← Chapters

ဖိအားပေးခံရတယ်

Vol. 20 Ch. 340

ဖိအားပေးခံရတယ်

Vol. 20 Ch. 340

"လုလု!"

ရှောင်လင်းယွင်က မျက်ဆံအိမ်တွေ ပေါက်ထွက်မတတ်ဖြစ်သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

ပြင်းထန်တဲ့ မသက်မသာဖြစ်မှုတစ်ခုနဲ့ ကြောက်စိတ်မွှန်ခြင်းအာရုံတစ်ခုကို သူမသေချာသိလိုက်သည်။ သူမရဲ့စိတ်တွေ ဗလာနတ္ထိဖြစ်သွားပြီး သူမသမီးအကြီးဆုံးရဲ့လက်ထဲကဇွန်းကို ရိုက်ချဖို့ မြန်မြန်ဆန်ဆန်လှုပ်ရှားလိုက်သည်။

ဒါပေမယ့်လည်း ရှောင်လင်းယွင် ဘာမှမလုပ်ရသေးခင်မှာပဲ ချန်လုလုရဲ့လက်ထဲက ဇွန်းက လွတ်ကျသွားသည်။ ရှောင်လင်းယွင်က သတိပြုလိုက်မိဖို့တောင် အရမ်းကြောက်ရွံ့နေခဲ့သည်။ ဇွန်းက ကြမ်းပြင်ပေါ်ပြုတ်ကျသွားတာကို ရှောင်လင်းယွင်မြင်တော့ သူမချက်ချင်း ခြေကုန်လက်ပမ်းကျသွားပြီး စိတ်သက်သာမှုတစ်ခုကို ခံစားလိုက်ရသည်။

ဒီကြက်စွပ်ပြုတ်က အဆိပ်ခတ်ထားလား မခတ်ထားဘူးလားဆိုတာကို စစ်ဆေးဖို့ထိ သူမမှာ အချိန်မရှိပေ။ ဒါပေမယ့် သူမချက်ချင်းပဲ တည်ငြိမ်တဲ့လေသံနဲ့

"လုလု သမီး အမေပြောတာကို မေ့သွားတာလား? သမီးဒီနေရာမှာ အစားအစာကို လက်လွတ်စပယ်စားလို့မရဘူး။ အမေ အရင်မြည်းပြီးမှ စားလို့ရမှာ‌‌ပေါ့။ ဒီစွပ်ပြုတ်က အဆိပ်ရှိနေရင် ဘယ်လိုလုပ်မလဲ?"

ချန်လုလုက ခြောက်နှစ်ရှိနေပေမယ့် ပိန်ပါးပြီး သေးကွေးသည်။ သူ့ကိုမြင်တဲ့လူတွေက အသက်လေးနှစ်လောက်ပဲရှိသေးတယ်လို့ ထင်ကြသည်။

ချန်လုလုက ဝမ်းနည်းစွာ နှုတ်ခမ်းစူလိုက်သည်။ သူမ ရှောင်လင်းယွင်ကို မဝံ့မရဲကြည့်လိုက်ပြီး 

"ဒါပေမယ့် အမေ သမီးကြက်စွပ်ပြုတ် မွှေးမွှေးလေးကို သောက်ချင်တယ်!"

ရှောင်လင်းယွင်က ဒါကိုကြားတော့ သူမရဲ့နှလုံးသားဆို့နင့်သွားသည်။ နာကြည်းစိတ်တစ်ခုလည်း သူမရင်ထဲမှာ ပေါ်လာသည်။

ချန်မိသားစုရဲ့နောက်ခံနဲ့ဆို သူတို့ ကြက်စွပ်ပြုတ်မပြောနဲ့ ပင်လယ်သခွားသီးတို့ ပင်လယ်ခရုတို့တောင် တတ်နိုင်သည်။ ဒါပေမယ့်လည်း သူတို့က သူတို့မြေးမတွေကို ကျွန်တွေလို ဆက်ဆံကြသည်။

