အပိုင်း (၃၀၅)
Vol. 21 Ch. 305
“ကောင်းပြီ”
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက ခေါင်းညိတ်လိုက်၏။ သူသည် အခြားသောဘက်ခြမ်းကို လှမ်းကြည့်လိုက်၏။ ခြေထောက်ကိုမကာ ထွက်ခွာသွားရန် ပြင်လိုက်၏။
“ကျုပ်နဲ့မလိုက်ဘူးလား” အင်ပါယာတိုင်သည် တွေဝေသွားမိသည်။
“မလိုက်ဘူး”
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကောင်းကင်မူလလောကကြီး ထဲကို သွားဖို့ လမ်းက တစ်လမ်းတည်း ရှိတာမှ မဟုတ်တာ”
“ဟမ်” အင်ပါယာတိုင်သည် မျက်မှောင်ကုပ်သွား၏။ သူသိသလောက်ဆိုလျှင် မိုယွမ်၏လမ်း အပြင် ရှေးကောင်းကင်မြို့မှ နောက်ထပ် တစ်လမ်းသာလျှင်ရှိ၏။ သို့ပေမဲ့ ထိုလမ်းကို ကောင်းကင်မူလ လောကကြီးမှ အင်ပါယာတစ်ယောက်က တားဆီးထား၏။ မိုယွမ်နှင့်ပင် ထိုသူသည် တိုက်ခိုက်မှုမျိုး ရှိခဲ့ဖူးသည်။
ထိုလမ်းမှသွားခြင်း (သို့မဟုတ်) လက်ရှိလမ်းမှ သွားခြင်းသည် ထူးထွေပြီး ခြားနားသွားသည့် ကိစ္စမျိုး မဟုတ်ချေ။ ရှေးကောင်းကင်မြို့၏ လမ်းစဉ်မှလွဲ၍ နောက်ထပ် တည်နေရာလမ်းကြောင်းမှာ တစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။
ထိုတစ်ခုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဖွင့်လှစ်ခဲ့သည့် လမ်းကြောင်းသာလျှင် ဖြစ်၏။ အင်ပါယာတစ်ယောက် ပင်လျှင် အဆင်အခြင်မဲ့ ဝင်ရောက်သွားသည်နှင့် တစ်ခါတည်း သေဆုံးသွားနိုင်သည်။ ထိုလမ်းမှ ဖြတ်သန်းသွားခြင်းမှာ အသက်ကို အလောင်းအစား ပြုလုပ်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်၏။
“ခင်ဗျား တကယ်ပဲ နောက်ဆုံးလမ်းကို အသုံးပြုဖို့ ရည်ရွယ်နေတာလား” အင်ပါယာတိုင်သည် လေးနက် တည်ကြည်စွာ မေးလိုက်သည်။
“ဒါဆိုရင် ဘာလုပ်ရမှာလဲ”
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် တည်ငြိမ်စွာဖြင့် ပြန်လည်တုံ့ပြန် လိုက်၏။ သူ့အနေနှင့် ဤနှစ်ယောက်နှင့်အတူ လိုက်ပါမသွားချင်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်က ကြီးမားလွန်းလှ၏။ တူညီသည့်လမ်း တစ်ခုကို အတူတူ အသုံးပြု၍ ခရီးသွားလာခြင်းအားဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ အထင်အမြင် လွဲမှားမှုကို ခံရနိုင်၏။ ထို့ကြောင့် သူ့အနေနှင့် စွန့်စားမှု ပြုလုပ်ပြီး နန်းဆောင်သခင်နှင့် တွေ့ဆုံရရန် ကြိုးစားရပေလိမ့်မည်။
“ခင်ဗျား”
အင်ပါယာတိုင်သည် ထပ်မံကာပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ့အနေနှင့် ဆုံးအောင် မပြောလိုက်ရချေ။ အဘယ့်ကြောင့်ဆိုသော် လေထုထဲတွင် တရွှီးရွှီးနှင့် အသံများ ပေါ်ပေါက်လာခဲ့ သောကြောင့်ပင်။
၎င်းတို့၏ ရှေ့တွင်ရှိနေသည့် တည်နေရာကြီးတစ်ခုလုံးသည် ကွဲကြေလျက် ရှိနေ၏။ မှန်တစ်ခု၏ အစိတ်အပိုင်းများကဲ့သို့ပင် ကွဲကြေသွားခဲ့၏။ အရင်တုန်းကရှိခဲ့သည့် တည်နေရာ လမ်းကြောင်းကြီး တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ဖျက်ဆီးခံရလိုက်ရပြီး ဘာမှမရှိခဲ့သလိုပင် ပျောက်ကွယ်သွား၏။
“ဘာတွေဖြစ်ကုန်တာလဲ”
