ကြယ်တာရာစက်ဝန်း ထုတ်ပယ်ခံရခြင်း
Vol. 107 Ch. 1647
ဤအခိုက်အတန့်မှာ စိတ်ခံစားချက်လှိုင်းလုံးများက ကြယ်တာရာစက်ဝန်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ဤသည်မှာ မရေမတွက်နိုင်သော မိုးကြိုးများက သူ၏ နှလုံးသားထဲမှာ ပေါက်ကွဲသွားသည့်အလားပင်။ ယင်းက သူ့ကို မျက်မှောင်ကြုတ်သွားစေပြီး သူ၏ အသက်ရှူသံကို မြန်ဆန်သွားစေသည်။
ဤခန္ဓာကိုယ်နှင့် သူ့ကြားမှ ဆက်သွယ်မှုက မရပ်တန့်နိုင်သော စွမ်းအားအောက်မှာ မြန်ဆန်စွာ ဖြတ်တောက်ခံနေရကြောင်း ရှင်းလင်းစွာ သူခံစားနေမိသည်။
ထိုဖြတ်တောက်မှုကို ပြောင်းပြန်မလှန်နိုင်ပေ။
ကြိုသတ်မှတ်ခံထားရသော ကံကြမ္မာက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ နေရာကို သူ့အား ရယူစေနိုင်ခဲ့သော အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။
ယခု ထိုအခြေခံအုတ်မြစ်က ပြိုကွဲသွားနေသည်။
ထို့ပြင် သူ၏ အသိစိတ်က ထိုမရပ်တန့်နိုင်သော စွမ်းအားကြောင့် စတင်ညှိုးနွမ်းခြောက်သွေ့လာသည်။
ယင်းက မူလလောကထိပင် ဆန့်တန်းသွားသည်။ ဤသည်မှာ သူက တကယ့်သစ်ရွက်ဖြစ်လာပြီး မြန်ဆန်စွာ ညှိုးခြောက်သွားနေသည့်အလားပင်။
သူ၏ အမိန့်သော်လည်းကောင်း နိယာမသော်လည်းကောင်း ယင်းတို့က ပြိုကွဲပျက်စီးသွားကြသည်။
ထိုထဲမှာ သူ့အာဏာစက်၏ အခြေခံအုတ်မြစ်ဖြစ်သော ရွှေရောင်သံကြိုးလည်း ပါဝင်သည်။
ထိုသံကြိုးက ကြယ်တာရာစက်ဝန်း၏ အသိစိတ် ညှိုးခြောက်သွားသည်နှင့်ချက်ချင်း ကျိုးပြတ်သွားသည်။
သံကြိုးပေါ်မှ အက်ကွဲရာများက ကြယ်တာရာစက်ဝန်း၏ အသိစိတ်ကို ဖော်မပြနိုင်အောင် နာကျင်ခံစားရစေသည်။ အကြောက်တရားကို ဤဘဝမှာ ပထမဆုံးအကြိမ် သူခံစားမိသွားသည်။
သူဆင့်ခေါ်လိုက်သော အမိန့်အဆုံးအဖြတ်သည်တော့…
လက်ထပ်စာချုပ်ထွက်ပေါ်လာသည့်အခိုက် အဆုံးအဖြတ်က အဓိပ္ပာယ်မဲ့သွားသည်။
ခေါင်းတလား(၁၃)လုံးက တုန်ယင်သွားကြပြီး အသံများက တိုးညင်းသွားသည်။
ဤသည်မှာ အရာအားလုံးက ပြောင်းပြန်မှောက်လှန်သွားသည့်အလားပင်။ စကားလုံးများ ထွက်ပေါ်လာပြီး အာဏာစက် ဖွဲ့စည်းသွားသည့်အခိုက် အရာအားလုံးက အနောက်ဆုတ်သွားပြီး တည်ရှိမှုမှ ဖယ်ရှားခံလိုက်ရသည်။
အင်မော်တယ်အရှင်သခင်၏ စွမ်းအားက စကြာဝဠာထက် သာလွန်သည်။
ဤအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်းတစ်ယောက်တည်း အမူအရာပျက်ယွင်းသွားခြင်း မဟုတ်ပေ။
အင်မော်တယ်ဓားနှစ်လက်သည်လည်း ထို့အတူပင်။
ချမ်ကျွင်းနှင့် ပိုင်ရီက တုန်ယင်သွားကြသည်။ သူတို့အရှေ့မှ မြင်ကွင်းက သူတို့၏ စိတ်ကူးနိုင်စွမ်းထက် အမှန်တကယ် ကျော်လွန်နေသည်။
