အပိုင်း (၃၁၀)
Vol. 21 Ch. 310
“ဒါက”
ရှေးငှက်မွှေးကလန်၏ သူတော်စင်ဘုရင် အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူ၏ နှလုံးသားထဲတွင် နာကျင်မှုများ ပြည့်နှက်လာခဲ့၏။ အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် သူတို့ အိမ်၌ အေးအေးသက်သာ ရှိနေသည်ကို ကောင်းကင်သည် ကြည့်မနေနိုင်ဘဲ လာရောက်ကာ ဒုက္ခပေးပုံ ပေါ်လျက်ရှိသည်။ တော်ဝင်အင်ပါယာ တစ်ယောက်သည် သူတို့၏ အိမ်တံခါးကို လာရောက်ကာ ခေါက်ပြီး အမိန့်ပေးလျက်ရှိသည်။ မည်သူက ငြင်းပယ်ရဲမည်နည်း။
သို့ပေမဲ့ စစပေးချင်းသည် ဆယ်ရက်တည်းသာလျှင် ပေး၏။ ရှေးငှက်မွှေးကလန် တစ်ခုလုံးကို သေလမ်းသို့ အတင်း ပို့ဆောင်နေခြင်းနှင့် ဆင်တူနေ၏။ တော်ဝင်အင်ပါယာ တစ်ယောက်ပင်လျှင် ရှာဖွေနိုင်စွမ်း မရှိသည့် လူတစ်ယောက်ကို ဆယ်ရက်အတွင်း မည်သို့ရှာဖွေရမည်နည်း။ သို့ပေမဲ့ ထိုအတွေးကို တွေးသာ တွေးနိုင်၏။ ထုတ်ဖော်ပြောဆို၍ မရဲချေ။
လက်ရှိအခြေအနေမှာတော့ ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် တခြားသော အင်ပါယာများသည် လက်ရှိ သတင်းကို ရရှိပြီး သူတို့ ရှေးငှက်မွှေးကလန်အား လာရောက်ကယ်တင်ရန် မျှော်လင့်ရုံသာ ရှိတော့၏။ ခရမ်းရောင်နက်နဲလောကကြီးမှာ ရှိနေသည့် အင်ပါယာများသည်သာ လျစ်လျှူရှုထားသည်ဆိုပါက ရှေးငှက်မွှေး ကလန်တစ်ခုလုံးသည် ပြီးဆုံးသွားမှာ သေချာ၏။
“ဂျူနီယာ နားလည်ပါပြီ”
ရှေးငှက်မွှေးကလန်ဆီမှ သူတော်စင်ဘုရင်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဦးညွတ်လိုက်၏။ “ရှေးငှက်မွှေးကလန်က ဒီလူ ဘယ်နားမှာ ရှိတယ်ဆိုတာကို ကျိန်းသေပေါက် အားအင်အကုန် ထုတ်သုံးပြီးတော့ ရှာဖွေပေးပါ့မယ်”
ပြောပြောပြီးချင်းမှာပဲ သူတော်စင်ဘုရင်သည် ဘိုးဘေးနယ်မြေထဲသို့ အသာလှည့်ကာဖြင့် ကိစ္စအားလုံးကို ပြုလုပ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူ့အနေနှင့် အစီအရင်ထဲမှ မထွက်ခင်မှာဘဲ ရုတ်တရက် ဆွံ့အသွားမိ၏။ မျက်လုံးများ သည်လည်း ပြူးကျယ်သွားမိ၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် လေဟာနယ်အဝေး ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုနေရာတွင်တော့ ဘယ်ကရောက်ရှိလာမှန်းမသိသည့် လူငယ်တစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် အလွန်ချောမော လှသည့် မျက်နှာသွင်ပြင်မျိုး ရှိသည်ဆိုသော်လည်း ရေခဲကဲ့သို့ အေးစက်လှသည့် အသွင်အပြင်မျိုး ရှိ၏။ ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ဆံနွယ်များသည် အနောက်ဘက်သို့ လွင့်စင်နေ၏။ ၎င်းသည် သူတော်စင်တစ်ယောက်၏ အော်ရာမျိုး ထုတ်ဖော်လျက် ရှိနေပြီး လှံရှည်တစ်ခုကို ကိုင်ဆောင်ထားလေ၏။
