အခန်း (၁၂၁)
Vol. 9 Ch. 121
သူ့ရဲ့ညီငယ်တွေ လင်းဖေးဟန်ဆီမှာ အသေအကြေ အရိုက်ခံနေရတာကို မြင်တော့ အကိုကြီးခြောက်ရဲ့ မျက်လုံးမှာ အမုန်းတရားတို့ ပြည့်လာရသည်။ တစ်ချိန်ထဲမှာ ကြောက်ရွံ့တဲ့ ခံစားချက်အနည်းငယ် ပါ ဝင်ရောက်လာခဲ့သည်။ ဒါပေမဲ့ သူ အခု ကြောက်နေလို့မဖြစ်ဘူး။ ဘာလို့ဆို ကြောက်နေတာရဲ့ ဆိုလိုရင်းက သူ ရှုံးသွားတာပဲ။
အကိုကြီးခြောက်က ခိုင်မာစွာ ပြောလိုက်သည်။
“ မင်းက ဘာကောင်လဲ? ငါက အကိုကြီးခြောက် ဆိုတာ မင်းသိလားကွ? မင်းငါ့ကို အခုလို ရိုက်ရင် ငါ့အကိုကြီးက လွှတ်ပေးမှာ မဟုတ်ဘူး!”
လင်းဖေးဟန် အကိုကြီးခြောက်ကို လက်ယမ်း ပြလိုက်သည်။
“ ဒီလာခဲ့ပါ ငါဘယ်သူလဲ မင်းကို ပြောပြပေးမယ်”
အကိုကြီးခြောက် ရှုတ်ထွေးသွားပေမဲ့ လင်းဖေးဟန်ဆီကို လျှောက်သွားလိုက်သည်။
လင်းဖေးဟန် အကိုကြီးခြောက်ရဲ့ မျက်နှာကနေ ရိုက်ချလိုက်ပြီး
“ ငါကမင်းရဲ့ ဘိုးအေပဲကွ! နားလည်ပြီလား!”
ငါမင်းကို လွှတ်ပေးမလို့ပဲ။ ဒါပေမဲ့ မင်းက မင်းအဖေ ဟွမ်လောင်ပကို ချစ်ချစ်ခင်ခင်ကို လာတမ်းတပြနေတယ်!
လင်းဖေးဟန်ရဲ့ ရိုက်ချက်ကြောင့် အကိုကြီးခြောက် ကြောင်အ သွားခဲ့သည်။ ဘာတွေ ဖြစ်သွားလဲ နားမလည်နိုင်ခင်မှာပဲ လင်းဖေးဟန်ဆီကနေ အခန်းပြင် ရောက်တဲ့အထိ ထပ်ကန်ခံလိုက်ရပြီး ဆဲခံလိုက်ရသည်။
“ ဒီကနေ ထွက်သွားစမ်း”
များစွာသော အကိုကြီးခြောက်ရဲ့ ညီငယ်များလဲ ထလာပြီး တုန်တုန်ယင်ယင်နဲ့ ထွက်သွားလိုက်ကြသည်။
“ ဒင်! စနစ်မှ အသိပေးချက်- ဇာတ်လိုက်မ လုမုံ့ဟန်ရဲ့ နှစ်သက်မှုက ၅ မှတ် တိုးသွားပါတယ်။ ပွိုင့် ၅၀ လက်ခံရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”
လင်းဖေးဟန်ရဲ့ မျက်လုံးတွေ လက်သွားသည်။ ဒီ လုမုံ့ဟန်က ဆွဲဆောင်ဖို့ လွယ်တာပဲ။
ဒီတစ်ခေါက် ဇာတ်ကွက်က လုမုံ့ဟန်ကို ထွက်ပေါ်လာစေပြီး ယဲ့ဖန်းဆီကနေ အကယ်ခံရမဲ့ ဇာတ်ကွက်မျိုး ဖြစ်မယ်လို့ လင်းဖေးဟန် မှန်းဆလိုက်သည်။ ဒီလိုဆိုရင် လုမုံ့ဟန်ရဲ့ နှလုံးသားကိုပါ ရနိုင်သွားသလို ပြဿနာရှာတဲ့ အကိုကြီးခြောက်ကိုလဲ ပညာပြ လို့ရသွားလိမ့်မည်။
အနာဂတ်မှာ စစ်မှန်တဲ့ လူငယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ယဲ့ဖန်းကို ရသွားစေလိမ့်မည်ပေါ့။ ဒါပေမဲ့ ဒါတွေက အခွင့်အရေးတစ်ခုပါပဲ။