ချန်မိသားစုက သမီးတွေထက် သားတွေကိုပဲ ပိုတန်ဖိုးထားပေမယ့် ရှောင်လင်းယွင်ရဲ့ယောင်းမ ချန်လီရန်ကိုတော့ မိသားစုရဲ့ပုလဲလေးလို ဆက်ဆံကြသည်။ ချန်မိသားစုက ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ကိုလည်း အထင်သေးကြသေးသည်။

ချန်လီရန်က သုံးဆယ့်ငါးနှစ်ရှိပြီဖြစ်သည်။ သူမက ကွာရှင်းထားပြီး ကလေးကို ယောက်ျားကို ပေးခဲ့သည်။ သူမက အဲ့ဒီကတည်းက ချန်မိသားစုနဲ့နေနေခြင်းဖြစ်သည်။

သူမက ရှောင်လင်းယွင်ကိုပဲ အမြဲရွေးခိုင်းသည်။သူမကို အစေခံတစ်ယောက်လို ဆက်ဆံခဲ့သည်။

ရှောင်လင်းယွင်က ပထမဆုံးကလေးမွေးပြီးတော့လည်း ချက်ပြုတ်ရပြီး သူမယောင်းမရဲ့ အဝတ်အစားနဲ့ အတွင်းခံတွေကို ‌လျှော်ပေးရသေးသည်။ အဲ့ဒါတွေကို ရေနွေးနဲ့လျှော်ဖို့ သူမကို ခွင့်မပြုပေ။

ကြည့်ရတာကတော့ ‌၎င်းက ချန်မိသားစုက သူမကို မိသားစုရဲ့ ဂတ်စ်နဲ့ လျှပ်စစ်ကို မသုံးစေချင်၍ဖြစ်သည်။

ညလယ်ခေါင်ကြီးမှာ ရှောင်လင်းယွင်ကသူမရဲ့ ကိုယ်ဝန်ကာလကနေ ပြန်သက်သာလာရုံပဲရှိသေးပေမယ့် လက်တွေနီရဲပြီး ဖူးရောင်လာတဲ့တိုင်အောင် သူမယောက္ခ‌မတွေရဲ့ အဝတ်တွေကို လျှော်ပေးရသေးသည်။ သူမ အေးပြီးထုံလာတာကို ကြုံခဲ့ရသည်။

အဲ့ဒီအချိန်တုန်းက ရှောင်လင်းယွင်ရဲ့မိဘတွေက သူမကို ကွာရှင်းခွင့်တောင်းဖို့ ပြောဆိုခဲ့ကြသည်။

ဒါပေမယ့်လည်း ရှောင်လင်းယွင်က ချန်ဖေပင်းရဲ့ နှစ်သိမ့်စကားတွေမှာ ကျရှုံးခဲ့သည်။

သူက

"ယွင်အာ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းကို အမှားလုပ်ခဲ့မိတယ်။ ကိုယ့်မိသားစုက မင်းကသားလေးမွေးပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တာမလို့ပါ။ ဒါပေမယ့်လည်း သမီးမှန်း သူတို့တွေသိသွားကြတော့ သူတို့အရမ်းမပျော်မရွှင်ဖြစ်သွားတယ်လေ။ အဲ့ဒါကို သည်းခံလိုက်ပါဦး။

သူတို့ဒေါသတွေအနည်ကျသွားရင် သူတို့တွေမင်းကို ထပ်ပြီး ဒီလိုဆက်ဆံတော့မှာမဟုတ်ပါဘူး"

"ယွင်အာ ဒီနေ့လည်း ကိုယ်မင်းကို အခက်တွေ့စေပြန်ပြီ။ စိတ်မပူပါနဲ့ ကိုယ်အခုပိုက်ဆံစု‌နေပြီ။ ကိုယ်ပိုက်ဆံလုံလုံလောက်လောက်စုပြီးရင် ကိုယ်တို့ပြောင်းကြမယ်လေ။ ပြီးရင် မင်းကို ကိုယ်ဆက်ပြီး ဒုက္ခမခံခိုင်းတော့ဘူး"

