← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

“ပြောင်းရမယ်?”

တင်းရှသည် ဝက်ပေါက်လေး ဖျင်အန်းကို မ ချီရင်း လှည့်ကြည့်လိုက်သည်။ “ချက်ချင်းကြီးလား”

“ဟုတ်တယ် ကိုယ်လည်းအဲ့လိုပဲထင်တယ်” ရှောင်ကျွင်းသည် မလှုပ်မယှက်နှင့် သစ်သားပန်းပု ထွင်းထုနည်းကို လေ့လာနေသည်။ ဖျင်အန်းလေးအတွက် ကြောင်ရုပ်သေးသေးလေး ထွင်းထုပေးချင်သောကြောင့် ဖြစ်သည်။

“မင်းဘယ်လို တွေးထားလဲ တတ်နိုင်မယ်ဆိုရင် ပိုက်ဆံစုပြီး ဒီနေရာကို ဝယ်လိုက်မယ်ဆိုရင်ရော၊ အဲ့လိုမလုပ်ဘူးဆိုရင် ခုချိန် နေဖို့တခြားနေရာ ရှာလိုက်တာပိုကောင်းမယ်”

တင်းရှသည် ခဏစဉ်းစားလိုက်သည်။ သူတို့သည် ဤနေရာတွင် နေသည်မှာမကြာသေးပေ။ တစ်နှစ်လောက်ပဲရှိသေးသည်။ အိမ်ထဲရှိ ပစ္စည်းများသည် ဝယ်ခါစအသစ်ပဲရှိသေးသောကြောင့် အခုချိန်တွင် ထိုပစ္စည်းများကို ပြောင်းရွေ့ရမည်မှာ နှမြောစရာဖြစ်နေသည်။

“ကျွန်မတို့တွေ အိမ်ပိုင်ရှင်ကို စကားပြောကြည့်ကြမလား” တင်းရှက ပြောလိုက်သည်။ သူမသည် ဤနေရာကို သဘောကျနေသည်။

“ကိုယ် ပွဲစားကို လှမ်းခေါ်လိုက်မယ်” ဟူ၍ရှောင်ကျွင်းသည် သစ်သားတုံးကို ရေပေါ်တိုက်နေသည်။

“ဒီနေ့ည ဘာစားချင်လဲ ကိုယ်ချက်ကျွေးမယ်လေ”

“ကျွန်မလုပ်လိုက်ပါ့မယ် ရှင်သာ ဖျင်အန်းလေကို ခေါ်ပြီး ခြံထဲမှာ ခဏသွားကစားပေးလိုက်” တင်းရှသည် ဟင်းမချက်ရသည်မှာ ကြာလှပြီဖြစ်၍ ပြန်ချက်ချင်နေသောကြောင့်ဖြစ်သည်။

ရှောင်ကျွင်းလည်း ပြုံးပြကာ သဘောတူလိုက်သည်။ သူသည်လည်းပဲ တင်းရှ၏ လက်ရာကို သတိရနေသည်။

တင်းရှသည် ဖျင်အန်းလေးကို စောင်နှင့်ပတ်လိုက်ပြီး ကလေးလေးသည် သူ့မျက်လုံးဝိုင်းကြီးမှာ စူးစမ်းချင်စိတ်အပြည့်ဖြင့် မျက်တောင်ခတ်ရင်း ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။ သူမသည် သူ့ပါးလေးကို မနမ်းပဲ မနေနိုင်ဖြစ်နေသည်။

“အိုး ကျွန်မသူ့ကို မနမ်းပဲမနေနိုင်ဖြစ်သွားတယ်။ အဲ့လိုနမ်းတာ မကောင်းမှန်းသိပေမဲ့လည်း ကျွန်မသားလေးက ဘာလို့အဲ့လောက်တောင် ချစ်စရာကောင်းနေရတာလဲ”

တင်းရှသည် ဖျင်အန်းလေးကို ချီလိုက်ပြီး ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း တစ်ပတ်လှည့်ပြီး ကလေးကို မြှူနေလေသည်။