ယနေ့ သူတို့က သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ကိစ္စများကို တစ်ခုပြီးတစ်ခု တွေ့မြင်ခဲ့ရသည်။
မည်သူမှ မရနိုင်သော သရုပ်တစ်ခုကို လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်က ရရှိခဲ့သည်။
အင်မော်တယ်ဓားများက မည်သူ့ကိုမှ သခင်အဖြစ် အသိအမှတ်မပြုသင့်ပေ။ သို့သော်လည်း သခင်အဖြစ် အသိအမှတ်ပြုခြင်းက မလွဲဧကန် ဖြစ်လာခဲ့သည်။
ယခု လက်ထပ်စာချုပ်က ထွက်ပေါ်လာပြန်သည်။
ထို့ပြင် စာချုပ်ထဲမှ စာလုံးများကို ထိုနည်းဖြင့် အသုံးပြုနိုင်သည်လော။ ယင်းတို့အားလုံးက ချမ်ကျွင်းနှင့် ပိုင်ရီကို အရိုးထဲမှ ထိတ်လန့်သွားစေသည်။
မည်သို့ဖြစ်ပါစေ ဤလက်ထပ်စာချုပ်၏ အဓိပ္ပာယ်က ဤအချိန်လေဟာနယ်ထဲ၌ အစွမ်းထက်ဆုံး အရာများထဲမှ တစ်ခုဖြစ်သည်။
ယင်းထဲမှာ မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့သားအပေါ် အပ်နှင်းထားသော ကောင်းချီးအားလုံး ပါဝင်သည်။
ထိုကောင်းချီးက စိတ်ဆန္ဒဖြစ်သည်။
ထိုစိတ်ဆန္ဒက လက်ထပ်စာချုပ်ထဲမှ စာလုံးများထဲသို့ ပေါင်းစပ်သွားသည့်အခါ စာလုံးတစ်လုံးစီက ဤအချိန်လေဟာနယ်၏ အာဏာစက် ဖြစ်လာလိမ့်မည်။
ယင်းက ဥပဒေဖြစ်သည်။
အင်မော်တယ်အရှင်သခင်၏ ဥပဒေအောက်မှာ အမိန့်က ဦးညွတ်ရပြီး နိယာမများက ပြောင်းလဲခံရလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို ဆန့်ကျင်လိုက်လျှင် သူတို့က မိုးသောက်အင်မော်တယ်အရှင်သခင်၏ စိတ်ဆန္ဒကို ဆန့်ကျင်လိုက်ခြင်းနှင့် မခြားပေ။
မိုးသောက်အင်မော်တယ်နန်းတော်တစ်ခုလုံးတွင် မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် သူ၏ သားသာလျှင် ဤပစ္စည်းကို ထိတွေ့နိုင်သည်။
သို့ဖြစ်၍ လက်ထပ်စာချုပ်ထွက်ပေါ်လာသည့်အခိုက် လောက၏ အရောင်က ပြောင်းလဲသွားသည်။ ရလဒ်က အဆုံးအဖြတ်ပေးခြင်းခံလိုက်ရသည်။ ယင်းကို ပြန်မပြောင်းလဲနိုင်ပေ။
ရွှီချင်းက လက်ထပ်စာချုပ်ထဲမှ စာလုံးများကို ဖုံးကွယ်နိုင်ပြီး သူဆန္ဒရှိသော စာလုံးများကိုသာ ထုတ်ဖော်နိုင်ရခြင်းမှာ…
သခင်လေး၏ နာမည်က လက်ထပ်စာချုပ်ပေါ်မှာ ရှိနေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သခင်လေး၏ ခန္ဓာကိုယ်ကို ရယူထားသော သူသည်လည်း အရည်အချင်းပြည့်မီသည်။
သို့တိုင်အောင် ထိုအတွက် အချိန်လိုအပ်သည်။ ထိုအချိန်က အချိန်လေဟာနယ်လှိုင်းများကို ရည်ညွှန်းသည်။
ထို့ပြင် လက်ထပ်စာချုပ်ကို အသက်မသွင်းခင် အချိန်လေဟာနယ်လှိုင်းများက သတ်မှတ်ထားသော အဆင့်အထိ ရောက်ရှိနေရန်လည်း လိုအပ်သည်။
ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက ယနေ့ညမှာ လူတိုင်း၏ ရည်ရွယ်ချက်ကို အောင်မြင်စေခဲ့ပြီး သမိုင်းကို ပြောင်းလဲပစ်ခဲ့ကာ ကြီးမားသော အချိန်လေဟာနယ်လှိုင်းများကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်လေဟာနယ်လှိုင်းများက ဆူနာမီကဲ့သို့ အရှိန်အဟုန်ရှိရန် အရေးကြီးသည်။
