← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

တင်းရှသည် မီးဖိုငယ်တစ်ခုဝယ်ပြီး ကွတ်ကီးဖုတ်ရန်အတွက် သူ့ဖုန်းရှိ ချက်ပြုတ်နည်းများအတိုင်း လိုက်လုပ်ခဲ့သည်။

နန်ကျင်းမြို့က တော်တော်ကြီးတဲ့မြို့ပင်။ နှစ်ကုန်ခါနီးတော့ အိမ်ပြန်တဲ့သူတွေ များလာတဲ့အတွက် မြို့ထဲမှာ လူနည်းလာသည်။

လူများစည်ကားသော ဆိုင်ငယ်များသည် ယခုအခါလူနည်းနည်းနဲ့  ပို၍ သက်တောင့်သက်သာ ရှိလှသည်။

ရှောင်ကျွင်းသည် ယောင်းမကုန်နှင့် အန်တီကျွမ်း အား အပန်းဖြေရန် အချိန်ပေးခဲ့သည်။ ထို့မှ သူတို့နှစ်​ယောက် နှစ်သစ်ကူး ပစ္စည်းများဝယ်ရန် မြို့တွင်းသို့သွားနိုင်သည်။

တင်းရှသည် သူမ၏ ထောပတ်ကွတ်ကီးများကို ဘယ်လိုလုပ်ရမလဲ ရှာဖွေနေချိန်တွင် ထိုအမျိုးသမီး နှစ်ဦးသည် ငွေကိုင်ဆောင်ကာ ပျော်ရွှင်စွာ ထွက်သွားကြသည်။

ရှောင်ကျွင်းသည် အိမ်နောက်ဖေးရှိ ဟင်းသီးဟင်းရွက်ဥယျာဉ်ငယ်တွင် မြေဆီလွှာကို ဖွပြီး ဓာတ်မြေသြဇာအလွှာတစ်ခု ထပ်ထည့်ကာ ဟင်းသီးဟင်းရွက်မစိုက်မီ မြေဆီလွှာမှန်စေရန် စောင့်နေသည်။

ခြံဝင်းနှင့် ဧည့်ခန်းကြားရှိ ထူထဲသော တံခါးကန့်လန့်ကာကို ရုတ်သိမ်းလိုက် သောအခါ မွှေးကြိုင်သော ရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။

တရုတ်ဟင်းတွေရဲ့ အနံ့နဲ့ မတူတာက ဒီအနံ့က လူတွေရဲ့ အေးချမ်းသာယာတဲ့ နေ့ခင်းတစ်ခုတွင် နေကာအောက်မှာ ချိုမြိန်တဲ့ အချိုပွဲတွေနဲ့ လက်ဖက်ရည်တစ်ခွက်နဲ့ သူတို့ဘေးမှာချရင်း အပန်း​ဖြေထိုင်နေသည့်ပုံရိပ်ကို တွေးမိစေသည်။

မြက်ခင်းပြင်မှာ လဲလျောင်းရင်း နေ့ခင်းဘက် တစ်ချိန်လုံး အိပ်ရသည်မှာ ဆုလာဘ်တစ်ခုလို့ ခံစားရသည်။

ရှောင်ကျွင်းသည် တင်းရှဆီသို့ လျှောက်သွားကာ မီးဖိုရှိ ပွတက်လာသော ကွတ်ကီးများကို သူမ ဂရုတစိုက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ "အနံ့အရမ်းကောင်းတယ်"

တင်းရှ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ အများကြီးလုပ်ထားတယ်။ နောက်မှ ယောင်းမနဲ့ တခြားသူတွေကို ပေးမယ်။ အချိန်ရရင် အဖွားကျန်း နဲ့ ဦးလေးဝေအတွက် ပေးမယ်။ ကျန်တာ ကျွန်မတို့ စားလို့ရတယ်။"

ရှောင်ကျွင်းသည် သူမ၏ စားပွဲပေါ်ရှိ ရှုပ်ပွ​နေ​သောအရာများကို ရှင်းပေးခဲ့သည်။ "ဟုတ်ပြီ မရီး ပြန်လာရင် အိတ်လေးတွေ သွားဝယ်ရအောင်"

