ဖိအားဆိုသည်မှာ စိတ်ဓာတ်မြှင့်တင်ခြင်းတစ်ခု မဟုတ်လော
Vol. 1 Ch. 28
ဆူညံပွက်လောရိုက်နေသော အသံများကြောင့် ပိုင်ရှောင်ချန်း လန့်ဖျပ်သွားသည်။ အကြီးအကဲကျိုးက ဘေးသို့တွန်းလိုက်သဖြင့် ပွန်းပဲ့သွားသည့် ဒဏ်ရာများကို ဂရုမျှပင် မစိုက်အားဘဲ
ချန်းကျိအန်း နှင့် ကျောက်ရိသော်တို့သည် ဝါးပင်ဘေးသို့ ပြားပြား၀ပ်ထိုင်ချကာ ပြူးပြူးပျာပျာ စစ်ဆေးလေသည်။
အကြီးအကဲကျိုးသည်လည်း ဝါးပင်တွေကို တစ်ပင်ချင်းစစ်ဆေးကြည့်နေရင်း အင်မတန် အံ့သြ ပီတိဖြစ်နေဟန်ရှိသည်။
အကုန်လုံးသည် အံ့သြခြင်းကြီးစွာဖြစ်လျက် အော်ဟစ်နေကြသည် ဖြစ်ရာ ရှောင်ချန်းမှာ တစ်ခုခုတော့လွဲနေပြီလို့ ထင်လိုက်သည်။ သူ့စိတ်ထဲတွင် သည်လူတွေ ဘာအရူးထနေကြတာလဲဟုလည်း တွေးမိသည်။ ဝါးပင်လေးပဲ မဟုတ်ဘူးလား။ ဘာတွေဖြစ်နေကြတာတုန်း။ အမှန်မှာ အစတုန်းက မီတာသုံးဆယ်အထိရောက်အောင် စိုက်ဖို့ ရှောင်ချန်းမှာ အစီအစဉ်ရှိပြီးသားဖြစ်သည်။
ရှောင်ချန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အကြီးအကဲ၏ အာရုံစိုက်မှုကို ရရှိဖို့ရန် ကြိုးစားလိုက်သည်။
“အကြီးအကဲ…”
ရှောင်ချန်းက အကျယ်ကြီးအော်ခေါ်လိုက်သည်။
“အံ့သြစရာကောင်းလိုက်တာ…လက်ဖျားခါလောက်စရာပဲ"
အကြီးအကဲကျိုးကတဟားဟားရယ်ကာ ပြောသည်။ သူက ဝါးပင်၏တစ်လက်မချင်းကို အသေးစိတ် စစ်ဆေးနေသည်။ ကြည့်ရသည်မှာ ရှောင်ချန်းစကားပြောနေသည်ကို ကြားဟန်ပင် မတူချေ။
“ဒီလိုမျိုး ဆောင်း၀ိညာဉ်ဝါးပင်က အင်မတန်ကို ရှားပါးလွန်းတယ်။ ဆယ့်ငါးမီတာလောက် ရှည်တဲ့အထိ ဖွံ့ဖြိုးလာလို့နဲ့တူတယ်။ အစိမ်းရင့်ရောင်ကို တောက်နေတာပဲ။ အမှန်တော့ ဆေးပင်အဖြစ်တောင် မသုံးသင့်တော့ဘဲ ၀ိညာဉ်ဝါးဓားအဖြစ် ထုလုပ်ဖို့တောင်ကောင်းတယ်။ ပြိုင်ဘက်ကင်း မှော်နည်းပညာတွေကို သုံးပြီးတော့ ဓားကောင်းတစ်ချောင်းအဖြစ် အသက်သွင်းနိုင်သေးတယ်”
“အားလုံးနားထောင်ကြစမ်း။ အသက်ကို ပြင်းပြင်းရှုကြည့်လိုက်” အလွန်စိတ်လှုပ်ရှားနေဟန်နှင့် အကြီးအကဲကျိုးက မျက်လုံးများကို မှိတ်ထားရင်း အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ “ အနံ့ရကြရဲ့လားကွ။ သူ့အနံ့က အသားတွေ အရိုးတွေအနံ့လိုပဲဟ။ ဝါးပင်က ဆယ့်ငါးမီတာအထိ ဖွံ့ဖြိုးသွားတဲ့အခါ တမူထူးခြားတဲ့ အနံ့မျိုး ဖြစ်ပေါ်လာတယ်နော ”
