← Chapters

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း(၈၃၅)

ရှချမ်းဟယ်က ဆဋ္ဌမအဆင့် အစောပိုင်းသားရဲ ဖြစ်သည့် အနက်ရောင်မြွေကို အလွယ်တကူ သတ်ပစ်ပြီးနောက်တွင် မြွေ၏ အမြုတေကို ယူလိုက်သည်။

ထို့နောက် သူက ကျန်ရှိသည့် မြွေတစ်ကောင်ကို လှမ်းကြည့်လိုက်ရာ ထိုမြွေသည်လည်း ရှမိသားစုမှ ကျင့်ကြံသူ ဆယ်ကျော်၏ တိုက်ခိုက်မှုကြောင့် အလူးအလဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤနေရာတွင်သာ ကျန်းချန်ရှိနေလျှင် ရှမိသားစုမှ ကျင့်ကြံသူများ ဝိုင်းရံထားသော မြွေကို မြင်လျှင် အံ့အားသင့်သွားလိမ့်မည်မှာ သေချာ၏။

အဘယ့်ကြောင့်ဆိုသော် ထိုပဥ္စမအဆင့် အနက်ရောင်မြွေသည် ကျန်းချန်နှင့် မီးလျှံသားရဲတို့ လှိုဏ်ဂူကနေ မောင်းထုတ်ခဲ့သည့် အနက်ရောင်မြွေ ဖြစ်နေသောကြောင့်ပင်။

ယခုအခါတွင် ပဥ္စမအဆင့် အနက်ရောင်မြွေသည် သွေးအန်ချင်လောက်သည်အထိ စိတ်ဓာတ်ကျနေခဲ့သည်။

မီးလျှံသားရဲ၏ အတင်းအကြပ် နှင်ထုတ်ခြင်းကို ခံရပြီးနောက်တွင် သူသည် ဆဋ္ဌမအဆင့် အနက်ရောင်မြွေ၌ ခိုလှုံရန်ရောက်လာခဲ့သည်။

မထင်ထားခဲ့သည်မှာ သူ့ထက် အဆများစွာ ပိုမို အားကောင်းသည့် ဆဋ္ဌမအဆင့် အနက်ရောင်မြွေသည် ထိုလူစု၏ လက်ထဲတွင် အသတ်ခံခဲ့ရခြင်း ဖြစ်၏။

ထိုလူစုထဲတွင် အင်အားအကောင်းဆုံးလူမှာ ဆံဖြူ အဘိုးအို ဖြစ်သည်။

သူအသိအမှတ်ပြုထားသည့် အနက်ရောင်မြွေ အကြီးအကဲကိုပင် ဆံဖြူ အဘိုးအိုက အလွယ်တကူပင် သတ်ဖြတ်လိုက်သည် မဟုတ်ပါလော။

"သူ့ကိုအရှင်ပဲ ဖမ်းလိုက်...ရှခွင်းကို ယဥ်ပါးစေပြီးတော့ ဟိုကောင်လေး ကျန်းချန် ဘယ်မှာလဲဆိုတာ မေးစမ်းကြည့်ရမယ် "

ပဥ္စမအဆင့် အနက်ရောင်မြွေကို ကြည့်ရင်း ရှချမ်းဟယ်က ပေါ့ပါးစွာ ပြောလိုက်သည်။

ရှချမ်းဟယ်၏ စကားကိုကြားလျှင် ရှမိသားစုမှ ရှခွင်းဟု ခေါ်သည့် လူငယ်လေးသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် အနက်ရောင်မြွေကို ရင်ဆိုင်ရန် ထွက်လာခဲ့သည်။

ရှခွင်းက သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောမြွေကို ကြည့်ရှုလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘက်နားတွင် ကပ်ကာ လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်ပြီးနောက် မြွေ၏ ဦးခေါင်းကို လက်ဖြင့် ဖိထားလိုက်သည်။

ဤတစ်ခေါက်တွင် ကျန်းချန်ကို အမိဖမ်းရန် အတွက် ရှချန်ယွင်သည် သူ၏ ငွေကြေးများကိုပါ နှမြောခြင်းမရှိဘဲ သုံးစွဲခဲ့သည်။