တင်းရှ ခေါင်းညိတ်လိုက်သည်။

ရှောင်ကျွင်းသည် အိမ်နောက်ဖေးသို့ သွားပြန်သည်။ မကြာသေးမီက သူသည် တစ်ခုခုနှင့် လျှို့ဝှက်စွာအလုပ်ရှုပ်နေသည်။ ထို့​ကြောင့် တင်းရှ ညဘက် အိပ်ရာဝင်သောအခါတွင် သူ့ကိုပင် မတွေ့နိုင်ပေ။

တင်းရှ မျက်မှောင်ကြုတ်လိုက်သည်။

တစ်နေ့ သူဘာတွေလုပ်နေလဲ သူမ သိလာအောင်လုပ်မယ်။

ယောင်းမကုန်းနဲ့ အန်တီကျွမ်းတို့ လက်ထဲမှာ အိတ်တွေသယ်ကာ နားရွက်နားအထိ ပြုံးပြီး ပြန်လာချိန်မှာတော့ မှောင်စပြုနေပြီပင်။

"နှစ်သစ်ကူး မတိုင်ခင် ရောင်းတာ က တကယ်ကို စျေးပေါတာတော့ အမှန်ပဲ။ ပစ္စည်းတွေ အများကြီး ဝယ်ခဲ့တယ်!" ယောင်းမကုန်း၏ ပုံမှန်အတိုင်း ငြိမ်သက်နေသော မျက်နှာမှာလည်း တောက်ပနေ၏။

အန်တီကျွမ်းသည် ပလတ်စတစ်အိတ်ကို မွှေကာတစ်ခုခုရှာခဲ့သည်။ "ဈေးကဖြတ်သွားတော့ ကန်စွန်းရွက်တွေ ဝယ်လာတယ်။ ရာသီမဟုတ်ပေမယ့် တကယ်တမ်းကျတော့ လတ်ဆတ်တဲ့ ကန်စွန်းရွက်က ရှိတယ်။ ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။"

"ဒါပေမယ့် အဲဒါက ငါ့အတွက် အဆင်ပြေတယ်၊ ​​ဒါကြောင့် အိမ်ပြန်သယ်ဖို့ ဝယ်လာခဲ့တယ်" ဟု အန်တီကျွမ်းက သဘောကျစွာ ရယ်မောရင်း ပြောခဲ့သည်။ "ညစာအတွက် ဖက်ထုပ်ထုပ်ရအောင်"

သူတို့ဖက်ထုပ် မစားရတာအ​တော်ကြာပြီဖြစ်သည်။ ရှောင်ကျွင်းက ဂျုံမုန့်ကို စလုပ်တယ်။ သူသည် ဂျုံမုန့်နဲ့လုပ်​သောအစားအစာများကို နှစ်သက်ပြီး မကြာခဏ လုပ်ဖူးသောကြောင့် ချောမွေ့ပြီး ပျော့ပျောင်းသော ဂျုံလုံး ပြုလုပ်နည်းကို သူသိသည်။

ဂျုံမုန့်ညက်နယ်ပြီးမှ အဖုံးအုပ်ပြီးဖယ်ထားသည်။

အန်တီကျွမ်းသည် ဖြည့်စွက်စာ ပြင်ဆင်ရန် သွားခဲ့သည်။ ကန်စွန်းရွက်ကို ရေမစိမ်ဘဲ ရေဆေးသည်မှာ ရေစိမ်ခြင်းက ကန်စွန်းရွက်ကို ပျော့စေသော​ကြောင့်ဖြစ်သည်။

သူမက ပဲငံပြာရည်၊ ဆား နှင့် ငရုတ်ကောင်း ပမာဏကို MSG နှင့် ပဲငံပြာရည် အနည်းငယ်၊ ထို့နောက် သကြားအနည်းငယ်ယူပြီး ဝက်သားထဲသို့ထည့်သည်။

အသားများ ပျော့ပျောင်း စေးကပ်လာသည်အထိ လက်နှင့် ရောမွှေပြီး ကြက်သွန်နီကြော်နှင့် ပါးပါးလှီးထားသော ဂျင်းတို့ကို ထည့်သည်။