ဒါပေမဲ့ ဒီအခွင့်အရေးတွေကို လင်းဖေးဟန် မသိလိုက်ဘဲ ဝင်ပါလိုက်မိပြီး အခု သူ့အပိုင် ဖြစ်လာရပြီ။
ယဲ့ဖန်းရဲ့ အခွင့်အရေးနဲ့ သူ့ကောင်မလေးကို ခိုးရတာကောင်းလိုက်တာ။
အကိုကြီးခြောက်ထွက်သွားတာကို မြင်တော့ လုမုံ့ဟန် စိတ်သက်သာသွားသည်။ လင်းဖေးဟန်ကို ပြန်ကြည့်မိလိုက်တဲ့အခါမှာ သူမရဲ့မျက်နှာက အနီရောင် ပြောင်းသွားသလို ရှက်ရွံ့စိတ်တွေလဲ ပေါ်လာရသည်။ လုမုံ့ဟန် တိုးငယ်သော အသံလေးနဲ့ ပြောလိုက်လေသည်။
“ကျေးဇူးပါ”
လင်းဖေးဟန် လက်ယမ်းပြလိုက်ပြီး
“ ရပါတယ်”
ထိုအချိန်မှာ လင်းဖေးဟန်သည် အလွန်တည်ငြိမ် နေခဲ့သည်။
ဒါက လုံးဝကို အနိုင်ရလိုက်တာပဲ။ သူ့ရဲ့ ခေါင်းပေါ်က စာတန်းက သေချာပေါက်ကို
“ တရားမျှတမှုအလင်းရောင်များ လောကတစ်ခွင် ကျရောက်ပါစေ!”
ထိုအချိန်မှာ မန်နေဂျာမလေးလဲ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။
ပြဿနာဖြစ်သွားတယ်.. ပြဿနာမှ အကြီးကြီးကို ဖြစ်သွားခဲ့တာ!
မန်နေဂျာမလေးက လင်းဖေးဟန်ကို အမြန်ပြောလိုက်သည်။
“ မစ္စတာလင်း ဒီ အကိုကြီးခြောက် ဆိုတဲ့သူက ဟွမ်လောင်ပ ရဲ့ လူပါ”
“ မကောင်းတော့ဘူး။ ရှင် ဟွမ်လောင်ပရဲ့ လူကို ရိုက်လိုက်တယ်။ ဟွမ်လောင်ပက သူ့ရဲ့လူတွေကို ကာကွယ်တဲ့နေရာမှာ နာမည်ကြီးပဲ။ သူရှင့်ကို လုံးဝ လွှတ်ပေးမှာ မဟုတ်တော့ဘူး”
မန်နေဂျာမလေးသည် လင်းဖေးဟန်ကို ကြောက်ရွံ့စွာကြည့်ကာ ဆက်ပြောလိုက်သည်။
“ မစ္စတာလင်း ဆိုင်မှာ အနောက်တံခါးရှိတယ်။ ရှင် အနောက်တံခါးကနေ အရင်သွားနှင့် ပါ့လား? ကျွန်မ ဘော့စ်ကို ခေါ်လိုက်မယ်။ ဟွမ်လောင်ပ က ဘော့စ်ကို မျက်နှာသာ ပေးလောက်မှာပါ”
ထိုအချိန်မှာ ခေါင်းဆောင်ငယ်တစ်ယောက် သူ့ရဲ့ မောက်မာမှုတွေကို ပြန်လည်ရရှိသွားပြီမို့ ကြမ်းတမ်းစွာပြောလိုက်သည်။
“ ဟွမ်လောင်ပ ရောက်မလာရင် အဆင်ပြေတာပေါ့။ သူ ရောက်လာခဲ့ရင်တောင် အရှက်တကွဲ ဖြစ်တဲ့အထိ အရိုက်ခံရမှာပဲ”
“ ငါပြောမယ်။ ဒီကိစ္စက မင်းတို့နဲ့မဆိုင်ဘူး။ ငါတို့ဘာသာ ရှင်းမယ်”
ခေါင်းဆောင်ငယ် ပြောပြီးတာနဲ့ အပြစ်ရှိစိတ်ကိုပါ တစ်ဆက်ထဲ ခံစားလိုက်ရတာမို့
“ မစ္စတာလင်း တစ်ယောက်ယောက်ကို ခေါ်ချင်လား? အကိုကြီး ကုန်းဇီနဲ့ အကိုကြီး အားသောင်ကို ခေါ်မလား?”