“အမှိုက်ကောင်... ငါတို့တောင် မင်းကို မရှာရသေးဘူး။ မင်းက မင်းဘာသာ မင်း ရောက်လာတာကိုး” လွင့်မျောတိမ်တောင်၏ အင်ပါယာ အနောက်ဘက်တွင် ရှိနေသော သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူသည် အရှေ့ဆီသို့ လျှောက်ထွက်လာ၏။ သူ၏အသံသည် အေးစက်လျက် ရှိနေ၏။
ဖန်းဟန်သည် သူတော်စင် အဆင့် လက်နက် တစ်ခုကို ကိုင်ဆောင်ထားသည့် လူငယ်ပါရမီရှင် တစ်ယောက်သာ ဖြစ်၏။ တခြားသော ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် ကျိန်းသေပေါက် အထက်စည်းမှ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ သူ့ကဲ့သို့ သူတော်စင်ဘုရင်တစ်ယောက်နှင့် ရင်ဆိုင်ရန်အတွက် ဖန်းဟန်သည် လုံလောက်သည့် အားအင် အဆင့်မျိုး ပိုင်ဆိုင်မထားချေ။ လက် တစ်ချက်တောက်လိုက်သည်နှင့်တပြိုင်နက် တစ်ဖက်လူကို လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်နိုင်စွမ်း ရှိနေ၏။
ယခု သူတို့၏ ရှေ့၌ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် တစ်ဖက်လူကို ကျိန်းသေပေါက် သတ်ဖြတ်ရပေလိမ့်မည်။ အနောက်ဘက်တွင် တော်ဝင်အင်ပါယာတစ်ယောက် တည်ရှိနေသည် ဖြစ်သောကြောင့် တော်ဝင်အင်ပါယာသည် ဖြစ်လာနိုင်သည့် အရာအားလုံးကို ဖြေရှင်းပေးမှာ သေချာ၏။ သူလုပ်ရန်လိုသည်မှာ ဖန်းဟန်ကို ဖမ်းဆီးရန်ပင်။
ဖန်းဟန်ကို ဖမ်းချုပ်ပြီးသည့်နောက် ဖန်းကလန်မှ ဘိုးဘေးချန်ထားခဲ့သည့် အမွေအနှစ်များကို ရှာဖွေရပေမည်။ ထိုသို့ ပြုလုပ်နိုင်သည်ဆိုပါက လွင့်မျောတိမ်တောင် တစ်ခုလုံးသည် အကျိုးကျေးဇူး ကြီးကြီးမားမား ရပေလိမ့်မည်။
"ဖန်းကလန်ရဲ့ အကျွင်းအကျန် မျိုးဆက်"
လွင့်မြောတိမ်တောင်၏ အင်ပါယာက ပြောဆိုလိုက်၏။ သူသည် တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည် ဆိုသော်လည်း စကားလုံးများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အားလုံးသောသူများသည် ကြက်သီးများပင် ထကုန်ကျ၏။ "ဒီအင်ပါယာ ထင်ထားတာထက်ကို မင်းက ပိုပြီး ရူးတဲ့ကောင်ပဲ"
အရင်တုန်းက ဖန်းဟန်သည် အသက်ဘေးမှ မနည်း ပွတ်ကာသီကာ ထွက်ပြေးခဲ့ရသူဖြစ်၏။ ငြိမ်ငြိမ်သက်သက် ပုန်းအောင်းနေသင့်၏ သို့ပေမဲ့ ရူးမိုက်စွာပင် အပြင်ဖက်သို့ ထွက်ပေါ်လာခဲ့၏။ ထို့ပြင် ခရမ်းရောင် နက်နဲလောကကြီးဆီသို့ ရောက်ရှိလာသည်မှာ မည်မျှကြာမြင့်သေးသနည်း။ ဆယ်ရက်တောင် မပြည့်သေးချေ။
ဆယ်ရက်အတွင်း ဘာရနိုင်မည်နည်း။ အင်ပါယာထားခဲ့သည့် အမွေအနှစ်များကို ရရှိခဲ့သည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့ ပေါ်ပေါက်လာခြင်းသည် တကယ့်ကို သေလမ်းရှာခြင်းပင် ဖြစ်သည်။
"ဒီအမှိုက်ကောင် ဦးနှောက်ပျက်သွားပြီနဲ့ တူတယ်" တော်ဝင်သူတော်စင် တစ်ယောက် က ပြောလိုက်၏။
