အပိုင်း (၃၀၃)
Vol. 21 Ch. 303
"တူညီတဲ့ အဆင့်မှာ ရှိဖို့လား"
မုန့်ရှင်းကျီသည် ခနလောက် ဆွံ့အသွားခဲ့၏။ သေသေချာချာ စဉ်းစားပြီးနောက် သူ၏စိတ်ထဲတွင် ရူးကြောင်ကြောင် အတွေးများ ဖြစ်ပေါ်လာသည်။
ဖြစ်နိုင်သည်မှာ စီနီယာသည် မြေအင်မော်တယ် လောကရှိ အင်မော်တယ်များကို သတ်ဖြတ်ပြီး လောက သုံးခုလုံးတွင် အစစ်အမှန် အင်မော်တယ်မရှိဟူသော တန်းတစ်ခုကို ထားရှိချင်ပုံပေါ်၏။ ထိုသို့ဆိုလျှင် အဆင့်တူတွေသာ တည်ရှိတော့မည် ဖြစ်၏။ ထိုအတွေးကို တွေးမိတော့ မုန့်ရှင်းကျီသည် တကယ်ပင် တုန်လှုပ်သွားမိ၏။
စီနီယာသည် သာမန်ထက် ပိုလွန်းလှသည့် လူတစ်ယောက်ပင် ဖြစ်၏။ မြေအင်မော်တယ်လောကရှိ အင်မော်တယ်များကို သတ်ဖြတ်ကာ လောကကြီးသုံးခုကို တန်းတူညီတူ ပြုလုပ်ချင်သည့် ဆန္ဒသည် ကြီးမြတ်လွန်းလှသည်။
မြေအင်မော်တယ် လောက၌ အင်မော်တယ်များ မရှိသည် ဆိုပါက ခရမ်းရောင် နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့သည် သူတို့ကို အဘယ့်ကြောင့် ကြောက်ရွံ့နေတော့မည်နည်း။ တကယ်တမ်းသာ စစ်ဖြစ်ပွားပါက ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အခြေအနေမျိုး ဖြစ်လာပေမည်။
အားလုံးသောသူတို့တွင် အမြင့်ဆုံး တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံသူများသာ တည်ရှိသောကြောင့် မည်သူ အသာရမည်ဖြစ်ကြောင်း တွက်ချက်ရန်မှာ ခက်ခဲပေလိမ့်မည်။
"စီနီယာ ဘယ်အချိန်မှာ လှုပ်ရှားဖို့ ပြင်ဆင်ထားတာလဲ" မုန့်ရှင်းကျီသည် အားတက်သရောဖြင့် မေးမြန်းလိုက်၏။
စီနီယာတစ်ယောက် မြေအင်မော်တယ်လောကရှိ အင်မော်တယ်များကို သတ်ဖြတ်ပစ်သည်ကို သူက မြင်ချင်မိ၏။ ဤအရာသည် တကယ့်ကို ကြည့်ကောင်းလှသည့် အရာတစ်ခုဖြစ်ပြီး လောကကြီးသုံးခုလုံးကိုပင် သွေးများဖုံးလွှမ်းသွားစေလောက်သည့် ကိစ္စမျိုး ဖြစ်သည်။
လောကကြီးတစ်ခုလုံး ပျက်စီးအောင် မပြုလုပ်နိုင်လျှင်တောင်မှ အင်မော်တယ်များမရှိလျှင် မြေအင်မော်တယ် လောကသည် ဆိုးရွားသည့် အခြေအနေကို ကြုံဆုံ ပေလိမ့်မည်။
သူတို့သည်သာ အားကောင်းလှသည့် ဂိုဏ်းကဏ္ဍအသီးသီး၏ အမွေအနှစ်များကို လုယူနိုင်ပါက အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးသည် အဆင့်အတန်း တစ်ခုဆီသို့ ထိုးတက် ရောက်ရှိသွားမှာ သေချာ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် သေးငယ်လှသည့် လောကထဲတွင် နေထိုင်ရမည့် ဂိုဏ်းမျိုး မဟုတ်ချေ။
လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ တစ်ဖက်လူ၏ အတွေးများကို အာရုံခံမိသော်လည်း သူသည် ဘာတစ်ခုမှ မပြောခဲ့ချေ။
"အချိန် ရောက်လာပါလိမ့်မယ်"
"စီနီယာ ကျေးဇူးပြုပြီးတော့ နတ်ဘုရား အတတ်ပညာကို ထုတ်ဖော်ပြသပါ" မုန့်ရှင်းကျီသည် အားတက်တရောဖြင့် လှမ်းကာ ပြောဆိုလိုက်၏။
စီနီယာသည် များပြားလှသည့် တိုက်ခိုက်ရေး နည်းစနစ်များကို ထုတ်ဖော် ပြသလိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့၏။ ဤကဲ့သို့သော အရာမျိုးသည် တစ်သက်မှာ တစ်ခါသာ မြင်တွေ့ရသော အရာမျိုးပင် ဖြစ်သည်။ စီနီယာနှင့်အတူ ကောင်းကင်မူလလောကကြီးထဲ၌ အတူယှဉ်တွဲ နေထိုင်ခြင်းကပင်လျှင် ဂုဏ်ယူစရာ တစ်ခု ဖြစ်နေခဲ့သည်။ စီနီယာ၏ တိုက်ခိုက်ချက်ကို ကြည့်ရှုရင်း တစ်စုံတစ်ခုကို နားလည်နိုင်မည်ဆိုလျှင် အကျိုးအမြတ် ရရှိပေလိမ့်မည်။
"ဟမ် … အင်းအင်း"
လီယွင်သည် အမှတ်မထင် ခေါင်းညိတ်လိုက်၏။ သေချာစဉ်းစားပြီးနောက် သူသည် စနစ်ကို ဖွင့်ကာ မေးမြန်းလိုက်၏။ "စနစ် အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်ဖို့အတွက် အမှတ်ဘယ်လောက် လိုမလဲ"
[ဒင် …. အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိရန် လက်ခံသူသည် သက်ဆိုင်ရာ နည်းစနစ်များနှင့် လဲလှယ်ရန် လိုအပ်နေပြီး လျှို့ဝှက် ကောင်းကင်အမှတ် စုစုပေါင်း ၆.၇ သန်း လိုအပ်၏။]
"၆.၇ သန်း ဟုတ်လား"
လီယွင်သည် တီတိုးရေရွတ်လိုက်မိ၏။ တော်ဝင်အင်ပါယာအဆင့်မှစတင်၍ ကောင်းကင်လျှို့ဝှက်အမှတ် အသုံးပြုရမှုသည် ဆတက်ထမ်းပိုး တိုးလာခဲ့သည်။ သုံးဆ နီးပါးခန့်ပင်။
"ဒါဆိုရင်လည်း အဆင့်မြင့်တင်လိုက်ရအောင်" လီယွင်က စိတ်ထဲမှ ပြောလိုက်၏။
[ဒင် …. ကောင်းကင်လျှို့ဝှက်အမှတ် ၆.၇ သန်းကို လျော့လိုက်၏။ လက်ခံသူ၏ ကျင့်ကြံခြင်း အဆင့်သည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်]
ဝုန်း ….။
လီယွင်၏ ခန္ဓာကိုယ်ထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံကျယ်ကြီးက ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်တံခါးကို ဖွင့်လှစ်လိုက်သလိုပင် များပြားလှသည် အော်ရာများသည် ၎င်းဆီသို့ ကျဆင်းလာ၏။ ဝတ်စုံသည် လေမတိုက်ဘဲ လှုပ်ခါလာပြီး တဖျောက်ဖျောက် အသံများပင် ထွက်ပေါ်လာ၏။