ရှောင်ကျွင်းသည် စားပွဲခုံနားတွင် သားအမိနှစ်ယောက်ကို ရပ်ကြည့်နေသည်။

ချစ်ခြင်းမေတ္တာတွေကို ပြသပြီးနောက် တင်းရှသည် ကလေးလေးကို စိတ်မပါသည့်ပုံစံဖြင့် ရှောင်ကျွင်းလက်ထဲ ထည့်ပေးနေသည်။

ထို့နောက် သူမသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး အဝါရောင်ကြက်ပေါက်ကို အမွှေးအမျှင်များ ဖယ်ထုတ်နေသည်။

ဥတစ်ခါမှ မဥသောကြက်မသားကို သုံးနိုင်လျှင် အကောင်းဆုံးပင်ဖြစ်သော်လည်း သူတို့တွင် ရှိသည့်အရာနှင့်သာ ချက်ရပေမည်။

တင်းရှသည် ဓါးကိုင်ရန် လက်မကို ဓါးပေါ်တွင် နေရာချထားပြီး ထက်နေသော ဓါးသွားကိုကြည့်ရင်း ကျေနပ်နေလေသည်။ သူမသည် ကြက်ပေါက်ကို လှန်လိုက်ပြီး ကျောရိုးအထိ သေသေချာချာ လှီးနေသည်။

သူမသည် ကြက်ပေါက်ကို အရိုးထုတ်သည်မှာ ပြီးဆုံးတော့မည်။

တင်းရှသည် တလက်လက် အရောင်လက်နေသော ဓါးကိုဝှေ့ယမ်းလိုက်ပြီး ကြက်ပေါက်၏ ခြေထောက်နှင့် တောင်ပံကို ဓါးဖြင့်အတုံးလေးများဖြစ်အောင် ပိုင်းဖြတ်လိုက်သည်။

ထို့နောက် ကြက်ရင်ဘုံကို လှီးပြီး အသားများကို နွှင်လိုက်လေသည်။ ခြေထောက်နှင့် တောင်ပံများမှ အရိုးကိုလည်း ဖယ်ထုတ်ခဲ့သည်။

အသားများကို တစ်ကိုက်စာ အတုံးလေးများဖြစ်အောင် တုံးလိုက်ပြီး သူမသည် အဝါရောင်ဝိုင်၊ ဆား၊ ငရုတ်ကောင်း၊ ပြောင်းဖူးမှုန့်နှင့် ကြက်ဥအကာကို အသားပေါ်ဖုံးသွားအောင် ထည့်လိုက်သည်။

သူမသည် လီလီပန်းခြောက်များကို ရေစွတ်ထားပြီး ပန်းပွင့်သေးသေးလေးများဖြစ်အောင် ညှပ်နေသည်။ ရေထဲတွင် အပွင့်များပွပြီး ကြီးလာအောင် ၃-၅မိနစ်လောက် ရေစွတ်ထားပြီးနောက် အပွင့်များကို ကောက်ယူကာ ရေစစ်ထားလိုက်သည်။

တင်းရှသည် အရသာသိပ်ထားသော ကြက်သားတုံးများကို လီလီပန်းရေထဲသို့ ဂရုတစိုက် နှစ်နေသည်။ အနှောင့်အယှက်ကင်းစွာ အသားများကို အတုံးလေးများအဖြစ် ဖြေးဖြေးချင်းကျက်သွားအောင် လုပ်နေသည်။

ပြုတ်ပြီးတာနဲ့ အညစ်အကြေးမှန်သမျှကို ရေအေးနဲ့ ဆေးကြောလိုက်သည်။

တင်းရှသည် ဗီရို၏အောက်ဖက်မှ ခရမ်းရောင် ရွံ့ပေါင်းအိုးကို သေသေချာချာ ဂရုတစိုက်သယ်လာခဲ့သည်။

