တစ်ကွက်ရွှေ့လိုက်တာနဲ့ ကစားပွဲတစ်ခုလုံး အသက်ဝင်လာတယ်(က)
Vol. 107 Ch. 1639
ယနေ့ညတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်များက ကောင်းကင်နှင့်မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ လေက ပိုပြီးကြမ်းတမ်းလာသလို မိုးခြိမ်းသံက ပိုပြီးကျယ်လောင်လာသည်။ ရံဖန်ရံခါ လျှပ်စီးက ဝင်းလက်သွားပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
မိုးထစ်ချုန်းသံပမာ ပေါက်ကွဲသံများက ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်ထပ်သွားပြီး အင်မော်တယ်နန်းတော်ထဲမှ ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်သွားသည်။ ထို့အတူ မိုးထစ်ချုန်းသံက မိုးကြိုးအပြစ်ပေးနန်းတော်ထဲမှ ကုန်းစွန်းချင်းမူ၏ နှလုံးသားထဲသို့လည်း နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားသည်။
သူက ခန်းမထဲမှာ မတ်တတ်ရပ်နေစဉ် လျှပ်စီးက ဘေးပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။ ထိုအခိုက်အတန့်မှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။
သူထွက်ပေါ်လာသည့်အခိုက် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းစွာ ပေါ်လျှိုးလာပြီး ခန်းမတစ်ခုလုံးကို အေးခဲသွားစေသည်။
နှင်းပွင့်များက လေထဲမှာ လွင့်မျောနေစဉ် ရေခဲသလင်းကျောက်များက ကုန်းစွန်းချင်းမူ၏ ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းသွားကြသည်။ ဤသည်မှာ ယင်းတို့က သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားတစ်လက်မစီတိုင်းကို ဖောက်ထွင်းသွားနေသည့်အလားပင်။ အဖျက်အဆီးစိတ်ဆန္ဒသည်လည်း သူ၏ အသိစိတ်ပေါ်သို့ ကျရောက်လာသည်။
“ ထွက်သွားမှာလား ဒါမှမဟုတ် နေမှာလား ”
“ မင်းငါ့ကို ဆန့်ကျင်ဖို့ ရွေးချယ်မှာလား ဒါမှမဟုတ် လက်နက်ချပြီး ငြိမ်းချမ်းရေးယူမှာလား ”
“ မင်းရဲ့ ရည်ရွယ်ချက်ကို ရရှိပြီးပြီမဟုတ်လား… ဒီတော့ မင်းဘယ်ဟာကို ရွေးချယ်မှာလဲ ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တည်ငြိမ်စွာ ပြောသည်။
သူ၏ စကားတစ်လုံးစီက အေးစိမ့်သော ရေခဲဓားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အမိန့်စွမ်းအားက ရေခဲဓားများဖြင့် ပေါင်းစပ်သွားပြီး ကုန်းစွန်းချင်းမူကို ဘေးပတ်ပတ်လည်မှ ဝန်းရံလိုက်ကြသည်။
ရေခဲသံကြိုးများက တချွင်ချွင်မြည်သံနှင့်အတူ ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။ တစ်ဆက်တည်းမှာ ယင်းတို့က အချင်းချင်း ယှက်ထွေသွားကြပြီး လျှို့ဝှက်ဆန်းကြယ်သော စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ကုန်းစွန်းချင်းမူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ပုံရိပ်ကို ကြည့်လိုက်သည်။ တဖြည်းဖြည်း သူ၏ မျက်နှာပေါ်မှာ ကောက်ကျစ်စဉ်းလဲသောအပြုံး ထွက်ပေါ်လာသည်။
“ ငါ့ရဲ့ ရန်သူတော် ကျိုးကျန်းလီက မင်းကို တစ်ခုခုပြောလိုက်တာ ဖြစ်ရမယ်… ငါပြောတာ မှန်တယ်မလား အစစ်အမှန်ဦးသျှောင် ”