အင်ပါယာတိုင်သည် တုန်လှုပ်သွားခဲ့၏။ သူသည် ရှေ့တွင်ရှိနေသော ကွဲကြေလျက် ရှိနေသည့် တည်နေရာကြီး တစ်ခုလုံးကို ကြည့်ရှုနေမိ၏။ ရှေ့သို့ ခြေလှမ်းတစ်လှမ်းကို မြန်မြန် တက်ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို သေသေချာချာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံး ထဲတွင်တော့ တုန်လှုပ်မှုများသည် အထင်းသား ထင်ပေါ်လာခဲ့သည်။
ပြည့်စုံစွာ ဖန်တီးထားသည့် တည်နေရာလမ်းကြောင်းတစ်ခုသည် အဘယ့်ကြောင့် ပြိုလဲသွားရသနည်း။ တစ်စုံတစ်ယောက်က ပြုလုပ်လိုက်လေသည်လား။ ဖြစ်နိုင်ချေ မရှိပေ။ တစ်စုံတစ်ယောက် ဝင်ရောက် ဖျက်ဆီးလိုက်သည်ဆိုပါက အင်ပါယာနှစ်ယောက်အနေနှင့် သတိပြုမိသင့်၏။ မည်သူမျှ သတိမပြုမိသည်ဆိုလျှင် အဘယ်ကြောင့် ဤတည်နေရာ လမ်းကြောင်းကြီးက သူ့အလိုလို ချိုးဖြတ် သွားရသနည်း။
“ကျုပ်တို့လောကကြီးက လှုပ်ရှားနေတာပဲ”
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် စကားတစ်လုံးချင်း ပြောဆိုလိုက်၏။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ပြီးနောက် ခြေထောက်အောက်တွင် ရှိနေသော မြေကြီးကို ငုံ့ကြည့်လိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ်အသံနှင့် ပြောဆိုလိုက်၏။ “တကယ့်ကို ထူးခြားတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်တာ ဖြစ်ရမယ်၊ ကျုပ်တို့လောကကြီးကို သုတ်သင် ရှင်းလင်းပစ်ဖို့ စီစဉ်နေတာပဲ ဖြစ်နိုင်တယ်”
“ဘာ”
ချက်ချင်းဆိုသလိုပဲ အင်ပါယာတိုင်၏ မျက်နှာတစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွား၏။ ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာ ညွှန်းဆိုခဲ့သော ထူးခြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် ဆိုသည်ကို သူ စဉ်းစားကြည့်မိသည်။ အင်ပါယာတစ်ယောက် မဟုတ်နိုင်ပေ။ အလွန်ထူးခြားပါသည် ဆိုသော အစစ်အမှန် အင်မော်တယ်တစ်ယောက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်သည် အဘယ့်ကြောင့် ခရမ်းရောင်နက်နဲ လောကကြီးကို တိုက်ခိုက်ရသနည်း။
ကျင့်ကြံသူတိုင်းသည် ၎င်းတို့နေထိုင်ရသည့် လောကကြီးပေါ်တွင် အမှီအခိုပြုလျက် ရှိနေ၏။ ယခု ဖြစ်ပျက်နေသည့် အနေအထားမျိုးသည် တစ်ခြားသော လောကကြီးတစ်ခုနှင့် ပေါင်းစပ်နေသည့် အခြေအနေမျိုး ဖြစ်လို့နေသည်။ တစ်စုံတစ်ခု မှားယွင်းသွားသည်ဆိုပါက လောကကြီးနှစ်ခုလုံးသည် သုတ်သင်ရှင်းလင်း ဖျက်ဆီးခြင်းကို ခံရမှာ သေချာ၏။
လောကကြီးနှစ်ခုလုံးကို ပေါင်းစပ်လိုက်ခြင်းဆိုခြင်းမှာ သက်ရှိသတ္တဝါများအတွက် အလွန်ပင် ခက်ခဲလှသည့် အခြေအနေမျိုးပင်။ အင်ပါယာတစ်ယောက်ပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် အသက်ရှင် ရပ်တည်ရန် မလွယ်ကူလှချေ။
“သွားပြီပဲ”
အင်ပါယာတိုင်သည် ထိုစကားကို မနည်းဖြစ်ညှစ်ကာ ပြောဆိုလိုက်၏။ သူသည် အင်ပါယာ တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ သူ၏ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ သူသည် တကယ်ပင် စွမ်းအားကင်းမဲ့သလို ခံစားနေမိ၏။
......