လင်းဖေးဟန် လက်ယမ်းပြလိုက်ပြီး
“ ထားလိုက်။ အချိန်မကျသေးဘူး”
ခေါင်းဆောင်ငယ် အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွားကာ
“ မစ္စတာလင်း ဒီမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတာလေ။ တစ်ကယ်လို့ ဟွမ်လောင်ပသာ ပြဿနာရှာဖို့ လူတွေခေါ်ပြီး ရောက်လာခဲ့မယ် ဆိုရင်…”
လင်းဖေးဟန် ခေါင်းရမ်းလိုက်သည်။
“ စိတ်မပူနဲ့ ဟွမ်လောင်ပ ပြဿနာလာရှာချင်ရင်တောင် ယဲ့ဖန်းက ခွင့်ပြုမှာမဟုတ်ဘူး။ သူဒီလောက် မတုံးဘူး”
“ အခုသူတို့တွေ သန်မာမှုကို ပေါင်းစည်းပြီး နှင်းဆီနီကို သူတို့ဘက်ပါအောင်လုပ်ဖို့ လိုနေအုံးမှာ။ ငါတို့လဲ ငါတို့ရဲ့အင်အားကို စုစည်းဖို့ လိုသေးတယ်။ နှင်းဆီနီ ငါတို့ဆီက အကူအညီ တောင်းတဲ့အချိန်ကျမှသာ လှုပ်ရှားသင့်တဲ့ အချိန်ပဲ”
“ ဒီတော့ ယဲ့ဖန်းနဲ့ ကျန်တဲ့သူတွေ ငါတို့ကို အခု လာတိုက်မှာမဟုတ်ဘူး။ သူ့မှာ လာတိုက်ခိုက်စရာ အကြောင်းအရင်းလဲ မရှိဘူး။ သူ လုပ်ရဲရင်လဲ ငါတို့က ရဲခေါ်လိုက်ရုံပေါ့။ အခုက ဥပဒေစိုးမိုးတဲ့ ခေတ်ပဲ။ သေနတ်တွေဓားတွေနဲ့ ယမ်းကားချင်တိုင်း ယမ်းကားလို့ရတဲ့ ခေတ် မဟုတ်ဘူး”
လင်းဖေးဟန်ဆိုတာ ဘယ်သူမလို့လဲ? လင်းမိသားစုရဲ့ သခင်လေးဖြစ်သလို လင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌပဲလေ။ အကိုကြီး ခြောက်ဆိုတဲ့သူကသာ အကျိုးဆက်ကို မတွေးတောဘဲ သူ့ဆီလာပြီး ပြဿနာရှာရဲတာ။ ငါတို့မှာ လုပ်ပိုင်ခွင့် ရှိနေချိန်မှာ ကြောက်သင့်တဲ့အရာကိုပဲ ကြောက်််မယ်။ ယဲ့ဖန်းအခု ချက်ချင်း လူတွေခေါ်လာပြီး ပြဿနာလာရှာရင်တောင် ငါ စိတ်မပူဘူး။
ယဲ့ဖန်းလိုမျိုး ကံကောင်းလှတဲ့ ကံကြမ္မာရှိပြီး ဇာတ်လိုက်အရှိန်အဝါကို ပိုင်ထားတဲ့ သူတစ်ယောက်က ပြဿနာရှာရင်တောင် သင့်တော်တဲ့ အကြောင်းအရင်း အရင် ရှာလိမ့်မယ်ဆိုတာ သူ သိပြီးသားပင်။
လင်းဖေးဟန် ပြောသွားတာတွေကို ခေါင်းဆောင်းငယ် နားထောင်နေပေမဲ့ သူဘာကိုမှ နားမလည်ပေ။
ဒါပေမဲ့ မစ္စတာလင်းရဲ့ အပြောအရ လူထပ်ခေါ်ဖို့ မလိုတာကိုတော့ သိလိုက်သည်။ ဒါကြောင့်မို့ သူ မလှုပ်ရှားလိုက်တော့ပေ။