“ သူက ဒီလောကထဲမှာ ငါ့ကို အနားလည်ဆုံး လူပဲ… တကယ်တော့ ဂျူနီယာမိုးသောက်ခန်းမကနေ ငါထွက်လာကတည်းက မင်းရောက်လာမှာကို စောင့်နေတာပါ ”
“ ငါ့ရဲ့ ရွေးချယ်မှုကတော့… ”
ကုန်းစွန်းချင်းမူက ညာလက်ကို မြှောက်လိုက်လေရာ ကျောက်စိမ်းတုံကင်တစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက မြေခွေးမိန်းမပျိုလေး၏ သရုပ်ကျောက်စိမ်းတုံကင် ဖြစ်သည်။
ကျောက်စိမ်းတုံကင်ကို ထုတ်ယူလိုက်သည်နှင့်ချက်ချင်း အနက်ရောင်အလင်းက ကုန်းစွန်းချင်းမူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ညာလက်ကို ဖျစ်ညှစ်လိုက်သည်။
ခရက်ဟူသော မြည်သံနှင့်အတူ ကျောက်စိမ်းတုံကင်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
“ ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ချူးလင်းရှန်က မကောင်းတဲ့ အကြံအစည်နဲ့ အင်မော်တယ်နန်းတော်ဆီ ဝင်ရောက်လာတာကို ငါရှာတွေ့ခဲ့တယ်… ဒီအဖိုးကြီးက အဲ့ဒါကို စောစီးစွာ မမြင်နိုင်ခဲ့တာကြောင့် တောင်းပန်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးဖို့ ဆန္ဒရှိပါတယ်… သူ့ရဲ့ သရုပ်ကိုတော့ ဒီနည်းနဲ့ ငါဖယ်ရှားလိုက်တယ်… အခုကစပြီး သူ့ရဲ့ သေခြင်းရှင်ခြင်းက အစစ်အမှန်ဦးသျှောင်ရဲ့ သဘောဆန္ဒပါပဲ ”
ဤအချိန်လေဟာနယ်ထဲတွင် မြေခွေးမိန်းမပျိုလေး၏ နာမည်က ချူးလင်းရှန် ဖြစ်သည်။
ကျောက်စိမ်းတုံကင် အက်ကွဲသွားသည်နှင့် သူ၏ သရုပ်က ဖယ်ရှားခံလိုက်ရသည်။
ယင်းက ကုန်းစွန်းချင်းမူ၏ တာအိုဖြစ်သည်။
သစ္စာဖောက်ခြင်းက နန်းတော်တစ်ခုတည်းကို မရည်ရွယ်ပေ။ သူ၏ မဟာမိတ်များအပေါ်လည်း သစ္စာဖောက်နိုင်သည်။
သူ့အတွက်တော့ မည်သူ့ကို သစ္စာဖောက်ပါစေ အတူတူဖြစ်သည်။
ဤအချိန်လေဟာနယ်ကစားပွဲမှာ လူတိုင်းက ဉာဏ်များကြသည်။ မြေခွေးမိန်းမပျိုလေးက သူ့အပေါ် ဉာဏ်များခဲ့သလို သူသည်လည်း တစ်ဖက်လူအပေါ် ဉာဏ်များခဲ့သည်။
တစ်ဖက်လူက သရုပ်ရရှိသွားပြီး သူ၏ မဟာမိတ်ဖြစ်လာပြီးနောက် သူ့မှာ သစ္စာဖောက်နိုင်သည့် အခြေခံအုတ်မြစ်ရှိသွားသည်။ စောစောက သူပြောခဲ့သည့်အတိုင်းပင် သူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို အမှန်တကယ် စောင့်ဆိုင်းနေခဲ့သည်။
နောက်အခိုက်အတန့်မှာ ခန်းမထဲမှ အအေးဓာတ်က လွင့်ပြယ်သွားပြီး ရေခဲဓားများက ပျောက်ကွယ်သွားကြသည်။ သံကြိုးများသည်လည်း ဗလာဟင်းလင်းပြင်ထဲသို့ ပြန်ဝင်သွားကြသည်။
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အနောက်လှည့်လိုက်ပြီး အပြင်သို့ လျှောက်သွားသည်။
သူ၏ ရည်ရွယ်ချက်ကို ရရှိပြီးပြီ ဖြစ်သည်။
သို့သော်လည်း ခန်းမအပြင်သို့ သူခြေချလိုက်သည်နှင့်ချက်ချင်း ကုန်းစွန်းချင်းမူက ရုတ်တရက် ပြောသည်။
“ အစစ်အမှန်ဦးသျှောင်… ကျိုးကျန်းလီနဲ့ ငါက နှစ်တွေအကြာကြီး ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတာပါ… သူက ငါ့အကြောင်းကို ကောင်းကောင်းသိထားသလို သူ့အကြောင်းကိုလည်း ငါကောင်းကောင်းသိပါတယ် ”
