← Chapters

အခန်း (၁၁၄)

Vol. 9 Ch. 114

အခန်း (၁၁၄)

Vol. 9 Ch. 114

သေချာပေါက် အဲ့တုန်းက ငါက အရမ်း ဆင်းရဲခဲ့တော့ အီစီကလီ လုပ်ခွင့်ရတောင်မှ ဘာမှလုပ်မရခဲ့ဘူး။ ထိလို့တောင် မရဘူးလေ။

ဒါပေမဲ့ အခုတော့ ငါက ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဘီလီယံနာ သူဋ္ဌေး တစ်ယောက် ဖြစ်နေပြီ။ အခု ငါ အပြင်ထွက်ပြီး အပျော်ရှာသင့်တယ်။ ကျင်းပိုင်မြို့ရဲ့ ဘားတွေအားလုံးကို သွားမယ်။

လင်းဖေးဟန် စွန်းရှင်းယွဲ့ကို နိုးသွားစေမှာ စိုးတာမို့ ဂရုတစိုက် ထ လိုက်သည်။ ဒီကောင်မလေး ခွဲစိတ်မှုကြောင့် တစ်ကယ် ပင်ပန်းနေတာပဲ။ ကောင်းကောင်း အိပ်နိုင် နေတာပဲ။

လင်းဖေးဟန် တိတ်တဆိတ် တံခါးအပြင်ကို လျှောက်ထွက်လိုက်ချိန်မှာ အပြင်မှာ စောင့်နေတဲ့ အားသောင်ကို တွေ့လိုက်ရသည်။

အားသောင်က အရိပ်အခြေကြည့်တာ အရမ်းတော်သည်။ လင်းဖေးဟန် ဝင်သွားပြီး ပြန်မထွက်လာတာကို တွေ့တော့ သွားပြီး မနှောက်ယှက်ဘဲ နားလည်မှုရှိရှိ အပြင်ကနေ စောင့်နေခဲ့တာ ဖြစ်သည်။

“သခင်လေး!”

လင်းဖေးဟန် ခေါင်းညိတ်ပြလိုက်ပြီး ကော်ရစ်ဒါထောင့်ရှိ ခုံတွင်ထိုင်ကာ

“ အားသောင် ဘာဖြစ်လို့လဲ? ကိစ္စရှိလို့လား?”

အားသောင် အကြောင်းမရှိဘဲ အခန်းပေါက်မှာ စောင့်နေလိမ့်မယ်လို့တော့ သူ မထင်မိဘူး။

“ သခင်လေး လျိုရှုယွင်လို့ခေါ်တဲ့ လုမိသားစုရဲ့ လက်ထောက်က အိမ်ပြန်တဲ့လမ်းမှာ လူမိုက်တွေရဲ့ အနှောက်အယှက် ခံရပြီး ယဲ့ဖန်းနဲ့ တွေ့သွားခဲ့ပါတယ်”

“ ယဲ့ဖန်းက နဂိုက အလှလေးကိုကယ်တဲ့ သူရဲကောင်း လုပ်မလို့ပေမဲ့ အဲဲ့ဒီလူမိုက်တွေက ဟွမ်လောင်ပရဲ့လူတွေ ဖြစ်နေမယ်လို့ သူ မထင်ထားခဲ့ဘူး။ သူတို့တွေ ယဲ့ဖန်းကို မှတ်မိသွားပြီး တောင်းပန်ကြတယ်။ ဒီလိုနဲ့ ယဲ့ဖန်းက ခိုင်းတဲ့သူပါလို့ လျိုရှုယွင် အထင်လွဲသွားတယ်။ ကိစ္စကောင်း အဖျက်ဆီး ခံလိုက်ရတော့ ယဲ့ဖန်း အရမ်းစိတ်တိုသွားပြီး ခေါင်းဆောင်ရဲ့ ​ခြေထောက်ကို ချိုးပစ် လိုက်တယ်”

“ ယဲ့ဖန်းက အရမ်းရက်စက်တယ်လို့ လျိုရှုယွင် မြင်သွားပြီး ညတွင်းချင်း အိမ်ပြောင်းသွား ခဲ့တယ်”

လင်းဖေးဟန် ကြားတော့ မနေနိုင်စွာ စိတ်ထဲမှ စိတ်တိုစွာ အော်ဟစ်လိုက်သည်။ ယဲ့ဖန်းရဲ့ ဇာတ်လိုက်ရောင်ဝါကြီးက လွန်လွန်းသည်။

သူအပြင်ထွက်တိုင်း ဘာလို့ တစ်ခုမဟုတ် တစ်ခု ကြုံနေရတာလဲ?