လှီးဖြတ်ထားသော ကန်စွန်းရွက်ကို အစိုဓာတ်ဖယ်ရှားရန်အတွက် ဆားစိမ်ထားပြီး၊ ထို့နောက် အသားထဲသို့ရောထည့်လိုက်သည်။

အညီအမျှ ရောမွှေပြီးပါက အရသာစားချင်စဖွယ်ရှိသော ဖက်ထုပ်အဆာသွပ်များ အဆင်သင့်ဖြစ်ပါပြီ။

ရှောင်ကျွင်းသည် ဖက်ထုပ်အဆာသွပ်များထုပ်ပိုးရန်အတွက် မုန့်ညက်ကို ပါးပါးလေးနှင့် သေးသေးလေးဖြစ်အောင် လှိမ့်လိုက်သည်။

အလယ်တွင် ပိုထူပြီး အစွန်းများပေါ် ပါးလွှာကာ တစ်ကြိမ်လျှင် ဖက်ထုပ်တစ်ခုအဖြစ် လုပ်သည်။ ဖြူဖြူဖွေးဖွေး ဖက်ထုပ်များက ဗန်းပေါ်မှာ နေရာယူထားသည်။

တင်းရှ ထိုင်ကြည့်နေစဉ်တွင် သူတို့သုံးဦးသည် ၎င်းတို့ကို ထုပ်ပိုးရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။

ဖက်ထုပ်သုံးဗန်းကို ရေထဲမှာ ဆားအနည်းငယ်နဲ့ ကျိုပြီး အိုးတစ်လုံးတည်းမှာတောင် နေရာမဆန့်ချေ။

အဖြူရောင် ဖက်ထုပ်များတွင် အရေခွံပါးပြီး နူးညံ့သော အဆာသွပ်များပါရှိသည်။ တစ်ချက်ကိုက်လိုက်လျှင် အသားလုံးသေးသေးလေးလို ကြွပ်ရွနေသော ကန်စွန်းရွက်ကို တွေ့နိုင်သည်။ အပေါ့အငန်မျှတပြီး မွှေးကြိုင်တဲ့ အစာသွပ်က အရသာရှိပြီး စွဲလန်းစေသည်။

တင်းရှသည် အံ့သြစရာကောင်းလောက်အောင် အခုနှစ်ဆယ် သို့မဟုတ် ထိုထက် ပိုစားသောကြောင့် ရှောင်ကျွင်း သည် သူမ ဗန်းတစ်ခုလုံးအထိကို စားမိမည်ကို ကြောက်သွားခဲ့သည်။

ယောင်းမကုန်းက "ငါ့အဒေါ်ရဲ့ ဖက်ထုပ်ထုပ် ကျွမ်းကျင်မှုကို ပတ်၀န်းကျင်က ချီးကျူးတယ်"ဟုဂုဏ်ယူစွာ​ပြောသည်။

တင်းရှသည် ရှောင်ကျွင်းလည်း အားရပါးရ စားသောက်နေသည်ကို တွန့်ဆုတ်စွာ ကြည့်နေခဲ့သည်။ သူမ တကယ်ကို ထပ်မစားနိုင်တော့ချေ။ ထပ်စားလျှင်သူမ နေမကောင်း ဖြစ်လိမ့်မည်။

"အန်တီ နှစ်သစ်ကူးပြီးရင် ဆိုင်မှာ ဖက်ထုပ်ရောင်းချင်လား" တင်းရှက သူမကို မေးသည်။ "စားဖိုမှူးလစာ ကျွန်မပေးပါမယ်။"

အန်တီ ကျွမ်းခဏတာ အံ့သြသွားသည်။ "အဲ့တာရောင်းလို့အဆင်ပြေရဲ့လား?"

"ရတာ​ပေါ့" တင်းရှ ပြုံးလိုက်သည်။ "အန်တီရဲ့ ဖက်ထုပ်တွေက အရမ်းအရသာရှိတယ်!"

