← Chapters

ငါ ဆုလာဘ်လိုချင်တယ်

Vol. 107 Ch. 1634

ငါ ဆုလာဘ်လိုချင်တယ်

Vol. 107 Ch. 1634

ယနေ့ညက အင်မော်တယ်နန်းတော်တစ်ခုလုံးကို အတော်လေး ဆူပူအုံကြွစေခဲ့သည်။

မိုးကြိုးအပြစ်ပေးနန်းတော်မှ တပည့်တစ်ယောက်သည် ပုန်ကန်ရန် ကြိုးစားခဲ့ပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၌ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အသတ်ခံခဲ့ရသည်။ ထို့ကြောင့် ထိုတပည့်၏ ဆရာဖြစ်သော ကုန်းစွန်းချင်းမူက ဒေါသထွက်သွားပြီး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို မေးခွန်းထုတ်ခဲ့သည်။

နောက်ပိုင်းတွင် ပုန်ကန်မှုက အမှန်ဖြစ်ကြောင်း ထိုတပည့်၏ ကိုယ်ပေါ်မှ ကျောက်စိမ်းတုံကင်က သက်သေပြုပေးခဲ့သည်။

သို့သော်လည်း ဉာဏ်ကောင်းသော လူများ၏ မျက်လုံးထဲတွင် ထိုကိစ္စမှာ ယိုပေါက်တချို့ ရှိသည်။ မည်သို့ဖြစ်ပါစေ ယင်းကို ဂုဏ်သိက္ခာကြီးမြတ်သော စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကိုယ်တိုင်က ထုတ်ပြောခဲ့လေရာ ဤကိစ္စက တိတ်တဆိတ် ပြီးဆုံးသွားသည်။

ထို့ပြင် သခင်လေး၏ ခမ်းနားထည်ဝါသော မင်္ဂလာပွဲနှင့် အင်မော်တယ်အရှင်သခင်၏ အုပ်ချုပ်ခွင့်ကာလက တဖြည်းဖြည်း နီးကပ်လာနေလေရာ အင်မော်တယ်နန်းတော်ထဲမှ လူတိုင်းက ကြီးသည့်ပြဿနာ ငယ်အောင်၊ ငယ်သည့်ပြဿနာ ပပျောက်အောင် ဆောင်ရွက်ရန် တစ်ညီတစ်ညာတည်း ဆန္ဒရှိကြသည်။

မည်သည့်အခြေအနေဖြစ်ပါစေ ထိုကိစ္စကြီးနှစ်ခုထက် ပိုအရေးကြီးသောအရာ မရှိပေ။

အကယ်၍ သူတို့ဆီမှာ သံသယတချို့ ရှိနေမည်ဆိုလျှင်ပင် ထိုကိစ္စကြီးနှစ်ခု ပြီးသွားမှသာ သူတို့၏ သဘောထားများကို ထုတ်ဖော်နိုင်လိမ့်မည်။

ဤလဝက်အတွင်းမှာ အလျင်လိုစရာ မလိုပေ။

သို့ဖြစ်၍ တစ်နာရီကြာပြီးနောက် အာရုဏ်မတတ်မီ အင်မော်တယ်နန်းတော်တစ်ခုလုံး ပြန်အေးချမ်းသွားသည်။

သို့သော်လည်း အပြင်လူများ၏ နှလုံးသားထဲမှာတော့ ဤကိစ္စကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းက အချိန်အတော်ကြာအောင် ဆက်ရှိနေဆဲပင်။

သူတို့တစ်ယောက်စီက သာလွန်ထူးခြားပြီး ဉာဏ်ကောင်းကြသည်။ သူတို့၏ သရုပ်များနှင့် ဉာဏ်အမြော်အမြင်ကြောင့် သူတို့က ဤကိစ္စနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ပုန်းကွယ်နေသော အကြောင်းတရားများနှင့် အကျိုးသက်ရောက်မှုများကို ထွင်းဖောက်မြင်နိုင်ကြသည်။

“ မိုးကြိုးအပြစ်ပေးနန်းတော်ရဲ့ အကြီးအကဲက ရှဲလင်းဇီအဖြစ် ရည်ရွယ်ချက်ရှိရှိ သရုပ်ဆောင်နေတာ ဖြစ်နိုင်ပေမဲ့ သူက တကယ့်ရှဲလင်းဇီဖြစ်ဖို့ ပိုပြီးရာခိုင်နှုန်းများတယ် ”

“ သူက တကယ်ပဲ ရှဲလင်းဇီဆိုရင် ညက တိုက်ပွဲက သူရယ်၊ ကြယ်တာရာစက်ဝန်းနဲ့ ကောလဟာလတွေဖြန့်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြားက ကစားပွဲပဲ ”

