← Chapters

အပြိုင်အဆိုင် (၂)

Vol. 3 Ch. 120

အပြိုင်အဆိုင် (၂)

Vol. 3 Ch. 120

ဓားသူတော်စင်ဆားဗီးရပ်နဲ့နက်ဆန်က သူတို့ရဲ့ကိုယ်ပိုင် ဓားတွေနဲ့ ယှဥ်ပြိုင်ထိုးခုတ်ကြရင်း တစ်ပြိုင်နက်ဆိုသလို နောက်ကိုဆုတ်လိုက်ကြတယ်။ အကြောင်းကတော့ သူတို့ရဲ့ ခွန်အားနဲ့အမြန်နှုန်းက တူညီလုနီးပါးဖြစ်နေခဲ့ပြီး ဘယ်သူမှ တခြားတစ်ယောက်အပေါ် အသားစီးမရခဲ့လို့ဖြစ်ပါတယ်။

“မင်းကိုယ်တိုင်လည်း အတော်လေးတိုးတက်လာသားပဲ။ ဒါပေမဲ့ ငါတို့က အခုထိဓားရေးပဲပြိုင်နေကြသေးတာ။ တကယ့် စွမ်းအားတွေကို ထုတ်မသုံးရသေးဘူး။”

ဆားဗီးရပ်က ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ထားရာကနေ လက်တစ်ဖက်တည်းနဲ့ပြောင်းလိုက်လိုက်တယ်။ အဲဒီနောက် ခြေဖျားထောက်လိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့ကိုအနည်းငယ် ကွေးညွှတ်လိုက်တယ်။

“အလိုင်ဂျက်...” ရုတ်တရက် ဆားဗီးရပ်ရဲ့မြန်နှုန်းက အစများစွာတိုးတက်လာပြီးတော့ နက်ဆန်ရဲ့ရှေ့ကို ချက်ချင်းရောက်လာတယ်။ နက်ဆန်က ဆေဘာဓားကို မြှောက်လိုက်ပြီးတော့ ခုခံဖို့ပြင်ပေမဲ့ အလိုင်ဂျက်စွမ်းအားနဲ့ ဆားဗီးရပ်က ထင်တာထက်မြန်နေခဲ့ပြီး သူ့ဓားကိုဦးတည်ရာ ပြောင်းလဲကာ လက်ပြန်ခုတ်ချက်နဲ့ နက်ဆန်ရဲ့ဘယ်ဘက် လက်မောင်းအောက်ကို ခုတ်ချလိုက်တယ်။

ရွှတ်...

တိုးညှင်းတဲ့အသံတစ်ခုနဲ့အတူ ဓားသွားက နက်ဆန့်လက်ကို ပိုင်းဖြတ်ပစ်လိုက်ပြီး မြေပြင်ပေါ်ကို လက်ပြတ်ကြီးက ဘုတ်ခနဲ ပြုတ်ကျလာတယ်။ ဒါပေမဲ့ သွေးတွေပန်းထွက် မလာတဲ့အတွက်ကြောင့် ဆားဗီးရပ်အနည်းငယ် ကြောင်အ သွားခဲ့ပါတယ်။

ဒါပေမဲ့ သူသတိဝင်လာတဲ့အချိန်မှာတော့ နောက်ကျနေပါပြီ။ သူဓားနဲ့ခုတ်ခဲ့တဲ့နက်ဆန်က တဖြည်းဖြည်းနဲ့မျက်နှာမှာ ပက်တီးတွေပတ်ထားတဲ့ စစ်သားတစ်ယောက်အဖြစ်ကို ပြောင်းလဲသွားပြီး သူ့ခြေထောက်တွေကို တစ်စုံတစ်ဦးက ဖမ်းကိုင်ထားတယ်လို့ ခံစားလိုက်ရတဲ့အတွက် ငုံကြည့်တော့

...

“မဖြစ်နိုင်တာ....”