ဤအိုးသည် မနှစ်က လက်မှုပညာရှင်တစ်ယောက်မှ သူမအတွက် သီးသန့်လုပ်ပေးထားခြင်းဖြစ်သည်။

ပထမဆုံးအနေနှင့် သူမသည် ကြက်သားနှင့် လီလီပန်းများကို ပေါင်းအိုးထဲသို့ ထည့်ပြီး ဂိုဂျီဘယ်ရီသီး၊ ကြက်သွန်မြိတ်နှင့် ဂျင်းအစိတ်လေးများကို အပေါ်မှ ဖြူးထည့်လိုက်သည်။

သူမသည် အဝါရောင်ဝိုင်၊ ဆားနှင့် ငရုတ်ကောင်းတို့ကို ရေနွေးနှင့်ရောပြီး ပြုတ်ရည်ရအောင် လုပ်နေသည်။

အိုးတစ်ခုပေါ်သို့ ပုဝါပတ်ထားပြီး ထိုပေါ်သို့ ပေါင်းအိုးကိုတင်ကာ ပါဝင်ပစ္စည်းများကိုလည်း ထိုပေါင်းအိုးထဲသို့ ထည့်ထားသည်။

တစ်နာရီခွဲလောက်ကြာပြီးချိန်တွင် ရှေးခေတ်တော်ဝင်ဟင်းလျာဖြစ်သော လီလီပန်းဖြင့် ပေါင်းထားသော ကြက်ပေါင်းဟင်းချိုကို ရရှိမည်ဖြစ်သည်။

ခြံထဲတွင် ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ချီထားကာ လက်ရာသိပ်မလှသော သူ၏ သစ်သားပန်းပုလေးများကို ဆောင့်ကြောင့်ထိုင်ရင်း ကြည့်နေလေသည်။

ခြေတံတိုတိုလေးများကို ထွင်းထုထားပြီး တိရစ္ဆာန်တစ်ကောင်အလား မထင်မှတ်နိုင်သော ပန်းပုကို လက်ညှိုးထိုးပြရင်း “သားလေး ဒီဟာက မြင်းရုပ်သေးသေးလေး”

ဘဲဝဝတုပ်တုပ်ပုံစံပန်းပုလေးကို လက်ညှိုးထိုးပြရင်း “ဒါလေးက ငန်းဖြူလေး”

“မင်းကြီးလာတဲ့အခါကျရင် လှပတဲ့ ငန်းဖြစ်သွားတဲ့ ဘဲရုပ်ဆိုး ပုံပြင်ကို မေမေက ပြောပြလိမ့်မယ်”

တင်းရှသည် မီးဖိုချောင်ထဲမှ ထွက်လာကာ သူ့ကိုသရော်လိုက်သေးသည် “ဖျင်အန်းလေးကို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောပြမနေနဲ့ သူကြီးလာလို့ တကယ့်မြင်းတွေ ငန်းတွေရဲ့ ပုံစံကို မသိတော့ရင် ဘယ်လိုလုပ်မလဲ”

ရှောင်ကျွင်းသည် မျက်မှောင်ကြုတ်ရင်း ထိုပန်းပုလေးများကို အနီးကပ်သေချာကြည့်နေသည် “အဲ့လောက်ထိ ကြည့်ရဆိုးလို့လား ကိုယ်ကတော့ အဆင်ပြေတယ်လို့ ထင်တယ်”

“သူတို့ကိုကြည့်လေ ပိုတူလေပါပဲ”

တင်းရှသည် သူ့ဆီသို့ လျှောက်သွားပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ညှစ်လိုက်ပြီး “ငယ်သေးတာတောင် ရှင့်ရဲ့အမြင်တွေက မှုန်ကုန်ပြီလား”

ရှောင်ကျွင်းသည် အမှတ်မထင် အလွန်ပင်ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးစူပြလိုက်သည်။ ရှားရှားပါးပါး ကလေးဆန်မှုပင်ဖြစ်သည်။

တင်းရှနှလုံးသားလေးကို လှုပ်ရွရွဖြစ်သွားစေပြီး သူ့ပါးကို နမ်းရန် အနည်းငယ် ကိုင်းညွှတ်လိုက်သည်။

