇီမိုသည် တံခါးကို တွန်းဖွင့်ပြီး ဝင်ရောက်လာခဲ့၏။

သူက လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူသည် သွေးရနံ့တစ်စွန်းတစ်စ ရောထွေးပါဝင်နေသည့် ပြင်းထန်သော ဆေးနံ့ကို ရရှိလိုက်၏။

လိုဏ်ဂူခန်းဝါက မှောင်မည်းနေပြီး ဖယောင်းတိုင်ထွန်းပေးမည့်သူ မည်သူမှ မရှိပေ။

ဆူဇီမို၏ အမူအရာက သုန်မှုန်နေပြီး ရှေ့သို့ဆက်လျှောက်လာခဲ့၏။

“တစ်ယောက်ယောက် ဒီကိုရောက်လာတာလား”

ထိုစဥ်မှာပင် အားနည်းသော အော်ရာတစ်ခုနှင့်အတူ ရှေ့ကနေ မေးခွန်းသံတစ်သံထွက်ပေါ်လာ၏။

ထိုအသံထွက်ပေါ်လာပြီးနောက် ပြင်းထန်သော ချောင်းဆိုးသံကပါ ထွက်ပေါ်လာလေသည်။

“သခင်လေး... မထပါနဲ့.. ကျုပ်သွားကြည့်လိုက်မယ်”

ထို့နောက်တစ်ဆက်တည်းမှာပင် ကတိုက်ကရိုက်နိုင်သောခြေသံတစ်သံထွက်ပေါ်လာ၏။

သိပ်မကြာခင် တာအိုကလေးတစ်ယောက်က ပြေးထွက်လာခဲ့၏။ သူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူက သွေးများဖြင့် ပေကျံနေ၏။ သူက ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါ်ပြီး မအိပ်ရသည်မှာ ရက်အနည်းငယ်ရှိသွားလောက်လေပြီ။

“ခင်ဗျားတို့တွေက...”

တာအိုကလေးငယ်က စကားပြောလိုက်၏။

“ငါကဆူဇီမိုပဲ... ငါက စီနီယာအစ်ကိုယန်ဆီကို လာလည်တာ”

ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အာ...”

တာအိုကလေးငယ်က ခဏမျှမှင်တက်သွားပြီးနောက် တုံ့ပြန်လာခဲ့၏။

သူသည် ဆူဇီမိုနာမည်ကို ကြားဖူးထားပုံရပြီး သူတို့သုံးယောက်ကို အလောတကြီးဦးညွှတ်လိုက်၏။

“မင်္ဂလာပါ... အဆင့်မြင့်အင်မော်တယ်တို့ ကျေးဇူးပြုပြီး ကျုပ်နောက်ကိုလိုက်ခဲ့ပါ”

တာအိုကလေးငယ်ကို တက္ကသိုလ်၏ တပည့်ဂိုဏ်းသားတစ်ယောက်ဟု မသတ်မှတ်နိုင်ဘဲ သူက အင်မော်တယ်အစေခံတစ်ယောက်မျှသာဖြစ်၏။ သူသည် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများကို တွေ့ရသောအခါ သူသည် သူတို့ကို အဆင့်မြင့်အင်မော်တယ်များဟု လေးလေးစားစား ခေါ်ဆိုရလေသည်။

ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် တာအိုကလေးငယ်နောက်ကနေ လိုက်ပါလာခဲ့၏။ ခြေလှမ်းအတော်အတန်လျှောက်လှမ်းပြီးနောက် သူတို့သည် သူတို့၏ ရှေ့မှာ ကျောက်စိမ်းကုတင်တစ်လုံးကို တွေ့မြင်လိုက်ရပြီး ၎င်းပေါ်မှာ အမျိုးသားတစ်ယောက်က လှဲလျောင်းနေ၏။

သူ၏ မျက်နှာက ညှိုးခြောက်၍ ဝါထိန်နေပြီး သူ၏ အသက်ဓာတ်အားက အားပျော့နေ၏။ သူက ယန်လောရှုဖြစ်လေသည်။

“သခင်လေး... ခင်ဗျားရဲ့ဧည့်သည်တွေလာတယ်”

တာအိုကလေးငယ်က ယန်လောရှု၏ ကုတင်ဘေးသို့ ပြေးသွားပြီး ဒူးထောက်ချကာ တစ်ဆို့နေသောအသံဖြင့် ငိုရှိုက်လိုက်လေသည်။