နက်ဆန်ရဲ့အရိပ်နက်ကြီးက အကောင်အထည်ဖြစ်နေပြီး အရိပ်နက်ရဲ့လက်တွေက ဆားဗီးရပ်ရဲ့ခြေသလုံးကို ဖမ်းကိုင်ထားပါတယ်။

“သေစမ်း...” နောက်တော့ အရိပ်နက်ထဲက ဆေဘာဓား ကိုင်ထားတဲ့နက်ဆန်က အရှိန်အဟုန်အပြည့်နဲ့ထွက်လာပြီး ဆားဗီးရပ်ရင်ဝကို ဓားနဲ့ထိုးလိုက်တယ်။

ထန်း...

သတ္တုချင်းထိခတ်မိသံထွက်ပေါ်လာပြီး ဓားဦးချွန်က ဆားဗီးရပ်ရဲ့ကိုယ်ကနေ ချော်ထွက်သွားတယ်။ ဆားဗီးရပ်က လှောင်ပြုံးပြုံးလိုက်ရင်း...

“အဗျာဟန်ရဲ့ကာကွယ်မှုရှိနေသမျှ ငါ့ကိုဘယ်သူမှ ဒဏ်ရာရအောင်မလုပ်နိုင်ဘူးကွ။” သူ့ခြေထောက်ကိုမကာ နက်ဆန့်မျက်နှာကို လှမ်းကန်ဖို့အတွက် ကြိုးစားတယ်။ နက်ဆန်က သာသာလေးရှောင်လိုက်ပေမဲ့ ဆားဗီးရပ်က တန်ပြန်တိုက်ခိုက်လာနေပြီဖြစ်ပြီး အသာစီးရရှိထားမှုလည်း ပျက်ပြယ်သွားတယ်။

“ညမင်းသား... မင်းက အယ်ဒါအဆင့်ရောက်လာပြီဆိုပေမဲ့ အမှိုက်က အမှိုက်ဖြစ်နေတုန်းပဲ။”

ဆားဗီးရပ်က သူ့ဓားကိုမြှောက်လိုက်တယ်။ သူ့ဓားသွားမှာ ရှေးကျပြီးဆန်းကြယ်တဲ့အငွေ့အသက်တွေ ရစ်သိုင်းနေပြီး အနားမှာရှိနေတဲ့လူတွေအားလုံး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတယ်။

“သေစမ်း...” ဆားဗီးရပ်က ဓားနဲ့လေထုထဲ ပိုင်းချဟန် ပြုလိုက်တယ်။ နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပြီး ဓားဦးတည်ရာကနေ လုံးဝရှောင်ဖယ်လိုက်တယ်။ ဒါပေမဲ့ မြေပြင်ကတော့ ဟက်တပ်ကွဲသွားပြီး ဆယ်ပေလောက် အနံရှိပြီး ပေတစ်ရာလောက်အလျားရှိတဲ့ ပိုင်းဖြတ်ရာကြီး ပေါ်လာပါတယ်။

“အဲဒီအကွက်က အသုံးမဝင်ဘူးဆိုတာ ဟိုးအရင်တည်းက မင်းသိပြီးသား။” နက်ဆန်က အေးစက်စက်နဲ့ပြောတယ်။ မိုးဆက်ပင်လယ်ပြင်ကိုခွဲခြမ်းတဲ့စွမ်းအားက အလွန်ပြင်းထန်ပေမဲ့ နက်ဆန်ကိုထိနိုင်ဖို့အတွက်တော့ နှေးလွန်းပါတယ်။

နက်ဆန်ကလည်း မြေပြင်ကိုခြေနဲ့ကန်လိုက်တယ်။ သူ့ခန္ဓာကိုယ်က အရိပ်နက်တစ်ခုအဖြစ်ပြောင်းသွားပြီး လေထုအကာအရံကိုထွင်းဖောက်သွားတယ်။ လေထု ပေါက်ကွဲသံနဲ့အတူ ဆားဗီးရပ်ရှေ့ကိုရောက်လာပြီး အပေါ်စီးကနေ ဓားနဲ့ပိုင်းချတယ်။ ဆားဗီးရပ်ကလည်း ဓားကိုအပေါ်မြှောက်ပြီး ကာလိုက်တယ်။

ထန်း....

