အပိုင်း (၃၀၉)
Vol. 21 Ch. 309
ရက်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် တစ်ကိုယ်လုံး သွေးများစွန်းထင်းလျက် ရှိနေသည့် အင်ပါယာမိုယွမ် သည် တစ်ကိုယ်လုံး စုတ်ပြတ်နေ၏။ ၎င်းသည် ရှုပ်ထွေးကြယ်ပင်လယ်ဆီမှ ထွက်လာခဲ့၏။ အင်ပါယာနှစ်ယောက် ဖြစ်သည့် လင်းရှောင်နှင့် အောင်းရွှမ်တို့သည် အတူတူ ပူးပေါင်းပြီးသည့်နောက် သူ့အား တိုက်ခိုက်ခဲ့သည်။ နှစ်ယောက်လုံးသည် ယခုမှ အင်ပါယာအဆင့်သို့ ရောက်ရှိခဲ့သည်ဆိုသော်လည်း အင်ပါယာမိုယွမ်သည် လွယ်လွယ်ကူကူဖြင့် ရင်ဆိုင်၍ မရနိုင်ခဲ့ချေ။
အင်ပါယာသုံးယောက်တို့သည် အပြင်းထန်ဆုံး အခြေအနေနှင့် တိုက်ခိုက်ခဲ့ကြပြီး အင်ပါယာမိုယွမ်သည် လွတ်မြောက်နိုင်ရန် နည်းလမ်းဟူ၍ မရှိတော့ချေ။ အင်ပါယာတိုင် ပေါ်ပေါက်လာပြီး ခဏတာ ကူညီပြီးပေးခဲ့သောကြောင့်သာ သက်သာရာရခဲ့၏။ ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့သည် ရှားရှားပါးပါး ငြိမ်းချမ်းသည့် အခိုက်အတန့်ကို ခံစားလိုက်မိကြသည်။
အချိန်တိုအတွင်းမှာပဲ နောက်ထပ်စစ်ပွဲတစ်ခု ထပ်မံကာ ဖြစ်တည်လာမည့်ပုံ မရှိသေးပေ။ ခရမ်းရောင်နက်နဲ လောကကြီး၏ အင်ပါယာများသည် တစ်စုံတစ်ခု လွဲမှားနေသည်ဟုတော့ ခံစားမိ၏။ အလွန်အားကောင်းလှသည့် ကျင့်ကြံသူများ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းသည် သူတို့ကို တကယ်ပင် ဆွံ့အစေခဲ့၏။
.........
ခရမ်းရောင်နက်နဲလောကကြီး၏ ရှေးတော်ဝင်ကလန်ကြီးရှေ့ တည်နေရာတွင်တော့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေသည့် အစီအရင်ကြီးတစ်ခု တည်ရှိလို့နေပြီး ထိုအစီအရင်ကြီးတွင် ရေတွက်လို့ မရအောင် များပြားလှသည့် သင်္ကေတစည်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ လေဟာနယ်တစ်ခုလုံးကို ထွန်းလင်း တောက်ပသွားစေခဲ့သည်။
ဤအင်အားစုသည် တစ်ချိန်က အောင်မြင်မှုများကို ရရှိခဲ့သည်ဆိုသော်လည်း ရှေးယခင်ကနှင့် နှိုင်းယှဉ်မည် ဆိုပါက လက်ရှိအချိန်တွင် အနည်းငယ် နိမ့်ပါးသွားခဲ့သည်။ သို့ပေမဲ့ ၎င်းတို့သည် ခရမ်းရောင်နက်နဲ လောကကြီးတွင် သင့်တော်သည့် ဂုဏ်ဒြပ်ကိုတော့ ပိုင်ဆိုင်လျက် ရှိနေတုန်းပင်။
ယနေ့အချိန်မှာတော့ အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီမှ ကြမ်းတမ်းလွန်းလှသည့် လှိုင်းတစ်ခုက ပေါ်ပေါက် လာခဲ့၏။ ထိုအရာသည် ကောင်းကင်ယံတစ်ခုလုံးကို ဖျက်ဆီးထိုးခွင်းလျက် ရှိနေသည့် ရှေးသားရဲကြီး တစ်ကောင် ကဲ့သို့ပင် ဖြစ်ပေါ်လာခဲ့ပြီး အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။