ချန်းကျိအန်းနှင့် ကျောက်ရိသော််တို့သည် အကြီးအကဲကျိုးလုပ်သလိုလိုက်လုပ်ကြသည်။ ထိုနေရာမှာရှိသည့် အခြားသော ဂိုဏ်းသားများကလည်း တစ်ပုံစံတည်းလိုက်လုပ်ကြသည်။
ရှောင်ချန်းသည် သူ့လည်ချောင်းကို တစ်ချက်ရှင်းလိုက်သည်။ ဝါးပင်ကို သယ်လာနေတုန်းကလည်း ထိုအနံ့ကို သူသတိထားခဲ့မိပြီးသားဖြစ်သည်။ သို့သော် ယခုမှ ဘာနံ့လဲဆိုသည်ကို တိတိကျကျ သေသေချာချာ သိလာခဲ့သည်။ တကယ်တော့ ထိုအနံ့များသည် ကြက်ရိုးနံ့တွေဖြစ်သည်။ ရာပေါင်းများစွာသော ၀ိညာဉ်အမြီးကြက်ရိုးများကို ဆောင်း၀ိညာဉ်ဝါးပင်များစိုက်ပျိုးထားသည့် ၀ိညာဉ်မြေတွင် ရှောင်ချန်းက မြှုပ်ထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုကြက်ရိုးများသည် အသားဟူ၍ တစိုးတစိလေးမျှပင် မရှိတော့ဘဲပြောင်သလင်းခါနေသည်မှာ ရှောင်ချန်း၏အရိုးကိုက်စကေးကို မည်သူကမျှ လိုက်မီနိုင်ဖွယ်ရာမရှိပေ။.
အခုတော့ ပိုင်ရှောင်ချန်းသည် သည်လူတွေက တကယ်ကြီးကို ရူးနေသည်ဆိုသည်ကို အခိုင်အမာယုံကြည်လာသည်။
“အကြီးအကဲ” သူသည် အကျယ်ကြီးထပ်ကာအော်ခေါ်လိုက်ပြန်သည်။
သို့သော်လည်း အကြီးအကဲကျိုးသည် သူ့ကို ဖုတ်လေသည့် ငါးပိ ရှိသည်ပင်မထင်ဘဲ အကြီးအကျယ် တုန်တုန်ယင်ယင်ဖြစ်လာကာ အင်မတန်ဒေါသထွက်နေသော အရိပ်အယောင်များကလည်း မျက်၀န်းထဲတွင် ရစ်သိုင်းလာသည်။ တမဟုတ်ချင်း စိတ်ဆိုးမာန်ဆိုးပုံရိပ်များအဖြစ်သို့ပြောင်းလဲသွားသည်။
“သေစမ်း ဘာတွေဖြစ်နေတာလဲ။ ဘယ်
ခွေးကောင်ကများ ကိုက်ထားရတာလဲ။ ဆောင်း၀ိညာဉ်ဝါးက အရမ်းခါးလွန်းလို့ ဒီအတိုင်းစားလို့မရဘူးလေ။ ဘယ် အယုတ်တမာကောင်ကများ ဝါးရဲ့အရည်အသွေးကို ယုတ်လျော့သွားအောင် စားပစ်လိုက်တာလဲ။”
အကြီးအကဲကျိုးတစ်ကိုယ်လုံးသည် စိုးရိမ်သောကတွေနှင့် ပြည့်နှက်သွားသကဲ့သို့ထင်ရသည်။ သူသည် အင်မတန် ပြီးပြည့်စုံနေသော အရည်အသွေးကောင်းသည့်ကျောက်စိမ်းတုံးကို ရှာတွေ့လိုက်သကဲ့သို့ ခံစားနေရာမှ ပိုးကိုက်ရာကို တွေ့လိုက်ရလေသောအခါ ရှောင်ချန်းကို ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။
“ကျွန်တော်မဟုတ်ဘူးနော်” ရှောင်ချန်းသည် ရှေ့နောက်မစဉ်းစားဘဲ အကြောက်အကန်ငြင်းသည်။ သူသည် ချက်ချင်းဘဲ သေမလိုဆာလောင်နေခဲ့သော အချိန်များကို ဖျတ်ခနဲ သတိရလိုက်သည်။ အရူးအမူးဗိုက်ဆာနေချိန်တွင် ဘာမှစားစရာမရှိသောကြောင့် ဝါးပင်ကို တစ်ကိုက်ကိုက်ထားမိသည် မဟုတ်ပါလော။ သည်တာဝန်ကို ယူလိုက်ရသည်မှာ ထိုမျှလောက် ကြောက်စရာကောင်းသည့် အဖြစ်အပျက်နှင့် ကြုံရမည် သို့မဟုတ် တစ်ကိုက်စာလေးကိုက်လိုက်တာက လူယုတ်မာကောင်လုံးလုံး ဖြစ်သွားမည်ဟု အိပ်မက်မျှပင် မမက်ဖူးပေ။