"ယွင်အာ ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်မိဘတွေနဲ့အစ်မကို ဖျောင်းဖျလို့မရဘူး။ ဒါကြောင့် မင်းကိုပဲဆက်ပြီး ဒုက္ခခံခိုင်းရဦးမယ်။ ဒါကို‌တောင့်ခံလိုက်ပါဦး။ ကိုယ်တို့မကြာခင် ပြောင်းကြမယ်လေ"

ချန်ဖေပင်းက ရှောင်လင်းယွင်ကို မျှော်လင့်ချက်တွေဆက်ပေးနေခဲ့သည်။ ဒါကြောင့် သူမဆက်သည်းခံထားခဲ့သည်။ သူတို့ပြောင်းရွှေ့ပြီးရင် သူတို့တကယ်ပျော်ရွှင်နိုင်ကြလိမ့်မည်။ ဒါကြောင့် သူမမိဘတွေဘာပဲပြောပြော ရှောင်လင်းယွင်က နားမထောင်ခဲ့ပေ။

ရှောင်လင်းယွင်က ဒုတိယကလေးရတဲ့ထိ အရာအားလုံးကို သည်းခံခဲ့သည်။ သူမဒုတိယကလေးကို ကိုယ်ဝန်ခြောက်လရတော့ ချန်မိသားစုက ကလေးရဲ့လိင်အမျိုးအစားကိုရှာဖို့ အဆက်အသွယ်တွေသုံးခဲ့သည်။

ကလေးက နောက်ထပ်သမီးတစ်ယောက်မှန်း သူတို့သိသွားကြတော့ သူတို့က ရှောင်လင်းယွင်ကို ကိုယ်ဝန်ဖျက်ချစေချင်ခဲ့ကြသည်။ ဒါပေါ့ ရှောင်လင်းယွင်က မဖျက်ချချင်ဘူးလေ။

ချန်မိသားစုက ၎င်းကို ဘယ်လောက်ဆန့်ကျင်ပြီး ကလေးကိုဘယ်လောက်ဖျက်ချစေချင်နေလဲဆိုတာကို သူမဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ချန်ဖေပင်းက ရှောင်လင်းယွင်အတွက် ခံစားချက်တချို့ ရှိနေခဲ့သေးသည်။ သူက မကွာရှင်းချင်ပေ။ အဲ့ဒီလိုနဲ့ပဲ ဆက်သွားခဲ့ကြသည်။

ကလေးက ခုနစ်လလောက်မှာမွေးလာခဲ့သည်။ လမစေ့ပဲမွေးတာကလွဲရင် ကလေးကအရမ်းကျန်းမာသည်။ ၎င်းက ချန်ဖေပင်းကို ရှောင်လင်းယွင်က သူ့အပေါ်မှာ လိမ်ညာနေတယ်လို့ သံသယဝင်စေခဲ့သည်။

သူမက တခြားယောက်ျားတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားခဲ့တာလား။ ဒါပေမယ့်လည်း ကလေးက ချန်ဖေပင်းနဲ့တူနေသည်။ တခြားသူတွေ သေသေချာချာကိုမြင်နိုင်သည်။ ဒါပေမယ့်လည်း ချန်မိသားစုကတော့ ဒါကိုမမြင်ခဲ့ကြပေ။ သူတို့က ကလေးရဲ့မျက်ခုံးကိုဆွဲပြီး ချန်ဖေပင်းရဲ့ဒီအန်အေနဲ့ ယှဉ်ကြည့်ခဲ့ကြသည်။ ကလေးက တကယ့်ကိုသူ့ကလေးဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သက်သေတွေအားလုံးရှိပေမယ့်လည်း ချန်ဖေပင်းက ရှောင်လင်းယွင်က သူ့ကိုဖောက်ပြန်ခဲ့တယ်လို့ပဲ တထစ်ချယုံနေသည်။ ကလေးမွေးပြီး‌တော့ သူ့မိန်းမအတွက် သူ့အချစ်တွေက လုံးလုံးပျောက်ကွယ်သွားသည်။ သူက သူ့မိသားစုကို ရန်သူတွေလိုမျိူး ဆက်ဆံသည်။