သူက ကျန်းချန်ကို လိုက်ခံဖမ်းဆီးသည့် အဖွဲ့တစ်ဖွဲ့စီတွင် လမ်းတစ်လျှောက်၌ တွေ့ရသည့် သားရဲများအား ရင်ဆိုင်ရန်အတွက် သားရဲသခင်တစ်ဦးစီကို ထည့်ပေးခဲ့သည်။

သူ့ရှေ့မှ ရှခွင်းဟု ခေါ်သည့် လူငယ်သည် ရှချမ်းဟယ်၏ အဖွဲ့မှ သားရဲသခင်တစ်ယောက် ဖြစ်သည်။

ရှခွင်း၏ သားရဲသခင် အဆင့်သည် ပဥ္စမအဆင့် ဖြစ်သည်။

သာမာန်ဆိုရင် ရှခွင်းအတွက် ဤပဥ္စမအဆင့် နှောင်းပိုင်းတွင် ရှိသည့် အနက်ရောင်မြွေသည် ယဥ်းပါးဖို့ လွယ်ကူမည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် အနက်ရောင်မြွေသည် ဒဏ်ရာအပြင်းအထန် ရရှိကာ သေလုမြောပါး ဖြစ်နေ၍ ရှခွင်းကို မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့် ရှခွင်းသည် ဤပဥ္စမအဆင့် အနက်ရောင်မြွေကို ထိန်းချုပ်ရန် ခွန်အားများစွာ အသုံးမပြုလိုက်ရပေ။

အနက်ရောင်မြွေကို ထိန်းချုပ်ပြီးနောက်တွင် ရှခွင်းသည်မြွေ၏ စိတ်ထဲမှ မှတ်ဉာဏ်ကို အလျင်အမြန် ဖတ်ရှုလိုက်သည်။

ထို့နောက်တွင် သူ၏ မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲ.. ကျန်းချန်ကို ရှာတွေ့ပြီ"

ရှခွင်းက ရုတ်တရက် စိတ်လှုပ်ရှားသော အမူအရာဖြင့် ရှချမ်းဟယ်ကို ပြောလိုက်သည်။

"ဒီအနက်ရောင်မြွေရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်းချန်နဲ့ ပတ်သက်ပြီး သဲလွန်စ တကယ်ပဲ ရှိနေတယ်"

ရှချမ်းဟယ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားခဲ့သည်။

"ဒီအနက်ရောင်မြွေက ဟိုကောင်လေး ကျန်းချန်ကို တကယ်ပဲ မြင်လိုက်တာလား "

"ဒီပဥ္စမအဆင့် အနက်ရောင်မြွေက မိုင် ၃၀၀ အကွာက ဂူတစ်ဂူမှာ နေထိုင်ခဲ့တယ်.. လွန်ခဲ့တဲ့ ဆယ်ရက်လောက်မှာ မီးလျှံသားရဲတစ်ကောင်က လူတစ်ယောက်ကို ခေါ်လာခဲ့ပြီး သူ့ရဲ့ လှိုဏ်ဂူကို သိမ်းပိုက်လိုက်တဲ့ အတွက် သူက ဒီဆဋ္ဌမအဆင့် အနက်ရောင်မြွေရဲ့ နယ်မြေထဲကို ရောက်လာခဲ့တာပဲ "

ရှခွင်းက စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။

"ဒီလျှို့ဝှက်ဆန်းကြယ် အနက်ရောင်မြွေရဲ့ မှတ်ဉာဏ်ထဲက ပုံပန်းသဏ္ဍာန်က ကျန်းချန်နဲ့ တစ်ထပ်ထဲပဲ"

"ဒါဆိုလည်း ငါတို့ချက်ချင်း အနက်ရောင်မြွေရဲ့ လှိုဏ်ဂူကို လိုက်သွားကြစို့ "