သူ့လက်အောက်ကို လူတွေသွင်းနိုင်ရင် ဖြစ်ဖြစ်၊ အလှလေးရဲ့ သူရဲကောင်းဖြစ်ဖြစ် ကိုယ်ပိုင်ဇာတ်ကြောင်းက ရရသွားသည်။

ဒီ အရန်ဇာတ်ကောင်တွေ အားလုံးက ယဲ့ဖန်းကို အတွေ့အကြုံရစေဖို့ ထောက်ပံ့ပေးနေကြသည်။

သူ့ရဲ့ ရုတ်တရက် လုပ်ရပ်တွေကြောင့် ဟွမ်လောင်ပက ယဲ့ဖန်းရဲ့ ညီလေး ဖြစ်သွားသည်။ အခုလဲ ဒီလူမိုက်တွေ ယဲ့ဖန်းကို မှတ်မိသွားလို့သာ မဟုတ်ရင် အလှလေးကို ကယ်တဲ့ သူရဲကောင်း ဇာတ်ဝင်ခန်းကို ရိုက်နေအုံးမှာပင်။

လင်းဖေးဟန် နှာမှုတ်ကာ ပြောလိုက်သည်။

“ဒါတင် မဟုတ်သေးဘူး!”

“ ဟုတ်ပါတယ်။ ဒီတစ်ခေါက် သခင်လေး ခန့်ထားတဲ့ ခေါင်းဆောင်က တွေ့ချင်တယ်လို့ ဆိုပါတယ်။ သခင်လေး မတွေ့ချင်ဘူး ဆိုရင် ကျွန်တော် အဝေးပို့လိုက်ပါ့မယ်”

အားသောင်လဲ လက်ရှိ လင်းဖေးဟန် ခန့်ထားသော ခေါင်းဆောင်ငယ်ကို အမြင် မကြည်နေဘူး။ တစ်ကယ်ကို အဲ့လိုလူကို ဘာကြောင့် ဖုန်းလုံဧရိယာရဲ့ ဘော့စ် ဖြစ်အောင် လုပ်ပေးလိုက်လဲ နားမလည် နိုင်ပေ။

လင်းဖေးဟန် အနည်းငယ် အံ့သြသွားသည်။ကြည့်ရတာ ထိုခေါင်းဆောင်က သူ့ဆီ သတင်းတစ်ချို့ ယူလာပေးပုံပဲ။

လင်းဖေးဟန် ချက်ချင်း ပြောလိုက်သည်။

“ တွေ့မယ်၊ ဝင်ခိုင်းလိုက်”

အားသောင်ခေါင်းညိတ်ကာ ခေါင်းဆောင်ကို ခေါ်လာခဲ့သည်။

ခေါင်းဆောင်ဖြစ်သူက လင်းဖေးဟန်ကို မြင်တာနဲ့ ဒူးထောက်ချပြီး ရိုကျိုးစွာ ပြောလိုက်သည်။

“ မစ္စတာလင်း ကျွန်တော် ပြန်ရောက်ပါပြီ”

မြှောက်ပင့်နေတဲ့ အရှေ့က ခေါင်းဆောင်ကို ကြည့်ပြီးလင်းဖေးဟန် စိတ်ပျက်သွားသည်။ သူအမြန်ပြောလိုက်သည်။

“ မြန်မြန်ထဟ။ အခုက ဆေးရုံပဲ။ မင်းဘယ်လို ဖြစ်နေတာလဲ?”

ထိုစကားကိုကြားတော့ ခေါင်းဆောင်ဖြစ်သူသည် ရိုကျိုးစွာ ပြန်ထလိုက်သည်။

ခေါင်းဆောင်ရဲ့ ဖြစ်နေပုံကိုကြည့်ပြီး လင်းဖေးဟန် အနည်းငယ် ရယ်ချင်သွားရသည်။

“ မင်းရဲ့ဆံပင်ကို ဘာကိစ္စ ပြန် ဆိုးထားရတာလဲ? ဘာတွေ လူမိုက်ပုံ ဖမ်းနေတာလဲ?”