အန်တီကျွမ်းက မဆိုင်းမတွ သဘောတူလိုက်သည်။

နောက်တစ်နေ့တွင် ဦးလေးဝေသည် သူ၏လှည်းပေါ်ရှိ ပုခက်ကို ယူဆောင်လာကာ ပေါ့ပါးသောသစ်သားက မျက်စိထဲ၌ စွဲလန်းစေခဲ့သည်။ ပုခက်ကိုလည်း ရှောင်ကျွင်း၏ ဒီဇိုင်းအတိုင်း ပြုလုပ်ထားပြီး နောက်ဆုံးအသေးစိတ်အထိ တိကျသည်။

ဦးလေးဝေသည် ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်ရန် သို့မဟုတ် လှုပ်နေသော ပုခက်ထဲသို့ ခုံးတက်သွားနိုင်သည့် ပုခက်ခြေရင်းကို ရည်ရွယ်ချက် နှစ်ခုဖြင့်ပင် ဖန်တီးထားသည်။

တင်းရှက ဒီပုခက်ကို အရမ်းသ​ဘောကျတယ်။

ဦးလေးဝေသည် ချစ်စဖွယ်အရုပ်များ၊ မြင်းငယ်များ၊ ပုစဉ်းပျံများနှင့် ယုန်များတို့ကိုလည်း ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်သလိုဖြစ်အောင် ပြုလုပ်ခဲ့သည်။

လက်ကျန်ပစ္စည်းများနှင့် ပြုလုပ်ထားသောကြောင့် အဖိုးမတန်သော လက်ဆောင်များဖြစ်ကြောင်း သူက ဆိုသည်။

ဒါပေမယ့် တင်းရှက သူ့ကို ပုခက်နဲ့ အရုပ်တွေအတွက် အပြည့်ပေးခဲ့သည်။ အန်ကယ်ဝေက နည်းနည်းတော့ ရှက်သွားတယ်။ "ကောင်းပြီ၊ မင်းတို့ အနာဂတ်မှာ တခြားအရာတွေ လိုအပ်ရင် မင်းတို့ကို လျှော့စျေးပေးမယ်။"

တင်းရှက ဝမ်းသာအားရ သဘောတူလိုက်သည်။

ဦးလေးဝေသည် ဝမ်းသာအားရဖြင့် ဆေးလိပ်သောက်ကာ လှည်းဆွဲ၍ ထွက်သွားခဲ့သည်။ တင်းရှသည် ပုခက်ကလေးနဲ့ခွဲရန် သည်းမခံနိုင်တော့ဘဲ သူမကုတင်ဘေးတွင် ထားလိုက်သည်။

အဲ့ဒီအထဲမှာ ခြေဖဝါးလေးတွေနဲ့ ဆော့ကစားနေတဲ့ ဖျင်အန်း လေးကို သူမ တွေးကြည့်ရုံမှအပ မတတ်နိုင်ခဲ့ပါ။

ဆိုင်အဝင်ဝတွင် တင်းရှလုပ်သော မုန့်မျိုးစုံနှင့် မုန့်မျိုးစုံဖြင့် ပြည့်နေသော ကောင်တာတစ်ခုရှိသည်။ ထွက်ခွာသွားသော ဖောက်သည်များကို သူတို့နဲ့အတူတစ်ပါတည်း သယ်သွားရန် ဆွဲ​ဆောင်နေကြသည်။

ပြောင်ပြောင်လက်လက် ဆံပင်ဖြူနဲ့ အဘိုးအိုတစ်ယောက် သူ့လက်ကို နောက်တွင်ထားပြီး ၀င်လာခဲ့သည်။ သူ့မျက်နှာသည် ထိုင်ခုံပေါ်တွင် တည့်တည့်ထိုင်နေချိန်တွင် စိုးရိမ်မှုအရိပ်အယောင်များ ပေါ်လွင်နေပြီး ပတ်ပတ်လည်ကို ကြည့်ရန် စိတ်မကူးပေ။

ယောင်းမကုန်းက သူ့ကို မီနူးတစ်ခု ပေးခဲ့ပေမယ့် သူစကားမပြောခင်မှာ သူ့ဖုန်းက မြည်လာခဲ့သည်။

အဘိုးအိုသည် ဖုန်းကိုထုတ်ပြီး​ခေါ်သူကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချကာ "ဟဲလို၊ ဘာလဲ" ဟု ပြန်ဖြေခဲ့သည်။

"ငါနေကောင်းတယ်၊ ငါ လမ်းလျှောက်ထွက်လာခဲ့တာ..."