ရှချမ်းဟယ်က ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

ထိုကောင်လေး ကျန်းချန်သည် အနက်ရောင်မြွေ၏ လှိုဏ်ဂူကို သိမ်းပိုက်ထားပြီး လှိုဏ်ဂူထဲတွင် ဒဏ်ရာများကို ကုသနေသည်မှာ သေချာသလောက် ဖြစ်သည်။

သူတို့ အခုနေ လိုက်သွားလျှင် ထိုကောင်လေးသည် လှိုဏ်ဂူထဲမှ မထွက်လောက်သေးပေ။

ရှချမ်းဟယ်သည် ရှချန်းယွင် ထံကနေ ရှမိသားစု၏ ကံကြမ္မာအကြောင်းကို သိထားခဲ့ပြီ ဖြစ်၏။

ယခု သူ့တွင် ကျန်းချန်၏ သဲလွန်စကို ရရှိနေပြီ ဖြစ်ရာ မည်သည့်နည်းနှင့် မဆို ထိုကောင်လေး ကျန်းချန်ကို လုံးဝ ချေမှုန်းပစ်ရမည် မဟုတ်ပါလော။

အခန်း(၈၃၅)ပြီး၏။

အခန်း(၈၃၆)

"အကြီးအကဲ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ"

ရှခွင်းက အပိုစကားများ မပြောတော့ဘဲ လျှို့ဝှက်ဆန်းကြယ်သော မြွေ၏ မှတ်ဉာဏ်ကို တိုက်ရိုက် ဖတ်ရှုပြီးနောက်တွင် ရှချမ်းဟယ်တို့ လူစုကို အရှေ့ကနေလမ်းပြကာ အလျင်အမြန် ထွက်သွားခဲ့သည်။

မိုင်သုံးရာ အကွာအဝေးသည် စွမ်းအင်သိပ်သည်းခြင်း အထွတ်အထိပ် ကျင့်ကြံသူများအတွက် သိပ်မဝေးပေ။

နာရီဝက် မပြည့်ခင်လေးမှာပင် ရှခွင်း၏ လမ်းပြမှု အောက်တွင် သူတို့အဖွဲ့သည် အနက်ရောင်မြွေ၏ မှတ်ဉာဏ်ထဲတွင် တွေ့ခဲ့ရသည့် လျှို့ဝှက်လှိုဏ်ဂူသို့ ရောက်လာခဲ့၏။

"အကြီးအကဲ ဒီနေရာပဲ"

ရှခွင်းက မီတာတစ်ရာ အကွာရှိ မှောင်မိုက်နေသော လှိုဏ်ဂူကို လက်ညှိုးထိုးပြလိုက်သည်။

"ဝင်ပြီး သွားကြည့်ကြစို့"

စကားဆုံးသည်နှင့် ရှချမ်းဟယ် တို့လူစုက လှိုဏ်ဂူအဝကိုဦးတည်သွားခဲ့၏။

သို့သော် ရှချမ်းဟယ်တို့ လူစု လှိုဏ်ဂူထဲ ဝင်တော့မည့် အချိန်မှာပင် ကြီးမားတဲ့ မီးလျှံ အနီရောင် အရိပ်တစ်ခုသည် ဘေးဘက်ရှိ သစ်တောထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မီးလျှံသားရဲပါလား"

ရုတ်တရက် ထွက်ပေါ်လာသည့် မီးလျှံသားရဲကို မြင်လျှင် ရှချမ်းဟယ် ခဏမျှ အံ့အားသင့်သွားခဲ့၏။

မကြာခင်မှာပင် သူ့မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အနက်ရောင်မြွေ၏ မှတ်ဉာဏ်ထဲတွင် ကျန်းချန်သည် မီးလျှံသားရဲ တစ်ကောင်နှင့်အတူ ဤလှိုဏ်ဂူကို သိမ်းပိုက်ခဲ့သည်။

သို့ဖြစ်ရာ ယခု မီးလျှံသားရဲ ဤနေရာတွင် ပေါ်ထွက်လာခြင်းသည် သူတို့ရှေ့ရှိ လှိုဏ်ဂူထဲ၌ ကျန်းချန် အမှန်တကယ် ရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

