← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း(၈၂၆)

ကျင့်ယွင်တောင်တန်းသည် အဆုံးမရှိ ကျယ်ပြန့်သော သစ်တောကြီးများဖြင့် ပြည့်နှက်နေသော နယ်မြေ ဖြစ်သည်။

သစ်တော၏အထက်တွင် အပြာရောင် ကောင်းကင်ရှိပြီး လက်ရှိအချိန်တွင် ကောင်းကင်ယံ၌ အခါအားလျော်စွာ ပုံရိပ်အနည်းငယ် ပျံသန်းသွားသည်ကို တွေ့ရသည်။

သူတို့က စူးရှသော မျက်လုံးများဖြင့် လင်းယုန်ငှက်များကဲ့ သို့ အောက်ဘက်ရှိ သစ်တောကို စူးစမ်းကာ တစ်စုံတစ်ရာကို ရှာဖွေနေပုံရ၏။

သို့သော်လည်း အောက်ဘက်ရှိ တောင်တန်းထဲတွင် ကြီးမားသော သစ်ပင်ကြီးများ ပြည့်ကျပ်စွာ ပေါက်ရောက်နေသဖြင့် အလွန်တရာ ဂရုတစိုက် ရှာဖွေခဲ့သည်တိုင် သူတို့ရှာဖွေနေသည့်ပစ်မှတ်ကို မတွေ့သေးပေ။

"အကြီးအကဲ ချမ်ဟဲ.. ဒီကျင့်ယွင်တောင်တန်းမှာ ကျန်းချန်ကဘယ်မှာ ပုန်းရှောင်နေလဲမသိဘူး.. ဒီတိုင်း ရှာဖွေနေရင် သူ့ကိုတွေနိုင်တဲ့ အလားအလာက သုညနီးပါးပဲ.. ဆက်ပြီး ရှာဖွေမယ်ဆိုရင် ကျင့်ယွင်တောင်ရဲ့ တောနက်ထဲက အန္တရာယ်ရှိတဲ့ နယ်မြေထဲကို ဝင်ရောက်ရှာမှပဲ ဖြစ်တော့မယ် "

ကောင်းကင်ယံရှိ လေထုထဲတွင် လူငါးယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဖြေးညင်းစွာ ပျံသန်းသွားကြသည်။

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးသည် အောက်ဘက်ရှိ ကျင့်ယွင်တောင်တန်းကို လှမ်းကြည့်ကာ သူတို့လူစုကို ဦးဆောင်နေသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို လှမ်းပြောလိုက်သည်။

"ရှေ့ကိုဆက်မသွားကြနဲ့ဦး ဒီအနီးအနား တဝိုက်မှာပဲ အရင်ဆုံး ရှာဖွေကြမယ် "

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျင့်ယွင်တောင် တန်း၏ တောနက်ထဲကို လှမ်းကြည့်၍ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် အလွန်အမင်း သတိထားနေသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ကျင့်ယွင်တောင်တန်း၏ တောနက်ထဲတွင် တားမြစ်နယ်မြေတစ်ခု ရှိသည်။

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဝင်ရောက်သွားလျှင်ပင် ထိုအထဲ၌ အခန့်မသင်လျှင် သေဆုံးသွားနိုင်၏။

ထို့ကြောင့် အနက်ရောင် ဝတ်စုံဝတ် အဘိုးအိုသည် ကျင့်ယွင်တောင်တန်း၏ တောနက်ထဲကို ဝင်ရောက်ရန် မစဥ်းစားသည်မှာ သဘာဝကျပေသည်။

ဤတစ်ခေါက်တွင် ရှချန်ယွင်သည် ကျန်းချန်ကို ဖမ်းဆီးရန်အတွက် ရှမိသားစု၏ အင်အား အလုံးအရင်းကို အသုံးပြု၍ ကျင့်ယွင်တောင်ဆီ ချီတက်လာသည်ကို အဘိုးအို ချမ်ဟဲ သည် သဘောမကျခဲ့ပေ။

