← Chapters

အပိုင်း (၃၀၈)

Vol. 21 Ch. 308

အပိုင်း (၃၀၈)

Vol. 21 Ch. 308

“လောကကြီးနှစ်ခု ပေါင်းစပ်ပြီးတဲ့နောက်မှာ အင်ပါယာအဆင့်ဆိုတာက ခင်ဗျားအတွက် အကန့်အသတ် မဟုတ်တော့ဘူး။ ခင်ဗျားအနေနဲ့ ဒီထက်ဝေးဝေးကို သွားနိုင်စွမ်းရှိတယ်။ ခင်ဗျား အရည်အချင်းနဲ့ဆိုရင် ဒီလောကကြီးထဲမှာ ရှိနေတဲ့ အကန့်အသတ်ကို ချိုးဖောက်နိုင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အခု ချိုးဖောက်နိုင်ဖို့ လွယ်ကူသွားပြီ မဟုတ်လား” လီယွင်သည် တည်ငြိမ်စွာ ရှင်းပြလိုက်၏။

လောကကြီး၏ အကန့်အသတ်ဆိုသည်မှာ လောကတိုင်း၊ လောကတိုင်းတွင် ရှိနေသည့် အရာပင်ဖြစ်၏။ ကောင်းကင်တာအို၏ တားဆီးမှုကို ခံထားရသည်ဖြစ်သောကြောင့် အလွန်စွမ်းအားမြင့်လှသည့် ကျင့်ကြံသူများ သည် အဆင့်နိမ့်လောကထဲတွင် ပေါ်ပေါက်လာခြင်းဆိုသည်မှာ ကောင်းမွန်သည့်အရာ မဟုတ်ချေ။ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့်ပင်လျှင် ကောင်းကင်တာအိုသည် သူ့နေရာနှင့်သူ ဝင်ဆံ့နိုင်သည့် ကျင့်ကြံသူများအဖြစ်သာ ကန့်သတ်ထားခြင်းဖြစ်သည်။ အတိတ်တုန်းက ကောင်းကင်မူလလောကကြီးသည် တော်ဝင်အင်ပါယာထိပ်ဆုံး အဆင့်ကိုသာ လက်ခံထားနိုင်၏။ ယခုအချိန်တွင် ကောင်းကင်တာအို၏ အကန့်အသတ်ကို ချိုးဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

မုန့်ရှင်းကျီသည် ကြင်နာတတ်သည့် နှလုံးသားကို ပိုင်ဆိုင်တတ်သူတစ်ယောက် မဟုတ်ပေ။ ကောင်းကင်တာအို၏ အကန့်အသတ်ကို ချိုးဖြတ်နိုင်သည့် ပါရမီမျိုး မရှိဘူးဟုလည်း ကိုယ့်ကိုယ်ကိုယ် သိရှိပြီးဖြစ်၏။ အဆင့်ချိုးဖြတ် နိုင်ရန်အတွက် ရှေးအင်ပါယာရွှမ်မို၏ လမ်းစဉ်အတိုင်း မြေအင်မော်တယ်လောကထဲသို့ ဝင်ရောက်မှသာလျှင် အဆင့် ချိုးဖြတ်နိုင်မှာဖြစ်သည်။ သို့ပေမဲ့ ဤနည်းလမ်းမှာ တကယ်ပင် ခက်ထန်ကြမ်းတမ်းလွန်းလှ၏။

မြေအင်မော်တယ်လောကကဲ့သို့သော လောကတစ်ခုကို ရှာဖွေရန် ဆိုသည်မှာ တိကျသေချာလှသည့် အရာမျိုး မဟုတ်ချေ။ ရှာဖွေတွေ့ရှိသွားသည်ဆိုလျှင်တောင်မှ ၎င်း၏ သဘောသဘာဝသည် ဘာဖြစ်မည်မှန်း သေသေချာချာ မသိရှိနိုင်ပေ။