လင်းဖေးဟန် လက်ယမ်းပြလိုက်ပြီး ခေါင်းဆောင်ငယ်ကို သူ့ကို သောက်ဖို့ အဖော်ပြုနေတဲ့ ကောင်မလေးနဲ့ ဆက်ပြီး ပျော်နေဖို့ အချက်ပြပေးလိုက်သည်။
ထို့နောက်မှာ သူ လုမုံ့ဟန် ဘက်ကို ကြည့်လိုက်ကာ
“ ငါမင်းကို ကြောက်အောင် လုပ်မိသွားလား?”
“ မဟုတ်ဘူး ကျွန်မ အဆင်ပြေပါတယ်”
လုမုံ့ဟန်သူမရဲ့ နှုတ်ခမ်းကို ကိုက်ကာ လင်းဖေးဟန်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
အစောပိုင်းက ဖြစ်ပျက်သွားတဲ့ ကိစ္စအရ လုမုံ့ဟန်ထံတွင် လင်းဖေးဟန်အတွက် ကောင်းမွန်သော အမြင်တစ်ခု ရှိလာခဲ့သည်။ လင်းဖေးဟန်နဲ့ဆို သူမ လုံခြုံသလို ခံစားရသည်။ သူ့ကို ထပ်ပြီး မရင်းနီးသလို မခံစားရတော့ဘူး။
လုမုံ့ဟန် ဒီနေရာမှာ ဘာလို့ပေါ်လာရလဲ လင်းဖေးဟန် သိချင်နေခဲ့သည်။ ထို့ကြောင့် သူ ပြုံးပြလိုက်ကာ
“ တစ်ကယ်တော့ ငါမမေးသင့်တဲ့ မေးခွန်းတစ်ချို့မေးချင်နေတယ်။ ငါမင်းကို မေးလို့ရမလား?”
ထိုစကားကို ကြားသောအခါမှာ လုမုံ့ဟန် ရှုတ်ထွေးနေတဲ့ မျက်နှာထားနဲ့ လင်းဖေးဟန်ကို ကြည့်လာခဲ့သည်။ သူမ စိတ်ဆုံးဖြတ်ထားသည့် ပုံပါပဲ။ သူမရဲ့ နီရဲရဲ နှုတ်ခမ်းတစ်စုံကို ကိုက်လိုက်ကာ အချိန်အကြာကြီး နေပြီးနောက်မှ ပြောလိုက်သည်။
“ တစ်ကယ်တော့ မစ္စတာလင်း မေးမဲ့ မေးခွန်းကို ကျွန်မသိပါတယ်။ ရှင် သိချင်ရင် ကျွန်မ ပြောပြလို့ရပါတယ်”
လင်းဖေးဟန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ အဆင်ပြေရင် မင်းငါ့ကို ပြောပြလို့ ရတယ်။ ဒါမှ ငါကူညီနိုင်ရင် ကူညီပေးမှာပေါ့”
“ မင်းအခုမှ ဒီနေရာကို ရောက်ဖူးတာမှန်း ငါ သတိထားမိတယ်။ မင်းရဲ့ ပုံစံက ဒီနေရာနဲ့ မအပ်စပ်ဘူး”
လုမုံ့ဟန် ခေါင်းညိတ်ကာ ဖြေးညင်းစွာ ပြောလိုက်သည်။
“ တစ်ကယ်တော့ မစ္စတာလင်း ကျွန်မကို လှောင်ပြောင်မှာကို မကြောက်ပါဘူး။ ကျွန်မ အရွယ်ရောက်တည်းက KTV ကို ရောက်ဖူးတာ ဒါ ဒုတိယအကြိမ်ပါပဲ။ ပထမဆုံး ရောက်ဖူးတာက မနေ့က အင်တာဗျူး လာဖြေတုန်းကပါ”
“ ကျွန်မက ကျင်းပိုင်မြို့ရဲ့ သာမာန် တက္ကသိုလ်က တရုတ်ဘာသာမှာ အထူးပြု ယူထားတဲ့ ကျောင်းသူ တစ်ယောက်ပါ”
“ ကျွန်မ ဒီကို ရောက်လာရတာက..”