ဆူဇီမိုနှင့် အခြားနှစ်ယောက်ကလွဲလျှင် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ယန်လောရှုထံသို့ အခြားမည်သူကမှ အလည်မလာခဲ့ပေ။ မည်သူကမှ ဟန်ဆောင်ပန်ဆောင်ပင် သတင်းလာမေးဖော်မရခဲ့ပေ။

ထို့ကြောင့်ပင် တာအိုကလေးငယ်က ထိုစကားကိုပြောသည့်အခါ ဝမ်းနည်းမှုကိုခံစားလာရခြင်းဖြစ်၏။

“ငါသူတို့ပြောတာ ကြားပါတယ်”

ယန်လောရှုက ပြုံးပြလိုက်၏။

“ငါ့ကိုထူပေးဦး”

တာအိုကလေးငယ်က မတ်တတ်ထရပ်ပြီး ယန်လောရှုကို ထူမပေးလိုက်၏။

သူက ထထိုင်ပြီး ကုတင်ခေါင်းရင်းကို မှီထားလေသည်။

“တခြားအင်မော်တယ်အစေခံတွေက ဘယ်ရောက်ကုန်တာလဲ”

သုန်မှုန်နေသောအမူအရာနှင့်အတူ ဆူဇီမိုက မျက်မှောင်ကြုတ်၍မေးလိုက်၏။

“ဘာလို့မင်းတစ်ယောက်ထဲပဲရှိနေတာလဲ”

“ဟမ်...”

ထိုစကားကိုကြားသောအခါ တာအိုကလေးငယ်က ရုတ်တရက် မကျေမနပ်ဖြစ်သွားပြီး ဒေါသတကြီးပြောလိုက်၏။

“သူတို့တွေက ကျုပ်သခင်လေးကို စွန့်သွားခဲ့ပြီ... သူတို့တွေက တခြားနောက်ခံရှိတဲ့သူတွေကို ရှာဖို့ထွက်သွားကြပြီ”

“အဲ့ဒါကို ပြောမနေနဲ့တော့”

ယန်လောရှုက ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။

“သူတို့ကို ဖြုတ်ပစ်လိုက်တာက ငါပဲ... ငါ့အနေနဲ့ ဒီလိုမျိုး ငါ့ရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာဖို့ မလွယ်တော့ဘူး.. ငါက သိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး... သူတို့က ငါ့နောက်ကိုလိုက်မယ်ဆိုရင် အဲ့ဒါက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲဖြစ်နေလိမ့်မယ်”

“ဒါပေမဲ့... သခင်​​လေး ခင်ဗျားက အခုချိန်မှာ ဒုက္ခရောက်နေတာပဲ... သူတို့က ခင်ဗျားကို ဒီလိုပုံစံနဲ့စွန့်ပစ်ထားခဲ့လို့ ဘယ်ရမလဲ”

“သခင်လေး... ခင်ဗျားက ကျုပ်တို့တွေကို ကောင်းကောင်းပြုမူဆက်ဆံပေးခဲ့တယ်... ခင်ဗျားက ကျုပ်တို့တွေကို ခင်ဗျားရဲ့စိတ်ဝိညာဥ်ဆေးလုံးတွေနဲ့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကိုပါ မျှပေးခဲ့တယ်”

“ခင်ဗျားက ကျုပ်တို့ကို တာအိုကိုတောင်မှရှင်းပြပြီး သင်ကြားပေးခဲ့တယ်... ကျုပ်တို့ရဲ့နောက်ခံတွေကြောင့် ခင်ဗျားကျုပ်တို့ကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဘူး”

ထိုနေရာအရောက်တွင်... တာအိုကလေးငယ်က ငိုရှိုက်နေပြီဖြစ်၏။

သူ၏နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သူက မျက်ရည်များကျမလာဖို့ အတတ်နိုင်ဆုံးထိန်းထားလေသည်။

ယန်လောရှုက ပြောလိုက်၏။

“အဲ့ဒါက ခံစားရမကောင်းဘူးဆိုတာ ငါသိပါတယ်... အဲ့လိုဆိုမှတော့ ငါကမင်းတို့တွေကို ဘာလို့အထင်အမြင်သေးပြီး နှိမ့်ချရမှာလဲ”

ထိုနေရာအရောက်တွင်... မင်းသမီးသက်တံနီက ရင်ထံမှာဆို့နင့်သွား၏။ သူမက သူမ၏ ခေါင်းကို တစ်ဘက်သို့လှည့်ပြီး သူမ၏ မျက်လုံးများက နီရဲလာကာ စိတ်ထဲကနေ ကြိတ်၍သက်ပြင်းချလိုက်၏။