“ အဲ့ဒီကစားပွဲမှာ… ကြယ်တာရာစက်ဝန်းရှုံးသွားတာ ထင်ရှားတယ် ”

“ သူက ရှဲလင်းဇီကို သတ်ဖို့ ကျရှုံးခဲ့ရုံတင်မကဘူး သူ့တပည့်က ပုန်ကန်ခဲ့တယ်လို့လည်း ကိုယ်တိုင်အသိအမှတ်ပြုပေးခဲ့ရတယ် ”

“ ရှဲလင်းဇီက တကယ် အရည်အချင်းရှိတာပဲ… ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲ့ဒီပုဂ္ဂိုလ်ကလည်း ဉာဏ်ကောင်းတယ် ”

“ ကြယ်တာရာစက်ဝန်းက ဘယ်လိုတုံ့ပြန်မလဲ ငါသိချင်မိတယ်… ”

…..

ထိုစဉ် အစစ်အမှန်ဦးသျှောင်ခန်းမထဲ၌ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ သူက အမူအရာကင်းမဲ့စွာဖြင့် နန်းဆောင်ထဲသို့ လျှောက်သွားသည်။ ထိုနေရာတွင် လေပြေက တအင့်အင့်ညည်းသံနှင့်အတူ ဖြတ်သန်းတိုက်ခတ်နေသည်။ သူက လမ်းလျှောက်နေရင်း အဝေးမှ ဂျူနီယာမိုးသောက်ခန်းမ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ လရောင်ခြည်က မှေးမှိန်နေပြီး တိမ်မည်းများက ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းထားသည်။ သို့ဖြစ်၍ အလင်းရောင်က အမှောင်ည၏ ဝါးမျိုခံထားရသည်။ ထို့ကြောင့် လောကတစ်ခုလုံး မည်းမှောင်နေပြီး အရာအားလုံးက ဝေဝါးနေသည်။

ယခုအချိန်မှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ နှလုံးသားသည်လည်း ထိုအတိုင်းပင်။

ယနေ့ညမှာ သူရှုံးသွားခဲ့သည်။

သူ့အတွက်တော့ ရှုံးနိမ့်ခြင်းက အလွန်ရှားပါးသောဖြစ်စဉ် ဖြစ်သည်။ အမှန်မှာ ရှုံးနိမ့်ခြင်းကို သူမေ့လျော့နေခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရှုံးနိမ့်ခြင်းက သူမရင်းနှီးသော စကားလုံးဖြစ်သည်။

သို့ဖြစ်၍ သူက နေရာမှာ ရပ်နေရင်း ဂျူနီယာမိုးသောက်ခန်းမဆီသို့ တိတ်တဆိတ် ကြည့်နေသည်။ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ဖြစ်နိုင်သည်မှာ ကောင်းကင်ပေါ်မှ တိမ်မည်းများကြောင့် ယနေ့တွင် အာရုဏ်ဦးက အနည်းငယ် နောက်ကျနေသည်။

အာရုဏ်မတတ်မီ ကျိုးကျန်းလီ၏ ပုံရိပ်က စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အနောက်မှာ ထွက်ပေါ်လာသည်။ သူက အရိုအသေပေးလိုက်ပြီး ပြောသည်။

“ ကျုံးချီက ဂျူနီယာမိုးသောက်ခန်းမထဲမှာ ညတစ်ပိုင်း နေထိုင်ခဲ့ပါတယ်… အဲ့ဒီနောက် သူက အိပ်ဆောင်ဆီ ပြန်သွားပြီး နောက်ထပ် အပြင်မထွက်ခဲ့ပါဘူး ”

“ သခင်လေးက ဂျူနီယာမိုးသောက်ခန်းမထဲမှာ တစ်ချိန်လုံးရှိနေပါတယ်… ပြီးတော့ ပန်းပေါင်းတစ်ရာနန်းတော်ရဲ့ ဂီတသံက ရပ်တန့်သွားခဲ့ခြင်း မရှိပါဘူး ”

“ တကယ်လို့ တစ်ယောက်ယောက်က ငါ့ရဲ့ စိတ်အာရုံကို လှည့်စားနိုင်တဲ့ အထူးနည်းလမ်းတချို့ကို မတတ်မြောက်ထားသရွေ့… မနေ့ညက ဂျူနီယာမိုးသောက်ခန်းမထဲကနေ ဘယ်သူမှ မထွက်သွားခဲ့ပါဘူး ”