လုမုံ့ဟန်က သူမရဲ့ ဇာတ်ကြောင်းကို ပြောပြ လာခဲ့သည်။ လင်းဖေးဟန်ရဲ့ မှတ်ဉာဏ်ထဲက ဇာတ်ကြောင်းနဲ့ သွေဖယ်ခြင်းမျိုး မရှိခဲ့ပေ။
လုမုံ့ဟန်က အမေတစ်ယောက်ပဲ ရှိတဲ့ သူဖြစ်သည်။ သူမအဖေက မီးရထားလမ်းမှာ အလုပ်လုပ်သည်။ သူမ အသက်ခြောက်နှစ်မှာ အဖေဖြစ်သူက တစ်ခြားသူအတွက် တာဝန်အစား ယူပေးနေရင်း မိုးအသည်းအသန် ရွာနေတဲ့အတွက် မြေချော်မှုကြောင့် ဖြစ်တဲ့ မတော်တဆမှာ အသက်ပေးသွားခဲ့ရသည်။
သူမကို ပျိုးထောင်ပေးဖို့ အမေ ဖြစ်သူက ကလေးထိန်း လုပ်ပေးပြီး အသီးအနှံလဲ ရောင်းသလို တစ်ခြားအလုပ်တွေကိုပါ လုပ်ခဲ့သည်။
လွန်ခဲ့တဲ့ လက သူမအမေက ဦးနှောက် အတွင်းပိုင်း သွေးယိုစိမ့်မှုဖြစ်ပြီး ဟင်းချက် နေတုန်းမှာ မေ့လဲကျသွားခဲ့သည်။
ဆေးရုံကို ရောက်တဲ့အခါမှာ ဆရာဝန်က ခွဲစိတ်မှုအတွက် ယွမ်သုံးသိန်း ကျမဲ့အကြောင်း ပြောလာခဲ့သည်။
ဆင်းရဲတဲ့ မိသားစုငယ်လေးမှာ ထိုမျှလောက် ပိုက်ဆံအဘယ်မှာ ရှိမည်နည်း? သူမ အမေရဲ့ ဒီရက်ပိုင်း ဆေးရုံစရိတ်တွေကိုလဲ အမျိုးတစ်ချို့ဆီကနေ လိုင်းပေါ်က ချေးငှားထားရတာ ဖြစ်သည်။
ဒါပေမဲ့ သူမရတဲ့ ပိုက်ဆံက ယွမ်သုံးသိန်း ပြည့်ဖို့ အများကြီး လိုနေသေးသည်။
နောက်ဆုံးတွင် သူမ ရွေးချယ်စရာမရှိဘဲ ငွေချေးလုပ်ငန်းနဲ့ အဆက်အသွယ် ရှိတဲ့ စီနီယာ တစ်ယောက်ဆီကနေ အကူအညီ တောင်းခဲ့ရသည်။ စီနီယာက သူမကို ဒီနေရာမှာ မိတ်ဆက် ပေးခဲ့တာပင်။
သူမရဲ့ ရုပ်ရည်၊ ကိုယ်ခန္ဓာနဲ့ ပုံစံအနေအထားအရဆိုရင် ယောက်ျား တစ်ယောက်ကို တစ်နာရီလောက် အရက်သောက်တဲ့အခါမှာ အဖော်ပြုပေး လိုက်ရင် ယွမ်တစ်သောင်းလောက် အေးဆေး ရှာနိုင်တယ်လို့ စီနီယာက ပြောပြခဲ့သည်။ အကောင်ကြီးကြီး သူဋ္ဌေးတွေ ဒါမှမဟုတ် လက်ဖွာတဲ့ သူဋ္ဌေးတွေနဲ့သာ တွေ့လို့ကတော့ ယွမ်သိန်းချီပါ ရှာနိုင်တယ်လို့ ပြောပြထားခဲ့တာပင်။
KTV ရဲ့ တစ်ကယ့် အလုပ်အကြောင်းကို မသိဘဲ စီနီယာပြောတဲ့ စကားတွေကို နားထောင်ပြီး လုမုံ့ဟန် စိတ်ဝင်စား သွားရသည်။ သူမ တွက်ဆကြည့်လိုက်တော့ တစ်လတောင် မပြည့်ခင်မှာ သူမ အမေကို ကုသဖို့ ယွမ်သုံးသိန်း ရှာနိုင်လိမ့်မည်လို့ တွေးမိခဲ့သည်။
