ထူးဆန်းနေသောတစ်စုံတစ်ရာ
Vol. 155 Ch. 2322
ယန်လောရှု၏ လိုဏ်ဂူခန်းဝါကနေ ထွက်ခွာလာပြီးနောက် ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောကာ မေးလိုက်၏။
“မကြာသေးခင်က အပြင်လောကမှာ တစ်ခုခုဖြစ်ခဲ့သေးလား”
“အကြီးမားဆုံးအရာကတော့ အဝီစိကနေ ဧကရာဇ်ပိုရွှင်းလွတ်မြောက်လာပြီး ကောင်းကင်ဘုံကမ္ဘာကို ပြန်ရောက်လာတာပဲဖြစ်လိမ့်မယ်”
မင်းသမီးသက်တံနီက ပြောလိုက်၏။
“ဧကရာဇ်ပိုရွှင်းလား”
ဆူဇီမိုက တုန်လှုပ်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် ယန်ပေးချန်ကိုကယ်တင်ဖို့အတွက် အဝီစိသို့ သွားရောက်သည်ဆိုတာကို သူသိထားလေသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ဝင်ရောက်သွားပြီးနောက် သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့လေသည်။
နှစ်တစ်ထောင်ကြာပြီးတာတောင် မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် လောကကနေ ပျောက်ကွယ်သွားသည့်အလားပင်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဧကရာဇ်ပိုရွှင်းလွတ်မြောက်လာသည့်အကြောင်းကို မပြောနှင့် အဝီစိမှာဖြစ်ပျက်ခဲ့သည့်အရာများကိုပင် သူက မသိရှိတော့ပေ။
ထို့ကြောင့်ပင်လျှင် ဧကရာဇ်ပိုရွှင်းအသက်ရှင်နေသေးသည်ဟု ကြားသိရသောအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဤမျှအထိ အံ့အားသင့်သွားခြင်းဖြစ်၏။
မင်းသမီးသက်တံနီက အဝီစိနှင့်ပတ်သက်သည့်သတင်းကို ပြန်ပြောပြလိုက်၏။
“မကြာသေးခင်တုန်းက ကောင်းကင်ဘုံကမ္ဘာက ကျင့်ကြံသူအတော်များများက အခြေအနေတွေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် အဝီစိကိုသွားရောက်ကြမယ်လို့ ငါကြားမိတယ်”
“အဝီစိ..”
ဆူဇီမိုက လေးနက်စွာ စဥ်းစားတွေးတောလိုက်၏။
ရုတ်တရက် သူက ရင်တစ်ချက်ထိတ်သွားပြီး ပြောလိုက်၏။
“အသောကသစ်သီး”
“ဘာဖြစ်တယ်..”
မင်းသမီးသက်တံနီနှင့် လျှိုဖျင်က မှင်တက်သွားလေသည်။
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“အသောကသစ်သီးက အဝီစိမှာရှိကောင်းရှိနိုင်တယ်... အဲ့ဒါကပဲ စီနီယာအစ်ကိုယန်ရဲ့ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာတွေကို ကုသပေးနိုင်လိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ မဝင်ရောက်ခင်က အသောကသစ်သီးအကြောင်း ကြားသိခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း အဲ့ဒါကို သိရှိနေ၏။
“ဇီမို... နင်က အဝီစိကို သွားမလို့လား”
မင်းသမီးသက်တံနီက မေးလိုက်၏။
“ဒါပေါ့”
ဆူဇီမိုက အမှန်တရားကို ဖုံးကွယ်ထားခြင်းမရှိပေ။
ယန်လောရှု၏ ဖြစ်ရပ်ကြောင့်မဟုတ်လျှင်တောင် သူသည် အဝီစိသို့ သွားရောက်သင့်၊ မသင့် စဥ်းစားရပေလိမ့်မည်။
မည်သို့ပင်ဆိုစေ... သိုင်းတာအိုပင်မခန္ဓာက ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့၏။
ယခုအချိန်မှာ ထိုနေရာသို့သွားဖို့ ပို၍ပင် အကြောင်းဖန်လာခဲ့၏။
မင်းသမီးသက်တံနီက ပြောလိုက်၏။
“အဝီစိကအရမ်းကို အန္တရာယ်များလွန်းတယ်... ငါနင်နဲ့လိုက်ခဲ့မယ်”
“ငါလည်းလိုက်မယ်”