“ ဒီတော့… ငါမင်းကို တစ်ခုသတိပေးချင်တယ်… အဲ့ဒီလူက မရိုးရှင်းဘူး… သူက နတ်ဆိုးနဲ့တူတဲ့ မဟာသူတော်စင်ဖြစ်သလို သူတော်စင်နဲ့တူတဲ့ မဟာနတ်ဆိုးလည်း ဟုတ်တယ် ”
ခန်းမ၏ ဂိတ်တံခါးဘေးမှ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ ကြယ်ပွင့်တွေက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေထဲကနေ ပေါ်ထွန်းလာကြတဲ့ ထူးချွန်တဲ့ လူတွေပဲ… သူတို့ထဲက ဘယ်သူက အပြင်လောကမှာ အထွတ်အမြတ်ပုဂ္ဂိုလ်တွေအဖြစ် မကြီးပြင်းလာဘဲရှိလို့လဲ ”
“ ဒါကြောင့် ငါက လူကိုပဲ ကြည့်တယ်… သူတို့ရဲ့ နှလုံးသားကို မကြည့်ဘူး ”
“ ငါက အသန်မာဆုံး ဖြစ်နေသေးသရွေ့ သူတို့နှလုံးသားထဲမှာ ဘာပဲရှိရှိ ဂရုမစိုက်ဘူး… သူတို့က ငါ့အမိန့်ကို နာခံမယ်ဆိုရင် လုံလောက်ပြီ… အဲ့လိုမဟုတ်ရင်တော့ သူတို့ကို ငါဖျက်ဆီးပစ်မယ် ”
ထိုသို့ပြောပြီးနောက် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အရှေ့သို့ ခြေလှမ်းလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
ခန်းမထဲတွင် ကုန်းစွန်းချင်းမူက ပြုံးလိုက်သည်။
“ ကြည့်ရတာ ဒီစတုတ္ထအလွှာက အပြင်လောကနဲ့ သိပ်အဆက်အဆံမရှိတဲ့ ကြယ်တာရာစက်ဝန်းကို နည်းနည်း ပြောင်းလဲသွားစေတဲ့ပုံပဲ… အခု သူက လောကရဲ့ စစ်မှန်တဲ့ သဘောတရားကို နားလည်သွားပြီး တခြားကြယ်ပွင့်တွေရဲ့ ခြိမ်းခြောက်မှုကို စတင်ခံစားမိသွားပြီ ”
“ အဲ့ဒါကြောင့် သူက မောက်မာထောင်လွှားပေမဲ့လည်း ‘ ငါအသန်မာဆုံး ဖြစ်နေသေးသရွေ့ ’လို့ ပြောသွားခဲ့တယ် ”
“ စိတ်ဝင်စားစရာပဲ… တကယ် စိတ်ဝင်စားစရာပဲ ”
ကုန်းစွန်းချင်းမူက ရယ်လိုက်သည်။ သူ၏ ရယ်သံက ချောက်ချားဖွယ်ကောင်းပြီး ထိုထဲမှာ ရူးသွပ်မှုတစ်စွန်းတစ်စလည်း ပါဝင်နေသည်။
သို့သော်လည်း ထူးဆန်းသည်မှာ ချောက်ချားဖွယ်ကောင်းသော ထိုရယ်သံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ အသိစိတ်ထဲ၌ ပုန်းအောင်းနေသော ဓားကျိုးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
…..
“ သူတို့နှစ်ယောက်က အရူးတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတယ်… သူတို့က အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ပြီး သူတို့ရဲ့ အကျိုးစီးပွားအတွက် ငါ့ကို အသုံးချနိုင်မယ်လို့ ယုံကြည်နေကြတယ်… ဒါပေမဲ့ အရှေ့ပိုင်းကြယ်စင်စုထဲမှာ သူတို့ကြယ်တွေ အခုထိ လင်းလက်နေရတဲ့ တကယ့်အကြောင်းအရင်းကို သတိမပြုမိကြဘူး ”
“ သူတို့က ငါ့ရဲ့ အမိန့်တာအိုလမ်းစဉ်အတွက် ခြေနင်းကျောက်တုံးထက် မပိုဘူး ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တည်ငြိမ်သော အမူအရာဖြင့် မိုးကြိုးအပြစ်ပေးနန်းတော်ထဲမှ ခြံဝန်းတစ်ခု၏ အပြင်ဘက်မှာ ပြန်ထွက်ပေါ်လာသည်။
ထိုခြံဝန်းသည် မိုးကြိုးအပြစ်ပေးနန်းတော်က ၎င်းတို့၏ တပည့်များ နေထိုင်နိုင်ရန်အလို့ငှာ စီစဉ်ပေးထားသော နေရာဖြစ်သည်။