ဒါ့အပြင် သူမရဲ့စီနီယာက အရက်သောက်တဲ့ အချိန်မှာ အတူထိုင်ပေးဖို့ပဲ ပြောပြထားခဲ့တာ ဖြစ်ပြီး ကျွမ်းကျင်တဲ့ မိန်းမတစ်ယောက်လို ပြုမူရမယ်လို့တော့ မပြောပြထားခဲ့ဘူး။
ဒီလိုနဲ့ ဘာကိုမှ နားမလည်တဲ့ လုမုံ့ဟန်က စိတ်သက်သာရာ ရသွားခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်ကို စတေးစရာ မလိုတော့ဘူး။
လင်းဖေးဟန် အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ ဇာတ်ကြောင်းက နည်းနည်း ပြောင်းသွားတာပဲ။
မူရင်း ဇာတ်ကြောင်းမှာ လုမုံ့ဟန်က KFC မှာ ကြက်ကြော် ရောင်းနေချိန်မှာ လူမိုက် တစ်ယောက်ဆီက အနိုင်ကျင့်ခံရပြီး ယဲ့ဖန်းက ထွက်လာကာ ကယ်တင်ပေးသွားသည်။ အဆုံးမှာ သူမရဲ့ အမေကိုလဲ ကုသ ပေးခဲ့သည်။
ယဲ့ဖန်းက နောက်ဆုံးကျတော့ အလှလေးကို ပျော်ရွှင်စွာ ထွေးပိုက်နိုင်သွားသည်ပေါ့။
ဝန်ဆောင်မှုပေးရတဲ့ မိန်းကလေး အဖြစ် လုပ်ရတဲ့ အလုပ်က မကောင်းပေမဲ့ သူမတို့သည် စိတ်ကောင်းရှိကြသူများ ဖြစ်ဆဲပင်။ လုမုံ့ဟန် ရောက်လာတဲ့အခါမှာ အမတစ်ယောက်က မျက်ရည်များ စီးကျလာပြီး ပြောလိုက်သည်။
“ ညီမလေးရဲ့ ဘဝက ဒီလောက်ဆိုးနေမယ်လို့ အမမသိခဲ့ဘူး။ အမတို့အားလုံးက တစ်ကယ်ကို ဒုက္ခရောက်နေ ကြတာပဲနော်။ ဒီနှစ်တွေထဲမှာ အမလဲ ပိုက်ဆံအများကြီး မစုထားမိဘူး။ ဒီကဒ်ထဲမှာ အမစုထားသမျှ ရှိတယ်။ ယွမ်တစ်သောင်း ကျန်သေးတယ်။ ညီမလေး အကုန်ယူလိုက်လို့ရတယ်”
“ မလောက်သေးရင် အမတို့ ညီမတွေ ပေါင်းပြီး ကူညီပေးမယ်”
“ တစ်ကယ်တော့ အမ ညီမလေးလို လူမျိုးတွေကို တစ်ကယ်လေးစားတယ်။ ညီမလေးက အမတို့နဲမတူဘူး။ ကောင်းကောင်း သင်ကြားပေးခံထားရတဲ့ ကလေးပဲ။ ဒီလိုမျိုး ပျက်ဆီးရာ ပျက်ဆီးကြောင်းတွေက ညီမလေးနဲ့ မလိုက်ဖက်ပါဘူး”
ဒီလိုအလုပ်ကို သူမတို့ကိုယ်တိုင် လုပ်ဖူးပြီး သွားပြီ။ တစ်ခြားသူတွေကိုပါ ဘယ်လိုလုပ် ဒီဝဲဂယက်ထဲ ဆွဲခေါ်ရက်မှာလဲ?
