← Chapters

အပိုင်း (၃၀၆)

Vol. 21 Ch. 306

အပိုင်း (၃၀၆)

Vol. 21 Ch. 306

“ဘာတွေ ဖြစ်ကုန်တာလဲ”

“ဘာဖြစ်တာလဲ”

“ကျုပ်တို့လာတဲ့ တည်နေရာလမ်းကြောင်းက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ တစ်စုံတစ်ယောက်က မြေအင်မော်တယ်လောကကို ပြန်မယ့် ကျုပ်တို့လမ်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်တာလား”

“တည်နေရာလမ်းကြောင်း မရှိရင် ကျုပ်တို့ ဘယ်လိုပြန်ရတော့မလဲ။ ခရမ်းရောင်နက်နဲလောကကြီးထဲမှာ ကျုပ်တို့ သေရတော့မှာလား”

..............

သူတို့၏ နောက်ဘက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကြီး တစ်ခုလုံး ပျောက်ကွယ်သွားသည်ကို မြင်ရသည့် အချိန်မှာတော့ လူပေါင်းများစွာတို့၏ အမူအရာသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ မြေအင်မော်တယ်လောကကြီးသည် သူတို့၏ ဂုဏ်ယူဝံ့ကြွားလောက်စရာ အရင်းအမြစ်ကြီးပင်ဖြစ်၏။ ထိုနေရာသို့ ပြန်ဖို့လမ်း မရှိသည်ဆိုပါက သူတို့အနေနှင့် ပြန်၍ ရနိုင်တော့မည် မဟုတ်ချေ။

ခရမ်းရောင်နက်နဲလောကကြီးမှ လူများနှင့် ထူးမခြားနားသလို ဖြစ်သွားပေလိမ့်မည်။ တခြားသော မတူညီသည့် လောကအသီးသီးတို့၌ ၎င်းတို့ ပြုမူဆက်ဆံခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် သူတို့သည် ခရမ်းရောင်နက်နဲလောကကြီး အတွင်း၌ ကြုံရမည့် ၎င်းတို့၏ ကံကြမ္မာကို သိရှိပြီး ဖြစ်နေကြ၏။

“မစိုးရိမ်နဲ့။ တည်နေရာလမ်းကြောင်းကို ဖန်တီးတဲ့လူက ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ တည်‌ထောင်သူလေ။ သူက တကယ့်ကို အစစ်အမှန် အင်မော်တယ် တစ်ယောက်ပဲ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ တည်နေရာလမ်းကြောင်းတစ်ခုကို ပြန်ပြီးဖွင့်ဖို့ဆိုတာ လွယ်လွယ်လေး ဖြစ်လိမ့်မယ်”

လူတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် အားလုံး စိတ်သက်ရာရအောင် ထိုစကားကို ပြောလိုက်သည်။

ထိုစကားကို ကြားရသည့်အချိန်မှာတော့ လူတချို့သည် စတင်ကာ စိတ်တည်ငြိမ်လာခဲ့၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက်သည် သူတို့ တွေးထင်ထားသည်ထက် ပိုမိုကာ ထူးခြားလွန်းလှသည့် နည်းလမ်းများကို ပိုင်ဆိုင်၏။ တည်နေရာလမ်းကြောင်းတစ်ခုသည် ချက်ချင်းဆိုသလိုပဲ ပေါ်လျှင် ပေါ်လာနိုင်၏။ ထို့အပြင် ကျောက်စိမ်း လေဟာနယ်နန်းတော်သည် တတိယမျိုးဆက် တပည့်များကို ခေါ်ဆောင်လာ၏။ ၎င်းတို့ အားလုံးသည် ခရမ်းရောင်နက်နဲလောကကြီး၏ အတွင်းဘက်ပိုင်းသို့ပင် ရောက်ရှိနေကြပြီဖြစ်၏။

“ကောင်းပြီ။ ကောင်းပြီ... ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ တည်ထောင်သူက တစ်စုံတစ်ခု လွဲမှားတာကို အာရုံခံမိလိမ့်မယ်။ သူက တည်နေရာလမ်းကြောင်းကို ချက်ချင်းပြန်ဖွင့်နိုင်ဖို့ ကြိုးစားရင် ကြိုးစားပေးနေလိမ့်မယ်” တစ်စုံတစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ထကာ အော်ဟစ်လိုက်သည်။