လူသားသဘာဝ၏ အပြောင်းအလဲမြန်မှုနှင့် လောက၏ မတည်မြဲမှု...။

ယန်လောရှုသည် ဖြောင့်မတ်မှန်ကန်သောလူတစ်ယောက်ဖြစ်ပြီး အုပ်စုဖွဲ့ခြယ်လှယ်ခြင်းကို သဘောမကျပေ။ သူသည်လည်းပဲ အောက်ဘုံလောကကနေ တက်လှမ်းလာခြင်းဖြစ်သည့်အတွက် သူသည် တက္ကသိုလ်မှာခွဲခြားဆက်ဆံခံရပြီး သူ့မှာ မိတ်ဆွေများစွာ မရှိခဲ့ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားကြောင့် အခြားသောကျင့်ကြံသူများသည် ဤနှစ်များမှာ သူနှင့် ရင်းနှီးမှုရယူဖို့ ကြိုးစားမလာကြပေ။ ယခု ယန်လောရှု ဒုက္ခရောက်နေချိန်မှာ မည်သူကမှ သူ့ဆီကိုအလည်ရောက်မလာကြပေ။

သို့သော်လည်း ယန်လောရှုနောက်သို့လိုက်ပါခဲ့သည့် အင်မော်တယ်အစေခံများနှင့် တာအိုကလေးငယ်များသည် သူ့ဆီကနေ အကျိုးအမြတ်အများဆုံးရရှိခဲ့လေသည်။ ယခုသူတို့က သူ့ကိုစွန့်ခွာသွားခဲ့သည့်အချက်က ရင်နင့်စရာကောင်းလေသည်။

ယန်လောရှုက သူ၏ လက်ကို ဆန့်ထုတ်ပြီး တာအိုကလေးငယ်၏ မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာသုတ်ပေးကာ ပြောလိုက်လေသည်။

“မငိုပါနဲ့... မင်းကငါနဲ့အတူရှိနေသေးတာပဲ”

“ကောင်းပါပြီ”

တာအိုကလေးငယ်က အားတက်သရောဖြင့် ခေါင်းညိတ်ပြလိုက်၏။

“မပူပါနဲ့ သခင်လေး... ကျုပ်မသေသေးသရွေ့ ကျုပ်က ခင်ဗျားဘေးနားမှာ ရှိနေမယ်”

ဆူဇီမိုက ရှေ့သို့လျှောက်လှမ်းပြီး တာအိုကလေးငယ်၏ နဖူးကို ညင်သာစွာသပ်ပေးလိုက်၏။

တာအိုကလေးငယ်၏ မျက်ရစ်က လေးလံလာပြီး သူက ငေးငိုင်စွာဖြင့် အိပ်မောကျသွားလေသည်။

တာအိုကလေးငယ်က ရက်ပေါင်းများစွာမအိပ်ရသေးဘဲ အလွန်တရာပင်ပန်းနွမ်းနယ်နေပြီကို ဆူဇီမိုက သတိထားမိ၏။ ထို့ကြောင့် သူက ဓမ္မပညာရပ်တစ်ခုကိုထုတ်ဖော်ကာ သူ့ကိုအနားပေးလိုက်ခြင်းဖြစ်လေသည်။

“ကျေးဇူးပဲ”

ယန်လောရှုက ခေါင်းညိတ်ပြလိုက်၏။

“ဂျူနီယာညီဆူ”

ယန်လောရှုက စကားပြောမည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။

“မင်းက... ဂိုဏ်းချုပ်ရဲ့အမည်ခံတပည့်ဖြစ်နေပြီပဲ... ငါမင်းကို စီနီယာအစ်ကိုဆူလို့ခေါ်ရမှာပေါ့”

“ကျုပ်တို့ကြားမှာ အဲ့ဒါတွေမလိုပါဘူး”

ဆူဇီမိုက ပြောလိုက်၏။

“အစ်ကိုယန်... ခင်ဗျားစိတ်မရှိဘူးဆိုရင် ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေလို့ပဲ ခေါ်ဆိုကြတာပေါ့”

ယန်လောရှုက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြုံးလိုက်လေသည်။

“ကောင်းပြီလေ... ဘယ်လိုပဲဖြစ်ဖြစ် ငါက သိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး... ဒီလိုဆိုမှတော့ ငါကမင်းကို သိပ်ပြီးဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး”

“ဘာဖြစ်ခဲ့တာလဲ”

