အပိုင်း (၃၁၂)
Vol. 21 Ch. 312
ဂျိန်း
တိုက်ပွဲကြီး တစ်ခုသည် စတင်ကာ ဖြစ်ပေါ်လာခဲ့၏။ ဖန်းဟန်နှင့် လွင့်မျောတိမ်တောင်၏ အင်ပါယာတို့သည် ချက်ချင်းဆိုသလိုပဲ အပြင်းအထန် တိုက်ခိုက်သည့် အခြေအနေမျိုးဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် နတ်ဘုရား အတတ်ပညာမျိုးစုံကို ထုတ်ဖော်ကာ တိုက်ခိုက်နေ၏။ ချက်ချင်းပဲ တိုက်ကွက်ပေါင်း တစ်ထောင်ကျော်ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်၏။
ဖန်းဟန်သည် ဤတိုက်ခိုက်ပွဲအား ကြာရှည်တိုက်ခိုက်၍ မရကြောင်းကို ကောင်းကောင်းသိ၏။ အချိန်ကြာလေ သူ့အတွက် အကျိုးကျေးဇူး ယုတ်လျော့လေပင်ဖြစ်သည်။
တခြားတစ်ဖက်တွင် ရှိနေသည့် လွင့်မျောတိမ်တောင်၏ အင်ပါယာသည်လည်း နက်နက်နဲနဲ တုန်လှုပ်လျက် ရှိနေ၏။ ဖန်းဟန် အဘယ်ကြောင့် ဤမျှ အားကောင်းနေသနည်းကို သူမခန့်မှန်းနိုင်ချေ။
အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ နှစ်ယောက်လုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားပြီး ဖြစ်သည်။ ဖန်းဟန်သည်သာ အင်ပါယာတစ်ယောက်၏ စွမ်းအင်များကို ပြည့်စုံစွာ ထိန်းချုပ်နိုင်ပါက လွင့်မျောတိမ်တောင်၏ အင်ပါယာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီ ဖြစ်သည်။
“သေစမ်း”
ဖန်းဟန်သည် ကျယ်လောင်စွာ အော်ဟစ်ပြီးသည့်နောက် သူ၏လှံအော်ရာများကို ရွေ့လျားလိုက်ပြန်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရောင်စဉ်တန်းများသည် လေဟာနယ် တစ်ခုလုံးကို ထိုးခွင်းသွားခဲ့၏။
ဇွပ်
လွင့်မျောတိမ်တောင် အင်ပါယာ၏ ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ထိခိုက်ခြင်းကို ခံလိုက်ရ၏။ ၎င်းသည် သွေးများ အန်ထွက်လာခဲ့၏။ ၎င်း၏လက်မောင်းဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်းသည် မိုင်တစ်သောင်းအကွာအဝေးဆီသို့ လွင့်စင်သွားခဲ့လေ၏။ အစီအရင်ကြီး တစ်ခု၏ အစပ်နားဆီသို့ ပြုတ်ကျသွားသည်။
“မုန်းစရာ ကောင်းလိုက်တာ”
၎င်းသည် လေဟာနယ်ထဲတွင် ရှိနေသည့် အစီအရင်ကို လှမ်းကြည့်လိုက်၏။ မျက်နှာ တစ်ခုလုံးသည်လည်း ဖြူလျော်သွားခဲ့၏။ အစီအရင်သာ တည်ရှိသည် မဟုတ်ပါက သူ့အနေနှင့် ထွက်ပြေးကောင်း ထွက်ပြေးနိုင်၏။ သို့ပေမဲ့ အစီအရင်သည် သူ၏လမ်းကို တားဆီးထား၏။ သူ့အား ဖန်းဟန်နှင့် ထိပ်တိုက် ရင်ဆိုင်ရန်အတွက် ဖိအားပေးနေသကဲ့သို့ပင်။
အရူးတစ်ယောက်ကဲ့သို့ ဖြစ်တည်နေပြီဖြစ်သော ဖန်းဟန်သည် တခြား မည်သည့်နည်းစနစ်ကိုမှ အသုံးမပြု တော့ချေ။ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် အထောက်အပံ့ကို ယူပြီး တိုက်ခိုက်ချိန်မှာတော့ လွင့်မျောတိမ် တောင်၏ အင်ပါယာသည် သူ့အား မည်သို့မှ မခုခံနိုင်ချေ။