ကျိုးကျန်းလီက နူးညံ့စွာ ပြောသည်။

ကြယ်တာရာစက်ဝန်း၏ ရှုံးနိမ့်မှုနှင့် သူ့ရန်သူတော်၏ တန်ပြန်တိုက်ခိုက်မှုကို ထုံးစံအားဖြင့် သူသိသည်။ အစက သူက ကြယ်တာရာစက်ဝန်းနှင့် အတူတူ သွားပြီး လှုပ်ရှားမှုပြုလုပ်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်မှုရှိပြီး အရာအားလုံးကို သူ့ဘာသာ ဖြေရှင်းနိုင်သည်ဟု ထင်မှတ်နေသည်။ သို့ဖြစ်၍ ကြယ်တာရာစက်ဝန်းက သူ့ကို ခေါ်မသွားခဲ့ပေ။ ယင်းအစား သူ့ကို ဂျူနီယာမိုးသောက်ခန်းမ၏ အပြင်ဘက်မှာ စောင့်ကြည့်ခိုင်းခဲ့သည်။

‘ ဒါက ယုံကြည်မှုရှိလွန်းတာလား ဒါမှမဟုတ် မောက်မာထောင်လွှားတာလားဆိုတာ ငါသိချင်မိတယ်… သူက တခြားကြယ်ပွင့်တွေကို အထင်သေးနေတာပဲ… ”

ကျိုးကျန်းလီက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။

ကြယ်ရှစ်ပွင့်စာရင်းထဲတွင် ပါဝင်သူများသည် သာမညောင်ညမဟုတ်ကြပေ။

“ ငါတကယ်ပဲ သူတို့ကို လျှော့တွက်ခဲ့မိတယ် ”

ကြယ်တာရာစက်ဝန်းက ရုတ်တရက် ပြောသည်။

သူက ထိုသို့ပြောလိုက်သည်နှင့် ကျိုးကျန်းလီက မျက်လုံးမှေးကျဉ်းလိုက်သည်။ ကြယ်တာရာစက်ဝန်းက မည်မျှမောက်မာထောင်လွှားကြောင်း တခြားလူများထက် ပိုပြီး သူသိသည်။ ထိုသို့လူမျိုးကို အမှားဝန်ခံစေရန် ဆောင်ရွက်ခြင်းသည် အလွန်ခက်ခဲသောအရာ ဖြစ်သည်။

တစ်ချိန်တည်းမှာ အမှောင်ထဲ၌ ပုန်းအောင်းနေသော ရန်သူက သူထင်ထားသကဲ့သို့ မရိုးရှင်းကြောင်း သူပြောနိုင်သည်။

“ ဒါပေမဲ့ အဲ့ဒီလူရဲ့ သရုပ်ကို ငါသိပြီးပြီ ”

ကြယ်တာရာစက်ဝန်းက ဖြည်းညင်းစွာ ပြောသည်။ သူ၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် ကောင်းကင်ပေါ်မှ တိမ်မည်းတိမ်စိုင်များက အချင်းချင်း ပွတ်တိုက်သွားကြပြီး လျှပ်စီးကို ဖန်တီးလိုက်သည်။ လျှပ်စီးက လောကကို ထွန်းလင်းစေပြီးနောက် အလွန်ကျယ်လောင်သော မိုးခြိမ်းသံက ပေါက်ကွဲထွက်လာသည်။

ယင်းက သူ၏ ဝေဝါးနေသော မျက်လုံးကို စတင်ကြည်လင်စေသည်။

“ ဒါပေမဲ့ တစ်ခုရှိတယ်… ငါရထားတဲ့ အချက်အလက်တွေအားလုံးက ပုန်းအောင်းနေတဲ့ အဲ့ဒီလူကို ညွှန်ပြနေတယ်ဆိုပေမဲ့ သူတို့ကို နောက်တစ်ခါ ငါအထင်သေးတော့မှာ မဟုတ်သလို တူညီတဲ့ အမှားမျိုး နောက်ထပ် ပြုလုပ်တော့မှာ မဟုတ်ဘူး… ဒီတော့ အဲ့ဒီလူက သူတို့ရဲ့ ပထမသရုပ်အလွှာပဲ ဖြစ်နေမလား ငါသိချင်မိတယ် ”

“ နောက်ကွယ်ကနေ တကယ်ကြိုးကိုင်နေတဲ့ တစ်ယောက်က အမှောင်ထဲမှာ ပုန်းအောင်းနေတုန်းပဲလို့ ငါထင်တယ် ”