အတိတ်မှာ ကမ်းစပ်ကိုးခုသမီးတော်က ဂျူနီယာမိုးသောက်ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် မြေခွေးမိန်းမပျိုလေးကို အရင်ဦးဆုံး မောင်းထုတ်ပစ်ခဲ့သည်။ ဂျူနီယာမိုးသောက်ခန်းမထဲမှ မောင်းထုတ်ခံလိုက်ရသော မြေခွေးမိန်းမပျိုလေးက ဤခြံဝန်းဆီသို့ ရွှေ့ပြောင်းခဲ့သည်။
ဤအခိုက်အတန့်မှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင် ထွက်ပေါ်လာသည်နှင့် ခြံဝန်းထဲမှ နေအိမ်တံခါးက ပွင့်သွားသည်။ မြေခွေးမိန်းမပျိုလေးက တံခါးဘောင်ကို ကျောမှီထားလျက် အစစ်အမှန်ဦးသျှောင်ကို ပျင်းရိသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ ငါ့ရဲ့ ဆရာကတော့ ငါမျှော်လင့်ထားသလိုပဲ… အားကိုးရတဲ့လူ မဟုတ်ဘူး… ငါ့ကို သူပေးထားတဲ့ သရုပ်က အလွယ်လေး ကျိုးပျက်သွားတယ်… အခု သူက ငါ့ကို မောင်းထုတ်လိုက်ပြီ ”
“ ဒီတော့… အစစ်အမှန်ဦးသျှောင် ဒီကို ရောက်လာတာ ငါ့ကို သတ်ဖို့လား ဒါမှမဟုတ် အဝေးကို မောင်းထုတ်မလို့လား ”
သူက ညင်သာစွာ ရယ်လိုက်သည်။
“ အစစ်အမှန်ဦးသျှောင်ရဲ့ နည်းလမ်းတွေက တကယ်ပဲ မှတ်သားလောက်ပါပေတယ်… အခု ငါ့မှာ သရုပ်မရှိတော့ဘူးဆိုတော့ ငါက ဒီအင်မော်တယ်နန်းတော်နဲ့ ဘာမှမသက်ဆိုင်တဲ့လူ ဖြစ်သွားပြီ… တကယ်လို့ ဒီနေရာမှာ ငါအသတ်ခံရမယ်ဆိုရင်တောင် ဘာလှိုင်းဂယက်မှ ဖြစ်ပေါ်လာမှာမဟုတ်ဘူး… ဒီသမိုင်းအဖြစ်အပျက်ထဲမှာတော့ ငါက နန်းတော်ထဲမှာ ဘယ်တုန်းကမှ ရှိမနေခဲ့တဲ့လူ ဖြစ်သွားလိမ့်မယ် ”
“ အဲ့လိုဆိုမှတော့ အစစ်အမှန်ဦးသျှောင် လှုပ်ရှားမှုပြုလုပ်ပါ… ငါ့ရဲ့ ရည်ရွယ်ချက်ကို ရရှိပြီးပြီ… ဒီလိုဆိုမှတော့ ငါထွက်သွားရမယ်ဆိုလည်း ကိစ္စမရှိပါဘူး ”
မြေခွေးမိန်းမပျိုလေးက ပြုံးလိုက်သည်။ ဤသည်မှာ သူက အစစ်အမှန်ဦးသျှောင်၏ ရောက်ရှိလာမှုကို လုံးဝ မအံ့ဩသည့်အလားပင်။
သို့သော်လည်း စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က မတိုက်ခိုက်ပေ။ သူက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အရှေ့သို့ လျှောက်သွားပြီး ပြောသည်။
“ မင်းပြောတာ မှန်တယ်... ဒါပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်က ပြီးမြောက်သွားပြီဆိုရင် ဘာလို့ စောစောစီးစီး မထွက်သွားတာလဲ "
“ မင်းမှာ တခြားအကြံအစည်ရှိမယ်လို့ ငါထင်တယ် "
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ ပြီးတော့ ဒီကနေ မင်းမထွက်သွားနိုင်ဘူးဆိုတာ ရှာတွေ့သွားတဲ့ပုံပဲ "
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ စကားဆုံးသွားသည့်အခိုက် သူက ခြံဝန်းထဲသို့ ရောက်ရှိသွားပြီး မြေခွေးမိန်းမပျိုလေး၏ အရှေ့မှ ပေနှစ်ဆယ်အကွာမှာ ရပ်လိုက်သည်။
မြေခွေးမိန်းမပျိုလေးက တည်ငြိမ်စွာ ပြုံးလိုက်သည်။ သို့သော်လည်း အန္တရာယ်က သူ၏ နှလုံးသားထဲမှ ပေါ်လျှိုးလာနေသည်။ ယနေ့ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အရာအားလုံးကို ဖော်ထုတ်လိုက်သည့်အချိန်မှစ၍ ဤခန္ဓာကိုယ်နှင့် သူ၏ အသိစိတ်က အလွန်ခိုင်မြဲစွာ ချည်နှောင်ခံလိုက်ရကြောင်း အမှန်တကယ် သူသတိပြုမိသည်။ သူက ဆန္ဒရှိသည့်အတိုင်း ဤခန္ဓာကိုယ်ထဲမှ မထွက်သွားနိုင်ပေ။