ကျင့်ယွင်တောင်တန်း၏ တားမြစ်နယ်မြေ အပြင်ဘက်ကို ရှာဖွေစစ်ဆေးသည်က အဆင်ပြေသော်လည်း တောနက်ထဲကို သူက အန္တရာယ်အဖြစ်ခံပြီး မည်ကဲ့သို့ ဝင်ရောက်နိုင်ပါမည်နည်း။

ရှချမ်ဟဲက ရှေ့ဆက် မသွားတော့ဘဲ သူ့နောက်မှ လူအနည်းငယ်ကို အမိန့်ပေးကာ ကျင့်ယွင်တောင်၏ တားမြစ်နယ်မြေအပြင်ဘက်တွင် ဆက်လက် ရှာဖွေနေခဲ့သည်။

ရှချမ်ဟဲသည် ကျင့်ယွင်တောင်တန်း၏ တောနက်ထဲကို ဝင်ရောက်ဖို့ မရည်ရွယ်ထားသော်လည်း ကျန်းချန်ကို ရှာဖွေရာတွင်မူ ပျင်းရိမနေခဲ့ပေ။

အဆုံးသတ်တွင် ကျင့်ယွင်တောင်တန်းထဲ၌ ပြင်ပကမ္ဘာတွင် ရှာဖွေရခက်ခဲသော အလွန်ရှားပါးသည့် ရတနာ အများအပြား ရှိသည်။

ကံကောင်းလျှင် တန်ဖိုးရှိသော ရတနာများစွာကို ရရှိနိုင်မည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူတို့သည် ကျင့်ယွင်တောင်တန်းကို ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်ကို ရှာမတွေ့ခဲ့လျှင်ပင် ရတနာတစ်ခု နှစ်ခုမျှ ရှာတွေလျှင် မဆိုးလှပေ။

"ဒါက ဘာကြီးလဲ"

ပတ်ဝန်းကျင်ကို ဖြေးညင်းစွာ စူးစမ်းရှာဖွေရင်း ရှချမ်ဟဲသည် အဆုံးသတ်တွင် တစ်စုံတစ်ရာကို တွေ့ရှိသွားခဲ့ပြီး ပါးစပ်ကနေ တအံ့တသြ ရေရွတ်လိုက်သည်။

"အကြီးအကဲချမ်ဟဲ ဘာဖြစ်လို့လဲ "

ရှချမ်ဟဲ၏ အမူအရာ ထူးဆန်းနေသည်ကိုမြင်လျှင် သူ့နောက်မှ ရှမိသားစု၏ ကျင့်ကြံသူ လေးယောက်သည်လှမ်းကြည့်လိုက်ကြသည်။

"ရှေ့မှာ ထူးဆန်းတဲ့ နေရာတစ်ခု ရှိနေပုံရတယ်.. ငါတို့ အောက်ကို ဆင်းပြီး ကြည့်ကြစို့.. မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရလာနိုင်တယ်"

ရှချမ်ဟဲက စကားဆုံးသည်နှင့် ရှမိသားစုမှ ကျင့်ကြံသူ လေးယောက်ကို ဦးဆောင်ကာ အရှေ့ဘက်ရှိ သစ်တောဆီသို့ သွားခဲ့သည်။

သူတို့အုပ်စု အလျင်အမြန် ဆင်းလာပြီး မကြာခင်မှာပင် အရှေ့ဘက်ရှိ သစ်တောထဲမှ လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုချိုင့်ဝှမ်းသည် အချင်းမီတာ ၁၀၀ ခန့်ရှိပြီး ချိုင့်ဝှမ်း၏ အလယ် ကောင်းကင်ယံ တစ်ခုလုံးတွင် ထူးဆန်းသော စွမ်းအင်တစ်ခုက ဖုံးလွှမ်းထားပုံရပြီး လူအများကို ချိုင့်ဝှမ်းထဲရှိ အခြေအနေအား မမြင်သာအောင် ဖြစ်စေခဲ့သည်။