လျှိုဖျင်ကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။
“မလိုတော့ဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“ငါ မင်းတို့နှစ်ယောက်ကို တောင်းဆိုစရာတစ်ခုရှိတယ်”
“စီနီယာအစ်ကိုဆူ... ကျေးဇူးပြုပြီးပြောပါ”
လျှိုဖျင်က ပြောလိုက်၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“စီနီယာအစ်ကိုယန်က ဒဏ်ရာအပြင်းအထန် ရထားတယ်... သူ့အနေနဲ့ ဒီအချိန်အတောအတွင်းမှာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ရပ်တည်ဖို့အတွက် အရမ်းကို ခက်ခဲနေတယ်... သူ့ကိုကာကွယ်ပေးမယ့်သူ ဘယ်သူမှမရှိဘူး သူတစ်ခုခုဖြစ်သွားမှာကို ငါစိုးရိမ်တယ်... အဲ့ဒါကြောင့် မင်းတို့နှစ်ယောက်က ဒီအချိန်အတောအတွင်း သူ့ဆီကို မကြာခဏသွားလည်ပြီး သူ့ကို ဂရုစိုက်ပေးစေချင်တယ်”
မင်းသမီးသက်တံနီက ပြောလိုက်၏။
“မပူပါနဲ့ ငါစီနီယာအစ်ကိုယန်ကို ဂရုစိုက်လိုက်ပါ့မယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ငါပြန်လာတဲ့အထိစောင့်နေကြ”
ဆူဇီမိုက ထပ်မံ၍သတိပေးလိုက်၏။
“ကောင်းပြီလေ”
မင်းသမီးသက်တံနီနှင့်လျှိုဖျင်က ခေါင်းညိတ်လိုက်ကြ၏။
လျှိုဖျင်က ဆက်ပြောလိုက်၏။
“ကျုပ်အခုပဲသွားပြီးတော့ အထုပ်အပိုးပြင်လိုက်မယ်... ကျုပ်က ဒီအချိန်အတောအတွင်း စီနီယာအစ်ကိုယန်ရဲ့နေရာကို ရွှေ့ပြောင်းနေပြီး သူ့ကိုအဖော်ပြုပေးမယ်”
“ငါလည်းလိုက်ခဲ့မယ်”
မင်းသမီးသက်တံနီကလည်း ပြောလိုက်၏။
“ကိုယ့်လူတို့ ဒီနေရာကပဲ နှုတ်ဆက်ကြတာပေါ့”
ဆူဇီမိုက မင်းသမီးသက်တံနီနှင့် လျှိုဖျင်ထံ လက်သီးနှစ်ဖက်ကိုယှက်ပြပြီး ဦးညွှတ်လိုက်၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ မင်းသမီးသက်တံနီနှင့် လျှိုဖျင်ကလွဲလျှင် သူယုံကြည်စိတ်ချရသောသူ မရှိပေ။
မင်းသမီးသက်တံနီက ပြောလိုက်၏။
“ဇီမို... နင်က အသောကသစ်သီးနဲ့အတူ ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက်လာဖို့ ငါဆုတောင်းပေးနေမယ်”
သူတို့သုံးယောက်သည် လေထဲကနေပျံသန်းပြီး လူစုခွဲထွက်ခွာလိုက်ကြ၏။
အဝီစိက အခြားသူများအတွက် တကယ့်ကိုကြိုတင်ခန့်မှန်းလို့မရဘဲ အန္တရာယ်များသည့်နေရာတစ်ခုဖြစ်၏။
သို့သော်လည်း ဆူဇီမိုမှာ ငရဲဖိနှိမ်မီးဖိုရှိလေသည်။ ဤရတနာသည် အဝီစိမှာ အသုံးဝင်မှုတချို့ သေချာပေါက်ရှိလိမ့်မည်ဟု သူက ယုံကြည်လေသည်။
“အသောကသစ်သီးလား”
ရုတ်တရက် ဆူဇီမိုက လှောင်ရယ်လိုက်၏။
ယန်လောရှုပြောသည်မှာ မှန်လေသည်။ သူအသက်ရှင်လျက်ပြန်လာနိုင်သည့်အချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာက တကယ်ပင်လွဲမှားနေ၏။
ဆူဇီမိုသည် အဝီစိ၏ သတင်းကိုကြားရသောအခါ သူ့ကိုတိုက်ခိုက်ဖို့အတွက် ဂိုဏ်းမှာလူတချို့က အကွက်ချကြံစည်နေခြင်းဖြစ်သည်ကို သူကခန့်မှန်းမိလိုက်၏။
ယန်လောရှု၏ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာက ငါးစာမျှသာဖြစ်လေသည်။
သူသည် ယန်လောရှုအတွက် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကနေထွက်ခွာပြီး အဝီစိကိုသွားရောက်မည်ကို တစ်ဘက်လူက ကြိုတင်ခန့်မှန်းထား၏။