ဓားနှစ်လက်က နောက်တစ်ကြိမ်လေထုထဲမှာ ထိခတ်မိပြီး မီးပွားတွေထွက်ပေါ်လာတယ်။ နှစ်ယောက်လုံးက ပြင်းပြင်း ထန်ထန်တိုက်ခိုက်နေကြပြီး ဘယ်သူမှနောက်ကိုပြန်ပြီး မဆုတ်ကြပါဘူး။ အချိန်ကြာလာတာနဲ့အမျှ နက်ဆန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေပေါ်လာတယ်။ ကြီးကြီးမားမား ဒဏ်ရာရတာမျိုးမဟုတ်ပေမဲ့ ဓားနဲ့ရှပ်ထိထားတဲ့ဒဏ်ရာမျိုး အများကြီးဖြစ်လာတာပါ။ တစ်ဖက်မှာတော့ ဆားဗီးရပ်ကို ခုတ်မိသမျှဓားချက်တွေက ဘာမှထိခိုက်မှုမဖြစ်စေတာမလို့ မတရားသလိုတောင် ဖြစ်နေပါသေးတယ်။

ရွှတ်...

ရုတ်တရက် နက်ဆန်ရဲ့ဓားက ဆားဗီးရပ်ရဲ့ညာဖက်ပါးကို ခြစ်မိသွားပြီး သွေးစတချို့လွင့်စင်လာတယ်။ နက်ဆန်ရဲ့ မျက်နှာမှာ ညင်သာတဲ့အပြုံးတစ်ခုပေါ်လာပြီး အနည်းငယ် အားစိုက်တိုက်ခိုက်လိုက်တယ်။

‘သေစမ်း၊ အဗျာဟန်ရဲ့စွမ်းအားပျောက်သွားပြီ။' ဆားဗီးရပ် ထိတ်လန့်သွားတယ်။

“အား....” နက်ဆန့်ဓားက ဆားဗီးရပ်ဓားကိုင်ထားတဲ့ ညာဖက်လက်ခုံကိုခုတ်မိသွားပြီး ဓားကလက်ထဲကနေ ပြုတ်ကျလာတယ်။ ဒါပေမဲ့ ဆားဗီးရပ်က ဓားကိုမြေပေါ် ပြုတ်ကျမခံဘဲ ဘယ်ဘက်လက်နဲ့လှမ်းပြီး ဖမ်းဆွဲကာ နောက်ကိုပြန်ဆုတ်လိုက်တယ်။ ဒါပေမဲ့ အရိုးစုခရူးဆိတ်တာ တချို့က သူ့နောက်မှာအသင့်ရပ်နေပြီးသားဖြစ်ပြီး သူတို့ထဲကတစ်ယောက်က ဆားဗီးရပ်ကိုနောက်ကျောကနေ ဓားနဲ့ထိုးလိုက်တယ်။ ဓားဦးက သူ့ရင်ဝကနေပြန်ထွက် လာခဲ့ပေမဲ့ ဆားဗီးရပ်ကအားတင်းပြီး ခရူးဆိတ်တာတွေကို ဓားနဲ့ယမ်းကာပိုင်းဖြတ်လိုက်တယ်။ နောက်တော့ဓားကို သူကိုယ်တိုင် သူ့ကိုယ်ထဲကနေ ဆွဲထုတ်လိုက်ပြီး ဓားကို ကောင်းကင်ပေါ်ညွန်ပြလိုက်တယ်။

ရွှမ်း...