ရှောင်ကျွင်းသည်လည်း လန့်သွားပြီး သူ့အကြည့်သည် ချက်ချင်းပင် နူးညံ့သွားကာ ခံစားမှုများပါလာပါသည်။

ထိန်းမထားနိုင်တော့ပဲ သူမနှုတ်ခမ်းလည်း လှည့်ထွက်သွားရာကို အပြေးလေးလိုက်ပြီး သူမ၏ နှုတ်ခမ်းနီနီလေးကို ရှာဖွေနေမိသည်။

တင်းရှသည် သူ၏ရည်ရွယ်ချက်ကို သိလိုက်သည်။

အနည်းငယ် ရှက်သွေးဖြာ၍ သူမသည် အဝေးသို့ ခေါင်းစောင်းလိုက်သော်လည်း သူမ၏ ပြုမူပုံများသည် မငြင်းပဲ သဘောတူနေသကဲ့သို့ ဖြစ်နေသည်။

အမှန်စင်စစ်တွင် သူမသည် သူ့ကို မရှောင်တိမ်းချင်ခဲ့ပေ။

သူ့လက်မောင်းထဲတွင် ရှိနေသော ဖျင်အန်းလေးသည် စူးစမ်းချင်စိတ်အပြည့်ဖြင့် သူ၏ဖေဖေငယ်ငယ်လေးက နူးညံ့သိမ်မွေ့သော သူ့မေမေကို အားတက်သရောနှင့် ကြိုးစားပမ်းစားနမ်းနေသည်ကို ကြည့်နေသည်။

ငယ်ရွယ်သော မေမေဖြစ်သူ၏ နားရွက်သည် နေဝင်ဆည်းဆာကဲ့သို့ နီမြန်းနေသည်။

မီးဖိုချောင်ထဲမှ ပေါင်းအိုးသည် ဟင်းကျက်ပြီဖြစ်ကြောင်း ကျယ်လောင်စွာ ကြေညာနေသည်။ တင်းရှသည် အလျင်အမြန်ပြေးသွားပြီး ရှက်ရှက်နှင့် သူမ၏အဝတ်များကို ကိုင်ဆုပ်ထားလေသည်။ “စား…စားစရာက အဆင်သင့်ဖြစ်နေပြီ။ ရှင့်လက်ဆေးကြောပြီး စားဖို့ပြင်ထားတော့”

သူမသည် ဆံပင်ကို ချည်လိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည်။

ရှောင်ကျွင်းသည် သူ့နှုတ်ခမ်းကို သပ်ရင်း သူ့အကြည့်သည် သားကောင်တစ်ကောင်၏ လှောင်ရယ်သလိုအကြည့်ဖြစ်နေခဲ့သည်။

ဖျင်အန်းလေးသည် သူ့လက်ကလေးကို ယှက်ကန်ယှက်ကန်နှင့် ဆန့်ထုတ်လိုက်ပြီး သူ့အဖေ၏ အာရုံစိုက်မှုကို လိုချင်နေသည်။ ရှောင်ကျွင်းလည်း ကောင်လေး၏နူးညံ့သော ခြေထောက်လေးကို အနှီးထဲပြန်ထည့်လိုက်ပြီး “လာ သွားရအောင် သားရေ ညစာက အဆင်သင့်ဖြစ်နေပြီ”

ထိုညတွင် တင်းရှသည် အိပ်ရာခင်းနေသည်။ ရှောင်ကျွင်းသည် သူ့ခေါင်းကို ခြောက်အောင် သုတ်ရင်းဝင်လာသည်။

သူသည် ပြတင်းပေါက်နားတွင် ရှိသော သူ၏ အရင်အိပ်ရာမှာ ဆွဲခွာထားခံရသဖြင့် ကုတင်တိုင်များသာ ကျန်ရှိနေသည်။

“ရှရှ?” ရှောင်ကျွင်းသည် တင်းရှဘေးနားသို့သွားပြီး အရင်ဆုံး ဖျင်အန်းလေး ရယ်အောင်စလိုက်ပြီး သူသည် “ကိုယ့်အိပ်ရာ ဘယ်မှာလဲ”ဟူ၍ မမေးရသေးခင်။

