အခန်း (၁၂၄)
Vol. 9 Ch. 124
ဆရာဝန်က အံ့သြစွာနဲ့ လင်းဖေးဟန်ကို အထက်အောက် စုန်ဆန် ကြည့်လိုက်သည်။ ဒီလူရဲ့ ပုံစံက ဒုတိယမျိုးဆက် သူဋ္ဌေးသား တစ်ယောက်လိုပဲ။ ဒါပေမဲ့ အမေရိကန်က မိတ်ဆက်ပေးခဲ့တဲ့ မိုက်ခရိုစက်ရုပ် နည်းပညာက အလွန့်အလွန် ဈေးကြီးတာမို့ ဒုတိယမျိူးဆက် သူဋ္ဌေးဖြစ်နေရင်တောင် တတ်နိုင်မှာ မဟုတ်ဘူး။
ထိုစကားကို ကြားတဲ့အခါမှာ လုမုံ့ဟန်က လင်းဖေးဟန်ရဲ့ လက်ကို ဆွဲကာ လျင်မြန်စွာ ပြောလိုက်သည်။
“ အကိုကြီးလင်း ဒါ အဆင်မပြေဘူး။ ရှင် ကျွန်မကို အများကြီး ကူညီပေးခဲ့တာပဲ…”
လုမုံ့ဟန် ပြောလို့ မပြီးခင်မှာဘဲ လင်းဖေးဟန် တန်းပြီး ဖြတ်ပြောလိုက်သည်။
“ မင်းဘာလို့ ငါ့အပေါ် အရမ်းယဥ်ကျေးနေတာလဲ? မင်းအခု ပြောနေတာ ဘယ်သူ့အကြောင်းလဲ? အန်တီ့လောက် အရေးကြီးတဲ့အရာ မင်းမှာ ရှိလား? ဒီလို ယဥ်ကျေးတဲ့ စကားတွေ မပြောနဲ့တော့။ ငါငွေပေးမယ်။ ကျန်တဲ့ကိစ္စတွေကို ငါနဲ့အပ်ထားလိုက်ပါ။ ဟုတ်ပြီလား?”
လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ လုမုံ့ဟန် မတတ်နိုင်စွာ ရင်ထဲ တော်တော် ထိသွားရသည်။
ဒါက သူမ မကြာခင်ကမှ စွဲလမ်းနေခဲ့တဲ့ သြဇာရှိတဲ့ CEO ပုံစံနဲ့ အရမ်း မဆင်တူ လွန်းဘူးလား? ချောမောကာ ဆွဲဆောင်မှု ရှိသလို ဖြောင့်မတ်ပြီး ကြင်နာတတ်သည်။ သူမ စိတ်ကူးထဲက မင်းသားလေးနဲ့ မတူ လွန်းဘူးလား?