ခလွပ်
လွင့်မျောတိမ်တောင်၏ အင်ပါယာသည် တခြားသော လက်တစ်ဖက်ဖြင့် သွေးမြူများကို စုစည်းလိုက်၏။ မျက်စိ တမှိတ်အတွင်းမှာပဲ အရိုးများ ပြန်လည် ဖြစ်တည်လာပြီး ဒဏ်ရာများ ပြန်လည်ကောင်းမွန်ကာ လက်အသစ် တစ်ခုသည် စတင် ဖြစ်တည်လာ၏။
“ဂျူနီယာတစ်ယောက်က ငါ့ရဲ့ရှေ့မှာ မောက်မာရဲတယ်ပေါ့”
လွင့်မျောတိမ်တောင်၏ အင်ပါယာသည် သူ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်၏။ လက်တစ်ဖက် ပြတ်သွားခြင်းသည် တကယ့်ကို အရှက်ကွဲစရာပင် ဖြစ်၏။ ရှေးယခင်ကတည်းက သူသည် အဆင့်နိမ့်နယ်မြေတွင် တကယ့်ကို ဆရာကြီး ဖြစ်ခဲ့ပြီး ရေတွက်လို့ မရအောင် များပြားလှသည့် လူများကို ဖိနှိပ်ခဲ့သည့် လူတစ်ယောက်ဖြစ်သည်။
ယခု ဂျူနီယာမျိုးဆက် တစ်ယောက်သည် သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ မထင်မှတ်ထားသည့် ကိစ္စသာလျှင်ဖြစ်၏။ သေဆုံးသွားသည်ထက်ပင် ပိုမိုကာ ဆိုးရွားသည့် ဂုဏ်သိက္ခာတရားကို ထိခိုက်စေသည်။ ခန္ဓာကိုယ် နာကျင်မှုသာမက သူ၏ဝိညာဉ်အထိ အရှက်သိက္ခာတရားများသည် ထိခိုက် ထိုးနှက် လာခဲ့၏။
“အား”
လွင့်မျောတိမ်တောင်၏ အင်ပါယာက အော်ဟစ်လိုက်၏။ သူသည် ပြင်းပြင်းထန်ထန်နှင့် ခုခံလျက် ရှိနေတုန်းမှာပဲ အစီအရင်ဆီမှ ချိုးဖြတ်ရန်လည်း ကြိုးစားနေသည်။ သို့ပေမဲ့ ဖန်းဟန်သည် သူ့ကို တောက်လျှောက် ဆိုသလိုပဲ တားဆီးထားခဲ့၏။ ၎င်းတို့နှစ်ယောက်သည် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီး တစ်ခုကို ထုတ်ဖော်လျက် ရှိနေပြီး အသွေးအသား၊ အရိုးများ ပြတ်တောက်သွားမည် ဆိုလျှင်တောင်မှ အဆုံးထိ တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်ထားသည်။
“မင်းရဲ့ အားအင်အဆင့်က ကြာကြာခံမှာ မဟုတ်ဘူး။ အဆုံးသတ် ငါနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာ သေရမယ့်လူက မင်းပဲ” လွင့်မျောတိမ်တောင်၏ တော်ဝင်အင်ပါယာက အော်ဟစ်လိုက်၏။
“ခင်ဗျားကို သတ်ရရင် ကျေနပ်ပြီ” ဖန်းဟန်၏ အသံသည် ထူးမခြားနားသကဲ့သို့ပင်။ အစောပိုင်းက ကိုင်ဆောင်ထားသည့် သူတော်စင်အဆင့် လှံသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူ၏ လက်ထဲတွင် တောက်ပလှသည့် သတ္ထုကဲ့သို့ လှံတစ်ခုက ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။
ဆွစ်
လှံကို ပစ်လွှတ်လိုက်သည့် အချိန်မှာတော့ လေဟာနယ်ထဲတွင် အလင်းတန်းကြီး တစ်ခုက ထိုးခွင်းသွားခဲ့သည်။ ထိုအရာသည် မိုးကြိုးပစ်သကဲ့သို့ပင် မြန်ဆန်လွန်းလှပြီး လျှပ်စီးတန်းများသည် တဝုန်းဝုန်းနှင့် ယှဉ်တွဲပေါ်ပေါက်လာသည်။ ဤလှံသည် နတ်ဘုရားတစ်ပါး၏ ပစ်လွှတ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင် သူ၏ လမ်းတွင် ရှိနေသည့် အရာအားလုံးကို ထိုးခွင်းသွားခဲ့၏။