"စားပြီးရင် ပြန်လာခဲ့မယ်..."

"စိတ်မပူပါနဲ့..."

စကားအနည်းငယ်ပြောပြီးနောက် သူသည် ခေါင်းငိုက်စိုက်ချကာ ဖုန်းပေါ်ရှိ အလွန်ဆင်တူသော သားအဖဓာတ်ပုံကို ကြည့်ကာ သက်ပြင်းချပြီးခေါင်းကို ခါယမ်းလိုက်သည်။

"ဘာများသုံး​ဆောင်ချင်ပါသလဲ"

“ ရိုးရှင်းတဲ့ အရာတစ်ခုဘဲစားမယ်” အဘိုးအိုက မီနူးကို လှန်ကြည့်လိုက်တယ်။ "မင်းတို့မှာ ခေါက်ဆွဲရှိလား"

“ရှိပါတယ်” ဟုယောင်းမကုန်းက ပြောသည်။

"ဘယ်လိုခေါက်ဆွဲမျိုးကြိုက်လဲ"

အဖိုးအိုက သူမကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ "မင်းတို့ ဘာမဆို လုပ်လို့ရတယ်ပေါ့"

"ပုံမှန်အစားအစာဆိုရင် ဘယ်အရာမဆို ကျွန်မတို့ လုပ်နိုင်ပါတယ် " ယောင်းမကုန်းသည် ရှောင်ကျွင်း၏ ဟင်းချက်ကျွမ်းကျင်မှုကို သံသယမရှိခဲ့ပေ။

အကယ်၍ မအောင်မြင်ပါက တင်းရှသည် ထိုနေရာတွင် အစားထိုးရန် ရှိနေပါသေးသည်။

အဘိုးအို၏ စိတ်၀င်စားမှုက တိုးသွားခဲ့သည်။ ဘယ်အရာမဆို၊ မဆိုးပါဘူး။

အတွေးဖြင့် မျက်ခုံးကို ကျုံ့လိုက်သည်။ "ဒါဆို ကျာ့ချိုင် ခေါက်ဆွဲတစ်ပန်းကန်ယူမယ်၊ အဲဒါလုပ်ပေးလို့ရလား"

ယောင်းမကုန်း အံ့သြစွာ တုံ့ပြန်လိုက်သည်။ "ငါတို့လုပ်နိုင်တယ်၊ ခဏစောင့်ပါ"

အဘိုးအိုသည် ဆိုင်၏အတွင်းပိုင်းဒီဇိုင်းကို လှည့်ပတ်ကြည့်ရှုခြင်းမပြုခင် လက်သုတ်ပုဝါကို အသုံးပြုပြီး တူထည့်ထား​သောဘူးထဲမှ တူတစ်စုံကို စိတ်ရှည်စွာသုတ်ခဲ့သည်။

အပြင်အဆင်နဲ့ ပတ်ဝန်းကျင်က တော်တော်လှတယ်။ အဘိုးအိုသည် ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ဆီစွန်းထင်းသည်ကို မတွေ့ရသည်က သူအနည်းငယ် စိတ်ကျေနပ်မှုရစေခဲ့သည်။

ထို့​ကြောင့် စားဖိုမှူးအတွက် သူ့မျှော်လင့်ချက်က ပိုလို့တောင် တိုးလာခဲ့သည်။

ကျာ့ချိုင် ခေါက်ဆွဲကို ကောင်းကောင်းလုပ်ရန် ကျွမ်းကျင်မှု လိုအပ်သည်။ ဒီသာမန်ဆိုင်လေးက ကျားဆိုင် ခေါက်ဆွဲကို တကယ်လုပ်ပေးနိုင်မလားဆိုတာ သူ အတော်လေး သိချင်နေခဲ့သည်။

All Chapters