ဘေးပတ်၀န်းကျင်က ဂိုဏ်းသားများသည် အကြီးအကဲကျိုးပြောသည်ကို ကြားသောအခါ ဆောင်း၀ိညာဉ်ဝါး၏ အရင်းကို စိုက်ကြည့်လိုက်ကြသည်။ အမှန်တကယ်ပဲ ကိုက်ရာတစ်ခုရှိနေသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။
အကြီးအကဲကျိုးသည် ပျက်စီးနေသော ဝါးပင်အပိုင်းကို ငေးစိုက်ကြည့်နေသည်။ ထို့နောက် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူသည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ဆေးတာအိုနှင့် ပတ်သက်ပြီး စွဲလမ်းမှုပြင်းထန်လှသည်။ သို့သော် ပိုင်ရှောင်ချန်းသယ်လာသော ဝါးပင်သည် သူ့တစ်သက်တွင် တစ်ခါမှတောင် မမြင်ဖူးလောက်သည်အထိ အင်မတန် အံ့သြဖွယ်ကောင်းလှသည် ဖြစ်နေရာ အကြီးအကဲကျိုးမှာ
အိန္ဒြေပင်မဆည်နိုင်ဘဲ ဆောက်တည်ရာမရဖြစ်နေလေသည်။ နောက်ဆုံးတော့ သူသည် ပိုင်ရှောင်ချန်းကို အံကြိတ်ရင်း စိုက်ကြည့်လိုက်သည်။
“ဒီဝါးက အဆင့်လွန်ရဲ့ထိပ်ဆုံးမှာရှိတယ်။ နေဦး မဟုတ်သေးဘူး အထွတ်အထိပ်အဆင့်။ ဟုတ်တယ် အထွတ်အထိပ် အဆင့်ကွ။ ဆုကြေးကလည်း စွမ်းဆောင်မှုရမှတ် တစ်သောင်းနော် ”
ဘေးနားက လက်ထောက်သည် အကြီးအကျယ် အသက်ရှူမှားသွားလေသည်။ သူ့လုပ်သက်တမ်းတစ်လျှောက်
နှစ်ပေါင်းများစွာတိုင်အောင် အထွတ်အထိပ်အဆင့်ဆိုသည်ကို မကြားဖူးခဲ့ချေ။
တကယ်တော့ ဒါသည် နှစ်ရာပေါင်းများစွာ ကြာနေမှ ကြုံတောင့်ကြုံခဲ ပထမဆုံးအကြိမ်ဖြစ်လေသည်။
ပိုင်ရှောင်ချန်းသည် အင်မတန် စိတ်လှုပ်ရှားသွားပြီး လက်ထောက်ဆီသို့ ဦးတည်လျှောက်သွားကာ သူ၏ တံဆိပ်ပြားကို ကမ်းပေးလိုက်သည်။ လက်ထောက်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး အကြီးအကဲကျိုးကို လှမ်းကြည့်လိုက်ရာ သူ့မှာ ဝါးပင်ကို လေ့လာစမ်းသပ်နေဆဲဖြစ်သည်။ ထို့ကြောင့် လက်ထောက်သည် အံကြိတ်လိုက်ပြီး ပိုင်ရှောင်ချန်းအတွက် စွမ်းဆောင်မှုရမှတ်တွေကို ပေးလိုက်လေသည်။