ကြယ်တာရာစက်ဝန်း၏ အသံက ပဲ့တင်ထပ်သွားသည်။ လျှပ်စီးက တဒင်္ဂ ဝင်းလက်သွားပြီး ပျောက်ကွယ်သွားသည့်အခါ လောကက အမှောင်ထုထဲသို့ တဖန် ပြန်ကျရောက်သွားသည်။

ကျိုးကျန်းလီသည် ဤတစ်ကြိမ်တွင် မတုံ့ပြန်ပေ။ တစ်ဖက်လူက သူ့ကို ပြောနေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူပြောနေခြင်းဖြစ်ကြောင်း သူသိသည်။

သို့ဖြစ်၍ တစ်ခဏ တွေးတောပြီးနောက် ယနေ့ည သူ၏ ရိတ်သိမ်းမှုအကြောင်း ဆက်ပြောသည်။

“ ညက ကျုံးချီအပေါ် ငါ့ရဲ့ စစ်ဆေးလေ့လာမှုနဲ့ အရင်တုန်းက သူ့ရဲ့ လှုပ်ရှားမှုတွေအပေါ် အခြေခံပြီးပြောရရင် သူ့အပေါ် မင်းရဲ့ ခန့်မှန်းချက်က မှန်ကန်တယ်ဆိုတာ ငါအတည်ပြုနိုင်ခဲ့တယ် ”

“ ကျုံးချီရဲ့ ရည်ရွယ်ချက်က ဒီအချိန်လေဟာနယ်ထဲမှာ သူဖမ်းဆုပ်မိထားတဲ့ အဆိပ်အာဏာစက်ကို စိုက်ပျိုးချင်နေတာ ဖြစ်မယ် ”

“ ဒါပေမဲ့ သူက သမိုင်းကို ပြောင်းလဲဖို့ ချက်ချင်း မကြိုးစားဘူး… အဲ့ဒီအစား သူက ဒီအချိန်ကာလကို အသုံးပြုပြီး သူ့အဆိပ်ရဲ့ အစွမ်းသတ္တိနဲ့ သမိုင်းရဲ့ အတိမ်အနက်ကို လေ့လာစုဆောင်းနေတယ် ”

“ ကြည့်ရတာ သူက အင်မော်တယ်နန်းတော်ရဲ့ မဟာကပ်ဘေးမှာ သေဆုံးလိမ့်မယ့် သူ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ကံကြမ္မာဆိုးမတိုင်ခင် သမိုင်းကို ဝင်နှောင့်ယှက်ဖို့ ကြံစည်နေတာ ဖြစ်မယ်… သူက ကံကြမ္မာဆိုးမတိုင်ခင် သူ့ကိုယ်သူ ကြိုအဆိပ်ခတ်လိမ့်မယ်လို့ ငါထင်တယ် ”

“ ဒီနည်းနဲ့ဆိုရင် သူ့ရဲ့ အဆိပ်အာဏာစက်မှာ ကမ္မရှိလာပြီး သမိုင်းကြောင်းရှိလာမယ် ”

“ ဒီသမိုင်းအဖြစ်အပျက်ထဲက အဲ့ဒီလှိုင်းဂယက်က တကယ့်လက်တွေ့အပေါ် သက်ရောက်မှုရှိနိုင်မရှိနိုင် မသေချာပေမဲ့ အဲ့ဒါက သူ့အာဏာစက်ရဲ့ အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မယ်… ပြီးတော့ အဲ့ဒီအခြေခံအုတ်မြစ်က သူ့ဆရာမတိုင်ခင်က သမိုင်းထဲမှာ ထွက်ပေါ်လာလိမ့်မယ် ”

ကျိုးကျန်းလီက နူးညံ့စွာ ပြောသည်။

“ အရေးကြီးအချိန်ရောက်ရင် သူ့ကို ငါတို့ တားဆီးဖို့လိုတယ်”

ကြယ်တာရာစက်ဝန်းက တည်ငြိမ်စွာ ပြောသည်။

ကျိုးကျန်းလီက ခေါင်းညိတ်လိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။ သူ၏ တောက်ပမှုတချို့ကို ထုတ်ဖော်ပြီးနောက် သူက ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားပြီး သူ၏ စွမ်းရည်များကို ထပ်မံ ဖုံးကွယ်ထားရန် ရွေးချယ်လိုက်သည်။

ဤအခိုက်အတန့်မှာ နေလုံးက နောက်ဆုံးမှာတော့ တိမ်မည်းတိမ်စိုင်များကို ချိုးဖြတ်နိုင်သွားသည်။ ထို့နောက် နေရောင်ခြည်က လောကပေါ်သို့ ဖြာဆင်းကျလာပြီး အာရုဏ်ဦး ရောက်ရှိလာသည်။

ကောင်းကင်က လင်းထိန်သွားသည်။

နေရောင်ခြည်ကြားတွင် ကြယ်တာရာစက်ဝန်းက တီးတိုးရေရွတ်လိုက်သည်။

“ သမိုင်းကို အစီအစဉ်အတိုင်း လည်ပတ်စေချင်တဲ့ စစ်တုရင်အရုပ်တွေက နည်းတယ်… ”

…..