ဖောက်သည်တွေက အတူသောက်ဖို့ သက်သက် ရှာတာ မဟုတ်ဘူး။အရင်ဆုံး မင်းကို ထိတွေ့မှာ၊ ပြီးသွားရင် ဆွဲခေါ်ပြီး မူးတဲ့အထိ တိုက်လိမ့်မယ်။ အဆုံးမှာ မင်း အသိစိတ်တောင် ကပ်တော့မှာ မဟုတ်ဘူး။
ထိုအချိန်မှာ လုမုံ့ဟန်ရဲ့ မျက်ရည်တွေလဲ စီးကျလာခဲ့ပြီး
“ မမ… ညီမလေးက…”
လုမုံ့ဟန် စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ဘဲ မျက်ရည်များ အပြည့် စီးကျလာခဲ့တော့သည်။
ထိုအကြောင်းတွေ ပြန်တွေးမိချိန်မှာ လုမုံ့ဟန် မျက်ရည်များ ပြန်စီးကျလာရသည်။
လင်းဖေးဟန် နှစ်သိမ့်ပေးလိုက်ကာ
“ ငါမင်းကို ကူပြီးဖြေရှင်းပေးမယ်။ မင်း စိတ်မပူနဲ့”
လင်းဖေးဟန် လုမုံ့ဟန်ကို ကြည့်ကာ ဖြေးဖြေးချင်း ပြောလိုက်သည်။
“ မင်း အမေရှိနေတဲ့ ဆေးရုံလိပ်စာကို ပြောပါ။ မနက်ဖြန်နေ့လည်ကျရင် ငါသွားတွေ့လိုက်မယ်”
“ မင်း ဒီမှာနေလို့မရဘူး။ အထုတ်တွေ သိမ်းခဲ့ပါ။ မင်းကို ကျောင်းမှာအရင် ပြန်ချ ပေးခဲ့မယ်။ မင်းငါနဲ့တွေ့သွားပြီပြီဆိုမှတော့ ကျန်တာကို စိတ်မပူနဲ့တော့”
ဆော့လို့မဝသေးတဲ့ ခေါင်းဆောင်ငယ်ဘက်ကို လင်းဖေးဟန် လှမ်းကြည့်လိုက်ကာ
“ မင်း ပျော်ခဲ့တော့။ ကျတဲ့ငွေ ငါရှင်းမယ်”
“ ကျေးဇူးအရမ်းတင်ပါတယ် မစ္စတာလင်း”
ခေါင်းဆောင်ငယ် ပျော်ရွှင်စွာပြုံးလိုက်သည်။
နားလည်ပါတယ်ဆိုတဲ့ မျက်နှာထားနဲ့ လင်းဖေးဟန်ကို မျက်စိတစ်ဖက်ပင် လှမ်းမှိတ်ပြ လိုက်သေးသည်။
လင်းဖေးဟန် ပြောစရာ ပျောက်ဆုံးသွားရသည်။