ထို့ကြောင့်ပင်လျှင် သူတို့က ဤကဲ့သို့သောထောင်ချောက်တစ်ခုကို ခင်းကျင်းခဲ့ခြင်းဖြစ်လေသည်။
“ငါ့ကိုဘယ်သူတွေက ရန်ရှာချင်တာလဲ ကြည့်ရသေးတာပေါ့”
ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့၏။
ယန်လောရှု ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည့်အချက်က သူ၏ သတ်ဖြတ်လိုစိတ်ကို နိုးထလာစေခဲ့၏။
ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် သူ့ရှေ့မှာပုံရိပ်တစ်ခုက ဖျတ်ခနဲလက်သွားပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
ရောက်ရှိလာသောသူက ဖန့်ချင်းယွင်၊ ထန်ပန်နှင့် အခြားသူများနှင့် ဆက်ဆံရေးကောင်းရှိသော အတွင်းဂိုဏ်း၏ နံပါတ်တစ် နတ်မိမယ် ယန်ပင်းယင်ဖြစ်လေသည်။
“ပြောစရာတစ်ခုခုရှိလို့လား”
ဆူဇီမိုသည် ဖန့်ချင်းယွင်နှင့် အခြားသူများနှင့် ရန်ငြိုးရန်စရှိခဲ့ပြီးကတည်းက သူသည် သူမအပေါ် ကောင်းမွန်သောထင်မြင်ချက် မရှိခဲ့ပေ။
ယန်ပင်းယင်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေပြီး သူမက မေးလိုက်၏။
“စီနီယာအစ်ကိုဆူ... ရှင်ဘယ်သွားမလို့လဲ”
“အဲ့ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။ ဆူဇီမိုသည် သူမနှင့် အချိန်ဖြုန်းမနေလိုပေ။ သူက ယန်ပင်းယင်ကို ကွေ့ရှောင်ပြီး ဂိုဏ်း၏ ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ ပျံသန်းသွားလေသည်။
“စီနီယာအစ်ကိုဆူ”
ယန်ပင်းယင်က လှည့်မကြည့်သော်လည်း သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဝီစိကိုလုံးဝမသွားနဲ့... ကျွန်မပြောနိုင်တာ ဒါပဲ”
ဆူဇီမိုက ပြန်ဖြေမနေပေ။
တကယ်ဆို သူ၏ ခြေလှမ်းကို ရပ်တန့်ခြင်းပင် မရှိဘဲ တစ်ခဏချင်းမှာပင် သူက ပျောက်ကွယ်သွား၏။
“အာ..”
ယန်ပင်းယင်က ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
တာအိုနှလုံးသားလှေခါးပေါ်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့သည့် ဤပြိုင်စံရှားသည် အရွယ်မတိုင်ခင် သေဆုံးရတော့မည်ဆိုတာကို သူမ သိရှိလိုက်လေသည်။
တစ်ချိန်တည်းမှာပင်... ။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အနက်ပိုင်းထဲ ရှေးဟောင်းကျင့်ကြံရေးနန်းတော်တစ်ခုထဲမှာ အမွှေးတိုင်ခွက်ကနေ အဖြူရောင်မီးခိုးများက အူထွက်နေပြီး နေရာတစ်ခုလုံးကို သုခဘုံတစ်ခုကဲ့သို့လွှမ်းခြုံထားလေသည်။
မီးခိုးများကနေတစ်ဆင့် အရမ်းကိုချောမောသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကို ခပ်ရေးရေးတွေ့မြင်နိုင်၏။ သူက အစိမ်းရောင်စာပေဝတ်ရုံကို ဝတ်ဆင်ထားပြီး တင်ပျဥ်ခွေထိုင်ကာ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူနေ၏။
သူက တက္ကသိုလ်၏ ဂိုဏ်းချုပ်ဖြစ်လေသည်။
မီးခိုးများက တလိပ်လိပ်ထိုးတက်လာပြီး အလယ်မှာစုစည်းသွား၏။
သိပ်မကြာခင် မီးခိုးများ၏ အနက်ပိုင်းထဲကနေ ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာ၏။
အဲ့ဒါသည် အမျိုးမျိုးသောလျှို့ဝှက်စံအိမ်များကို စောင့်ကြပ်နေသည့် လူအိုကြီးရွှမ်ဖြစ်ပြီး သူက တက္ကသိုလ်၏ အကြီးအကဲ-၁၀ လည်း ဖြစ်လေသည်။