ပိုင်ရှောင်ချန်းသည် စွမ်းဆောင်မှုရမှတ်များကို ရပြီးသည်နှင့် လှစ်ခနဲ ပြေးတော့သည်။ ထို့ပြင် သည်အစွန်းရောက် ပုဂ္ဂိုလ်တွေနဲ့ ထပ်မပတ်သက်ဖို့နှင့် ဘယ်တော့မှ နောက်တစ်ကြိမ်ပြန်မလာဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော်လည်း သူထွက်မသွားနိုင်သေးခင်မှာပင် အကြီးအကဲကျိုးက ရုတ်တရက် အော်မေးလိုက်သည်။ “ဟေး မင်းနာမည် ဘယ်လိုခေါ်လဲ”
“ပိုင်ရှောင်ချန်း” ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ “ကျွန်တော်က ပိုင်ရှောင်ချန်းပါ။ ကျွန်တော့ဦးလေးနာမည်က လီချင်းဟောက်ပါ ခင်ဗျ”
ဤနေရာသို့ သူ ရောက်မလာမီက ဝါးပင်ကို တစ်ကိုက်ကိုက်ထားမိသည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထိတ်လန့်စရာအဖြစ်အပျက်နှင့် ကြုံတွေ့ရမည််ဟု မထင်မိခဲ့သည်ဖြစ်ရာ ချွေးပြန်နေပြီ ဖြစ်သဖြင့် လီချင်းဟောက် ဆိုသော နာမည်ကို လွှတ်ခနဲ ပါးစပ်မှ ထွက်သွားလေသည်။
“ဟမ့်” အကြီးအကဲကျိုးသည် ပိုင်ရှောင်ချန်းက လီချင်းဟောက်နာမည်ကို ခိုကိုးရာ အဖြစ် ပြောလိုက်သဖြင့် စိတ်တိုသွားလေသည်။
“မင်းကိုယ်မင်း တော်လှပြီထင်နေတာလား။ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းက အစဉ်အဆက်ကြီးမားတဲ့ ဂိုဏ်းကွ။ ဂိုဏ်းသားတွေက သူတို့အနာဂတ်ကောင်းစားရေးအတွက် လျှို့၀ှက်ချက်တွေထားလေ့ရှိကြတယ်။ ငါ့ကိုယ်ငါတော့ မင်းနဲ့တန်းညှိပြီး ဒီဝါးတွေကို ဘယ်လိုစိုက်ထားလဲ မမေးတော့ပါဘူး။ ဒါပေမယ့် နောက်တစ်ခါ ဒီလိုအရည်အသွေးမျိုးနဲ့ ဝါးပင်တွေရလာဦးမယ်ဆိုရင် အကုန်လုံးကို ငါ့ဆီယူလာခဲ့ကွာ။ စွမ်းဆောင်မှုရမှတ်တွေအများကြီးရစေရမယ်လို့ ငါအာမခံတယ်။”
နောက်ဆုံးအနေဖြင့် ရှောင်ချန်းကို လက်ပြ နှုတ်ဆက်လိုက်ကာ ဝါးပင်ကို ပြန်လေ့လာနေပြန်သည်။ ဝါးပင်တွေစိုက်ရသည့် တာဝန်နှင့်ပတ်သက်သည်ကတော့ သည်မျှပင် နိဂုံးချုပ်ခဲ့လေပြီ ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သူ့ဂိုဏ်းတံဆိပ်ပြားကို လက်ထဲတွင် တင်းနေအောင် ဆုပ်ကိုင်ထားရင်း စီမံရေးရာအဆောင်မှ လစ်ထွက်လာခဲ့ကာ ဂိုဏ်းသားများကို စိတ်စွမ်းအင်ဆေးများပေးသည့် မွှေးရနံ့တိမ်တောင်သို့ တိုက်ရိုက်ဦးတည်လိုက်သည်။ ထိုနေရာသည် ဂိုဏ်းသားများက အတတ်ပညာကျွမ်းကျင်မှုကြောင့်ရရှိလာသော စွမ်းဆောင်မှုရမှတ်များကို စိတ်စွမ်းအင်ဆေးဝါးများနှင့် လဲလှယ်ပေးသော နေရာဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သူ၀ယ်ချင်သော စိတ်စွမ်းအင်ဆေးများကိုရွေးချယ်နိုင်ရန် စိတ်စွမ်းအင်ဆေးဆိုင်များသို့ မြန်နိုင်သမျှအမြန်ဆုံးနှုန်းနှင့် လှည့်ပတ်နေသည်။ နောက်ဆုံးတော့ သူသည် အဆင့်ငါးချီစုစည်းမှုအတွက် လိုအပ်သော ဆေးပြားများပါသည့် ပုလင်းကို ၀ယ်ရန်ဆုံးဖြတ်လိုက်သည်။ ထိုဆေးများသည် စျေးချိုသည်ဟု မဆိုနိုင်ပေ။ အစကတော့ စွမ်းဆောင်မှုရမှတ် တစ်သောင်းကို အများကြီးဟု ထင်ခဲ့သော်လည်း စိတ်စွမ်းအင်ဆေးများက ဈေးကြီးလွန်းလှသည်။
" အစိမ်းရောင်နတ်ဘုရား စိတ်စွမ်းအင် စုစည်းဆေး ” ဟု သူ့လက်ထဲက ဆေးပုလင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။ အထဲတွင် ဆေးပြားသုံးပြားရှိပြီး စွမ်းဆောင်မှုရမှတ် လေးထောင်တောင် ပေး၀ယ်ခဲ့ရသည်။
သို့သော်လည်း ထိုဆေးပြားများကို သာမန် ဂိုဏ်းသားများမရနိုင်ချေ။ ၎င်းတို့သည် အံ့မခန်းအစွမ်းများ ရှိလေသည်။ သာမန်ဆေးတွေထက် ဆေးအာနိသင်ပိုမိုကောင်းမွန်ရုံပင်မက ပိုမိုသန့်စင်သော စိတ်စွမ်းအင်များကိုလည်း ပေးစွမ်းသေးသည်။
ပိုင်ရှောင်ချန်းသည် အဆင့်ငါးစက်၀န်းကြီးတစ်ခုလုံးကို အောင်မြင်ရမည်ဟု အစီအစဉ်ဆွဲထားသည်ဖြစ်ရာ ချီစုစည်းမှုအဆင့်ခြောက် အတွက်တော့
ဆေးကလုံလောက်သည်ဟု အခိုင်အမာယုံကြည်ထားသည်။
သူသည် ချီစုစည်းမှုအဆင့်ငါးအထိ မျှော်မှန်းထားသော်လည်း ပြိုင်ပွဲ၀င်တိုက်ခိုက်ခြင်းကို ရှောင်ရှားလိုလေသည်။ အကယ်၍ သူသာ အမှန်တကယ် ထိုကဲ့သို့လုပ်လိုက်ပါက လီချင်းဟောက်သည် အခြားနည်းလမ်းများကို ရှာဖွေပြီး သူ့ကို အပြစ်ပေးဦးမည်ကို ကြိုတင်တွေးထားမိပြီးလေသည်။
ကျန်သော စွမ်းဆောင်မှုရမှတ်များကိုလည်း အလကား အဖြစ်မခံပေ။ တစ်ခါသုံးခုခံကာကွယ်ပေးသည့် အဆောင်များကို ၀ယ်ခဲ့ပြီး သူ့၀တ်ရုံထဲတွင် ဖွက်ထားလိုက်ရာ ပိုမိုလုံခြုံသွားသလို ခံစားလိုက်ရသည်။
ကံမကောင်းစွာဖြင့် ရတနာဆောင်သို့သွားကာ လက်နက်တစ်ခုခုကိုရယူရန် သို့မဟုတ် ချီစုစည်းမှုအဆင့်အတွက် သင့်လျော်သော အရာနှစ်မျိုးကိုရယူရန်အတွက်ပင် စွမ်းဆောင်မှုရမှတ်များက မလုံလောက်တော့ပေ။ မူလအစီအစဉ်အစား သူ့ဂေဟာလေးဆီသို့ပြန်လာခဲ့သည်။ ၀န်းထဲသို့ရောက်လျှင်ရောက်ချင်း ရှောင်ချန်းသည် သစ်လုံးအိမ်လေးထဲတွင် တင်ပျဥ်ခွေကာ ထိုင်ချလိုက်ပြီး ၀ယ်လာသော ဆေးလုံးများကို ဆွဲထုတ်ကာ လေ့လာသည်။
“ငါ့မှာ အချိန်သုံးလရှိသေးတယ်။ တရားကျင့်ရမယ့် အချိန်တော့ရောက်လာပြီ ”