ဒါပေမဲ့ ငါကကော? ငါက ရုပ်ဆိုးတဲ့ ဘဲမ တစ်ကောင်ပဲ။ ငါအတွေးလွန်လို့ မဖြစ်ဘူး။
ဆရာဝန်သည် မျက်မှောင်ကြုတ်လာပြီး မေးလိုက်သည်။
“ မင်္ဂလာပါ လူကြီးမင်း စိတ်မရှိရင် လူကြီးမင်း ဘာအလုပ်လုပ်လဲ ကျွန်တော် မေးခွင့်ရှိမလား? မိုက်ခရိုစက်ရုပ် ကုထုံးက ယွမ်မီလီယံချီပြီး ကျနိုင်တာမို့ ကျွန်တော် ရှင်းလင်းအောင် လုပ်ဖို့လိုပါတယ်။ စိတ်မရှိပါနဲ့ဗျ”
ဆရာဝန်က ဆရာဝန်ပါပဲ။ သူ့အနေနဲ့ လင်းဖေးဟန်ကို မသိတာ သဘာဝကျသည်။
လင်းဖေးဟန် ပြောလိုက်သည်။
“ ငါက လင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌပဲ။ ငါ့နာမည်က လင်းဖေးဟန်ပါ။ မင်း ကုန်ကျစရိတ်အတွက် စိတ်ပူဖို့မလိုပါဘူး။ အကုန်လုံးကို အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး အနေအထားမှာ သေချာလုပ်ပေးပါ”
“ ငါအခုတင် ငါ့လက်ထောက်ကို ဆေးရုံကို တစ်သန်းစရံလွှဲထားဖို့ ပြောထားပြီးပြီ။ မင်း မယုံရင် စစ်ဆေးကြည့်လိုက်ပါ။ ဒီလောက်ဆို လောက်မှာပါ။ မလောက်ရင်လဲ ငါ့ကို ဆက်သွယ်လိုက်ပါ။ ထပ်ပြီး ငွေချေပေးမယ်”
“ မင်းအခု လုပ်ဖို့လိုတာက လူနာရဲ့ အခြေအနေကို နောက်ခွဲစိတ်မှုအတွက် အသင့်ဖြစ်အောင်လို့ တည်ငြိမ်အောင် လုပ်ထားပါ။ ပြီးတော့ အမေရိကန်ရဲ့ ပရော်ရှင်နယ် ဆရာဝန်ကြီးနဲ့ မင်း အတတ်နိုင်ဆုံး အမြန်ဆက်သွယ်ရမယ်”
လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ ဆရာဝန် ထိတ်လန့်သွားခဲ့သည်။ ကျင်းပိုင်မြို့ရဲ့ လူငယ် စီးပွားရေးသမားက သူ့အရှေ့မှာ ရောက်နေမယ်လို့ မမျှော်လင့်ထားမိဘူး။ အဲ့ဒါအပြင် ထိုသူက အရမ်းလဲ ငယ်သေးတာပဲ။
တစ်ကယ်လဲ သူ့အရှေ့က လူငယ်ရဲ့ စကားပြောတဲ့ပုံစံနဲ့ ပုံပန်းသွင်ပြင်က သာမာန် သူတွေနဲ့ လုံးဝ မတူညီနေဘူး။
ဆရာဝန်က လင်းဖေးဟန်ရဲ့စကားကို ယုံကြည်သွားပြီး ပြောလိုက်သည်။
“ လူနာကို အခုယာယီ ကန့်သတ်ထားရမှာမို့ သွားတွေ့လို့ မရသေးပါဘူး။ ကျွန်တော် ဆေးရုံကဒ်ထဲက ငွေကြေးကို သွားစစ်ဆေး လိုက်ပါ့မယ်ဗျ။ ဒါပေမဲ့ ဒါက မိုက်ခရို စက်ရုပ် ကုသရေးအတွက် ပြင်ဆင်တယ်ဆိုပေမဲ့ အရမ်း ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး”
ဆရာဝန်က စကားပြောနေတာ ရပ်သွားပြီး လင်းဖေးဟန်ဘက်ကို လှည့်ကာ မေးလာသည်။
“ လူကြီးမင်းနဲ့ ဒီမိန်းကလေး ဘာတော်လဲ ကျွန်တော်မေးလို့ ရမလား?”
လုမုံ့ဟန် နှုတ်ခမ်းသာ ကိုက်လိုက်သည်။ သူမ ပြန်ဖြေပေးချင်ပေမဲ့ ဘယ်လိုဖြေရမယ် မသိတော့ပေ။ လင်းဖေးဟန်နဲ့ အခုမှ တွေ့တယ် ပြောရမလား? ဒါမှမဟုတ် KTV မှာ ဝန်ဆောင်မှုပေးတဲ့ ကောင်မလေးအနေနဲ့ အလုပ်လုပ်ရင်း တွေ့ခဲ့တာလို့ ဖြေပေးလိုက် ရမှာလား?