ထိုအရှိန်အဟုန်ကို ငှားယူခြင်းဖြင့် သူက အချိန်စီးဆင်းမှု၏ သဘာဝစွမ်းအားကို ဆွဲထုတ်နိုင်ပြီး လက်ထပ်စာချုပ်ထဲမှ စာလုံးများကို ဖုံးကွယ်စေနိုင်လိမ့်မည်။
ဤဖြစ်စဉ်က ရိုးရှင်းပုံပေါ်သော်လည်း အမှန်မှာ ယင်းကို အောင်မြင်စွာ ပြီးမြောက်စေရန် အဆင့်ဆင့် လုပ်ဆောင်ရလိမ့်မည်။ ထို့ပြင် အဆင့်တစ်ခုချင်းစီက ရှုပ်ထွေးခက်ခဲသည်။ ထိုအဆင့်အားလုံးကို ပြီးမြောက်မှသာလျှင် ယခုကဲ့သို့ ရလဒ်ကို ရရှိနိုင်လိမ့်မည်။
သို့ဖြစ်၍ ထိုသို့ရလဒ် ထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းက ယင်းကို ကြည့်ရှုနေသူအားလုံးကို အံ့ဩသွားစေရန် လုံလောက်သည်။
ဤအခိုက်အတန့်မှာ မိုးခြိမ်းသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်က အက်ကွဲသွားသည်။
ကျယ်လောင်သော မြည်သံက လွှမ်းမိုးဖိနှိပ်သော အင်အားကို သယ်ဆောင်လျက် ဓားမီးဖို၏ နေရာတိုင်းမှာ ပျံ့လွင့်သွားသည်။
တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်သို့ မော့ကြည့်လျှင် မိုးကောင်းကင်က လျှပ်စီးကွန်ချာဖြင့် ဖုံးလွှမ်းခံထားရကြောင်း မြင်နိုင်လိမ့်မည်။ ထိုလျှပ်စီးကွန်ချာအတွင်း၌ အချိန်လေဟာနယ်လှိုင်းများက ဆူနာမီသဖွယ် ရွေ့လျားနေကြသည်။
ရွှီချင်းက အချိန်လေဟာနယ်လှိုင်းများပေါ်မှာ ရပ်နေစဉ် သူ၏ ဆံပင်က တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ ကမ္ဘာတုန်ဟီးစေနိုင်သော အရှိန်အဝါက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှ စူးရှသော အလင်းက ဤလောကထဲမှ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
သူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို စိုက်ကြည့်လိုက်သည်။
သူ၏ အရှေ့မှ လက်ထပ်စာချုပ်ပေါ်တွင် စာလုံး(၁၆)လုံးက ထင်ရှားစွာ ထွက်ပေါ်နေကြသည်။ ယင်းတို့က ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပပြီး အကန့်အသတ်မဲ့သော ဂုဏ်ကျက်သရေကို ထုတ်လွှတ်နေကြသည်။ ကောင်းချီးမင်္ဂလာအရောင်များက ဘေးပတ်ဝန်းကျင်မှာ ပြည့်နှက်သွားသည်။
အလင်းရောင်အောက်မှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အမူအရာက ပုံပျက်တွန့်လိမ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်အခိုးအငွေ့ကို ထုတ်လွှတ်နေသည်။
အနက်ရောင်အခိုးအငွေ့က သူ၏ ဦးခေါင်းထက်မှာ စုဝေးသွားသည့်အခါ ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ပုံရိပ်က ဝေဝါးနေပြီး လွင့်ပြယ်နေသည်။