ဧရာမလက်ဝါးကပ်တိုင်ကြီးက ဘုရားကျောင်းဝင်းအတွင်း ပေါ်ပေါက်လာကာ ဆားဗီးရပ်ကိုယ်တိုင်နဲ့ဒဏ်ရာရထားတဲ့ ဘုရားကျောင်းစစ်သည်တွေကိုပါ ဒဏ်ရာတွေကနေပြီး ပြန်ကောင်းလာစေပါတယ်။

“ဓားသူတော်စင် ငါတို့ဘက်မှာရှိနေသမျှ မရှုံးနိမ့်နိုင်ဘူးကွ။”

ဘယ်သူက အရင်စအော်လိုက်တယ်မသိ။ ဘုရားကျောင်း စစ်သည်တွေရဲ့စိတ်ဓာတ်ခွန်အားက ပိုမိုတိုးတက်လာပြီး နာကျင်မှုမရှိ၊ သေရမှာမကြောက်တဲ့ ခရူးဆိတ်တာတွေကို အံ့မခန်းခွန်အားတွေနဲ့ ပိုမိုတိုက်ခိုက်လာကြတယ်။ ပြီးတော့ ခန်းမထက်မှာမျောလွင့်နေတဲ့ လက်ဝါးကပ်တိုင်ကြီးက စွမ်းအားတစ်မျိုးရှိနေသေးပုံပေါ်ပြီး စစ်မြေပြင်မှာရှိသမျှ ဖုတ်ကောင်တွေကို သန့်စင်လွန်းတဲ့စွမ်းအားတွေနဲ့ဖိနှိပ် ထားပါတယ်။

“အထောက်အပံအမျိုးအစားစွမ်းအားရှိတဲ့သူပါတဲ့ အုပ်စုနဲ့ မပါတဲ့အုပ်စုက အဲဒီမှာစပြီးကွာခြားတာပဲ။”

ပါစီဗယ်ရဲ့အသံက ဆေဘာနက်ထဲကနေ ထွက်လာတယ်။ သူ့ပုံစံက နည်းနည်းလှောင်ရယ်ချင်နေသလိုပဲ။ နက်ဆန်က အံ့ကြိတ်လိုက်ပြီး..

“အပိုတွေမပြောနဲ့၊ မင်းမှာ နည်းလမ်းရှိရင် ထုတ်သုံး။” လို့ပဲ တည့်တိုးပြောလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ဆေဘာနက်ကနေ မြူခိုးတွေ ထွက်ပေါ်လာပြီး အရိုးစုစစ်တပ်ကြီးကိုဖုံးလွှမ်းသွားတယ်။ လက်ဝါးကပ်တိုင်ကြီးရဲ့ဖိနှိပ်နိုင်စွမ်းက အရိုးစုစစ်သည်တွေ ပေါ်ကနေ ပျောက်ကွယ်သွားပြီး တခြားတစ်ဖက်မှာတော့ ဘုရားကျောင်းစစ်သည်တွေဟာ သူတို့ရန်သူတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်း ဆုံးရှုံးသွားပါတယ်။

“မင်းသိလား၊ ငါတို့ကို အယ်ဘေးနီးယားတောင်တန်းတွေ ကြားထဲ ဂျာမန်တွေဝိုင်းထားတုန်း ဘယ်လိုဖောက်ထွက်ခဲ့လဲ ဆိုတာကို...”

“ငါ့ရဲ့ဂရိတပ်ရင်းက ဟီကိတ်နတ်ဘုရားမရဲ့ကောင်းချီးနဲ့ မြူတွေကိုအကာအကွယ်ယူပြီး မကောင်းတဲ့ကောင်တွေ လက်ထဲကနေ လွတ်မြောက်လာတာပဲ။”

ဟီကိတ်နတ်ဘုရားမက မှော်ပညာကိုအစိုးရသူဖြစ်ပြီး သာမန်သေမျိုးတွေ မြင်ရကြားရတဲ့အရာတွေကို မြူတွေကနေတစ်ဆင့် ထိန်းချုပ်လှည့်စားနိုင်စွမ်း ရှိနေတဲ့လူတစ်ယောက်ပါ။ ပါစီဗယ်ရဲ့မြူတွေကလည်း အလားတူပဲ လုပ်နိုင်စွမ်းရှိနေတာ နက်ဆန်သတိထားမိတယ်။

ဒေါက်... ဒေါက်... ဒေါက်...