"လူသား.. ဒါက ဒီဘုရင်ရဲ့ နယ်မြေပဲ.. ဒီကနေ အမြန်ဆုံး ထွက်သွားစမ်း"

မီးလျှံသားရဲက သူ၏ ဧရာမ မျက်လုံးများဖြင့် ရှချမ်းဟယ်တို့ အဖွဲ့ကို လှမ်းကြည့်လိုက်ပြီး ခန္ဓာကိုယ်ကနေ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။

"မင်းက ဆဋ္ဌမအဆင့်ကို မကျော်လွန်သေးဘဲ စကားပြောနိုင်နေပြီလား"

မီးလျှံသားရဲ၏ စကားသံကို ကြားလျှင် ရှချမ်းဟယ်သည် အံ့အားသင့်သွားခဲ့သည်။

သူက မီးလျှံသားရဲကို အနီးကပ် စိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းက တကယ် ရှားပါးတဲ့ ရှေးဟောင်းသားရဲပဲ.. မင်းက ရှေးဟောင်းနတ်သားရဲရဲ့ သွေးစွမ်းအားကို တစ်ကြိမ် နိုးထပြီးတဲ့ပုံပဲ"

မီးလျှံသားရဲက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဒါ ငါ့ကိစ္စပဲ.. မင်းနဲ့ ဘာမှ မဆိုင်ဘူး"

"မီးလျှံသားရဲ.. ကျန်းချန် ဒီလှိုဏ်ဂူထဲမှာ ရှိနေတယ်မလား"

"မင်းက ရှေးဟောင်းနတ်သားရဲရဲ့ သွေးစွမ်းအားရှိပြီး တစ်ကြိမ် နိုးထပြီးပြီ ဖြစ်ပေမဲ့ မင်းရဲ့ အင်အားက ငါ့ရှေ့မှာ အရမ်းအားနည်းနေတုန်းပဲ"

"မင်းရဲ့ လက်ရှိ အင်အားနဲ့ ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး။"

ရှချမ်းဟယ်က ပြုံး၍ ပြောလိုက်သည်။

"မင်းနဲ့ ကျန်းချန်ရဲ့ ဆက်ဆံရေး ဘယ်လိုလဲ ငါ မသိပေမဲ့ အဲဒီကောင်လေးကို စွန့်လွှတ်ပြီး ငါ့ကို အညံ့ခံသရွေ့ မင်းကို မသတ်ရုံတင် မကဘဲ သတ္တမအဆင့် သားရဲဘုရင် အဖြစ် ကြီးပြင်းလာအောင် ကူညီပေးမယ်.. မင်း ဘယ်လိုသဘောရလဲ"

"အဘိုးကြီး.. မင်း စကား အရမ်းများလွန်းတာပဲ"

မီးလျှံသားရဲက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက် သူက ပါးစပ်ကို ဟလိုက်သည်နှင့် ပူပြင်းသော မီးတောက်တစ်ခုသည် ရှချမ်းဟယ် ဆီကို ဦးတည်သွားခဲ့၏။

"မီးလျှံသားရဲ.. မင်း သေချင်နေတာပဲ.. မင်း ငါ့ဆီမှာ အညံ့မခံချင်ဘူးဆိုမှတော့ မင်းရဲ့ အရေပြားကို ဆုတ်ခွာပြီး မင်းရဲ့ သွေးနဲ့ ဆေးလုံး သန့်စင်ပစ်မယ်"

ရှချမ်းဟယ်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ချက်ချင်း ဆိုသလို လက်ဝါးကို ဆန့်ထုတ်ကာ မီးလျှံသားရဲ၏ မီးတောက်ကို ငြိမ်းသတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက မီးလျှံသားရဲ ရှေ့ကို ချက်ချင်း ရောက်ရှိလာခဲ့ပြီး လက်နှစ်ဖက်ကို ဝှေ့ရမ်း၍ မှော်စွမ်းအားကို ထုတ်ဖော်လိုက်ရာ လင်းယုန်လက်သည်းနှင့် ဆင်တူသည့် ပေဆယ်ချီ မြင့်သည့် ဧရာမလက်သည်းကြီးသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး မီးလျှံသားရဲ၏ ဦးခေါင်းကို ထိုးဖောက်ရန် ဆင်းသက်လာခဲ့၏။