လူငယ်ပါရမီရှင် တစ်ယောက်ဖြစ်သော ဖန်းဟန်သည် တကယ့်ကို တော်လွန်းလှသည့် လူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ အင်ပါယာတစ်ယောက်၏ အကြည့်ထဲတွင်တော့ ဘာမှမဟုတ်လှချေ။ ပုန်းအောင်းနေသည် ဆိုပါက လွင့်မြောတိမ်တောင်အနေဖြင့် စိုးရိမ်ကောင်း စိုးရိမ်ပေလိမ့်မည်။
ထို့အပြင် ဖန်းဟန်သည် မြေအင်မော်တယ် လောကထဲတွင် လုံလောက်သည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ခဲ့၏။ လူငယ်မျိုးဆက်များထဲတွင် အရှုံးမရှိသည့် ထူးခြားသော ပါရမီရှင် တစ်ယောက်လည်း ဖြစ်၏။ ၎င်း၏ အောင်မြင်မှုသည် အကန့်အသတ်မရှိလှချေ။ အင်ပါယာတစ်ယောက်ပင် ဖြစ်လာနိုင်၏။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ရူးမိုင်စွာပင် အပြင်ဖက်သို့ ထွက်လာခဲ့၏။ အတိတ်တုန်းက မည်မျှ အောင်မြင်မှုများ ရှိခဲ့သည်ဆိုဆို အင်ပါယာတစ်ယောက်၏ ရှေ့တွင်တော့ အားလုံးသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အရေးမပါလှချေ။
"လောကထဲကို ဝင်တဲ့အချိန်မှာ အင်မော်တယ်တစ်ယောက်ရဲ့ ကာကွယ်မှုကိုရတာ တကယ်ကံကောင်းတာပဲ။ ဒါပေမဲ့ ဒီလိုမျိုး လွင့်မြောတိမ်တောင်ကို စိန်ခေါ်နိုင်မယ် ထင်နေရင်တော့ မှားသွားပြီ" လွင့်မြောတိမ်တောင်၏ အင်ပါယာသည် အေးစက်စက် ပြောလိုက်၏။
သူသည် လက်ကို ယမ်းခါလိုက်၏။ များပြားလွန်းလှသည့် ရောင်စဉ်ရောင်ဝါများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့၏။ ထိုတောက်ပလှသည့် အလင်းများ ကြားထဲတွင် များပြားလှသည့် သင်္ကေတများ ဖြစ်တည်လာခဲ့ပြီး အမဲရောင် နေလုံးကြီးဖြစ် ပေါ်ပေါ်လာသည်။ ထိုနေလုံးကြီးသည် ဆန်းကြယ်လှသော အော်ရာများကို ထုတ်လွှတ်နေသည်။
သို့ပေမဲ့ ဖန်းဟန်၏ အရှေ့တွင် ဆန်းကြယ်လွန်းသော အစီအရင်တစ်ခု ပေါ်ပေါက်လာပြီး ဖန်းဟန်အား ကာကွယ် ပေးထား၏။
"မင်းကို ကြည့်ရတာ ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့ပုံပဲ"
လွင့်မြောတိမ်တောင်၏ အင်ပါယာသည် အံ့အားသင့်မိသည် ဆိုသော်လည်း ဒေါသတော့ မထွက်ချေ။ ပြီးနောက် ထူးမခြားနား သလို ပြောလိုက်၏။ "အင်ပါယာအဆင့် အစီအရင်တစ်ခုက ဒီအင်ပါယာရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။ သေစမ်း"
သူသည် လက်ကို ယမ်းခါလိုက်သည်။ သူသည် ဖန်းဟန်အား ဦးနှောက်ထဲတွင်ပင် မရှိချေ။ သူ အာရုံထားရှိ သည်မှာ အစီအရင်ကို ဖန်တီးပြီး နောက်ကွယ်၌ ပုန်းအောင်လျက် ရှိနေသော အင်ပါယာတစ်ယောက်ကိုပင်။
အဆင့်နိမ့်လောကကြီးထဲတွင် ဤကဲသို့သော အစီအရင်မျိုးကို စီရင်ထားနိုင်သည်ကို ကြည့်လျှင် တစ်ဖက်လူသည် ကျိန်းသေပေါက် အစီအရင် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပေလိမ့်မည်။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုကို ဦးစားမပေးဘဲ အစီအရင်ကို မှီခိုကာ တိုက်ခိုက်တတ်သူများသည် တကယ်ပင် အန္တရာယ်များလှ သူများ ဖြစ်သည်။ ကောက်ကျစ်သည့် စိတ်ထားမျိုးလည်း ပိုင်ဆိုင်ကြ၏။