လင်းဖေးဟန် ချက်ချင်းပဲ လုမုံ့ဟန်ရဲ့ လက်ကို ဆွဲယူကာ ပြောလိုက်သည်။
“ ငါ့ကောင်မလေးပါ”
ထိုအချိန်မှာ လုမုံ့ဟန်ရဲ့ မျက်လုံး၌ မျက်ရည်စတို့ ရှိနေဆဲပင်။ လင်းဖေးဟန်ရဲ့ အဖြေကို ကြားတဲ့အခါမှာ သူမ နေရာတင် အေးခဲသွားတော့သည်။
မသိရင် သူမကို တစ်ယောက်ယောက်က ဖမ်းချုပ် ထားလိုက်သလိုမျိုး အသက်ရှုသံပါ တောင့်တောင့်ကြီး ဖြစ်လာရသည်။
လုမုံ့ဟန်ရဲ့ ခေါင်းက တောင့်တင်းစွာ လှည့်လာပြီး လင်းဖေးဟန်ကို ကြည့်လာသည်။ သူမ အလွန်စိတ်လှုပ်ရှားသွားတာမို့ နှာခေါင်းဝက နှပ်ချေးများကို ပြန်ရှုသွင်းလိုက် မိပြီး လည်ချောင်းထဲ ဆင်းသွားသည်။ လုမုံ့ဟန် အလွန်နာကျင်သွားကာ ပြောမည့် စကားလုံးများပင် မေ့ကုန်ရသည်။
ဒါက… အရမ်း ရှက်ဖို့ကောင်းတာပဲ!
“ အဟမ်း!”
လုမုံ့ဟန် ချက်ချင်းပဲ အနောက်လှည့်ပြီး သန့်စင်ခန်းဆီကို ပြေးတော့သည်။
ဆရာဝန်က လုမုံ့ဟန်ရဲ့ နောက်ကျောကို ကြည့်လိုက်သည်။ ထို့နောက်တွင် လင်းဖေးဟန်ကို ပြန်ကြည့်ကာ ဖြေးဖြေးချင်း ပြောလိုက်သည်။
“ ကောင်လေး မင်းက လင်းအုပ်စုရဲ့ ဥက္ကဋ္ဌ ဟုတ်သည်မဟုတ်သည်ထက် မင်းရဲ့ ပုံစံက သူများနဲ့လုံးဝကို မတူဘူး။ မင်း ကျွန်တော့်ကို လိမ်နေတာ မဟုတ်ဘူးလို့ ယုံတယ်။ ဒါကြောင့်မို့ ကျွန်တော်မင်းကို ဟိုကောင်မလေးရဲ့ ရည်းစားလိုကော လင်းအုပ်စုရဲ့ ဥက္ကဋ္ဌအနေနဲ့ကော ဆက်ဆံမှာ မဟုတ်ဘူး”
“ ဒါပေမဲ့ ကျွန်တော်ပြောချင်တဲ့အရာက အနောက်နိုင်ငံတွေရဲ့ ဆေးပညာက တိုးတက်တယ်။ ကျွန်တော်တို့ အမေရိကန်ဘက်နဲ့ ဆက်သွယ်ပြီး အဆုံးမှာ မိတ်ဆက်ဖို့ လိုအုံးမှာမို့ အချိန်တော့ယူရမယ်။ ဖြစ်နိုင်တာ တစ်လတန်သည် နှစ်လတန်သည် လောက်ဖြစ်ဖြစ် မဟုတ်ရင် အဲ့ဒီထက်တောင် ကြာနိုင်တယ်”
“ အဲ့ဒီအချိန်ကျရင် လူနာရဲ့ ကိုယ်မှာ ထပ်ပြီး သွေးကြောတို့စုမိသွားနိုင်တယ်။ ခွဲစိတ်မှုအတွက် အနှောက်အယှက် ဖြစ်လာ လိမ့်မယ်။ လူနာ အသက်အန္တာရယ်ပါ ရှိလာနိုင်တယ်။ ဒါက ကျွန်တော်တို့ မလိုချင်ဆုံး အခြေအနေပဲ။ ဒါကြောင့်မို့ ကျွန်တော်ချက်ချင်းပဲ ဒုတိယခွဲစိတ်မှုကို အရင်လုပ်ချင်တာပါ။ မစ္စတာလင်း စဥ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်”