အံကြိတ်ကာ ပြောလိုက်ပြီး ဘေးပတ၀န်းကျင်တွင် ဘယ်သူမှချောင်းမကြည့်တာ သေချာအောင်စစ်ဆေးပြီးနောက် လက်ကွက်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် လိပ်ဒယ်အိုးနှင့် သုံးရောင်ခြယ် ထင်းအဖြစ်သုံးရန်စုထားသော ၀ိညာဉ်အမြီးများ ပေါ်လာလေသည်။
အမွှေးတစ်ချောင်းတည်းနှင့်ဆိုလျှင် လိပ်ဒယ်အိုးသည် ကောင်းကောင်းအလုပ်မလုပ်ပေ။ ဆယ်ချောင်းလောက်သုံးပြီးနောက်မှာတော့ ဒယ်အိုးပေါ်တွင် ဒီဇိုင်းသုံးမျိုးပေါ်လာလေသည်။ ထို့နောက် သူသည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ဆေးပြားသုံးပြားကို သုံးဆတိုးသွားအောင် ဒယ်အိုးထဲသို့ ထည့်လိုက်သည်။
ထိုလုပ်ငန်းစဉ်အောင်မြင်သွားသောအခါ သူ့လက်ထဲက အစိမ်းရောင် နတ်ဘုရားစိတ်စွမ်းအင်စုစည်းဆေးလုံး ပေါ်တွင် ငွေရောင်အင်းကွက်သုံးကွက်ပေါ်ထွက်လာသည်။ နောက်ဆုံးတော့ ဆေးလုံးတစ်လုံးကို ပါးစပ်ထဲထည့်လိုက်သည်။
ဆေးလုံး ပျော်ဝင်သွားသောအခါ စိတ်စွမ်းအင်များသည် သူ့ကိုယ်ထဲတွင် စတင်ပေါက်ကွဲလေသည်။ ဒယ်စောက်အိုးခရမ်းရောင်ချီ ထိန်းချုပ်နည်း ပညာရပ်ကိုယ်ဟန်အတိုင်းနေ၍ အသက်ရှုနည်း ပညာရပ်ကို သုံးကာ စိတ်စွမ်းအင်စီးကြောင်းကို အကျိုးရှိရှိစတင်လေ့ကျင့်တော့သည်။
ရက်အနည်းငယ်ကြာသောအခါ ရှောင်ချန်း၏ သစ်လုံးအိမ်လေးထဲတွင် များစွာသော အမှုန်လေးများ၏ လှိုင်းများကဲ့သို့ ပေါက်ကွဲသံများနှင့် ပြည့်နှက်နေသည်။ ခဏကြာသောအခါ ရှောင်ချန်း၏ ရယ်သံများ ပေါ်ထွက်လာတော့သည်။
“ချီစုစည်းမှု အဆင့်ငါး” မျက်လုံးများ ၀င်းလက်တောက်ပစွာဖြင့် ရှောင်ချန်းက အော်လိုက်သည်။ ၀ိညာဉ်အမြီးကြက်များစွာကို စားပြီးသည့်နောက်တွင် သူ၏ကျင့်ကြံမှုသည် အဆင့်လေးချီစုစည်းမှု၏ အမြင့်ဆုံးစက်၀န်းအဆင့်အထိပင် အောင်မြင်သွားသည်။ ဆေးလုံးတစ်လုံးသောက်ထားလိုက်သည်နှင့် ဆေးအစွမ်းဖြင့် သူသည် အဆင့်ငါးသို့ပင် လွယ်လွယ်ကူကူရောက်သွားတော့သည်။
အညစ်အကြေးများသည် သူ့ခန္ဓာကိုယ် ထဲတွင် အရင်အခေါက်ကထက် ပို၍ပေါက်ကွဲထွက်ကုန်သည်။ ပြီးဆုံးသွားသည်နှင့် နောက်ထပ်ဆေးလုံးတစ်လုံးကို ချက်ချင်းမသောက်သေးဘဲ စွမ်းအားများကို တည်ငြိမ်စေရန် အချိန်ယူလိုက်သည်။ ငါးရက်ကြာပြီးနောက်တွင် အဆင့်သုံးအထိ စိတ်စွမ်းအင်အဆင့်မြှင့်ထားသော ဒုတိယမြောက် အစိမ်းရောင်နတ်ဘုရား စိတ်စွမ်းအင်စုစည်းဆေးလုံး ကို ထုတ်သောက်လိုက်သည်။ စိတ်စွမ်းအင်များသည် သူ့ကိုယ်ထဲတွင် လှည့်လည်စီးဆင်းနေပြီး သူ၏ဝိညာဥ်သွေးကြောက ပို၍ပို၍ကျယ်လာကာ စီးဆင်းနှုန်းမှာလည်း ပိုမိုမြန်ဆန်လာသည်။