“ဒီကိစ္စက အဲလောက် မရိုးရှင်းလောက်ဘူး။ ခရမ်းရောင်နက်နဲလောကကြီးက ရှုပ်ထွေးလှတဲ့ တည်နေရာတစ်ခုကို ရွေ့လျားသွားနေသလိုပဲလေ။ အစစ်အမှန် အင်မော်တယ်တစ်ယောက်တောင်မှ ဒီလိုမျိုး အဆုံးအစမဲ့ ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ ခရမ်းရောင်နက်နဲလောကကြီးကို ရှာဖွေဖို့အတွက် အချိန်အတော်ကြာကြာ ကြာလိမ့်မယ်” လွင့်မျောတိမ်တောင်မှ တော်ဝင်အင်ပါယာတစ်ယောက်သည် ထူးမခြားနားသလို ပြောဆိုလိုက်၏။

သူသည် အောက်တွင် ရှိနေသည့် လူပေါင်းများစွာတို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “အစစ်အမှန်အင်မော်တယ် တစ်ယောက်က ဒီကိစ္စကို လုပ်ခဲ့တယ်လို့ ကျုပ် သံသယဝင်မိတယ်။ အဲလိုဆိုရင် ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတောင်မှ အချိန်အတိုင်းအတာ တစ်ခုအတွင်း အကူအညီ မဲ့နေလိမ့်မယ်”

ထိုစကားကို ပြောဆိုပြီးသည့်နောက် လွင့်မျောတိမ်တောင်၏ အင်ပါယာသည် သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်၏။ သူ၏ လူများကို စိတ်ဝိညာဉ် လက်ကြီးတစ်ဖက်နှင့် အသာမပြီး ခရမ်းရောင်နက်နဲ လောကကြီး၏ အတွင်းဘက်ဆီသို့ စတင်ကာ ခေါ်ဆောင်သွားခဲ့၏။

ထွက်ခွာသွားခဲ့ပြီးသည့်နောက် အေးစက်သည့် အသံတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာသည်။ “ကိုယ့်ကံကြမ္မာကို ကိုယ်ရှာဖွေကြ”

“ဒါ.. ဒါ ..... လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာ ဘာကိုဆိုလိုတာလဲ”

ကွာစီအင်ပါယာ တစ်ယောက်သည် လေးနက် တည်ကြည်စွာဖြင့် ကြည့်လိုက်၏။ သူသည် လွင့်မျောတိမ်တောင်အင်ပါယာ ထွက်ခွာသွားရာတည်နေရာ ဆီသို့ လှမ်းကာကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်၏။ “သူပြောချင်တာက ခရမ်းရောင်နက်နဲလောကကြီးက ရှုပ်ထွေးလှတဲ့ တည်နေရာတစ်ခုဆီ သွားနေတယ်လို့ ဆိုလိုတာလား”

“အင်း... သူပြောသလိုဆိုရင် ခရမ်းရောင်နက်နဲလောကကြီးက ရှုပ်ထွေးတဲ့ တည်နေရာတစ်ခုထဲကို ရောက်ရှိသွားတဲ့ပုံပဲ” တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ သုံးသပ်လိုက်သည်။

၎င်းကို ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းသည့် ဟန်ပန်မျိုး ဖြစ်တည်လို့နေ၏။ ဘာအကြောင်းအရင်းမှ မရှိဘဲနှင့် တည်နေရာကြီးတစ်ခုသည် အဘယ်ကြောင့် ရွေ့လျားသွားရသနည်း။

“ဖြစ်နိုင်တာက ခရမ်းရောင်နက်နဲလောကကြီးထဲမှာ အစစ်အမှန် အင်မော်တယ်တွေ ရှိနေတာလား” အဘိုးအို တစ်ယောက်သည် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။

အင်ပါယာများသည် နှစ်သန်းနှင့်ချီကာ နေထိုင်နိုင်စွမ်း ရှိနေ၏။ အစစ်အမှန် အင်ပါယာများ ဖြစ်သည်ဆိုပါက ၎င်းတို့အားလုံးသည် ရှေးယခင်ကတည်းမှ ယခုအချိန်ထိ အသက်ရှင်သန်ကောင်း ရှင်သန်နေနိုင်၏။ ထိုကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ပါဝင်လာသည်ဆိုပါက လောကကြီးတစ်ခုလုံးအား တည်နေရာ ရွေ့ပြောင်းဖို့ဆိုတာ တကယ်ပင် ဖြစ်နိုင်သည်။