ဆူဇီမိုက လေးနက်သောအသံဖြင့် မေးလိုက်၏။

ယန်လောရှုက အတန်ကြာငြိမ်သက်နေပြီးနောက် သူ၏ ခေါင်းကို ခါပြလိုက်၏။

“ထားလိုက်ပါ အတိတ်အကြောင်းကို တူးဆွနေစရာ မလိုတော့ဘူး”

“တိုက်ခိုက်ခဲ့တဲ့သူက ဖန်းကလန်ကလို့ ကျုပ်ကြားတယ်.. အဲ့ဒါက ဖန်းယွီရဲ့သေဆုံးမှုကြောင့်လား”

ဆူဇီမိုက မေးလိုက်၏။

“မဟုတ်ပါဘူး”

ယန်လောရှုက ပြောလိုက်၏။

“အဲ့ဒါက အမှတ်မထင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတစ်ခုပဲ... ငါက သူတိုထက်အားနည်းလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ... ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး”

သူက အမှန်ကို ပြောပြမည်ဆိုလျှင် ဆူဇီမိုသည် သူ့အတွက် ဤကိစ္စမှာ သေချာပေါက်ဝင်ပါတော့မည်ကို ယန်လောရှုက သိထားလေသည်။ ထိုအချိန်ကျလျှင် ထိုသူက ဒုက္ခများစွာရောက်ရပေလိမ့်မည်။

ဆူဇီမိုသည် ဂိုဏ်းချုပ်၏ အမည်ခံတပည့်တစ်ယောက်ဖြစ်သော်လည်း သူသည် တက္ကသိုလ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသေးပေ။ သူသည် တက္ကသိုလ်မှထိုလူများကို ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

“တက္ကသိုလ်ကလူတွေ ပါဝင်ပတ်သက်နေတာလား”

ယန်လောရှုက ထပ်မံ၍ပြောလိုစိတ်မရှိတော့သည်ကို တွေ့ရသောအခါ ဆူဇီမိုက တစ်စုံတစ်ရာကို ဝိုးတဝါးခန့်မှန်းမိသွားပြီး ထပ်မေးလိုက်၏။

ယန်လောရှုက အသံတိတ်နေ၏။

ခဏမျှရပ်တန့်ပြီးနောက် ယန်လောရှုက ရုတ်တရက်စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါနဲ့... အဲ့ဒီမှာ တခြားတစ်ခုကတော့ နဲနဲထူးဆန်းနေတယ်”

“အဲ့ဒီအချိန်တုန်းက အဲ့ဒီလူတွေက ငါ့အသက်ကို ယူလို့ရတယ်... ဒါပေမဲ့ သူတို့တွေက ငါ့ကိုမသတ်ဘဲ ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်ကိုပဲ ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ပြီး ထွက်ခွာသွားကြတယ်”

လျှိုဖျင်က သူ၏ ခေါင်းကို ညင်သာစွာလှည့်ပြီး ဝေဖန်ဆန်းစစ်လိုက်၏။

“စီနီယာအစ်ကိုယန်က ဘာပဲပြောပြော တက္ကသိုလ်က အတွင်းဂိုဏ်းတပည့်တစ်ယောက်ပဲ.. တိုက်ခိုက်တဲ့သူတွေက တက္ကသိုလ်ကိုရှိန်နေလို့ သိပ်ပြီးတော့လွန်လွန်ကျူးကျူး မလုပ်ရဲကြတာဖြစ်မယ်”

“အဲ့ဒါဖြစ်နိုင်တယ်”

ယန်လောရှုက အသံနှိမ့်၍ပြောလိုက်၏။

“ဒါပေမဲ့... အဲ့ဒီမှာ တစ်ခုခု လွဲနေတုန်းပဲလို့ ငါခံစားရတယ်... ဒါပေမဲ့ အတိအကျဘာလဲဆိုတာ ငါထောက်မပြနိုင်ဘူး”

“ညီကိုဆူ... မင်းကလောလောတယ်မှာ တက္ကသိုလ်ကနေမထွက်ခွာဘဲ တံခါးပိတ်ကျင့်ကြံနေမယ်ဆိုရင် အကောင်းဆုံးပဲ”

ယန်လောရှုက ထပ်မံ၍ သတိပေးလိုက်၏။

ဆူဇီမိုက ကန့်ကွက်ခြင်းမရှိဘဲ ယန်လောရှုနှင့် ခဏကြာ စကားပြောဆိုလိုက်လေသည်။ ထိုသူ၏ ပင်ပန်းနွမ်းနယ်လာသောအမူအရာကို တွေ့မြင်သောအခါ သူက လျှိုဖျင်နှင့် မင်းသမီးသက်တံနီနှင့်အတူ နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

All Chapters