သွေးနတ်ဆိုးလောကကဲ့သို့သော အားနည်းလှသည့် လောကမျိုးနှင့် တွေ့ဆုံနိုင်သလို တခြားသော ကြောက်မက်ဖွယ်ရာကောင်းလှသည့် လောကကြီးများနှင့် တွေ့ဆုံနိုင်စွမ်း ရှိနေ၏။ ထို့အပြင် လူသားမျိုးနွယ်များ မရှိသည့် လောကကြီးထဲသို့ ရောက်ရှိသွားမည်ဆိုပါက သက်ရှိသတ္တဝါအားလုံး၏ အမဲလိုက် သတ်ဖြတ်ခြင်းကို ခံရမှာဖြစ်၏။

ထို့ကြောင့်ပင်လျှင် မြေအင်မော်တယ်လောကကြီးကို ရှာဖွေတွေ့ရှိခဲ့သည့် အင်ပါယာရွှမ်မိုသည် တကယ့်ကို ကံကောင်းသည့် လူတစ်ယောက်ဟု ပြောဆိုရမှာဖြစ်၏။ သို့ပေမဲ့ ၎င်း၏ အဓိကဇာတ်ဆောင်ကဲ့သို့သော အရှိန်အဝါနှင့် အော်ရာများ အားလုံးသည် မြေအင်မော်တယ်လောကဆီသို့ ရောက်ရှိသည့် အချိန်မှာတော့ ကုန်ခမ်းသွားခဲ့လေ၏။ ၎င်းသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်နှင့် တိုက်ခိုက်ပြီးသည့်နောက် တကယ်ပင် သေဆုံးခဲ့သည်။

“ဒီထက် ခပ်ဝေးဝေးကို သွားနိုင်အုံးမှာလား”

မုန့်ရှင်းကျီ၏ မျက်လုံးများသည် မျှော်လင့်ချက်များနှင့် တောက်ပလာ ခဲ့၏။ ကောင်းမွန်သည့်အရာပင်ဖြစ်၏။ ကောင်းကင်မူလလောကကြီးသည် ခရမ်းရောင်နက်နဲလောက၏ ကျူးကျော်မှုကို ခံရသည့်အချိန်လည်း ဖြစ်နေ၏။

“စီနီယာ... အခုအချိန်မှာ မြေအင်မော်တယ်လောကကလူတွေ လောကကို ဖြတ်သန်းရောက်ရှိလာရင် ဘယ်လိုလုပ် မလဲ” မုန့်ရှင်းကျီက စုံစမ်းလိုက်သည်။

မြေအင်မော်တယ်လောကဆီမှ လူများသည် ရိုးသားလှသည့်လူများ ဟုတ်ပုံ မပေါ်ပေ။ ခရမ်းရောင်နက်နဲ လောကကြီးဆီမှ အင်ပါယာသုံးယောက်တို့ကို ရင်ဆိုင်ရင်းနှင့် ကောင်းကင်မူလ လောကကြီးသည် အလုပ်များလျက် ရှိနေ၏။ ထို့အပြင် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာသည့် လူများသည် ကျင့်ကြံခြင်း အဆင့်၌ အားနည်းလှသည့်လူများ မဟုတ်မှာ သေချာ၏။

“အင်း... ခင်ဗျား တကယ့်ကို စိတ်ဝင်စားနေတာလား” လီယွင်သည် တစ်ချက်လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည်။

သို့ပေမဲ့ မုန့်ရှင်းကျီသည် ချက်ချင်းပဲ ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “တကယ်တော့ ကျုပ်ဆီမှာ ဘာမှ မကျန်တော့ဘူး”

“အင်း.. ဒီလိုဆိုလို့ရှိရင် ဘာမှလုပ်လို့ မရတော့ဘူး”

လီယွင်သည် တံခါးဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “ခင်ဗျား အရင်းအမြစ်တွေ ရှိတဲ့အချိန်ကျရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ပြန်လာခဲ့”

“ကျုပ်”

မုန့်ရှင်းကျီသည် ပါးစပ်ကို ဟလိုက်၏။ ပြီးနောက် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။ အရေးကြီး သည့် တစ်စုံတစ်ခုကို သူက နားလည်သွား၏။ စီနီယာ ပြောဆိုသလိုပင် ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့သည် ပေါင်းစပ်သွားခဲ့ပြီဖြစ်၏။ ထို့သို့ဆိုလျှင် တည်နေရာလမ်းကြောင်း တစ်ခုလုံးသည် တားဆီးပိတ်ပင်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောက ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ပြန်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