“အဲ့ဒါဘာပါလိမ့်”
ဂိုဏ်းချုပ်က သူ၏ မျက်လုံးကို ဖွင့်လိုက်သည့်ခဏမှာပင် အကန့်သတ်မဲ့သော ကြယ်တာရာကောင်းကင်တစ်ခုက အထဲမှာဖျတ်ခနဲလက်သွား၏။
အဲ့ဒီမှာ ကီလိုမီတာထောင်ပေါင်းများစွာ ဖြန့်ကြက်ထားသော မီးခိုးများနှင့် တလိပ်လိပ်ထိုးတက်လာသည့် နက်ရှိုင်းသော သမုဒ္ဒရာတစ်စင်းရှိနေ၏။
သို့သော်လည်း အရာရာတိုင်းသည် တစ်ခဏချင်းမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ထိုမျက်လုံးများက စိတ်ခံစားချက်ကင်းမဲ့၍ ကြည်လင်ရှင်းလင်းနေ၏။
“မင်း... အဝီစိက သတင်းကို ကြားပြီးပြီလား”
လူအိုကြီးရွှမ်က လွှတ်ခနဲမေးလိုက်၏။
“အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ”
“အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ခုခုတော့ထူးဆန်းနေတယ်”
ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြောလိုက်၏။
“ဧကရာဇ်ပိုရွှင်းက အဝီစိကနေလွတ်မြောက်လာခဲ့တယ်ဆိုတာ ငါသိထားတာကြာပြီ... အခု ဒီသတင်းက ကောင်းကင်ဘုံကမ္ဘာမှာပျံနှံ့လာတယ်ဆိုတော့... တစ်ယောက်ယောက်က အဲ့ဒါကို တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လိုက်တာပဲဖြစ်ရမယ်”
“မင်းပြောချင်တာက ဘာလဲ”
လူအိုကြီးရွှမ်က မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။
“ဒီသတင်းကို တမင်သက်သက်ထုတ်လွှတ်ရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ”
“အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်”
ဂိုဏ်းချုပ်က လေးနက်စွာပြောလိုက်၏။
“အခုချိန်မှာ အဖွဲ့အစည်းပေါင်းစုံက ဂနာမငြိမ်ဖြစ်လာပြီး အရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ကိစ္စတွေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် အဝီစိကို အသည်းအသန်သွားနေကြပြီ”
“ဒါပေမဲ့... ဒီသတင်းမှာအချက်အလက်အမှားတွေ ရောနှောပါဝင်နေလောက်တယ်... ဥပမာ အဝီစိမှာ ဘာအက်ကွဲကြောင်းမှ ရှိမနေတာဖြစ်နိုင်တယ်”
ဟာ..
လူအိုကြီးရွှမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူက တည်တံ့စွာပြောလိုက်၏။
“မင်းပြောတာက အမှန်ဆိုရင် ဒီတစ်ခေါက်အဝီစိကိုဝင်ရောက်မယ့် ကျင့်ကြံသူတွေအားလုံးက အဲ့ဒီနေရာမှာ မြှုပ်နှံခံရတော့မှာပေါ့... သူတို့ထဲ မည်သူကမှ ပြန်ထွက်လာနိုင်မှာ မဟုတ်လောက်တော့ဘူး”
“အဲ့ဒီမှာအသက်တွေ ဘယ်လောက်တောင်မှ ဆုံးရှုံးလိုက်ရမလဲ”
လူအိုကြီးရွှမ်က ခဏမျှစဥ်းစားတွေးတောပြီး ဆက်ပြောလိုက်၏။
“ဒါပေမဲ့... ဧကရာဇ်ပိုရွှင်းက အဲ့ဒီကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာပဲ... အဲ့ဒါက မမှားနိုင်ဘူး”
“ဧကရာဇ်ပိုရွှင်းက အဲ့ဒီကနေထွက်ပြေးလွတ်မြောက်လာနိုင်တယ်ဆိုတာ သူက ဧကရာဇ်ပိုရွှင်းဖြစ်နေလို့ပဲ”
ဂိုဏ်းချုပ်က ညင်သာစွာပြုံးပြီး ပြန်မေးလိုက်၏။
“ဒီလောကမှာ ဧကရာဇ်ပိုရွှင်းလိုလူ ဘယ်နှယောက်ရှိလို့လဲ... ဒီတစ်ခေါက် အဝီစိကိုသွားတဲ့ ကျင့်ကြံသူတွေထဲ ဘယ်သူကများ ဧကရာဇ်ပိုရွှင်းကို ယှဥ်နိုင်လို့လဲ”