သို့ပေမဲ့ မေးခွန်းတစ်ခု ရှိနေသည်မှာ ဤကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူများသည် မည်သည့် ရည်ရွယ်ချက်ကြောင့် ဝင်ရောက်ကာ လှုပ်ရှားရသနည်း။

ခရမ်းရောင်နက်နဲလောကဆီသို့ မြေအင်မော်တယ်လောကမှ လူများ ဝင်ရောက်လာမည်ကို တားဆီးချင်သောကြောင့်လား။ အဓိပ္ပာယ်မရှိလှချေ။

အစစ်အမှန် အင်မော်တယ်များသည် မြေအင်မော်တယ်လောကဆီသို့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်စွမ်း ရှိနေ၏။ ထို့အပြင် ခရမ်းရောင်နက်နဲလောကထဲတွင် ရှိနေသည့် သက်ရှိမျိုးရင်းများကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ လောကကြီး တစ်ခုလုံးကို ဒုက္ခရောက်စေရန်အတွက် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းဆီသို့ အဘယ်ကြောင့် ဒုက္ခခံကာ ပို့ဆောင်နေမည်နည်း။

“ခရမ်းရောင်နက်နဲလောကကြီးက ကျုပ်တို့ထင်သလို ရိုးရှင်းတာ မဟုတ်ဘူးလို့ ထင်တယ်”

လူငယ်မျိုးဆက်များကို စောင့်ရှောက်ရန် လိုက်ပါလာခဲ့သည့် အစောင့်အရှောက် တချို့သည် ပထမဦးဆုံးအကြိမ်အဖြစ် အမူအရာများ လေးနက်သွားခဲ့ကြသည်။ ၎င်းတို့သည် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာခဲ့ပြီးသည့်နောက် အကူအညီကင်းမဲ့သလို ခံစားနေမိ၏။

ခရမ်းရောင်နက်နဲလောကကြီး၏ လွှမ်းမိုးမှုကို မကြောက်ရသည် ဆိုသော်လည်း ၎င်းတို့အနေဖြင့် မည်ကဲ့သို့ အသက်ရှင်ရမည်ဆိုသည်ကို အဖြေရှာမရနိုင်သလိုပင် ဖြစ်နေ၏။ သို့ပေမဲ့ ဤတစ်ကြိမ် ရောက်ရှိလာသည့် လူများသည် တစ်ဦးတစ်ယောက်ချင်း အနေဖြင့် အားနည်းလှသည့်လူများ မဟုတ်ပေ။ အစောင့်အရှောက် တစ်ယောက်ချင်းစီတိုင်းသည် အနည်းဆုံး တော်ဝင်သူတော်စင် အဆင့်တွင် ရှိနေပြီး အကာအကွယ် ကောင်းကောင်းကို ဖန်တီးပြုလုပ်နိုင်စွမ်း ရှိကြသည်။

ခရမ်းရောင်နက်နဲလောကကြီးအနေဖြင့် ၎င်းတို့ကို လွယ်လွယ်ကူကူ ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် တည်နေရာလမ်းကြောင်းသည် မည်သည့်နေရာတွင် ဖွင့်မည်ဆိုသည်ကို မည်သူကမှ တိတိကျကျ အာမ မခံနိုင်ပေ။

............

ကောင်းကင်မူလလောကကြီး၌ အောင်းရွှမ်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားဆဲဖြစ်ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်း ရှိနေသည့် အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒကို ထုတ်ဖော်လျက် ရှိနေ၏။ သူ၏ မျက်လုံးများသည် တည်နေရာ အနှံ့ကို ဝေ့ဝဲကာ ကြည့်ရှုပြီးသည့်နောက် အရာအားလုံးကို အထင်အမြင်သေးသလိုပင် ကြည့်ရှုနေ၏။