“အခုကစပြီး ဒီမှာပဲအိပ်တော့” ဟုတင်းရှသည် သူမအရင်အိပ်ရာကို လက်ညှိုးထိုးပြနေသည်။

“မနေ့ညက ဖျင်အန်းလေး အိပ်ရာကလှိမ့်ကျမလိုဖြစ်သွားတာ ကျွန်မဖြင့် လန့်သေတော့မလိုပဲ”

“သူ မကျအောင် ရှင်ကအပြင်ဖက်မှာ စောင့်အိပ်ပေး” တင်းရှသည် ကလေးလေးကို အနှီးဖြင့် ပြန်ပတ်ပေးနေသည်။ “မင်းက လှိမ့်ရတာကို ဘာလို့အဲ့လောက်တောင် သဘောကျရတာလဲ မေမေ့ကို နှလုံးရောဂါရအောင် လုပ်မလို့လား…”

ရှောင်ကျွင်းသည် ခေါင်းညိတ်လိုက်သည်။ သူမသည် ထိုးထွက်နေသော ဆံပင်များကို ကလစ်ထိုးထားသော်လည်း သူမလှဲလိုက်သောအခါ ထိုပုံစံလေးသည် သူတစ်ပါး၏ စိတ်ကို မရိုးမရွဖြစ်အောင် လုပ်နေသည်။

ရှောင်ကျွင်းသည် ထိုဆံပင်လေးများကို ပြင်ပေးရန် လှမ်းလိုက်သည်။ “ပွဲစားပြောတာတော့ မနက်ဖြန် အိမ်ပိုင်ရှင်လာလိမ့်မယ်တဲ့ ကိုယ်တို့နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးမယ်လို့ပြောတယ်”

“ကျွန်မတို့ ဒီနေရာကို ဝယ်ဖို့ ဘယ်လောက်ကုန်ကျမယ်ထင်လဲ” တင်းရှမှာ မနေနိုင်ပဲ မေးလိုက်သည်။

“သမားရိုးကျ တွက်ကြည့်လိုက်ရင် အနည်းဆုံး ၂သန်းလောက် ကုန်ကျနိုင်တယ်” ဟုရှောင်ကျွင်းက ပြောခဲ့သည်။

“ကျွန်မတို့မှာ အဲ့လောက်ရှိပါ့မလား” တင်းရှသည် အလွန်စိတ်ပူသွားသည်။ သူမသည် သူတို့ဘဝကို တဖြေးဖြေးနှင့် တိုးတက်သွားအောင် လုပ်ဖို့တွေးထားသော်လည်း ယခုတွင် ဘာမှမရှိသောဘဝကနေ ချက်ချင်းစရတော့မလိုဖြစ်နေသည်။

“စိတ်မပူပါနဲ့ အရစ်ကျသွင်းဖို့အတွက် အိမ်ပိုင်ရှင်ကို ပြောကြည့်ကြမယ်၊ အဲ့လိုမှမဟုတ်ရင်လည်း ပိုက်ဆံချေးလိုက်လို့ရတာပဲ” တစ်နေ့ခင်းလုံး ရှောင်ကျွင်းသည် ဖြစ်နိုင်ချေများကို စဉ်းစားနေလေသည်။

တင်းရှသည် သက်ပြင်းချရင်း “မနက်ဖြန် အိမ်ပိုင်ရှင်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရသေးတာပေါ့…”

နောက်တစ်နေ့ အစောဆုံးထနေသူမှာ ဖျင်အန်းလေးဖြစ်နေသည်။ သူသည် ဘယ်ကြည့်လိုက် ညာကြည့်လိုက်နှင့် အိပ်မောကျနေသော သူ့မိဘကို လိုက်ရှာနေသည်။ ထိုကောင်လေးသည် မျက်မှောင်ကြုတ်ရင်း “ဖူ ဖူ”ဟုအသံပြုလိုက်သည်။