"အကြီးအကဲချမ်ဟဲ ဒီချိုင့်ဝှမ်းက နည်းနည်း ထူးဆန်းနေတယ်"

သူ့ရှေ့မှ ချိုင့်ဝှမ်းကိုကြည့်ရင်း ရှမိသားစု၏ ကျင့်ကြံသူ တစ်ဦးသည် အံ့သြသော အမူအရာဖြင့် ပြောလိုက်သည်။

"တကယ်ကို ထူးဆန်းနေတာတော့ အမှန်ပဲ.. ချိုင့်ဝှမ်းထဲက အခြေအနေတွေကို ဖုံးကွယ်ချင်လို့ လူတချို့က မှော်အစီအရင်တွေကို အသုံးပြုထားတဲ့ပုံပဲ.. ငါတို့တွေ ဒီချိုင့်ဝှမ်းထဲမှာ အခွင့်အလမ်းတွေ ရနိုင်မယ်ထင််တယ် "

ရှချမ်ဟဲက ပြုံး၍ ပြောလိုက်သည်။

သူ၏ စကားကိုကြားလျှင် ရှမိသားစု၏ ကျင့်ကြံသူလေးယောက်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့၏။

ဤချိုင့်ဝှမ်းထဲတွင် ရတနာတစ်စုံတစ်ရာ ဝှက်ထားခြင်း ဖြစ်နိုင်ပါသလော။

အခန်း(၈၂၆)ပြီး၏။

အခန်း(၈၂၇)

"အကြီးအကဲချမ်ဟဲ.. ဘာကိုစောင့်နေတာလဲ.. အစီအရင်ကို မြန်မြန် ဖျက်ဆီးလိုက်စို့ "

ရှမိသားစု၏ ကျင့်ကြံသူတစ်ဦးက အလျင်အမြန် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ရှချမ်ဟဲ၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"မင်းအရင် တိုက်ခိုက်ပြီး အစီအရင်ရဲ့ အခြေအနေကို စမ်းသပ်ကြည့်"

ကျင့်ယွင်တောင်တွင် မရေမတွက်နိုင်သော အခွင့်အလမ်းများရှိသလို အလွန်ကြီးမားသော အန္တရာယ်များလဲ ရှိသည်။

ထို့ကြောင့် ရှချမ်ဟဲသည် အမြဲလိုလို သတိမပြတ်ထားနေခဲ့၏။

သူ့အနေဖြင့် ချိုင့်ဝှမ်းထဲမှ အခြေအနေကို မသိဘဲ အလျင်စလို လှုပ်ရှားမည် မဟုတ်ပေ။

ရှချမ်ဟဲထံမှ အမိန့်ကို ရရှိပြီးနောက်တွင် ရှမိသားစုမှ ကျင့်ကြံသူသည် ချိုင့်ဝှမ်းနှင့် မီတာအနည်းငယ် အကွာတွင် နေရာယူကာ သူ၏ အသက်စွမ်းအင်ကို အသုံးပြု၍ အစီအရင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

သို့သော်လည်း ရှမိသားစုမှ ကျင်ကြံသူ၏ လက်သီးချက်သည် ချိုင့်ဝှမ်းအထက်ရှိ အစီအရင်ကို မထိမှန်သေးခင်မှာပင် ထူးဆန်းသော မီးတောက် တစ်ခုသည် ချိုင့်ဝှမ်းထဲကနေ ထွက်လာခဲ့သည်။

အလွန်ပူပြင်းသော အရှိန်အဝါရှိသည့် ထူးဆန်းသော မီးတောက်သည် ရှမိသားစုမှ ကျင်ကြံသူ၏ လက်သီးခွန်အားနှင့် ထိပ်တိုက် ဆုံမိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှမိသားစုမှ ကျင့်ကြံသူ၏ ပြင်းထန်သော လက်သီးစွမ်းအားသည် ထူးဆန်းသော မီးတောက်၏ သက်ရောက်မှုအောက်တွင် ပျောက်ကွယ်သွားသည်ကို အားလုံးက တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဧရာမအရွယ်အစား ရှိသည့် မီးလျှံသားရဲကြီးသည် ချိုင့်ဝှမ်းထဲကနေ ဖြေးညင်းစွာ လှမ်းထွက်လာခဲ့၏။