ရှောင်လင်းယွင်က မွေးဖွားပြီးလို့ နေပြန်ကောင်းလာတော့ ချန်ဖေပင်းက နောက်ထပ်မိန်းမတစ်ယောက်ကိုတွေ့နေတယ်ဆိုတဲ့ ကောလဟာလတွေ ပြန့်လာခဲ့သည်။ တစ်ခေါက်ကဆို သူက ရှောင်လင်းယွင်အမေဆီမှာတောင် မိသွားသေးသည်။

အဲ့ဒီအချိန်က ဂုဏ်သတင်းနဲ့ မျက်နှာအတွက် ဒါက နားလည်မှုလွဲတာပါလို့ ချန်ဖေပင်း က ရှောင်မိသားစုကို ကျိန်ဆိုခဲ့သည်။ ရှောင်လင်းယွင်ရဲ့အိမ်ထောင်ရှေ့ရေးအတွက် ရှောင်မိသားစုက သူ့ကို ခနတော့ယုံကြည်ခဲ့ကြသည်။

ဒါပေမယ့်လည်း သုံးလကြာပြီးတော့ ကိစ္စက ဖော်ထုတ်ခံလိုက်ရသည်။

ရှောင်လင်းယွင်က ‌ကွာရှင်းချင်ခဲ့ပေမယ့် ချန်မိသားစုက သူမကို ကလေးမလေးတွေကို ခေါ်သွားခွင့်မပြုခဲ့ပေ။

ဒါက ချန်မိသားစုက ကလေးမလေးတွေကို သဘောကျလို့မဟုတ်ဘဲ ရှောင်လင်းယွင်ကို မကျေနပ်စေလိုသောကြောင့်ဖြစ်သည်။ ရှောင်လင်းယွင်က ချန်ဖေပင်းရဲ့ချိုသာတဲ့စကားတွေကို အတိတ်မှာတော့ ယုံကြည်ခဲ့ပေမယ့် သူမအခု ပြတ်သားသွားပြီ။ သူမက သူမရဲ့ကလေးနှစ်ယောက်ကိုချစ်သည်။ ပြီးတော့ သူမကလေးနှစ်ယောက်ရဲ့ကံကြမ္မာကို ချန်မိသားစုကို ဘယ်တော့မှ ‌ဆုံးဖြတ်ခိုင်းမှာမဟုတ်ပေ။

ရှောင်လင်းယွင်က ကွာရှင်းချင်ခဲ့ပေမယ့် ကလေးနှစ်ယောက်ကိုလည်း အဝေးခေါ်သွားချင်ခဲ့သည်။

ချန်မိသားစာက ကွာရှင်းတာကို သဘောတူပေမယ့် သူမကို ကလေးနှစ်ယောက်ကို မပေးပေ။ သူတို့က ရှောင်လင်းယွင်ကိုဘာမှမရစေချင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လင်းယွင်က ကွာရှင်းခွင့်ရမှာမဟုတ်ပေ။

ချန်မိသားစုက သူမကို ဘယ်လောက်ပဲ‌ဆိုးဆိုးရွားရွားဆက်‌ဆံဆက်ဆံ သူမသမီးနှစ်ယောက်အတွက် သည်းခံထားခဲ့သည်။ ၎င်းက လေးငါးနှစ်လောက် ဆက်ဖြစ်နေခဲ့သည်။