လေမှုတ်တာလေးကြောင့် ရှောင်ကျွင်းသည် နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသည်။ ထို့နောက် သူသည် အိပ်မက်မှ သက်ပြင်းချရင်း နိုးလာခဲ့သည်။

သူ့ဘေးနားတွင် ရှိနေသော တင်းရှသည် အိပ်ရာမှ ထမလို့လုပ်နေသည်ကို မြင်ရင်း ဖျင်အန်းလေးမှာ သူ့ကို အပြစ်ကင်းစင်သော မျက်လုံးလေးဖြင့် တစ်ဖျတ်ဖျတ်မျက်တောင်ခတ်ကာ ကြည့်နေလေသည်။ သူသည် သက်ပြင်းချလိုက်ပြီး ကောင်လေးကို ရေချိုးခန်းထဲသို့ ချီလာကာ သေးခံကို လဲပေးနေသည်။

မနက်စာစားပြီးချိန်တွင် အိမ်ပိုင်ရှင်သည် အစောကြီးရောက်လာသည်။ ရှောင်ကျွင်းသည် ဖျင်အန်းလေးကို စကားပြောဖို့ သင်ပေးနေသည်။

“ပြောပါဦး မေမေလို့ မေ-မေ” ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ချီထားရင်း ဧည့်ခန်းတစ်လျှောက် လျှောက်သွားပေးနေသည်။ တင်းရှသည် သူမဖုန်းကိုကြည့်နေပြီး မနေ့ညက တီဗွီဒရာမာဇာတ်လမ်းအပိုင်းသစ်ကို အမှီလိုက်နိုင်ရန် ကြည့်နေသည်။

“ဂေါက် ဂေါက် ဂေါက်”

ဝဝဖြိုးဖြိုးနှင့် စျေးကြီးသော အဝတ်အစားကို ဝတ်ထားသော အမျိုးသမီးအိုကြီးသည် တံခါးကို ခေါက်နေသည်။

ရှောင်ကျွင်းသည် ဖွင့်လိုက်ပြီး “ဟုတ်ကဲ့ပါ?”

ထိုအမျိုးသမီးအိုကြီးသည် သူမနှင့်ပွဲစားတို့ ဖုန်းပေါ်က စကားပြောထားသည်ကို ပြလိုက်ပြီး “ငါက အိမ်ပိုင်ရှင်ပဲ၊ မင်းတို့က ဒီအိမ်နဲ့ပက်သတ်ပြီး ဆွေးနွေးချင်တယ်ပြောလို့ ဒီကိုလာခဲ့တာ”

ရှောင်ကျွင်းသည် သူမကို ကြိုဆိုပြီး အထဲတွင် ဝင်ထိုင်ခိုင်းနေသည်။ တင်းရှသည်လည်း ရေနွေးကြမ်းကို သယ်လာသည်။

ထိုအမျိုးသမီးအိုကြီးသည် သူ့လက်ထဲရှိ ကလေးလေးကို ကြည့်လိုက်ပြီး “လိမ္မာလိုက်တဲ့ ကောင်ကလေး ပြီးတော့ ခန့်ချောကြီးပဲ!”

ရှောင်ကျွင်းသည် သူ့လက်ကလေးကို ကိုင်ထားပြီး “ပြောပါဦး ဖျင်အန်းရေ ကျေးဇူးပါ ဖွားဖွားလို့...”

ဖျင်အန်းလေးသည် ပြောစကားကို နာခံနေသလိုနှင့် ပြုံးပြလိုက်သည်။

အမျိုးသမီးအိုကြီးလည်း ကောင်ကလေးနှင့် ခဏကစားပေးပြီးနောက် အလုပ်အကြောင်းစပြောခဲ့သည်။

“ငါဒီနေရာအတွက် ခေါ်ထားတဲ့စျေးက ၂.၃ သန်းလောက်ရှိတယ် ငွေပမာဏအပြည့်ကို လက်ငင်းပေးချေပြီးရင် ဒီနေရာကို ချက်ချင်းလွှဲပေးလိုက်မယ်”

All Chapters