ဂျူနီယာမိုးသောက်ခန်းမထဲတွင် ရွှီချင်းက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသော စစ်တုရင်အရုပ်များကို ပြန်ကောက်ပြီးနောက် ယင်းတို့ကို စစ်တုရင်ခုံပေါ်မှာ ပြန်တင်လိုက်သည်။

သူက အရုပ်တစ်ခုချင်းစီတိုင်းကို ယခင်နေရာမှာ ပြန်စီရီလိုက်သည်။ ထိုအခါ မပြီးဆုံးသေးသော စစ်တုရင်ကစားပွဲက ပြန်ရောက်လာသည်။

သူက နောက်ဆုံးစစ်တုရင်အရုပ်ကို နေရာချလိုက်သည့်အခိုက် သိမ်မွေ့နူးညံ့သော ရယ်သံက သူ့အနောက်မှ ပျံ့လွင့်လာသည်။

“ သခင်လေးက တကယ်ပဲ ဉာဏ်ပညာကြီးမားလှပါတယ် ”

ထိုအသံထဲမှာ မခုခံနိုင်သော ဆွဲဆောင်မှုနှင့် ညှိုငင်မှု ပါဝင်နေသည်။ ယင်းက ရွှီချင်း၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်နှင့် အလွန်ပါးလွှာသော ပိုးခြည်ဝတ်စုံကို ဝတ်ဆင်ထားသော မြေခွေးမိန်းမပျိုလေးက ကြော့ရှင်းတင့်တယ်စွာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ သိမ်မွေ့နူးညံ့စွာ လျှောက်သွားပြီး ရွှီချင်း၏ အရှေ့မှာ တိုက်ရိုက် ထိုင်ချလိုက်သည်။

ပါးလွှာသော ဝတ်စုံအောက်၌ သူ၏ ဖြူဖွေးသော အသားအရေက ထင်ရှားစွာ ပေါ်လွင်နေလေရာ ယင်းက သူ့ကို ပိုပြီးဆွဲမက်ဖွယ်ကောင်းစေသည်။ သူက ထိုင်ချလိုက်ပြီးနောက် သေးသွယ်သော လက်ချောင်းလေးများကို ညင်သာစွာ မြှောက်လိုက်ပြီး သူတို့နှစ်ယောက်ကြားမှ စစ်တုရင်အရုပ်တစ်ရုပ်ကို ကောက်ယူလိုက်ကာ စစ်တုရင်ခုံပေါ်တွင် နေရာချပေးလိုက်သည်။

ထို့နောက် သူက ညင်သာစွာ ခေါင်းမော့လိုက်ပြီး ဆွဲဆောင်မှုရှိသော ညှို့ဓာတ်မျက်ဝန်းဖြင့် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ သူက အနီရောင်နှုတ်ခမ်းကို လျှာဖြင့် ရည်ရွယ်ချက်ရှိစွာ သပ်လိုက်ပြီး ပြောသည်။

“ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တကယ်ပဲ ထောင်ချောက်ဆင်ထားတယ်… ငါဒဏ်ရာရသွားပြီး ပြန်လာဖို့ မနည်းကြိုးစားခဲ့ရတယ် ”

“ ဒါ့အပြင် ဂျူနီယာမိုးသောက်ခန်းမရဲ့ အပြင်ဘက်မှာ သူလျှိုတွေ ရှိတယ်… တိတ်တိတ်လေး ဝင်ထွက်ဖို့ နည်းနည်း ငါအားစိုက်ထုတ်ခဲ့ရတယ် ”

“ ဒါကြောင့်… ဆုလာဘ်ကို ငါလိုချင်တယ် ”

မြေခွေးမိန်းမပျိုလေးက စကားပြောပြီးနောက် သူ၏ လက်တစ်ဖက်ဖြင့် စစ်တုရင်ခုံကို ဖိလိုက်ပြီး ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းညွတ်လိုက်သည်။ အခန်းထဲမှ အပူချိန်က မြင့်တတ်လာနေစဉ် သူ၏ ချောမောလှပသော မျက်နှာက ရွှီချင်းနားသို့ တိုးကပ်သွားသည်။