သူ၏ ဆန္ဒမရှိမှုက အဓိပ္ပာယ်မဲ့သွားသည်။
သူ၏ ရုန်းကန်မှုအားလုံးက အချည်းနှီးဖြစ်သွားသည်။
လက်ထပ်စာချုပ်၏ စာလုံး(၁၆)လုံးမှ ထုတ်လွှတ်နေသော ပြိုင်ဘက်ကင်း အလင်းရောင်အောက်မှာ အပြင်လောက၏ နံပါတ်တစ်ကြယ်ပွင့်သည်ပင် ခွန်အားကင်းမဲ့သွားရသည်။
သူက ဤစတုတ္ထအလွှာမှ ဖယ်ရှားခံနေရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် သူ့ကြားမှ ကံကြမ္မာက လုံးဝ ဖြတ်တောက်ခံလိုက်ရသည်။ သစ်ရွက်ခြောက်၏ စွမ်းအားက သူ့အပေါ်သို့ ကျရောက်လာပြီး ကြီးမားသော ထိခိုက်ပျက်စီးမှုကို ပေးသည်။
တခြားလူများ၏ အသိစိတ်ကို ဖယ်ရှားနိုင်သော သူက ယခု တစ်ဖက်လူကြောင့် ကိုယ်တိုင် အသိစိတ်ဖယ်ရှားခံလိုက်ရလေသည်။
ထို့ပြင် သူ့အာဏာစက်၏ အခြေခံအုတ်မြစ်က အက်ကွဲသွားသည်။
ဤစတုတ္ထအလွှာမှာ သူက ဘာအကျိုးအမြတ်မှ မရရှိသည့်အပြင် သူ၏ တာအိုအုတ်မြစ်ကလည်း ထိခိုက်သွားခဲ့သည်။
ထို့ကြောင့် သူက မလွင့်ပြယ်သွားခင် သူ့အရှေ့မှ ရွှီချင်းကို ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် စိုက်ကြည့်လိုက်သည်။
“ ဒီတစ်ကြိမ် ငါမင်းကို ရှုံးသွားတာ ဝန်ခံတယ်… ဒါပေမဲ့ ငါတို့ကြားက တိုက်ပွဲက မပြီးသေးဘူး ”
“ မင်းမရောက်နိုင်တဲ့ ပဉ္စမမြောက်အလွှာဆီသွားပြီး ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို အဲ့ဒီမှာ ငါတတ်လှမ်းမယ် ”
“ ငါ့ရဲ့ အာဏာစက်ကို မပြည့်စုံအောင် မင်းလုပ်ခဲ့တဲ့အတွက် တန်ကြေးအနေနဲ့ကတော့… ဒီအင်မော်တယ်နန်းတော်ရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီး ဒီအချိန်လေဟာနယ်ထဲက မင်းရဲ့ သရုပ်ကို ဆုံးရှုံးသွားတဲ့အခါကျရင်… အပြင်ဘက်မှာ မင်းထွက်ပေါ်လာတာနဲ့ ငါမင်းကို သတ်ပစ်မယ် ”
သူ၏ အသံက ပဲ့တင်ထပ်သွားသည်။
ကြယ်တာရာစက်ဝန်း၏ အသိစိတ်ပုံရိပ်က ပြာဖြစ်သွားသည်။
သူက ဤအချိန်လေဟာနယ်ထဲမှ မောင်းထုတ်ခံလိုက်ရသည်။
သမိုင်းကို အစီအစဉ်အတိုင်း ထိန်းသိမ်းချင်သော အဖွဲ့က လုံးဝ ရှုံးနိမ့်သွားသည်။
အခြေအနေကို ပြန်ပြောင်းလဲနိုင်မည့် ဖြစ်နိုင်ခြေက လုံးဝမရှိပေ။
ကြယ်တာရာစက်ဝန်း၏ စကားသည်လည်း လေထဲမှာ ပျောက်ကွယ်သွားသည်။ ထိုထဲမှာ ကိန်းဝပ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်ပြင်းထန်သော်လည်း ဤရလဒ်ကို သူရွေးချယ်လိုက်မှတော့ ထုံးစံအားဖြင့် ရွှီချင်းက တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် တုန်လှုပ်သွားလိမ့်မည် မဟုတ်ချေ။
“ ဒီအင်မော်တယ်နန်းတော်ရဲ့ အခွင့်အရေးက အဆုံးသတ်တဲ့အခါကျရင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက လက်ရှိအဆင့်မှာပဲ ရပ်တန့်နေလိမ့်မှာ မဟုတ်ဘူး ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ မူလခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