ရက်အနည်းငယ်ကြာအောင် တည်ငြိမ်သွားအောင်ကြိုးစားပြီးနောက် တတိယမြောက် အစိမ်းရောင်နတ်ဘုရား စိတ်စွမ်းအင်စုစည်းဆေးလုံး ကို သောက်လိုက်ပြီးသောအခါ ကျင့်ကြံမှု အခြေခံသည် ချီစုစည်းမှု အဆင့်ငါး၏အမြင့်ဆုံးအဆင့်စက်၀န်းတိုင် အောင်မြင်ခဲ့လေသည်။
ထိုအဆင့်တွင် သူနှင့်ပတ်သက်သမျှသည် အရင်ကနှင့်မတူတော့ဘဲ ပြောင်းလဲသွားခဲ့သည်။ အသားအရည်မှာလည်း ပိုမိုကြည်လင်လာပြီး စွမ်းအင်မှာလည်း သူမတူအောင် တိုးတက်ပြောင်းလဲလာသည်။
ပိုင်ရှောင်ချန်းသည် တော်တော်လေးကျေနပ်အားရလျက်ရှိသည်။ သာမာန်အားဖြင့်တော့ ဆေးသုံးလုံးကို သုံးရုံမျှဖြင့် ချီစုစည်းမှုအဆင့်လေး၏ အမြင့်ဆုံးအဆင့်ဖြစ်သော ချီစုစည်းမှုအဆင့်ငါးကိုကျော်လွန်ကာ အဆင့်ခြောက်လမ်းပေါ်အထိရောက်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
သူပြောနိုင်သည်ကတော့ လိပ်ဒယ်အိုး၏ အစွမ်းနှင့် စိတ်စွမ်းအင် အဆင့်တိုးမြှင့်ခဲ့သောကြောင့်ပင်ဖြစ်ရမည်။
ရှောင်ချန်းသည် လေ့ကျင့်လေလေ လိပ်ဒယ်အိုးက သူ့အတွက် တော်တော်လေးအသုံး၀င်လေလေ ဖြစ်မှန်းသိလာသည်။ ထို့ကြောင့် အစကထက်ပင် ပိုမို စိတ်အားထက်သန်လာစေသည်။
ထိုဒယ်အိုးသည် လိပ်ခွံနှင့်တော်တော်လေးတူသယောင် ရှိသော်လည်း ရှောင်ချန်း သေချာထပ်မံစစ်ဆေးကြည့်သောအခါ လိပ်ခွံနှင့် မတူပြန်ပေ။
ခုရက်ပိုင်းများတွင် ရှောင်ချန်းသည် စိတ်စွမ်းအင်တိုးမြှင့်ခြင်းကိစ္စကို ပိုမိုအာရုံစိုက်လျက်ရှိပြီး စိတ်စွမ်းအင်တိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ထင်ရှားကျော်ကြားသော ခရမ်းဒယ်အိုးတောင်အကြောင်းကို လေ့လာ နေလေသည်။ တကယ်တော့ သတ်မှတ်ထားသည့် ပမာဏ စွမ်းဆောင်မှုရမှတ်များကို ပေးနိုင်လျှင် အကြီးအကဲများ၏ စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း ၀န်ဆောင်မှုကိုပင် ရရှိနိုင်လေသည်။ ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းချုပ်ပင်လျှင် အကြီးအကဲ ဘ၀တုန်းက စိတ်စွမ်းအင်တိုးမြှင့်မှုများကို လုပ်ဖူးသည်ဟု အဆိုရှိလေသည်။