မိုယွမ်၏ အင်ပါယာနန်းတော်ထဲမှာတော့ အင်ပါယာမိုယွမ်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မယုံကြည်နိုင်သလိုပင် ဖြူလျော်လျက် ရှိနေ၏။ သူသည် မနီးမဝေးတွင် ရှိနေသည့် တည်နေရာ လမ်းကြောင်းကြီးကို လှမ်းကြည့်လိုက်၏။ အင်ပါယာတိုင်ကဲ့သို့ပင် သူ၏ တည်နေရာ လမ်းကြောင်းကြီး တစ်ခုလုံးသည်လည်း ဖျက်ဆီးခြင်း ခံလိုက်ရသည်။
တကယ့်ကို ထူးခြားလွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ပင် ဖြစ်ပေလိမ့်မည်။ လောကကြီး တစ်ခုလုံးသည် ရွေ့လျားနေ၏။ မူလတည်နေရာ လမ်းကြောင်းများ အားလုံးတို့သည် မတည်မငြိမ် ဖြစ်နေသောကြောင့် အသုံးပြု၍ မရတော့ချေ။ ဤရှုပ်ထွေးလှသည့် တည်နေရာ အခြေအနေကြီးသည် တခြားသော အင်ပါယာနှစ်ယောက်တို့ကို မသက်ရောက်ဘူးဆိုလျှင်တောင်မှ သူ့ကိုတော့ ကောင်းကောင်း ဒုက္ခရောက်စေခဲ့၏။
သူ၏ အဖွဲ့သား တော်တော်များများတို့သည် ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည်။ သူ၏ ကာကွယ်ပေးမှုသာ မရှိပါက တစ်ဖက်လောကသို့ ရောက်ရှိသွားသော သူ၏ အဖွဲ့သားများသည် ဆိုးရွားသည့် အရာများကို ခံစားရမှာ သေချာ၏။ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် အသက်ရှင်သန်သူဟူ၍ပင် မရှိသလောက် ဖြစ်ပေလိမ့်မည်။
တည်နေရာ လမ်းကြောင်းကြီးတစ်ခု ပြန်လည် ဖွင့်လှစ်ဖို့ဆိုသည်မှာ အလွန်ပဲ ခက်ခဲလွန်းလှချေ၏။ ခရမ်းရောင်နက်နဲလောကကြီးအနေနှင့် တကယ့်ကို ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းတစ်ခုဆီသို့ ရောက်ရှိသွားမလား ဆိုသည်က မသေချာသေးချေ။ ကောင်းကင်မူလလောကကြီးနှင့် နီးစပ်သည်လား။ ဝေးကွာသည့် တည်နေရာကို ရောက်ရှိသွားမလား ဆိုသည်ကိုလည်း မသိပေ။
“ဘာလို့ ဒီလိုမျိုးဖြစ်ရတာလဲ” အင်ပါယာမိုယွမ်သည် တီးတိုးရေရွတ်လိုက်မိ၏။
.......
ခရမ်းရောင်နက်နဲလောကကြီး၏ တည်နေရာ တစ်ခုတွင်တော့ တည်နေရာအက်ကွဲကြောင်းဆီမှ ရေတွက်၍ မရအောင် များပြားလှသည့် သက်ရှိများ ထွက်ပေါ်လာခဲ့ကြ၏၊ ထိုသူများထဲတွင် မြေအင်မော်တယ်လောကမှ ပါရမီရှင်များ ပါဝင်ကြပြီး တချို့မှာ ဟိတ်ကြီးဟန်ကြီးနှင့် ကြီးမားလွန်းလှသည့် အရှိန်များကို ထုတ်ဖော်ပြသလျက် ရှိသည်။
တချို့သည် သာမန်ထက် ပိုကာ တောင့်တင်းသည့် ခန္ဓာကိုယ်သွင်ပြင်မျိုးရှိပြီး တချို့မှာတော့ နတ်သမီးကဲ့သို့ လှပလှသည့် ခန္ဓာကိုယ်၊ ရုပ်ရည်သွင်ပြင်နှင့် နတ်သားကဲ့သို့ ချောမောလှသည့် ရုပ်ရည်သွင်ပြင်များကို ပိုင်ဆိုင်ကြသည်။