ဒီအချိန်အတွင်းမှာ ချန်ဖေပင်းမှာ မိန်းကလေးတော်တော်များများရှိလာခဲ့သည်။

ဒါပေမယ့် သူကောချူးချူးကိုမတွေ့ခင်အထိ ဒီမိန်းကလေးတွေ ဘယ်သူမှကိုယ်ဝန်မရှိခဲ့ပေ။ ချန်ဖေပင်းက ကောချူးချူးရဲ့ အထောက်အထားကိုသိသည်။ ဒါကြောင့် သူက ကောချူးချူးကို ထက်ထက်သန်သန်လိုက်ခဲ့သည်။ မကြာခင်မှာပဲ ကောချူးချူးက ချောမောပြီး ဟာသဉာဏ်ရွှင်တဲ့ ချန်ဖေပင်းကို ချစ်မိသွားခဲ့သည်။သူမက ချန်ဖေပင်းက လက်ထပ်ပြီးသားယောက်ျားတစ်ယောက်မှန်းသိသည်။ ဒါပေမယ့် သူမ စိတ်မခုပေ။

ချန်ဖေပင်းက သူ့မိသားစုကို ဆက်မချစ်တော့မှန်း သူမသိသည်။ ဒါကြောင့် သူတို့နှစ်ယောက်က ဇာတ်လမ်းစခဲ့ကြသည်။ ကိစ္စက ကောချူးချူး သားတစ်ယောက်ကိုယ်ဝန်လွယ်ရတဲ့အချိန်မှာ အထက်ရောက်လာခဲ့သည်။

ရှောင်လင်းယွင်က အလိုလိုပဲ ဇာတ်လမ်းအကြောင်းကိုသိနေခဲ့သည်။ သူမက ကောချူးချူးက သားယောက်ျားလေး ကိုယ်ဝန်ရှိမှန်းသိခဲ့သည်။ သူမမှာ ချန်ဖေပင်းအတွက် ဘာမျှော်လင့်ချက်၊ ခံစားချက်မှမရှိတော့ပေ။ သူမက ကွာရှင်းပြီး သူမသမီးလေးတွေကိုပဲ လိုချင်သည်။

ဒါပေမယ့်လည်း ရှောင်လင်းယွင်က အရမ်းစေ့စပ်တဲ့လူတစ်ယောက်ဖြစ်သည်။ သူမက အစိုးရရဲ့ တစ်ဦးတည်းသောကလေးမူဝါဒနဲ့ အရမ်းအကျွမ်းတဝင်ရှိသည်။ သူမသမီးနှစ်ယောက်ရဲ့တည်ရှိမှုက ချန်ဖေပင်းရဲ့သားကို ထိခိုက်စေလိမ့်မည်။ ဒါကြောင့် သူမပိုပြီး သတိဝီရိယရှိခဲ့သည်။

ဒါက သူမဘာလို့ ကြက်စွပ်ပြုတ်ကို မြင်လိုက်တဲ့အချိန်မှာ အရမ်းသင်္ကာမကင်းဖြစ်သွားရလဲဆိုတာဖြစ်သည်။

ကြက်စွပ်ပြုတ်က တခုခုမှားနေ‌တာတော့ရှိရမယ်။

ဘာပြဿနာလဲဆိုတာကတော့ ရှောင်လင်းယွင်က မသေချာပေ။

ဒါပေမယ့်လည်း ကြက်စွပ်ပြုတ်က သေစေလောက်တဲ့ ပိုးသတ်ဆေးတွေနဲ့ ပြည့်နေမယ်လို့တော့ သူမဘယ်တုန်းကမှ မျှော်လင့်မထားပေ။

သူမသမီးအကြီးလေးဝမ်းနည်းသွားတာကို ရှောင်လင်းယွင်မြင်လိုက်တော့ သူမ ရှက်ရွံ့သွားခဲ့သည်။ သူမ သူမရဲ့သမီးကို ဖက်လိုက်သည်။