ကြယ်တာရာစက်ဝန်း၏ အသိစိတ်ကို ဆုံးရှုံးသွားပြီးနောက် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ မူလခန္ဓာကိုယ်က လေထဲမှာ ရေပူဖောင်းသဖွယ် လွင့်ပြယ်သွားသည်။
ထိုမြင်ကွင်းက ရွှီချင်းကို အတွေးနက်သွားစေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အမူအရာက ခါတိုင်းကဲ့သို့ ပြန်တည်ငြိမ်သွားသည်။
ဤအခိုက်အတန့်မှာ မူလသမိုင်းကို ထိန်းသိမ်းချင်သော အဖွဲ့၏ ရှုံးနိမ့်မှုက အချိန်လေဟာနယ်ကို ဝုန်းခနဲ မြည်သွားစေသည်။
ဤသည်မှာ မြင်းရိုင်းတစ်ကောင်က ဇာတ်ကြိုးကို ဆုံးရှုံးသွားသည့်အလား ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည်။ သို့ဖြစ်၍ ယခင်အကြိမ်များထက် သာလွန်သော အချိန်လေဟာနယ်လှိုင်းများက အဆုံးမဲ့စွာ ပေါ်လျှိုးလာကြသည်။
ပမာဏများပြားသော အချိန်လေဟာနယ်သဲက ဟင်းလင်းပြင်ထဲမှ၊ အင်မော်တယ်နန်းတော်ထဲရှိ သက်ရှိများထံမှ ထွက်ပေါ်လာပြီး မိုးရေစက်များသဖွယ် ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ စုဝေးသွားကြသည်။
သဲမှုန်ပမာဏက ယခင်က သူရရှိဖူးသည်ထက် အဆတစ်ရာခန့် ပိုများပြားသည်။
ထွန်းလင်းတောက်ပသော သဲမှုန်များက မရပ်မစဲ ကျဆင်းလာနေစဉ် ယင်းတို့က အတူတကွ စုဝေးသွားကြပြီး နောက်ဆုံးမှာတော့ သဲနာရီတစ်လုံးကို ဖွဲ့စည်းသွားသည်။
သဲနာရီက ရွှီချင်း၏ အရှေ့မှာ လွင့်မျောသွားသည်။
သဲနာရီထွက်ပေါ်လာသည့်အခိုက် ကောင်းကင်က တုန်လှုပ်သွားပြီး အင်မော်တယ်နန်းတော်က လှုပ်ခါသွားသည်။ လောကသည်ပင် ပရမ်းပတာဖြစ်သွားသည်။ သဲနာရီ၏ ထွန်းလင်းတောက်ပမှုက ဤနေရာမှ အရာအားလုံးကို ဖုံးလွှမ်းသွားဟန် ရ၏။
ယင်းက အချိန်လေဟာနယ်၏ အထွတ်အမြတ်ရတနာ ဖြစ်သည်။
ရွှီချင်းက သဲနာရီကို သေချာစိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ စိတ်က အပြင်းအထန် လှုပ်ခတ်သွားသည်။ သူ၏ အာဏာစက်မှတဆင့် ဤသဲနာရီထဲမှာ ပါဝင်နေသော အချိန်က ဆယ့်ငါးမိနစ်နှင့် ညီမျှကြောင်း သူပြောနိုင်သည်။
အတိအကျဆိုရလျှင် ယင်းက ဤအချိန်လေဟာနယ်ထဲသို့ နောက်ထပ် အပိုဆယ့်ငါးမိနစ် ပေါင်းထည့်နိုင်စေလိမ့်မည်။
ဤသဲနာရီကို အချိန်မရွေး အသုံးပြုနိုင်သည်။ မည်သည့်အတိတ်ကာလမှာဖြစ်စေ သို့မဟုတ် မည်သည့်အချိန်ကာလမှာဖြစ်စေ ဤသဲနာရီကို အသုံးပြုလိုက်သည်နှင့် အချိန်ပိုဆယ့်ငါးမိနစ်ကို သူရရှိလိမ့်မည်။
ထို့ပြင် ယင်းကို မဖယ်ရှားနိုင်ပေ။
ဤသည်မှာ ယင်းက အချိန်လေဟာနယ်၏ အလွန် သို့မဟုတ် အချိန်စီးဆင်းမှု၏ အပြင်ဘက်မှာ ရှိနေသည့်အလားပင်။