သူသည် ခရမ်းရောင်နက်နဲလောကကြီး၏ အင်ပါယာနှစ်ယောက်ကို ရင်ဆိုင်ခဲ့၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်တည်လာပြီး တည်နေရာလမ်းကြောင်း တစ်ခုလုံး ပျောက်ကွယ် သွားခဲ့၏။ လေဟာနယ်တစ်ခုလုံး တွန့်လိမ်ပြီးသည့်နောက် ကောင်းကင်တာအို၏ စိတ်ဆန္ဒကို လွှမ်းခြုံသွားခဲ့သည်။

မူလတည်နေရာလမ်းကြောင်းကြီး တစ်ခုလုံးသည်လည်း ပျက်စီးသွားခဲ့၏။ လေဟာနယ်ထဲတွင် တရိပ်ရိပ်လှိုင်းများ ဖြစ်တည်လာခဲ့ပြီး အရှေ့တွင် ရှိနေသည့် အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ ခရမ်းရောင်နက်နဲ လောကကြီးမှ အင်ပါယာနှစ်ယောက်သည် ကောင်းကင်မူလလောကကြီးနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

အောင်းရွှမ်၏ အမူအရာသည် ထူးဆန်းသလို ဖြစ်လာခဲ့၏။ တည်နေရာလမ်းကြောင်း တစ်ခုလုံး ပျက်စီးသွားခဲ့၏။ သို့ပေမဲ့ သူ ဘာမှ မလုပ်ခဲ့ရချေ။ ခရမ်းရောင်နက်နဲလောကကြီးဆီမှ အင်ပါယာ နှစ်ယောက်သည် ဤနေရာကို မလာနိုင်မှန်း သိသောကြောင့် သူ့တို့ဘာသာ သူတို့ တည်နေရာလမ်းကြောင်းကို ဖျက်ဆီးပစ်ပြီး တခြားသော တည်နေရာလမ်းကြောင်းတစ်ခုကို ဖန်တီးမည်လား။

“ဟင်း... စဉ်းစားလို့ မရတော့ဘူး” အောင်းရွှမ်က တီးတိုး ရေရွတ်လိုက်၏။ သူသည် အောက်တွင်ရှိနေသည့် သက်ရှိသတ္တဝါပေါင်းများစွာကို လှမ်းကြည့်ပြီး လက်ကို ယမ်းခါလိုက်သည်။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။

“ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာနှစ်ယောက်က အရမ်းကို အားကောင်းတယ်။ ဒါပေမဲ့ ဒီအင်ပါယာကို ယှဉ်ပြိုင်နိုင်ဖို့တော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ အခု လေဟာနယ်ထဲကို ကျုပ်ရဲ့နတ်ဘုရား အသိအမြင်နဲ့ တိုက်ခိုက်လိုက်တဲ့အချိန်မှာ ကျုပ် အသာစီးရယူနေပြီး သူတို့ရဲ့ တည်နေရာ လမ်းကြောင်းတစ်ခုလုံးကို အလုံးစုံ ဖျက်ဆီးပစ်လိုက်ပြီ။

တည်နေရာလမ်းကြောင်းက ဒီအင်ပါယာရဲ့ ဖျက်ဆီးခြင်းကို ခံရတယ်ဆိုပေမဲ့ အဲဒီအင်ပါယာနှစ်ယောက်ကတော့ အသက်ရှင်နေသေးတယ်။ သူတို့ အနာဂတ်မှာ ပြန်လာနိုင်ဖို့ ရှိသေးတယ်။ ဒီတော့ ဂရုမစိုက်ဘဲ မနေကြနဲ့။ တခြားလောကက ကျူးကျော်သူတွေ ရှိတယ်ဆိုရင် ဒီလောကထဲမှာရှိတဲ့ လူတွေအကုန်လုံးက စုစုစည်းစည်းနဲ့ ပြင်ပက ရန်သူတွေ အကုန်လုံးကို ခုခံတိုက်ခိုက်ရမယ်”

“ကျုပ်တို့ နဂါးအင်ပါယာရဲ့ အမိန့်ကို လိုက်နာပါ့မယ်”

“ကျုပ်တို့ နဂါးအင်ပါယာရဲ့ အမိန့်ကို လိုက်နာပါ့မယ်”

“ကျုပ်တို့ နဂါးအင်ပါယာရဲ့ အမိန့်ကို လိုက်နာပါ့မယ်”

All Chapters