ခေါင်းဆောင်သည် ရယ်ပြီးပြောလိုက်သည်။

“ မစ္စတာလင်း မသိဘူးလား။ ပြောကြတယ်လေ။ လူသစ်က ပတ်ဝန်းကျင် အသစ်ကို ဖြစ်စေတယ်တဲ့။ ကျွန်တော်က ဖုန်းလုံဧရိယာကို တာဝန်ယူထားရမှတော့ သပ်သပ်ရပ်ရပ် ​နေရမှာပေါ့ဗျာ”

လင်းဖေးဟန် လက်သာယမ်းပြလိုက်ပြီး ထိုသူကို ဘာမှ မပြောခိုင်းတော့ပေ။ ဘယ်လိုနေနေ ဒီကောင်က သူ့လက်ထဲက ဖဲကဒ်တစ်ခုပဲကို။ ကိစ္စပြီးသွားရင် သူ့ကို ဆက်ထားမထားက သူ့ရဲ့လုပ်ဆောင်မှုပေါ် မူတည်သည်။

အလုပ်ပြီးတာနဲ့ ဘဲကို သတ်တာတော့ မဟုတ်ပေမဲ့ ဒါက ကမ္ဘာကြီးရဲ့ ရှင်သန်ရာ ပုံစံပဲလေ။ စွမ်းဆောင်နိုင်တဲ့သူတွေက အထက်ရောက်ပြီး မစွမ်းဆောင်နိုင်တဲ့ သူတွေကတော့ စွမ်းဆောင်နိုင်တဲ့သူတွေရဲ့ ​ချနင်းတာကို ခံပေါ့။

ဒါ့အပြင် ထိုခေါင်းဆောင်ဆိုတဲ့သူရဲ့ အပြုအမူက သိသိသာသာကို ဘော့စ် ကောင်းတစ်ယောက်ပုံ ပေါက်မနေဘူး။

ဒီလူ့မှာ ခေါင်းဆောင်ကောင်း တစ်ယောက် မရှိသင့်တဲ့အချက်တွေ အကုန်ရှိနေသည်။

သူ့ကို ခေါင်းဆောင်အနေနဲ့ ထားချင်တောင် လူတွေအားလုံးကို သူထိန်းချုပ်လို့မှ ရမနေတာပဲ။ တစ်ဖြည်းဖြည်း အသတ်ခံရမှာကို စောင့်နေမဲ့အစား တစ်ခါထဲ ဆွဲချပေးလိုက်တာ ပိုမကောင်းဘူးလား?

သူအခု လူလိုနေလို့သာ မဟုတ်ရင် အဲ့ဒီလူကို လှည့်ကြည့်မှာတောင် မဟုတ်ဘူး။

လင်းဖေးဟန် လက်ယမ်းပြကာ မေးလိုက်သည်။

“မင်းဘာလို ချင်လို့လဲ?”

ခေါင်းဆောင်ငယ်သည် ခေါင်းညိတ်ကာပြောလိုက်သည်။

“ သခင်လေးလင်း ကျွန်တော် ခိုင်းထားတဲ့အတိုင်း နှင်းဆီနီနဲ့ သွားတွေ့ခဲ့ပါတယ်”

“ သူမတစ်ကယ်ကို ကျွန်တော် ပြောတာ မယုံဘူး။ ဟွမ်လောင်ပနဲ့ ယဲ့ဖန်းကို မျက်လုံးထဲမှာတောင် မထည့်ဘူး။ ဒီတစ်ခေါက် အကုန်လုံး ဝမ်တကုံရဲ့ ကျေးဇူးကြောင့်ပါ။ သူသာ စကေးတွေ ထုတ်မပြခဲ့ရင် ပြန်တောင် အပြင်ထွက်လို့ ရခဲ့မှာ မဟုတ်ဘူး။ မစ္စတာလင်း..”

ခေါင်းဆောင်ငယ် ငိုညည်းရင်း ပြောနေတာကို လင်းဖေးဟန် တည့်ပဲ ဖြတ်ပြီး လိုရင်းကို အေးစက်စွာ မေးလိုက်သည်။

“မြန်မြန်ပြော”

ခေါင်းဆောင်ငယ်လို လူတွေနဲ့ ဆက်ဆံတဲ့ အချိန်မှာ သွားမပြုံးပြလိုက်နဲ့။ ပိုပြီး ခက်ထန်အောင် ဆက်ဆံပြမှ စကားနား ထောင်တာ ဖြစ်သည်။

လင်းဖေးဟန် ဒေါသထွက်လာတာကို မြင်တော့ ခေါင်းဆောင်ငယ် အမြန်ပြောလိုက်သည်။

“ ကျွန်တော် အများကြီး မပြောရဲခဲ့ပါဘူး။ ဒါပေမဲ့ မစ္စတာလင်း ပြောခိုင်းတာကို ပြောခဲ့ပါတယ်။ ပြဿနာကြုံရင် အချိန်မရွေး လာရှာလိုက်ပါ၊ ကျွန်တော်တို့ ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်”