တစ်ချိန်တည်းမှာ ရွှီချင်းက သဲနာရီကို ဆင်ခြင်နားလည်လိုက်သည်နှင့် သူ၏ အာဏာစက်က သိသိသာသာ တိုးတတ်သွားသည်။
မရေမတွက်နိုင်သော ဉာဏ်အလင်းများက သူ၏ အသိစိတ်အတွင်းမှာ ထွက်ပေါ်လာပြီး သူ၏ အာဏာစက်ကို အာဟာရဖြည့်ပေးလိုက်သည်။ ယင်းက သူ၏ အာဏာစက်ကို ဆင့်ကဲပြောင်းလဲသွားစေသည်။ ဤသည်မှာ သူ၏ အာဏာစက်က စက္ကန့်ပိုင်းလေးအတွင်းမှာ နှစ်ထောင်ပေါင်းများစွာကို တိုက်ရိုက် ဖြတ်ကျော်သွားသည့်အလားပင်။
ယင်းက အဌမမြောက် အန္တိမတာအိုကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။
သူ၏ အာဏာစက်က တစ်ဟုန်ထိုး အစွမ်းမြင့်တတ်သွားသည်နှင့် ရွှီချင်း၏ အရှိန်အဝါ၊ တိုက်ပွဲစွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံက ဤအခိုက်အတန့်မှာ သိသိသာသာ ပြောင်းလဲသွားသည်။
ယခု သူက နဝမမြောက် မဟာလောကကို ဖွဲ့စည်းနိုင်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။
“ ငါ့ရဲ့ အခြေခံအုတ်မြစ်က ပြီးပြည့်စုံတာကြောင့် နဝမမြောက် မဟာလောကကို ငါဖွဲ့စည်းနိုင်တာနဲ့ အုပ်ချုပ်သူအဆင့်ဆီ တစ်ခါတည်း တိုက်ရိုက် တတ်လှမ်းနိုင်လိမ့်မယ် ”
“ အဲ့ဒီအခါကျရင် ငါ့ရဲ့ အုပ်ချုပ်သူကျင့်ကြံခြင်းက တခြားလူတွေထက် ပိုပြီးသန်မာလိမ့်မယ်… ဒါတင်မကဘဲ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ကြောင့် အုပ်ချုပ်သူအဆင့်ဆိုတာ ငါ့အတွက်တော့ အကူးအပြောင်းတစ်ခုထက် မပိုဘူး ”
“ အဲ့ဒါက ခြေလှမ်းဝက်အင်မော်တယ်အဆင့်ဆီ ငါမတတ်လှမ်းခင် ခဏနေရမယ့် အချိန်ကာလပဲ ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းမော့လိုက်ကာ မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်များ၏ ဖရိုဖရဲဖြစ်မှုကြောင့် ကောင်းကင်က ဝေဝါးနေသည်။ သို့တိုင်အောင် သူက မြင့်တတ်လာနေသော နေလုံးကို မြင်တွေ့နိုင်ဆဲပင်။
အမှောင်ကောင်းကင်ယံက ချက်ချင်း လင်းထိန်သွားသည်။
နေရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွင်းသွားပြီး ဓားမီးဖိုနှင့် ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
နေရောင်ခြည်အောက်မှာ ရပ်နေသော ရွှီချင်းက မိုးကုပ်စက်ဝိုင်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ဓားမီးဖို၏ ထွက်ပေါက်ဆီသို့ ကြည့်လိုက်သည်။
သူက တည်ငြိမ်စွာ ပြောသည်။
“ ထွက်လာခဲ့ ”
ဝင်ပေါက်နားတွင် ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူက ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ အသွင်သဏ္ဍာန်က သာမန်ဖြစ်သော်လည်း သူ၏ မျက်နှာက သိမ်မွေ့ညင်သာပြီး သူ၏ အပြုံးက နွေးထွေးကြင်နာသည်။ ဤသည်မှာ သူက မည်သည့်အန္တရာယ်မှ မပြုနိုင်သည့်အလားပင်။ သူက ထွက်ပေါ်လာပြီးနောက် ရွှီချင်းကို အရိုအသေပေးလိုက်သည်။