သူမက ငိုပြီးတော့

"အမေတောင်းပန်ပါတယ် လုလု။ အမေ သမီးကို မဆူလိုက်သင့်ဘူး။ အသုံးမကျတာအမေ့အပြစ်ပါ။ အမေက သမီးကိုတောင် အစားကောင်းကောင်းမစားရစေဘူး။ ဒါပေမယ့် သမီးနည်းနည်းလောက်ဆက်ပြီး သည်းခံနိုင်မလား? မကြာခင် အမေတို့ ပိုကောင်းတဲ့ဘဝရပြီးတော့ သမီးကြက်စွပ်ပြုတ်တွေအားလုံး ကြိုက်သလို စားလို့ရပြီ"

ချန်လုလုက ငိုလိုက်ပြီး ပြတ်ပြတ်သားသားနဲ့

"ဒါပေမယ့် အမေ သမီးတို့ဘယ်လောက်ဆက်ပြီး သည်းခံရဦးမှာလဲ? ဘာလို့ အဖေ၊ အဘိုးနဲ့ အဘွားတို့က သမီးနဲ့ သမီးညီမကို အရမ်းမုန်းနေကြတာလဲ?"

ရှောင်လင်းယွင်က သူမကို ဘယ်လိုပြန်ဖြေရမလဲ မသိချေ။

အဲ့ဒီအချိန်မှာ ချန်တာ့ဝေ့ နဲ့ သူ့မိန်းမရဲ့ အခန်းတံခါးက ကျယ်လောင်တဲ့အသံတစ်ခုနဲ့ ရုတ်တရက် ပွင့်လာသည်။

မာမေ့ရှင်းက ရှောင်လင်းယွင်နဲ့ သူ့သမီးကိုကြည့်လိုက်သည်။

သူမက ကျယ်လောင်စွာနဲ့

"ရှောင်လင်းယွင် ငါပြောမယ်။ နင်ဘာပဲဖြစ်ဖြစ် ကြက်စွပ်ပြုတ်ကို ကုန်အောင်သောက်ရမယ်!"

ရှောင်လင်းယွင်ရဲ့မျက်နှာထားက ပြင်းပြင်းထန်ထန်ပြောင်းလဲသွားပြီး သူမက ပြတ်ပြတ်သားသားနဲ့

"အဲ့ဒီတော့ တကယ်ပဲ ကြက်စွပ်ပြုတ်က တစ်ခုခုလွဲနေတာပေါ့?!"

မာမေ့ရှင်းက သူမခေါင်းကိုလှည့်ထားလိုက်ပြီး ပြန်မဖြေလိုက်ပေ။ ဒါပေမယ့် သူမတစ်ခုခုကိုတွေးလိုက်ပြီးတော့

"ရှောင်လင်းယွင် နင်လိမ်လိမ်မာမာနဲ့ ကြက်စွပ်ပြုတ်ကိုသောက်သရွေ့ အဲ့ဒီနှစ်ယောက်ကို ခေါ်သွားလို့ရတယ်။ ဘယ်လိုလဲ?"

"စွပ်ပြုတ်ထဲမှာ ဘာတွေပါလဲ?"

ရှောင်လင်းယွင်က လှည့်ကွက်မှာ အရူးလုပ်မခံပေ။

သူမမျက်လုံးတွေက မာမေ့ရှင်း ကိုကြည့်ရင်း စူးရှပြီးတော့ နိုးကြားနေကာ အေးစက်စွာနဲ့

"မာမေ့ရှင်း ရှင်ရုတ်တရက်ကြီး အရမ်းစိတ်ကောင်းဝင်လာတယ်လို့ ကျွန်မမထင်ဘူး။ ကျွန်မပြောမယ်။ ကျွန်မ စွပ်ပြုတ်ကို မသောက်ဘူး!"

မာမေ့ရှင်းက ထေ့ငေါ့လိုက်ပြီး ခိုင်ခိုင်မာမာနဲ့

"ဟားဟား နင့်မှာ ရွေးခွင့်ရှိတယ်လို့ ဘယ်သူပြောလဲ....

နင်ဘာပဲဖြစ်ဖြစ် သောက်ကိုသောက်ရမယ်!"

***

All Chapters