“အင်း” လင်းဖေးဟန် ခေါင်းညိတ်လိုက်သည်။

နှင်းဆီနီရဲ့ တုံ့ပြန်မဲ့ပုံကို လင်းဖေးဟန် တွေးထားပြီးသားမို့ သိပ်တော့ မအံ့သြပေ။

သူသာ စာအုပ်ကို ကြိုမဖတ်ထားဘဲ ထိုးထွင်းဉာဏ်လဲ မရှိနေဘူးဆိုရင် နှင်းဆီနီလိုမျိုး ယဲ့ဖန်းကို အထင်သေးမိမှာပင်။

အခု နှင်းဆီနီက လင်းဖေးဟန်ကို လက်မခံနေဘူး။ ယဲ့ဖန်းဆီက အရိုက်ခံရပြီး နာသွားမှသာ ယဲ့ဖန်းက ဘယ်လောက် အင်အားကြီးတယ်ဆိုတာ နားလည် သွားလိမ့်မည်။

ဒါအရမ်းကို ပုံမှန်ကျတဲ့ ကိစ္စတစ်ခုပဲလေ။ နှင်းဆီနီလို လူတွေသာ ရှိမနေရင် ယဲ့ဖန်းရဲ့ ကြီးမြတ်တဲ့ အံ့သြဖွယ်ရာ အကွက်တွေကို ဒီအမှိုက်ဝတ္ထုမှာ စာရေးဆရာက ဘယ်ထုတ်ပြနိုင်တော့မှာလဲ?

ဒီမြို့က ယဲ့ဖန်းအတွက် အထင်ကြီးဖွယ် အကွက်တွေပြဖို့နဲ့ အတွေ့အကြုံရဖို့ ဒီကမ္ဘာက ပေးထားတဲ့အရာပဲ။

ထိုအချိန်မှာ ခေါင်းဆောင်ငယ် ထပ်ချီးကျူးလိုက်သည်။

“ မစ္စတာလင်းက အရမ်းအံ့သြဖို့ ကောင်းတာပဲ။ သုံးပြည်ထောင်ခေတ်က မီးအိမ်ရှင် ကုန်မင်းလန် ဆိုတဲ့ လူလိုမျိုး ရှေ့မိုင်ထောင်ချီအတွက်ကိုပါ ကြိုတင် စီစဥ်ပြီး အကွက်ချနိုင်တယ်”

လင်းဖေးဟန် မျက်မှောင်ကြုတ်နဲ့ ဖြတ်ပြော လိုက်သည်။

“ ကုန်မင်းကျွေ့ပါ။ မင်းအချိန်ရရင် စာပိုဖတ်။ ဗဟုသုတမရှိတဲ့ မြေအောက်လောကရဲ့ ဘော့စ်က လေးစားစရာကောင်းတဲ့​ ဘော့စ် မဟုတ်ဘူး”

“ဟုတ်ဟုတ်။ ကုန်မင်းကျွေ့ပါ။ မစ္စတာလင်း ကျွန်တော် အချိန်ရရင် သုံးပြည်ထောင်နဲ့ ပတ်သတ်ပြီး ပိုဖတ်ထားပါ့မယ်”

ခေါင်းဆောင်သည် လေးစားစွာ လင်းဖေးဟန်ကို လက်မထောင်ပြလိုက်သည်။ မစ္စတာလင်းက အရမ်းအံ့သြဖို့ ကောင်းတာပဲ။ သုံးပြည်ထောင်နဲ့ ပတ်သတ်ပြီးတောင် သိနေတယ်။

လင်းဖေးဟန် မဲ့လိုက်သည်။ ကုန်မင်းကျွေ့ဟုတ်လား? သူကငါနဲ့ ဘယ်ယှဥ်နိုင်မှာလဲ? ငါက ဇာတ်ကြောင်းအားလုံး သိတယ်။ သူက သိလို့လား?

သူသာသိခဲ့ရင် ကြယ်ခုနှစ်လုံးကို အသက်ဆက်ဖို့ ယူပြီး ကိုယ့်ကိုယ်ကို သေအောင်လုပ်သွားမှာ မဟုတ်ဘူး။

ငါကမှ သေချာ အစီအစဥ်ချနိုင်တဲ့ စစ်မှန်တဲ့ ဗျူဟာရှင်ပဲကွ!

All Chapters