"ဒါ ဒါက မီးလျှံသားရဲ မဟုတ်လား"

ချိုင့်ဝှမ်းကနေ ထွက်ပေါ်လာသည့် မီးလျှံသားရဲကို မြင်လျှင် ရှချမ်ဟဲ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့သည်။

မီးလျှံသားရဲ ဆိုသည်မှာ အလွန်ရှားပါးသည့် ဆဌမအဆင့် ရှေးဟောင်း သားရဲ ဖြစ်သည်။

အရွယ်ရောက်ပြီးသော မီးလျှံသားရဲ တစ်ကောင်၏ အင်အားသည် စွမ်းအင်သိပ်သည်းခြင်း န၀မအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်၏။

ပို၍ အရေးကြီးသည်မှာ ရှေးဟောင်း နတ်သားရဲ၏ သွေးစွမ်းအားသည် မီးလျှံသားရဲ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းပင်။

ထိုသွေးစွမ်းအားကိုသာ လှုံ့ဆော်နိုင်လျှင် မီးလျှံသားရဲသည် အကန့်အသတ်ကို ကျော်လွန်ပြီး နတ်ဝိညာဥ်ဘုရင်နှင့်ပင် ယှဥ်နိုင်သည့် သတ္တမအဆင့် ရှေးဟောင်းသားရဲ ဖြစ်လာနိုင်ပေသည်။

သူတို့က ဤနေရာတွင် မီးလျှံသားရဲ တစ်ကောင်နှင့် အမှန်တကယ် တွေ့ရလိမ့်မည်ဟု ရှချမ်ဟဲ မမျှော်လင့်ထားခဲ့ပေ။

ကြည့်ရသည်မှာ ချိုင့်ဝှမ်းအထက်ရှိ အစီအရင်နှင့် ဤမီးလျှံသားရဲသည် ချိုင့်ဝှမ်းထဲမှ တစ်စုံတစ်ရာကို ကာကွယ်ဖို့ ဖြစ်ပုံရသည်။

"အကြီးအကဲချမ်ဟဲ.. ဒီမီးလျှံသားရဲက ချိုင့်ဝှမ်းရဲ့ အစောင့်အရှောက်သားရဲ ဖြစ်ပုံရတယ်.. ကြည့်ရတာ ချိုင့်ဝှမ်းထဲမှာ ထူးဆန်းတဲ့အရာ တစ်ခုခု ရှိနေပုံပဲ"

မီးလျှံသားရဲ ပေါ်ထွက်လာသောအခါ ရှမိသားစုမှ ကျင့်ကြံသူများသည် လုံးဝ မကြောက်ရွံ့ခဲ့ကြပေ။

ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ မျက်လုံးထဲတွင် လောဘ၏ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"မင်းတို့ လေးယောက်ပူးပေါင်းပြီး အစီအရင်ကို ဖျက်ဆီးကြ.. ငါက ဒီမီးလျှံသားရဲကို ကိုင်တွယ်လိုက်မယ် "

ရှချမ်ဟဲက အပိုစကားများ မပြောတော့ပေ။

ရှမိသားစုမှ ကျင်ကြံသူ လေးယောက်ကို တိုက်ရိုက် အမိန့်ပေးပြီးသည်နှင့် ချက်ချင်းဆိုသလို မီးလျှံသားရဲ ဆီသို့ ပြေးဝင်သွားခဲ့သည်။