ဆရာဝန်က လေးစားစွာ ပြောပြခဲ့ပေမဲ့ လင်းဖေးဟန် ချက်ချင်းပဲ နားလည်လိုက်သည်။
မိုက်ခရိုစက်ရုပ် ကုသနည်းကို သုံးချင်ရင် ပိုက်ဆံထပ်ပေးဆိုတာပဲ။
လင်းဖေးဟန်သူ့ရဲ့ စိန်ပုံပါတဲ့ လုပ်ငန်းကဒ်ကို ထုတ်ပြကာ ဆရာဝန်ကို ကမ်းပေးလိုက်သည်။
“ ပိုက်ဆံက ပြဿနာမဟုတ်ဘူး။ အမေရိကန်ဘက်နဲ့ ဆက်သွယ်ဖို့ အမြန်ဆုံး ကြိုးစားလိုက်ပါ”
“ကောင်းပါပြီ”
ပြီးတာနဲ့ လင်းဖေးဟန် ကော်ရစ်ဒါထောင့်ကို သွားပြီး ဖုန်းခေါ်လိုက်သည်။ သူ ရနိုင်တဲ့ အဆက်အသွယ်တွေကို သုံးပြီး အားလုံးကို အားကုန်သုံးပြီး မိုက်ခရိုစက်ရုပ် နည်းပညာနဲ့ အမြန်ဆုံး မိတ်ဆက်နိုင်ဖို့ ကြိုးစားခိုင်းလိုက်သည်။
လင်းဖေးဟန် ဖုန်းချပြီးနောက်မှာ တစ်ဖက်ထောင့်မှာ ရပ်နေတဲ့ လုမုံ့ဟန်ဆီကို ပြန်လျှောက်လာကာ သူမကို ကြည့်လိုက်သည်။
ထိုအချိန်မှာ လုမုံ့ဟန်သည် အဖြူရောင် ရှပ်အင်္ကျီကို ဂျင်းဖြူရောင် ဘောင်းဘီနဲ့ တွဲဝတ်ထားပြီး ရှည်သွယ်သွယ် ခြေချောင်းများက ထင်းနေသည်။ လုမုံ့ဟန်က အရမ်းပိန်တာပဲလို့ လင်းဖေးဟန် ခံစား နေရသည်။ လေတစ်ချက် တိုက်ရင်တောင် လွင့်ပါသွားလောက်တဲ့အထိ ပိန်နေတာပဲ။
ရုပ်တရက် ဖြစ်ပေါ်သွားတဲ့ အခြေအနေကြောင့် သူမပိုပြီး ပိန်ကျသွားရခြင်းဖြစ်သည်။
လင်းဖေးဟန် တစ်ဖြည်းဖြည်းနဲ့ အနား ရောက်လာခဲ့သည်။ လင်းဖေးဟန်က သူမကို သူ့ကောင်မလေးလို့ ပြောသွားတာကို လုမုံ့ဟန် ရုတ်တရက် အမှတ်ရသွားပြီး သူမရဲ့ ပါးတွေ ချက်ချင်းရဲသွားရသည်။ သူမရဲ့လက်တွေကို ဘယ်မှာထားရမှန်း မသိတော့ပေ။ ခေါင်းကို ရင်ဘတ်ရောက်တဲ့အထိ ငုံ့ချလိုက်ကာ လင်းဖေးဟန်ကို မကြည့်ရဲတော့ချေ။
လင်းဖေးဟန် လုမုံ့ဟန်အနားကို ရောက်တဲ့ အခါမှာ သူမရဲ့အသံတိုးတိုးလေးကို ကြားလိုက် ရသည်။
“ အကိုကြီးလင်း.. မပူပါနဲ့။ ကျွန်မအမေရဲ့ ကုသစရိတ်အတွက် ငွေသေချာပေါက် ပြန်ပေးမှာပါ။ အမေသက်သာလာရင် ကျွန်မတို့အိမ်ကို ချက်ချင်း ရောင်းလိုက်မယ်..”