“ ကျိုးကျန်းလီက သခင်လေးကို နှုတ်ဆက်ပါတယ် ”
“ ဒီတိုက်ပွဲမှာ သခင်လေးရဲ့ ဉာဏ်ရည်ရော တိုက်ပွဲစွမ်းအားရောက တကယ့်ကို ပြိုင်စံရှားပါပဲ… သခင်လေးရဲ့ အင်မော်တယ်စွမ်းအားက လောကကို တုန်လှုပ်သွားစေပါတယ်… သခင်လေးက လူတွေကြားက နဂါးပါပဲ ”
ထိုလူငယ်သည် ကြယ်တာရာစက်ဝန်း၏ နောက်လိုက်ဖြစ်ခဲ့သော ကျိုးကျန်းလီမှလွဲ၍ တခြားလူမဟုတ်ပေ။
ဤအခိုက်အတန့်မှာ သူ၏ အမူအရာက တည်ငြိမ်ပြီး သူ၏ အကြည့်က စစ်မှန်သည်။ သူ၏ အပြုံးထဲမှာလည်း ချီးမွမ်းမှုဖြင့် ပြည့်နှက်နေသည်။
အေးစက်စက် အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထိုလူသည် ကြယ်တာရာစက်ဝန်း ပျောက်ကွယ်သွားသည့်အချိန် ဓားမီးဖိုထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ပုန်းအောင်းနေဟန် ထင်ရသော်လည်း အမှန်မှာ သူက သူ့အရှိန်အဝါကို ထင်ရှားစွာ ထုတ်ဖော်ထားခဲ့သည်။ ဤသည်မှာ ရွှီချင်းက သူ့အား အရင်ထုတ်ဖော်လိမ့်မည်ကို သူက တမင်စောင့်ဆိုင်းနေသည့်အလားပင်။
မည်သည့်ကြယ်ပွင့်ကမှ သာမန်မဟုတ်ပေ။ သို့သော်လည်း ကြယ်တာရာစက်ဝန်း၏ ဘေးမှာ အမြဲရှိနေခဲ့သော ဤကျိုးကျန်းလီသည် အင်အားစုနှစ်ခု တိုက်ပွဲစတင်ကတည်းက မည်သည့်တည်ရှိမှုမှ မထုတ်ဖော်ခဲ့ဟန် ရ၏။
လူတိုင်းက သူ့ကို လျစ်လျူရှုထားကြပုံပေါ်သည်။
သို့သော်လည်း ကြယ်တာရာစက်ဝန်းက ဤနေရာမှ ဖယ်ရှားခံလိုက်ရသည့်တိုင် သူက အေးဆေးတည်ငြိမ်စွာ ဆက်ရှိနေဆဲပင်။
ယင်းကို ကြည့်ခြင်းအားဖြင့် ကျိုးကျန်းလီက သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ရွှီချင်းက ရှဲလင်းဇီနှင့် ထိတွေ့ဆက်ဆံဖူးပြီး သူ၏ ဉာဏ်များပုံကို မြင်တွေ့ပြီးနောက် ကျိုးကျန်းလီအပေါ် သွယ်ဝိုက်သောနည်းဖြင့် အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။ မည်သို့ဖြစ်ပါစေ ကျိုးကျန်းလီက ရှဲလင်းဇီနှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့သော ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။
‘ ဒီလူက ဖုံးကွယ်တဲ့နေရာမှာ တော်တယ်… သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရုံတင်မကဘူး သူ့ရဲ့ ရည်ရွယ်ချက်နဲ့ အတွေးတွေကိုလည်း ဖုံးကွယ်ထားသေးတယ် ’
“ မင်းက မူလသမိုင်းကို ထိန်းသိမ်းဖို့ ဆန္ဒမရှိဘူး… ကြယ်တာရာစက်ဝန်းကို ဒီလိုရလဒ် ထွက်ပေါ်လာအောင်လို့ မင်းအကျိုးဆောင်ပေးခဲ့တယ်ဆိုတာ ငါယုံကြည်တယ် ”
ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။
အကယ်၍ ကြယ်တာရာစက်ဝန်းသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူက ထိုစကားကို ကြားသည့်အခါ သေချာပေါက် နှလုံးတုန်ယင်သွားလိမ့်မည်။