ယခုအခါတွင် ကျန်းချန်ကို ဖမ်းဆီးရန်အတွက် ကျင့်ယွင်တောင်တန်းထဲကို လူအများအပြား ဝင်ရောက်လာကြပြီ ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် အစီအရင်ကို အလျင်အမြန် ဖျက်ဆီးပြီး ချိုင့်ဝှမ်းထဲရှိ လျှို့ဝှက်ချက်ကို အမြန်ဆုံး ဖော်ထုတ်မှသာ ဖြစ်ပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ အခြားသူများ ဤနေရာကို သိသွားခဲ့လျှင် အနည်းငယ် အခက်အခဲ တွေ့ရလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်တွင် မီးလျှံသားရဲသည် ရှချမ်ဟဲကို လှမ်းကြည့်လိုက်ပြီး ကောင်းကင်ယံကိုပင် တုန်လှုပ်စေသည့် အော်သံတစ်သံကို အော်ဟစ်ကာ ပါးစပ်ကို ဟလိုက်ရာ မီးတောက်တစ်ခုသည် ရှချမ်ဟဲ ဆီသို့ ဦးတည်သွားခဲ့သည်။

"ဟားဟား.. မင်းရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်နေတယ် ဆိုရင်တော့ ငါမင်းကို ကြောက်ရလိမ့်မယ်.. ဒါပေမဲ့ အခုချိန်မှာ မင်းက ဆဋ္ဌမအဆင့် သားရဲ မဟုတ်သေးတဲ့ အတွက် ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး "

ရှချမ်ဟဲက အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မီးလျှံသားရဲ မှုတ်ထုတ်လိုက်သည့် မီးတောက်ကို ရိုက်ချလိုက်သည်။

သူက မီးလျှံသားရဲ၏ မီးတောက်ကို ငြိမ်းသတ်ပြီးနောက်တွင် မီးလျှံသားရဲကို ထူးဆန်းသော စွမ်းအင်တစ်ခုဖြင့် ချုပ်နှောင်ရန် ကြိုးစားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မီးလျှံသားရဲ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိမှော်ဆန်သော အနီရောင်အလင်းသည် တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင် တစ်ခုသည် တစ်ဟုန်ထိုး ထွက်ပေါ်လာကာ ရှချမ်ဟဲ၏ ချုပ်နှောင်ထားသော အင်အားကို ချက်ချင်းဆိုသလို ပျောက်ကွယ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် အေးစက်ပြီး ကြမ်းတမ်းသော အသံတစ်သံသည် လေထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"မင်းတို့ ရှာနေတဲ့အရာက ဒီနေရာမှာမရှိဘူး.. အခုချက်ချင်း မထွက်သွားရင် ဒီနေရာမှာပဲ မင်းတို့အားလုံး သေရလိမ့်မယ် "

အခန်း(၈၂၇)ပြီး၏။

အခန်း(၈၂၈)

"ဝိုး.. ဒီမီးလျှံသားရဲက စကားတောင် ပြောနိုင်တယ်လား "

မီးလျှံသားရဲ၏ နှုတ်ကနေ ထွက်ပေါ်လာသော စကားသံကို

ကြားလျှင် ရှချမ်ဟဲတို့ လူစုသည် မှင်တက်သွားခဲ့သည်။

ယေဘုယျအားဖြင့် သားရဲအများစုသည် သတ္တမအဆင့်ကို ရောက်မှသာ စကားပြောနိုင်ကြသည်။

ထူးခြားသော သွေးစွမ်းအားများ ပါဝင်သည့် ရှေးဟောင်းသားရဲ အချို့ပင် ဆဋ္ဌမအဆင့်ကို ရောက်ရှိမှသာ စကားပြောနိုင်ကြ၏။

သို့သော်လည်း သူတို့အရှေ့မှ မီးလျှံသားရဲကမူ ဆဋ္ဌမအဆင့်ကို မရောက်သေးသည့်တိုင် ထိုစွမ်းအင်ကို ရရှိနေခဲ့ပြီ မဟုတ်ပါလား။