‘ဘုန်း’ ဟူသော ကျယ်လောင်သည့် အသံကြီး ပေါ်ပေါက်လာခဲ့ပြီး အစီအရင်အား တုန်ခါသွားစေခဲ့၏။ အစီအရင်ကြီး တစ်ခုလုံးသည် စတင်ကာ ကွဲအက်လာခဲ့၏။ တစ်စုံတစ်ယောက်သည် ဤခန့်မှန်း၍ မရနိုင်အောင် အားကောင်းလှသည့် အစီအရင်ကြီးကို ဖျက်ဆီးရန် ကြိုးစားလျက် ရှိနေခြင်းပင်။
ထိုအစီအရင်ကြီး၏ အတွင်း၌ ရှိနေသော သက်ရှိသတ္တဝါအားလုံးသည် အလွန်အမင်း ကြောက်လန့်တုန်လှုပ်လျက် ရှိနေလေ၏။ ၎င်းတို့၏ ဘိုးဘေးချန်ထားခဲ့သည့် အစီအရင်သည် ရေတွက်လို့ မရအောင် များပြားလှသည့် ကပ်ဘေးများ ကြားထဲတွင် မတ်မတ်ရပ်တည် နိုင်ခဲ့၏။ ဖျက်ဆီး၍ မရနိုင်သည့်ပုံ ပေါ်ခဲ့သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ပျက်စီးလုနီးပါး ဖြစ်လို့နေခဲ့၏။ တော်ဝင်အင်ပါယာတစ်ယောက် ရောက်ရှိလာခဲ့လေ သည်လား။
ခရမ်းရောင်နက်နဲလောကကြီးတွင် စုစုပေါင်း တော်ဝင်အင်ပါယာလေးယောက်ရှိ၏။ ပထမဦးဆုံးတစ်ယောက် သည် ဟိုးယခင်အချိန်ကတည်းက တာအိုကို လက်ခံရရှိခဲ့သည်ဖြစ်ပြီး တခြားသောသူ သုံးယောက်နှင့်လည်း ရန်ငြှိုး ဟူ၍ မရှိခဲ့ချေ။ အဘယ်ကြောင့် ယနေ့အချိန်တွင် တော်ဝင်အင်ပါယာတစ်ယောက် ပေါ်ပေါက်လာရသနည်း။
“ငါတို့ ရှေးငှက်မွှေးကလန်ကို စီနီယာ တစ်ယောက်ယောက် လာပြီး စနောက်နေတာလား” ရှေးငှက်မွှေးကလန်၏ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းထွက်လာခဲ့၏။ သူသည် အခြေအနေကို လှမ်းကာ သုံးသပ်ကြည့်၏။
မိုးကုတ်စက်ဝိုင်း တစ်နေရာတွင် ရှိနေသည့် ကောင်းကင်ယံကို လှမ်းကြည့်ပြီးသည့်နောက် လေးလေးစားစား ဦးညွတ်လိုက်သည်။ အသစ် ဝင်ရောက်လာသည့်လူသည် မည်သူမှန်း မသိသည်ဆိုသော်လည်း ထိုသူ၏ အလွန်အားကောင်းသည့် အော်ရာသည် ၎င်းတို့၏ တောင်ကာကွယ်ခြင်းအစီအရင်ကို ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် တစ်ဖက်လူသည် တကယ့်ကို စွမ်းအားမြင့်လှသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံပေါ်၏။ ထို့ကြောင့် ဦးခေါင်းကို ငုံ့ကာဖြင့် အညံ့ခံခြင်းကို ပြသခြင်းကသာလျှင် ဉာဏ်ကောင်းသည့် အရာတစ်ခုဖြစ်ပေသည်။
ဘုန်း
ခြေသံတစ်ခုက ထွက်ပေါ်လာ၏။ အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် နတ်ဘုရား ရောင်စဉ်တန်းများ ဝန်းရံကာဖြင့် ရှေ့ဆီသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာခဲ့၏။ ၎င်းသည် မြန်ဆန်သည်ဟု မထင်ရသည်ဆိုသော်လည်း အလွန်လျင်မြန်စွာဖြင့် ရောက်ရှိလာ၏။ ရောက်ရှိ မလာခင်တွင် တော်ဝင်အင်ပါယာတစ်ယောက် ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ဘုံကိုးပါး တစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့၏။