ရွှီချင်း၏ လေသံက တည်ငြိမ်သည်။
အဘယ့်ကြောင့်ဆိုသော် အကယ်၍ ကျိုးကျန်းလီသာ သမိုင်းကို အစီအစဉ်တိုင်း ထိန်းသိမ်းရန် ဆန္ဒရှိမည်ဆိုလျှင် ကြယ်တာရာစက်ဝန်းပျောက်ကွယ်သွားရုံဖြင့် အချိန်လေဟာနယ်လှိုင်းများက ထိုမျှမကြီးမားလာသင့်ပေ။ ထို့ပြင် ဤတိုက်ပွဲပြီးသွားပြီးနောက် မူလသမိုင်းကို ထိန်းသိမ်းချင်သော အဖွဲ့က လုံးဝ ကျရှုံးသွားကြောင်း ရှင်းလင်းစွာ သူအာရုံခံမိခဲ့သည်။
ထို့ကြောင့် အဖြေက တစ်ခုတည်းသာ ရှိသည်။
“ သခင်လေးက ဉာဏ်အမြော်အမြင်ကြီးမားလှပါတယ် ”
ကျိုးကျန်းလီက နှိမ့်ချသော အမူအရာကို ထုတ်ဖော်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ မင်းနဲ့ ရန်သူဖြစ်လာဖို့ ငါ့မှာ ဆန္ဒမရှိပါဘူး… အဲ့ဒါက ဒီနေရာမှာရော အပြင်လောကမှာရောပါ ”
“ ဘယ်သူမှ မရနိုင်တဲ့ သရုပ်တစ်ခုကို ရရှိထားတာက အဓိပ္ပာယ်အများကြီး ရှိတယ်… မင်းက ရိုးရှင်းတဲ့လူ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး… ထုံးစံအားဖြင့် ဒီလိုလူမျိုးနဲ့ ငါရန်သူမဖြစ်ချင်ဘူး ”
“ ကြယ်တာရာစက်ဝန်းက ခေါင်းမာပြီး တစ်ဖက်သတ်အမြင် ရှိတယ်… ဒါကြောင့် ငါက အများကြီး အားစိုက်မထုတ်ခဲ့ရဘူး… အချိန်ကျလာတဲ့အခါ သူ့ကို နည်းနည်းလောက် ဖိအားပေးလိုက်ရုံပါပဲ ”
ကျိုးကျန်းလီက ညင်သာစွာ ပြောသည်။
“ ဒီဟာက ငါ့ရဲ့ ရည်ရွယ်ချက်ပါ… မင်းရဲ့ သရုပ်က မူမမှန်တာကို ငါသတိထားမိလိုက်တဲ့အချိန် ငါ့မှာ အဲ့ဒီရည်ရွယ်ချက်ရှိလာတယ်… ငါ့ရဲ့ ရည်ရွယ်ချက်က မင်းနဲ့ ဆက်ဆံရေးကောင်း ရှိချင်ရုံပါ ”
“ ဒီစတုတ္ထအလွှာမှာ ငါက သမိုင်းကို အစီအစဉ်အတိုင်း ထိန်းသိမ်းဖို့ လုပ်နိုင်တယ်… ဒါမှမဟုတ် ဘာမှမလုပ်ဘဲ အပြောင်းအလဲတွေကို ဒီအတိုင်း ထိုင်ကြည့်နေပြီးတော့ သမိုင်းကို လေ့လာနိုင်တယ်… အဲ့လိုမဟုတ်ဘဲ သမိုင်းကို လှိုင်းဂယက်ထသွားအောင် လုပ်ဖို့ကိုလည်း ငါရွေးချယ်နိုင်တယ် ”
“ အဲ့ဒါက ငါ့ရဲ့ အာဏာစက်… ငါ့ရဲ့ တာအိုပဲ ”
ကျိုးကျန်းလီက ခေါင်းငုံ့လိုက်သည်။ သူ၏ ကိုယ်ဟန်အမူအရာက နှိမ့်ချနေဆဲပင်။
ရွှီချင်းက ဖြည်းညင်းစွာ ပြောလိုက်သည့်အခါ အနက်ရောင် အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ မင်းဘာလို့ ငါ့ကို အဲ့လောက်အသေးစိတ် ပြောပြနေတာလဲ ”
“ ငါက မင်းနဲ့ မိတ်ဆွေဖြစ်ချင်ပြီး စတုတ္ထအလွှာမှာ ဆက်နေချင်တယ်… ဒါပေမဲ့ ငါ့အကြောင်းကို အပြည့်အဝ မင်းနားမလည်ထားဘူးဆိုရင် မင်းက ငါ့ကို မိတ်ဆွေအဖြစ် လက်ခံမှာမဟုတ်သလို ငါ့ကို ဆက်နေခွင့်ပေးမှာလည်း မဟုတ်ဘူး ”
ကျိုးကျန်းလီက ခေါင်းငုံ့ထားလျက် တည်ငြိမ်စွာ ပြောသည်။