သက်ရှိသတ္တဝါအားလုံးသည် ထိုလှံ၏ အရှေ့တွင် တုန်လှုပ်မှုကို ခံစားရမှာ သေချာ၏။ လွင့်မျောတိမ် တောင်၏ အင်ပါယာသည် ထိုအရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခြင်း မရှိချေ။ မကြာသေးခင်က သူသည် ရှေးတော်ဝင်ကလန်တစ်ခု ကို တစ်ယောက်တည်း သွားရောက်ကာ နှိမ်နင်းခဲ့ဖူး၏။ လက်ရှိ အချိန်မှာတော့ သေဆုံးလုနီးပါး အခြေအနေတစ်ခု ဆီသို့ပင် ရောက်ရှိလျက် ရှိနေ၏။ အခြေအနေသည် တကယ်ပင် ကွာခြားသွားခဲ့သည်။
လှံကြီး ရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် တကယ်ပင် ဒူးများခွေသွားမိ၏။ အမှတ်မထင်ဆိုသလိုပဲ လက်ထဲတွင် ရှိနေသည့် အင်ပါရီယာလက်နက်ကို မြှောက်ကိုင်ပြီးသည့်နောက် တိုက်ခိုက်ချက်ကို ပြင်းပြင်းထန်ထန်နှင့် ကာကွယ်လိုက်၏။
ချလွမ်
အင်ပါရီယာလက်နက် တစ်ခုလုံးသည် ကွဲအက်သွားခဲ့လေ၏။ လှံဆီမှ ထွက်ပေါ်နေသည့် နတ်ဘုရားအလင်းတန်း များသည် လေဟာနယ်ကို ထိုးခွင်းကာဖြင့် လွင့်မျောတိမ်တောင် အင်ပါယာ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။။ တစ်ဖက်လူသည် မိုင်တစ်သောင်းအကွာအဝေးဆီသို့ ထပ်မံကာ လွင့်စင်သွားပြီး အစီအရင်၏ အစပ်ဆီသို့ ပြန်လည်ကာ ပြုတ်ကျပြန်သည်။
အားအင်ကောင်းလွန်းလှပါသည်ဆိုသော အင်ပါယာတစ်ယောက်သည် လက်ရှိအချိန်မှာတော့ သွေးအလူးလူးနှင့် ဖြစ်လို့နေ၏။ ၎င်း၏ နာကျင်စွာ အော်ဟစ်လိုက်သည့်အသံသည် လေဟာနယ် တစ်ခုလုံးကို ပျံ့နှံ့နေစေ၏။ မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။
လှံထိပ်တွင် သွေးများ စွန်းထင်းလျက် ရှိနေပြီး ထိုလှံကြီးသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်ကာဖြင့် တုန်ခါလျက် ရှိနေလေ၏။ ၎င်းသည် အင်ပါယာ တစ်ယောက်၏ အသက်ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် နတ်ဘုရားလက်နက်တစ်ပါး ကဲ့သို့ပင်။
တုန်လှုပ်စရာ ကောင်းလွန်းလှ၏။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် ကောင်းကင်ထက်တွင် ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ ဖန်းဟန်သည် လေဟာနယ်ထဲကို ထိုးခွင်းပြီးသည့်နောက် တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့၏။ သူ၏ ခြေလှမ်းများသည် မနှေးသလို၊ မမြန်လှချေ။ သို့ပေမဲ့ ကြည့်ရှုနေသူများ၏ နှလုံးသားပေါ် လှမ်းလျှောက်နေသကဲ့သို့ပင်။ သူသည် ခန့်မှန်း၍ မရနိုင်သည့် အရှိန်အဟုန်ကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ လူပေါင်းများစွာတို့သည် ၎င်းကို ကြည့်ကာဖြင့် အသက်ရှုမဝသည်ကို ခံစားနေမိ၏။