ရှေးငှက်မွှေးကလန်ဆီမှ အဖွဲ့ဝင်များ အားလုံးတို့သည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့သည် ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ နာကျင်သည့် ခံစားချက်ကို ရရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်အရေပြား တစ်ခုချင်းစီတိုင်းကို ဆွဲခွာနေသကဲ့သို့ပင်။
“မြေအင်မော်တယ်လောက၊ လွင့်မျောတိမ်တောင်” ထိုစကားလုံးသည် ကောင်းကင်ယံထက်တွင် ပေါ်ပေါက် လာခဲ့လေ၏။ အားလုံးသောသူတို့၏ နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်တည်လာခဲ့၏။ အသစ်ရောက်ရှိ လာသည့် လူသည် ခြေတစ်လှမ်းလှမ်းပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လေများ အရှိန်အဟုန်ပြင်းပြင်း တိုက်ခတ်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ ငရဲခန်းဆီမှ နတ်ဆိုးနတ်ဘုရားတစ်ပါး အချုပ် အနှောင်ထဲမှ လွတ်မြောက်လာသကဲ့သို့ပင်။
စွမ်းအင်လှိုင်းများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ၎င်းတို့၏ ကလန်ဆီသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ကြီးကြီးမားမား ဖြစ်တည်လျက် ရှိနေပြီး အားလုံးသောသူများကို တိုက်စားနေ၏။
“မြေအင်မော်တယ်လောကလား”
ရှေးငှက်မွှေးကလန်မှ သူတော်စင်ဘုရင်သည် ဒူးများပင် ခွေလုမတတ် ဖြစ်နေ၏။ ၎င်း၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခံစားချက်များ ဖြစ်တည်နေသည်။
မည်သို့ ဖြစ်နိုင်မည်နည်း။ ဒဏ္ဍာရီထဲတွင် တည်ရှိနေသည့် လောကတစ်ခု၊ ထိုလောကဆီမှ သက်ရှိသတ္တဝါများသည် ရုတ်တရက် တည်နေရာဖြတ်သန်းကာ ရောက်ရှိလာခဲ့ကြ၏။ ရောက်ရောက်ချင်း တော်ဝင်အင်ပါယာ တစ်ယောက် ပါဝင်လာခဲ့၏။ အံ့အားသင့်စရာ ကောင်းလှချေ၏။
“ကျုပ် ဒီကြီးမြတ်လှတဲ့လူကို အသိအမှတ်ပြုဖို့ လစ်ဟင်းခဲ့ပါတယ်။ စီနီယာကို တစ်ခုခု စိတ်မကျေနပ်စရာ ပြုလုပ် မိခဲ့မယ်ဆိုရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်” ရှေးငှက်မွှေးကလန်ဆီမှ တော်ဝင်သူတော်စင်သည် မချိပြုံး ပြုံးကာဖြင့် လှမ်းကာ တောင်းဆိုလိုက်လေသည်။ အင်ပါယာ၏ စိတ်အခြေအနေသည် ၎င်းတို့၏ အသက်ရှင်သန်မှုအပေါ်တွင် မူတည်လျက် ရှိနေသည်။
“အရဲကိုးပြီး မေး... မေးပါရစေ”