ထိုသို့ ရှချမ်းဟယ်၏ ဧရာမ လက်သည်း ကျဆင်းလာသည့် အချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အရိပ်တစ်ခုသည် လှိုဏ်ဂူထဲကနေ ပြေးထွက်လာပြီး မီးလျှံသားရဲ၏ ကျယ်ပြန့်သည့် ကျောပြင်ပေါ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

အနက်ရောင်ပုံရိပ်က ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ပါဝင်သည့် သွေးနဂါးဓားဖြင့် လေထဲကနေဆင်း ကျဆင်းလာသည့် ရှချမ်းဟယ်၏ ဧရာမလက်သည်းကြီးကို အပိုင်းပိုင်း ချိုးဖျက်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်လာ၏။

"အဘိုးကြီး.. ငါ့မီးလျှံသားရဲကို အနိုင်ကျင့်ရဲတယ်.. သေချင်နေပြီလား"

အခန်း(၈၃၆) ပြီး၏

အခန်း(၈၃၇)

မီးလျှံသားရဲ၏ ကျောပေါ်တွင် ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ရှချမ်းဟယ်က ပြုံး၍ ပြောလိုက်သည်။

"ကျန်းချန်.. တကယ်ပဲ မင်းကိုး"

"အဘိုးကြီး.. မင်းက ဘယ်သူလဲ"

ကျန်းချန်က သူ့ရှေ့မှ ဆံဖြူ အဘိုးအိုကို အကဲခတ်၍ စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့၏။

သူ့ရှေ့မှ အဘိုးကြီးသည် ကျင့်ယွင်တောင်တန်း ထဲတွင် သူ့ တည်နေရာကို ဤမျှလောက် မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်လိမ့်မည်ဟု သူတကယ် မမျှော်လင့်ထားခဲ့ပေ။

"ငါက ရှချမ်းဟယ်.. ရှမိသားစုရဲ့ တတိယအကြီးအကဲပဲ"

ရှချမ်းဟယ်က မီးလျှံသားရဲပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

မကြာခင်မှာပင် သူက တစ်စုံတရာကို သတိထားမိသွား၏။

ကျန်းချန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ခံစားမိပြီး သူ၏ အိုမင်းသော မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အံ့အားသင့်သော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

"မင်း...မင်း သိုင်းသခင်နယ်ပယ်ကို ထိုးဖောက်သွားပြီလား"

သူ့ရှေ့မှ ဤကောင်လေးသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အင်ပါယာအဆင့် ပါရမီရှင်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်သည်။

သိုင်းသခင်နယ်ပယ်ကို ထိုးဖောက်လိုက်သည်နှင့် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်မှာ သေချာ၏။

ကျန်းချန်၏ လက်ထဲတွင် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူ သေဆုံးသွားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"အဘိုးကြီး.. လက်စသတ်တော့ မင်းလည်း ရှမိသားစုဝင် တစ်ယောက် ဖြစ်နေတာကိုး.. မင်းတို့ ရှမိသားစုဝင်တွေက ငါ့ကိုလိုက်ဖမ်းရင်း လုံးပါး ပါးကုန်တာ သတိမထားမိဘူးလား"

ဤအဘိုးကြီးကလည်း ရှမိသားစုဝင် တစ်ယောက် ဖြစ်မှန်းသိလျှင် ကျန်းချန်၏ အမူအရာသည် ချက်ချင်းပင် ပို၍ အေးစက်သွားခဲ့သည်။

"ကျန်းချန်.. မင်းက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို စော်ကားခဲ့တယ်.. ဒီကျင့်ယွင် တောင်တန်းက မင်းရဲ့ သင်္ချိုင်း ဖြစ်ဖို့ သေချာသလောက်ပဲ.. သွားသေလိုက်တော့"