ဤအရာသည် အခွင့်အရေးတစ်ခုသာလျှင် ဖြစ်၏။ မြေအင်မော်တယ်လောက၏ အားအင်အဆင့်သည် ခန့်မှန်း၍ မရအောင် အားကောင်းလှ၏။ ၎င်းတို့၏ နောက်ခံသည် အစစ်အမှန် အင်မော်တယ်များ တည်ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့ လောကကြီးနှစ်ခုအကြား ပေါင်းစပ်လိုက်သည့် အခြေအနေမျိုးတွင် အစစ်အမှန် အင်မော်တယ်များသည် ဝင်ရောက်လှုပ်ရှား၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဘာကို ကြောက်ရွံ့နေရမည်နည်း။ လူအနည်းငယ်ကို သတ်လိုက်ခြင်းအားဖြင့် သူသည် ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်မှာ သေချာ၏။

တွေးကြည့်ပြီးသည့်နောက် မုန့်ရှင်းကျီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လှုပ်ခါသွားခဲ့၏။ သူသည် ချက်ချင်းပဲ ခန္ဓာကိုယ်ကို လှည့်၍ လီယွင်ကို ဦးညွတ်လိုက်သည်။ “ဂျူနီယာ သွားလိုက်ပါအုံးမယ် စီနီယာ”

ပြီးသည့်နောက် သူသည် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ဦးတည်ကာ ပြေးလေ၏။

..........

ဤအတောအတွင်း ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့၏ အစပ်ကြား တည်နေရာတွင် အောင်းရွှမ်နှင့် အင်ပါယာမိုယွမ်တို့၏ကြား ပြင်းထန်လှသည့် တိုက်ပွဲတစ်ခု ဖြစ်တည်လျက်ရှိနေ၏။ နှစ်ဦးလုံးသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို ချက်ချင်းပဲ အာရုံခံမိပြီးသည့်နောက် မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာကာ တိုက်ခိုက်နေကြခြင်းပင်။

အတိတ်တုန်းက ၎င်းတို့သည် တည်နေရာလမ်းကြောင်းကို ဖြတ်သန်းကာ တိုက်ခိုက်ရသည် ဖြစ်သောကြောင့် အင်ပြည့်အားပြည့် မတိုက်ခိုက်နိုင်ခဲ့ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အရာအားလုံး ခြားနားသွားခဲ့ပြီ ဖြစ်၏။ တည်နေရာလမ်းကြောင်း မရှိသည်ဖြစ်သောကြောင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်လို့ ရနေ၏။ သူတို့သည် စကားလုံးများနှင့် တိုက်ခိုက်မှုကို ရှောင်ရှားပြီးသည့်နောက် ခန္ဓာကိုယ်ချင်း တကယ်ပင် တိုက်ခိုက်လျက် ရှိနေ၏။

ယခုအခြေအနေ၌ အင်ပါယာ မိုယွမ်သည် အရှက်သိက္ခာကို ကယ်တင်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ကျိန်းသေပေါက် တစ်ဖက်လူကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ဘုန်း ...။

ကြီးမားပြင်းထန်လွန်းလှသည့် စွမ်းအင်လှိုင်းများ လှုပ်ခတ်သွားပြီးသည့်နောက် စကြဝဠာ တစ်ခုလုံးသည် ပြိုလဲလု မတတ်ပင်။ အရာအားလုံးသည် ခြောက်သွေ့ပျက်စီးကုန်လေ၏။ ခပ်ဝေးဝေးတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် မည်သို့မှ မနေနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ အင်ပါယာနှစ်ယောက်တို့၏ တိုက်ပွဲသည် ကောင်းကင်နှင့်မြေကြီး၏ တော်ဝင်လမ်းကိုပင် သက်ရောက်စေခဲ့၏။ လောကကြီး တစ်ခုလုံးကိုပင် လှုပ်ခါနေစေသည်။