လင်းဖေးဟန် တန်းပြီးမေးလိုက်သည်။
“ ဒါဆိုမင်းဘယ်မှာ နေမှာလဲ?”
လုမုံ့ဟန် ခဏမျှ တုံ့ဆိုင်းသွားပြီး..
“ ကျွန်မ.. ကျွန်မတို့က ဘယ်မှာနေနေ ရပါတယ်”
လုမုံ့ဟန်ခေါင်းမော့လာပြီး လင်းဖေးဟန်ကို အလွန်ရုပ်ဆိုးစွာ ပြုံးပြလာကာ
“ အကိုကြီးလင်း စိတ်မပူပါနဲ့။ ကျွန်မက အသက် ၁၉ နှစ်ရှိပြီ၊ အရွယ်ရောက်ပြီးသားပါ။ အကိုကြီးနဲ့သိကျွမ်းရတာ ကျွန်မအတွက် အကောင်းဆုံးကိစ္စပဲ။ ကျွန်မအရမ်း ကံကောင်းခဲ့တာပဲ။ အကိုကြီးလင်းရဲ့ ဂရုစိုက်ပေးမှုကို တစ်ကယ် ကျေးဇူးတင်ပါတယ်”
“ တော်တော့” လင်းဖေးဟန် လက်ယမ်းလိုက်ကာ လုမုံ့ဟန်ရဲ့ စကားတွေကို ရပ်ခိုင်းလိုက်ရသည်။ သူ့ရဲ့မျက်နှာက အလွန် တည်လာပြီး
“ မင်းဘာကို ပြောမလို့လဲ?”
“ မင်းရဲ့အိမ်ကိုရောင်းပြီး ဒီကထွက်သွားမလို့လား? ပြီးရင် မင်းရဲ့ ဘဝကိုလက်လျော့ပြီး အမေ့ကို ဂရုစိုက်ရင်း စက်ရုံဖြစ်ဖြစ် ရတဲ့နေရာမှာ အလုပ်လုပ်ရင်း ရှင်သန်မလို့လား?”
လုမုံ့ဟန်ရဲ့ စိတ်ကို လင်းဖေးဟန် နားလည်ပါသည်။ တစ်ခြားသူရဲ့ ကြင်နာပေးမှုကြောင့် သူမ အနည်းငယ် အလွှမ်းမိုးခံနေရပုံပဲ။ သူမဘာကိုမဆို ပြန်ပေးဆပ်ချင်သည်။ ဆင်းရဲတဲ့ ကလေး တော်တော်များများမှာ ထိုစိတ်ဓာတ်မျိုး ရှိသည်။
အထိမခံနိုင်ကြပြီး ကျိုးပဲ့လွယ်ကြသည်။ ထိုသို့ လူပေါင်းသိပ်မဆန့်တဲ့ သူတွေက ခေါင်းမာတဲ့နေရာမှာ ထိပ်တန်းပင်။
လုမုံ့ဟန်ကလဲ ထိုလူမျိုးပင်ဖြစ်သည်။
လုမုံ့ဟန် နှုတ်ခမ်းကို ကိုက်ထားရင်း ရှုတ်ထွေးနေတဲ့ မျက်လုံးများနဲ့ ပြောလိုက်သည်။
“ ကျွန်မ.. ကျွန်မ”
လင်းဖေးဟန် မျက်မှောင်ကြုတ်လိုက်ကာ
“ မင်းဘာလို့ အခုလို ပြောရတာလဲ?”