နက်ဆန်ကိုယ်တိုင်ကလည်း မြူတွေကို အားသာချက်အဖြစ် အသုံးချပြီးတော့ ရန်သူ့စစ်တပ်ကြားမှာသွားလာနေတယ်။ သူက တစ္ဆေတစ်ကောင်လိုမျိုး လှုပ်ရှားနေပြီးတော့ ရန်သူ့ စစ်တပ်အလယ်မှာရပ်နေတဲ့ ဆားဗီးရပ်ကို ထင်မထားတဲ့ ဘက်ပေါင်းစုံကနေ စတင်တိုက်ခိုက်လိုက်တယ်။

“အဇင့်ခီ...” တစ်ဖက်မှာတော့ ဆားဗီးရပ်ဟာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး သူ့မျက်လုံးတွေကို မှိတ်ထားရင်း နာမည်တစ်ခုကို ရေရွတ်လိုက်တယ်။ နောက်တော့ သူ့ဓားကို လက်နှစ်ဖက်နဲ့ကိုင်ရင်း ရင်ဘတ်ရှေ့မှာ တည့်မတ်စွာ ထောင်ထားလိုက်တယ်။

ထန်း... ထန်း... ထန်း...

နက်ဆန်က ဆားဗီးရပ်ကို အလစ်အငိုက်တိုက်ခိုက်ဖို့ မြူတွေထဲကနေထွက်လာပြီး ဆားဗီးရပ်ပေါင်ကိုဦးတည်ကာ ဓားနဲ့ပိုင်းတယ်။ ဒါပေမဲ့ဆားဗီးရပ်က ကြိုသိနေပုံပေါ်ပြီး သူ့ဓားကိုလျှောချကာ ကန့်လန့်ဖြတ်တားဆီးလိုက်တယ်။ နက်ဆန်က နောက်တစ်ကြိမ်ဓားကို ဦးတည်ရာပြောင်းပြီး တိုက်ခိုက်လိုက်ပေမဲ့ ဆားဗီးရပ်က သူ့ရဲ့လွတ်နေတဲ့ လည်ပင်းပိုင်းကို ပိုင်းချဖို့ကြိုးစားတဲ့အတွက် ပြန်ခုခံပြီး မြူထဲကို ပြန်ဆုတ်လိုက်ရပြန်ပါတယ်။

“သူ့ရဲ့ကြိုမြင်နိုင်စွမ်း ပျောက်မသွားသေးခင် သူ့ကိုဒဏ်ရာ ရအောင်လုပ်ဖို့ခက်လိမ့်မယ်။”

နက်ဆန်က နှုတ်ခမ်းကိုဖိကိုက်လိုက်တယ်။ သူ့အနေနဲ့ အများကြီးအစွမ်းထက်လာတာတောင်မှ ဆားဗီးရပ်က သိပ်ကိုစွမ်းအားကြီးနေသေးတယ်။ သူ့အနေနဲ့တစ်ဖက်သူကို ဖိအားပေးဖို့ကြိုးစားနေပြီး အသာစီးရနေခဲ့တယ်ဆိုပေမဲ့ တစ်ဖက်လူကလည်း အားကောင်းလွန်းလှပြီးတော့ သူ့ကို တန်ပြန်ဖိအားပေးထားပြန်ပါတယ်။

...

ဝှစ်... ဂှစ်... ဝှစ်.....

နီကိုလက်က သူ့လက်ထဲကလှံကို ကျွမ်းကျင်စွာကစားရင်းနဲ့ သူရင်ဆိုင်နေရတဲ့မော်လီကို အားကုန်တိုက်ခိုက်နေပါတယ်။ လေထဲမှာ လှံရိပ်တွေက ရာဂဏန်းမရှိရင် ဆယ်ဂဏန်းနီးပါး ဖြစ်တည်နေပြီးတော့ လှံချက်တွေကို မြန်မြန်ဆန်ဆန် ထုတ်ဖော်နိုင်စွမ်းရှိတယ်ဆိုတာကို ဖော်ပြနေတယ်။

ထန်း....