မြေအင်မော်တယ်လောကထဲတွင် ဖန်းကလန် ဖျက်ဆီးခံရခြင်းသည် မိသားစုထဲတွင် ရှိနေသည့် လျှို့ဝှက်ချက်များကို ဖွင့်ဟသလို ဖြစ်စေခဲ့၏။ ထို့ကြောင့် ဖန်းကလန်ရဲ့ဘိုးဘေးသည် ခရမ်းရောင်နက်နဲလောကကြီးတွင် အမွေအနှစ်များကို ချန်ထားခဲ့ကြောင်း အားလုံးသော သူတို့က သိရှိခဲ့ကြပြီး ဖြစ်၏။
မတူညီသည့် ဂိုဏ်းအသီးသီးဆီမှ ရောက်ရှိလာခဲ့သည့်သူများသည် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်ကို ရရှိရန်အတွက် ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်၏။ သူတို့၏ မျက်လုံးထဲတွင် ခရမ်းရောင်နက်နဲလောကကြီး ဆိုသည်မှာ လေ့ကျင့်ရေး တည်နေရာတစ်ခုကဲ့သို့ပင် ဖြစ်လေ၏။ ခရမ်းရောင် နက်နဲ လောကြီးထဲတွင် နေထိုင်ကြသော သက်ရှိသတ္တဝါများကို ရင်ဆိုင်ဖို့ကို သူတို့သည် အနည်းငယ်လေးမျှပင် စိုးရိမ်ပူပန်မှု မရှိကြချေ။
“ဒါက ခရမ်းရောင်နက်နဲလောကကြီးလား”
အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေသော နတ်ဘုရားသားရဲကြီးပေါ်တွင် ထိုင်နေ၏။ ၎င်းသည် အထင်အမြင်သေးစွာဖြင့် မှတ်ချက် ပြုလိုက်၏။ “တကယ်ပဲ စိတ်ဝိညာဉ်စွမ်းအင်တွေ နည်းပါးတဲ့ အဆင့်နိမ့်လောက တစ်ခုပဲ။ ထူးခြားတဲ့ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် မွေးဖွားလာဖို့ ဆိုတာ ဒီလောကကြီးမှာ ဖြစ်နိုင်မှာ မဟုတ်ဘူး”
“တာအိုရောင်းရင်း… ဖန်းကလန်ရဲ့ဘိုးဘေးက မြေအင်မော်တယ်လောကထဲကို ရောက်မလာခင်တုန်းက ဘာမှမဟုတ်ဘူး။ ကျုပ်တို့လောကထဲကို ဝင်ပြီးမှသာ အဆင့်ချိုးဖြတ်မှုကို ပြုလုပ်နိုင်ခဲ့တာ” ကျောက်စိမ်းကဲ့သို့ မျက်နှာသွင်ပြင်နှင့် လူတစ်ယောက် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များက အထင်းသား ပေါ်ပေါက်နေသည်။
“ကျုပ်သိတယ်” အဝါရောင်ဝတ်စုံနှင့်လူသည် အသာခေါင်းညိတ်ကာ ပြောလိုက်၏။
“အင်း ရေကန်ငယ်လေးထဲမှာ ဘယ်လိုလုပ်ပြီး အင်မော်တယ်တွေ ပေါ်နိုင်မှာလဲ။ ဒီလိုလောကကြီးမှာ အင်မော်တယ်တစ်ယာက်ရဲ့ အမွေအနှစ်တွေ ရှိနေတယ်ဆိုတာ ထိုက်တန်တဲ့အရာမျိုး မဟုတ်ဘူး”
“တာအိုရောင်းရင်း... ခင်ဗျားစကားက တကယ့်ကို မှန်တယ်”
.....
လူပေါင်းများစွာတို့ ပြောဆိုဆွေးနွေးလျက် ရှိနေတုန်းမှာပဲ တချို့သောသူများသည် လေထုထဲသို့ ဆင်းသက်လာ၏။ တချို့သည် ထွက်ခွာသွားရန် ပြင်လျက်ရှိနေပြီး တချို့သည် ခရမ်းရောင်နက်နဲ လောကကြီးတွင် ရှိနေသည့် သတင်းအချက်အလက်များကို စုံစမ်းရန် ပြင်နေ၏။
သို့ပေမဲ့ သူတို့ မထွက်ခွာခင်မှာပဲ မိုးခြိမ်းသံကဲ့သို့ အသံကြီးထွက်ပေါ်လာ၏။ ပြီးနောက် သူတို့၏ နောက်ဘက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကြီးတစ်ခုလုံးသည် ပေါက်ကွဲထွက်သွားလေသည်။