သူက ညင်သာစွာ လေမှုတ်လိုက်သည်။

“ သခင်လေး… ငါ့ကို တစ်ကြိမ်လောက် ဆုချီးမြှင့်ပေးလို့ မရဘူးလား ”

ရွှီချင်းက နှုတ်ဆိတ်သွားပြီး ခေါင်းမော့လိုက်သည်။ သူက စစ်တုရင်ခုံမှ အကြည့်ရွှေ့ပြောင်းလိုက်ပြီး မြေခွေးမိန်းမပျိုလေး၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းကို စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းတကယ်ပဲ ဒီခန္ဓာကိုယ်ကို သဘောကျတာလား… တကယ်လို့ မနက်ဖြန် မင်းရဲ့ ဝိညာဉ်ကို အင်မော်တယ်အရှင်သခင် ဖျက်ဆီးပစ်မှာကို မစိုးရိမ်ဘူးဆိုရင် ဒီနေ့တစ်ရက်တော့ ငါမသိချင်ယောင်ဆောင်ပေးပြီး မင်းကို အခွင့်အရေးတစ်ခု ပေးမယ် ”

မြေခွေးမိန်းမပျိုလေးက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရွှီချင်းက သူ့ကို ငြင်းဆန်လိမ့်မည်ဟု အစကတည်းက တွေးထားခဲ့သော်လည်း သူ့အဖြေက ထိုသို့ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ယင်းက သူ့ကို တစ်ခဏ မိန်းမောတွေဝေသွားစေသည်။

သူက စိတ်ထဲမှာ ဤသစ်တုံးလူသားကို ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက အနောက်သို့ ပြန်ဆုတ်သွားပြီး ဆံပင်ကို လက်ဖြင့် သပ်လိုက်သည်။

တစ်ဖက်လူက ပုံမှန်ပြန်ဖြစ်သွားကြောင်း မြင်သောအခါ ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ မင်းရဲ့ သရုပ်က... ညက ထွက်ပေါ်သွားပြီ… အဲ့ဒီအတွက် မင်းပြင်ဆင်ထားလား ”

“ ဟင့်အင်း ”

မြေခွေးမိန်းမပျိုလေးက စိတ်ဆိုးစွာ နှာခေါင်းရှုံ့လိုက်သည်။

ရွှီချင်းက လက်မြှောက်လိုက်ပြီး စစ်တုရင်ခုံပေါ်မှ စစ်တုရင်အရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် ကောက်ယူလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

“ အဲ့ဒါကို အစောကြီးကတည်းက မင်းတွေးထားပြီးပြီဆိုတာ ငါသိတယ်… တကယ်တော့ ညက မင်းကို ငါစေလွှတ်လိုက်တာက မင်းရဲ့ အစီအစဉ်နဲ့ ကိုက်ညီပြီးသားပါ… ဒီတော့ မင်းဘာလိုချင်လဲဆိုတာ ငါဂရုမစိုက်ဘူး… ဒါပေမဲ့ ကြယ်တာရာစက်ဝန်းရဲ့ နောက်ပစ်မှတ်က သေချာပေါက် မင်းဆိုတာ ငါသတိပေးပါရစေ ”

ယင်းကို မြေခွေးမိန်းမပျိုလေး ကြားသောအခါ သူက မျက်တောင်ခတ်လိုက်သည်။

“ သခင်လေး… နင်ငါ့ကို စိုးရိမ်နေတာလား… သခင်လေးမှာ ငါ့အတွက် ဘာအကြံကောင်းများ ရှိပါသလဲ ”

ရွှီချင်းက စစ်တုရင်ခုံကို သိမ်းဆည်းလိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။

“ ရှဲလင်းဇီကို ဒီနေ့ သွားရှာဖို့ မသင့်တော်ဘူး… မနက်ဖြန်ကျရင် သူ့ဆီကို သွားဖို့ မှတ်ထားပါ… သရုပ်တစ်ခုကို မင်းရနိုင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် ”

မြေခွေးမိန်းမပျိုလေးက ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး တခစ်ခစ် ရယ်လိုက်သည်။

“ ရွှီချင်း… နင်နဲ့ပတ်သက်ပြီး ငါသဘောအကျဆုံးက နင့်ရဲ့ ဉာဏ်ရည်ဆိုတာ သိလား ”

ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။

မြေခွေးမိန်းမပျိုလေးက သိမ်မွေ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူက နေရာမှ မတ်တတ်ရပ်လိုက်ပြီး အခန်းထဲမှ မထွက်သွားခင် သူ့ခန္ဓာကိုယ်ပေါ်မှ အလှအပများကို ရွှီချင်းမြင်သာအောင် ထုတ်ဖော်ပြလိုက်သည်။