ရှေးငှက်မွှေးကလန်မှ တော်ဝင်သူတော်စင်သည် အလွန် နိမ့်ချလှသည့် အပြုအမူ အပြောအဆို မျိုးကို ပြုလုပ်ကာ ခါးကို အတတ်နိုင်ဆုံးကုန်းလျက် ရှိ၏။ ၎င်းသည် တီးတိုး မေးမြန်းလိုက်၏။ “အရေးကြီးတဲ့ ကိစ္စရပ်ကြောင့် အင်ပါယာက လောကကို ဖြတ်သန်းပြီး ရောက်ရှိလာတာလား။ ရှေးငှက်မွှေးကလန် အနေနဲ့ ကူညီ ပေးနိုင်တဲ့ ကိစ္စရပ်မျိုးရှိရင် ပြောပါ။ ရှေးငှက်မွှေးကလန်အနေနဲ့ နှစ်သောင်းနှင့်ချီပြီး နေထိုင်ခဲ့တဲ့ ကလန် ဖြစ်တာကြောင့် အင်ပါယာကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးပြုစုပါ့မယ်”
“ကောင်းပြီ”
လွင်မျောတိမ်တောင်၏ အင်ပါယာသည် ခေါင်းကို အသာညိတ်လိုက်၏။ သူ၏ အမူအရာသည် အေးစက်လျက် ရှိနေတုန်းပင်။ အင်္ကျီလက်ကို အသာယမ်းခါလိုက်ပြီးသည့်နောက် လွင့်မျောတိမ်တောင်၏ ထောက်တိုင်များ ဖြစ်သော ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။
၎င်းတို့၏ အားအင်အဆင့်သည် အနည်းဆုံး သူတော်စင်ဘုရင် သို့မဟုတ် ထိုအထက်တွင် ရှိနေကြ၏။ ၎င်းတို့၏ အခြေခံသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည် ဖြစ်သောကြောင့် အားလုံးသော သူတို့က ကြောက်လန့် တုန်လှုပ်သွားခဲ့ကြ၏။ ရှေးငှက်မွှေးကလန်မှ သူတော်စင်ဘုရင်ပင်လျှင် မည်သို့မှ မနေနိုင်ခဲ့ချေ။ ပါးစပ် အဟောင်းသား ဖြစ်လို့နေ၏။
မြေအင်မော်တယ်လောကဆီမှ လူများသည် လူဦးရေများများနှင့် ရောက်ရှိလာခဲ့၏။ ထိုသူများထဲတွင် တော်ဝင်သူတော်စင် အဆင့်ပင်လျှင် အခြေခံအဖြစ် တည်ရှိနေ၏။ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို လွှမ်းမိုးရန် ရောက်ရှိလာသည့်ပုံပင်။
“ဒီနေ့ကစပြီး ခင်ဗျားတို့ကလန် တစ်ခုလုံး လွင့်မျောတိမ်တောင်ရဲ့ အမိန့်ကို နာခံရမယ်။ ခရမ်းရောင်နက်နဲ လောကကြီး တစ်ခုလုံးမှာ ဒီလူကို ရှာမယ်။ တကယ်လို့ နှောင့်နှေးတယ်ဆိုရင် ခင်ဗျားတို့ ကလန်တစ်ခုလုံးကို ဒီနေရာမှာ လုံးဝမရှိအောင် သုတ်သင်ပစ်မယ်”
လွင့်မျောတိမ်တောင်၏ အင်ပါယာသည် လေဟာနယ်ထဲ၌ လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ပုံရိပ်ယောင်အဖြစ် ထုတ်ဖော်ပြသ၏။ သေချာ ကြည့်ရှုမည်ဆိုလျှင် ထိုသူသည် ဖန်းဟန်၏ ပုံပန်းသွင်ပြင် ဖြစ်ကြောင်း မြင်ရမည် ဖြစ်သည်။
“ကောင်းပါပြီ”
ရှေးငှက်မွှေးကလန်ဆီမှ သူတော်စင်ဘုရင်က တုန်ယင်စွာ ပြောလိုက်၏။ သူသည် ထိုလူ၏ ပုံပန်း သွင်ပြင်ကို သေသေချာချာ မှတ်သားလိုက်၏။ လက်ကို တစ်ချက်ယမ်းခါပြီးသည့်နောက် ငှက်မွှေးကလန် တစ်ခုလုံးဆီသို့ သတင်းအချက်အလက်ကို ပေးပို့လိုက်လေ၏။
“မှတ်ထား”
လွင့်မျောတိမ်တောင်၏ အင်ပါယာက အေးစက်စက် ပြောလိုက်၏။ “ခင်ဗျား ဆယ်ရက်ပဲ အချိန်ရမယ်”