အင်ပါယာမိုယွမ်၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး ၎င်း၏အမူအရာသည်လည်း အေးစက်လျက် ရှိနေ၏။ ၎င်းသည် အင်ပါရီယာ လက်နက်တစ်ခုကို ထုတ်ဖော် အသုံးမပြုသော်လည်း အားအင်အဆင့်သည့် ပြိုင်ဘက်ကင်းလှ၏။ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့်တပြိုင်နက် လေဟာနယ်ထဲတွင် ရှိနေသည့် ကြယ်စင်စုများ အားလုံးသည်လည်း ပျက်စီးပျောက်ကွယ်သွား၏။

“ဟင်း.. တကယ့်ကို ကြမ်းတာပဲ”

ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည့် အောင်းရွှမ်သည် အော်ဟစ်လိုက်သည်။ သူ၏ ဦးခေါင်းထက်တွင် နဂါးပုလဲတစ်လုံးက ချာချာလည်လျက် ရှိသည်။ ထိုအရာဆီမှ တောက်ပသည့် အလင်းတန်းများ ထုတ်ဖော်လျက် ရှိနေ၏။ သူသည် သူ၏နည်းစနစ် အကုန်လုံးကို ထုတ်ဖော်အသုံးပြုခဲ့သည် ဖြစ်သော်လည်း အင်ပါယာမိုယွမ်ကို အနိုင်မယူနိုင်သေးချေ။

အင်ပါယာမိုယွမ် သည် ရှေးခေတ်ကတည်းက အင်ပါယာဖြစ်ခဲ့သော လူတစ်ယောက် ဖြစ်သည်မို့ တာအိုလမ်းစဉ်ကို တကယ်ပင် နားလည်နေ၏။ ထို့ကြောင့် သူ မယှဉ်ပြိုင်နိုင်ခဲ့ခြင်းမှာ သဘာဝပင်ဖြစ်၏။

“အရှေ့ဘက် နှစ်ပေါင်းသုံးသောင်း၊ အနောက်ဘက် နှစ်ပေါင်းသုံးသောင်း ငါ့ကို အားနည်းနေတယ်ဆိုပြီးတော့ လာပြီး မနှိမ့်ချနဲ့။ ဒီအင်ပါယာ က သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်မယ်”

အောင်းရွမ်သည် ကြီးကျယ်မြင့်မြတ်လှသည့် စကားလုံးများကို ပြောဆိုကာဖြင့် တစ်ဖက်လူကို စူးစိုက်ကြည့်ရှု လိုက်သည်။

“ထွက်ပြေးချင်တာလား”

အင်ပါယာမိုယွမ်သည် ရန်စပြောဆိုခြင်းကို ခံထားရသောကြောင့် အစစ်အမှန်ပင် ဒေါသထွက်လျက် ရှိနေ၏။ အင်ပါယာတိုင်နှင့် တခြားသောသူများသာ ရောက်ရှိလာသည်ဆိုပါက အင်ပါယာသုံးယောက်တို့သည် အောင်းရွှမ်ကို ဝိုင်းဝန်းကာ တိုက်ခိုက်နိုင်ယူနိုင်စွမ်း ရှိနေ၏။ ထိုသို့ဆိုလျှင် တစ်ဖက်လူသည် တိုက်ခိုက်ရေး တည်နေရာဆီမှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ဘုန်း ...။

အင်ပါယာမိုယွမ်တစ်ယောက် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ တစ်ဖက်လူကို မြန်မြန်ဆန်ဆန် ဖမ်းဆီးရန် ကြိုးစားလေ၏။ တိုက်ပွဲသည် တကယ်ကို ပြင်းထန်လျက် ရှိနေပြီး ကောင်းကင်ယံတစ်ခုလုံး လှုပ်ခါလျက် ရှိနေ၏။ မိုင်သန်းနှင့်ချီ အကွာအဝေးတွင် ရှိနေသည့် အရာဝတ္ထု အကုန်လုံးသည် ပျက်စီးလုနီးပါး ဖြစ်နေလေ၏။

အောင်းရွှမ်အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပျံသန်းရန် ကြိုးစားသည့်အချိန်တိုင်း အင်ပါယာမိုယွမ် က သူ့ကိုတားဆီးနေ၏။ အဆုံးသတ်မှာတော့ ၎င်းတို့၏ တိုက်ပွဲသည် ရှုပ်ထွေးလှသည့် ကြယ်ပင်လယ်ထဲသို့ ရောက်ရှိသွားသည်။

All Chapters