ခန္ဓာကိုယ်ဆီမှ အော်ရာများ ထွက်ပေါ်နေပြီး ၎င်း၏ အော်ရာများသည် ကြောက်မက်ဖွယ်ရာပင်။ လက်ရှိအချိန်မှာတော့ အရပ်ဆယ်မျက်နှာရှိ စကြာဝဠာ တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီး သည်လည်း တဝုန်းဝုန်း အသံများ မြည်လျက် ရှိနေသည်။ ခန့်မှန်း၍ မရအောင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်ကို ပိုင်ဆိုင်သော လူကို လောကကြီးသည် မည်သို့မှ မထမ်းပိုးနိုင်ပုံပင်။
လီယွင်သည် လှုပ်ရှားမှု ကင်မဲ့စွာဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ကြီးကျယ်မြင့်မြတ်လှသော အရှိန်အဝါများ သည် တည်နေရာတစ်ခုလုံးဆီသို့ လွင့်ပျံ့နေခဲ့၏။ ၎င်း၏ အော်ရာ ဖြတ်သန်းသွားသည့် လေဟာနယ် တစ်ခုလုံးသည် ကွဲအက်လျက် ရှိ၏။ လှုပ်ရှားမှု မပြုလုပ်ရသေးခင်မှာဘဲ လောကကြီးတစ်ခုလုံး အဆုံးသတ်ဆီသို့ ရောက်ရှိနေသည့်သကဲ့သို့ပင်။
သူသည်သာ လှုပ်ရှားတိုက်ခိုက်လိုက်ပါက ကောင်းကင်မူလလောကကြီး တစ်ခုလုံး ပျက်စီးသွားမှာ သေချာ၏။
"လောကကြီး တစ်ခုလုံးကို ဖျက်ဆီးဖို့ အစစ်အမှန်အင်မော်တယ်တစ်ယောက်ပဲ လုပ်နိုင်တယ်။ အင်း …. ဒီလိုမျိုးစကားတွေက တကယ့်အမှန်ကိုး"
လီယွင်သည် ၎င်း၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းအဆင့်ကို နားလည်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။ သူသာ ဆန္ဒရှိပါက ကောင်းကင်မူလလောကကြီးကို အချိန်မရွေး ကြယ်စင်စု အပျက်အစီးတစ်ခု အဖြစ်သို့ ပြောင်းလဲ ပစ်နိုင်၏။ တကယ်တမ်း တိုက်ခိုက်မည် ဆိုလျှင် ခရမ်းရောင် နက်နဲလောကကြီးကိုပင် အလွယ်တကူဖြင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
"ခရမ်းရောင် နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးကို ပေါင်းစပ်ပြီးတဲ့အခါမှာ ဘယ်လိုဖြစ်မလဲ သိချင်လိုက်တာ " လီယွင်က တီးတိုးရေရွတ်လိုက်၏။
လောကကြီးနှစ်ခု ပေါင်းစပ်ခြင်းသည် ရိုးရှင်းသည် မဟုတ်ချေ။ လောကနှစ်ခု ပေါင်းစပ်ပြီးနောက် စကြာဝဠာ နိယာမများသည် ပြောင်းလဲသွားပေလိမ့်မည်။ အစစ်အမှန် အင်မော်တယ်များပါ နေထိုင်နိုင်သည့် တည်နေရာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုသို့ တိုးတက်မလာပါက လောကနှစ်ခုကို ပေါင်းစပ်လိုက်ခြင်း သည် အလကားပင် ဖြစ်ပေလိမ့်မည်။
"စနစ် … တည်နေရာ လမ်းစဉ်ရဲ့ နတ်ဘုရား အတတ်ပညာကို ရှာဖွေလိုက်။ ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်းလောက်နဲ့ သင့်တော်တဲ့ အရာမျိုးပေါ့" လီယွင်သည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်၏။