ဒါပေမဲ့ရုတ်တရက် သူ့လှံကိုမော်လီက သံချိန်းကြိုးတွေနဲ့ ရစ်ပတ်လိုက်ပြီး အမိအရဖမ်းဆီးလိုက်ပါပြီ။

“နင့်ရဲ့လှံက အစွမ်းထက်တယ်ဆိုရင်တောင် နင်ကိုယ်တိုင်က အားနည်းနေရင်အလကားပဲ။”

“မကောင်းတော့ဘူး....” နီကိုလက်က လှံကိုပြန်ရုပ်ဖို့ ကြိုးစားပေမဲ့ မော်လီကအားကောင်းလွန်းပြီး လှံက နည်းနည်းလေးတောင် ရွေ့မလာဘူး။ ဆန့်ကျင်ဘက် အနေနဲ့မော်လီက သူ့ရဲ့ကြိုးတပ်တံစဥ်နဲ့ဆက်သွယ်ထားတဲ့ သံကြိုးကိုဆောင့်ဆွဲလိုက်တဲ့အခါမှာတော့ နီကိုလက်က အခြေမခိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးမြောက်တက်ကာ လေထဲ ပေါ်လောမျောနေတော့တယ်။

“သခင့်ကို အန္တရာယ်ပေးဖူးသူတိုင်း သေရမယ်။”

မော်လီက တံစဥ်ကိုလမ်းကြောင်းပြောင်းလိုက်ပြီး နီကိုလက်ကို ပိုင်းဖြတ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ တပ်မှူးဂျူလီယာက အပြေးရောက်လာပြီး မော်လီရဲ့လက်ကို ဖမ်းဆွဲကာ နီကိုလက်နားကနေ မော်လီကိုဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့မော်လီက အားကောင်းတဲ့အတွက် ပြန်ခုခံလိုက်တဲ့အချိန်မှာပဲ နောက်ကိုတွန်းထုတ်ခံရတဲ့သူက ဂျူလီယာဖြစ်သွားတယ်။

“အရှင်၊ ဒီမိန်းမကို အရှင်ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်ဘူး။ ဒီမိန်းမရဲ့ခွန်အားက လူသားတွေရောက်နိုင်တဲ့အတိုင်းအတာ ပြင်ပမှာရှိနေတယ်။”

ဂျူလီယာက အံ့ကိုကျိတ်ကာ ခုခံနေရင်းပြောလိုက်တယ်။ မော်လီက သေပြီးသားလူတစ်ယောက်ပါ။ သာမန်လူတွေမှာ ရှိတတ်တဲ့ ခွန်အားအကန့်အသတ်တွေ သူ့မှာရှိမနေပါဘူး။ ဒါကြောင့်စိုးရိမ်စရာမရှိဘဲ သူ့ခွန်အားပြည့်ကို ထုတ်ဖော်လို့ ရနေပါတယ်။

“ဒါဆိုလည်း ကျုပ်က အားနည်းချက်ပေါ်လာသမျှကို တိုက်မယ်။ ခင်ဗျားက အခွင့်အရေးဖန်တီးပေး။”

နီကိုလက်က လှံကိုရေပြင်ညီအတိုင်းကိုင်လိုက်ရင်းနဲ့ ပြောလိုက်တယ်။ ဂျူလီယာကတော့ ခေါင်းညိတ်လိုက်ပြီး တင်းပုတ်ကြီးကိုကိုင်ကာ မော်လီကိုပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်တယ်။ နီကိုလက်က လှံနဲ့တစ်သားတည်း ဖြစ်သွားပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ မော်လီကို အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဲဒီအချိန်မှာပဲ မြူတွေရောက်လာခဲ့ပါတယ်။

မော်လီက ခပ်ဟဟပြုံးလိုက်ပြီး မြူတွေထဲကိုတိုးဝင်ကာ ပျောက်ကွယ်သွားတယ်။

“မနိုင်တော့မှန်းသိလို့ ပြန်ဆုတ်သွားတာလား။” တိုက်ပွဲ အတွေ့အကြုံနည်းသေးတဲ့ နီကိုလက်က ပြောလိုက်တယ်။ ဒါပေမဲ့ ဂျူလီယာကတော့ ပတ်ဝန်းကျင်မှာ ဖုံးလွှမ်းစ ပြုလာပြီဖြစ်တဲ့ မြူခိုးတွေကိုကြည့်ရင်း မျက်နှာစပြီး ပျက်လာပါပြီ။

“မဟုတ်ဘူး၊ သူက မြူခိုးတွေကိုအသုံးချပြီး ကျွန်မတို့ကို အလစ်တိုက်ဖို့ပြင်နေတာ။”

ဝှစ်...