"သွေးစွမ်းအား နိုးထလာတာပဲ.. ဒီမီးလျှံသားရဲက သွေးစွမ်းအား အနည်းဆုံး တစ်ကြိမ်လောက် နိုးထပြီးတဲ့ပုံပဲ"

မီးလျှံသားရဲသည် ရှေးဟောင်းနတ်သားရဲ၏ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ပဥ္စမအဆင့်ဖြင့် စကားပြောနိုင်ရန် မဖြစ်နိုင်ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ မီးလျှံသားရဲသည် သွေးစွမ်းအား တစ်ကြိမ် နိုးထခဲ့ပြီးပြီ ဖြစ်ပုံရ၏။

ဤအတိုင်းသာဆိုလျှင် သူတို့ရှေ့မှ မီးလျှံသားရဲ၏ အလားအလာသည် အလွန်ပင် ကြီးမားပြီး အနာဂတ်တွင် အနည်းဆုံး နတ်ဝိညာဥ်ဘုရင်နှင့် နှိုင်းယှဥ်နိုင်သည့် သတ္တမအဆင့် သားရဲဘုရင် အဖြစ် ကြီးပြင်းလာနိုင်၏။

နတ်သန္ဓေအင်ပါယာနှင့် ယှဥ်နိုင်သည့် အဋ္ဌမအဆင့် သားရဲ အင်ပါယာပင် မဖြစ်နိုင်ဟု ဆို၍မရပေ။

"မီးလျှံသားရဲ.. မင်းက ဆဋ္ဌမအဆင့်ကို မရောက်သေးပေမဲ့ စကားပြောနိုင်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက ငါ့ကို နည်းနည်းတော့ အံ့အားသင့်စေတယ်"

"မင်းကို အခွင့်ရေးတစ်ခုပေးမယ်.. မင်းအနေနဲ့ ငါ့တို့ကို အညံ့ခံဖို့ ဆန္ဒရှိမယ်ဆိုရင် ငါတို့တွေ မင်းကို မသတ်တော့ဘူး "

ဤအချိန်တွင် မီးလျှံသားရဲကို စူးရှစွာ စိုက်ကြည့်နေသော ရှချမ်ဟဲ၏ မျက်လုံးထဲတွင် အလွန် လောဘတက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ မီးလျှံသားရဲ၏ သွေးစွမ်းအားသည် သာမန်မီးလျှံ သားရဲများထက် အဆများစွာ သာလွန်၏။

ဤမီးလျှံသားရဲကို သိမ်းသွင်းပြီး ကြီးပြင်းလာသည်အထိ စောင့်ဆိုင်းမည် ဆိုလျှင် နတ်ဝိညာဥ်ဘုရင် အဆင့်နှင့် ယှဥ်နိုင်သည့် ကျင့်ကြံသူ တစ်ယောက်ကို ပိုင်ဆိုင်ထားသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။

ရှချမ်ဟဲ၏ စကားကို ကြားလျှင် မီးလျှံသားရဲသည် ရှချမ်ဟဲကို မထီမဲ့မြင် လှမ်းကြည့်ကာဘမေးလိုက်သည်။

"အဘိုးကြီး မင်းက ဘာကောင်မို့ ငါ့ကို အညံ့ခံစေချင်တာလဲ"

"မင်းက ငါတို့ကို အညံ့မခံချင်ဘူးပေါ့ ဟုတ်လား.. ဒါဆိုလဲ မင်းအညံ့ခံလာတဲ့အထိ ငါမင်းနဲ့ တိုက်ခိုက်ရသေးတာပေါ့"

ရှချမ်ဟဲ၏ အမူအရာက အေးစက်သွားပြီး သူ့ထံကနေ သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့်၏ အရှိန်အဝါသည် အစွမ်းကုန်ပေါက်ကွဲထွက်လာခဲ့သည်။

သူက ကြောက်မက်ဖွယ် ကောင်းသော လက်ဝါးရိုက်ချက်ဖြင့် မီးလျှံသားရဲကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