တစ်ရက်ဟူသော အချိန်က မသိလိုက်မသိဘာသာ ကုန်ဆုံးသွားသည်။

ရွှီချင်းသည် ဂျူနီယာမိုးသောက်ခန်းမထဲမှ မထွက်သွားပေ။ သူက ဤအချိန်လေဟာနယ်ထဲမှ ဆုလာဘ်အဖြစ် ရရှိခဲ့သော အချိန်သဲကို လေ့လာနေသည်။

အချိန်သဲသည် ဖော်မပြနိုင်အောင် အလွန်နက်နဲသိမ်မွေ့သော အရာဖြစ်သည်။ သို့သော်လည်း ယင်းက ပမာဏ အလွန်နည်းပါးသည်။

သို့ဖြစ်၍ သူ့မှာ ရွေးချယ်စရာနှစ်ခု ရှိသည်။

တစ်ခုက အချိန်သဲကို ယခုချက်ချင်း သူနှင့် ပေါင်းစည်းရန် ဖြစ်သည်။

အခြားရွေးချယ်စရာတစ်ခုက…

“ ဒီအချိန်သဲကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ပိုပြီးကြီးမားတဲ့ အချိန်လေဟာနယ်လှိုင်းဂယက်တစ်ခုကို ငါဖန်တီးရမယ်… အဲ့ဒီအခါကျရင် ပမာဏပိုများတဲ့ အချိန်သဲကို ရရှိလိမ့်မယ် ”

ရွှီချင်းမှာ အဖြေတစ်ခုရှိပြီးသား ဖြစ်သည်။

ပြင်ပလောကတွင်တော့ မနေ့ညက မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။ နန်းတော်ထဲမှ လူများသည် မည်သည့်မူမမှန်မှုမှ မရှိဘဲ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေကြသည်။ အမှန်မှာ ဤကိစ္စက ယခင်က ကောလဟာလများထက် ပိုပြီးထိလွယ်ရှလွယ်ကြောင်း သူတို့နားလည်ထားကြသည်။

သို့ဖြစ်၍ မည်သူမှ ဤကိစ္စကို မဆွေးနွေးကြပေ။

လူတိုင်းဆီမှာ ထုတ်ပြောစရာမလိုသော အပြန်အလှန် နားလည်သဘောပေါက်မှု ရှိကြသည်။

ထိုသို့ဖြင့် ညအချိန်က မြန်ဆန်စွာ ကျရောက်လာပြီး မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့နံနက်တွင် တံခါးခေါက်သံသည် ကုန်းစွန်းချင်းမူ၏ နေအိမ်၌ ပဲ့တင်ထပ်သွားသည်။ ကုန်းစွန်းချင်းမူသည် မိုးကြိုးအပြစ်ပေးနန်းတော်၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကမှ သူ၏ တပည့်ကို ဆုံးရှုံးထားသူ ဖြစ်သည်။

နောက်အခိုက်အတန့်မှာ တံခါးက တိတ်တဆိတ် ပွင့်သွားသည်နှင့် မျက်နှာဝေဝါးနေသော ဝတ်စုံနက်ပုံရိပ်တစ်ခုက အိမ်ထဲသို့ ဝင်သွားသည်။

အခန်းထဲတွင် ကုန်းစွန်းချင်းမူက အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက သူ့အရှေ့မှ ဝတ်စုံနက်ပုံရိပ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူက အရင်ဦးစွာ စကားမပြောပေ။

ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် ဝတ်စုံနက်ပုံရိပ်က ပြုံးလိုက်ပြီး ပြောသည်။

“ ရှဲလင်းဇီ… မနေ့ညက ငါပေးတဲ့ လက်ဆောင်ကို သဘောကျရဲ့လား ”

ကုန်းစွန်းချင်းမူက သူ့အရှေ့မှ လူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက အက်ရှရှအသံဖြင့် ပြောသည်။

“ မင်းဘာလိုချင်တာလဲ ”

“ မင်း တပည့်တစ်ယောက်ကို ဆုံးရှုံးခဲ့တယ်… အခုချိန်က တပည့်တစ်ယောက်ကို လက်ခံသင့်တဲ့အချိန်လို့ မင်းမထင်ဘူးလား ”

ဝတ်စုံနက်ပုံရိပ်က ပြုံးလိုက်သည်။

ယင်းကို ကုန်းစွန်းချင်းမူကြားသောအခါ သူ၏ စိတ်က ချက်ချင်း လှုပ်ခတ်သွားသည်။ တစ်ဖက်လူလိုချင်သောအရာက ထိုအရာဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