သူ့လက်ချောင်းများနှင့် လိပ်ဒယ်အိုးပေါ်ကအင်းကွက် များကို ပွတ်သပ်ကြည့်လိုက်သောအခါ ရှောင်ချန်းမျက်လုံးများသည် တလက်လက်တောက်ပလာသည်။ နောက်ဆုံးတော့ သူသည် ခေါင်းကို တဆတ်ဆတ် ငြိမ့်လေသည်။ သူမသိနားမလည်သေးသော အရာများစွာရှိနေသေးသည်ဖြစ်ရာ ၎င်းတို့ကို အဖြေရှာ တွေးတောနေတာလောက် ကောင်းမွန်သော အချိန်ဖြုန်းခြင်းမျိုးရှိမည် မဟုတ်ပေ။ လက်ဝါးကို ဖြန့်လိုက်ရာ ကျောက်စိမ်းဆွဲပြားနှင့် သူ၏ သစ်သားဓားပေါ်လာလေသည်။
ထိုအချိန်တွင် သူပိုင်ဆိုင်ထားသော မှော်ပစ္စည်းများလည်း ရှိနေသည်။ အံကြိတ်လိုက်ကာ ၀ိညာဉ်အမြီးအချို့ကို ထုတ်လိုက်ပြီး သုံးဆအဆင့််မြှင့်တင်ဖို့ ပြင်ဆင်လေသည်။
“ စိတ်စွမ်းအင် အဆင့်သုံးဆင့် တိုးမြှင့်ပြီးတဲ့နောက်မှာ ဒီကျောက်စိမ်းဆွဲပြားနဲ့ သစ်သားဓားက ဘာတွေဖြစ်သွားမလဲ သိချင်လိုက်တာ”
လက်ကို ဝှေ့ရမ်းလိုက်ရာ လိပ်ဒယ်အိုးပေါ်တွင် အလင်းရောင်များ ပေါ်ထွက်လာကာ ဒီဇိုင်းသုံးမျိုးပေါ်လာလေသည်။ ကျောက်စိမ်းဆွဲပြားကို လေပေါ်ပျံစေလျက် အိုးထဲထည့်လိုက်စဉ်တွင်မှာတော့ ငွေရောင်အလင်းတန်းများဖြာထွက်လာပြီး မိုးကြိုးပစ်သကဲ့သို့ တ၀ုန်း၀ုန်းမြည်လာသည်။ ပဲ့တင်သံများထွက်လောက်သည်အထိ မကျယ်၍ မည်သူမျှ မကြားလိုက်သည်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။
ငွေရောင်အလင်းတန်းများ မှိန်သွားသော အခါတွင်မူ သူ၏ကျောက်စိမ်းဆွဲပြားတွင် ငွေရောင်ဒီဇိုင်းသုံးခု ပေါ်လာလေသည်။ ထိုဒီဇိုင်းများသည် တောက်တောက်ပပလင်းလက်လာပြီးနောက် ခဏကြာတော့ ပြန်မှိန်သွားသည်။ သို့သော်လည်း ကျောက်စိမ်းဆွဲပြား၏ လက္ခဏာသည် အရင်ကနှင့်မတူဘဲ မိုးနှင့် မြေကဲ့သို့ ကွာခြားသွားပြီဖြစ်ကြောင်း ရှောင်ချန်းခံစားမိလိုက်သည်။
တကယ်တော့ ကျောက်စိမ်းဆွဲပြားထဲတွင် ခရမ်းရောင်အလင်းတန်းများ လင်းလက်သွားသည်ကိုပင် မြင်နိုင်သေးသည်။ ကျောက်စိမ်းဆွဲပြား၏ ပုံပန်း
သဏ္ဍာန်ပင် ပြောင်းလဲသွားလေသည်။ အရင်က ဘဲဥပုံစံရှိသော်လည်း ယခုမူ ၀ိုင်း၀ိုင်းပြားပြားလေးဖြစ်သွားပြီ ဖြစ်သည်။
ရှောင်ချန်းသည် စိတ်စွမ်းအင်များကို ဆွဲပြားထဲသို့ထည့်လိုက်ရာ ပဲ့တင်ထပ်သံများပေါ်ပေါက်သည်အထိ အသံများတုန်ဟီးလျက် ကျောက်စိမ်းဆွဲပြားပတ်လည်တွင် အစိမ်းရောင် အလင်းများက ဒိုင်းကဲ့သို့ တစ်မီတာခန့် လွှမ်းခြုံနေသည်မှာ မြင်ရသူအပေါင်းကို ရင်သပ်ရှုမော ဖြစ်စေနိုင်စွမ်း ရှိလေသည်။