မီးလျှံသားရဲက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်သည်းကို ဝှေ့ရမ်းလိုက်ကာ ထူးဆန်းသော အနီရောင် မီးတောက်တစ်ခုသည် ရှချမ်ဟဲ ဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားခဲ့၏။

မီးလျှံသားရဲသည် ပဥ္စမအဆင့် အထွတ်အထိပ် သားရဲ အဆင့်တွင် ရှိသည်။

သူ၏အင်အားကြီးမားသော သွေးစွမ်းအားကို အားကိုးမည် ဆိုလျှင် သိုင်းသခင်နယ်ပယ် အစောပိုင်း အဆင့် ကျင့်ကြံသူများနှင့် အပြည့်အဝ ယှဥ်ပြိုင်နိုင်မည် ဖြစ်၏။

သို့သော်လည်း မီးလျှံသားရဲသည် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့်ကို ရောက်ရှိနေသည့် ရှချမ်ဟဲကိုမူ ရင်မဆိုင်နိုင်ခဲ့ပေ။

သူ၏ သွေးစွမ်းအားက တဖြည်းဖြည်း အားနည်းလာသည်နှင့်အမျှ မီးလျှံသားရဲသည် အဆုံးသတ်တွင် ရှချမ်ဟဲ၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်က ရှချမ်ဟဲ၏ လက်ဝါးရိုက်ချက်ဖြင့် မီတာအတော် ဝေးဝေးသို့ လွင့်စင်သွားခဲ့သည်။

ချက်ချင်းဆိုသလို မီးလျှံသားရဲက ရှက်ရွံ့သော အမူအရာဖြင့် မြေပြင်ကနေ ရုန်းထလာခဲ့ပြီး ရှချမ်ဟဲကို အပြင်းအထန် စိုက်ကြည့်လိုက်သည်။

"မီးလျှံသားရဲ မင်းမှာ ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်.. ငါ့ကို အညံ့ခံမလား အသေခံမလား"

ရှချမ်ဟဲက သူ၏ လက်ဝါးရိုက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရထားသော မီးလျှံသားရဲကို လှမ်းကြည့်နေခဲ့၏။

ဤအချိန်တွင် သူ၏ အမူအရာသည် အလွန်ပင် အေးစက်စက်ဖြစ်နေခဲ့သည်။

ရှချမ်ဟဲက မီးလျှံသားရဲကို ခြိမ်းခြောက်ခဲ့သော်လည်း မီးလျှံသားရဲသည် ရှချမ်ဟဲကို မထီမဲ့မြင် စိုက်ကြည့်ကာ မေးလိုက်သည်။

"အဘိုးကြီး မင်းက ငါ့ရဲ့သခင် ဖြစ်ဖို့ အရည်အချင်းရှိတယ် ထင်နေလား"

"သားရဲကများ လူပါးဝလို့ သွားသေလိုက်စမ်း"

ရှချမ်ဟဲက ဒေါသအိုး ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားများကို စုစည်းကာ မီးလျှံသားရဲကို ရိုက်ချလိုက်သည်။

သို့သော်လည်း ရှချမ်ဟဲ၏ လက်ဝါးက မီးလျှံသားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် မီးလျှံသားရဲ၏ အနောက်ဘက်ရှိ ချိုင့်ဝှမ်းထဲကနေ ဧရာမဓားရိပ် တစ်ခုသည် ချက်ချင်းဆိုသလို ကောင်းကင်ထက်သို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရှချမ်ဟဲ၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။

ထို့နောက်တွင် အေးစက်သော အသံတစ်သံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း ပဲ့တင်ထွက်သွားခဲ့သည်။

"အဘိုးကြီး.. ငါ့မီးလျှံသားရဲရဲ့ အမွေးတစ်ပင်ကို ထိခိုက်မိရင်တောင် မင်းဒီနေရာမှာ သေရလိမ့်မယ်"

အခန်း(၈၂၈)ပြီး၏။

All Chapters