“ ငါဝန်ခံပါတယ်။ မင်းကတော်တော်လေး လှတာမို့ ဘယ်ယောက်ျားမဆို သည်းခံဖို့ ခက်မယ်ဆိုတာကို။ ငါလဲ အတူတူပဲဆိုတာ ရဲတင်းစွာပဲ ဝန်ခံလိုက်မယ်။ ငါမင်းကို ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ခဲ့တာ။ ဒါပေမဲ့ ငါမင်းကို အခုလိုပုံစံနဲ့ မမြင်ချင်ဘူး။ အခက်အခဲတွေကို ကျော်ဖြတ်ရင်း ဘဝကို အရှုံးမပေးဘဲ ဆက်သွားတဲ့မင်းရဲ့ ရဲရင့်တဲ့ ပုံစံကိုငါကြိုက်တယ်။ ဒါပေမဲ့ မင်းအခု အရမ်းကိုကလေးဆန်ပြီး ပေါ့ပျက်ပျက်ပုံ ဖြစ်နေတယ်။ မင်းအခု ချလိုက်တဲ့ ဆုံးဖြတ်ချက်က ကလေးကစားနေသလိုပဲ”
လင်းဖေးဟန်ရဲ့ စကားတွေအပြီးမှာ လုမုံ့ဟန်ရဲ့ မျက်နှာက ဖြူသွားပေမဲ့ သူမ ဆက်ပြောလိုက်သည်။
“ ဟုတ်တယ် ရှင်ပြောတာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်မရှင့်ကို အများကြီးအကြွေးတင်နေပြီ။ ဘယ်လိုပြန်ပေးဆပ်ရမယ် ကျွန်မ မသိတော့ဘူး”
လင်းဖေးဟန် ရယ်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ ပြန်ပေးဆပ်မယ်? မင်းဘာလို့ အခုလို တွေးနေတာလဲ? ငါမင်းကို ဘာကိုမှ ပြန်တောင်းမယ် မပြောမိပါဘူး။ မင်းအပေါ် ကောင်းပေးတာက ငါ့ကိစ္စပဲ။ မင်း လက်ခံတာ မခံတာက မင်းကိစ္စ။ ဒါပေမဲ့ ငါမင်းအပေါ် ကောင်းပေးနေတာကို မင်းတားလို့ မရဘူး။ နားလည်လား?”
လုမုံ့ဟန် ကြားတဲ့အခါမှာ လက်ယမ်းပြလိုက်ပြီး ပြောလာသည်။
“ မဟုတ်ဘူး။ အကိုကြီးလင်း ရှင်ပြောတာ မှားနေပြီ။ ကျွန်မဒီတိုင်းကြီး အများကြီး မတောင်းဆိုနိုင်ဘူး။ အဲ့ဒါက ကျွန်မအတွက် နှိပ်စက် မှု ဖြစ်နေရမှာ။ သူများဆီက ယူထားရင် ပြန်ပေးရမယ်လို့ မေမေသင်ပေး ထားတယ်”
ပြောနေရင်းနဲ့ လုမုံ့ဟန်ရဲ့ မျက်လုံးမှ မျက်ရည်တွေ စီးကျလာခဲ့သည်။
လုမုံ့ဟန်ရဲ့ခေါင်းမာမှုကြောင့် လင်းဖေးဟန် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူ လုမုံ့ဟန်ရဲ့ လက်ကို ဆွဲယူကာ လေးလံနေတဲ့ အသံနဲ့ ပြောလိုက်သည်။
“ မင်းဘာလို့ အရမ်းဂရုစိုက်နေရတာလဲ? ဒီလိုမျိုး အရမ်းတသီးတခြားလုပ်နေဖို့ မဖြစ်မနေ လိုအပ်တာလား? ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား? ငါတို့ နှစ်ယောက်ကြားမှာ မမြင်ရတဲ့ တံတိုင်းကြီး ကာထားဖို့က မဖြစ်မနေ လိုအပ်နေတာလား?”