ရှချမ်းဟယ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအင်ဖြင့် ကျန်းချန်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

သူ့ရှေ့မှ ကောင်လေးသည် အလွန်ပင် ပါရမီရှိ၏။

ဤမတိုင်ခင်က ရှချမ်းဟယ်သည် ရှရွှယ်ကျီ၏ ရှေ့ဖြစ်ဟောချက်ကို နည်းနည်းလေးပင် မယုံကြည်ခဲ့ပေ။

သို့သော် အခုအခါတွင် သူ ယုံကြည်ရပေတော့မည်။

ဤကောင်လေးသာ ကြီးပြင်းလာလျှင် သူတို့ ရှမိသားစုသည် ဘယ်လိုမှ ရပ်တည်၍ မရတော့သည့် အခြေအနေကို ရောက်ရှိသွားမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် ရှချမ်းဟယ်က အစွမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဆုလာဘ်ကို စွန့်လွှတ်ရလျှင်ပင် ရှချန်ယွင်၏ အမိန့်ကို နာခံပြီး ကျန်းချန်ကို ဤနေရာမှာပင် သတ်ပစ်ရန် သူ ဆုံးဖြတ်လိုက်သည်။

သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသည့်အခါတွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်ဖော်လိုက်ပြီး သူ၏အင်အားကို သိုင်းသခင်နယ်ပယ် တတိယအဆင့် အထိ မြှင့်တင်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက ဓားဆန္ဒ တတိယအဆင့် ခွန်အားပါဝင်သော သွေးနဂါးဓားဖြင့် ရှချမ်ဟယ်ကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်သားသည် လေထဲတွင် ဆယ်ကွက်ကျော် တိုက်ခိုက်ခဲ့ကြသည်။

တိမ်တိုက်ဝါးမျို နည်းစနစ်ဖြင့် အင်အားကို တိုးမြှင့်ထားသည့် ကျန်းချန်သည် ရှချမ်းဟယ်ကို သူတင်ကိုယ်တင် ယှဥ်နိုင်ခဲ့၏။

သိပ်မကြာခင်မှာပင် ဓားဆန္ဒ တတိယအဆင့် အလယ်အလတ်နယ်ပယ် ခွန်အားကို ပိုင်ဆိုင်ထားသည့် ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ရှချမ်းဟယ်သည် လုံးဝ အောက်စည်းသို့ ရောက်သွားခဲ့သည့။

ရှချမ်းဟယ်က ကျန်းချန်နှင့် တိုက်ခိုက်ရင်း တဖြည်းဖြည်း တုန်လှုပ်လာခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်မဟုတ်မှန်း သူ သိသော်လည်း ဤမျှလောက်အထိ အင်အားကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူက သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ဖြစ်သော်လည်း ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လုံးဝ ဖိနှိပ်ခံခဲ့ရ၏။

ပို၍ အရေးကြီးသည်မှာ ရှချမ်းဟယ်သည် ရှချန်ယွင် ဆီကနေ ကျန်းချန်ထံ၌ နတ်သန္ဓေ အင်ပါယာ၏ စွမ်းရည်နှင့် ဆင်တူသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခု ရှိမှန်း သိထားခဲ့သည်။

"အားလုံး အတူတူ ပူးပေါင်းပြီး ဒီကောင်လေးကို သတ်ပစ်လိုက်ရအောင်"

ရှချမ်းဟယ်က သူ၏ အနောက်မှ ရှမိသားစု ကျင့်ကြံသူ အုပ်စုကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။

ရှချမ်းဟယ်၏ အမိန့်ကို ကြားလျှင် ရှမိသားစုမှ ကျင့်ကြံသူများသည် ၎င်းတို့ လက်ထဲရှိ လက်နက်များကို ဝှေ့ယမ်းကာ လေးဘက်လေးတန်ကနေ ကျန်းချန်ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာခဲ့ကြ၏။

အခန်း(၈၃၇) ပြီး၏

All Chapters