ရုတ်တရက် မထင်ထားတဲ့ထောင့်ကနေ ကြိုးတပ်တံစဥ်ကြီး ပျံသန်းထွက်လာကာ နီကိုလက်ဆီကို ဦးတည်လာပါတယ်။

“သတိထား...” ဂျူလီယာက နီကိုလက်ကိုဖမ်းဆွဲလိုက်တယ်။ ဒါပေမဲ့ ကြိုးတပ်တံစဥ်က လမ်းကြောင်းပြောင်းပြီး နီကိုလက်ဆီ ဦးတည်ထားရာကနေ ဂျူလီယာဘက်ကို ပြောင်းလဲတိုက်ခိုက်တယ်။

ရွှတ်...

ဂျူလီယာရဲ့သံချပ်ကာ မဆိုသလောက် လွတ်ကင်းနေတဲ့ ညာဘက်ပခုံးအောက် ချိုင်းကြားနေရာကို တံစဥ်ထိပ်ချွန်က ထိုးစိုက်သွားပြီး တပ်မှူးကြီးရဲ့မျက်နှာရှုံ့မဲ့သွားရတယ်။

“တခြားတစ်ယောက်ကို ကာကွယ်ပေးနေရင် ရှင့်ကိုယ်ရှင် ကာကွယ်နိုင်တော့မှာ မဟုတ်ဘူးနော်။”

မြူတွေထဲကနေ မော်လီရဲ့အသံထွက်လာပြီး သံကြိုးတွေက စတင်လှုပ်ရှားလာကာ ဂျူလီယာကိုရစ်ပတ်လိုက်ပါပြီ။

“ဂျူလီယာ...” လှံသူတော်စင်နီကိုလက်က သူ့တပ်မှူးအဖို့ စိတ်ပူသွားပြီး အော်ဟစ်ကာ သံကြိုးတွေကို လှံနဲ့ခုတ်ဖြတ်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ သူ့ကြိုးစားအားထုတ်မှုက အရာမထင်သေးခင်မှာပဲ မော်လီက နောက်မှာရောက်နေပြီ ဖြစ်ပြီးတော့ ကြိုးတပ်တံစဥ်ရဲ့တခြားတစ်ဖက်စွန်းမှာ တပ်ဆင်ထားတဲ့ သံဆူးလုံးကို လေထုထဲမှာချာခနဲနေအောင် လှည့်လိုက်တယ်။

“အဲဒါက နင့်အတွက်လည်း အတူတူပဲနော်၊ ကောင်လေး။”

ဘုတ်...

မော်လီက သံဆူးလုံးနဲ့နီကိုလက်ရဲ့မျက်နှာကို ဖြတ်ရိုက် လိုက်တယ်။ လှံသူတော်စင်လည်း ဘယ်လိုမှမဟန်နိုင်ဘဲ မြေပေါ်မှောက်ကျသွားတယ်။ ဂျူလီယာကတော့ အဲဒီမြင်ကွင်းကြောင့် စိုးရိမ်တကြီးနဲ့အော်ဟစ်လိုက်တယ်။

“အရှင်နီကိုလက်...”

...

ဘုရားကျောင်းခန်းမကြီးရဲ့အစွန်ဆုံးတစ်နေရာမှာတော့ မီးတွေလောင်ကျွမ်းထားလို့ မည်းတူးနေပြီး မုန်လာဥကို ဖုတ်ထားသလိုဖြစ်နေတဲ့ ကောင်မလေး အိုလီရာနာက မြေကြီးထဲကနေ ခုန်ထွက်လာပါတယ်။

“အား.... သေလောက်အောင် ပူတယ်ဟ...”