ဖန်းဟန် ချဉ်းကပ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လွင့်မျောတောင်အင်ပါယာသည် အနောက်သို့ မဆုတ်နိုင်တော့ချေ။ “မင်း ငါ့ကို သတ်လို့မရဘူး။ ငါ့ရဲ့အနောက်မှာ လွင့်မျောတိမ်တောင် ရှိတယ်။ ငါ့ကို သတ်ရင် လွင့်မျောတိမ်တောင် တစ်ခုလုံးက မင်းနဲ့ စာရင်းရှင်းလိမ့်မယ်။ မင်းဆီမှာ အင်ပါယာတစ်ယောက်ရဲ့ စွမ်းအင်တွေ ရှိတယ်ဆိုရင်တောင်မှ လွင့်မျောတိမ်တောင်ရဲ့ ကလဲ့စားချေမှုကို ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ဘူး”
“ဟုတ်လား”
ဖန်းဟန်၏ အမူအရာသည် မပြောင်းလဲလှချေ။ သူသည် လွင့်မျောတိမ်တောင် အင်ပါယာဆီသို့ အသာလှမ်းလျှောက်ပြီးသည့်နောက် လက်တစ်ဖက်ကို အသာဆန့်တန်းလိုက်၏။ လှံထိပ်ကို အသာကိုင်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “လွင့်မျောတိမ်တောင်နဲ့ ဖန်းကလန်တို့က အစောကြီးကတည်းက တိုက်ပွဲ ဖြစ်နေတာလေ။ နှစ်ဖက်လုံးက တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးနေမှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျားကို သတ်လိုက်တယ်ဆိုတာက ကျုပ် တစ်ဖက်လူတွေဆီကနေ အတိုးအရင်ယူတာပဲ။ မြေအင်မော်တယ်လောကဆီကို ကျုပ် ပြန်တဲ့အချိန်ကျရင် လွင့်မျောတိမ်တောင်ဆိုတာ လောကကြီးထဲမှာ ရှိမှာ မဟုတ်ဘူး”
ထိုစကားစုကို ပြောလိုက်သည့် အချိန်မှာတော့ လှံထိပ်ကြီး တစ်ခုလုံးသည် တုန်ခါလာခဲ့ပြီး တလက်လက် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ စကြဝဠာ တစ်ခုလုံးကို ထိုးခွင်းလုမတတ် ကြောက်မက်ဖွယ်ရာ ကောင်းချေ၏။
“မဟုတ်ဘူး” လွင့်မျောတိမ်တောင်၏ အင်ပါယာသည် အကျယ်ကြီး အော်ဟစ်လိုက်လေ၏။ ၎င်း၏ အင်ပါယာခန္ဓာကိုယ် တစ်ခုလုံးသည် ကွဲအက်သွားပြီးသည့်နောက် သွေးမြူများအဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ နတ်ဘုရားအလင်းတန်းများ ပျံသန်းသွားခဲ့ပြီးသည့်နောက် လေဟာနယ်ထဲတွင် ကြီးမားလှသည့် လက်ကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး ထိုသွေးမြူများအားလုံးကို ဖမ်းဆုပ်လိုက်၏။ ထိုလက်ကြီးသည် ဆက်တိုက် ဆိုသလိုပဲ လေဟာနယ်ကို ချိုးဖြတ်ကာဖြင့် အင်ပါရီယာလက်နက်တစ်ခုကို ဆွဲယူလိုက်ပြန်သည်။
“အရင်သဘောတူညီမှုအရ သိုလှောင်လက်စွပ်တွေက မင်းဟာ။ သူ့ရဲ့အင်ပါရီယာလက်နက်နဲ့ နတ်ဘုရား ဝိညာဉ်က ငါ့အတွက်ပဲ”
“ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးပါပဲ” ဖန်းဟန်၏ အမူအရာသည် မပြောင်းလဲလှချေ။ သူသည် လေဟာနယ်တစ်ခုဆီသို့ ဦးညွတ်လိုက်၏။