"နားလည်ပါပြီ"
အစောတုန်းက ရှေ့သို့ထွက်လာသော သူတော်စင်ဘုရင်သည် ရက်စက်သည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူသည် အလင်းတန်းတစ်ခု အသွင်ပြောင်းကာ ဖန်းဟန်ဆီသို့ ပြေးသွား၏။ လေထုထဲတွင် သူ၏ သွေးစွမ်းအင်များကို လောင်ကျွမ်းစေခဲ့ပြီးနောက် သူသည် အမြန်ဆုံးနှုန်းဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်ခြင်းပင်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းများသည် တည်နေရာတစ်ခုလုံးကို လှုပ်ခါစေခဲ့၏။ သူတော်စင်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းသည် ပေါက်ကွဲထွက်လာခဲ့သည်။
ဘုန်း….
သူသည် လက်ကို အသာမြောက်လိုက်ပြီးနောက် လက်ဝါးရိုက်ချက် တစ်ခုကို ထုတ်ဖော်လိုက်၏။ များပြားလှသော သင်္ကေတများသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့ပြီး တည်နေရာတစ်ခုလုံးကို ပြန့်နှံ့သွားစေခဲ့၏။ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီးသည့်နောက် ထိုသင်္ကတများသည် ရှေးနတ်ဘုရား သားရဲရိုင်းကြီး အဖြစ် အသွင်ပြောင်းကာ အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားတော့၏။
"လွင့်မြောတိမ်တောင်က အရာအားလုံးအတွက် ပြန်ပြီးပေးဆပ်ရမယ်" ဖန်းဟန်က အော်ဟစ်လိုက်သည်။
သူ၏လက်ထဲရှိ ကျော်စိမ်းပြားသည် အလင်းတန်းများ တောက်ပလာခဲ့ပြီး ပုံရိပ်ယောင်ကဲ့သို့ လူတစ်ယောက်သည် အပြင်ဖက်သို့ ထွက်ပေါ်လာခဲ့၏။ ထိုလူသည် အချိန်၏ မြစ်ရေစီးကြောင်းအား ကျော်ဖြတ်ကူးခတ်၍ ရောက်ရှိလာသကဲ့သို့ပင်။ ထိုသူနှင့် ဖန်းဟန်တို့သည် တစ်ယောက်တည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဒွီ
တောက်ပသည့် အလင်းတန်းများ ကြားထဲတွင်တော့ ဖန်းဟန်၏ ကိုယ်ဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် နတ်ဘုရားကဲ့သို့ အရှိန်အဟုန်မျိုး ဖြစ်တည်လာကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဟုန်မျိုး ထုတ်ဖော်သည်။
မျက်လုံးများသည် မဲနက်လာခဲ့ပြီး အမဲရောင်ဆံနွယ်များ၌ လျပ်စီးများ လင်းလက်လာခဲ့၏။ ထိုမျက်လုံးနှစ်ခုကြားထဲမှ ရက်စက်ပြီး ထက်ရှလှသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့၏။ မူလအားဖြင့် ဖန်းဟန်တစ်ယောက် ဖြစ်သည် ဆိုသော်လည်း ၎င်း၏ အော်ရာများမှာတော့ ပြောင်းလဲသွားခဲ့၏။ ရှေးဒဏ္ဍာရီထဲမှ ဒဏ္ဍာရှိလာ နတ်ဘုရားကဲ့သို့ပင်။ ၎င်း၏ လှုပ်ရှားမှုများသည် တကယ်ပင် ဆန်းကြယ်၏။ ကောင်းကင်တစ်ခုလုံးကိုပင် တုန်ခါစေခဲ့၏။