ဘုန်း...

သူထွက်လာတဲ့ မြေလိုဏ်ခေါင်းထဲကနေလည်း မီးတွေ လိုက်ပါထွက်လာပြီးတော့ သူ့ဆံပင်တချို့ကိုလောင်ကျွမ်း သွားစေတဲ့အတွက် အခုပုံစံက အတော်လေးအရှက်ရစရာ ကောင်းနေပါတယ်။

“ပြောသားပဲ... မီးနဲ့ဆိုရင်အဆင်ပြေပါတယ်လို့။” လီချင်းချင်းက သူ့ရဲ့လက်စွဲတော်လှံကြီးကို ဝေ့ယမ်း ကစားရင်းနဲ့ ပြောလိုက်ပါတယ်။

သူ့နောက်ကနေတော့ ဒိုင်းသူတော်စင်ရူဘီက လိုက်လာတယ်။ အိုလီရာနာက စွမ်းအားကြီးပေမဲ့ ဒိုင်းသူတော်စင်နဲ့လီချင်းချင်းပေါင်းပြီး တိုက်ခိုက်တာကို မခံနိုင်ခဲ့ပါဘူး။

“ဒါနဲ့၊ မြူတွေအနီးအနားမှာ ပြန့်လာသလိုပဲ။” ရူဘီက ပြောလိုက်တယ်။

နာတာရှာကတော့ အဲဒီမြူတွေကိုမြင်တာနဲ့ စပ်ဖြီးဖြီး ပြုံးလိုက်ပြီးတော့...

“ဒီမြူတွေက ငါ့သခင်ရဲ့နောက်ဆုံးပေါ်လက်နက်က ထွက်ပေါ်လာတဲ့မြူတွေပဲ။ ဒါတွေကိုအသုံးချပြီး နင်တို့ကို တိုက်မယ်ဆိုရင် နင်တို့နှစ်ယောက်သေပြီပဲ။”

အိုလီရာနာက အဲဒီလိုပြောပြီးနောက် မြူခိုးတွေထဲကို ပြေးဝင်ဖို့ကြိုးစားပေမဲ့ လီချင်းချင်းက သူ့ရှေ့မှာကြိုပြီး ရောက်ရှိနေပြီဖြစ်ကာ မီးတွေတောက်လောင်နေတဲ့လှံကို ဆော့ကစားရင်း လမ်းကိုပိတ်ရပ်လိုက်တယ်။

“ငါက နင့်ကိုသွားခွင့်ပေးမယ်လို့ ထင်နေတာလား။”

ဒိုင်းသူတော်စင်ရူဘီကလည်း သူ့ဒိုင်းအလယ်က အမြုတေကိုထိလိုက်တယ်။ ခပ်ဖျော့ဖျော့အလင်းလွှာ တစ်ခုက သူနဲ့လီချင်းချင်းအနီးတစ်ဝိုက်ကို အလင်းပေး လိုက်ပြီးတော့ မြူတွေကို ထူးဆန်းစွာနဲ့ဖယ်ရှားပစ်ခဲ့တယ်။

“ကံကောင်းစွာနဲ့ ငါ့မှာမှော်စွမ်းအားသက်ရောက်မှုတွေကို ဖယ်ရှားနိုင်တဲ့ ဒိုင်းကောင်းချီးရှိနေတယ်။”

ရူဘီရဲ့စကားအဆုံးမှာ လီချင်းချင်းက ပြုံးလိုက်ပြီးတော့ အိုလီရာနာကို ကောက်ကျစ်တော့မယ့်အပြုံးနဲ့ ကြည့်လိုက် ပါပြီ။

“ကြည့်ရတာ ငါတို့တွေဒီည ဘာဘီကျူ့စားရတော့မယ့်ပုံပဲ။”

အိုလီရာနာရဲ့မျက်လုံးတွေထဲမှာ ချက်ချင်းမျက်ရည်တွေနဲ့ ပြည့်နှက်သွားတယ်။

All Chapters