“ သရုပ်လား ”

ကုန်းစွန်းက နှုတ်ဆိတ်သွားပြီး ထပ်မံ စကားမပြောခင် သူ့အရှေ့မှ လူကို သေချာကြည့်လိုက်သည်။

“ မင်းက တကယ်ပဲ ဘယ်သူလဲ ”

ဝတ်စုံနက်ပုံရိပ်က ထိုမေးခွန်းကို မဖြေဘဲ ပြုံးလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ငါဘယ်သူလဲက အရေးမကြီးပါဘူး… အဓိကအရေးကြီးတာက ဒီအတောအတွင်း မဟာမိတ်ကို မင်းလိုအပ်တယ်… ပြီးတော့ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီး ကူညီပေးနိုင်လိမ့်မယ်… ဥပမာ မင်းက နန်းတော်ကို ပုန်ကန်ဖို့ ပိုပြီးကြီးမားတဲ့ ကိစ္စတွေကို ဆောင်ရွက်တဲ့အခါ ငါကူညီပေးနိုင်မယ် ”

ကုန်းစွန်းက နှုတ်ဆိတ်သွားသည်။

တစ်ခဏကြာပြီးနောက် သူက တိုးညင်းစွာ ပြောသည်။

“ ငါစဉ်းစားပါရစေ ”

ဝတ်စုံနက်ပုံရိပ်က ပြုံးလိုက်ပြီး နောက်ထပ် မပြောတော့ပေ။ သူ၏ ခန္ဓာကိုယ်က အနောက်ဆုတ်သွားပြီး တဖြည်းဖြည်း ဝေဝါးသွားသည်။

…..

တစ်ချိန်တည်းမှာ တူညီသော စကားက အင်မော်တယ်နန်းတော်၏ တောင်ပိုင်းအရပ်ရှိ ဧည့်နန်းဆောင်မှ ထွက်ပေါ်လာသည်။

“ အစစ်အမှန်ဦးသျှောင်ရဲ့ ဖိတ်ခေါ်မှုကို ငါစဉ်းစားချင်သေးတယ် ”

ကမ်းစပ်ကိုးခုသမီးတော်က သူ၏ အရှေ့မှ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

ယင်းကို စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကြားသောအခါ သူက အမူအရာကင်းမဲ့စွာဖြင့် ပြောသည်။

“ မင်းရဲ့ လက်ရှိသရုပ်ကို ရရှိဖို့ မင်းပေးဆပ်ထားရတဲ့ တန်ကြေးက မသေးငယ်ဘူးမလား… မင်းရဲ့ ရည်ရွယ်ချက်က မူလသမိုင်းကြောင်းအတိုင်း ဆက်လက် သရုပ်ဆောင်သွားပြီး သခင်လေးကို လက်ထပ်ဖို့ပဲ… ဒီနည်းနဲ့ မင်းက ဒီအင်မော်တယ်နန်းတော်နဲ့ ကမ္မဆက်နွယ်မှုတစ်ခုကို တည်ဆောက်နိုင်ပြီး အင်မော်တယ်နန်းတော်ရဲ့ အရှင်သခင်တစ်ပိုင်း ဖြစ်လာနိုင်လိမ့်မယ် ”

“ ဒါပေါ့… မင်းမှာ ပိုပြီးကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိနိုင်တယ်… ဒါပေမဲ့ အဲ့ဒါက ဘာပဲဖြစ်ပါစေ ငါနဲ့ မဆန့်ကျင်ဘူး ”

ထိုသို့ပြောပြီးနောက် သူက အပြင်သို့ လျှောက်သွားသည်။ သို့သော်လည်း သူက ခန်းမ၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည့်အခါ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက ကမ်းစပ်ကိုးခုသမီးတော်ကို ကျောပေးလျက် တည်ငြိမ်စွာ ပြောသည်။

“ မင်းရဲ့ သရုပ်ကပဲ ပန်းပေါင်းတစ်ရာနန်းတော်နဲ့ နန်းတော်ထဲက ကျေးငှက်တွေကို တရားဝင် ဖယ်ရှားပစ်နိုင်တယ်… အထူးသဖြင့် မြေခွေးမိန်းမပျိုလေးပဲ ”

“ သူတို့ကို မင်းဖယ်ရှားပြီးတဲ့အခါကျရင် မင်းရဲ့ လမ်းစဉ်ကို ငါကာကွယ်ပေးမယ် ”

All Chapters