ဤတစ်ကြိမ်မှာတော့ သူသည် လောကနှစ်ခုကို ညင်ညင်သာသာနှင့် ပေါင်းစပ်ချင်စိတ်ရှိ၏။ အကြမ်းပတမ်း မပြုလုပ်ချင်ပေ။ ထိုသို့ပြုလုပ်လိုက်ပါက အထဲတွင်ရှိနေသည့် သက်ရှိ သန်းနှင့်ချီ သေဆုံးနိုင်၏။ လောကကြီးနှစ်ခု အစစ်အမှန် ပေါင်းစပ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပဲ လောကကြီးနှစ်ခုသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရကုန်ပေလိမ့်မည်။
[ဒင် .. တည်နေရာလမ်းစဉ် နတ်ဘုရားအတတ်ပညာကို စုံစမ်းမှု အောင်မြင်သည်။
တည်နေရာ ဘိုးဘေးစုန်းကဝေ တိကျန်း၏ နတ်ဘုရား အတတ်ပညာ - ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်း၊
ကြယ်အသွင်ပြောင်းခြင်း (အပိုင်း ၁) ကောင်းကင်လျိုဝှက်အမှတ် သုံးသန်း၊
……
အချိန်နှင့်တည်နေရာ နိယာမ ( သိုင်းနတ်ဘုရားလောက) တန်ဖိုး ကောင်းကင်လျှို့ဝှက် အမှတ် သုံးသန်း ]
"အင်း နည်းနည်း ရွေးချယ်ရခက်တာပဲ" လီယွင်သည် စနစ်ထောက်ပံ့ပေးထားသည့် နည်းစနစ်များကို ကြည့်ရှုရင်း မျက်မှောင်ကုတ်မိနေ၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် စနစ်ရွေးချယ်ပေးခဲ့သည့် နည်းစနစ်များသည် လောကအသီးသီး၌ ထိပ်တန်းနည်းစနစ် သို့မဟုတ် နတ်ဘုရား အတတ်ပညာများ ဖြစ်လ၏။ အထူးသဖြင့် ကြယ်အသွင်ပြောင်းခြင်းပင် ဖြစ်သည်။
၎င်းသည် အဓိဇာတ်ကောင်တစ်ယောက် အဆင့်မြင့်တင်ထားသော နည်းစနစ်တစ်ခုသာလျှင် ဖြစ်၏။ တဆင့်ချင်းသာ အောင်မြင်အောင် လေ့လာနိုင်ပါက အနာဂတ်တွင် ကောင်းကင်ကိုပါ ဖွင့်လှစ်နိုင်ပေလိမ့်မည်။
လီယွင်သည် ထိုအရာကို လီမန်စကြာဝဠာ ဖွင့်ခြင်းဟု နာမည်ပေးလိုက်၏။ သူသည် ထိုအရာကိုသာ ကျွမ်းကျင်ပါက သူ၏လောကထဲတွင် ပြိုင်ဖက်ကင်း ဖြစ်လာပေလိမ့်မည်။
သို့ပေမဲ့ လောကကြီးတစ်ခု ဖန်းတီးခြင်းဆိုသည်မှာ သူ၏ ဦးစားပေး အရာမဟုတ်ချေ။ သူရောက်နေသည့် ခေတ်ကာလကြီး၌ လောကကြီးများသည် အတူတကွ ယှဉ်တွဲနေထိုင်နေကြပြီ ဖြစ်သောကြောင့် သူသည် ကြီးမားလွန်းသော လောကသစ်ကြီး တစ်ခုကို ဖန်တီးရန် လိုအပ်လိမ့်မည် မဟုတ်ချေ။
"အချိန်နှင့်တည်နေရာ နိယာမ" လီယွင်သည် အတွေးနက်နေမိသည်။
အချိန်နှင့်တည်နေရာ နိယာမဆိုသည်မှာ သိုင်းနတ်ဘုရားလောကမှ ဆင်းသက်လာခြင်း ဖြစ်ပြီး အချိန်နှင့် တည်နေရာ နတ်ဘုရား၏ နည်းစနစ်တစ်ခုသာလျှင် ဖြစ်၏။ ၎င်း၏ နည်းစနစ်များသည် ရိုးရှင်းလှပြီး တကယ့်ကို ထူးခြားလွန်းလှ၏။