“ မင်းရဲ့ အကိုကြီးတစ်ယောက်လို သဘောထားလို့ မရဘူးလား?”
လုမုံ့ဟန် ရုတ်တရက် မော့ကြည့်လာသည်။ အရည်ကြည် တစ်လွှာက သူမ မျက်လုံးကို ဝန်းရံထားသည်။
“ ဒင်! စနစ်မှ အသိပေးချက်- ဇာတ်လိုက်မ လုမုံ့ဟန်ထံမှ ကြိုက်နှစ်သက်မှု အမှတ်၅၀ ကို ရရှိပါတယ်။ ပွိုင့် ၅၀၀ လက်ခံရတဲ့အတွက် ဂုဏ်ပြုပါတယ်”
လင်းဖေးဟန် အံ့သြသွားသည်။ သူ့ရဲ့ စကားတွေက အခုလောက် အကျိုးထူးသွားမယ် မထင်ထားမိဘူး။
လုမုံ့ဟန် ရင်ထဲ တော်တော်လေး ခံစားနေရသည်။ သူမရဲ့ အသက် ၁၉ နှစ်လုံးမှာ လင်းဖေးဟန်က သူမ အမေပြီးရင် သူမအပေါ် အကောင်းပေးဆုံးသူပဲ။
“ ကျေးဇူးပါနော်”
လုမုံ့ဟန် တိုးညှင်းစွာပြောလိုက်ပြီး လင်းဖေးဟန်ရဲ့လက်မောင်းအနားကို အနည်းငယ် တိုးလိုက်သည်။ ဒါပေမဲ့ သူမရဲ့ခန္ဓာကိုယ်ကတော့ တောင့်တင်းနေဆဲပင် ဖြစ်သည်။ ယောက်ျားတစ်ယောက်နဲ့ အခုလို အနီးကပ်နေဖူးတာ သူမအတွက် ပထမဆုံးပင် ဖြစ်သည်။
အခုလိုမျိုး တစ်စုံတစ်ယောက်ကို အားကိုးလိုက် ရခြင်းက သူမ နှစ်ပေါင်းများစွာ မက်ခဲ့တဲ့ အိပ်မက်တစ်ခုပဲ။ ဒါပေမဲ့ သူမရဲ့ နှလုံးသားထဲမှာ ဘာလို့ မသက်မသာ ခံစားချက်ကို ရနေသေးတာလဲ?
ဒါက လက်တွေ့လောကပဲ။ လူသားတွေရဲ့ ခံစားချက်တွေ ပတ်သတ်မှုတွေ ရောထွေးနေတဲ့ လက်တွေ့ဆန်တဲ့ လောကကြီးပဲ။
လင်းဖေးဟန်ရဲ့ အဆက်အသွယ်က အရမ်းသန်မာသည်။ သူ့ရဲ့ အဆက်အသွယ်က အရမ်းကိုကျယ်ပြန့်တာမို့ သာမာန်လူတွေကိုပင် စိတ်ဓာတ်ကျလာစေသည်။ လင်းဖေးဟန်ရဲ့ မျက်လုံးထဲမှာ ဒါတွေအကုန်လုံးက လွယ်ကူတဲ့ ကိစ္စပဲ။
အမေရိကန်က ဆရာဝန်နဲ့ အကြမ်းဖျင်း ဆွေးနွေးထားပြီးပြီဖြစ်သည်။ လင်းဖေးဟန် ကိုယ်ပိုင်လေယာဥ်ပါ စီစဥ်ပြီး မိုက်ခရိုစက်ရုပ်နဲ့အတူ လိုအပ်တဲ့ အမေရိကန်က ကျွမ်းကျင်တွေကိုပါ ဖိတ်ခေါ်ထားပြီးပြီပင်။ ဒီအချိန်မှာ ပိုက်ဆံရှိရင် ဘာမဆို လုပ်နိုင်တာပဲ။